Chapter 78
ပစ္စည်းပစ္စယတွေ အများကြီး။
ချူယင်း၏အိမ်တွင် မထင်မှတ်ဖွယ်ရာပရိဘောဂအချို့ရှိပြီး အေးစက်ခြင်းမဟုတ်ဘဲ သက်တောင့်သက်သာဖြစ်သော ခံစားချက်မျိုးကိုရသည်။ဆိုဖာနှင့် ကြမ်းခင်းများသည် မီးခိုးရောင်များဖြစ်ပြီး အတော်ပင်အဆင့်အတန်းမြင့်သော ပစ္စည်းအမျိုးအစားများဖြစ်သည်။ ၎င်းပစ္စည်းများကို ရွေးချယ်ထားသူမှာ အမြော်အမြင်ကြီးလှကြောင်း သိသာလွန်း၏။
စုယိ အနီးကပ်ကြည့်ရန် အခွင့်အရေးမရသေးမီမှာပင် တစ်ဖက်လူက သူမအား အခန်းတစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
ဤအခြေအနေမှာ သူမ အရင်ကကြည့်ခဲ့ဖူးသော 'Fifty Shades of Grey' ထဲမှ ဇာတ်ဝင်ခန်းနှင့်ဆင်တူနေလေ၏။
စုယိ၏နှလုံးခုန်သံများ မြန်လာသည်။
"ဗိုလ်ကြီး ယင်း ... တကယ်တော့ ကျွန်မ နည်းနည်းစိတ်ပူနေတယ်"
"ဘာတွေ စိတ်ပူစရာရှိလို့လဲ" ချူယင်းက ရယ်မောလျက် ပြောပြောဆိုဆိုဖြင့် တံခါးကို ဖွင့်လိုက်တော့၏။
စုယိမှာ တစ်ချိန်တည်းတွင်ပင် မျှော်လင့်ခြင်းတစ်ဝက် ကြောက်ရွံ့ခြင်းတစ်ဝက်ဖြစ်နေသည်။
ထို့နောက် အခန်းတွင်း၌ အားကစားပစ္စည်းများက နေရာအနှံ့ ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။
ဝိတ်မတုံးများ ၊ အပြေးစက်များ အစရှိသဖြင့်တစ်နေရာတည်းတွင် ပစ္စည်းများ စုံလင်နေလေသည်။ယောဂဖျာနှင့် ယောဂဘောလုံးများပင်ပါရှိသေးသည်။
“ ပထမဆုံး ဆယ့်ငါးမိနစ် မိနစ်နှစ်ဆယ်လောက်သွေးပူလေ့ကျင်ခန်းလုပ် ... ပြီးမှ မိနစ်လေးဆယ်လောက် ပြေး ...မင်းက လေ့ကျင့်ခန်း မလုပ်တာကြာပြီဆိုတော့ ချက်ချင်းကြီး အရမ်းပြင်းထန်တာမျိုးလုပ်လို့မရဘူး ”
" ရှင်ပြင်ထားတယ်ဆိုတဲ့ ပစ္စည်းကရိယာတွေဆိုတာက ဒါတွေလား "
“ဟုတ်တယ်လေ... တစ်ခုခုလွဲနေတာတွေ ဘာတွေရှိလားကြည့်ကြည့်ပါဦး ... မိန်းကလေးတွေ သုံးလို့ရမလားတော့ မသိဘူး ”
ချူယင်းက စက္ကူအိတ်ထဲမှ တစ်စုံတစ်ရာကို နှိုက်ယူလိုက်ပြီး စုယိထံသို့ ကမ်းပေးလာသည်။
" အားကစားဘရာနဲ့ ဘောင်းဘီ "
“—”
ရည်းစားဖြစ်သူနှင့် အားကစားအတူလုပ်ရသည်မှာ စုယိအတွက် အလွန်ခက်ခဲလွန်း၏။ပင်ပန်းရုံတင်မကသေးဘဲ ကြည့်ပျော်ရှုပျော်ဖြစ်အောင်လည်း အားထုတ်နေရသေးသည်။အားကစားဘရာ ပုံပန်းကျနစေရန်နှင့် တင်ပါးအနေအထားအဆင်ပြေစေရန်ကို အထူးအလေးပေးနေရလေ၏။
သုံးနာရီကြာပြီးနောက်တွင်မူ စုယိလက်လျှော့လိုက်သည်။
စုယိခမျာ သူမ၏လက်များကို ပြေးစက် လက်ရန်းပေါ်တင်ကာ ခေါင်းငိုက်စိုက်ကျနေရှာပြီး “အချိန်မကျသေးဘူးလား” ဟု အော်ဟစ်နေရင်းဖြင့် ဆက်လက်ပြေးလွှားနေသောခြေထောက်များမှ ညောင်းညာမှုကို သူမ ခံစားလိုက်ရသည်။
" တောင့်ခံထားပါ... နောက်ထပ် မိနစ်နှစ်ဆယ်ကျန်သေးတယ်"
"နောက်ထပ် မိနစ်နှစ်ဆယ်တောင်လား ... နားလို့မရဘူးလား "
" သည်းခံလိုက်နော် ... " ချူယင်းက သူမခါးကိုခပ်ဖွဖွပုတ်ပြီး နှစ်သိမ့်ပေးသောလေသံဖြင့်ပြောလာသည်။
မိနစ်နှစ်ဆယ်အကြာတွင် စုယိမှာ ဗွက်အိုင်ထဲသို့ ပြုတ်ကျသွားသည့်သဖွယ် မြေကြီးပေါ်သို့လှဲချလိုက်ပြီး ချူယင်းက သူမ၏ချွေးများကို စိတ်ရှည်လက်ရှည် သုတ်ပေးနေခဲ့သည်။
“မင်း တကယ်ကို လေ့ကျင့်ခန်း မလုပ်တာကြာပြီပဲ... နောက်နောင် လေ့ကျင့်ခန်း လုံလုံလောက်လောက် မလုပ်ရင် မကောင်းတော့ဘူး ”
စုယိခမျာ မောဟိုက်ရင်းအလုပ်ရှုပ်နေသဖြင့် ဘာမှပြန်မပြောနိုင်ချေ။အခန်းထဲတွင် တစ်ဖက်လူ၏ အသက်ရှုသံပြင်းပြင်းက်ိုသာကြားနေရသဖြင့် ချူယင်း အနည်းငယ် စိတ်ရှုပ်လာပြီး သူလည်း လေ့ကျင့်ခန်းလုပ်သင့်သည်ဟု ခံစားလာရတော့၏။
Gymအခန်းထဲမှထွက်လာပြီးနောက် စုယိမှာ နောက်ထပ်ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် ခြေထောက်များချော်ထွက်သွားတော့မလို ခံစားလာရသည်။ သူမက လက်နှစ်ဖက်ကို ဆန့်တန်းကာ ချစ်ဖို့ကောင်းစွာပြုမူပြီး ချူယင်းအား လှမ်းပြောလေသည်။
" ကျွန်မကို ခေါ်သွားပေး "
ချူယင်းကလည်း အမေးအမြန်းမရှိဘဲ စုယိအား ကောက်ပွေ့လိုက်တော့၏။သူက စုယိအား တစ်ချက်ဆက်ပင့်တင်လိုက်ပြီး ခပ်တိုးတိုးပြောလာသည်။
" မင်းက ပိုပေါ့လာတယ် "
ထိုအခါစုယိက ရယ်မောပြီး ချူယင်း၏ပါးပြင်ကိုဆွဲညှစ်ပစ်လိုက်၏။
“ကျွန်မတစ်ကိုယ်လုံး ချွေးတွေချည်းပဲ... အဝတ်တွေဆို ပိုတောင်လေးနေဦးမှာ ... ရှင်ကလေ ... လူတွေကို ဘယ်လိုချော့ပြောရမယ်ဆိုတာကိုပဲ သိတယ် "
နှစ်ဦးသား စင်္ကြံမှထွက်လာပြီး ဧည့်ခန်းထဲရောက်လာချိန်တွင် အိမ်တံခါးမှ စကားဝှက်ရိုက်နှိပ်သံထွက်ပေါ်လာပြီး နောက်ဆုံး၌ " တီ " ဟူသောမြည်သံနှင့်အတူ တံခါးပွင့်လာခဲ့သည်။
ထိုအခါ ချူယင်းတို့နှစ်ယောက်သားက တုန့်ခနဲအေးခဲသွားပြီး တံခါးဆီသို့ တစ်ပြိုင်နက် လှမ်းကြည့်လိုက်ကြတော့၏။
မေမေချူနှင့်ချူရှီးတို့က ပလတ်စတစ်အိတ်ကြီးနှစ်လုံးစီ ကိုင်ဆွဲကာ အိမ်ထဲသို့ ဝင်လာခဲ့ပြီး အထဲသို့ရောက်သည်နှင့် မေမေချူက ဗျစ်တောက် ဗျစ်တောက်ပြောတော့သည်။
" ဒီတစ်ခါတော့ နင့်အစ်ကိုကို ကောင်းကောင်း ပညာပေးမှရတော့မယ်... ကောင်မလေးကို ကိုယ်ဝန်ရအောင်လုပ်ပြီးတာတောင် အိမ်ခေါ်လာပြီး ငါတို့ကိုမပြောရဲဘူး ... နင်လည်း နောက်နောင် အဲ့လိုလူမျိုးနဲ့ မတွေ့စေနဲ့ "
ထိုအချိန်တွင် ချူရှီးက ဖိနပ်ချွတ်နေလေ၏။
" အမေပြောတာမှန်ပါတယ်... ဒါနဲ့ ဒီမှာဘာလို့ မိန်းကလေးဖိနပ်တစ်ရံရှိနေတာလဲ"
"—"
စုယိမှာ ကနဦး၌ ငြိမ်သက်နေရာမှ အောက်ဆင်းရန် ချက်ချင်း ရုန်းကန်ခဲ့သော်လည်း တစ်ဖက်လူ၏ခွန်အားကြောင့် တစ်ချက်ကလေးမှ မလှုပ်နိုင်ရှာပေ။
ချူယင်းက စုယိကို ပိုမိုတင်းကြပ်စွာပွေ့ဖက်လိုက်လျက် "မား" ဟု ငြိမ်သက်စွာ နှုတ်ဆက်လိုက်သည်။
ထိုအခါသားအမိနှစ်ယောက်က အသံလာရာသို့ လှည့်ကြည့်လာကြပြီး မျက်လုံး၈လုံးအကြည့်ချင်းဆုံကာ အိမ်ထဲ၌ ငြိမ်သက်မှုက ဖုံးလွှမ်းသွားတော့၏။
ချွေးများကြောင့် စုယိရဲ့ဆံပင်အနည်းငယ်သည် သူမ၏မျက်နှာတွင် ကပ်ညှိနေသည်။ သူမ၏ပါးပြင်လေးသည် ရဲတွတ်နေပြီး ချူယင်းဆီကနေလွတ်အောင်ရုန်းနေသည့်ဟန်ဖြစ်နေပေမယ့် သူမ၏လက်များကတော့ သူ့ရင်ဘတ်ပေါ်တွင် တင်ထားပေသည်။
လူလေးယောက်စလုံး၏မျက်နှာမှာ စုယိထံမှ "ဟယ်လိုအန်တီ" ဟုအသံမကြားရသေးခင်အထိ အချိန်အတော်ကြာကို့ရိုကားယားဖြစ်နေကြသည်။
မေမေချူသည် နောက်ဆုံးတွင် အသိပြန်၀င်သွားသဖြင့် ပြန်ဖြေသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
"ဒီလောက် ချွေးတွေ အများကြီးထွက်အောင် မင်းတို့နှစ်ယောက်ဘာလုပ်နေကြတာလဲ"
ချူယင်း "လေ့ကျင့်ခန်းလုပ်နေကြတာပါဗျာ"
မေမေချူ၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားသည်။
"လေ့ကျင့်ခန်းလုပ်တယ်ဟုတ်လား ကိုယ်ဝန်ကြီးနဲ့သူက ဘာကိုလေ့ကျင့်ခန်းလုပ်မှာလဲ အခုချက်ချင်းဆရာ၀န်သွားပြကြမယ်"
မေမေချူသည် အိတ်တွေကို ပစ်ချလိုက်ပြီး ရှေ့သို့အလျင်စလို ပြေးလာတော့သည်။
စုယိသည် ချူယင်းကိုယ်ပေါ်မှ အမြန်ခုန်ဆင်းကာ လက်ဝှေ့ယမ်းပြလိုက်သည်။
"အန်တီ သမီးမှာ ကိုယ်ဝန်မရှိဘူး"
"မင်းမှာ ကိုယ်ဝန်မရှိဘူးလား"
“ဟုတ်”
စုယိ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲတွတ်သွားသည်။
"အဲ့ဒီသတင်းတွေ အကုန်လုံးက မဟုတ်ကဟုတ်ကတွေပါ သမီးမှာ ကိုယ်ဝန်တကယ်မရှိဘူး ... သမီးကဒီအတိုင်း ၀လာရုံတင် "
မေမေချူသည် ခေတ္တလောက်ငြိမ်သက်သွားပြီးမှ ခေါင်းညိတ်လျက်ဆိုလာသည်။
“အင်း မင်း၀တာကောင်းတယ် ၀တာကောင်းတယ်”
စုယိတစ်ယောက် မေမေချူရဲ့၀တာကောင်းတယ် ဆိုသည့်စကားကိုကြားပြီး ရယ်ရခက် ငိုရခက်ဖြစ်သွားမိသည်။
'ဒါ...ဘယ်လိုကြီးတုန်း'
ချူယင်းကမေးလိုက်သည်။
"အမေ ဘာကိစ္စရှိလို့ ရောက်လာတာလဲ"
“ငါလား အာ...”
မေမေချူသည် ချောင်းခြောက်တစ်ချက်ဆိုးလိုက်ပြီး "မင်းကိုတွေ့ချင်လို့ ငါရောက်လာတာလေ ဘာလဲ ကိုယ့်သားကိုယ်တောင် ကိစ္စရှိမှတွေ့လို့ရမှာလား မင်း ဒီအမေ့ကိုပြောပါဦး အိမ်ပြန်မလာတာ ဘယ်လောက်တောင်ကြာနေပြီလဲလို့"
“ဒီတလော ကျွန်တော်အလုပ်တွေ အရမ်းရှုပ်လာလို့ပါ”
ချူယင်းသည် သူ့ဘေးနားရှိလူရဲ့ခါးကို အသာဆွဲဖတ်ပြီး ပြောလိုက်သည်။
"သူမ ချွေးတွေထွက်ပြီး အရမ်းယားနေမှာစိုးလို့ အရင်ရေချိုးဖို့ခေါ်သွားလိုက်ဦးမယ် ပြောစရာရှိရင် နောက်မှဆက်ပြောရအောင်လေ"
စုယိသည် အပေါ်ထပ်သို့ အောင်အောင်မြင်မြင်လွတ်မြောက်သွားသည်။
မေမေချူက သူမပြောတာကို မကြားရကြောင်း သေချာသွားစေရန် ဘေးဘီ၀ဲယာကိုတစ်ချက်စစ်ကြည့်ပြီးနောက် သူမက စိုးရိမ်တကြီးဖြင့် ဆိုလိုက်သည်။
“ကျွန်မ ဘယ်လိုလုပ်ရမလဲ အခု ရှင့်အမေနဲ့တွေ့လိုက်ရပြီ ပြီးတော့ ကျွန်မ... ကျွန်မ ၀တ်ထားတာလုံး၀မသင့်တော်တဲ့ပုံနဲ့ ဒီ့အပြင် မိတ်ကပ်လည်း မလိမ်းထားမိဘူး"
"မင်း သူတို့နဲ့ အနှေးနဲ့အမြန်ဆိုသလိုတွေ့ရမှာပဲကို"
ချူယင်းက စိတ်ပူခြင်းအလျဥ်းမရှိဘဲ သူမအတွက် ရေချိုးခန်းထဲက ရေရဲ့ အပူချိန်ကို အရင်ဆုံး ထိန်းညှိပေးနေလိုက်သည်။
ဤအချိန်မျိုးတွင် စုယိသည် ဘယ်လိုလုပ်ပြီး ရေချိုးဖို့အကြောင်း စိတ်၀င်စားနိုင်ဦးမှာတဲ့လဲ။
သူမသည် သူထွက်သွားပြီးနောက် တံခါးကိုပိတ်၍ ဖုန်းကိုထုတ်ပြီး ၀ူရွှယ်ထံ မက်ဆေ့ချ်ပို့လိုက်သည်။
【 နတ်ဘုရားမ စုယိ : ၀ါး...၀ါး...ငါဘယ်လိုလုပ်ရတော့မလဲ ချူယင်းရဲ့အမေက သူ့အိမ်ကိုရောက်နေတယ် ဘယ်လိုလုပ်ရမလဲ... အွန်လိုင်းမှာအရေးတကြီးစောင့်နေပါတယ် စောင့်နေတယ်! {ငိုကြွေးနေတဲ.jpg} 】
【 ၀ူရွှယ် : နင့်တို့ ဟိုပစ္စည်းကိရိယာလေးတွေနဲ့ကစားနေတဲ့အချိန် တည့်တည့်ကြီးတိုးသွားကြလို့လား ဒါဆိုရင်တော့ ငါလည်းမကယ်နိုင်ဘူး ဒီအတိုင်း ဇာတ်ကြောင်းအတိုင်းဖော်လိုလေးသာလိုက်သွားပေးလိုက်တော့ 】
စုယိသည် ငိုမဲ့မဲ့မျက်နှာလေးဖြင့် ရေချိုးကန်ထဲတွင် ကွေးထားတဲ့ဒူးကိုပိုက်ပြီး ထိုင်နေလိုက်သည်။
【 နတ်ဘုရားမ စုယိ : မဟုတ်ရပါဘူးဟာ စောစောက ပြောခဲ့တဲ့ ကိရိယာတွေဆိုတာ လေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာအဆာပလာတွေလို့ပြောရင် နင် ယုံမှာလား ဒီနေ့ နေ့ခင်းတစ်ခုလုံး လေ့ကျင့်ခန်းလုပ်ခိုင်းလို့ သေမတတ်ဖြစ်နေရတဲ့အထဲ ထပ်ပြီး အသည်းတုန်အောင်လန့်ဖျပ်လိုက်ရတဲ့ငါ့အဖြစ်က အရမ်းသနားစရာမကောင်းလွန်းဘူးလားဟယ်...】
【 ၀ူရွှယ် : ငါလည်း နင် တော်တော်သနားဖို့ကောင်းတယ်လို့ ခံစားလိုက်ရတယ် 】
【 နတ်ဘုရားမ စုယိ : ဒီအကြောင်းကို အခုမပြောသေးနဲ့ဦး… သူ့ရေချိုးခန်းမှာ ပြတင်းပေါက်အကြီးကြီးတစ်ခုရှိတယ် ဒီလိုလုပ်ရအောင်လေ နင်ပြတင်းပေါက်အောက်ကို ကားမောင်း၀င်ခဲ့ ငါခုန်ချလိုက်မယ် ငါတို့အရင်ထွက်ပြေးပြီးမှ ဒီအကြောင်းကို ဆက်ပြောကြရအောင်လေ 】
【 ၀ူရွှယ် : ချိန်းတွေ့နေတုန်းကဖြင့် မင်းမနိုင်သမီးလိုလုပ်နေပြီး အခုမှဘာကြောင်ပြီး သူခိုးလိုလုပ်နေတာလဲ ဘာပဲဖြစ်ဖြစ် ငါကတော့ မလာဘူး နင့်ဟာနင် ရေချိုးခန်းထဲမှာလုပ်ချင်ရာလုပ်နေလိုက် 】
'အိုကေပါနော်..
ပလတ်စတစ်လို ညီအစ်မဆက်ဆံရေးက ဒီနေ့ကစပြီး ဆုံးခန်းတိုင်သွားပြီ...'
**
အောက်ထပ်တွင် မေမေချူက ထပ်မံ၍အတည်ပြုပြန်သည်။
"တကယ်ကြီး ကိုယ်ဝန်မရှိတာလား ဒါက ကိစ္စကြီးနော် ငါ့ကို ဖုံးထားဖို့မကြိုးစားကြနဲ့"
ချူယင်း"ကျွန်တော်က ဘာလို့အဲ့ဒီလိုလုပ်ရမှာလဲ"
ထို့စကားကိုကြားပြီးနောက် မေမေချူသည် စိတ်ကိုလျှော့ချလိုက်သည်။
သူမ လှည့်ကြည့်လိုက်ချိန်တွင် ချူရှီးတစ်ယောက် ဖုန်းဖြင့် ဂိမ်းဆော့နေတာတွေ့လိုက်ရသဖြင့် ကူကယ်ရာမဲ့စွာပြောလိုက်သည်။
"နင် အခု အသက်ဘယ်လောက်ရှိနေပြီလဲ တစ်နေကုန် တစ်နေခမ်း ဘာကိစ္စ ဒီဂိမ်းတွေပဲ ထိုင်ကစားနေရတာလဲ"
ချူရှီးသည် စကားစမြည်ပြောပြီးနောက် မြှားဦးက သူမဘက်သို့ လှည့်လာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
"တစ်နေကုန်တစ်နေခမ်း သမီး ဘယ်တုန်းက ကစားနေလို့လဲ"
မေမေချူသည် သူမကိုယ်သူမ တည်ငြိမ်အောင်လုပ်ပြီးနောက် ချူယင်းဘက်သို့ လှည့်၍မေးလိုက်သည်။
"မင်းဘာလို့ သူမကို အိမ်ခေါ်လာတာလဲ သူမကနာမည်ကြီးတစ်ယောက်မဟုတ်လား အခုတလော သူမအကြောင်း သတင်းတွေ ဖတ်လိုက်ရတိုင်း ကောင်းတာတစ်ခုမှကိုမရှိဘူး အကုန်လုံးကရှုပ်ပွနေတာပဲ”
ချူယင်းက မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒီသတင်းတွေကို အမေယုံတယ်လား"
"အဲ့ဒါတွေကို ငါယုံတာ မယုံတာက အရေးမကြီးဘူး အရေးကြီးတာက သူမကို မင်းရဲ့ရည်းစားအဖြစ် တကယ်သတ်မှတ်ထားရင် အဲဒီအရှုပ်အရှင်းတွေကို ထွက်လာခွင့်ကိုမပြုသင့်တာ"
မေမေချူက ဆက်ပြောသည်။
"နေ့တိုင်းလိုလို လူတွေ ကဲ့ရဲ့ဆူဆဲတာကို ခံနေရတဲ့ မိန်းကလေးတစ်ယောက်ရဲ့အမှန်တရားဆိုတာ သူတို့အတွက်လိုအပ်လိမ့်မယ်လို့ထင်နေလား"
စုယိ၏ pageကိုကြည့်ရှုရန်အတွက် ချူရှီးသည် သူမကို Weibo acc တစ်ခုဖွင့်ပေးထားပေသည်။
သူမသည် ရုပ်ရည်ချောမောပြီး အရပ်လည်းရှည်သည်။ သူမတင်ထားတဲ့ Weibo post အများစုက အလုပ်နှင့်ပတ်သတ်တာတွေဖြစ်ပြီး သူမအကြောင်းသိပ်မတင်ပေ။
စုယိတင်ထားသည့် ဓာတ်ပုံတွေထဲတွင် သူမသမီးငယ်လေးရဲ့ပုံကိုလည်း တွေ့လိုက်ရပြီးနောက် ချူရှီးက သူမဖြင့် ဟိုးအရင်ကတည်းက တွေ့ဆုံဖူးတာကို သိလိုက်ရသည်။
သမီးဖြစ်သူကို စစ်ဆေးမေးမြန်းပြီးနောက်တွင် သူမ [ စုယိ ] အကြောင်းများစွာသိရှိခဲ့ရပြီး ယမန်နေ့က သူမ၏ကိုယ်ဝန်နှင့်ပတ်သက်သည့် သတင်းကို တွေ့လိုက်ရပြီးနောက် ယနေ့တွင် သူမသည် အလျင်အမြန်ပြေးလာရခြင်းဖြစ်သည်။
မေမေချူသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပုံရသည်။
"ဟုတ်သားပဲ ငါ မင်းတို့အတွက် တစ်ခုခု ယူလာပေးတယ်"
သူမ ယူလာသည့်အိတ်ကိုဖွင့်ချလိုက်သည်။ အိတ်ထဲတွင် ပစ္စည်းမျိုးစုံဖြင့် ပြည့်နှက်နေသည်- ဂျုံကိုအခြေခံထားသည့်စားစရာများ၊ ငှက်ပျောသီးနှင့် စတော်ဘယ်ရီအချို့၊ ချယ်ရီသီးခြောက်၊ မန်ကျည်းသီးနှင့် နောက်ထပ်အစုံပလုံရှိသေးသည်။
ပထမအဆင့်ကိုယ်ဝန်ဆောင်အတွက်လိုအပ်သည့်အရာအားလုံးပါပေသည်။
ချူယင်းသည် ထိုပစ္စည်းများရဲ့ အဓိပ္ပါယ်ကိုနားမလည်ချေ။
"ဒါတွေကအပြင်မှာလည်းဝယ်လို့ရပါတယ် ဒါတွေပို့ဖို့အတွက်နဲ့ အမေ ဘာလို့ ကိုယ့်ကိုယ်ကိုယ်ဒုက္ခခံရတာလဲ"
“ဒါက ဒုက္ခမဟုတ်ပါဘူး ဒီအသီးတွေက အရမ်းကိုလတ်ဆတ်နေသေးတာမို့လို့ မင်းတို့အတွက် ရေခဲသေတ္တာထဲ အရင်ထည့်ပေးထားလိုက်မယ် စုယိပြန်သွားတဲ့အချိန်ကျရင် သူမနဲ့ ထည့်ပေးလိုက်ဖို့လည်း မမေ့နဲ့ဦး”
မေမေချူသည် ပြောချင်တာတွေ ပြောပြီးနောက် နံရံပေါ်က နာရီကို တစ်ချက်ကြည့်လိုက်သည်။
"ဒီအချိန်ပဲရောက်နေပြီ ဘာလို့ ချီရှန်က ရောက်မလာသေးတာလဲ"
ချီရှန်သည် ချူယင်း၏အိမ်အတွက် အထူးစီစဉ်ပေးထားသည့် အကူတစ်ဦးဖြစ်သည်။ သူမအား မူလက ဤနေရာတွင် နေထိုင်ရန် စီစဥ်ပေးမည်ဟုလုပ်ခဲ့ပေမယ့် ချူယင်းက ထိုအကြံကို ငြင်းပယ်ခဲ့သည်။ ပုံမှန်အားဖြင့် သူမသည် နေ့လည်ဘက်တွင် သန့်ရှင်းရေးလုပ်ရန်နှင့် အစားအသောက်ချက်ပြုတ်ရန် ရောက်လာလေ့ရှိသည်။
"ဒီနေ့ အိမ်မှာ မစားဖြစ်တာမို့လို့ လာစရာမလိုဘူးလို့ပြောထားလို့"
သူ့စကားရဲ့ဆိုလိုရင်းကဖြင့် စုယိနှင့် ညစာတူစားဖို့အတွက် စီစဉ်ထားပြီးသား ဟုပင်။
မေမေချူသည် တကယ်မသိတာလား သို့မဟုတ် မသိဟန်ဆောင်နေတာလားဆိုတာ မသေချာပေ။ သူမက ခေါင်းညိတ်လိုက်သည်။
"တိုက်ဆိုင်လိုက်တာ အမေလည်း ဟင်းမချက်ရတာအတော်ကြာနေပြီရယ် သား ဘာစားချင်လဲ အမေချက်ကျွေးမယ်"
ချူရှီးက ချက်ချင်းဆိုသလိုပဲ လက်ထဲကဖုန်းကိုချပစ်လိုက်သည်။
"အမေ သမီးတော့ မစားတော့ဘူး အရမ်းဗိုက်အင့်နေလို့"
အချက်အပြုတ်ကျွမ်းကျင်မှုတွင် အဆင့်အမျိုးမျိုးရှိပေသည်၊ သူမတို့ မေမေသည် အမြင့်ဆုံးအဆင့်ဖြစ်သည့် - အရှုံးပေးလိုက်တော့ မင်းရဲ့ ငရဲအဆင့်ဟင်းချင်စကေးက မျှော်လင့်ချက်မရှိတော့ဘူးဆိုသည့် အဆင့်ဖြစ်ပေသည်။
"ဒီနေ့အတွက်နေ့လည်စာ မစားရသေးဘူးမလား နင်က အရမ်း ငယ်သေးတယ် အစားအသောက်ကို ဇီဇာကြောင်နေလို့မရဘူး"
မေမေချူသည် ရေခဲသေတ္တာဆီသို့ လျှောက်သွားရင်း မေးလိုက်သည်။
"အနည်းဆုံးတော့ ဒီမှာ ဟင်းချက်စရာတွေ အများကြီးရှိတာပဲ စုယိကဘာစားရတာကြိုက်လဲ သိလား"
ချူယင်းသည် မဆင်းလာဘဲ လှေကားနောက်ကွယ်တွင် ပုန်းနေသည့် အရိပ်လေးကို ကြည့်ရင်း ရယ်ချင်စိတ်ကိုမနည်းထိန်းထားရသည်။
"သူမက ဂရုစိုက်ရတာ အရမ်းလွယ်ပါတယ် ကြီးလုံးဝမများတတ်ဘူး"
___________________________________________