အပိုင်း ၇၀
Viewers 13k

Chapter 70


' စု ' မျိုးရိုးဖြစ်တဲ့ငါက နာမည်အစစ်နဲ့ရင်းပြီး အာမခံတယ်။


 "အဲ့တုန်းက တင်းနယ်မှာလား ... အခု မှတ်မိသွားပြီး... ဗိုလ်ကြီး ယင်းက ဒု-ဗိုလ်ကြီးပဲ ဖြစ်ဦးမယ်ထင်တယ် ”


ကျိုးမင်က ခေါင်းညိတ်သည်။


 “ဟုတ်တယ်....အဲ့အချိန်တုန်းက သူ အရမ်းသွေးပူတာလေ...ခေါက်ဓားလေးတစ်ချောင်းသာပေးလိုက်...ကြမ်းမယ်ရမ်းမယ်ဆိုတာချည်းပဲ....ပြန်တွေးကြည့်ရုံနဲ့တင်တော်တော်ရယ်ရတယ် ဟားဟား ”


စကားမဆုံးသေးမီမှာပင် စားပွဲထိုးတစ်ဦးက ဟင်းလျာများကိုလာချခဲ့ပြီး စကားဝိုင်းအကြောင်းအရာကို ပြောင်းလဲသွားစေသည်။


 " ဖြစ်ခဲ့တာတွေက အရမ်းကြာ‌နေပါပြီ....တကယ့်ယောက်ျားတွေက အတိတ်က အောင်မြင်မှုအတွက် ကြွားဝါ‌မနေကြဘူး... စား စား " ကျိုးမင်က ရယ်လျက်ဆို၏။


ထိုအခါ စုယိကခေါင်းညိတ်လိုက်ပြီးနောက် သူမ၏နံဘေးမှ အမျိုးသားကို လှည့်ကြည့်နေသည်။


ချူယင်း၏အမူအရာမှာမပြောင်းလဲဘဲ သူက စုယိအတွက် စွပ်ပြုတ်တစ်ပန်းကန်ကို ပြင်ဆင်ပေးနေ၏။


 "စွပ်ပြုတ်သောက်လိုက်..."


 “အင်း....” 


စုယိက စွပ်ပြုတ်ပန်းကန်ကို သူမဘက်သို့ဆွဲယူထားလိုက်သည်။ထိုအချိန်တွင် ကျိုးမင်နှင့်အခြားတစ်ယောက်က လောလောလတ်လတ် မစ်ရှင်တစ်ခုအကြောင်းကို ပြောနေခဲ့ကြပြီး စုယိက ထိုင်လျက်နားထောင်နေခဲ့၏။ထို့နောက်တွင် သူမက ချူယင်း၏လက်ကိုဆွဲကိုင်ပြီး စားပွဲအောက်သို့ ဝှက်ထားလိုက်သည်။


ချူယင်း၏လက်မှာ ကြီးမားကျယ်ပြန့်ပြီး အနည်းငယ်ကြမ်းရှရှဖြစ်ကာ သွေးကြောများလည်းထောင်လျက်ရှိသည်။စုယိက လက်ဖဝါးမှ တံတောင်ဆစ်အထိ တစ်လျှောက်လုံးစမ်းသပ်ကြည့်လိုက်သော်လည်း တစ်စုံတစ်ရာထူးခြားသည်မျိုးကို မခံစားရပေ။


ဤတစ်ယောက်က မည်သည့်နေရာ၌ ဒဏ်ရာရခဲ့သနည်း။


 “မရီး...ဒါက မိန်းကလေးတွေနဲ့တည့်တယ် ” 


မနီးမဝေး၌ထိုင်နေသူတစ်ယောက်က ဆုံလည်စားပွဲကိုဝိုက်ပြီး စုယိ၏အရှေ့သို့ မြွေသားဟင်းလျာ ပို့ပေးသည်။


" အလှအပအတွက်ကကောင်းတယ်လို့ပြောကြတယ်...မရီးက နာမည်ကြီးပဲ...စားလိုက် ပိုလှသွားအောင် "


" ကျေးဇူးတင်ပါတယ် "


စုယိက စားပွဲအောက်မှ လက်ကိုလွှတ်လိုက်ပြီး ပြန်ဖြေ၏။


အစမှအဆုံးအထိ ယောက်ျားသားများ၏စကားသံက စဲမသွားချေ။အချို့သူများကမူ ရီဝေဝေဖြစ်ပြီး သီချင်းစာသားများကို သံပြိုင်သီဆိုနေကြသေးသည်။


 𝆕 စည်းလုံးခြင်းဟာ ခွန်အားရှိတဲ့အရာ ~


ထိုနေရာတွင် ငြိမ်ငြိမ်လေးထိုင်နေသောစုယိကတော့ အရက်သောက်နိုင်စွမ်းကိုပြိုင်ဆိုင်နေကြသောအခြားသူများနှင့် အလွန်ကွဲပြားလေ၏။


" ယင်းဇီ...လာကွာ...သောက်ရအောင်" 


ကျိုးမင်က ခွက်မြှောက်လျက် လှမ်းပြောလာသောအခါ ချူယင်းက ခေါင်းညိတ်ပြီး သဘောတူလိုက်သည်။ 


သူသည် ဤနေရာသို့ကားမောင်း၍လာခဲ့ပြီး အရက်သောက်ရန်စိတ်ကူးမထားသောကြောင့် ဖန်ခွက်တစ်ခွက်မှမရှိသေးချေ။ချူယင်းက စုယိထံမှသိမ်းဆည်းထားသောခွက်ကိုယူကာ အရက်ကို အနားစွန်သို့ရောက်သည်အထိဖြည့်လေသည်။


" ပျော်ပျော်ရွှင်ရွှင် အနားယူပါ "


 “ပျော်တယ် ပျော်တယ်... နောက်လည်း ဒီထက်မက ဆုံကြဦးစို့....ငါတို့အားလုံးက ညီအစ်ကိုတွေ...ပြဿနာတစ်ခုခုရှိလာရင် ထုတ်ပြောရုံပဲ ... ဟုတ်တယ်မလား.... ဒါနဲ့ ဟုတ်သားပဲ ယင်းဇီ...မင်း ဟွေ့ဇီကို ကူညီပေးခဲ့တယ်ဆို...အဲ့ကောင်က နှာရည်တွဲလဲလေသံနဲ့ငါ့ဆီဖုန်းဆက်ပြီး ငိုကြီးချက်မ လုပ်နေသေးတယ် "


" အသေးအမွှားပါ " ချူယင်းက အရက်ခွက်ကို တစ်ကျိုက်တည်း မော့လိုက်ရင်း ပြန်ဖြေ၏။


 "ဟေ့ကောင်...အဲ့လောက်ကြီး မသောက်နဲ့လေ...ပြီးရင် ရှောင်ယိကိုအိမ်ပြန်ပို့ရဦးမယ်"


 " ဒရိုင်ဘာခေါ်လိုက်မယ် "


ချူယင်းကပြောပြောဆိုဆိုဖြင့် အရက်နောက်တစ်ခွက်ထပ်ဖြည့်နေသည်။ထိုခွက်အားတစ်ဝက်ကျိုးအောင်သောက်အပြီးတွင် ချူယင်းက " ဖုန်းဆက်လိုက်ဦးမယ် " ဟုပြောပြီး ထထွက်သွားတော့၏။


" ရှောင်ယိ...ယင်းဇီနဲ့ဘယ်တုန်းက တွဲခဲ့တာလဲ" ကျိုးမင်က မေးသည်။


" သိပ်မကြာသေးပါဘူး "စုယိက ပြုံးလျက်ဆိုလ်ုက်သည်။


 " ထင်သားပဲ...အခုတလောသတင်းတွေထဲမှာ ဗိုလ်ကြီးယင်းနဲ့ ခယ်မလေးကို တွေ့နေရတယ် ငါ့မိန်းမက လာလာပြတာလေ...အဲ့ဒါငါတို့ဗိုလ်ကြီးပါလို့အမြဲပြောနေတာကို မယုံဘူးတဲ့ ”


ထိုအခါ ဘေးမှတစ်ယောက်ကရယ်သည်။ 


 " မရီးနဲ့ဗိုလ်ကြီးယင်းနဲ့ ဘယ်လိုကွာခြားလဲဆိုတာကို ဘာလို့ အကဲခတ်မကြည့်တာလဲ"


ထိုစကားအဆုံးတွင် နောက်ထပ် ရယ်မောသံများ ထွက်ပေါ်လာတော့၏။


မျက်နှာများနီရဲနေပြီဖြစ်သောကျိုးမင်က စကားဝိုင်းကို ဆက်လက်ဖန်တီးလာသည်။


"ကံတရားပေါ့...ရေစက်ပဲလေ ဒါမျိုးက... ဒီလို လွတ်လွတ်လပ်လပ် မသောက်နိုင်တာ ဘယ်နှနှစ်ရှိပြီလဲ မသိဘူး...ရှောင်ယိ မင်းမှတ်မိတယ်မလား...အဲ့အချိန်တုန်းက ယင်းဇီကို ဒီလောက်စိုက်ကြည့်‌နေခဲ့ပြီး မမှတ်မိဘူးဆိုတာကတော့ မဖြစ်နိုင်.... "


 " ဒါပေါ့...မှတ်မိတာပေါ့...တကယ်တော့ ဗိုလ်ကြီးမင်ကိုလည်း အထင်ကြီးလောက်စရာရှိပါတယ်" စုယိကပြုံးလျက် အရွှန်းဖောက်လိုက်တော့သည်။


 "ဟုတ်ပြီ ... ဒါဆို ငါနဲ့ ယင်းဇီ နှစ်‌ယောက်ထဲက ဘယ်သူ့ကိုပိုသဘောကျခဲ့လဲ....အဲဒီတုန်းက မင်း ငိုချင်ပေမဲ့ မငိုရဲဖြစ်နေတာကိုသတိထားမိတယ်...ငါက မင်းကို ဟာသတွေလုပ်ပြပြီး ရယ်အောင်လုပ်နေခဲ့တာလေ ”


စုယိသည်လည်း အကြိမ်အနည်းငယ်ရယ်မောလိုက်ပြီး တစ်ခုခုပြန်ပြောတော့မည့်ဆဲဆဲတွင် အနောက်ဘက်မှ တံခါးက ပွင့်လာခဲ့၏။


ချူယင်းက ထိုင်ခုံပေါ်တင်ထားသောအင်္ကျီကို ကောက်ကိုင်လိုက်ပြီးနောက် စုယိ၏လက်ကို လှမ်းဆွဲသည်။


 "ဒါဆို ကျွန်တော်တို့ ပြန်တော့မယ်"


" အခုပြန်မလို့လား... ဘယ်လောက်နောက်ကျသေးလို့လဲ"


ကျိုးမင်က အချိန်ကိုစစ်ကြည့်လျက် အံ့ဩတကြီးမေးလိုက်၏။


 "ကိုးနာရီထိုးခါနီးပြီ....သူမနက်ဖြန်အလုပ်ရှိသေးတယ်" 


စုယိမှာ မနက်ဖြန်ရုံးသွားရမည်ကို သူမကိုယ်သူမပင် မေ့လုဆဲဆဲဖြစ်ခဲ့သည်။


 “ကိစ္စမရှိပါဘူး...ကျွန်မ စော‌စောထနိုင်တယ်” 


ချူယင်းက စုယိထံမှစကားကိုလျစ်လျူလိုက်၏။


“ကျွန်တော် တခြားယာဉ်မောင်းတွေထပ်ခေါ်လိုက်မယ်....အားလုံး မူးနေတော့ ကားမမောင်းသင့်ဘူး”


 "ငါကားမောင်းရင်း သောက်ခဲ့တဲ့အချိန်နဲ့ ယှဉ်ရင် ဘာဟုတ်သေးဦးမှာလဲ... မင်းတောင် ငါ့ဘေးမှာ ထိုင်နေခဲ့တာလေ .... ငါတို့တွေ သေတော့မယ်ဆိုတာသေချာသ‌လောက်ပဲ အဲ့တုန်းက....ဒါပေမဲ့ ငါကတော့ ဖန်ဆင်းရှင်နဲ့မတွေ့ခင် အနည်းဆုံးတစ်ခွက်လောက် သောက်ရဦးမှာပဲလို့ တွေးခဲ့တာကွ...ဟားဟား " ကျိုးမင်မှာ စကားစမြည်ပြောစရာ အခြားအကြောင်းအရာတစ်ခုကို ရှာတွေ့ခဲ့ပုံရပြီး မူးမူးရူးရူးနှင့် တရစပ်ပြောလာသည်။


 "အဲ့တုန်းက အရက်သောက်ခဲ့တာလား"


 “မင်းတို့ကောင်တွေ သိမှာ မဟုတ်ဘူး... ယူနန်မှာတုန်းက ငါ့ကားနောက်ခုံမှာ အမြဲတမ်း အရက်ရှိတယ်.... ကံမကောင်းလို့ ကြွသွားရင် သောက်စရာရှိအောင်လို့ ”


ချူယင်းဆုပ်ကိုင်ထားသောစုယိ၏လက်များမှာ တင်းကြပ်လာသည်။ဇာတ်ညွှန်းလိုအပ်ချက်အရ စုယိသည် လက်သည်းများကို အနည်းငယ်ခန့်သာချန်၍ ညှပ်ပြီး လက်သည်းဆိုးဆေးများကိုဖျက်ခဲ့ရ၏။ရှန်ဟိုင်းမှ အပြန်လမ်း၌ ဝူရွှယ်က သူမ၏လက်သည်းများကို ပန်းရောင်ပြန်ဆိုးပေးခဲ့သည်။ယခုအခါတွင်မူ ထိုပန်းရောင်လက်သည်းများက ချူယင်း၏လက်ဖဝါးထဲသို့ အကုန်စိုက်ဝင်ကုန်တော့သည်။


ချူယင်းက ဘာမှဆက်‌မပြောဘဲ စားပွဲဝိုင်းတွင်ထိုင်နေသောအမျိုးသမီးကို ဆွဲထုတ်လာ၏။


ထို့နောက်ဧည့်ကြိုကောင်တာသို့သွားကာ ကျသင့်ငွေရှင်းခဲ့ကြသည်။


ကားထဲသို့ပြန်ရောက်ချိန်တွင် ချူယင်းက ကားဆရာအား တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။


 “မောင်းလို့ရပြီ...”


 "ကောင်းပါပြီ...ဒါရိုက်တာချူ မှန်ချပေးရမလားဗျ..."


ဒရိုင်ဘာက ကားကို ချက်ချင်းစက်နှိုးလိုက်ပြီး ‌မေးလာသည်။


 "နည်းနည်း...အဝေးပြေးလမ်းပေါ်ရောက်သွားရင် ပိတ်လိုက် "


ချူယင်းဆီမှ အရက်နံ့ထွက်နေပြီး စုယိမှာမလုံခြုံသလို ခံစားနေရလေ၏။


လမ်းခရီးသို့ရောက်သောအခါ စုယိက ချူယင်း၏အပေါ်ဝတ်အင်္ကျီအောက်သို့လက်လျိုလိုက်ပြီး ရှပ်အင်္ကျီအဖြူပေါ်မှနေ၍ ဟိုစမ်းဒီစမ်း လုပ်နေသည်။ချူယင်းကလည်း မတားဆီးဘဲ အချိန်တစ်ခုအထိ လွှတ်ပေးထားခဲ့၏။


 "ဒဏ်ရာက ဘယ်မှာလဲ"


 "မရှိတော့ဘူး...ပျောက်သွားတာကြာပြီ" ချူယင်းက စုယိ၏လက်များအား ဆွဲကိုင်လျက် ပြန်ဖြေသည်။


 "ဘယ်မှာ..."


ရုတ်တရက်ဆန်သောအနမ်းကြောင့် စုယိ၏စကားများ ပြတ်တောက်သွားသည်။ဤတစ်ကြိမ်အနမ်းမှာ လေးနက် ခက်ထန်နေပြီး တစ်ဖက်လူ၏လျှာက လှုပ်ခါလာသည်နှင့်အမျှ စုယိ့ခမျာ စိတ်လွတ်မတတ်ဖြစ်နေလေ၏။


စုယိမှာ ကားတံခါးဆီသို့ဖိကပ်ခံထားရပြီး တံခါးလက်ကိုင်က သူမ၏ကျောပြင်နှင့်ခုနေသဖြင့် နာကျင်လာသည်။


တစ်ဖက်လူ မသက်မသာဖြစ်နေသည်ကို ခံစားမိသောချူယင်းကလည်း နမ်းနေရင်းဖြင့်ပင် စုယိ၏ကျောပြင်ဘက်သို့ လက်ထိုးလျိုလာပြီး တံခါးလက်ကိုင်နေရာတွင် လက်ဖြင့်ခံထားပေးသည်။


“ကားပေါ်မှာပဲရှိသေးတယ်…”


စုယိက ပျော့ညံ့စွာရုန်းဖယ်နေရင်း ခပ်တိုးတိုးပြော၏။


 “အဆင်ပြေပါတယ်...”


အရက်မူးနေသူ၏အသံက အလွန့်အလွန်ပင်တိုးညင်းပြီး ကြက်သီးမွေးညင်းများပင် ထလာစေသည်။


ယာဉ်မောင်းမှာမူ အသက်ရှုသံပင်မထွက်ရဲဘဲ ‌ကားမောင်းနှင်ခြင်းအမှုကိစ္စအပေါ်သာ အပြည့်အဝအာရုံထားခဲ့လေ၏။


အိမ်ပြန်ရောက်ချိန်တွင် ၁၁နာရီထိုးခါနီးပြီဖြစ်သည်။


နှစ်ယောက်သား ထိတွေ့မိသည့်အခိုက်တွင် ရမ္မက်မီးများတောက်လောင်တတ်သည်မှာ ဖြစ်လေ့ဖြစ်ထရှိသောသဘောတရားပင်။ယနေ့၌စုယိမှာ ထူးထူးခြားခြား စိတ်အားထက်သန်နေပြီး သူမက ချူယင်း၏နက်ကတိုင်ကိုဆွဲကာ ရေချိုးခန်းထဲခေါ်သွားတော့သည်။


များမကြာမီအချိန်၌ပင် စုယိ၏လည်တိုင်တစ်ဝိုက်၌ အနီကွက်များဖြင့်ဖုံးလွှမ်းသွား၏။ချူယင်းမှာ ရေချိုးကန် ဘောင်ပေါ်တွင်ထိုင်ကာ တစ်ဖက်လူ၏နားရွက်ကို အလွတ်မပေးသေးချေ။


စုယိမှာ ချူယင်း၏ပေါင်ပေါ်တွင်ရှိနေပြီး မောဟိုက်နေပုံရကာ သူမ၏ခန္ဓာကိုယ်အောက်ပိုင်းမှ ခံစားချက်ကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးစားနေရင်း မေးလာသည်။


 “ ဘာလို့ ဒဏ်ရာကို ရှာမတွေ့ရတာလဲ....ရှင်ဘယ်မှာဒဏ်ရာရသွားတာလဲ"


ထိုအခါချူယင်းကသူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး ခါးနားရှိညာဘက်တစ်နေရာသို့‌ ရွှေ့ပေးသည်။မညီမညာသော အဝိုင်းသဏ္ဌာန်အမာရွတ်တစ်ခုအား စုယိ ခံစားမိသွား၏။


ချစ်တင်းနှောသည့်အရေးတွင် စုယိသည် လေကြီးသလောက်မစွမ်းဆောင်နိုင်ချေ။သူမသည် ထိုအကြောင်းကို အလွန်ကျယ်လောင်စွာပြောလေ့ရှိသော်လည်း တကယ့်လက်‌တွေ့တွင် ချူယင်းဦးဆောင်သည့်အနောက်သို့သာ လိုက်သွားရတတ်သည်။များသောအားဖြင့်သူမသည် ထိုအချိန်တွင် အလွန်ဈာန်ဝင်နေတတ်သဖြင့် တစ်ဖက်လူထံမှ ထိုအမာရွတ်ကို သတိမထားမိခဲ့ပေ။


*****


ကုတင်ပေါ်တွင် ချူယင်းက မှောက်လျက်သားအနေအထားဖြင့်လှဲနေပြီး လက်များကို ပိုက်လျက် မေးစေ့အောက်တွင်ခုထားလေ၏။ ထိုအနေအထားက သူ၏ကျောပြင်ကြွက်သားများအား အထင်အရှားပင် အမြှောင်းလိုက်ထနေစေသည်။


စုယိက ချူယင်း၏အမာရွတ်အား သူမ၏လက်ချောင်းများဖြင့်ပွတ်သပ်နေသည်။ ဤသေးငယ်သော အဝိုင်းသဏ္ဌာန်အမာရွတ်သည် ကြည့်ရဆိုးသည့်ထဲတွင်မပါဝင်ချေ။


 " ဒဏ်ရာက ဘယ်လိုရတာလဲ "


"သေနတ်မှန်တာ"


အခန်းတွင်း၌ ယခင်ကကဲ့သို့ ပြန်လည်အေးချမ်းနေပြီဖြစ်ပြီး ချူယင်းမှာ သူ့ဒဏ်ရာဟောင်းအနီးရှိ စုယိ၏လက်‌ချောင်းများမှအထိအတွေ့ကို ခံစားနေရဆဲပင်။သူနှင့်စုယိကြားတွင် ထိုသို့သောဇာတ်လမ်းမျိုးရှိနေသည်ကို ကျိုးမင်မပြောပြမီအချိန်အထိ ချူယင်းတစ်ယောက် မမှတ်မိခဲ့ချေ။


စစ်တပ်ထဲဝင်ပြီး နှစ်အနည်းငယ်အကြာမှာပင် သူသည်အထူးစစ်ဆင်ရေးများ၌တာဝန်ပေးခြင်းခံခဲ့ရ၏။ချူယင်းပါဝင်ခဲ့သည့်အဖွဲ့၏အမည်မှာ ' သံမဏိဝံပုလွေ ' ဖြစ်ပြီး လိုအပ်ချိန်တိုင်း ဆင့်ခေါ်ခံရလေ့ရှိသော အဖွဲ့အစည်းတစ်ခုပင်။သဘာဝဘေးအန္တရာယ် ကျရောက်သောအခါတွင် ရှာဖွေကယ်ဆယ်ရေးတာဝန်ကိုယူရပြီး ရုန်းရင်းဆန်ခတ်ဖြစ်သောအခြေအနေများတွင် ပုန်ကန်မှုကို နှိမ်နင်းရန် ဆင့်ခေါ်ခံရသည်။


ထိုမျှသာမက မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသူများအား အမြစ်ပြတ်ချေမှုန်းသော စစ်ဆင်ရေးများတွင်လည်း ပါဝင်ရသေးပြီး ချူယင်း၏နောက်ကျော သေနတ်ဒဏ်ရာမှာ နောက်ဆုံးထမ်းဆောင်ခဲ့ရသော မူးယစ်ဆေးဝါးဆိုင်ရာမစ်ရှင်မှ အဖတ်တင်ကျန်ရစ်ခဲ့ခြင်းဖြစ်၏။


ချူယင်းသည် စစ်ဆင်ရေးအများအပြားတွင် ပါဝင်ခဲ့ပြီး လူများစွာကို ကယ်တင်ခဲ့သည်။တင်းနယ်တွင်မြေပြိုမှုကြောင့် လူအများအပြား ပိတ်မိခဲ့ပြီး အခြေအနေမှာ ဆိုးရွားခဲ့၏။ထိုအချိန်က ဖြစ်ပျက်ခဲ့သည်များအားပြန်တွေးကြည့်သော်လည်း သူသည် စုယိ၏အသွင်အပြင်အား မမှတ်မိချေ။ကျိုးမင်‌ပြောပုံအရတော့ စုယိသည် သေချာပေါက် ယခုထက် အရပ်နိမ့်ခဲ့လိမ့်မည်။


ချူယင်းအတွေးများနေစဉ်မှာပင် သူ၏နောက်ကျောဘက်မှ ပူပူနွေးနွေးစိုစွတ်လာသောအထိအတွေ့ကို ခံစားလိုက်ရတော့၏။ပူနွေးသောရေစက်ဟုယူရဆသည့်အရာများက ကျောပြင်ပေါ်သို့တရစပ်ကျလာခဲ့ပြီး ချူယင်းက မျက်ခုံးပင့်ကာ ကမန်းကတမ်းထကြည့်လိုက်သည်။


စုယိမှာ သူနှင့်အကြည့်ချင်းမဆုံဘဲ သူမ၏မျက်လုံးများကို လက်ဖြင့်ကာထား၏။သူမ၏စိုစွတ်နေသောလက်များက ညအိပ်မီးရောင်ကြောင့် ရောင်ပြန်ဟပ်နေခဲ့သည်။


ချူယင်း၏အမူအရာမှာ အနည်းငယ်ကူရာကယ်ရာမဲ့ဖြစ်နေပြီး သူကစုယိအား ရင်ခွင်ထဲသို့ဆွဲသွင်းလိုက်တော့သည်။


 "ဘာလို့ ငိုနေတာလဲ"


 “မသိဘူး....” စုယိက ရှိုက်ငိုလျက်ဆိုသည်။


ခဏတာတိတ်ဆိတ်သွားပြီးနောက်တွင် စုယိက ချူယင်းအား ဆက်မေးလာခဲ့သည်။


 “အရမ်းနာလား”


"မေ့သွားပြီ...အဲ့တုန်းက သတိမရှိခဲ့ဘူး "


ချူယင်းက စိတ်မပူအောင်ပြောလိုက်သော်လည်း စုယိ၏မျက်ရည်များက အတောမသတ်နိုင်အောင် စီးကျလာပြန်လေသည်။


စုယိသည် ငိုကြွေးရခြင်းကို မနှစ်ခြိုက်ဘဲ ရိုက်ကွင်းတွင်ရှိသည့်အချိန်မှလွဲ၍ မည်သူ့အရှေ့၌မှ မငိုဖူးခဲ့ပေ။


သို့သော်လည်း ထိုအရာမှာ ချူယင်းနှင့်မတွေ့ဆုံမီအထိသာဖြစ်သည်။အချိန်အတော်ကြာထိန်းချုပ်ထားခဲ့ရသော မျက်ရည်များက ယခု၌အတိုးချ၍ ထွက်ပေါ်လာ၏။


ဤလူဘေးကင်းခဲ့၍ တော်ပါသေးသည်။


ဤလူနှင့်တွေ့ဆုံခွင့်ရခဲ့ခြင်းက အဘယ်မျှပင်ကံကောင်းလိုက်သောအရာနည်း။


လီမင်နှင့်အတူအပြင်ထွက်ခဲ့ချိန်တွင် သူမသည် ကြီးကြီးမားမားကိစ္စတိုင်း၌ အမြဲကံဆိုးတတ်ပြီး သေးငယ်သောအရာများတွင်သာ ကံကောင်းတတ်သည်ဟု စုယိပြောခဲ့ဖူးလေ၏။


ယခုအချိန်၌ ထိုစကားကိုပြန်ရုတ်သိမ်းချင်သည်။


ဤကမ္ဘာပေါ်၌ သူမထက် ကံကောင်းနိုင်သောလူသား မရှိတော့ချေ။


 ချူယင်း၏ ပခုံးတစ်ပြင်လုံးနီးပါး စိုစွတ်သွားခဲ့ပြီး သူက စုယိ၏ခေါင်းကိုပြန်လည်ထောင်မတ်စေကာ မျက်ရည်များကို သုတ်ပေးနေလေသည်။သို့သော်လည်း အဘယ်ကြောင့်ရယ်မသိ ၊ စုယိက သူ၏လက်ကိုဆုပ်ကိုင်ပြီး လက်ဖဝါးပေါ်ရှိမျက်ရည်များကို ညင်သာစွာ လျှာဖြင့်လျက်လာခဲ့၏။


ဤသို့သောအပြုအမူမျိုးက တစ်ဖက်လူအား အတောမသတ်နိုင်အောင်စိတ်ကြွလာစေပြီး သူမ ဝတ်ဆင်ထားခဲ့သော အိမ်နေရင်းအဝတ်အစားများမှာ တစ်လွှာချင်း ခွာချခံလိုက်ရတော့သည်။ယခုလေးတင်ရပ်တန့်သွားခဲ့သော စုယိထံမှမျက်ရည်များကလည်း သိပ်မကြာခင်၌ပင် ပြန်လည်သက်ဆင်းလာခဲ့ပြန်လေ၏။


ချူယင်းသည် ဤတစ်ကြိမ်၌ ခါတိုင်းထက်ပို၍ စိတ်ကြွနေခဲ့ပြီး သူ၏မျက်ဝန်းများက မဲမှောင်နေခဲ့သည်။


ဤတစ်ချီအပြီး၌ စုယိကမျက်ရည်များကိုခေါင်းအုံးနှင့် သုတ်ပစ်လိုက်၏။ထို့နောက် သူမက ကုတင်ပေါ်မှဆင်းရန်ပြင်လိုက်သော်လည်း ချူယင်းထံမှ လှမ်းဆွဲခြင်းခံလိုက်ရပြီး မူလနေရာကို ပြန်ရောက်သွားခဲ့သည်။


စုယိက ချူယင်း၏ဝမ်းဗိုက်အားလက်ဖြင့်ထောက်လျက် မေးလိုက်၏။


" ရှင်က သားရဲကောင်ကြီးလား "


ထိုအခါ ချူယင်းက စုယိ၏နှုတ်ခမ်းသားများအား အပေါ်အောက်နမ်း၍ ခပ်တိုးတိုးဆိုလာခဲ့သည်။


" နောက်နောင်မငိုနဲ့တော့...မင်းငိုရင် အခုလိုမျိုးလုပ်ချင်လာတယ် "


စုယိမှာမူ သဘောဆန္ဒအားလိုက်လျောပေးရန် ဖိအားပေးခြင်းခံလာရပြီး ထိုသူ၏အယူအဆအားနားထောင်ကာ ငိုရခက် ရယ်ရခက်ဖြစ်သွားလေသည်။


******


ကိစ္စအဝဝပြီးဆုံးသွားပြီးနောက်တွင် စုယိမှာ ပင်ပန်းလွန်းသဖြင့် တစ်စက်ကလေးမှမလှုပ်ချင်တော့ပေ။ချူယင်းက သူမအားပွေ့ဖက်လာခဲ့ပြီး " အိပ်တော့ " ဟု ခပ်တိုးတိုးဆိုလာခဲ့သည်။


ထိုအခါအိပ်ပျော်လုဆဲဆဲ စုယိကလည်း ခေါင်းညိတ်ပြလိုက်ပြီး ခဏအကြာတွင်မူ ဘေးမှနေရာလွတ်အား ခံစားလိုက်ရတော့၏။စုယိက မျက်လုံးများကို အသာလေးဖွင့်လိုက်ပြီး လသာဆောင်တွင် အချိန်အတော်ကြာ ရပ်နေသောချူယင်းအား စောင့်ကြည့်နေခဲ့သည်။


အချိန်အနည်းငယ်ကြာပြီးအခါတွင်မှ ချူယင်းက အိပ်ရာထဲသို့ပြန်လာခဲ့၏။


ထိုအချိန်တွင် စုယိက ချူယင်းရှိရာဘက်သို့လှည့်သွားပြီး ရင်ခွင်ထဲသို့ တိုးဝှေ့လိုက်သည်။သိပ်မသေချာသော်လည်း ယနေ့ည၌ ခံစားချက်များပျံ့လွင့်နေသည်မှာ သူမတစ်ဦးတည်း မဟုတ်သလို ခံစားရသည်။


နောက်တစ်နေ့တွင် စုယိသည် ဝူရွှယ်အား သစ်ကြားသီးသဖွယ်ဖူးရောင်နေသောမျက်လုံးများဖြင့် တံခါးသွားဖွင့်ပေးလေ၏။


ဝူရွှယ်က စုယိ၏မျက်လုံးများကိုကြည့်၍ထိတ်လန့်သွားပြီးနောက် လည်ဂုတ်မှအနီကွက်များကိုပါ သတိပြုမိသွား


ဝောာ့သည်။ဝူရွှယ်၏မျက်လုံးများက ပြူးကျယ်သွားပြီး သူမကအိမ်ထဲသို့ဝင်လာကာ တံခါးကို ဆောင့်ပိတ်လိုက်၏။


 "ဒါရိုက်တာချူက ဒီလိုမျိုးတွေစိတ်မဝင်စားဘူးမလား...စိတ်ဝင်စားတာလား ”


ထိုအချိန်တွင်စုယိက ဖူးရောင်နေသောမျက်လုံးများကိုပွတ်သပ်နေရင်း ဆံပင်များအား ခပ်သာသာ ထိုးဖွကာ ရေချိုးခန်းထဲသို့ ခြေဗလာဖြင့် လျှောက်သွားသည်။


သူမက ပင်ပန်းနွမ်းနယ်မှုကို ဖုံးကွယ်ကာ မျက်နှာသစ်နေလျက် ရေချိုးခန်းအပြင်၌ရှိနေသောဝူရွှယ်ကို လှမ်းအော်ပြောလိုက်၏။


" ငါအရင်က မပြောဖူးဘူးလား " 


" ဘာကိုလဲ "


ကျယ်ဝန်းသော ရေချိုးခန်းထဲတွင် စုယိ၏အသံက ပဲ့တင်ထပ်နေသည်။


 “တကယ့်ကိုကမ္ဘာ့နံပါတ်တစ် ' စု ' မျိုးရိုးဖြစ်တဲ့ငါက နာမည်အစစ်နဲ့ရင်းပြီး အာမခံပါတယ်လို့ ဆိုတာလေ ” 


 “…..... ”


__________________________________________