အပိုင်း ၇၅
Viewers 12k

Chapter 75
ညှာတာနားလည်ပေးနေမှာမဟု‌တ်ဘူး။
ရန်ရှင်းမှာ စုယိတို့ကုမ္ပဏီအား ချူကော်ပိုရေးရှင်းမှဝယ်ယူပြီးနောက် ပြောင်းလဲထားသောနာမည်အသစ်ဖြစ်လေ၏။



" ငါ့ကို ဒုတိယမြောက်အကြီးဆုံး PR ကုမ္ပဏီရဲ့ အချက်အလက်တွေပေးရင်ရော ဘယ်လိုလဲ "


“ ဟုတ်ပြီ....ငါကူညီပေးမယ်... ဒါကိုတော့သေချာမှတ်ထား... ဒီတစ်ခေါက် လင်းရှကို အပြတ်မရှင်းနိုင်ဘူးဆိုရင် ဒီ့ထက်ပိုပြီး နှောင့်ယှက်ခံရဖို့သာ ပြင်ထားလိုက်တော့ "


" အမ်း ... "


ထိုအချိန်တွင် ရိုက်ကူးရေးဝန်ထမ်းတစ်ဦးက အခန်းထဲဝင်လာခဲ့သည်။ထိုတစ်ယောက်က နေရထိုင်ရခက်နေပုံပေါ်ပြီး စုယိတို့အား တိုးညင်းစွာပြောလာ၏။


" ဟို...ယိကျဲ... ရိုက်ကူးရေးလုပ်ဖို့က စောင့်ရဦးမယ်ထင်တယ် "


" ဘာဖြစ်လို့လဲ "


ဝူရွှယ်က မေးလိုက်သည့်အခါ ထိုဝန်ထမ်းက ခြောက်ကပ်ကပ်ရယ်မောပြီး ပြန်ဖြေသည်။


"ဒါရိုက်တာအယ်လန်က ပြောတယ် ... ကုမ္ပဏီဘက်က နာမည်ကြီးတစ်ယောက်ကို ရုတ်တရက် ပြောင်းချင်နေတယ်တဲ့ ...အခုဆွေးနွေးနေတုန်းပဲလို့ပြောတယ် "


“ ရိုက်ကူးရေးဆက်လုပ်မလုပ်ကို သူတို့အစည်းအဝေးပြီးမှ သိရမယ်လို့ ဆိုလိုတာလား ” စုယိက မျက်ခုံးပင့်လျက်မေး၏။


“ ဟုတ်-ဟုတ်ပါတယ်....”


" ရပါတယ် ... ဆွေးနွေးကြပါစေ... ပြီးရင် ရလဒ်ကို အကြောင်းကြားပေးနော် " စုယိက ဖိနပ်များကိုပြန်ချွတ်လျက် ဝန်ထမ်းအား ပြောလိုက်သည်။




*****




" စိတ်တိုလား "


ကားထဲသို့ရောက်ချိန်တွင် ဝူရွှယ်က မေးလာလေ၏။


နောက်ဆုံးမိနစ်တွင်ကပ်၍ပြောင်းလဲသွားသောအခြေအနေက စုယိပြင်ဆင်ခဲ့သမျှကို သဲထဲရေသွန်ဖြစ်စေလေသည်။


" ဟင့်အင်း... လူတိုင်းက လက်စားချေချင်တတ်ကြတာပဲလေ... ငါရော အယ်လန်ရော.... အချိန်တွေအရမ်းအားနေတော့ ကားပတ်မောင်းကြမယ် "


စုယိ ဝူရွှယ်အား လက်ညိုးထောင်ပြလာလျက် စကားဆက်လိုက်၏။


ဝူရွှယ်မှာ ဦးနှောက်ပျက်သွားသူကဲ့သို့ ကျောက်ရုပ်ပမာ ထိုင်နေခဲ့သည်။ခေတ္တကြာသောအခါမှသာ သူမက ကားမောင်းသူထိုင်ခုံမှ ဖယ်ပေးခဲ့၏။


ကားပတ်မောင်းချိန်တွင် လေညင်းပါတစ်ခါတည်းခံ၍ရသည်။စုယိမှာ ပြတင်းပေါက်နှစ်ဖက်လုံးမှ မှန်များကိုချထားပြီး လေချွန်ကာ တစ်နာရီ မိုင်သုံးဆယ်နှုန်းဖြင့် မောင်းနှင်နေလေ၏။


" အိမ်ခြေယာမဲ့ကျနေတာပဲ " ဝူရွှယ်က ရယ်မောလျက်ပြောလိုက်သည်။


သိပ်အဝေးကြီးသို့မရောက်သေးမီမှာပင် ဝူရွှယ့်ထံသို့ Pasion ဘက်မှ ဆက်သွယ်လာခဲ့သည်။မျှော်လင့်ထားသလိုပင် သူတို့ဘက်မှစာချုပ်ကိုတိုက်ရိုက်ရပ်ဆိုင်းပြီး အမှတ်တံဆိပ်၏ကိုယ်စားပြုမျက်နှာဖုံးလူကို ပြောင်းလဲသွားမည်ဖြစ်သည်။စုယိရိုက်ကူးထားခဲ့သမျှကို အသုံးပြုမည်မဟုတ်ဘဲ ဆောင်းရာသီထုတ်ကုန်များကို ကြော်ငြာရာတွင် အခြားနာမည်ကြီးတစ်ဦးကို အစားထိုးသွားမည်ဖြစ်၏။သို့သော်လည်း အချို့သူများက ဆောင်းရာသီထုတ်ကုန်များ ဖြန့်ချီပြီးချိန်အထိ စုယိအား သူတို့နှင့်အတူ လက်တွဲပေးရန် တောင်းဆိုလာသည်။ဤသည်မှာ စုယိအတွက် ကိုယ်ပိုင်ကြော်ငြာရိုက်သည်မျိုးမဟုတ်ဘဲ သူတို့၏ထုတ်ကုန်များကို လူသိများအောင် ကြေငြာပေးရမည်ဟူ၍ပင်။အနည်းငယ် ထူးဆန်းလှပေ၏။


ဝူရွှယ်က စုယိအားထိုအကြောင်းကိုရှင်းပြခဲ့ပြီး စုယိကလည်း ပေါ့ပေါ့ပါးပါးပင် ခေါင်းညိတ်သည်။


" ရတာပေါ့ ... Likeနှိပ်ပြီး ပြန် shareပေးရုံပဲမလား ... လက်ချောင်းလေးပဲရွှေ့ရမှာကို "


" နင်တကယ် စိတ်မတိုဘူးလား "


ဝူရွှယ်မှာ တစ်ဖက်လူ အေးဆေးဖြစ်နေသောပုံစံကိုကြည့်၍ စိတ်ရှုပ်ထွေးနေရှာ၏။


"မတိုပါဘူး.... တခြားသူတွေဆို ငါ့ကိုမျက်ဖြူဝံပုလွေလို့တောင် ခေါ်ကြဦးမှာ ... အရင်အချိန်တုန်းက အယ်လန်က အားလုံးနဲ့ဆန့်ကျင်ပြီး ငါ့ကိုဒီနေရာပေးခဲ့တာ...ဒါပေမဲ့ ငါကတော့ မိတ်ပျက်အောင် လုပ်မိသွားပြီ "


" နင်အဲ့လိုလုပ်လိုက်တဲ့အချိန်တုန်းကတော့ တကယ်ကို... "ဝူရွှယ်က ရယ်မောလျက် စကားဆုံးအောင်ပင် မပြောနိုင်ရှာပေ။


“ဒါပေမဲ့ တခြားဘာမှလုပ်မရဘူးလေ ... သူ့ကိုကျေးဇူးပြန်ဆပ်ဖို့နဲ့ အတူတူအိပ်ပေးရမယ်ဆိုရင် စာချုပ်ဖျက်ပြီး လျော်ကြေးငွေပဲ ပုံပေးလိုက်မယ်... မဟုတ်ရင် လင်းရှလက်အောက်မှာ နေရတာနဲ့ ဘာကွာပါတော့မလဲ "


စကားမဆုံးသေးမီမှာပင် ဖုန်းသံမြည်လာခဲ့သည်။စုယိမှာ ကားမောင်းနေသည်ဖြစ်၍ ဝူရွှယ်က ကိုယ်စားဖုန်းဖြေကြားပေး၏။


ဝူရွှယ်၏ရိုသေသမှုအပြည့်ရှိနေသောလေသံကြောင့် စုယိမှာ ဖုန်းဆက်လာသူကို ချက်ချင်းသိလိုက်သည်။


ဖုန်းချပြီးနောက် ဝူရွှယ်က ပြောလာ၏။


" ဒါရိုက်တာချူက နင့်အိမ်မှာစောင့်နေတယ်တဲ့ "


" သိပြီ "


ခေတ္တငြိမ်သက်သွားပြီးနောက် ဝူရွှယ်က သူမ၏စိတ်ထဲတွင်ရှိနေသောမေးခွန်းအား ဖွင့်ထုတ်မေးလိုက်တော့သည်။


" နင်တို့တွေ အတူတူနေနေတာလား "


" အဲ့လို ပြောလို့ရပါတယ် "


ချူယင်းမှာ တစ်ပတ်လျှင် လေးငါးကြိမ်ခန့် စုယိ၏အိမ်သို့လာရောက်လေ့ရှိပြီး ညအိပ်ပြီးမှ ပြန်သွားတတ်သည်။


" နင်ရည်းစားထားတာကို ငါမကန့်ကွက်ဘူး ဒါပေမဲ့ နင်သေချာစဉ်းစားရမယ်... လောလောဆယ်နင့်မှာ ပရိတ်သတ်တွေလိုအပ်နေသေးတယ် ... relationship ကို လူသိရှင်ကြားဖြစ်အောင် ဖွင့်ထုတ်ပြလိုက်ရင် ပရိတ်သတ်ကတော့ အနည်းနဲ့အများလျော့သွားမှာပဲ "


" ငါ သေချာစဉ်းစားပြီးပါပြီ ... သူပဲ "


"နင် စဉ်းစားပြီးမှန်း ငါသိတယ်... ဒါပေမဲ့ ချူယင်းဘက်ကသာ ... ငါသူ့ကိုမကျေနပ်တာဘာမှမရှိဘူးနော်...သူက အရမ်းကောင်းတဲ့လူပေမဲ့ လူတွေက ပြောင်းလဲတတ်သေးတယ်လေ "


စကားပြောနေရင်းတစ်ဝက်တစ်ပျက်သို့ရောက်လာသောအခါ ဝူရွှယ်မှာ သူမကိုယ်သူမ ဘာတွေပြောနေမိမှန်းပင် မသိတော့ဘဲ လက်ကိုဝှေ့ယမ်းပစ်လိုက်ရင်း ဆက်ပြောလာလေသည်။


" ဘာပဲဖြစ်ဖြစ်...နင့်ကို သွားစရာနေရာ ချန်ထားစေချင်တယ် ... အကုန်လုံးကို ပုံသေမှတ်မထားနဲ့... အနည်းဆုံးတော့ အနာဂါတ်မှာနင်တို့နှစ်ယောက်ကြားတစ်ခုခုဖြစ်လာရင် မျောက်သစ်ကိုင်းလွတ်သလို သွားစရာနေရာမရှိ မဖြစ်တော့တာပေါ့ "


" ဘာကိုသွားစရာနေရာမရှိရမှာလဲ... ငါ့မှာဒီလောက်ထိ ဉာဏ်ကောင်းပြီး မိမိုက်တဲ့သူငယ်ချင်းကြီးတစ်ယောက်လုံးရှိနေတာကို " စုယိက ရယ်မောလျက်ပြောလိုက်သည်။


ထိုအခါ ဝူရွှယ်မှာ မပြုံးနိုင်တော့ဘဲ ခေါင်းကိုသာတွင်တွင်ခါယမ်းလျက် ​ဆိုလိုက်၏။


" အေးပါဟယ် ... နင့်ကိုတော့ မနိုင်ဘူး တကယ် "




*****




Pasion ၏မျက်နှာသစ်မှာ ယန်ရော့လင် ဖြစ်‌နေမည်ဟု စုယိ ထင်မထားခဲ့ပေ။


ယန်ရော့လင်၏ Weiboမှာ တိုတောင်းသောနှစ်ပတ်တာကာလအတွင်း ပရိတ်သတ် ၂ သန်းကို စုဆောင်းမိခဲ့သည်။ ရုပ်ရှင်မရိုက်ဖူးသူ သို့မဟုတ် ပွဲဦးထွက်မလုပ်ဖူးသူတစ်ဦးအတွက် Weibo တွင် ပို့စ်သုံးခုသာ တင်ထားပြီး ဤပမာဏအထိရလာသည်မှာ အံ့အားသင့်ဖွယ်ကောင်းလောက်သော တိုးတက်မှုနှုန်းတစ်ခုပင်။


" ဘာတွေကြည့်နေတာလဲ"


စာရွက်စာတမ်းများကြည့်နေသောချူယင်းက စုယိအားမေးလာသည်။


" ရှင့်အသိညီမလေးရဲ့ Weibo ကို ဝင်ကြည့်နေတာလေ "


" ဘယ်က အသိညီမလေးလဲ " ချူယင်းက ရယ်လျက်မေးသည်။


" ဪ... အသိညီမလေးက ဘယ်နှယောက်ရှိနေလို့လဲ "


စုယိက ချူယင်း၏လည်ဂုတ်ကို သိုင်းဖက်ထားပြီး တစ်ဖက်လူကလည်း သူမ၏ပါးပြင်ကို ခပ်ဖွဖွနမ်းလာခဲ့သည်။


" သူ့ Weibo ထဲဝင်ပြီး ဘာတွေကြည့်နေတာလဲ "


" ဘာမှမဟုတ်ပါဘူး ... လမ်းကြုံလို့... "


စုယိထံတွင် ဆုံးရှုံးသွားသောကြော်ငြာအကြောင်းကို ချူယင်းအားပြောပြရန်အစီအစဉ်မရှိပေ။၎င်းသည် ဆောင်းရာသီအစီအစဉ်တစ်ခုသာဖြစ်ပြီး နှမျောတသဖြစ်နေစရာမဟုတ်သောကြောင့်လည်းပါသည်။


ယန်ရော့လင်၏ Weibo တွင် လူအနည်းငယ်ကိုသာ Follow လုပ်ထားပြီး ထိုစာရင်းထဲတွင် ချူယင်းနှင့်အတူ စုယိ၏အာရုံကိုဖမ်းစားနိုင်သည့်အခြားသော Weibo ID တစ်ခုလည်းပါရှိသည်။


' C ရှောင်ရှီး '


ထိုတစ်ယောက်၏weiboထဲသို့ဝင်လိုက်သည်နှင့် ထူးဆန်းထွေလာကမ္ဘာထဲရောက်သွားသလိုပင်။


ပထမဆုံးမြင်ရသည်မှာ နွားအနည်းငယ်နှင့် စားကျက်မြေပုံအချို့ဖြစ်သည်။


[ မိသားစုရဲ့နောက်ဆုံးမျှော်လင့်ချက် .... နွားသားပေါက်တွေပိုများလာပါစေ / ဆုတောင်း ~ ]


ထိုပို့စ့်အောက်ရှိမှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်လေ၏။


* သနားစရာကောင်းလိုက်တဲ့မိန်းကလေး.... ကျောင်းတက်နေသေးလား *


* ရိုးရိုးရှင်းရှင်းပဲ... ဒါမျိုးကိုကြိုတ်တာ *


* မိန်းကလေး ... ဖုန်းနံပါတ်ပဲဖြစ်ဖြစ်ချန်ထားပေးပါလား... မင်းကိုအလုပ်တစ်ခုလောက်ပေးချင်လို့ *


C ရှောင်ရှီးက အောက်ဆုံးမှတ်ချက်အား reply ပြန်ထားသည်။


* အထင်လွဲနေတာများလား...ကျွန်မဆီက နွားတွေကိုရောင်းလိုက်ရင် တစ်ကောင်ကို အနည်းဆုံး သောင်းရှစ်ထောင်လောက်ရနိုင်သေးတယ်...ကူညီစရာမလိုဘူး... ကျေးဇူးရှင့် *


* ဪ... အဲ့လိုလား မတွေးမိလိုက်ဘူး ... ပြောပြ‌ပေးလို့ ကျေးဇူးပါဗျာ *


စုယိမှာ ရယ်ပင်မရယ်နိုင်တော့ချေ။ဤချူရှီးက အတည်ပေါက်ကြီးပင် သရုပ်ဆောင်နေခြင်းဖြစ်သည်။


* ငါ့ကိုတစ်ကောင်ပေးမလား *


စုယိ ဝင်မန့်လိုက်သောအခါ တစ်ဖက်မှ ချက်ချင်းဆိုသလိုပင် reply ပြန်လာခဲ့၏။


* အိမ်ကအကြီးဆုံးနွားကို ပိုင်နေပြီပဲဥစ္စာ... ကိုယ့်ဘာကိုယ်မွေးပါလား *


စုယိမှာ သူမ၏ပင်မအကောင့်တွင်သာ ရှိနေသေးကြောင်းကို သတိရသွားသည်။သို့သော်လည်း ကိစ္စမရှိပေ။


ချူရှီး၏အကောင့်မှာ အတည်ပြုချက် " v " သင်္ကေတ မပါရှိသေးဘဲ သူငယ်ချင်းအချင်းချင်းနောက်ပြောင်နေသည်ဟုသာ လူအများက ကောက်ချက်ချကြလိမ့်မည်။


စုယိဖုန်းပိတ်လုဆဲဆဲမှာပင် ယန်ရော့လင်၏မှတ်ချက်ကိုမြင်လိုက်ရတော့သည်။


* ယန်ရော့လင် v: /တိတ်တိတ်လေး ရယ်မော ၊ ရှီးမေ့မေ့ က အရမ်းချစ်ဖို့ကောင်းတယ် *


ချူရှီးမှာ ယန်ရော့လင်အား reply ပြန်မထားပေ။


စုယိက ချူရှီးအား follow လုပ်လိုက်သည်။တစ်ဖက်လူမှာ သူမအား ကနဦးကတည်းက follow လုပ်ထားခဲ့ပြီး ယခုတွင်မူ " following each other " ဟူသော စာတန်းပေါ်လာခဲ့ပြီဖြစ်သည်။


"ရှင့်ညီမကို Weibo မှာ ဘာလို့ follow မလုပ်တာလဲ" စုယိက ချူယင်းအား မေးလိုက်၏။


" Followပြီး unfollowပြန်လုပ်လိုက်တာ ... နွားအတူတူရောင်းရမယ်ပြောလာလို့ "


“…... ”


Pasion၏ပို့စ်ကို စုယိ like နှိပ်ပြီးပြီးချင်းမှာပင် လိုင်းပေါ်၌ ထိန်းချုပ်၍မရ‌သောသတင်းများပွထလာခဲ့၏။


သတင်းအများစုများက စုယိကို တိုက်ရိုက်ဦးတည်ထားပြီး ယန်ရော့လင်နှင့် နှိုင်းယှဉ်နေကြသည်။


ဝူရွှယ်ဖုန်းဆက်လာခဲ့ချိန်၌ စုယိမှာရေချိုးပြီးနောက် ချူယင်းနှင့်အတူပြင်းပြသောအနမ်းများကြားထဲတွင်ရှိနေခဲ့၏။စုယိက မျက်ခုံးပင့်ကာ ဖုန်းကို ကောက်ကိုင်လိုက်သည်။


"ရှောင်ရွှယ်ရွှယ်.... ဒီအချိန်ကြီး ဖုန်းဆက်တာကတော့သိပ်မဟုတ်သေးဘူးနော် "


" Weibo မှာ မြင်ပြီးပြီလား "


“ အေး... ငါ့မျက်နှာတောင် သွားပြပြီးပြီ ”


" အဲ့ဒါကလွဲပြီး တခြားဟာ မတွေ့ဘူးမလား...ဟုတ်ပြီ...ဒါဆို ဒီည Weibo မကြည့်နဲ့.... မနက်ဖြန်ကျ အကုန်ပြေလည်သွားမှာ "


ဖုန်းချလိုက်ပြီးနောက်တွင် စုယိမှာစိတ်ရှုပ်နေ၏။ဤသည်မှာ သူမအား ပို၍ကြည့်ချင်စိတ်ပေါက်အောင် လာဆွပေးနေခြင်းမဟုတ်ပါလော။


ပါးစပ်ထဲသို့ရောက်ခါနီးအသားတုံးက မြေပြင်ပေါ်သို့ဖတ်ခနဲကျသွားသဖြင့် ချူယင်းတစ်ယောက် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသော်လည်း သူက စုယိအား ပွေ့ဖက်ကာ ခပ်တိုးတိုးပြောလေသည်။


" ကြည့်လိုက်လေ "


စုယိက Weibo ထဲသို့ဝင်ကြည့်လိုက်၏။ဤတစ်ခေါက်ကိစ္စမှာ ကြီးကြီးမားမားမဟုတ်ချေ။ followers နှစ်သိန်းခန့်သာရှိသော အခကြေးငွေပေးထားသည့် ‌‌အကောင့်များမှ စာအရှည်ကြီးများရေးတင်နေကြခြင်းသာဖြစ်သည်။


စာများ၏အောက်ဆုံးတွင် နောက်ဆုံးတစ်ခေါက်က အန်းရွှမ် ရိုက်ကွင်းသို့လာခဲ့သည့်ပုံကို တွဲတင်ထား၏။


ဓာတ်ပုံထဲရှိအန်းရွှမ်မှာ သနားစရာကောင်းသလောက် စုယိမှာတော့ လက်ပိုက်ကာခြေချိတ်၍ထိုင်နေခဲ့လေသည်။မသိလျှင် သင်ခန်းစာပို့ချနေသူလိုပင်။


နောက်ကွယ်မှလူများက ကြိုတင်လက်ဝါးချင်းရိုက်ထားကြပုံရပြီး ထိုပို့စ်အောက်တွင် မှတ်ချက်ပေးသူများက ချက်ချင်းပင်အုပ်စုလိုက် ပေါ်လာကြလေသည်။စုယိက ထိုစာအရှည်ကြီးကို စိတ်ဝင်တစားဖတ်နေခဲ့သော်လည်း နံဘေးရှိလူမှာတော့ မျက်နှာကြီးမည်းမှောင်နေခဲ့၏။


ချူယင်းက သူ့ဖုန်းကို ကောက်ကိုင်လိုက်ပြီး PR ဌာနသို့ အလျင်စလို သွားတော့မည့်ဆဲဆဲတွင် စုယိက အရှေ့မှပိတ်ရပ်၍ တားဆီးလိုက်၏။


" ဗိုလ်ကြီးယင်း .... ဒါကို ကျွန်မကိုယ်တိုင် ဖြေရှင်းနိုင်တယ် "


" မင်းဖြေရှင်းရမဲ့ကိစ္စမဟုတ်ဘူး... သင်ခန်းစာမရခင် သူ‌တို့တွေပြန်‌ပေးဆပ်ရမယ် " ချူယင်းက အေးစက်စွာပြောသည်။


" ကျွန်မသိပါတယ် ... ကိုယ်တိုင်လုပ်ချင်လို့ပါ ... နော် "


စုယိက ချူယင်း၏လက်မောင်းကိုဖက်တွယ်လျက် ချော့ပြောလိုက်သော်လည်း သူမ၏လေသံကတော့ စိတ်ဆုံးဖြတ်ထားသလိုပင်။


ချူယင်းက မျက်မှောင်ကြုတ်ထားခဲ့ပြီး ခေတ္တကြာချိန်တွင် " စိတ်မပျော့စမ်းပါနဲ့ " ဟု ထုတ်ပြောလာသည်။


ထိုအခါ စုယိက ခေါင်းညိတ်လျက် တစ်ဖက်လူ၏ရင်ခွင်ထဲသို့ ဝင်သွားလိုက်ပြီး ပြေပြေလည်လည်ဆိုလေသည်။


"စိတ်လျှော့ပါ...ကျွန်မက ညှာပေးနေမှာမဟုတ်ပါဘူး "

Xxxxxxcx