အပိုင်း ၇၆
Viewers 12k

Chapter 76

ကိုယ်ဝန်ရအောင်စွမ်း‌ဆောင်ခြင်း။

ထိုနေ့ညတွင် ရန်ရှင်းကုမ္ပဏီ၏ PR ဌာနမှာ ဤကိစ္စအားကိုင်တွယ်ဖြေရှင်းရန်အတွက် အချိန်ပိုဆင်းခဲ့ကြသည်။ဌာနမှဝန်ထမ်းများက အစီအစဉ်တစ်ရပ်အားချမှတ်နေစဉ်တွင် စုယိ၏weibo၌ ပို့စ်တစ်ခုတက်လာခဲ့လေ၏။

 PR မန်နေဂျာက လက်ယမ်းပြရင်း အားလုံးကို အသိပေးလိုက်သည်။

" နေဦး... ဘာမှမတင်ကြသေးနဲ့ "

" ဘာဖြစ်လို့လဲ " ဝူရွှယ်က စိတ်ရှုပ်ထွေးနေသောလေသံဖြင့်မေးလိုက်သည်။

" စုယိက weiboမှာ တစ်ခုခုတင်ထားတယ်... ကြည့်လိုက်ပါ "

ဝူရွှယ် ဘာမှဆက်မမေးနိုင်ခင်မှာပင် စုယိထံမှဖုန်းဝင်လာခဲ့သည်။

" ရုံးခန်းမှာလား" 

ဖုန်းကိုင်လိုက်သောအခါ တစ်ဖက်မှစုယိက တိုးညင်းသောလေသံဖြင့် မေးလာ၏။

" အခုလေးတင်ရောက်တာ... နင့် weiboက ဘာဖြစ်တာလဲ... ငါနင့်ကိုweibo မကြည့်ဖို့ပြောထားတယ်လေ "

 " အဲ့ဒါကိုနောက်မှပြော .... Comment မန့်ဖို့လူတွေခေါ်လိုက်တော့ " 

" ဘာတွေဖြစ်နေတာလဲ "

အခြေအနေကိုလိုက်မမီရှာသောဝူရွှယ်မှာ စိတ်ရှုပ်ထွေးနေလေ၏။

" နင်က ပိန်းဥလား ... ဝူခဲ့ရဲ့ကျော်ကြားမှုကတော့ အခုထိလျော့မသွားသေးဘူး " 

စုယိက ရယ်မောလျက်ပြောလာချိန်မှသာ ဖြစ်ကြောင်းကုန်စင်အား ဝူရွှယ်တစ်ယောက် ချက်ချင်းသဘောပေါက်သွားတော့သည်။

" အဲ့ဒါက အန်းရွှမ်အတွက် မကောင်းဘူးမလား ... သူမလုပ်တယ်ဆိုတဲ့အထောက်အထားလည်း ငါတို့ဆီမှာ မရှိဘူးလေ "

" သူမကငါ့ဆီ မက်ဆေ့ခ်ျပို့လာတယ်... ဝူခဲ့ရဲ့အရှုပ်တွေကိုရှင်းဖို့ကူညီပေးရင် သူမကလည်း ငါ့ကိုဒီကိစ္စရှင်းဖို့ ကူညီပေးမယ်တဲ့လေ... နင်ပြောတာ သိပ်တော့မမှားဘူးသိလား...ဒါပေမဲ့ ဒါက ဒေါသထွက်လို့ကိုက်တဲ့ယုန်လေးမဟုတ်တော့ဘူး .... နံရံခုန်ခွတက်တဲ့ ခွေးအဆင့်ဖြစ်သွားပြီ " 

" သူမကတော့ တကယ်ကိုတစ်ခုခုပဲ ... အရင်ကတည်းက ငါတို့သူ့အပေါ် တစ်ကြိမ်မှ ဆိုးဆိုးရွားရွား မဆက်ဆံခဲ့ဖူးတာကို "  

 “သူကမှ ရေတွင်းထဲ ကျောက်ခဲတွေ ပစ်ချပေးချင်နေတော့လည်း လေထန်တာကိုကာကွယ်ဖို့ အသုံးချပေးလိုက်ရတာပေါ့ ... လင်းရှအကြောင်းကို ရှင်းစရာရှိတာ သေချာရှင်းထားပြီး မနက်ဖြန် လူအစည်ဆုံးအချိန်မှာတင်လိုက် ... 

 " x-day၌ တွေ့ဆုံခြင်း" ဆိုတဲ့ hashtag ကလည်း ခုတလော trending ဖြစ်နေတာမလား ... အဲ့ဟာပါတစ်ခါတည်းတပ်ပြီး ရေးတင်ပစ် "

ဝူရွှယ်က နောက်ပြန်လှည့်လျက် တစ်ဝက်တစ်ပျက်ဖြစ်နေခဲ့သောPRဌာနနှင့်စကားဝိုင်းကို လက်စသတ်လိုက်ပြီး ရုံးပြင်ပသို့ထွက်လာရင်း ဆက်လက်၍ဖုန်းပြောလေသည်။

" နောက်ဆိုရင် နင့်ကိုလွယ်လွယ်နဲ့ ဒေါသမထွက်ရဲတော့ပါဘူး .... အတူတူအလုပ်လုပ်နေတုန်း ပြောမှားဆိုမှားတွေရှိခဲ့ရင်လည်း ခွင့်လွှတ်ပေးပါနော်....စကားမစပ် ယန်ရော့လင်ကို ဘယ်လိုလုပ်ဖို့စိတ်ကူးထားလဲ "

စုယိတစ်ယောက် ခဏတာငြိမ်သက်သွား၏။အကြောင်းမှာ ကျောဘက်ရှိအမျိုးသားက သူမ၏နားရွက်ဖျားများကိုနှုတ်ခမ်းဖြင့်ပွတ်ဆွဲနေသောကြောင့်ပင်ဖြစ်သည်။

" ရှင်မအိပ်သေးဘူးလား "

ဖုန်းတစ်ဖက်မှစကားကြောင့် တတိယဘီးလေးဝူရွှယ့်ခမျာ ကြောင်အမ်းအမ်းဖြစ်သွားတော့၏။

ထို့နောက်တွင် စုယိက စကားဆက်လာခဲ့သည်။

 “သူက နှိုင်းယှဥ်ခံရတာကို ကြိုက်နေတာလေ... လွှတ်ထားလိုက်...ဖြစ်ပျက်နေတာတွေက အများကြီးပဲ ... ပွဲကြည့်ပရိသတ်တွေ အရမ်းအလုပ်ရှုပ်နေမှာကို‌တောင်စိုးရိမ်မိတယ် ” 

" သူတို့အစား ငါက နင့်ကိုကျေးဇူးတင်ပေးပါ့မယ် "

ဝူရွှယ်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

*******

 နောက်တစ်ရက်သို့ကူးခဲ့ပြီဖြစ်လေ၏။

မနက်ခင်း၌ ချူယင်းတစ်ယောက် စောစီးစွာနိုးလာသည်။ထိုအချိန်တွင် စုယိ၏ဖုန်းထဲသို့ အမည်မသိခေါ်ဆိုမှုတစ်ခု ဝင်လာခဲ့၏။မနေ့ညက ဝူရွှယ်နှင့်ဖုန်းပြောပြီးချိန်နောက်ပိုင်းမှစ၍ စုယိမှာ သူမ၏ဖုန်းကို အသံပိတ်ထားခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် ခေါ်ဆိုမှုက ရပ်တန့်သွားပြီး စုယိ၏ဖုန်းမျက်နှာပြင်၌ missed call အခုသုံးဆယ်ခန့်ပြည့်နှက်နေလေသည်။

ချူယင်းက ထိုနေရာမှအကြည့်လွှဲကာ ရေချိုးခန်းဝင်ရန်ပြင်လိုက်သော်လည်း သူ့ဖုန်းထဲသို့ မက်ဆေ့ခ်ျအချို့ဝင်လာခဲ့သည်။၄င်းမှာ နံပါတ်အစိမ်းဖြစ်သော်လည်း တစ်ဖက်လူက သူ့ကိုယ်သူ မည်သူမည်ဝါဖြစ်‌ကြောင်းကို ချက်ချင်းမိတ်ဆက်ထားလေ၏။

* ချူကောကော... ညီမပါ ရော့လင် ... အဘိုးက ကောကို ဒီတစ်ပတ် ဘာဘီကျူးစားဖို့ခေါ်ချင်နေတယ်... ချူကောကောက မျက်နှာလေးလာပြပေးမယ်မလားဟင် *

* စာပြန်တာကိုစောင့်နေပါ့မယ် *

ချူယင်းက မျက်မှောင်ကြုတ်ပြီး ထိုနံပါတ်အားချက်ချင်းပင် ဘလော့ပစ်လိုက်လေ၏။

စုယိနိုးလာချိန်တွင် ချူယင်းမှာ ရေချိုးခန်းတွင်း၌သာ ရှိနေသေးသည်။စုယိက သမ်းဝေကာ ထလာလျက် ဦးစွာအကြောလျှော့လိုက်လေ၏။ထို့နောက်သူမက ဆံပင်များအား ကပိုကရိုစုချည်ကာ ရေချိုးခန်းထဲသို့ ဝင်သွားခဲ့သည်။

ချူယင်းက စုယိအားမြင်ချိန်တွင် ဘေးသို့အနည်းငယ်တိုးကာ နေရာဖယ်ပေး‌လိုက်၏။စုယိ၏မျက်ဝန်းများမှာ ယခုအချိန်ထိ ပိတ်လုဆဲဆဲဖြစ်နေသေးပြီး သူမက ချူယင်းကိုမှီလျက် သွားတိုက်နေခဲ့သည်။

 *****

" ပြောပါဦး... ဘာလို့ ဒီလိုရယ်စရာကောင်းတဲ့လူမျိုးက ရှိနေရသေးတာလဲ...သူတို့ဘက်ကအရင်လာနှောက်ပြီး ပြန်ခံရတော့ကျ လက်တုံ့ပြန်တဲ့သူအလွန်တဲ့ "

စုယိက သူမ၏ဖုန်းထဲမှ မက်ဆေ့ခ်ျများကို အပေါ်အောက်ဆွဲကြည့်ရင်း မြည်တွန်တောက်တီးနေလေ၏။

အန်းရွှမ်မှာ သူမထံသို့ မက်ဆေ့ချ်များစွာကို ပေးပို့ခဲ့ပြီး တစ်စောင်ချင်းစီက အလွန်ရှည်လျားသည်။

ထိုမက်ဆေ့ခ်ျများအား ဖတ်ချင်စိတ်တစ်စိုးတစ်စိမျှမရှိသောစုယိက တစ်စောင်ချင်းစီ ဒိုင်ခံ၍ထိုင်ဖျက်နေ၏။

" နားလည်ပေးစရာမလိုဘူး " ချူယင်းက ပြောလာသည်။

စုယိ၏weiboမှာ စစ်မြေပြင်အသွင်သို့ ပြောင်းလဲသွားခဲ့ပြီးတစ်ညတည်းနှင့်ပင် မှတ်ချက်ပေါင်း တစ်သိန်းကျော်ရှိလာခဲ့သည်။

 * စုယိ‌ပြောချင်တဲ့ အဓိပ္ပာယ်အကျဉ်းချုပ် -

 'လျို့ဝှက်နက်ရှိုင်းသော' ရိုက်ကူးရေးလုပ်နေတုန်းက သူ့လက်ထောက်က ညဘက်တွေပြန်မလာဘူး...အဲ့ဒါကြောင့် သူကတော့ အလုပ်ပျက်တယ်လို့သတ်မှတ်တယ် .... အဲ့ဒီနေ့မှာ မီဒီယာကဝူခဲ့နဲ့ အဲ့ဒီလက်ထောက်ရဲ့ ဓာတ်ပုံကိုရိုက်မိခဲ့တာ *

* ဟဟဟဟ ... အဲ့တုန်းက စုယိရဲ့ comment ကိုမှတ်မိသေးတယ် .... သူပြောနေတဲ့ပုံစံက လူကတော့အိမ်မှာထိုင်နေပြီး ဖုံးဖိပေးဖို့ မိုးပေါ်က အိုးတစ်လုံး ကျလာတော့မဲ့အတိုင်းပဲ *

Comment ထဲရှိလူများမှာ အခကြေးငွေပေးထားသောရေတပ်များလော သို့မဟုတ် သာမန်လူများလော။ထိုအကြောင်းက သိပ်၍မသေချာသော်လည်းhotဖြစ်နေသော comment အများစုမှာ ဝူခဲ့၏ဖောက်ပြန်မှုနှင့် ဆက်စပ်နေကြသည်။

ဝူခဲ့၏weiboမှာ ပို၍ပင် လူစည်နေသေးပြီး လွန်ခဲ့သောတစ်ပတ်ကတင်ထားသောပို့စ်အောက်၌ စိတ်ဝင်တစားအပျော်အပါးလာရှာကြသူများနှင့် ပြည့်နှက်နေပြီဖြစ်သည်။

စုယိက ဝူရွှယ်ပေးပို့လာသော WeChat အား ကြည့်ရှုခဲ့ပြီး လင်းရှကိုဖော်ကောင်လုပ်မည့် weiboကို ‌တွေ့ခဲ့ရ၏။၎င်းမှာ ပရိသတ်တစ်သန်းကျော်ရှိသောအခကြေးငွေဖြင့်ပို့စ်တင်ပေးသူတစ်ဦးဖြစ်သည်။

 * နာမည်ကြီးကြယ်ပွင့်တွေကိုအဓိကထားပြီး / အမိဖမ်းတဲ့သူတွေ ၊ ကြောင်တောင်နှိုက်တဲ့သူတွေမှန်သမျှ အတုံ့အလှည့်ပြန်ခံရမယ် V - ဒီနေ့မွန်းလွဲငါးနာရီဆို လူတိုင်းအလုပ်ပြီးချိန် ကျောင်းဆင်းချိန် တွေဖြစ်လောက်ရောပေါ့ ....ထိတ်လန့်စရာတစ်ခုခုကို ဖော်ထုတ်ဖို့ ရောက်လာတာ ... လူသိများတဲ့ အမျိုးသမီးအေးဂျင့်တစ်ယောက်က လူသစ်လေးတွေနဲ့အတူအိပ်ပြီး သူ့လက်အောက်မှာရှိတဲ့နာမည်ကြီးတွေကိုလည်း လူတကာနဲ့လိုက်အိပ်ခိုင်းတဲ့သတင်းပဲ ... ငါးနာရီကျရင် ပြန်တွေ့ကြမယ် *

စုယိတစ်ယောက် စိတ်ဝင်တစားဖတ်ရှုနေခဲ့ချိန်တွင် နံဘေးနားရှိလူက တိုးညင်းစွာမေးလာခဲ့သည်။

" အိမ်မှာနေရတာပျင်းလား "

" ဟမ်..... "

စုယိက တစ်ဖက်လူကို မော့ပင်မကြည့်ဘဲ comment section သို့သွားကာ ဖုန်းကိုသာဆက်လက်ကြည့်နေရင်း ပျင်းရိပျင်းတွဲဖြေလေ၏။

" ဒိတ်လုပ်ချင်လားလို့ "

စုယိက သူမ၏လူမသိသူမသိအကောင့်ထဲသို့ဝင်ကာ ထိုပို့စ်အောက်မှ comment မှန်သမျှကို like ဗုံးကြဲနေပြီး " ဟမ် ... " ဟုပင် စိတ်လွတ်ကိုယ်လွတ် ပြ‌န်ဖြေပြန်သည်။

" ဟမ် " ပြင်းထန်သောတုံ့ပြန်ချက်က နောက်ကျမှထွက်ပေါ်လာ၏။စုယိမှာ ယခု၌ စိတ်လွတ်ကိုယ်လွတ်ဖြစ်မနေတော့ဘဲ ချူယင်း၏ဆိုလိုရင်းကို အပြည့်အဝနားလည်သွားသည်။သူမက ဝမ်းသာလုံးစို့လျက် လက်ထဲမှဖုန်းကိုချလိုက်ပြီး မျက်လုံးလေးကလည်လည်ဖြင့် ပြောလိုက်တော့၏။

" အင်း လုပ်ချင်တယ်လေ "

 *****

ယခုအချိန်သည် ဆောင်းအကူးဖြစ်သောကြောင့် နာမည်ကြီးများအတွက် အပြင်ထွက်ရန်အသင့်တော်ဆုံးရာသီဥတုပင်။

လမ်းပေါ်ရှိလူမှန်သမျှမှာ အဝတ်အစားထူထူများကိုဝတ်ဆင်ထားပြီး အအေးဒဏ်အား အန်တုနေရသဖြင့် မည်သူ့ကိုမှ လိုက်ကြည့်မနေနိုင်ကြရှာပေ။

သို့သော်လည်း စုယိက အနက်ရောင်ဘွတ်ဖိနပ်ရှည် ၊ ဘဲနှုတ်သီးဦးထုပ်ပန်းရောင် ၊ ပန်းရောင်ဆွယ်တာနှင့် အနက်ရောင်ဘောင်းဘီတိုတို့ကို ဝတ်ဆင်ခဲ့လေ၏။

ဤသည်မှာ မည်မျှပင်အေးသောရာသီဥတုဖြစ်နေပါစေ လူတကာအာရုံစိုက်လာမည့် အဝတ်အစားမျိုးပင်။

နောက်ဆုံးတွင် ချူယင်းက သူမအား အိပ်ခန်းထဲ ဆွဲခေါ်သွားပြီး ပို၍နွေးထွေးသည့်အဝတ်အစားကို ပြောင်းလဲဝတ်ဆင်စေခဲ့သည်။

စုယိက အနက်ရောင် ကုတ်အင်္ကျီကြီးကိုဆွဲကိုင်လိုက်ပြီး ‌မကျေမနပ်ပြောလာ၏။

" ဒါကြီးက အရမ်းရုပ်ဆိုးတယ် ... မဝတ်တာတော်တော်ကြာနေပြီ "

 " လှတယ် " 

ချူယင်းက သူမ၏ခေါင်းကိုပွတ်သပ်လိုက်ပြီး တိုတိုတုတ်တုတ်ချီးကျူးပေးသည်။လိုချင်သောချီးမွမ်းမှုကို ရရှိသွားသောစုယိသည်လည်း ကုတ်အင်္ကျီကော်လံကိုသပ်သပ်ရပ်ရပ် ဖြန့်လိုက်ကာ တွန့်ဆုတ်စွာ လျှောက်လှမ်းသွားတော့၏။

 “ကောင်းပြီလေ... အဲ့ဒါဆိုလည်း ”

ချူယင်းမှာ ယနေ့၌ ပေါ့ပေါ့ပါးပါး ၀တ်ဆင်ထား၏။သူသည် အနက်ရောင် ဂျာကင်အင်္ကျီနှင့် အလွန်ပင်သန့်ပြန့်နေပြီး suitဝတ်ထားချိန်တွင်ဖြစ်ပေါ်လာတတ်သည့် ဆွဲဆောင်မှုပြင်းထန်သောခံစားချက်များက လျော့နည်းသွားကာ ယနေ့တွင် ပေါပေါ့ပါးပါးဖြစ်သောခံစားချက်မျိုးကို ရသည်။

သူမတို့နှစ်ဦးစလုံး အနက်ရောင်ဝတ်ဆင်ထားကြသည်ဖြစ်၍ စုယိမှာ အလွန်ကျေနပ်နေလေ၏။စုယိက ကားပေါ်သို့တက်လိုက်ပြီး ထိုင်ခုံကိုမှီချလိုက်သည်။

 "ဘယ်သွားချင်လဲ"

" ရုပ်ရှင်ရုံ "

သူမက အတွေးထဲပေါ်လာသည့် ရောက်တက်ရာရာနေရာကို ဖြေဆိုလိုက်သည်။

ထိုအခါ ချူယင်း၏ကားက မြို့ထဲတွင်ရှိသည့်အကြီးဆုံး ရုပ်ရှင်ရုံဆီသို့ ဦးတည်မောင်းနှင်သွားခဲ့သည်။ထိုရုပ်ရှင်ရုံမှာ လူအသွားအလာများသည့်ဈေးဝယ်စင်တာကြီးတစ်ခု၏ဘေးတွင်တည်ရှိပြီး ယနေ့မှာ ပိတ်ရက်ဖြစ်၍ လူစည်နေ၏။စုယိ ကားပေါ်မှဆင်းတော့မည့်ဆဲဆဲတွင် တစ်ဖက်လူက သူမ၏လက်ကိုလှမ်းဖမ်းဆွဲထားသည်။

ချူယင်းက ထိုင်ခုံများကြားရှိ boxကိုဖွင့်လိုက်ကာ mask နှစ်ခုကိုထုတ်ယူလိုက်ပြီး တစ်ခုကို စုယိအားလှမ်းတပ်ပေး၏။ကျန်တစ်ခုကိုမူ သူ့ကိုယ်သူဝတ်ဆင်လိုက်သည်။

ချူယင်းတပ်ဆင်ပေးလာသောပန်း‌ရောင်maskကို စုယိ တစ်ချက်ပြန်ကြည့်လိုက်‌သောအခါ ပြင်ပတွင်ထင်ရှားနေသည့် " O " သင်္ကေတကြီးကို တွေ့လိုက်ရတော့၏။

ချူယင်း၏အနက်ရောင် maskတွင်မူ " I " သင်္ကေတပါရှိသည်။

စုယိမှာ တစ်ကိုယ်လုံးပူထူသွားခဲ့ပြီး သူမ၏မျက်နှာတစ်ခုလုံးက ခရမ်းချဉ်သီးကဲ့သို့ နီရဲလာသော်လည်း maskတပ်ထားသဖြင့် သိပ်မသိသာနေချေ။

ကားပေါ်မှဆင်းပြီးနောက်ပိုင်းတွင် အလွန်နှေးကွေးစွာလျှောက်လှမ်းလာနေသောစုယိအား ချူယင်းက လှည့်ကြည့်လျက် မေးလာခဲ့သည်။

" ဘာဖြစ်လို့လဲ "

ထိုအခါစုယိက အရှေ့သို့ခပ်မြန်မြန်လှမ်းသွားပြီး တစ်ဖက်လူ၏လက်မောင်းကိုဖက်တွယ်ကာ ခပ်တိုးတိုးပြောလိုက်တော့၏။

" ရှင်က အရမ်းထန်တာပဲ "

ချူယင်း : "—"

' ဒီမိန်းကလေးက ဘာတွေတွေးနေတာလဲ '

နှစ်ဦးသား ဘတ်ဂျက်ပမာဏ‌အတော်များများအကုန်အကျခံ၍ရိုက်ကူးထားသောသိပ္ပံစိတ်ကူးယဉ် ဟောလီးဝုဒ်ဇာတ်ကားကို ကြည့်ရှုရန်ဆုံးဖြတ်ခဲ့ကြသည်။

ပွဲချိန်ကပ်မှ လက်မှတ်ဝယ်ယူခဲ့သည်ဖြစ်သောကြောင့် တတိယတန်းညာဘက်အစွန်မှ လက်ကျန်ထိုင်ခုံများကိုသာ ရွေးချယ်နိုင်ခဲ့၏။

" ပေါက်ပေါက်နဲ့ cola လား "

လက်မှတ်ဝယ်ယူပြီးနောက် ချူယင်းက မေးလာသောအခါ စုယိ၏နှလုံးသားထဲရှိ အကောင်ပေါက်လေးများမှာ ဝူးခနဲဝါးခနဲဖြစ်သွားကြသည်။

" အင်းး " စုယိက အားတက်သရော ဖြေကြားလိုက်၏။

ဤသည်မှာ စုယိအတွက် ချူယင်းနှင့်ဒုတိယအကြိမ် အတူရုပ်ရှင်ကြည့်ခြင်းဖြစ်သည်။နောက်ဆုံးတစ်ကြိမ်က စုယိသည် ထိုသူ၏ရင်ခွင်ထဲပစ်ဝင်ရန်ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ရှာပေ။

ယခုတစ်ကြိမ်တွင်မူ နံဘေးမှထိုအမျိုးသား၏လက်ကို ပြောင်ပြောင်တင်းတင်း ဆုပ်ကိုင်ထားနိုင်နေပြီဖြစ်သည်။

သူတို့နှစ်ဦး၏နံဘေးတွင် အထက်တန်းကျောင်းသူ ၊ ကျောင်းသားဆယ်ဦးကျော်ခန့်ရှိနေပြီး ကျောင်းတွင်းလှုပ်ရှားမှုတစ်ခုခုကြောင့် ရောက်လာကြခြင်းဖြစ်နိုင်၏။

ရုပ်ရှင်မစသေးသည့်အတွက် ရုံတွင်း၌ ရှောင်လွှဲ၍မရနိုင်ဘဲ ဆူညံနေလေသည်။

ကျောင်းသူလေး‌တစ်ယောက်က အစွန်တွင်ထိုင်နေသောကျောင်းသားတစ်ဦးထံသို့သွားပြီး ဖုန်းကိုထောင်ပြနေ၏။သူမ၏ဖုန်းထဲတွင် ယှဉ်လျက်သားဖြစ်နေသော ဓာတ်ပုံနှစ်ပုံရှိသည်။

" ဒီနှစ်ယောက်ထဲမှာ ဘယ်သူက ပိုလှလဲ... "

 " ဘယ်ဘက်က စုယိ မလား "

သူမ၏နာမည်အား ကြားသွားသောကာယကံရှင်စုယိက ထိုနေရာသို့ မသိမသာလှည့်ကြည့်လိုက်သည်။

 "ဟုတ်တယ် .... တစ်ယောက်ရွေးရမယ်ဆိုရင် ဘယ်သူ့ကိုရွေးမလဲ"

 "သေချာပေါက် စုယိပဲပေါ့... ညာဘက်က တစ်ယောက်ကို သိတောင်မသိဘူး ... သူ့ပုံစံက တစ်မျိုးကြီး "

ထိုအခါကျောင်းသူလေးက ကျေနပ်သွားပြီး သူမ၏အဖော်များရှိရာသို့ပြန်လျှောက်လှမ်းလာကာ ဂုဏ်ယူဝင့်ကြွားနေသောလေသံဖြင့်ပြောသည်။

 “တွေ့လား... ငါပြောသားပဲ... စုယိက ယန်ရော့လင်ထက် ပိုလှပါတယ်ဆို ”

အခင်းနေရာတွင်ရှိ‌နေသောစုယိကလည်း ပြုံးရယ်လိုက်ပြီး နံဘေးရှိလူနားသို့ တိုးကပ်၍ ဆိုလေသည်။

" ကြားလား... မြန်မြန်မှတ်ထားလိုက်တော့ "

" မလိုပါဘူး... မင်းထက် ဘယ်သူမှ ပိုမလှနိုင်မှန်း သိပြီးသား " ချူယင်းက မျက်ခုံးပင့်လျက်ပြောလိုက်သည်။

ကြည့်ရှုနေခဲ့သည်မှာ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားဖြစ်သော်လည်း စုယိ၏နှလုံးသားထဲတွင်မူ ပန်းရောင်ပူဖောင်းများက ပေါက်ပေါက်ဖောက်နေခဲ့ကြလေ၏။