Chapter 77
ရုပ်ရှင်ကြည့်ပြီးနောက်တွင် နှစ်ယောက်သား အနီးနားရှိ ကုန်တိုက်သို့ ဝင်ခဲ့ကြသည်။ကုန်တိုက်အတွင်းသို့ ရောက်သွားသည့်အချိန်တွင် စုယိမှာ " ချူရှင်းပလာဇာ " ဟူသော နာမည်အပြည့်အစုံမှ မျိုးရိုးနာမည် " ချူ " ကို သတိထားမိသွားတော့၏။
" ရှင့်မိသားစုထဲမှာ ချူရှင်းဆိုတဲ့နာမည်နဲ့ တစ်ယောက်ယောက်ရှိတာလား "
" အင်း...ကိုယ့်အဖေဘက်က အဘွားရဲ့နာမည်လေ "
ဆိုင်တစ်ဆိုင် အရှေ့သို့ ရောက်လာသောအခါ မျက်နှာစာတွင် ခင်းကျင်းပြသထားသော အဝေးထိန်းလေယာဉ်ရုပ်တစ်ခုက စုယိ၏အာရုံကိုဖမ်းစားသွားသည်။ချက်ချင်းဆိုသလိုပင် စုယိမှာ လေယာဉ်ရုပ်များကို သဘောကျတတ်သောသူမ၏တူဖြစ်သူအား သတိရမိသွားတော့၏။
စုယိက မပြောမဆိုဖြင့် ချူယင်းအားဆွဲခေါ်သွားကာ အရုပ်တန်းရှေ့တွင်ထိုင်ချလိုက်ပြီး ပြောလေသည်။
" ယောက်ျားလေးတွေက ဘယ်လိုကစားစရာတွေ သဘောကျတာလဲ "
ထိုအခါချူယင်းက ဘာမှပြန်မမေးဘဲ လက်ကိုမြှောက်ကာ စုယိအတွက် ကစားစရာအရုပ်တစ်ချို့ကို ရွေးထုတ်ပေးလေ၏။ကျသင့်ငွေရှင်းပြီးနောက်တွင် နှစ်ဦးသား ဆိုင်ထဲမှ ထွက်လာခဲ့ကြသည်။
ကားပေါ်သို့ပြန်ရောက်ချိန်တွင် ၅ နာရီထိုးနေပြီဖြစ်ပြီး စုယိက အထုပ်အပိုးများကို ကားနောက်ခန်းထဲသို့သွားထားလိုက်၏။ထို့နောက်သူမက ကားရှေ့ခန်းထဲတွင်ဝင်ထိုင်ကာ weiboတွင် တက်လာသည့်စာကိုဖတ်ရှုရန် အဆင်သင့်ဖြစ်နေသည်။
ပို့စ်ခေါင်းစဉ်တွင် * အသက်လေးဆယ်ကျော်အမျိုးသမီးအေးဂျင့်နဲ့ သူ့ရဲ့အသားစိမ်းလေးအကြောင်း ပြောပြမဲ့ဇာတ်လမ်း * ဟု အစချီထား၏။
*လင်းရှအိမ်ထောင်ကျခဲ့တာ နှစ်တော်တော်ကြာပြီ...ဒါပေမဲ့ ပထမဆုံးပုံထဲမှာ သူနဲ့ သမ်းမင်ယန်က လုံးဝကို အတည်ပေါက်ကြီးနမ်းနေကြတာ ... အရမ်းစိတ်လှုပ်ရှားစရာကောင်းတာပဲ ... နောက်တစ်ခါပြောမှာက တခြားသူတွေနဲ့အတူအိပ်ခိုင်းတဲ့ကိစ္စ ...*
လင်းရှ၏လက်အောက်ရှိနာမည်ကြီးများကို မထိခိုက်စေရန်အတွက် စုယိသည် သူမနှင့်လင်းရှကြားမှ မက်ဆ့ခ်ျမှတ်တမ်းများကို ပေးပို့ခဲ့၏။ထိုscreenshotများထဲတွင် လင်းရှက စုယိအား အတင်းအကြပ် သွားရန်တိုက်တွန်းနေခဲ့ပြီး သူဌေးကြီးအချို့၏ အမည်များကိုပင်ပြောထားသေးကာ ပို့စ်တင်သူက ထိုနာမည်များကို ဆင်ဆာဖျက်ထားသည်။
ထိုအချိန်က WeChat သည် အလွန်ရေပန်းမစားခဲ့သေးပေ။ချက်တင်မှတ်တမ်းများမှာ မဂ္ဂဇင်းသို့တင်ပြရန်အတွက် လွန်ခဲ့သောနှစ်အနည်းငယ်က စုယိ screenshot ရိုက်ထားခဲ့သည်များဖြစ်၏။စာမျက်နှာများမှာ အလွန်ဟောင်းနေပြီး ယုံကြည်စိတ်ချရမှု မြင့်မားသည်။
* ဒါကို photoshop လုပ်ထားတယ်လို့ထင်ရင် ရန်လာတွေ့လို့ရတယ် ကိစ္စမရှိဘူး ... ဖွင့်မချရသေးတာတွေအများကြီး ရှိသေးတယ် *
ထိုစာကိုဖတ်ပြီးနောက်တွင် စုယိမှာ စိတ်သက်သာရာရသွားသည်။ကလဲ့စားချေခြင်း၏အရသာမှာ ထို့ထက်ပို၍ အံ့ဩစရာမကောင်းနိုင်တော့ချေ။
စုယိ သီချင်းလေးညဉ်းနေခိုက်တွင် ဝူရွှယ့်ထံမှ မက်ဆေ့ခ်ျအသိပေးချက်က ဖုန်းမျက်နှာပြင်ထိပ်တည့်တည့်တွင် ပေါ်လာသည်။ဝူရွှယ်ပေးပို့လာသည်က Weibo linkတစ်ခုဖြစ်ပြီး စုယိမှာ ငှားရမ်းထားသောသူများထံမှ နောက်ထပ်ပို့စ်တစ်ခုအထင်ဖြင့် ထိုlinkထဲသို့ ချက်ချင်းနှိပ်ဝင်သွားလိုက်၏။
* စုယိဂာ လျှို့ဝှက်ဆန်းကြယ်တဲ့အမျိုးသားတစ်ဦးနဲ့ ကုန်တိုက်မှာဈေးဝယ်ထွက်ခဲ့ပြီးတော့ ကလေးကစားစရာတွေဝယ်ယူနေ... သူ့ပုံစံက ကိုယ်ဝန်ရှိနေသလိုပဲ...ပြည့်အင့်အင့်ဖြစ်နေတယ် ... မဟုတ်မှလွဲရော ချမ်းသာတဲ့မိသားစုထဲကသားနဲ့လက်ထပ်တော့မှာများလား *
စုယိတစ်ယောက် မျက်လုံးပြူးသွားသည်။ထိုစာနှင့်တွဲတင်ထားသောပုံထဲတွင် အနက်ရောင်အင်္ကျီများဝတ်ထားကြသည့် သူမနှင့်ချူယင်းတို့ ပါဝင်၏။ယခုလေးတင် ရိုက်ကူးမိထားသောပုံမှန်း သိသာလွန်းသည်။
" ဘာဖြစ်လို့လဲ "
ပုံမှန်ဟုတ်မနေသောစုယိ၏အမူအရာကို ချူယင်းက သတိထားမိသွားပြီး မေးလာသည်။
" ကျွန်မ ကိုယ်ဝန်ရနေပြီလို့ မီဒီယာတွေက ပြောနေကြတယ် "
ထိုအခါ ချူယင်းက ခေတ္တကြောင်အမ်းအမ်းဖြစ်သွားပြီး စုယိ၏ဝမ်းဗိုက်ကို စိုက်ကြည့်နေသည်။အဝတ်ဖြင့်ဖုံးကွယ်ထား၍ ဘာမှတော့ မမြင်ရချေ။
" တကယ်လား " ချူယင်းက တွေဝေနေသောလေသံဖြင့်မေးလာ၏။
“…....”
' အကာအကွယ် ကောင်းကောင်းကြီးသုံးခဲ့ပြီးတော့ ဟုတ်မဟုတ်တောင် မခွဲနိုင်ဘူးလား '
စုယိက သူမ၏ပေါင်များကိုငုံ့ကြည့်လိုက်ကာ ရုတ်တရက်ကြီး စနှိုးစနှောင့်ဖြစ်လာသည်။သူမသည် စိတ်အလိုမကျဖြစ်နေသမျှကိုရောထွေးကာ ဖုန်းအား အိတ်ထဲသို့ အားပါပါဖြင့် ထိုးထည့်ပစ်လိုက်တော့၏။
အပုပ်သတင်းများဖော်ကောင်အလုပ်ခံလိုက်ရချိန်တွင် လင်းရှမှာ သမ်းမင်ယန်နှင့်အတူ ဟိုတယ်ရောက်နေခဲ့သည်။ လင်းရှတစ်ယောက် အဝတ်များကို ချွတ်မပြီးသေးမီမှာပင် သူမ၏ခင်ပွန်းဖြစ်သူထံမှ ဖုန်းဝင်လာခဲ့၏။
"မင်းဘယ်မှာလဲ...."
“ဘာကို ဘယ်ရမှာလဲ...ရုံးမှာ ဆွေးနွေးနေတာပေါ့”
လင်းရှက သမ်းမင်ယန်၏ခေါင်းကို ထိုးဖွရင်း ပြောလိုက်သည်။
'တင်းတောင်'
ထို့နောက် ချက်ချင်းဆိုသလိုပင် ဘဲလ်သံ မြည်လာခဲ့ပြီး ဖုန်းတစ်ဖက်မှလူက " တံခါးဖွင့်စမ်း " ဟု အော်ပြောလာခဲ့၏။
နောက်ဆက်တွဲဖြစ်ရပ်မှာတော့ အထိတ်တလန့်ဖြစ်နေသောစစ်သည်တော်များနှင့် ဝရုန်းသုန်းကားဖြစ်နေသည့်စီးတော်မြင်းများသကဲ့သို့ပင်။သမ်းမင်ယန်မှာ အိမ်တစ်ဝိုက်တွင် ပြေးလွှားနေရသည်အထိ ထိုးနှက်ခံခဲ့ရပြီး လင်းရှမှာမူ စိတ်ဝိဉာဉ်နှင့်နှလုံးသားများလွင့်သွားလောက်အောင် အော်ဟစ်နေခဲ့လေ၏။အရာအားလုံးပြီးဆုံးသွားသောအခါမှ လင်းရှက လိုင်းပေါ်မှဂယက်ကိုတွေ့သွားတော့သည်။
လင်းရှသည် အကြောင်းစုံကိုသိသိချင်း ရုံးသို့ ပြန်ပြေးခဲ့၏။သူမလိုရွှေအဆင့်အေးဂျင့်တစ်ဦးအား ကုမ္ပဏီက ဒီအတိုင်းလွှတ်ထားမည်မဟုတ်ပေ။ဤသည်မှာ အသေးအမွှားကိစ္စမဟုတ်ဘဲ သူမမှာလည်း နာမည်ကြီးတစ်ယောက်မဟုတ်သောကြောင့် ကိုင်တွယ်ဖြေရှင်းရန် သိပ်မခက်ခဲလှချေ။
သို့သော်လည်း ရုံးသို့ရောက်သောအခါတွင်မူ ပြန်လည်ထွက်ခွာသွားရန် အသိပေးခံခဲ့ရလေသည်။
လင်းရှ၏မျက်လုံးများက ပြူးကျယ်နေပြီး ဆံပင်များမှာရှုပ်ပွနေကာ သူမက ဤအခြေအနေအား လက်သင့်မခံနိုင်ဖြစ်နေသည်။
" စာချုပ်သက်တမ်းမကုန်သေးဘူး... ကျွန်မ ဘာအမှားမှ လုပ်မထားဘူး... ရှင်တို့ကျွန်မကို အလုပ်ထုတ်လို့မရဘူး"
ဒါရိုက်တာက အဘိုးကြီးက အရှေ့မှလူနှင့်အကြည့်ချင်းမဆုံဘဲ ဖိုင်ကိုသာငုံ့ကြည့်နေရင်း ပြောလေ၏။
" နင်ဘာလုပ်လဲ လူတိုင်းသိတယ်... အရင်က မျက်လုံးမှိတ်ပေးထားခဲ့ပေမဲ့ အခုလို ကြီးကြီးမားမားဖြစ်သွားပြီဆိုတော့ ကာကွယ်မပေးနိုင်တော့ဘူး... တခြားနေရာသွားရှာ "
နူးညံ့သိမ်မွေ့သောချဉ်းကပ်မှုက အလုပ်မဖြစ်နိုင်ကြောင်းသိသွားသည့်လင်းရှက ခြိမ်းခြောက်သလိုလိုလေသံဖြင့် ပြင်းထန်စွာ ဆိုလာခဲ့သည်။
"ကျွန်မကို စွန့်ပစ်ရင် ကျွန်မ လက်အောက်ကနာမည်ကြီးတွေကိုပါခေါ်ထုတ်သွားလိုက်မှာ "
လင်းရှမှာ ယခင်ကတည်းက ကိုယ်ပိုင်အေဂျင်စီတည်ထောင်ရန် ရည်ရွယ်ထားခဲ့သော်လည်း စာချုပ်ဖြင့်ချုပ်နှောင်ခံခဲ့ရ၏။ထို့အပြင် လက်ရှိအခြေအနေက သူမအတွက် အဆင်မပြေသည့်အပြင် ဤကဲ့သို့အလုပ်ထုတ်ခံလိုက်ရပါက လိုင်းပေါ်တွင်ပွထနေသောသတင်းများက အမှန်ဖြစ်ကြောင်း ဝန်ခံလိုက်သည်နှင့် မခြားမနားဖြစ်လိမ့်မည်။
" ခေါ်ထုတ်သွားမယ်တဲ့လား...ဟုတ်ပါပြီ အခုလို နင့်နာမည်မျိုးနဲ့ ဘယ်သူက လိုက်ရဲမှာလဲ ... သွားမေးကြည့်လိုက်ဦး .... နင်ဒုက္ခရောက်ပြီးတဲ့အချိန်ကစပြီး အခုချိန်ထိ ဘယ်သူကဖုန်းတစ်ချက်ဆက်လဲ ... နင်ရုံးကိုရောက်မလာခင် မိနစ်ပိုင်းအလိုမှာပဲ ဟိုတယ်မှာ ပက်ပင်းမိတဲ့ ဗွီဒီယိုက ပြန့်သွားပြီဆိုတာကိုရောသိလား "
လင်းရှမှာ နွေခေါင်ခေါင်တွင် မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။
" ဘာတွေပြောနေတာလဲ "
"ကိုယ့်ဘာသာကိုယ်သွားကြည့်... သမ်းမင်ယန်ရဲ့ကုမ္ပဏီဘက်ကလည်း စာချုပ်ဖျက်သိမ်းဖို့ အဆင်သင့်ဖြစ်နေပြီ... နင်က လုပ်သက်လည်းကြာပြီဆိုတော့ စာချုပ်စည်းကမ်းဖောက်တဲ့အတွက်ကို လျော်ကြေးမတောင်းတော့ဘူး ... ကိုယ့်ကိုကိုယ်ကံကောင်းမှန်းသိလိုက်တော့ ... ရုံးခန်းပြန်ပြီး ပစ္စည်းသွားသိမ်းလို့ရပြီ "
လင်းရှက ရုံးခန်းအပြင်သို့ မှုန်ကုပ်ကုပ်ထွက်လာချိန်တွင် သမ်းမင်ယန်ထံမှ ဖုန်းဝင်လာခဲ့၏။တစ်ဖက်လူ၏လေသံက ကြောက်ရွံ့လျက်ရှိသောသမင်ငယ်ကလေးတစ်ကောင်ကဲ့သို့ တုန်ယင်နေသည်။
“ကျဲ...လိုင်းပေါ်မှာ သတင်းတွေ မြင်ပြီးပြီလား”
“ အေး ”
"ဒါဆို ကျွန်တော်ဘယ်လိုလုပ်ရမလဲ...ဇာတ်ကားဆက်ရိုက်နိုင်ဦးမှာလား "
"ဇာတ်ကားတဲ့လား... scene တွေကနေ လုံးလုံးမဖြုတ်လိုက်ရင်တောင် ကံကောင်းရောပဲ " လင်းရှက လှောင်ရယ်လျက်ဆိုလိုက်သည်။
" နေပါဦးကျဲ... ကျွန်တော့်ကိုဆက်ပြီး ဂရုမစိုက်ပေးတော့ဘူးလား "
အခြေအနေမှာစိတ်အနှောက်အယှက်ဖြစ်စရာကောင်းလွန်းသောကြောင့် လင်းရှက ဖုန်းချပစ်လိုက်သည်။ဤသို့ဝရုန်းသုန်းကားဖြစ်အောင် ကြံစည်ခဲ့သူက မည်သူမည်ဝါမှန်းသိသာနေလွန်း၏။စုယိနှင့် သူမ၏ ချက်တင်မှတ်တမ်းမှာ အွန်လိုင်းပေါ်တွင် ပွထနေဆဲဖြစ်သည်။လင်းရှက သူမ၏ပတ်ပတ်လည်တွင်ဝိုင်းနေသော မနှစ်မြို့ဖွယ်အကြည့်များကို ဥပေက္ခာပြုလိုက်ပြီး အဆောက်အဦးအပြင်သို့ ထွက်သွားခဲ့သည်။
*****
စုယိတစ်ယောက် အသက်ပြင်းပြင်းရှူနေရ၏။
ချူယင်းမှာမူ ကော်ဖီခွက်ကိုင်ကာ နံဘေးတွင် ရပ်နေခဲ့ပြီး စုယိ၏လက်ထဲသို့ ထိုခွက်ကိုထည့်ပေးလာသည်။
" တစ်ငုံလောက်သောက်ပြီး နားလိုက်နော် "
" ဟင့်အင်း " စုယိက ခေါင်းတွင်တွင် ခါယမ်းလျက်ငြင်းပစ်လိုက်သည်။
"စိတ်မပူပါနဲ့...အရမ်းဆိုးမှာ မဟုတ်ပါဘူး "
"ရှင်က နှစ်သိမ့်ပေးဖို့ပဲသိတာ ... သွားစမ်းပါ "
စုယိက အလိုမကျဖြစ်နေသောမျက်နှာထားဖြင့် ခါးသီးစွာပြောလိုက်လေသည်။
ထိုအခါ ချူယင်းကလည်း သူမ၏စကားကိုနားထောင်လျက် ခြေလှမ်းအနည်းငယ်ဆုတ်သွားခဲ့၏။
"ခေါင်းလှည့်ထား..."
တစ်ဖက်လူမှာ စုယိ ပြောသည့်အတိုင်း တစ်သွေမတိမ်းလိုက်လုပ်ရှာသည်။
ထို့နောက်တွင် စုယိက နံရံကိုမှီကာ ပေါင်ချိန်စက်ပေါ်တက်သွားလိုက်ပြီး မျက်လုံးများကို မှိတ်ထားခဲ့၏။
" ပြီးပြီလား "
" ဟင့်အင်း... မပြီးသေးဘူး...မကြည့်နဲ့ "
ချူယင်း လှမ်းမေးလိုက်သည့်အခါ စုယိက အသည်းအသန်တားသည်။
" အင်းပါ မကြည့်ဘူး"
ချူယင်းခမျာ ရယ်ချင်စိတ်ကို ထိန်းချုပ်ထားရလေ၏။
ထို့နောက်တွင် စုယိမှာ ဖြည်းညင်းစွာဖြင့် အောက်သို့ငုံ့ကြည့်ခဲ့သည်။
* ၅၇.၀၁ ကီလိုဂရမ် *
' ၅၇ တဲ့လား '
လင်းနို့တစ်ကောင်က ဦးခေါင်းကိုရိုက်ခတ်သွားသကဲ့သို့ စုယိတစ်ယောက် မူးဝေလာကာ ကြယ်နှင့်လများမြင်လာသည်။သူမသည် ရလဒ်ကို လုံးဝမယုံကြည်နိုင်ဘဲ ပေါင်ချိန်စက်ပေါ်မှ အသည်းအသန်ခုန်ဆင်းကာ ခေါင်းကိုတွင်တွင်ခါယမ်းနေလေ၏။
" မဟုတ်ဘူး ... မှားမြင်တာ ... မှားမြင်နေတာ "
ထို့နောက် စုယိက ပေါင်ချိန်စက်ပေါ်သို့ နောက်တစ်ကြိမ် ထပ်တက်သည်။
* ၅၇.၀၂ ကီလိုဂရမ် *
' နောက်ထပ် ၀.၀၁ လား '
" ၅၇ က မဝပါဘူး "
ချူယင်းက အရှေ့သို့ရောက်လာသော်လည်း စုယိခမျာ ချက်ချင်းအာရုံမစိုက်နိုင်သေးချေ။
ထို့နောက်တွင် နားပိတ်လျက်ခေါင်းလောင်းခိုးနေသောသူခိုးတစ်ဦးကဲ့သို့ဖြစ်သောစုယိမှာ ရုတ်တရက်လန့်ဖျပ်သွားပြီး ချူယင်း၏မျက်လုံးများကို အသည်းအသန်လိုက်ပိတ်နေတော့သည်။
" မကြည့်နဲ့ "
ချူယင်းတစ်ယောက်ရယ်မောမိလေ၏။ဤကဲ့သို့အဖိုးတန်ရတနာလေးအား မည်သည့်နေရာမှ ရှာတွေ့လာမှန်း သူကိုယ်တိုင်လည်း မသိချေ။
ဝမ်းနည်းမှုမှလွန်မြောက်သွားပြီးနောက်တွင် စုယိမှာ သူမ၏ trainer ထံသို့ မက်ဆေ့ချ် ပို့ခဲ့သည်။
[ နတ်ဘုရားမ စုယိ : ဆရာရှိလား *နားရွက်အုပ်ပြီးငိုနေသောစတစ်ကာ * ]
[ Trainer : ဒီမှာ သတင်းတွေတွေ့တယ် ... ဂုဏ်ယူပါတယ် ]
စုယိမှာ အနည်းငယ်ဆွံ့အသွားသော်လည်း ရှည်ရှည်ဝေးဝေးရှင်းပြမနေတော့ဘဲ လိုရင်းကိုသာပြောရန် ဆုံးဖြတ်လိုက်သည်။
[ နတ်ဘုရားမ စုယိ : မနက်ဖြန်လာခဲ့ပါ့မယ် ]
"မနက်ဖြန် ပေကျင်းမှာ ရှိုးပွဲရှိတယ် ... သွားချင်လား"
"ကျွန်မ Trainer နဲ့ ချိန်းထားတယ် "
"မင်းက တကယ်မဝပါဘူး"ချူယင်းက မျက်မှောင်ကြုတ်လျက်ဆိုလိုက်သည်။
"ကျွန်မက ၁၁၀ ကျင်းရှိနေပေမဲ့ တခြားမိန်းကလေးနာမည်ကြီးတွေက ၈၀ ၊ ၉၀ ကျင်းလောက်ပဲရှိမှာ... အဲ့ဒါတောင် အဆင်ပြေနေသေးတာလား "
[ T/N - ၂ ကျင်းသည် ၁ ကီလိုဂရမ်နှင့်ညီမျှသည်။တရုတ်ပြည်ရှိကုန်စိမ်းဈေးများမှ အချို့သော ဟင်းသီးဟင်းရွက်/ အသားရောင်းချသူများသည် " ကျင်း " ယူနစ်ဖြင့်တိုင်းတာလေ့ရှိကြသည်။ယခု၌ စုယိပြောချင်သည်မှာ အခြားသူများက ကိုယ်အလေးချိန် ၄၀ ၊ ၄၅ ကီလိုဂရမ်ခန့်သာရှိကြသော်လည်း သူမမှာ ၅၇ ကီလိုဂရမ်ဖြစ်နေသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ]
"သူတို့အကုန်လုံးက ၁မီတာနဲ့ ၆၅စင်တီမီတာမြင့်တယ် ... မင်းအရပ်က ၁ မီတာနဲ့ ၇၅ စင်တီမီတာလေ"
" ၇၆ ပါနော် .... ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကျွန်မက နာမည်ကြီးတစ်ယောက်လေ ... ပုံပန်းသဏ္ဌာန်ကိုထိန်းသိမ်းထားဖို့က ဦးစားပေးပဲ ... အလေးအနက်ထားရမယ် "
ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် ချူယင်းက ပြောလာသည်။
"ကိုယ်တစ်ယောက်လုံးဒီမှာ ရှိနေတာကို ဘာလို့ တခြားတစ်ယောက်ကိုရှာနေတာလဲ"
" ဟမ်... "
"အရင်က မပြောဖူးဘူးလား .... အိမ်မှာ ပစ္စည်းကရိယာတွေအများကြီး ပြင်ထားတယ်လို့ " ချူယင်းကမျက်ခုံးပင့်လျက်ဆိုလိုက်သည်။
စုယိ : "...... ”
"သိပ်မကောင်းဘူးလားလို့.... " စုယိက ခပ်တိုးတိုးပြောသည်။
"ဘာလဲ ... မသွားဘူးလား"
" သွားမယ် " စုယိက ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရင်း ပြန်ဖြေလိုက်၏။
ဒုတိယနေ့တွင် နှစ်ယောက်သား အစောကြီး ထွက်လာခဲ့ကြသည်။
ချူယင်းသည် အထပ်နှစ်ထပ်သာမြင့်သော အိမ်ငယ်လေးတွင် ပုံမှန်နေလေ့ရှိသော်လည်း ကြမ်းပြင်ဧရိယာမှာကျယ်ဝန်းသည်။အိမ်မှထွက်လာချိန်ကစ၍ ယခုချိန်အထိ စုယိ၏နှလုံးမှာ တဒုတ်ဒုတ်ခုန်နေပြီး ရင်ဘတ်ကြီးတစ်ခုလုံးပေါက်ထွက်တော့မလိုပင်။
ချူယင်းက ကားပါကင်ထိုးလိုက်ပြီးနောက်တွင် သူမ၏နီရဲနေသောမျက်နှာကို ကြည့်လာသည်။
"ဘာဖြစ်တာလဲ မင်းမျက်နှာက အရမ်းနီနေတယ် ... ဖျားပြန်ပြီလား"
"မဟုတ်ပါဘူး ... နည်းနည်းစိုးရိမ်လို့ပါ "
"ဘာစိုးရိမ်စရာရှိလို့လဲ" ချူယင်းက အသာရယ်မောလျက်မေးလိုက်၏။
ချူယင်းက တည်ငြိမ်အေးဆေးနေသောကြောင့် စုယိတစ်ယောက် စိတ်ခုသွားတော့၏။
ယခင်ကမူ သူ့တွင် သူမမှလွဲ၍မည်သူမှမရှိကြောင်း ပြောပြခဲ့သော်လည်း ယခုတွင်မူ ယုံကြည်ချက်က မိုးထိုးနေသည်။
' ယောက်ျားတွေစကား တကယ်ကိုယုံလို့မရဘူးပဲ '
ထိုအချိန်တွင် ဝူရွှယ့်ထံမှဖုန်းဝင်လာခဲ့ပြီး စုယိက ခေါ်ဆိုသူ IDကို တစ်ချက်စစ်ကာ ဖုန်းဖြေလိုက်သည်။
" ဘာလဲ "
"နင်ဘယ်မှာလဲ...ဘာလို့အိမ်မှာမရှိတာလဲ"
"ငါက အိမ်ပျော်ကြီး မဟုတ်ဘူးလေ.... နေ့တိုင်း အိမ်မှာ ဘယ်လိုနေရမလဲ"
"ဒါဆို အခုဘယ်ရောက်နေတာလဲ"
"ချူယင်းရဲ့အိမ်" စုယိက ချောင်းအသာဟန့်လျက်ဆိုလိုက်သည်။
".... နင်ကတော့ တကယ်ကိုတစ်ခုခုပဲ ... ဘာလဲ... နင့်အိမ်က မကျယ်ဘူးလို့ ထင်နေတာလား "
" အဲ့လိုမဟုတ်ဘူး... တချို့ကစားစရာပစ္စည်းလေးတွေနဲ့ အပျော်ရှာမလို့လေ ဟဲဟဲ "
" နင် ..... တကယ်ပဲ ဘဝကြီးကို အပီအပြင်ရှင်သန်နေတာပဲ " ဝူရွှယ်မှာ ကျိန်ဆဲရုံမှလွဲ၍ ဘာမှမတတ်နိုင်ပေ။
" ဘာကိစ္စလဲ မြန်မြန်ပြော .... ငါတို့အလျင်လိုနေပြီ "
" လင်းရှက ငါ့ကိုလာတွေ့ပြီး အပေးအယူလုပ်တယ် "
" ဘာအပေးအယူလဲ ... ဘာမှမလုပ်နိုင်ဘူး "
“သူကမ်းလှမ်းတဲ့ဈေးက တော်တော်များတယ်...နင့်ဇာတ်ကားနှစ်ခုစာလောက်ရှိတယ် အဲ့ဒါလာပြောပြတာ "
"ဒါဆို နောက်ထပ် ဇာတ်ကားနှစ်ခုပဲ ထပ်ရိုက်လိုက်မယ်"
" အေးပါဟယ် ... အချိန်ကောင်းလေးမှာ ပျော်နိုင်ပါစေ "
ဖုန်းချပြီးနောက် စုယိလှည့်ကြည့်လိုက်သောအခါ ချူယင်းက ကားနောက်ခန်းထဲမှ အနက်ရောင်စက္ကူအိတ်တစ်အိတ်ကို ဆွဲထုတ်လာလေသည်။ထို့နောက်သူက ကားတံခါးကိုဖွင့်ပြီး စုယိကိုရင်ခွင်ထဲဆွဲသွင်းကာ အိမ်ထဲသို့ခေါ်သွားလိုက်တော့၏။
___________________________________________