အပိုင်း ၇၄
Viewers 12k

Chapter 74


လင်းရှသည် အရောင်တောက်တောက် ၀တ်စုံကို ၀တ်ဆင်ထားပြီး ပြောင်ပြောင်တင်းတင်းမျက်နှာထားဖြင့် ဘေးမှကောင်လေး၏လက်ကိုဆွဲထားသည်။


ထိုကောင်လေးသည် ချူရှီးနှင့် အသက်အရွယ်မတိမ်းမယိမ်းဖြစ်ပုံရပြီး သူက အလယ်ဆံပင်ကို နောက်သို့အပြောင်သိမ်းထားကာ ဘေးနှစ်ဖက်မှဆံသားများကိုမူ အပြောင်ရိတ်ထား၏။


လင်းရှက စုယိကိုမြင်လိုက်သောအခါ အံ့ဩသွားသည်။သို့သော်လည်း မကြာမီ၌ပင် သူမက မျက်ခုံးပင့်ကာ အချိုးမပြေသောလေသံဖြင့် စုယိအား စစ်မေးသလိုလို ပြုမူလာတော့၏။


 " ရှောင်ယိ နင်က ဒီကိုဘာကိစ္စရောက်လာတာလဲ... သူက နင့်ညီမ လား "


ထိုအခါ ကောင်လေးက လင်းရှအား ခပ်တိုးတိုးပြောလာသည်။


 " ရှကျဲ...စုယိ့ဘေးမှာရှိတဲ့တစ်ယောက်က ကျွန်တော့်ရည်းစားဟောင်း "


စုယိသည်လည်း အခြေအနေအားထိုးထွင်းနားလည်သွားခဲ့ပြီး သူမက ချူရှီးအား မေးလိုက်၏။


" နင်ရဲစခန်းရောက်တာက သူနဲ့ဆိုင်နေတာလား "


" သူက ငါ့မောင်လေးကိုရိုက်တယ်လေ...မျက်လုံးထောင့်ကိုကြည့်ပါဦး ... ဘယ်လောက်ထိပြင်းလိုက်သလဲ ... စုယိ... နင်လည်းငါ့အလုပ်အကြောင်းသိတယ်... မင်ယန်က လူသစ်လေးဟဲ့... ငါတို့ကုမ္ပဏီကသူ့ကိုစင်တင်ပေးတော့မှာ ... ဒီရက်ပိုင်းအတွင်း သူ့မှာ ရိုက်ကူးစရာတွေရှိ‌တယ် ... အချိန်က အရမ်းကပ်နေပြီကို ဒီလိုမျိုးအရိုက်ခံလိုက်ရတယ်... ငါတို့ဒီကိစ္စကို ဘယ်လိုရှင်းသင့်တယ်ထင်လဲ "


လင်းရှက ထိုကောင်လေး၏မျက်နှာမှ ဒဏ်ရာကိုညွှန်ပြကာ ‌အော်ကြီးဟစ်ကျယ်လုပ်၍ပုံကြီးချဲ့နေလေသည်။


လင်းရှမှာ စိတ်ရှုပ်နေ၏။သူမ သိခဲ့သည်မှာ စုယိထံတွင် ဂုတ်သွေးစုပ်နေသောအစ်မတစ်ယောက်ရှိကြောင်းကိုပင်။မဟုတ်မှလွဲ၍ ဤတစ်ယောက်က ဝမ်းကွဲ‌ညီ‌မလော။


သူမသည် မကြာသေးမီက အဆင်‌ပြေနေသောစုယိကို မလိုမုန်းထားဖြစ်နေခဲ့ပြီး ဤအချိန်၌ စုယိ၏ရှုပ်ထွေးသည့်ဘက်ခြမ်းအား မြင်လိုက်ရသဖြင့် စိတ်ထဲ၌ မဖော်ပြနိုင်လောက်အောင်ပင် ကြိတ်၍ပျော်နေ‌သည်။


လင်းရှ၏စကားအားကြားပြီး သမ်းမင်ယန့်ခမျာထိတ်လန့်သွားတော့သည်။ကုမ္ပဏီက သူ့အား ခြောက်ပစ်ကဲသဲလဲစင် ဖြစ်စေချင်နေပါသလော။


စုယိသည်လည်း သမ်းမင်ယန် အမူအရာပျက်သွားသည်ကို သတိထားမိလေ၏။သူမက ပြုံးလျက် အေးအေးလူလူပင် ပြန်ပြောသည်။


" ကျွန်မနဲ့ဘာမှမဆိုင်ဘူးလေ .... ရဲတွေကပဲ ဆုံးဖြတ်ပေးလိမ့်မယ် "


" နောက်ဆုံးတစ်ကြိမ်တွေ့တုန်းက နင့်ညီမလေးက အရမ်းဒေါသကြီးတယ်ဆိုတာကို ပြောပြချင်ခဲ့တာ....နင်က သူ့ကိုဆုံးမဖို့အလုပ်များလွန်းနေလို့လား... ဒီလိုဆို အဆင်မပြေန်ိုင်ဘူးနော် မိန်းကလေး "


“ဒီကိစ္စကို ဘယ်လိုဖြေရှင်းရမလဲပဲ ဆုတောင်းပါ”


လင်းရှ၏စကားဆုံးဆုံးချင်းတွင် အနောက်မှနေ၍ အေးစက်သောခပ်ရှရှလေသံတစ်သံထွက်ပေါ်လာသည်။


ချူယင်းသည် ရဲအရှိတစ်ဦး၏အနောက်မှလိုက်လာခဲ့ပြီး အချိန်အနည်းငယ်မျှကြာသည်အထိ သူ့အားမည်သူကမှလှည့်မကြည့်ခဲ့ပေ။


ထို့နောက်တွင် ခေတ္တကြာသောအခါမှ လင်းရှက ချူယင်းရှိရာဘက်သို့ မျက်နှာမူလာခဲ့သည်။


 "ဒါရိုက်တာချူ...."


သို့သော်လည်း ချူယင်းက သူမကိုဂရုမစိုက်ဘဲ သမ်းမင်ယန်ကိုသာစေ့စေ့ကြည့်ပြီး ဆက်မေး၏။


" ဘယ်လိုရှင်းချင်လဲ...တိုးတိုးတိတ်တိတ်ပြီးလိုက်မလား... ဥပဒေအရရှင်းမလား "


သမ်းမင်ယန်သည် စုယိထက် အရပ်အနည်းငယ်သာပိုမြင့်သောကြောင့် မျက်စိရှေ့မှချူယင်းအား မော့ကြည့်နေရပြီး သူက ကူရာကယ်ရာမဲ့စွာဖြင့်လင်းရှအား တစ်ချက်လှည့်ကြည့်လိုက်သည်။


ချူရှီးထလာပြီး ချူယင်းအား " အစ်ကို " ဟုမခေါ်ချိန်အထိ လင်းရှမှာ အခြေအနေကို လိုက်မမီနိုင်ခဲ့ချေ။


ရုတ်တရက် လင်းရှ၏မျက်နှာထားက ပြောင်းလဲသွားသည်။သူမသည် အခြေအနေအား သဘောပေါက်သွားပြီးထိုမိန်းကလေး၏နာမည်မှာ " ချူရှီး " ဖြစ်ကြောင်းကို ယခုမှသတိပြုမိသည်။" ချူ " ဆိုသည်မှာ အလွန်ရှားပါးသော မျိုးရိုးအမည်ဖြစ်၏။သူမသည်အဘယ်ကြောင့် ဤမျှလောက်အထိ ဒုံးဝေးခဲ့ရပါသနည်း။


သို့သော်လည်း စုယိတို့၏ဆက်ဆံရေးမှာ ယခုလောက်အထိနီးစပ်နေမည်ဟု လင်းရှ ထင်မထားချေ။နှစ်ဖက်မိသားစုများနှင့် သိကျွမ်းသည့်အခြေအနေအထိ ရောက်နေပြီ မဟုတ်ပါလော။


ချူယင်းသည် ကိစ္စများအား မည်မျှလောက်အထိသိထားမှန်း လင်းရှမတွေးနိုင်ပေ။လင်းရှမှာ သူမကိုယ်သူမ စိတ်ထဲမှကြိမ်းမောင်းလိုက်ပြီး အလှပဆုံးပြုံးကာ ပြေရာပြေကြောင်းကို ညှိနှိုင်းလာတော့သည်။


 " တိုးတိုးတိတ်တိတ်ပဲ အဆုံးသတ်လိုက်ကြတာပေါ့...ယောကျာ်းလေးတွေဆိုတာက အရေထူတယ်လေ...နည်းနည်းလောက်အရိုက်ခံရလည်း ကိစ္စမရှိပါဘူး "


****


စုယိ ကားထဲရောက်သွားချိန်၌ အရှေ့ဘက်ရှိ မလှမ်းမကမ်းနေရာတစ်ခုတွင် သမ်းမင်ယန်သည် သနားစရာကောင်းသောမျက်နှာထားဖြင့် လင်းရှရှိရာ ကားထဲသို့ မဝင်ချင်ဝင်ချင်ဖြင့် ဝင်သွားရသည်ကို တွေ့လိုက်ရ၏။


 " ချူရှီး...နင်က အရမ်းအမြင်ရှိတာပဲ "


"မပြောနဲ့နော် သေလောက်အောင်နောင်တရတယ်"


ထိုအချိန်တွင် ချူယင်းက ကားစက်နှိုးလိုက်သော်လည်း လီဗာကို မနင်းသေးပေ။


 " ဘယ်လိုဖြစ်တာလဲ "


" ကော... အဲ့ဒါညီမလေးရဲ့ ရည်းစားဟောင်း "


ဆက်လက်၍ဖုံးကွယ်နိုင်မည်မဟုတ်တော့ကြောင်းကို ချူရှီးနားလည်သည်။


" လိုရင်းကိုပဲပြော" ချူယင်းက မျက်လုံးထောင့်ကပ်၍ဆို၏။


 “ အဲ့အကောင်က ‌ခြံခုန်သွားတယ်လေ... နောက်တစ်ယောက်က စောစောက မိန်းမကြီးပဲ...သူပွဲဦးထွက်တော့မှာမလို့ နောက်ကြောင်းရှင်းအောင် ညီမက‌ ဖောက်ပြန်ပါတယ်ဆိုပြီးတော့ သတင်းတွေလွှင့်နေတာ...ပိုက်ဆံတွေတောင် တစ်ချိန်လုံးသုံးနေသေးတယ်... အဲ့ဒါနဲ့ အရမ်းဒေါသထွက်လာတာနဲ့ ... "


ဤမောင်နှမများကြား၌ သွေးသားက စကားပြောသည်။လူရိုက်သည်အထိဖြစ်သွားသော်ငြား ကြိုတင်တိုင်ပင်ထားသကဲ့သို့ပင် အတိုင်အဖောက်ညီနေကြလေ၏။


 "မင်းက သူ့ပိုက်ဆံတွေကို သုံးနေတာလား"


 "အဲ့လိုဖြစ်စရာလား... သူ့ဖြုတ်စိလောက်ပိုက်ဆံကို စိတ်ကိုမဝင်စားတာ .... ကော သူ့ကိုရိုက်တာက မှားမှန်းသိတယ်... နောက်တစ်ခါမလုပ်တော့ဘူး... အဖေနဲ့အမေ့ကို မပြောပါနဲ့ "


မဟုတ်ပါက သူမသည် အချိန်အတော်ကြာ မည်သည့်နေရာကိုမှမသွားရန်ပိတ်ပင်ခံရပြီး နောက်ဆုံးအကြိမ်ကကဲ့သို့ အကျယ်ချုပ်ကျသည်အထိ ဖြစ်သွားနိုင်၏။


ချူယင်းက ချက်ချင်းငြင်းပယ်ချင်သော်လည်း နံဘေးမှ အမျိုးသမီးနှင့်အကြည့်ချင်းဆုံသွားသည့်အခါတွင်မူ သူကမျက်ခုံးပင့်ပြီး ခေါင်းညိတ်မိလျက်သားဖြစ်သွားတော့သည်။


" နောက်ထပ်မဖြစ်စေရဘူးမလား ... " ချူယင်းက ချောင်းဟန့်လျက်ဆိုသည်။


ချူရှီးမှာ ဤကဲ့သို့လွယ်လွယ်ကူကူဖြတ်ကျော်နိုင်မည်ဟုမထင်မှတ်ထားခဲ့ဘဲ ရင်ဘတ်ထဲမှအလုံးကြီးကျသွားခဲ့၏။


သူမက ချက်ချင်းပင် " မဖြစ်စေရဘူး " ဟု ကမန်းကတမ်းပြန်ဖြေလိုက်တော့သည်။


ထို့နောက်တွင် ချူယင်းက ကားကိုမောင်းထွက်သွားလိုက်ပြီး ကားနောက်ခန်းထဲမှချူရှီးအား လှမ်းပြောသည်။


" အိမ်ပြန်ပို့ပေးမယ် "


" ဟုတ် "


" ဒါဆိုကျွန်မအရင်ဆင်းခဲ့လိုက်မယ်... သူ့ကိုလိုက်ပို့ပေးလိုက် " စုယိက ဝင်ပြော၏။


" အလုပ်ရှိလို့လား "


 “မဟုတ်ဘူး ... အဆင်မပြေမှာကြောက်လို့ပါ"


စုယိမှာ အနည်းငယ်တွန့်ဆုတ်နေပုံရပြီး ထိုအရာကိုချူယင်းကလည်း သတိပြုမိသည်။


မီးပွိုင့်မိချိန်တွင် ချူယင်းက စုယိ၏လက်များကို အုပ်မိုးဆုပ်ကိုင်လိုက်ပြီး ခပ်တိုးတိုးမေးလာလေ၏။


" ဘာအဆင်မပြေလို့လဲ "


စုယိမှာ မျက်နှာများနီရဲနေရုံသာမက သိသိသာသာပင် ရင်တဒိတ်ဒိတ်ဖြစ်နေခဲ့သည်။သူမသည် ချူယင်း၏မိဘများနှင့်တွေ့ရန် စိတ်အဆင်သင့်မဖြစ်သေးရုံသာမက သူမ လက်ရှိဝတ်စားထားသည့်ပုံစံကိုလည်း အားရကျေနပ်ခြင်းမရှိပေ။အလျင်လိုစွာ အိမ်မှထွက်လာရသဖြင့် ပေါ့ပေါ့ပါးပါးအဝတ်အစားများကိုသာ ဝတ်ဆင်လာမိခဲ့သည်။


ချူရှီးမှာ အနည်းဆုံးတော့ လူကဲခတ်တတ်သေး၏။သူမက ကားနောက်ခန်းမှနေ၍ ‌ရှေ့ထိုင်ခုံနှစ်ခုကြားသို့ လက်ထောက်လိုက်ပြီး ပြုံးပြုံးလေးပြောလာသည်။


" ကိစ္စမရှိဘူး... ယောင်းမလေးအိမ်ကို အရင်ဝင်ပြီးမှ သွားမယ်လေ "


စုယိက စိတ်အေးသွားခဲ့သော်လည်း ရင်ပူဖွယ်ရာ ပြဿနာတစ်ရပ်က သူမအားစောင့်မျှော်နေပြီဖြစ်သည်။


ထိုအရာမှာ " မိဘများနှင့် တွေ့ဆုံခြင်း " ပင်။


အမှန်အတိုင်းပြောရလျှင် စုယိသည် သူမကိုယ်သူမ လူကြီးသူမများ ‌သဘောကျကြသည့်ပုံစံဟုမထင်ပေ။


သူမနှင့်တွေ့ခဲ့ဖူးသည့်လူများထံမှ ပြန်ကြားရသည်များမှာ " နင့်ကိုပေါင်းသင်းဆက်ဆံရခက်မယ်ထင်နေတာ... ဒီလောက် သဘောကောင်းမယ်လို့ထင်မထားဘူး " ဟူသောအဓိပ္ပါယ်ပါဝင်သည့်စကားများပင်။


ချီးကျူးစကားများဖြစ်လင့်ကစား ထိုအရာက လူအများ၏သူမအပေါ်အမြင်ကို တစ်နည်းနည်းဖြင့် ထင်ဟပ်နေစေလေသည်။ထိုမျှသာမက စုယိမှာ ဗီလိန်ဇာတ်ရုပ်များတွင် သရုပ်ဆောင်နေရဆဲဖြစ်သောကြောင့် ကြည့်ရှုသူပရိသတ်များက သူမအား အနည်းနှင့်အများတော့ မျက်မုန်းကျိုးကြလေ့ရှိသည်။


အိမ်သို့ပြန်ရောက်ချိန်တွင် ချူယင်းက လသာဆောင်ဘက်သို့ထွက်၍ ဖုန်းပြောနေခဲ့၏။ထိုအချိန်တွင် စုယိက ချူရှီးကို အတင်းအကြပ်ဆွဲခေါ်လာကာ သိလိုသည်များကို မေးမြန်းတော့သည်။


" ငါ့ကိုမြန်မြန်ပြော... နင်တို့မိဘတွေက တီဗွီကြည့်ကြလား "


" အဖေက မကြည့်ဘူး " ချူရှီးက ကော်ဖီတစ်ငုံသောက်လိုက်ရင်း အေးအေးဆေးဆေးပြောနေ၏။


စုယိ၏ရင်ထဲမှအပူမီးတစ်ဝက်ခန့်ငြိမ်းသွားသော်လည်း ချူရှီးဆက်ပြောလာသည့်စကားက ထပ်မံ၍ဓာတ်ဆီလောင်းထည့်လိုက်သလိုပင်။


" ဒါပေမဲ့ အမေကြည့်တယ် ... နင်သရုပ်ဆောင်တဲ့ဇာတ်ကားတွေ အကုန်ကြည့်ဖူးတယ် အမေက "


" ....... "


ချူရှီး၏စကားကြောင့် စုယိမှာတစ်ချက်တည်းပွဲသိမ်းသွားပြီး အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့လေ၏။


သို့သော်‌လည်း ချူရှီးမှာ ကြေကွဲလူငယ်လေးစုယိ၏အခြေအနေအား လားလားမှသတိမထားမိရှာဘဲ ဖုန်းကိုသာထုတ်ကြည့်နေသည်။


" ကြည့်ပါဦး... မျိုးမစစ်ကောင် သမ်းမင်ယန်က မက်ဆေ့ခ်ျပို့ထားတယ် "


စုယိက သက်ပြင်းတစ်ချက်ချပြီး ချူရှီးထောင်ပြလာသော ဖုန်းမျက်နှာပြင်ကို လှမ်းကြည့်လိုက်၏။


ထိုမက်ဆေ့ခ်ျမှာ လွန်ခဲ့သောနှစ်ရက်မှ ပို့ထားခြင်းဖြစ်သည်။


[ ရှောင်ရှီး ... ငါမကြာခင် ပွဲဦးထွက်ရတော့မှာ ...အခုခေတ်မှာ မင်းသားတစ်လက်ဖြစ်ဖို့က မလွယ်ဘူးဆိုတာကို မင်းလည်းသိပါတယ်...နောက်ကြောင်းမရှင်းရင် နာမည်ကြီးလာတဲ့အခါ ပြဿနာတက်နိုင်တယ်... ဒီလိုလုပ်ပါလား .... မင်းဘက်ကလမ်းခွဲချင်ခဲ့တာလို့ တခြားသူတွေကို ပြောပေးနိုင်မလား....ငါ့အမှားမှန်းသိပါတယ်.... မင်း တက္ကသိုလ်ဆက်တက်နိုင်အောင် ပိုက်ဆံပေးမယ်လေ... လျော်ကြေးလို့သဘောထားလိုက်ပေါ့ ]


စုယိက နောက်ဆုံးစာကြောင်းကိုထောက်ပြကာ ချူရှီးအားမေးလိုက်၏။


" ဒါက ဘာကိုဆိုလိုတာလဲ "


" ငါက အရမ်းဆင်းရဲတယ်... ဆင်းရဲလွန်းလို့ အိမ်မှာကျန်တဲ့နောက်ဆုံးနွားကို ရောင်းပြီး တက္ကသိုလ်ဆက်တက်ဖို့ ပိုက်ဆံရှာခဲ့ရတာလို့ ပြောပြထားတာ”


ယနေ့ခေတ်လူငယ်များမှာ အပျော်အပါးကို ကြံဖန်၍ရှာတတ်ကြပါပေသည်။


ချူရှီးက ရုတ်တရက်တစ်စုံတစ်ရာကို အတွေးပေါက်သွားပြီး စိတ်လှုပ်ရှားစွာဖြင့်ဆက်ပြောလာ၏။


" ဒီစာကို ဖွလိုက်ရင် သမ်းမင်ယန် ဒုက္ခရောက်မှာလား "


 " အတွေးတိမ်ချက်ပဲ...လင်းရှလိုအေးဂျင့်က သူ့ကလေးလေးတွေအတွက် ဖြူဖြူစင်စင် imageမျိုးရဖို့ ဘာမဆိုလုပ်မှာပဲ ... လင်းရှသာ သမ်းမင်ယန်ကို တကယ်တမ်း ကာကွယ်ချင်ရင် သမ်းမင်ယန်ကို အထိအခိုက်မခံရုံတင်မကဘူး... နင့်အလွန်ဖြစ်အောင်လို့ ညစ်ပတ်တဲ့နည်းတွေနဲ့ ခြွင်းချက်မရှိ လုပ်ယူမှာ "


မျက်နှာလေးဇီးရွက်လောက်သာကျန်တော့သည့်ချူရှီးအား စုယိက တစ်ချက်ကြည့်ပြီး ဖြည်းညင်းစွာပြောလိုက်သည်။


" ဒါပေမဲ့ ဒါမျိုးအဖြစ်ခံတော့လို့မရဘူး "


ဖျော်ဖြေရေးနယ်ပယ်တွင် နှစ်စဉ်နှစ်တိုင်း မရေမတွက်နိုင်သော ရုပ်ရှင်များနှင့် တီဗီဇာတ်ကားများစွာထွက်ရှိပြီး ဇာတ်ကားတိုင်းတွင် မကောင်းသော ဇာတ်ရုပ်တစ်ခုထက် ပို၍ပါဝင်လေ့ရှိသည်။


ဆိုးသွမ်းသောစရိုက်ကို ပုံဖော်ရာတွင် အထူးကျွမ်းကျင်သည့် သရုပ်ဆောင်များက မရှားလှပေ။


သို့သော်လည်း မည်သူမှတော့ စုယိလောက် သနားစရာ‌မကောင်းချေ။စုယိမှာ သူမ၏ပထမဆုံးဇာတ်ကားထုတ်လွှင့်ချိန်မှစ၍ လူထုကြားတွင် အမြဲလိုလိုကဲ့ရဲ့ရှုတ်ချခံခဲ့ရပြီး မကြာခဏဆိုသလိုပင် သူမနှင့်ပတ်သတ်‌သောသို့လောသို့လော သတင်းများကလည်း ထွက်လာတတ်သေးသည်။များပြားလှသောကောလဟာလများကို တစ်ခုချင်းစီ စီစစ်၍ တရားလိုက်မစွဲနိုင်သ‌ကဲ့သို့ ပျောက်ပျက်သွားအောင်လည်း အစဖျောက်၍မရချေ။


သို့သော်လည်း ဝူရွှယ်မှာ ပါးနပ်လေ၏။ထိုသို့သောအဖြစ်အပျက်များအဆုံးတွင် သူမက ကုမ္ပဏီနှင့်ဆွေးနွေးပြီး စုယိအား " ဗီလိန်အမျိုးသမီးဇာတ်ဆောင် " လမ်းကို လျှောက်လှမ်းစေခဲ့သည်။


ယခုအချိန်အထိပင် ထိုအတိုင်း ဖြစ်ခဲ့လေ၏။


လက်ရှိတွင် စုယိ၏ Weibo ၌ ဆိုးရွားသောမှတ်ချက်များ ရှိနေဆဲဖြစ်သော်လည်း သူမအား မျက်မှန်းတမ်းမိသူများနှင့် ပရိတ်သတ်များ တိုးပွားလာခဲ့သည်။တစ်ခါတစ်ရံ စုယိအား ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သောမှတ်ချက်မျိုးက trending ဖြစ်နေတတ်ပြီး ၎င်းမှတ်ချက်အောက်တွင် replyပြန်ထားသောမှတ်ချက်အရေအတွက်များကလည်း ရာထောင်ချီနေလေ့ရှိ၏။လက်ရှိရေပန်းစားနေသောနာမည်ကြီးပေါက်စလေးများ၏weiboထက်ပင် ပိုစည်ကားနေသေးသည်။


လူအချို့က ဇာတ်ကောင်အပေါ်မကျေနပ်မှုများကို လက်တွေ့ဘဝမှ သရုပ်‌ဆောင်၏စရိုက်နှင့်ရောနှောပစ်တတ်ကြသည်။ထိုအရာကို ဘာသိဘာသာနေသောမျက်မှန်းတန်းမိသူများက နားမလည်ကြနိုင်ပေ။


သို့သော်လည်း ဤနယ်ပယ်တစ်ခုလုံးမှာမူ ကောင်းစွာသဘောပေါက်ကြလေ၏။


စုယိ ပွဲဦးစထွက်ကတည်းက သူမအား တစ်စုံတစ်ယောက်က နာကျင်ထိခိုက်အောင် ကြံစည်နေခဲ့သည်။


စုယိနှင့်ဝူရွှယ်တို့နှစ်ဦးစလုံးမှာ ဖြစ်ပျက်ခဲ့သည်များကိုရှင်းလင်းစွာ သိကြ၏။သူမတို့သည် တစ်ကြိမ်ထက်မက အထောက်အထားများရရှိခဲ့ကြပြီး နောက်ကျောအား ဓားဖြင့်ဆက်တိုက်ထိုးနေခဲ့သူမှာ လင်းရှဖြစ်နေကြောင်းကို သိရှိခဲ့ကြရသည်။


လင်းရှ၏လက်အောက်တွင်ရှိခဲ့စဉ်အခါက စုယိမှာ လူသစ်လေးတစ်ဦးပင်။သူမသည် အသက်နှစ်ဆယ်တွင် ပွဲဦးထွက်ခဲ့ပြီး တကယ်တမ်းတွင် ၁၈ နှစ်ပြည့်ပြီးကတည်းက ဤနယ်ပယ်ထဲသို့ရောက်ရှိခဲ့ခြင်းဖြစ်သော်လည်း ဘာဆိုဘာမှမသိနားမလည်ခဲ့ချေ။


စုယိမှာ လင်းရှ၏စီမံခန့်ခွဲမှုပုံစံကိုမုန်းတီးပြီး လူထုသို့ဖွင့်ချရန် ကြံစည်ခဲ့ဖူးသည်။ထိုအချိန်က weibo ခေတ်မဟုတ်သေးသည့်အတွက် စုယိမှာ နာမည်အကြီးဆုံး ဖက်ရှင်မဂ္ဂဇင်းကို ဆက်သွယ်ခဲ့လေ၏။


ထိုအချိန်တွင် သူမသည် အလွန်‌ရှုပ်ထွေးပွေလီလှသောနယ်ပယ်မှနောက်ဆက်တွဲဆိုးကျိုးများကို ကြိုတင်မှန်းဆထားခဲ့ပြီး ကံစမ်းနေခြင်းအားရပ်တန့်ကာ အိမ်ပြန်၍ တစ်ဖန်ပြန်လည် ဈေးရောင်းစားရနိုင်သည်ဟုပင် အဆုံးအစွန်ထိတွေးထားခဲ့၏။


သို့သော်လည်း နောက်ဆုံးတွင် ဖွင့်ချသည့်အရေးမှာ မအောင်မြင်ရုံသာမက လင်းရှထံမှ အလှောင်ပင်ခံလိုက်ရသေးသည်။ထို့နောက်ပိုင်းတွင် စုယိမှာ ဝူရွှယ်နှင့်တွေ့ဆုံခဲ့ပြီး အတူပူးပေါင်းခဲ့ကြလေ၏။


နောက်ပိုင်းတွင် စုယိမှာ သူမအားဝေဖန်တိုက်ခိုက်ကြသော ခက်ထန်သည့်စကားများကို ကောင်းကောင်းကြီးဥပေက္ခာပြုနိုင်ခဲ့သည်။ပထမဆုံးဇာတ်ကားပြီးဆုံးပြီးနောက်ပိုင်းမှစ၍ အချိန်ကြာလာလေလေ ၊ စုယိ၏‌လမ်းကြောင်းက ပို၍ကောင်းမွန်လာလေလေပင်။


သို့သော်လည်း အတိတ်နှင့် ပစ္စုပ္ပန်မှ ပဋိပက္ခများကို ပေါင်းစပ်လိုက်ပါက ကျိန်းသေပေါက်ပင် စာရင်းရှင်းသင့်သေးသည်။


ယနေ့ ဓာတ်ပုံရိုက်ကူးမှုမှာ Pasion နှင့်စုယိတို့၏နောက်ဆုံး ပူးပေါင်းဆောင်ရွက်မှုပင် ဖြစ်သည်။


ဤတစ်ကြိမ်ပြီးသည်နှင့် စာချုပ်က တရားဝင်အဆုံးသတ်သွားမည်ဖြစ်ပြီး စုယိမှာ တရားဝင်ဆိုဒ်မှ သူမ၏ဓာတ်ပုံများကို ပြန်လည်မျှဝေပေးရုံသာ လိုအပ်သည်။


မိတ်ကပ်ပညာရှင်ထွက်သွားပြီးနောက် စုယိက ဝူရွှယ့်အနားတွင် ဝင်ထိုင်ကာ တစ်ဖက်လူ၏ပခုံးပေါ် သို့လက်တင်လိုက်ပြီး ပြောလာသည်။


" ရှောင်ရွှယ်ရွှယ်ရေ... ကျွန်မ ရှင့်အကူအညီလိုတယ် "


" ပြောဟယ် " ဝူရွှယ်က သမ်းဝေလျက်မေး၏။


" ဒီနယ်ပယ်မှာ အင်အားအကြီးဆုံး ရေတပ်ကုမ္ပဏီက ဘယ်ဟာလဲ "


" ဘာလဲ "ဝူရွှယ်က သူမအား စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်။


" ငါ လင်းရှကို အမိဖမ်းချင်တယ် "


" အမိဖမ်းမယ်တဲ့လား... နင့်ဟာနင် စုံထောက်များမှတ်နေလား " ဝူရွှယ်က ရယ်မောလေတော့၏။


" ကိစ္စမရှိဘူး... နင်ငါ့ကိုမကူညီချင်လည်းရတယ်... ဆက်သွယ်ရမဲ့ အချက်အလက်ပဲပြောပြ"


" နင့်ကို မကူညီဘူးလို့ဘယ်သူကပြောလဲ...ဒီနိုင်ငံမှာ အကြီးမားဆုံးနဲ့ အပြင်းထန်ဆုံးရေတပ်က ဘယ်မှာရှိလဲ သိလား”


[ T/N - ရေတပ် = အခကြေးငွေဖြင့်ပို့စ်တင်ပေးသူများ ]


"ဘယ်မှာလဲ "


ဝူရွှယ်က အိတ်ထဲမှ လိပ်စာကဒ်တစ်ခုကို ထုတ်လိုက်ပြီး စုယိထံသို့ ကမ်းပေးလာသည်။


 [ ရန်ရှင်း ဖျော်ဖြေရေးကုမ္ပဏီ ၊ PR ဌာန ၊ ဒါရိုက်တာကျန်း ၊ ဖုန်းနံပါတ် 13XXXXXXXXX ]


___________________________________________