အပိုင်း ၇၁
Viewers 12k

Chapter 71


အရိုက်ခံရတာ‌လောက်နဲ့ ပြီးသွားမှာမဟုတ်တော့ဘူး။


ပေကျင်းမြို့သို့ပြန်ရောက်သည်နှင့် စုယိ၏နေ့ရက်များက မအားလပ်တော့ချေ။အချိန်အတော်ကြာရိုက်ကူးရေးလုပ်ပြီး ပြန်လာချိန်တွင် အလုပ်ကိစ္စများ စုပြုံနေပြီဖြစ်သည်။


ယနေ့၌ စုယိသည် Pasion မှထုတ်ကုန်အသစ်များအတွက် ရိုက်ကူးရေးလုပ်နေရလေ၏။ဆောင်းကူးလာသဖြင့် ထုတ်ကုန်အသစ်အားလုံးနီးပါးမှာ ဘွတ်ဖိနပ်များပင်ဖြစ်သည်။စုယိ၏အမြင်တွင် ဖိနပ်အားလုံးက ဆွဲဆောင်မှုရှိနေသောကြောင့် သူမကတစ်စုံချင်းစီဝတ်ကြည့်၍ ဓာတ်ပုံရိုက်ကာ ချူယင်းထံသို့ ပေးပို့ခဲ့သည်။


[ နတ်ဘုရားမ စုယိ : { ဓာတ်ပုံ } { ဓာတ်ပုံ } { ဓာတ်ပုံ } ဘယ်ဟာက ပိုလှလဲ ]


ထိုအချိန်တွင် ချူယင်းမှာ ပါတနာတစ်ဦးနှင့် ကော်ဖီဆိုင်ထိုင်၍ အလုပ်ကိစ္စဆွေးနွေးနေခဲ့ပြီး အသိပေးချက်ဝင်လာချိန်တွင် သူကမက်ဆေ့ခ်ျကို မျက်စောင်းထိုး၍စစ်ကြည့်နေလေ၏။


 “ဒါဆို အစီအစဥ်တွေ ပြေလည်သွားပြီ‌ပေါ့...ကျေးဇူးတင်ပါတယ်...အတူအလုပ်လုပ်ဖို့ မျှော်လင့်နေပါတယ် "  


မျက်နှာချင်းဆိုင်တွင်ရှိသောလူလတ်ပိုင်းအရွယ်အမျိုးသားက စာရွက်စာတမ်းမိတ္တူများကိုသိမ်းထားပြီး မူရင်းစာရွက်စာတမ်းများကို ချူယင်းဆီသို့ လက်နှစ်ဖက်ဖြင့် ကမ်းပေးနေလေသည်။တုံ့ပြန်မှုရမလာသဖြင့် ထိုသူက မော့ကြည့်လိုက်၏။ထိုအခါ တစ်ဖက်လူ၏နှုတ်ခမ်းတွင် ရှားရှားပါးပါးအပြုံးတစ်ခု ဖြစ်ပေါ်လျက်ရှိသည်ကို တွေ့လိုက်ရသည်။


 "ဒါရိုက်တာချူ..."


 “ဟုတ်ကဲ့ ထားလိုက်ပါ ”


 "ကောင်းပါပြီ ဒါရိုက်တာချူ....ကျွန်တော် ကုမ္ပဏီပြန်လိုက်ပို့ပေးပါ့မယ်"


 "မလိုပါဘူး...အရင်သွားလို့ရပြီ"


 “ မဟုတ်တာ...ဒါ-ဒါဆိုကျွန်တော်လည်း ဒီမှာဆက်ထိုင်နေပါ့မယ် "


ထိုတစ်ယောက်မှာ ချူကော်ပိုရေးရှင်းနှင့်အလုပ်လုပ်ခွင့်ရမည့်အခွင့်အရေးအား အမှားအယွင်းမခံနိုင်ပေ။


ချူယင်းက စကားထစ်နေသောလူကိုကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။စီးပွားရေးသမားများတွင်ဂုဏ်သရေရှိမိသားစုများထက် ပို၍ထူးခြားသောအမူအကျင့်များရှိကြလေ၏။


 “ဒါဆို ကျွန်တော်အရင်သွားလိုက်မယ်” 


 ချူယင်းက စားပွဲဝိုင်းမှထလျက် ပြောလိုက်သောအခါ လူလတ်ပိုင်းအရွယ်အမျိုးသားကလည်း ကမန်းကတမ်း ထလာလျက် ကျိုးကျိုးနွံနွံဆိုလာသည်။


 "ကျွန်တော် လိုက်ပို့ပေးပါ့မယ် "


“မလိုပါဘူး....နောက်မှတွေ့ပါ့မယ်”


ချူယင်း၏ခြေတံများမှာရှည်လျားသောကြောင့် ခပ်ဝေးဝေးသို့ရောက်ရန် အချိန်အများကြီးမယူလိုက်ရပေ။ဆိုင်ပြင်သို့ရောက်လာချိန်တွင် ချူယင်းက ကားပေါ်မတက်သေးဘဲ စုယိထံသို့ မက်ဆေ့ခ်ျပြန်ပို့နေခဲ့သည်။


အဝတ်လဲခန်းတွင်ဖြစ်၏။


 "Passion ရဲ့ ဖိနပ်တွေက အရမ်းလွန်လွန်းတယ် ... ဒီလိုသာ ဆက်လုပ်နေရင် အမျိုးသမီး ဖောက်သည်တွေ အကုန်ဆုံးရှုံးကုန်မှာပဲ " ဝူရွှယ်က စက်ဆုပ်စွာ ပြောလိုက်သည်။ 


စုယိက အဖြူရောင်ဒူးရှည်ဖိနပ်တစ်ရံကို ယခုလေးတင်စမ်းသပ်ဝတ်ဆင်ခဲ့ပြီး ထိုဖိနပ်က သူမ၏ခြေတံအလှကို ပိုထင်းစေလေ၏။


ဝူရွှယ်သည်လည်း ထိုဖိနပ်ကိုသဘောကျ‌သည်။သို့ရာတွင်သူမ စမ်းဝတ်ကြည့်လိုက်သောအခါတွင်မူ ပေါင်ရင်းအထိဖုံးသွားတော့သည်။


စုယိက ဝူရွှယ့်ပုံစံကိုကြည့်ကာ ရယ်မောနေ၏။


 "ငါ့ sizeကို ဘယ်သူက စမ်းခိုင်းလို့လဲ "


"သူတို့က တခြား size တွေမှ ယူမလာတာဟဲ့ "


ထိုအချိန်တွင် ဖုန်းမြည်လာပြီး စုယိက တစ်ချက်သွားစစ်ကြည့်လိုက်၏။


 [ ချူယင်း : အကုန်ကြည့်ကောင်းတယ် ]


 [ ချူယင်း : အကုန်ဝယ်လိုက် ]


စုယိက သူမ၏ကော့ချိုးနေသောနှုတ်ခမ်းစွန်းများကို လက်တစ်ဖက်ဖြင့်ဖုံးကွယ်ထားပြီး ကျန်တစ်ဖက်ဖြင့် ပြန်စာအတွက် typing ရိုက်နေလေသည်။


 [ နတ်ဘုရားမ စုယိ : ဒါက ကျွန်မကြော်ငြာထားတဲ့ အမှတ်တံဆိပ်လေ...ကျွန်မကြိုက်တဲ့ ထုတ်ကုန်အသစ်တိုင်းကို ပို့ပေးမှာ...မမိုက်ဘူးလား * စီးကရက်မီးညှိ‌နေပုံ *]


 [ ချူယင်း : အင်း...မိုက်ပါတယ် ]


 " ဖုန်းကြည့်နေတာကိုရပ်လိုက်တော့ ... အားလုံးအဆင်သင့်ဖြစ်နေပြီ...အဖွဲ့သားတွေကို အကြာကြီးမစောင့်ရစေနဲ့" ဝူရွှယ်က သတိပေးလေ၏။


“လာမယ် လာမယ် ”  


စုယိမှာ အမြန်ဆုံးနည်းဖြင့် အီမိုဂျီတစ်ခုထပ်ပို့လိုက်ပြီး တစ်ဖက်လူအား အလုပ်လုပ်တော့မည်ဖြစ်ကြောင်းကို အသိပေးကာ အဝတ်လဲခန်းထဲမှ ထွက်သွားခဲ့သည်။


တရုတ်ပြည်မှ Pasion အမှတ်တံဆိပ်တာဝန်ခံမှာ အယ်လန်ဟုခေါ်သောအင်္ဂလိပ်လူမျိုးဖြစ်၏။သူသည် ဤတိုင်းပြည်အား အလွန်ချစ်ပြီး တရုတ်ပြည်၌နေခဲ့သောနှစ်အနည်းငယ်အတွင်း တရုတ်လူမျိုးအသိမိတ်ဆွေအများအပြားရှိခဲ့ရုံသာမက တရုတ်ဘာသာစကားကိုလည်း ကျွမ်းကျင်နေပြီဖြစ်သည်။သို့သော်လည်း သူ၏ခပ်ပြင်းပြင်းအနောက်တိုင်းလေယူလေသိမ်းမှာ ကျန်ရစ်နေဆဲဖြစ်ပြီး စကားပြောချိန်တိုင်းတွင် အနည်းငယ်ရယ်စရာကောင်းလှ၏။


အယ်လန်က အပြင်တွင် ဓာတ်ပုံဆရာနှင့် တစ်ခုခု ဆွေးနွေးနေသည်။စုယိအားတွေ့လိုက်ချိန်တွင် သူက အံအားသင့်သွားပြီး " အိုး...ယိလေး...မင်းက အရမ်းကြည့်ကောင်းလွန်းတယ် " ဟုလှမ်းပြော၏။


Pasion မှ သူမအား ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ရသည့် တစ်ခုတည်းသောအကြောင်းအရင်းမှာ အယ်လန်၏ထောက်ခံပေးမှုကြောင့်သာဖြစ်သည်ဟု ဝူရွှယ်က ပြောပြဖူးသည်။ထို့ကြောင့် စုယိမှာ ဤလူအား အမြဲလိုလိုကျေးဇူးတင်နေခဲ့လေ၏။


စုယိက အယ်လန့်ကို ပြုံးပြလျက် ပွေ့ဖက်နှုတ်ဆက်လိုက်သည်။


" သိပ်မကြာသေးတာကို...တရုတ်စကားပြော တိုးတက်လာပြန်ပြီ "


“မင်းရောပဲ အရမ်းလှလာတယ် ” အယ်လန်က ပြုံးပြုံးလေးပြော၏။


 “ကျေးဇူးတင်ပါတယ် ”  


စုယိက ပြုံးရယ်လျက် ပွေ့ဖက်ခြင်းကိုအဆုံးသတ်လိုက်ပြီး ဓာတ်ပုံဆရာကို လှည့်ကြည့်လျက် ပြောသည်။


 "ကျွန်မတို့စလို့ရပြီလား"


သူမသည် ဂျင်းဘောင်းဘီပါးပါးကိုသာ ၀တ်ထားသော်လည်း အပေါ်တွင် ဆောင်းတွင်းဂျက်ကတ်အဖြူရောင်ကိုစွပ်ထားလေ၏။ဂျာကင်အင်္ကျီတွင်ပါသော ဦးထုပ်နံဘေးရှိအမွေးအမျှင်များက သူမ၏လည်ပင်းကို ကာရံထားသည်။စုယိမှာ အဆောက်အဦးအတွင်း၌ပင် အလွန်နွေးထွေးနေပြီဖြစ်လေ၏။


 “ဟုတ်သားပဲ...နောက်ဆုံး ဓာတ်ပုံရိုက်တုန်းက ခြေကျင်းဝတ် ဒဏ်ရာရသွားတယ်လို့ကြားတယ်"ဓာတ်ပုံဆရာက လှမ်းပြောသည်။


ဓာတ်ပုံရိုက်နေစဉ်၌ ခြေခေါက်လဲသွားသည့်အဖြစ်အပျက်က အလွန်ရယ်စရာကောင်းလွန်း၏။


" ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပဲ... ကောင်းသတင်းဆိုရင် မပျံ့တော့ဘူး...အဲ့ဒါမျိုးကျ မြန်သလားမမေးနဲ့" စုယိက ဗျစ်တောက်ဗျစ်တောက်ပြောနေသည်။


"ဟားဟား....ဒီတစ်ခါတော့ ရိုက်ကွင်းကို အသေးစိတ်စစ်ထားတာ...အေးဆေးပေါ့ "


ဖော်ရွေသောစကားသံများအပြီးတွင် ရိုက်ကွင်းကို တရားဝင်စတင်လိုက်ကြတော့၏။


ဆောင်းကူးလာသည်ကတစ်‌ကြောင်း ၊ စုယိမှာအချိန်အတော်ကြာအလှမ်းဝေးနေခဲ့သည်ကတစ်ကြောင်း ရိုက်ကူးစရာ ထုတ်ကုန်များက စုပုံနေလေသည်။ထို့အပြင် အမှတ်တံဆိပ်အတွက် ဓာတ်ပုံစံနှုန်းများကလည်း မြင့်မားသောကြောင့် ရိုက်ကူးရေးမှာညနေခြောက်နာရီအထိ တောက်လျောက်လည်ပတ်နေခဲ့သည်။


နောက်ဆုံး ဖိနပ်တစ်ရံကိုချွတ်ပြီးနောက်တွင် စုယိမှာ ဝူရွှယ့်ကိုမှီလိုက်ရင်း မောဟိုက်စွာပြောလာ၏။


 "ရွှယ်ရွှယ်လေး...ငါခြေဗလာနဲ့ အိမ်ပြန်ချင်တယ်...ရလား"


“ ပေါတောတော‌တွေ မပြောစမ်းနဲ့ ....မြန်မြန်ထ... ငါ့အိမ်နားမှာ ပြင်သစ်စားသောက်ဆိုင်အသစ်တစ်ခုဖွင့်တယ်...နင့်ကိုခေါ်သွားမယ် " ဝူရွှယ်က ရယ်သံတစ်ဝက်နှင့်ပြန်ဖြေသည်။


အန်းရွှမ်ထွက်သွားကတည်းက ဝူရွှယ်၏လက်ထောက်စံနှုန်းများမှာ အလွန်မြင့်မားလာခဲ့သည်။ယခုအချိန်အထိ လက်‌ထောက်နေရာအတွက်သင့်လျော်သူမရှိသေးသောကြောင့် ကြားကာလတွင် ဝူရွှယ်က ထိုရာထူးကို ဝင်ယူထားလေ၏။


 "ငါတို့ ပေကျင်း ပြန်ရောက်ရင် အနီးကပ်နေဖို့ လူသစ်ရွေးပေးမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား...ဘာလို့ငါ့နောက် တကောက်ကောက်လိုက်နေသေးတာလဲ "  


အဝတ်သွားလဲနေသောစုယိက မေးလိုက်သောအခါ


ဝူရွှယ်က သူမ၏နောက်ကျောဇစ်ကို လာဖွင့်ပေးရင်း ပြန်ဖြေလေ၏။


" ဘာလဲ...ငြိုငြင်နေပြီလား "


" မဟုတ်ပါဘူးရှင့် ... ပျင်းနေမှာကြောက်လို့ပါ superwoman ကြီးရှင့် "


"နင့်အရှုပ်ထုပ်တွေ တစ်ချိန်လုံးလိုက်ရှင်းနေရတာကို ဘာပျင်းစရာရှိလို့လဲ "ဝူရွှယ်က ရယ်မောလျက်ဆို၏။


" စကားကိုကြည့်ပြောနော်...ခုတလော ငြိမ်ငြိမ်လေးနေနေတာကို "


 " အလုပ်ပိုလုပ်ရမှ‌တော့ ငြိမ်ဦးမှပေါ့ဟယ်... ဟိုးအရင် လနည်းနည်းလောက်ကအထိ အကုန်လုံး ကမောက်ကမဖြစ်နေခဲ့လို့လားတော့ မသိဘူး...အရင်တစ်လခွဲအတွင်းမှာတအားငြိမ်နေတော့ လန့်တောင် လန့်ချင်လာတယ် "


ထိုအချိန်တွင် အဝတ်လဲပြီးသွားသောစုယိက ဝူရွှယ်အား‌ ခေါင်းခေါက်လိုက်ရင်း ဆိုလာသည်။


" ငါ့ကို ကျိန်ဆဲမနေတော့နဲ့...လာ...သွားစားမယ် "


အလုပ်နေရာက ပြင်ပတွင်မဟုတ်သောကြောင့် ဝူရွှယ်က ဗင်ကားမခေါ်ဘဲ စုယိအား ကိုယ်တိုင်ကားမောင်း၍လိုက်ပို့ပေးခဲ့သည်။ကားပါကင်သို့ရောက်ချိန်တွင် ဓာတ်လှေကားနား၌ရပ်စောင့်လျက်ရှိသော အယ်လန်အား တွေ့လိုက်ရတော့၏။အယ်လန်က သူမတို့နှစ်ဦးအား မြင်သွားခဲ့ပြီး ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်လာခဲ့သည်။


"မင်္ဂလာပါ...နောက်ဆုံးတော့ ရောက်လာကြပြီပဲ"


" ကိစ္စတစ်ခုခုရှိလို့လားမသိဘူး "


 အယ်လန်မှာ suitဝတ်ထားပြီးဝမ်းဗိုက်ပေါ်သို့လက်တစ်ဖက်တင်ထားကာ အလွန်ပင် လူကြီးလူကောင်းဆန်နေသည်။


" ယိလေးနဲ့အတူတူထမင်းစားချင်လို့ပါ"


 "တောင်းပန်ပါတယ် ကျွန်မက သူ့အတွက် ကြိုတင်စာရင်းပေးပြီးသွားပြီ " ဝူရွှယ်က ဝင်ပြောလိုက်သည်။


 “အဆင်ပြေပါတယ် ... မိန်းမလှလေးနှစ်ဦးကို အတူတူဖိတ်ရတော့ ပိုပြီးတောင် ကျေနပ်မိတာပေါ့ " အယ်လန်ကပြုံးရယ်လျက်ဆိုသည်။


ထို့နောက်တွင် အယ်လန်က နှုတ်ဆိတ်နေသောစုယိကို သတိထားမိသွားပြီး အခြားအကြောင်းအရာတစ်ခုထံသို့ စကားဆက်လာပြန်သည်။


" အလုပ်ကိစ္စလည်း ပြောစရာရှိလို့ပါ "


နောက်ဆုံး၌ နှစ်ယောက်လုံး အယ်လန်၏ကားပေါ်သို့တက်သွားလိုက်ကြပြီး ဝူရွှယ်ညွှန်းသောပြင်သစ်စားသောက်ဆိုင်သို့ ဦးတည်ခဲ့ကြလေသည်။


ထိုဆိုင်သည် အလွန်ဂန္တဝင်ဆန်ပြီး ငြိမ့်ညောင်းသောစန္ဒယားသံက ဆိုင်ထဲတွင်ပျံ့လွင့်နေလေ၏။စားပွဲဝိုင်းများများစားစားလည်းမရှိဘဲ ဆိုင်ထိုင်နေကြသူများက စကားကို တိုးတိုးသက်သာပြောကြသည်။အလွန်ပင် ဂုဏ်သရေကြီးသောနေရာတစ်ခုပင်။


ဟင်းလျာအချို့ကိုမှာကြားပြီးနောက်တွင် အယ်လန့်ဘက်မှ စကားစလာခဲ့၏။


" ယိလေးက ကောင်လေးတစ်ယောက်နဲ့‌တွဲနေတာဆို...ကျွန်တော်ကြားတယ် "


အယ်လန့်ထံမှ ' ကောင်လေး ' ဟူသောအသုံးအနှုန်းကိုကြားလိုက်ရချိန်တွင် စုယိတစ်ယောက် ရယ်ချင်သွားသော်လည်း သူမက ထိန်းချုပ်လျက် ပြန်ဖြေလိုက်၏။


 " ဟုတ်ပါတယ် "


" နှမျောစရာပဲ...ချိန်းတွေ့ဖို့အစီအစဉ်ဆွဲနေတယ်ဆိုတာကိုသာ စောစောသိခဲ့ရင် အရင်ဝင်တိုးလိုက်ပါတယ်... တရုတ်ဆိုရိုးရှိတယ်လေ...အရင်းသွားတာပိုကောင်းတယ်ဆိုလား " 


 " 'အရင်သွားတာ ပိုကောင်းပါတယ်' ပါ " 


အယ်လန်က တမင်တကာ သက်ပြင်းချ ဟန်ဆောင်လိုက်ပြီး စိတ်ပျက်လက်ပျက်ပုံစံဖြင့်ပြောလာသောအခါ ဝူရွှယ်က ရယ်မောလျက် ဝင်ထောက်ပေးသည်။


" ဟုတ်တယ် ဟုတ်တယ် အဲ့ဒါ "


" ချိန်းတွေ့ဖို့အစီအစဉ်ဆွဲတယ်ဆိုတာက ဘာသဘောလဲ...ကျွန်မကတော့ တစ်ကိုယ်တည်းနေရတာကို ကြိုက်တဲ့သူမဟုတ်ဘူးနော် " စုယိက စကားဝိုင်းထဲသို့ဝင်၍ အရွှန်းဖောက်လိုက်တော့၏။


 " ဘုရားရေ...ကျွန်တော်ကတော့ အမြဲတမ်းအဲ့လိုပဲထင်နေခဲ့တာ.... ယိလေးက အရမ်းလှပေမဲ့ ဘယ်သူနဲ့မှမတွဲဘူးဆိုတော့လေ "


ဝူရွှယ်မှာ အယ်လန့်ထံမှ 'အရမ်းလှတယ်' ဟူသော စကားလုံးကြောင့် အတွေးများဗြောင်းဆန်ကုန်တော့၏။


နိုင်ငံခြားသားများထံတွင် လှပသည့်အရာများအတွက် လုံးဝကွဲပြားသည့် စံနှုန်းတစ်ခု ရှိသည်။အနောက်တိုင်းသားများသည် အခြေခံအားဖြင့် မျက်လုံးကျဉ်းကျဉ်း ၊ နှုတ်ခမ်းထူထူ ရှိကြသောအာရှသားများကို နှစ်ခြိုက်တတ်လေ့ရှိပြီး တရုတ်လူမျိုးများမှာမူ မျက်လုံးကျယ်သော အလှအပကို နှစ်သက်ကြသည်။


သို့ရာတွင် စုယိမှာခြွင်းချက်တစ်ခုဖြစ်လေ၏။


နိုင်ငံခြား website တစ်ခုတွင် " အာဆီယံမှ လှပသောမျက်နှာပိုင်ရှင်များ " ဟူသောခေါင်းစဉ်ဖြင့် စစ်တမ်းတစ်ခုရှိပြီး စုယိမှာ ထိုစာရင်းဇယားတွင် ထိပ်ဆုံးနေရာမှ ရပ်တည်ခဲ့လေသည်။ထိုအချိန်တွင် တရုတ်နိုင်ငံသားများကလည်း အံ့အားသင့်ဖွယ်မှတ်ချက်များဖြင့် အသိအမှတ်ပြုကြခဲ့သည်။အခြားနာမည်ကြီးအမျိုးသမီးများ အလားတူဖြစ်ရပ်မျိုးဖြစ်ခဲ့စဉ်က ဤမျှလောက်အထိ ရေပန်းမစားခဲ့ပေ။


စုယိက ‌ကျေးဇူးတင်ကြောင်း ယဉ်ယဉ်ကျေးကျေးပြောလိုက်ပြီး သံပုရာရည်တစ်ငုံသောက်လျက် အယ်လန့်အားမေးလိုက်သည်။


" အလုပ်ကိစ္စဆွေးနွေးစရာရှိတယ်လို့ ပြောခဲ့သလားလို့ "


ထိုအခါ အယ်လန်က ချက်ချင်းဆိုသလိုပင် လိုရင်းအကြောင်းအရာသို့ ဦးတည်လိုက်တော့၏။


 “စုယိလည်းသိပါတယ်... နောက်နှစ်ဆို စာချုပ်ပြည့်တော့မယ်ဆိုတာကို...ဒီနှစ်တွေအတွင်းမှာ ကျွန်တော်ရော Pasionရောက စုယိအပေါ်အရမ်းကျေနပ်ခဲ့ကြတယ်...ကျွန်တော်ကတော့ စာချုပ်ထပ်ချုပ်ချင်တယ်...ကျွန်တော့်အမြင်ကိုလည်း ရုံးချုပ်ဆီ တင်ပြပြီးသွားပြီ...အဲ့ဒါ စုယိကရော ဘယ်လိုသဘောရလဲလို့ပါ... တွေးထားတာမျိုးရှိလား "


စုယိနာမည်မကြီးသေးခင်ကပင် Passion နှင့်စာချုပ်ချုပ်ခဲ့ရပြီး ထိုအရာက သူမထံသို့အခွင့်အရေးများစွာယူဆောင်လာကာ ပိုမိုလူသိများလာစေခဲ့သည်။ယခုအချိန်၌ လက်တွဲဖြုတ်မည်ဟုပြောလိုက်လျှင် ကျေးဇူးမသိတတ်ရာကျပြီး မကြာသေးမီနှစ်များအတွင်း၌ ဤအမှတ်တံဆိပ်သည်အလွန်ကောင်းမွန်လာကာ နိုင်ငံတစ်လွှားတွင် ကျော်ကြားလာခဲ့သည်။


စုယိဘာမှဆက်မပြောရသေးမီမှာပင် ဝူရွှယ်က စကားစလာခဲ့၏။


 “အယ်လန်.... ကျွန်မတို့ကုမ္ပဏီကို တခြားသူကဝယ်သွားတာဆိုတော့...စီမံခန့်ခွဲပုံတွေက ပြောင်းလဲကုန်ပြီ...ကျွန်မတို့ဘာသာကျွန်မတို့ဆုံးဖြတ်လို့မရဘူး ကုမ္ပဏီနဲ့တိုင်ပင်ရဦးမယ် "


ဝူရွှယ်၏စကားအလုံးစုံကို အယ်လန်က နားမလည်သော်ငြား အဓိကအချက်ကိုမူ သဘောပေါက်သွားခဲ့သည်။


 "ဟုတ်ပါပြီ... အဖြေကို စောင့်နေမယ် "  


ထိုစကားကိုပြောပြီးနောက်တွင် အယ်လန်က စုယိအား ထိသလိုလိုရိသလိုလို ကြည့်လာပြန်၏။


" ယိလေး...ကျွန်တော့်ကို တကယ်ပဲစိတ်မဝင်စားဘူးလား "


စုယိမှာ ကြောင်တောင်တောင်ဖြစ်သွားတော့သည်။


" ဟမ် "


 "ကျွန်တော်ပြောချင်တာက အဲ့ကောင်လေးကို ပစ်ပြီး ကျွန်တော်နဲ့တွဲပါ ... ကျွန်တော်က အရမ်းကောင်းတဲ့ ရည်းစားဖြစ်ပေးနိုင်တယ် " အယ်လန်က မျက်စိတစ်ဖက်မှိတ်ပြလျက်ဆိုလာ၏။


နိုင်ငံခြားသားများသည် ဖိုမဆက်ဆံရေးနှင့်ပတ်သက်၍ အလွန်ပွင့်လင်းသည်ဟုကြားဖူးသော်လည်း ဤမျှလောက်အထိ ဒဲ့တိုးဆန်နေမည်ဟု စုယိမမျှော်လင့်ထားခဲ့ပေ။


စုယိက ပြုံးလျက် ငြင်းပယ်ရန် အသင့်အနေအထား ဖြစ်နေသည်။


 " ကျွန်တော်က တကယ်အဆင်ပြေတဲ့လူပါ...တရုတ်လူမျိုးကောင်လေးထက်တော့ အရာရာပိုသာပါတယ် "


အယ်လန်မှာ လွယ်လွယ်နှင့်လက်လျှော့မည့်ပုံမပေါ်ချေ။


ဝူရွှယ်ပင်လျှင် အံ့အားသင့်နေရသည်။ဤသည်မှာ နေခင်းကြောင်တောင်၌ ပေါ်တင်ကြီးအုတ်မြစ်တူးနေသောအခြေအနေမျိုးပင်။


" အယ်လန်...ကျွန်မ သူ့ကို တကယ်ချစ်တာ "


 "အိုး နှမျောစရာပဲ...ကိစ္စမရှိဘူး...ကျွန်တော်စောင့်မယ်...တစ်နေ့နေ့ လမ်းခွဲသွားရင် ကျွန်တော့်ကို အချိန်မရွေး လာရှာပါ" အယ်လန်၏အမူအရာက မပြောင်းလဲပေ။


ထိုအခါစုယိက မျက်မှောင်ကြုတ်လိုက်ပြီး စည်းတားတော့၏။


" အယ်လန်... ကျွန်မတို့က မိတ်ဆွေတွေပဲ "


စုယိ၏ထိုသို့သောအမူအရာကိုမြင်သောအခါ အယ်လန်က လက်နှစ်ဖက်ကို မြှောက်လျက်ထပ်ပြောပြန်သည်။


"ကောင်းပြီလေ...ကျွန်တော်စုယိကိုရွေးချယ်ခွင့်တစ်ခုပေးမယ်...မဆုံးဖြတ်ခင် စမ်းတွဲကြည့်လို့ရတယ် "


 " မလိုဘူးရှင့် "


ထိုအချိန်တွင် မှာကြားထားသောဟင်းလျာများရောက်ရှိလာခဲ့ပြီး စုယိမှ မြန်မြန်စား၍ ဤနေရာမှ အမြန်ဆုံးထွက်သွားချင်နေသည်။


___________________________________________