အပိုင်း (၁၂၄)
Viewers 31k

Chapter 124 


" ယဉ်ကျေးနေစရာမလိုပါဘူး ... အလုပ်ရှုပ်တဲ့ကိစ္စမှ မဟုတ်တာ ..."


စုန့်ထင်ရှန်းက ‌ပြန်ဖြေလိုက်သည်။ ထို့နောက်ခဏရပ်တန့်နေပြီးမှ ပြောလိုက်သည်။


" ကိုယ်မင်းနဲ့ ဆွေးနွေးစရာကိစ္စတစ်ခုရှိတယ် ..."


ထိုစကားများကြားရသည့်အခါမှသာ သူမ စိတ်သက်သာရာရသွားသည်။ သူမ သူ့ကိုလာကြိုသည့်အချိန်မှစ၍ တစ်နေ့လုံးထူးဆန်းနေသည်ဟု သူမထင်ခဲ့သည်။ သူမ မိဘများအိမ်မှ ပြန်လာစဉ်အချိန်ကလည်း ဝမ်လေးနှင့်အတူ သူမအလှကို ချီးကျူးခဲ့သည်။ ယခုလည်း သူ့ဆန္ဒအလျောက် သူမအတွက် နွားနို့တစ်ခွက် ယူလာပေးခဲ့သည်။ အကယ်၍ သူအလိုရှိသည့်အရာကို မပြောပါက သူမ တစ်ညလုံးထိုကိစ္စကို စဉ်းစားနေမိတော့မည်ဖြစ်သည်။


အဘယ့်ကြောင့်ဆိုသော် သူက ပုံမှန်အကျင့်စရိုက်နှင့် မတူညီစွာ ပြုမူနေသောကြောင့်ပင်။ အကယ်၍ အခြားယောက်ျားတစ်ယောက်က သူမကို ထိုသို့ဆက်ဆံပါက သူမကိုသဘောကျ၍လိုက်နေသည်မှာ သိသာလှသည်။ သို့ရာတွင် စုန့်ထင်ရှန်းက ထိုသို့လုပ်မည့်လူမျိုး မဟုတ်ပေ။ ထို့ကြောင့် ဤအပြုအမူကို ရင်ဆိုင်ရသောအခါတွင်  ယွမ်ရှ၏ ကနဦးတုံ့ပြန်မှုသမှာ ၎င်းကို သိမ်မွေ့သောရည်ရွယ်ချက်ဟု သံသယဖြစ်မိခြင်းပင်။


သူ ဘာလိုချင်လို့ပါလိမ့် ...

သူမ တွေးလိုက်သည်။


" ဘာများလဲ ... ကျွန်မ တတ်နိုင်တာဆို ကူညီပါ့မယ် ..."

ယွမ်ရှက လေးနက်စွာပြောလိုက်သည်။


" အမျိုးသားနေ့အတွက် အစီအစဉ်များရှိလား ..."

စုန့်ထင်ရှန်း မေးလိုက်သည်။


ယွမ်ရှ ခေါင်းခါ၍ ပြန်ဖြေလိုက်သည်။

" မရှိသေးပါဘူး ..."


ထိုမေးခွန်းကို ကြားသည့်အခါ စုန့်ထင်ရှန်းက အားလပ်ရက်အတွက် အစီအစဉ်များရှိ၍ ဝမ်လေးကို ဂရုစိုက်ပေးရန် သူမကို လာမေးသည်ဟု ထင်လိုက်မိသည်။ သူမက ဝမ်လေးကို စောင့်ရှောက်ပေးနေသူဖြစ်၍ ထိုကိစ္စက သူမအတွက် ရေးကြီးခွင်ကျယ်မဟုတ်ပေ။ ယခင်ကဆိုလျှင် မူလပိုင်ရှင်က အားလပ်ရက်တိုင်းကို သူမ၏ "ပလတ်စတစ်"သူငယ်ချင်းများနှင့်သာ နိုင်ငံခြားသို့ ခရီးထွက်ကာ ပျော်ပါးနေလေ့ရှိသည်။


စုန့်ထင်ရှန်းက ရှင်းပြလိုက်သည်။


" ဒါဆိုကောင်းတာပေါ့ ... ကိုယ် ဝမ်လေးကို ဇာတိမြို့ကို ခေါ်သွားချင်လို့ ... ဒီနှစ်တွေမှာ ကိုယ့်အလုပ်တွေရှုပ်နေတာရော ဝမ်လေးကငယ်သေးလို့ရော မပြန်နိုင်ခဲ့ဘူး ... အဲ့ဒါကြောင့်မို့ ကိုယ့်မိဘတွေကို သူဂါရဝမပြုဖူးဘူးလေ ... ဒီနှစ် ကိုယ့်မိဘတွေရဲ့ အုတ်ဂူကို ပြန်ပြင်မလို့စီစဉ်ထားတာ‌ဆိုတော့ ဝမ်လေးကိုခေါ်သွားဖို့လည်း အတော်ပဲ ..."


မမျှော်လင့်ထားသည့် သတင်းကောင်းတစ်ခုကြောင့် သူမ အံ့အားသင့်သွားမိသည်။ ဝမ်‌လေးက ချစ်စရာကောင်းလွန်း၍ သူ့ကိုစောင့်ရှောက်ရသည်ကို ပျော်သော်လည်း သူမ တစ်ယောက်တည်း နေရတော့မည်ဖြစ်သောကြောင့် ပို၍ စိတ်လှုပ်ရှားနေမိသည်။ သူမ အဆင်ပြေသည်ဟုပြောလိုက်သည်နှင့် စုန့်ထင်ရှန်းက ဝမ်လေးကို ဇာတိမြို့သို့ ရက်အနည်းငယ် ခေါ်သွားမည်မှာ သေချာသည်။ နောက်ဆုံးတွင် သူမသက်တောင့်သက်သာနေရန် အချိန်တစ်ချို့ရပြီဖြစ်သည်။ သူမခေါင်းထဲတွင် အစီအစဉ်များပင် ဆွဲနေမိသည်။

ငါ တစ်နေရာရာကို ခရီးသွားရမလား ... ဒါပေမဲ့ အလပ်ရက်ဆိုတော့ ခရီးသွားမယ့်လူတွေ များနေမှာ ...


သူမ ပြန်မဖြေမီမှာပင် စုန့်ထင်ရှန်းက ပြောလိုက်သည်။

" အဲ့ဒါကြောင့် မင်းရော အားလားလို့လာမေးတာ ... တကယ်လို့ မင်းမှာ တခြားအစီအစဉ်မရှိရင် ကိုယ်ဆို့ တူတူသွားကြမလား ... ဝမ်လေးက မင်းနဲ့ မခွဲချင်လောက်ဘူး ... အဲ့ဒါကြောင့် မင်းမပါရင် သူ အိမ်မြန်မြန်ပြန်ချင်နေမှာ ..."


" ကျွန်မရော သွားရမှာလား ..."

ယွမ်ရှ တအံ့တဩဖြင့် မေးလိုက်သည်။ သူမ ကြားလိုက်ရသည်ကို မယုံကြည်နိုင်သေးပေ။


စုန့်ထင်ရှန်းက သဘောတူညီချက်ပြုလုပ်နေသောအသံဖြင့် သူမကို မျှော်လင့်တကြီးကြည့်နေသည်။ စက္ကန့် အနည်းငယ်အကြာတွင် သူမကို ပြောလိုက်သည်။

" မင်းမှာ အစီအစဉ်တွေရှိရင်လည်းရတယ်  စိတ်မပူပါနဲ့ ..."


ယွမ်ရှမှာ အစီအစဉ်မရှိကြောင်းပြောပြီးသည်ဖြစ်၍ ဆင်ခြေမပေးနိုင်တော့ပေ။ မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ ဝမ်လေးက စုန့်ထင်ရှန်း၏ မွေးရပ်မြေသို့တစ်ခါမှ မရောက်ဖူးသည့်အတွက် သူမလည်းမရောက်ဖူးပေ။ 


အားလုံးကို ဆက်စပ်တွေးကြည့်လျှင် စုန့်ထင်ရှန်း၏ တောင်းဆိုချက်က ကျိုးကြောင်းဆီလျော်လှသည်။ မွေးရပ်မြေသို့ မပြန်နိုင်သည်က နှစ်ပေါင်းများစွာကြာပြီဖြစ်၍ ထိုနေရာသို့ပြန်ပြီး မိဘများ၏အုတ်ဂူကိုပြုပြင်ပေးခြင်းက သာမန်ကိစ္စပင်ဖြစ်သည်။ မိဘများကို ဂါရဝပြုရန် သူ့သားကို ခေါ်သွားသည်ကလည်း သာမန်ကိစ္စတစ်ခုပင်။

ဒါ့အပြင် ဇနီးသည်( အနည်းဆုံး နာမည်အရပဲ ဇနီးဖြစ်နေပေမယ့် )က ယောက္ခမတွေအတွက် အမွှေးတိုင်ထွန်းပေးတာလည်း ပုံမှန် ဖြစ်ရိုးဖြစ်စဉ်ကိစ္စပါပဲ ...


ထို့အပြင် စုန့်ထင်ရှန်းက သူမကို အစီအစဉ်ရှိမရှိ မေးမြန်းထားပြီး၍ သူမတွင် ဆင်ခြေပေးစရာမရှိတော့ပေ။


သို့ဖြစ်‌၍ ယွမ်ရှ သဘောတူရန်သာရှိတော့သည်။

" ကောင်းပါပြီ  ... ကျွန်မတို့ လက်ထပ်ပြီးတည်းက ရှင့်မိဘတွေအတွက် အမွှေးတိုက်တစ်တိုင်တောင် မထွန်းပေးဖူးသေးဘူး ... ဒီတစ်ကြိမ်တော့ ကျွန်မလိုက်လာသင့်တယ် ..."


သူမ၏ တွန့်ဆုတ်ခြင်းမရှိသောအဖြေကို ကြားလိုက်ရသည့်အခါမှ စုန့်ထင်ရှန်း စိတ်သက်သာရာရသွားသည်။ ယွမ်ရှက အမှန်တွင် လူကောင်းတစ်ယောက်ဖြစ်‌ကြောင်း သူယခုမှ သိလာရသည်။


အရင်နှစ်တွေတုန်းက သူဘာလို့ သတိမထားမိခဲ့ပါလိမ့် ... အခုမှသိတယ်ဆိုတော့ နောက်မကျလွန်းဘူးလား ...