အပိုင်း ၇၂
Viewers 13k

Chapter 72


ရှင့်ကိုမြင်မြင်ချင်း ချစ်မိသွားခဲ့တာက ကံတရားရဲ့ စေညွှန်ရာပါပဲ။


အချိန်အနည်းငယ်ကြာသောအခါ အယ်လန်က နေရာမှထ၍ သန့်စင်ခန်းသို့ ဦးတည်သွားခဲ့၏။


" ဒါကတော့မဟုတ်သေးပါဘူး...အယ်လန်က ဘာကိစ္စ အမြဲတမ်း သူ့ကိုယ်သူအမွှမ်းတင်ပြီး သူတော်သူတတ်ပဲလုပ်နေရတာလဲ... ဒါရိုက်တာချူက သူ့ထက်အပုံကြီးသာတယ် " အယ်လန်ထွက်သွားပြီးပြီးချင်းမှာပင် ဝူရွှယ်က မြည်တွန်တောက်တီးလာသည်။


စုယိက ဘာမှပြန်မပြောဘဲ သဘောတူညီကြောင်းကို ပြသသည့်အနေဖြင့် ခေါင်းတစ်ချက်သာညိတ်ပြလိုက်၏။


"ဘယ်လိုလဲ Pasion နဲ့ ဆက်လုပ်ချင်သေးလား"


ရိုးရိုးသားသား ပြောရလျှင် စုယိသည်Pasionနှင့် ဆက်လက်၍ လက်တွဲလိုစိတ်မရှိတော့ပေ။အယ်လန်မှာ တရုတ်နိုင်ငံ၏ Pasion အမှတ်တံဆိပ်တာဝန်ခံဖြစ်ပြီး စုယိသာ ဤအမှတ်တံဆိပ်နှင့် ဆက်လက်လက်တွဲလိုက်ပါက အနာဂါတ်၌ အယ်လန်နှင့် ပတ်သတ်နေရဦးမည်သာဖြစ်လေသည်။


" မသိဘူ...ကုမ္ပဏီက ပြောတာကိုပဲ အရင်နားထောင်ကြည့်ရအောင် " စုယိက ခေါင်းခါယမ်းလျက်ဆိုသည်။


အယ်လန်မှာ အချိန်အတော်ကြာမှပြန်ရောက်လာခဲ့ပြီး စားပွဲဝိုင်းသို့ပြန်လာချိန်၌ သူ၏ပါးပြင်ကို ဖိကိုင်ထားခဲ့လေသည်။အယ်လန်၏အမူအရာမှာ အတော်လေးဆိုးရွားပြီး ‌သူ၏ပါးပြင်နှစ်ဖက်လုံးက ဖူးရောင်နေ၏။


 " အယ်လန်... ဒါက ... " ဝူရွှယ်က အံ့ဩတကြီးမေးလိုက်သည်။


"တရုတ်တွေ အကုန်လုံးက တောတွင်းလူရိုင်းတွေပဲ"  


အလွန်ဒေါကန်နေသောအယ်လန်က အဓိပ္ပါယ်ဆီလျော်မှုရှိမရှိကို အာရုံမထားနိုင်တော့ဘဲ သူသင်ယူထားခဲ့သော စာကြောင်းကိုသာ ထပ်တလဲလဲ ပြောနေသည်။


 " အခုလေးတင် ဘာမပြောညာမပြောနဲ့ ကျွန်တော့်ကို လာထိုးတဲ့ကောင်ရှိတယ် "


စုယိလည်း ထိတ်လန့်သွားတော့၏။အယ်လန်၏နှုတ်ခမ်းထောင့်၌ သွေးစို့နေသောကြောင့် စုယိက သူမ၏လက်ကိုင်ပုဝါအား ကမ်းပေးနေရင်း မေးမြန်းလိုက်သည်။


" ကျွန်မတို့ ရှင့်အတွက် ရဲခေါ်ပေးရမလား "


 "မလိုပါဘူး...ကံမကောင်းလို့ လို့ပဲမှတ်လိုက်တော့မယ် "


အယ်လန်က အံကိုတင်းတင်းကြိတ်ရင်းပြောလေ၏။


ထိုတစ်ယောက်က သူ့ကိုဆွဲထိုးရုံသာမက လိပ်စာကဒ်တစ်ကဒ်ကိုလည်းပေးခဲ့သေးသည်။ထိုကုမ္ပဏီအမည်မှာ အလွန်ရင်းနှီးဖွယ်ရာဖြစ်ပြီး တစ်ဖက်လူသည် မယ်မယ်ရရမဟုတ်ကြောင်း အယ်လန်က မှန်းဆမိခဲ့၏။


စုယိက တစ်စုံတစ်ရာကို‌ထပ်မေးတော့မည့်ဆဲဆဲတွင် ထူးဆန်းသောစိတ်မလုံမခြုံဖြစ်သည့်ခံစားချက်တစ်ရပ်အား ခံစားလိုက်ရတော့သည်။ထိုင်နေသောသူမ၏အပေါ်မှ ရင်းနှီးနေသောယောက်ျားသံတစ်သံက ထွက်ပေါ်လာခဲ့လေ၏။


“မင်း သူ့ကို ဆက်ပြီး နှောင့်ယှက်နေရင် အရိုက်ခံရတာ‌လောက်နဲ့ ပြီးသွားမှာမဟုတ်တော့ဘူး”


ထိုအချိန်တွင် စုယိ၏နှလုံးသည် အဆက်မပြတ်ခုန်နေခဲ့ပြီး သူမက မလုံမလဲဖြစ်စွာဖြင့် လက်ပြန်ရုတ်ကာ ကမ်းပေးခဲ့သော လက်ကိုင်ပုဝါအား ပြန်သိမ်းလိုက်တော့သည်။


အယ်လန်က သူ့ရှေ့မှ လူကို ကြည့်၍ မျက်နှာထားက အနည်းငယ်ပြောင်းသွားသည်။


"ယိ...ဒါ မင်းရဲ့ ချစ်သူလား..."


စုယိက တစ်ရှူးကို ယူကာ တည်တည်ငြိမ်ငြိမ်ဖြင့်ပင် သူမ၏ နှုတ်ခမ်းထောင့်စွန်းကို သုတ်လိုက်သည်။


"ဟုတ်တယ်..."


အယ်လန်၏မျက်နှာက ပို၍ပင် ရုပ်ဆိုးသွားတော့သည်။


ဝူရွှယ်က အမြန်ထကာ ပြောလိုက်သည်။


"အယ်လန်...ရှင့်ပါးစပ်မှာလည်း သွေးတွေပေနေပြီ...လာ ဒီကို ကျွန်မလာတုန်းက လမ်းမှာ ဆေးဆိုင်တစ်ခုတွေ့ခဲ့တယ်...အဲ့မှာ ပလာစတာ သွားဝယ်ရအောင်..."


ဝူရွှယ်က အယ်လန်အား ဆွဲခေါ်သွားလိုက်သည်။ အယ်လန်သည် အတော် တောင့်တင်းသန်မာသူဖြစ်သောကြောင့် သူသာ ထွက်သွားချင်စိတ်မရှိလျှင် ဝူရွှယ်ဆွဲခေါ်လျှင်လည်း နေရာရွေ့မည်မဟုတ်ချေ။


စုယိက ဘေးသို့ နည်နည်းရွှေ့ထိုင်ကာ ချူယင်းဖို့နေရာပေးလိုက်သည်။


"ရှင် ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ..."


ချူယင်းက ပေါ့ပေါ့ပါးပါးပင်ပြောလိုက်သည်။


"လမ်းကြုံနေလို့...မင်းရဲ့အလုပ်ကို နှောင့်ယှက်သလို ဖြစ်သွားလား..."


"မဖြစ်ပါဘူး..."


စုယိက ရှင်းပြလိုက်သည်။


"ကျွန်မကလည်း ဒီကို ဝူရွှယ်နဲ့တူတူလာမလို့ လုပ်ထားတာ...ဒါပေမယ့် အယ်လန်က အလုပ်အကြောင်းပြောချင်တယ်ဆိုပြီး လိုက်လာတာ..."


"အင်း...တခြား မင်းကြိုက်တဲ့ brand တွေ ရှိလား..."


မေးခွန်းက ရုတ်တရက်ဆန်သွားသောကြောင့် စုယိသည် ပြန်ဖြေရန် အချိန်အတော်ကြာ စဉ်းစားလိုက်ရသည်။


"ဘာဖြစ်လို့လဲ..."


ချူယင်းက ပြောသည်။


"ပြောင်းလိုက်...ဒီ brand နဲ့ ဆက်မလုပ်နဲ့တော့..."


"အင်း မလုပ်တော့ဘူး..."


စုယိကလည်း နှစ်ခါမစဉ်းစားပဲ သဘောတူလိုက်သည်။ ထို့နောက် ချူယင်း၏လက်ကို ဆွဲကိုင်ကာ ဆော့နေလိုက်သည်။


"ဒါပေမယ့် ကျွန်မ သေချာကြိုက်တဲ့ brand တော့ မရှိ‌ဘူး...ဒီ brand နဲ့ လက်တွဲတာရပ်လိုက်တာနဲ့ တခြား brand တွေက ကျွန်မကို လာရှာကြမှာပါ...ရှင်စိတ်မပူပါနဲ့...တစ်ခုခုစားပြီးပြီလား..."


"မစားရသေးဘူး..."


စုယိက စားပွဲထိုးကို လှမ်းခေါ်မည်အလုပ်မှာပင် ချူယင်းက မတ်တပ်ထရပ်လိုက်ကာ ပြောလိုက်သည်။


"အိမ်ပြန်ကြရအောင်..."


စုယိက မေးလိုက်သည်။


"ဒါပေမယ့် ရှင် ထမင်းမစားရသေးဘူးမလား..."


"အိမ်မှာ စားကြမယ်လေ..."


ချူယင်းက ပြောသည်။ 


"ကိုယ် မင်းလုပ်တဲ့ ခေါက်ဆွဲ စားချင်တယ်..."


ကားထဲသို့ရောက်သောအခါ စုယိသည် ချူယင်းအား မျက်လုံးထောင့်မှကြည့်လိုက်၍ တစ်ခုခုမှားယွင်းနေသလို ခံစားနေမိသည်။ ခုနက စတွေ့သည့်အချိန်မှစ၍ ချူယင်း၏မျက်နှာသည် သူတို့နှစ်ယောက် စ‌တွေ့သည့်အချိန်တုန်းကကဲ့သို့ ခံစားချက်သိပ်မရှိသလိုဖြစ်နေသည်။ 


ယနေ့ ဒရိုင်ဘာက စကားထစ်သောဒရိုင်ဘာမဟုတ်ပဲ ဒရိုင်ဘာအသစ်ဖြစ်လေသည်။ ယခု ဒရိုင်ဘာက အသက်အနည်းငယ်ကြီးပုံပေါ်သည်။ စုယိကားပေါ်တက်လိုက်သောအခါ ဒရိုင်ဘာကြီးက သူတို့ကို ပြုံး၍ ကြည့်နေလေသည်။


နှစ်ယောက်လုံး ကားပေါ်၌ ထိုင်ပြီးသောအခါ ဒရိုင်ဘာကြီးက ဖြည်းညှင်းစွာ နှုတ်ဆက်လိုက်သည်။


"မမလေးစု..."


စုယိကလည်း ပြုံး၍ ယဉ်ကျေးစွာ ပြန်ပြောလိုက်သည်။


"ဟဲလို...ဦးလေး ညနေစာ စားပြီးပါပြီလား..."


"ကျွန်တော် ပြီးရင် အိမ်ပြန်ပြီး စားမှာပါ...မမလေးစုက အရမ်းလှတာပဲ..."


ဒရိုင်ဘာကြီးက စုယိအား ကြည့်နေခြင်းကို ရပ်၍ ကားလီဗာကို နင်းကာ ပျော်ရွှင်စွာပြောလိုက်သည်။


"ဒါကြောင့်လည်း သခင်လေးက ကားပါကင်မှာ အကြာကြီးထိုင်စောင့်နေခဲ့တာကိုး..."


ချူယင်းက မျက်မှောင်ကျုံ့ကာ ဖြတ်ပြောလိုက်သည်။


"ဦးလေးယန်..."


"ဟုတ်ကဲ့ပါ သခင်လေး....ဘယ်ကိုမောင်းရမလဲခင်ဗျ..."


"ဦးလေးယန်..."


စုယိကလည်း ချူယင်းခေါ်သလို လိုက်ခေါ်လိုက်သည်။


"စူပါမားကတ်ဆီမောင်းပေးပါနော်...ကျေးဇူးတင်ပါတယ်..."


ဦးလေးယန်က ပြုံး၍ ပြောလိုက်သည်။


"ကောင်းတယ်...ကောင်းတယ်...စူပါမားကတ်အကြီးကြီးဆီ ကျွန်တော် သွားပေးမယ်..."


"ဟုတ်ကဲ့..."


စုယိက ပြန်ဖြေ၍ ချူယင်း၏လက်ကို ပို၍တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။


ကားပေါ်မှ ဆင်းပြီးသောအခါ စုယိသည် ဦးလေးယန်အား ကားပြတင်းပေါက်မှတစ်ဆင့် လက်ပြလိုက်သည်။


"ဦးလေး ပြန်ပြီး ထမင်းသွားစားပါတော့...ကျွန်မတို့ ပြီးရင် ကားငှားပြီး ပြန်လိုက်မယ်..."


ကားထွက်သွားသောအခါ စုယိက ချူယင်း၏လက်ကို လှမ်းဆွဲလိုက်သည်။


"လာ...သွားကြမယ်..."


"ဘာဖြစ်လို့ စူပါမားကတ်ကို လာနေတာလဲ..."


"ဟင်းချက်ဖို့ပစ္စည်းတွေဝယ်ဖို့လေ...ကျွန်မ ရှင့်ကို မန်ချူးဟန် တော်ဝင်စားပွဲတော် ချက်ကျွေးမယ်လို့ ကတိပေးထားတာ မေ့သွားပြီလား..."


စူပါမားကတ်သည် အလွန်ကြီး၍ ဟင်းသီးဟင်းရွက်နှင့် အသားများ အတန်းတွင် ရွေးချယ်စရာများစွာရှိလေသည်။


"ရှင်ဘာစားချင်လဲ...ငါး...အမဲသား...ဝက်သား..."


စုယိက ချူယင်း၏လက်ကိုကိုင်ကာ ဆောင့်ကြောင့်ထိုင်လိုက်၍ ကန်ထဲမှ ငါးများကို ကြည့်နေလေသည်။


"ဒီငါးတွေက အကောင်ကြီးလိုက်တာ...ငါးပဲစားကြရအောင်...ကျွန်မ ငါးချိုချဉ် လုပ်ပေးမယ်..."


ချူယင်းသည် သူ့ဘေးမှ စုယိ၏ ခေါင်းလေးကိုကြည့်ကာ မျက်လုံးက နူးညံ့မှုများဖြင့်ပြည့်နေလေသည်။


"ရတယ်လေ..."


စုယိ၏ အရပ်သည် မြင့်မား၍ အဝတ်အစားကို လုံလုံခြုံခြုံဝတ်ထားသော်လည်း လူအများ၏ အာရုံစူးစိုက်မှုကို ခံနေရဆဲဖြစ်သည်။ ထို့အပြင် သူမ၏ဘေးမှ ချူယင်းကလည်း အလွန်ချောမော၍ စုယိထက် အရပ် ၁ မီတာနှင့် ၉၀ စင်တီမီတာခန့် ပိုရှည်နေသည့်ပုံပေါက်သောကြောင့် သူတို့နှစ်ယောက်သည် ဘယ်သွားသွား အာရုံစိုက်ခြင်းကိုသာ ခံနေရလေသည်။


မကြာမီတွင်ပင် သူတို့၏ရှေ့မှ ဈေးတွန်းလှည်းသည် ပြည့်သွားတော့သည်။ ဟင်းချက်စရာပစ္စည်းများကိုဝယ်ပြီး၍ အသီးအနှံများရောင်းသည့်နေရာသို့ ဖြတ်သွားသောအခါ စုယိက ရပ်၍ ပြောလိုက်သည်။


"အသီးနည်းနည်းဝယ်သွားကြရအောင်...အိမ်မှာ ဘာမှမရှိတော့ဘူး..."


ချူယင်းက ခေါင်းငြှိမ့်လိုက်သည်။


"ဝယ်လေ..."


စုယိက ဖရဲသီးတစ်လုံးကို ကောက်ကိုင်ကာ အနည်းငယ် ရိုက်ကြည့်လိုက်သည်။


"ဒါကောင်းတယ်..."


စုယိက ဖရဲသီးကို တွန်းလှည်းထဲသို့ ထည့်လိုက်သည်။


ထိုအချိန်တွင် သူတို့နားသို့ မိန်းကလေးတစ်ယောက် ရောက်လာသည်။


"အစ်မက စုယိလား..."


စုယိက နှာခေါင်းစည်းကို ပိုတင်းကျပ်အောင် လုပ်လိုက်၍ ချက်ချင်းပြန်မဖြေလိုက်ပေ။


"ဟဲလို..."


မိန်းကလေးက စုယိအား လာနှုတ်ဆက်သည်ဖြစ်သော်လည်း သူမ၏ အကြည့်များက ချူယင်းဆီသို့သာ ရောက်နေလေသည်။


"ကျွန်မနဲ့ ဓာတ်ပုံတစ်ပုံလောက် ရိုက်ပေးနိုင်မလားဟင်..."


"ဆောရီးပါ..."


စုယိက ယဉ်ကျေးစွာ ငြင်းလိုက်သည်။


"ဒါ ကျွန်မရဲ့ ကိုယ်ပိုင်အချိန်မို့လို့ သိပ်အဆင်မပြေလို့ပါ..."


မိန်းကလေးက လက်မလျှော့ချေ။


"မကြာပါဘူး..."


စုယိက ခေါင်းကို ထပ်ခါပြလိုက်သည်။ မိန်းကလေးသည် သူ့အား စုယိက အရှက်ခွဲနေသည်ဟု ထင်၍လားမသိ၊ သူမ၏မျက်နှာက မကြည်မသာဖြစ်သွားလေသည်။


ထိုအနှောင့်အယှက်လေးသည် ခဏနှင့်ပင် ပြီးသွားသည်။ ဈေးဝယ်ကျချိန် ကျော်သွားပြီဖြစ်သောကြောင့် စူပါမားကတ်ထဲ၌ လူများများ မရှိတော့ချေ။ စုယိတို့သည် ပိုက်ဆံရှင်းပြီးသောအခါ ထွက်လာလိုက်ကြသည်။


တက္ကဆီငှားပြန်လာကြ၍ အိမ်ရောက်သောအခါ စုယိသည် တံခါးကိုပိတ်၍ ချူယင်းဆီမှ အိတ်ကိုယူကာ မီးဖိုထဲသို့ ဝင်သွားသည်။


ချူယင်းကလည်း စုယိနောက်မှလိုက်ကာ ဘာမှမပြောပဲ ဟင်းသီးဟင်းရွက်များကိုရေဆေးနေလေသည်။


စုယိက ငါးကို အကြေးခွံခွာကာ ရုတ်တရက် ပြောလိုက်သည်။


"ဒီနေ့....ရှင် အလုပ်ကနေ ကျွန်မကို လာကြိုတာလား..."


ချူယင်းက ဟင်းသီးဟင်းရွက်ဆေးသည်ကို မရပ်ပဲ ပြောလိုက်သည်။


"ဟုတ်တယ်..."


စုယိက ခဏမျှ တိတ်ဆိတ်သွားသည်။


"ဘာဖြစ်လို့ ဖုန်းကြိုမဆက်တာလဲ..."


တကယ်တော့ ပိုမေးသင့်သည်က ချူယင်း ကားပါကင်နေရာသို့ရောက်နေချိန်တွင် အဘယ်ကြောင့် စုယိအား ဖုန်းမဆက်လဲ ဟူသောမေးခွန်းဖြစ်သည်။


"မင်းအလုပ်ကို အနှောင့်အယှက်ပေးမိသွားမှာစိုးလို့ပါ...


ချူယင်းက သန့်စင်သွားသော ဟင်းသီးဟင်းရွက်များကို ဘေးသို့ ချလိုက်သည်။


"ကိုယ် ဘာလုပ်ပေးရဦးမလဲ..."


"လုပ်ပေးရမှာ တစ်ခုရှိတယ်..."


"ဘာလဲ..."


စုယိက မီးဖိုချောင်သုံးခါးစည်းကို ဝတ်လိုက်၍ လက်ထဲ၌ ငါးကိုကိုင်လျက် ခေါင်းကို စောင်းငဲ့ကာပြောလိုက်သည်။


"ကျွန်မကို တစ်ခါနမ်းပေး..."


ချူယင်းကလည်း အချိန်ဆွဲမနေပဲ ကိုယ်ကို‌စောင်းက ပုစဉ်းက ရေကိုထိသကဲ့သို့ ညင်သာလွန်းသော အထိအတွေ့ဖြင့် နမ်းလိုက်သည်။


စုယိသည် မီးဖိုထဲ၌ နာရီဝက်ကျော်ကျော်မျှ ပြင်ဆင်ချက်ပြုတ်ပြီး‌သွားသည့်အခါ စားပွဲအပြည့်ဟင်းပွဲများရလာတော့သည်။


ချူယင်းသည် အစား၌ ဂျီးမများပေ။ စုယိ၏ ပန်းကန်များကလည်း သိပ်မကြီးသောကြောင့် ချူယင်း နှစ်ဇွန်းလောက်စားပြီးသောအခါ ထမင်းပန်းကန်တစ်ဝက် ကုန်သွားလေတော့သည်။ သိပ်မကြာခင်မှာပဲ ဟင်းခွက်များ အားလုံး ပြောင်စင်သွားကြတော့သည်။


စုယိ၌ ပန်းကန်ဆေးစက်ရှိသောကြောင့် ပန်းကန်များကို ဆေးစရာမလိုချေ။ ထို့ကြောင့် ရေချိုးပြီးသည့်အခါ နှစ်ယောက်သား အိပ်ယာဝင်လိုက်ကြတော့သည်။


ချူယင်းသည် ပုံမှန်အတိုင်းပင် စုယိအားဖက်၍ အိပ်နေသည်။ သူ့လက်များကတော့ စုယိ၏အိ‌န္ဒြေသိက္ခာကိုလေးစားသောအားဖြင့် စုယိ၏ ခါးပေါ်၌သာတင်ထား၍ အခြားနေရာများသို့ မရွေ့သွားချေ။ စုယိက ချူယင်းအား ကျောခိုင်းထားသည်။ စုယိ၏ ကျောကုန်းက ချူယင်း၏ရင်ခွင်နှင့် ထိကပ်နေကာ အလွန်နွေးထွေးလှသည်။


မကြာခင်မှာပင် ချူယင်းသည် အိပ်ယာမှ ထသွားပြန်လေသည်။


ချူယင်းသည် သူ့အိတ်ကပ်ထဲမှ တစ်စုံတစ်ခုကိုယူ၍ ဝရန်တာသို့ တန်းထွက်သွားသည်ကို စုယိ ကြားလိုက်ရသည်။ ချူယင်းက ဝရန်တာတံခါးကိုပင် ဖြေးညှင်းစွာ ပိတ်ခဲ့သေးသည်။


စုယိသည် ကုတင်ပေါ်မှာ ဖြေးညှင်းစွာဆင်း၍ ခြေ‌ဖျားထောက်ကာ အပြင်ထွက်လိုက်သည်။


လရောင်အောက်တွင် ချူယင်းသည် ဝရန်တာလက်ရန်းများဘေး၌ ရပ်ကာ လက်ထဲတွင်တော့ စီးကရက်တစ်လိပ်ကို ကိုင်ထားသည်။


ချူယင်း ဆေးလိပ်သောက်သည်ကို စုယိတစ်ခါမှ မတွေ့ဖူးချေ။ ချူယင်း၏လှုပ်ရှားမှုများမှာ လုပ်နေကျကဲ့သို့ သဘာဝကျကျဖြစ်နေသဖြင့် ယခင်က ချူယင်းသည် ဆေးလိပ်မကြာခဏသောက်ဖူးသည်ဆိုသည်မှာ သိသာနေလေသည်။ ချူယင်း၏လက်ဘေး၌ စုယိက ဝူရွှယ်အတွက် လုပ်ပေးထားသော ဆေးလိပ်ပြာခွက် ရှိနေသည်။ ချူယင်း၏လက်သည် ပြာခွက်ပေါ်သို့ ရွေ့သွား၍ ဆေးလိပ်ကို လက်ညှိုးနှင့် အနည်းငယ် တောက်လိုက်သည်။ ဆေးလိပ်မှပြာများက ပြာခွက်ထဲသို့ ကြွေကျသွားလေသည်။


စုယိသည် တံခါးကိုတွန်းဖွင့်၍ အပြင်သို့ ထွက်လာလိုက်သည်။


ချူယင်းက အသံကြား‌သောကြောင့် ခေါင်းကိုလှည့်ကြည့်ရင်း မျက်ခုံးတစ်ဖက်ကို မြှင့်ကာ မေးလိုက်သည်။


"ဘာဖြစ်လို့ နိုးလာတာလဲ..."


စုယိသည် အရှေ့ရက်များက ချူယင်းကျန်ခဲ့သည့် ရှပ်အင်္ကျီအပွကြီးကိုသာဝတ်ထားသောကြောင့် အရေးကြီးသည့် နေရာများကိုသာ ဖုံးနေ၍ သွယ်လျရှည်လျားသော ခြေထောက်များက ဒီတိုင်း ပေါ်နေလေသည်။


ချူယင်းက ဆက်ပြောလိုက်သည်။


"အထဲပြန်ဝင်လေ...အပြင်မှာ အေးတယ်..."


စုယိက နားမထောင်ပဲ ဆက်လျှောက်လာကာ လက်များကို ဆန့်၍ ချူယင်းအား တင်းကျပ်စွာ ဖက်လိုက်သည်။


ခဏမျှကြာပြးနောက် ချူယင်းက အောက်သို့ ငုံ့ကြည့်၍ ဆေးလိပ်အား မီးသတ်ကာ ပြာခွက်ထဲသို့ ပစ်ထည့်လိုက်သည်။ ထို့နောက် လက်တစ်ဖက်ဖြင့် စုယိ၏ ဆံပင်များကို ဖွကာ တစ်ဖက်က စုယိကို လေများတိုက်မည်စိုး၍ ကာထားပေးသကဲ့သို့ စုယိ၏ လည်ပင်းကို သိုင်းဖက်ထားလိုက်သည်။


စုယိသည် ချူယင်း၏ရင်ခွင်ထဲသို့ ပို၍ နစ်မြုပ်အောင်တိုးဝင်၍ မေးလိုက်သည်။


"ရှင် ဘာတွေဖြစ်နေတာလဲ..."


ချူယင်းက ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေသည်။ ထို့နောက် ခဏကြာမှ ချူယင်းဆီမှ အသံထွက်လာသည်။


"မင်း ကိုယ့်ကိုကြောက်လား..."


စုယိက ခဏမျှတိတ်သွားပြီးမှ မေးလိုက်သည်။


"ဘာဖြစ်လို့ ကြောက်ရမှာလဲ..."


ချူယင်းက ပြောလိုက်သည်။


"----ကိုယ် လူတစ်ယောက်ကို ထိုးလိုက်မိတယ်..."


စစ်တပ်ထဲ၌ နှစ်ပေါင်းများစွာနေလာခဲ့‌သောကြောင့် ချူယင်းသည် သူ့ကိုယ်သူထိန်းချုပ်နိုင်ရန် လေ့ကျင့်ထားပြီးဖြစ်သည်။ ယခင်က လူပျောက်ရှာသည့်ကိစ္စများ၌ ချူယင်း ဝင်ကူညီပေးခဲ့စဉ်က ပျောက်သောလူများကို ရှာမတွေ့သည့်သည့်အခါ မိသားစုဝင်များက စိတ်မထိန်းနိုင်ပဲ ချူယင်းအား ထိုးကျိတ်သည့်အခါ ချူယင်းသည် ဘာမှပြန်မလုပ်ပဲ ခေါင်းငုံ့ခံနိုင်ခဲ့သည်။ ချူယင်းအား ပိုက်ဆံနှင့် မိန်းမများကို အသုံးပြု၍ လာဘ်ထိုးရန်ကြိုးစားကြသော လူဆိုးများကိုလည်း ချူယင်းသည် မျက်တောင်တစ်ချက် မခတ်ပဲ ဖမ်းနိုင်ခဲ့သည်။


___________________________________________