Chapter 73
သွေးကစကားပြောတယ်။
သို့သော် ယခု ဤအမျိုးသမီး၏ရှေ့မှောက်တွင်တော့ ချူယင်း၏ ထိန်းချုပ်နိုင်စွမ်းသည် လုံးဝပျောက်ကွယ်ခဲ့ပြီဖြစ်လေသည်။ စုယိ ကားပါကင်၌ နိုင်ငံခြားသား၏ကားပေါ်သို့ တက်သွားသည်ကို မြင်လိုက်စဉ်ကတည်းက ချူယင်းသည် စိတိဂနာမငြိမ်ဖြစ်နေပြီဖြစ်သည်။ စားသောက်ဆိုင်၌လည်း ချူယင်းသည် စုယိတို့၏စားပွဲဘေး၌ ထိုင်ခဲ့သည်။ ထိုနိုင်ငံခြားသားသည် စုယိအား အရိပ်အကဲမလွတ်သည့်စကားများပြောကာ ထိကပါးရိကပါးနှင့် ကြွားဝါနေတော့သည်။
ထိုနိုင်ငံခြားသားက စုယိအား အလွန် အနှောင့်အသွားမလွတ်သည့် "မင်း စမ်းကြည့်ပြီးမှ ဆုံးဖြတ်ပေါ့..." ဟူသည့် စကားပြောလိုက်သည့်အခါမှာတော့ ချူယင်း၏ နှလုံးသားထဲမှ "တည်ငြိမ်ခြင်း" ဟူသော ကြိုးသည် ပြတ်ထွက်သွားတော့သည်။
"ကျွန်မ မကြောက်ပါဘူး..."
ချူယင်း၏ရင်ခွင်ထဲမှ မိန်းကလေးက မဆိုင်းမတွပဲ တည်ငြိမ်သည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။
ချူယင်းက ခေါင်းကို အနည်းငယ်စောင်းလိုက်ကာ လက်များကတော့ မလှုပ်မရှားပဲ စုယိကို ဆက်ဖက်ထားလိုက်သည်။
စုယိ၏အသံက နူးညံ့၍ တိုးတိတ်နေသည်။
"ရှင်က ကျွန်မမျက်လုံးထဲမှာ အညှင်သာဆုံး လူပါပဲ..."
ချူယင်းသည် စုယိအား ပို၍ တင်းကျပ်စွာဖက်လိုက်သည်။ သူ့အသံက မဖော်ပြနိုင်သည့် ခံစားချက်များဖြင့် အလွန် ဩရှနေသည်။
"စုယိ...ကိုယ့်ကို ချစ်ပါ..."
ချူယင်း ထိုသို့ပြောလိမ့်မည်ဟု မထင်ထားသော စုယိသည် အငိုက်မိသွားသည်။
"ဘာဖြစ်တယ်..."
"ကိုယ့်ကို ချစ်ပါ..."
ချူယင်းက ထပ်ပြောလိုက်သည်။
"မင်း နောင်တမရစေရပါဘူး..."
“…”
စုယိသည် ချူယင်း၏ရင်ဘတ်ပေါ်သို့ လက်တင်ကာ ချူယင်းကို မော့ကြည့်လိုက်သည်။
"ရှင် တစ်နေရာရာမှာတော့ မှားနေပြီ..."
ချူယင်းက ဘာမှပြန်မပြောပေ။
စုယိက ဆက်ပြောလိုက်သည်။
"ရှင့်ကို ကျွန်မ မချစ်ရင် ဘာဖြစ်လို့ ရှင့်နောက်ကို လိုက်နေမှာလဲ..."
"--- ကိုယ်က မင်းကို ကယ်ပေးထားလို့လေ..."
လေက ပြင်းထန်စွာ တိုက်ခတ်နေလေသည်။
စုယိက မျက်မှောင်ကျုံ့လိုက်ကာ မျက်လုံးများကလည်း မှေးစင်းသွားကြသည်။
"ဘယ်လို..."
ချူယင်းသည် သူပြောခဲ့သည်ကို ထပ်၍ မပြောချင်သည့်ပုံပေါက်နေသော်လည်း စုယိကတော့ ရှင်းလင်းစွာ ကြားလိုက်ပါသည်။ ယခုတလော ချူယင်း၏ထူးဆန်းသော အပြုအမူများသည် ခုန သူပြောလိုက်သည့်စကားနှင့် ကောင်းစွာ ချိတ်ဆက်သွားလေတော့သည်။
တင်းမြို့၌ ဖြစ်နေသည့်ကိစ္စများအကြောင်း သိသွားသည့်အခါ ချူယင်းသည် မျက်စိမျက်နှာပျက်နေခဲ့၍ စုယိအား အမြန်ဆွဲခေါ်သွားခဲ့သည်။ ယခုမှ စုယိ သေချာစဉ်းစားကြည့်မိသောအခါ ထို့ကြောင့်များ....
"မိသားစုလယ်တောမှာတုန်းက ရှင် အမြန်ကြီးပြန်သွားတာ ကျိုးမင်ကြောင့် မဟုတ်ဘူးမလား..."
စုယိက ပြောလိုက်သည်။
"ကျွန်မ ရှင်နဲ့တူတူရှိပေးနေတာ ရှင်က ကျွန်မကို ကယ်ခဲ့တာမို့လို့ ကျွန်မက အကြွေးပြန်ဆပ်နေတာ သပ်သပ်ကြောင့်လို့ပဲ ရှင်က ထင်နေတာလား..."
ချူယင်းက ဝန်ခံနေသကဲ့သို့ ဘာမှပြန်မပြောပေ။
စုယိသည် ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ချေ။ သူမသည် ချူယင်းကိုဖက်ထားသည်ကို လွှတ်လိုက်၍ လက်များကိုမြှောက်ကာ ချူယင်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။
"ရွှံ့တွေပြိုတဲ့အချိန်တုန်းက တကယ်ပဲ ကျွန်မ ရှင့်ကို ချစ်မိသွားခဲ့တာ..."
ချူယင်း၏မျက်လုံးများက နက်မှောင်သွားတော့သည်။
"ရှင်က လျှပ်စီးလိုပဲ ရှင်နဲ့အတူ မိုးကြိုးကိုယူလာခဲ့တယ်..."
စုယိသည် သူမ၏ ဖြူဖွေးနေသောသွားများပေါ်အောင် ပြုံး၍ ပိုပိုသာသာပြောလိုက်သည်။
"ပြီးတော့ လျှပ်စီးလိုပဲ ကျွန်မရဲ့ဘဝကို လင်းထိန်သွားအောင် လုပ်ပေးခဲ့တယ်...ချောလည်း ချောတယ်...ယောင်္ကျားလည်း ပီသတယ်...ကျွန်မ ရှင့်ကို အရမ်းချစ်မိသွားခဲ့တာ...တစ်ချိန်လုံး ကျွန်မ ရှင့်နာမည်ကိုပဲမေးနေခဲ့တာ ရှင်က ပြန်မဖြေခဲ့ဘူးလေ...အဲ့ဒီကိစ္စတွေပြီးတဲ့နောက်မှာ ကျွန်မ စစ်တပ်ဆီကိုသွားပြီး ရှင့်ကိုရှာခဲ့ပေမယ့် ရှာမတွေ့ခဲ့ဘူး...ဒီလောက်နှစ်တွေအများကြီးကြာမှ ရှင့်ကို ပြန်တွေ့ရလိမ့်မယ်လို့လည်း ကျွန်မ မထင်ထားခဲ့မိဘူး..."
"အခုတစ်ခေါက်မှာတော့ ကျွန်မက ထောင့်လေးမှာနေပြီး ရှင်လာကယ်ဖို့ကိုစောင့်နေတဲ့ ကောင်မလေး မဟုတ်တော့တာ ပိုမကောင်းဘူးလား...ကျွန်မမှာ ကိုယ်ပိုင်အလုပ်လည်းရှိနေပြီ...ပြီးတော့ ပိုလည်း လှနေပြီလေ..."
စုယိ မျက်တောင်များခတ်လိုက်ပုံက အလွန်လှပနေလေသည်။
"နောက်ဆုံးတော့ ကျွန်မက ရှင်နဲ့ထိုက်တန်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်နေပြီလေ..."
စုယိ၏ ညင်သာ၍ နူးညံ့သောအသံလေးကို နားထောင်ရင်း ချူယင်း၏မျက်လုံးများသည် တဖြည်းဖြည်းတောက်ပလာလေသည်။ ချူယင်း၏နှလုံးသားထဲ၌ ငလျင်လှုပ်နေသကဲ့သို့ ဖြစ်နေကာ ချူယင်းက တစ်စုံတစ်ခုပြောမည်အလုပ်မှာပဲ သူ့ရင်ခွင်ထဲမှ စုယိက ခြေဖျားထောက်ကာ ချူယင်း၏လည်ပင်းကို ပိုတင်းကျပ်စွာ သိုင်းဖက်၍ ချူယင်း၏ နှုတ်ခမ်းများကို လျင်မြန်စွာ နမ်းလိုက်သည်။
ထို့နောက် စုယိသည် သူ့စကားများကို ဆွဲကာ တစ်လုံးချင်းပြောလိုက်သည်။
"အဲ့ဒါကြောင့် ရှင့်အပေါ် ကျွန်မရဲ့အချစ်တွေက ကျေးဇူးတရားကနေ ပေါက်ဖွားလာတာမဟုတ်ဘူး...တကယ်တော့ ရှင် ကျွန်မကို ကယ်ခဲ့တာကလည်း တိုက်ဆိုင်မှုတစ်ခုပဲရှိတာပါ...တင်းမြို့မှာဖြစ်ခဲ့တဲ့ မတော်တဆမှုနဲ့ မကြုံတွေ့ခဲ့ရင်တောင်မှ ကျွန်မ အသက်ရှင်နေသရွေ့ ရှင်နဲ့ တွေ့ခွင့်ရနေသရွေ့တော့ ကျွန်မက ရှင့်ကို မြင်မြင်ချင်းချစ်မိသွားဖို့ဆိုတာ ရှောင်လွှဲလို့မရတဲ့ ကံတရားတစ်ခုပါပဲ..."
တစ်စုံတစ်ယောက်အား စနောက်မိပါက ကျိန်းသေပေါက်ပြန်လည်ပေးဆပ်ရတတ်သည်ကို စုယိတစ်ယောက် နှဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရပြီး ယခု၌သူမသည် ထိုအကြောင်းအား လေးလေးနက်နက်ပင် နားလည်သွားခဲ့ပြီဖြစ်လေ၏။
နောက်တစ်နေ့မနက်တွင် စုယိမှာ အိပ်နေရာမှ နိုးထလာခဲ့ပြီး လူးလွန့်နေရင်းဖြင့် သူမ၏ပေါင်အတွင်းပိုင်းများကနာကျင်လာသည်။ ယနေ့၌ထူးထူးခြားခြားပင် ထိုအမျိုးသားက သူမ၏နံဘေးတွင် အိပ်ပျော်နေဆဲဖြစ်ပြီး ဤသို့သောအချိန်အခါမျိုးက ကြုံတောင့်ကြုံခဲလှသည်။
စုယိက ငုတ်တုတ်ထထိုင်ကာ ချူယင်း၏နှုတ်ခမ်းသားများကို အသာအယာထိတွေ့လိုက်ပြီးနောက် တစ်ဖက်လူနိုးမသွားစေရန် ဂရုစိုက်၍ အိပ်ရာထဲမှ ထွက်သွားလိုက်၏။
ရေချိုးပြီးနောက်တွင်မူ စုယိက မီးဖိုချောင်ထဲသို့ဝင်သွားခဲ့သည်။သူမက ကော်ဖီစေ့များကိုယူကာ သင့်တော်မည့်ပမာဏအားချိန်ဆနေခဲ့ပြီး လက်တစ်ဖက်က ဖုန်းကိုင်လျက် ဝူရွှယ့်ထံသို့ မက်ဆေ့ခ်ျပေးပို့ခဲ့လေ၏။
[ နတ်ဘုရားမ စုယိ : ဒီမနက် မလာခဲ့နဲ့ ]
[ ဝူရွှယ် : အေး အေး...ငါလည်း ကိစ္စလေးရှိနေတာနဲ့အတော်ပဲ...ဒါနဲ့ ဒါရိုက်တာချူ မနေ့က စိတ်ဆိုးသေးလား ]
[ နတ်ဘုရားမ စုယိ : ဟင့်အင်း ]
[ ဝူရွှယ် : ပြီးတာပဲ... Pasion နဲ့ စာချုပ်က ဒီအထိပဲဖြစ်သွားနိုင်တယ် ]
[ နတ်ဘုရားမ စုယိ : အဆင်ပြေသွားတာပေါ့... ငါလည်း ဆက်မလုပ်ချင်ဘူး ... တခြား ကြော်ငြာတဲ့သူရှာနေတဲ့တံဆိပ်တွေ ရှိမရှိ ကူကြည့်ပေးဦး ]
မနေ့ညက ချူယင်းအား သူမပြောခဲ့သည်များက ယောင်ဝါးဝါးပင်။
မည်မျှပင် နာမည်ကြီးနေပါစေ သူမသည် အမျိုးသမီးဇာတ်ရံသရုပ်ဆောင်တစ်ဦးသာဖြစ်ပြီး ကောင်းမွန်သောစာချုပ်မျိုးကို ရှာတွေ့ရန်မလွယ်ကူချေ။
[ ဝူရွှယ် : ရတယ် ရတယ်... စိုးရိမ်မနေနဲ့ ... ဘယ်လိုလုပ်ရမလဲငါသိတယ် ]
****
ချူယင်း နိုးလာသည့်အခါ တစ်အိမ်လုံး၌ အစားအသောက်ရနံ့များဖြင့် ပြည့်နှက်နေသည်။
သူက ကြီးမားကျယ်ပြန့်သောလက်များဖြင့် ကုတင်ဘေးဘက်ကို စမ်းကြည့်လိုက်သည့်အခါ ထင်ထားသည့်အတိုင်းပင် လေဟာနယ်ကိုသာ ထိတွေ့မိလေ၏။
ချူယင်း ငုတ်တုတ်ထထိုင်လိုက်သောအခါ သူရှာနေခဲ့သူက ဆိုဖာပေါ်တွင်ထိုင်ပြီး ဖုန်းကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူနိုးလာသည်ကိုမြင်သွားသော စုယိက ပြုံးစိစိဖြင့်ပြောလာ၏။
" မနိုးသေးရင် အပြင်းစားလေသံတွေနဲ့ ညဉ်းပြပြီး နှိုးမလို့ကြံစည်နေတာ "
ထိုအခါချူယင်းက စုယိရှိရာ လျှောက်လှမ်းသွားပြီး သူမ၏မေးဖျားကို လက်ချောင်းထိပ်ဖြင့်ထိတွေ့ရင်း ခပ်တိုးတိုးပြောလိုက်သည်။
" စကားကို ပေါ့ပေါ့လေးမပြောနဲ့ "
“သွား...သွားတိုက်တော့ ....မနက်စာတွေအေးကုန်ပြီ...ဒီနေ့အလုပ်မသွားဘူးလား " စုယိက မျက်နှာလွှဲရင်း စကားလမ်းကြောင်းပြောင်းလိုက်၏။
" ကျန်တဲ့ရက်တွေက ဘယ်ရောက်ကုန်မှာမလို့လဲ...ဒီနေ့က နားရက်လေ "
ချူယင်းက သူကျေနပ်သည့်အထိ စုယိအား ထိတွေ့ပြီးသောအခါမှ ပြောပြောဆိုဆိုနှင့် ရေချိုးခန်းထဲဝင်သွားလေသည်။
****
မနက်စာစားနေချိန်တွင် စုယ်၏နှုတ်ခမ်းစွန်းများက ကော့ချိုးနေခဲ့သည်။
"ဘာရယ်စရာရှိလို့လဲ"
စုယိက ချူယင်းမေးသည်ကိုပြန်မဖြေဘဲ ခေါင်းငုံ့ကာ ဆက်စားနေ၏။မနေ့ည၌ ဤလူမှာမည်မျှလောက်အထိ သနားစရာကောင်းခဲ့ကြောင်းကို စုယိထုတ်မပြောရဲပေ။
လမ်းဘေး၌အထားခံခဲ့ရသည့်အမွေးပွခွေးကြီးတစ်ကောင်ကဲ့သို့ရပ်နေခဲ့ပြီး သူမကိုအိမ်ပြန်ခေါ်သွားရန်စောင့်မျှော်နေခဲ့သောပုံစံမှာ သေလောက်အောင် ချစ်ဖို့ကောင်းလွန်းသည်။
ထမင်းစားပြီးနောက်တွင် နှစ်ယောက်သား ဆိုဖာပေါ်၌ ထိုင်၍ ရုပ်ရှင်အတူကြည့်ကြ၏။သူတို့၏ဖုန်းများကို အတူတူယှဉ်ချထားပြီး နှစ်ခုလုံးမှာ ထပ်တူညီသော မော်ဒယ်အမျိုးအစားများပင်ဖြစ်သည်။
ဘေးဘက်တစ်နေရာတွင် ရိုက်ကူးရေးမလုပ်မီ၌ ဈေးဆိုင်ငယ်ကလေးတစ်ခုမှ စုယိဝယ်လာခဲ့သော couple ခွက်တစ်စုံရှိ၏။ခွက်များကို ဆိုင်ပိုင်ရှင်အမျိုးသမီးကိုယ်တိုင်ဖန်တီးပြုလုပ်ထားပြီး သူမ၏ခင်ပွန်းသည်မှာ စစ်သားတစ်ဦးဖြစ်လေသည်။ထို့ကြောင့် စုယိဝယ်ခဲ့သောအစုံလိုက်ထဲမှ ခွက်တစ်ခွက်တွင် စစ်သားရုပ်ကလေးပါဝင်ပြီး ကျန်တစ်ခွက်တွင်မူ မင်းသမီးပုံလေးကို ခြယ်သရေးဆွဲထား၏။စုယိအတွက် သဘောကျရုံမှလွဲ၍မတတ်နိုင်သောပစ္စည်းတစ်ခုပင်။
အပြင်၌ မိုးတဖွဲဖွဲကျနေပြီး ရာသီဥတုအခြေအနေအရ အိမ်တွင်သာနေရန် အသင့်တော်ဆုံးဖြစ်သည်။
ပေကျင်း၌ လွန်ခဲ့သောရက်အနည်းငယ်မှစ၍ အအေးပိုလာသဖြင့် စုယိမှာ ရှည်လျားသော ညဝတ်အင်္ကျီကို ဝတ်ဆင်ထားပြီး ချူယင်း၏ပေါင်ကိုခေါင်းအုံးလျက် တစ်ဖက်သို့စောင်း၍ တီဗွီကြည့်နေခဲ့၏။
သူမတို့ကြည့်နေကြသောရုပ်ရှင်၏အမည်မှာ 'Let The Bullets Fly' ဖြစ်ပြီး ၎င်းထွက်ရှိသည်မှာ နှစ်အတော်ကြာခဲ့ပြီဖြစ်သော်လည်း ယနေ့တိုင်ဂန္တဝင်ဆန်နေဆဲဖြစ်သည်။
နှစ်ဦးသားရုပ်ရှင်ထဲသို့ဈာန်ဝင်နေချိန်တွင် ဖုန်းသံမြည်လာခဲ့၏။ခေါ်ဆိုသူကိုတစ်ချက်စစ်ကြည့်ပြီးနောက် စုယိမှာ အလွန်ပင်အံ့ဩသွားတော့သည်။တစ်ဖက်မှဖုန်းခေါ်ဆိုသူမှာ အခြားသူမဟုတ်ဘဲ ချူရှီးပင်။
ဖုန်းအား နား နားကပ်ပြောရန်အဆင်မပြေသဖြင့် စုယိက စပီကာဖွင့်ပြီး ခေါ်ဆိုမှုကို ဖြေကြားလိုက်သည်။
" ပြော.... "
" ယောင်းမလေး...အားလား "
ချူရှီးဘက်မှ အသံဗလံတစ်ချို့ကြားနေရ၏။
" ဘာလို့လဲ "
" ရဲစခန်းကို တိတ်တိတ်လေး လာပေးနိုင်မလား...အစ်ကိုမသိစေနဲ့ " ချူရှီးက အသံကိုတတ်နိုင်သမျှလျှော့ပြီးပြောသည်။
ထိုအခါ ချူယင်းက စုယိလက်ထဲမှဖုန်းကို လှမ်းယူပြီး အေးစက်စွာမေးလိုက်တော့၏။
" ဘယ်စခန်းလဲ "
*****
စုယိက ရဲစခန်းထဲသို့ ကမန်းကတမ်းပြေးဝင်လာသည်။ထိုအခါ တစ်နေရာတွင် ဒူးထောင်ပြီးငုတ်တုတ်ထိုင်နေကာမျက်နှာကိုဖွက်ထားလျက်ရှိသောချူရှီးအား တွေ့လိုက်ရ၏။စုယိက maskကိုဆွဲချပြီး ချူရှီး၏ခေါင်းကိုပွတ်သပ်လျက် ခပ်တိုးတိုးမေးလိုက်သည်။
“ဘာဖြစ်တာလဲ”
ထိုအခါ ချူရှီးမှာ ခေါင်းထောင်လာခဲ့ပြီး သူမ၏မျက်နှာတွင် တုန်လှုပ်ခြောက်ခြားနေသော ၊ အမှားအယွင်းလုပ်မိသော အငွေ့အသက်မျိုးတစ်ခုမှ ရှိမနေပေ။
“အစ်ကို ဘယ်မှာလဲ”
“ဘယ်လိုဖြစ်တာလဲဆိုတာကို သိဖို့ သွားမေးတယ် ”
ချူရှီးဘက်မှ မည်သည်ကိုမှမရှင်းပြရသေးမီမှာပင် စုယိ ရင်းနှီးနေသော လေသံတစ်သံက ထွက်ပေါ်လာသည်။
" ရောက်နေတာ ဘယ်သူလဲ... သူ့ဆွေမျိုးတွေက ဘယ်သူဖြစ်ဖြစ် ငါဂရုမစိုက်ဘူး ... လူကို ရိုက်တာကိုက မဟုတ်သေးတာ... နင်အသာနေစမ်း... နင့်အမှားမဟုတ်ဘူး "
စုယိလှည့်ကြည့်လိုက်သည့်အခါ မနီးမဝေးတွင်ရှိနေသောလင်းရှကို တွေ့လိုက်ရ၏။
___________________________________________