Chapter 125
" ကောင်းသောညပါ ..."
စုန့်ထင်ရှန်း ထိုစကားကိုပြောပြီးသည်နှင့် သူတို့နှစ်ယောက်လုံး တစ်နေ့ညက အိပ်ရာဝင်အနမ်းတုကိစ္စကို တွေးမိသွားကြသည်။
ယွမ်ရှက စုန့်ထင်ရှန်းကိုအထင်ကြီးသူတစ်ယောက်ဖြစ်သည်။ သူ၏ အပြုအမူတိုင်းက အောင်မြင်သော အလုပ်အကိုင်ရှိသည့် သုံးဆယ်ကျော်အမျိုးသားတစ်ယောက်၏ ရင့်ကျက်သော အပြုအမူများဖြစ်သည်။
သူ့ထံတွင် တစ်ကြိမ်တစ်ခါမှ မျက်နှာပြောင်သည့်အရိပ်အမြွက်မျိုးပင် မတွေ့ဖူးပေ။ တံခါးပိတ်လိုက်ပြီးနောက် ယွမ်ရှတံခါးကိုမှီလိုက်မိသည်။ ကုတင်ပေါ်တွင် နှစ်ခြိုက်စွာအိပ်ပျော်နေသော ဝမ်လေးကိုကြည့်ပြီး ပထမဆုံးအနေဖြင့် စမ်းတဝါးဝါးခံစားချက်တချို့ ဖြစ်ပေါ်လာသည်။
တကယ်လို့ သူမ ဒီကမ္ဘာမှာ ဆက်နေဖြစ်ရင် စုန့်ထင်ရှန့်နဲ့ ဆက်ဆံရေးက တိုးတက်လာမှာလား ..
သူမက စိတ်ကူးယဉ်ချစ်ဇာတ်လမ်းမျိုးကို မမျှော်လင့်မိသော်လည်း သူမက ၂၄နှစ်သာရှိသေးပြီး စုန့်ထင်ရှန်းက ၃၅နှစ်ရှိပြီဖြစ်သည်။
ကျန်ရှိနေတဲ့အချိန်တွေမှာ ဘယ်လိုနေကြမှာလဲ ...
ယွမ်ရှက မဖြစ်ပျက်သေးသည့်ကိစ္စများကို ထပ်ခါတလဲလဲ တွေးတောနေတတ်သည့်လူစားမျိုးမဟုတ်သဖြင့် စမ်းတဝါးဝါးခံစားချက်များက မိနစ်အနည်းငယ်သာ ကြာမြင့်လိုက်သည်။ ကုတင်ပေါ် ပြန်လှဲပြီး ဖုန်းကိုပြန်ကိုင်လိုက်ချိန်တွင် ဤခေါင်းကိုက်စရာကိစ္စကို စိတ်ထဲမှ ဖယ်ထုတ်လိုက်ပြီဖြစ်သည်။
စုန့်ထင်ရှန်းအခန်းထဲပြန်ရောက်သည့်အခါ ကုတင်ပေါ်တွင် ဒူးပေါ်လက်တင်ပြီး ထိုင်နေလိုက်သည်။ သူ ထိုနေရာတွင် မည်မျှကြာကြာထိုင်လိုက်မိသည်ကို မသိလိုက်ပေ။ ခဏအကြာတွင် ကုတင်ဘေးရှိဗီရိုပေါ်မှ ပိုက်ဆံအိတ်ကိုယူလိုက်သည်။ ပိုက်ဆံအိတ်ထဲတွင် ယွမ်ရှထံမှ တောင်းထားသည့်ဓာတ်ပုံရှိသည်။
သူက အချစ်ရေးတစ်ခုတွင် မလှုပ်မယှက် နေလွန်းသည့်လူတစ်ယောက်မဟုတ်ပေ။ စီးပွားရေးသမားတစ်ယောက်၏ ရှု့ထောင့်မှကြည့်လျှင် ယွမ်ရှက သူ့အတွက် အသင့်တော်ဆုံး အိမ်ထောင်ဖက်တစ်ယောက်ဖြစ်သည်။
ဝမ်လေးကို စစ်မှန်နွေးထွေးသော မိသားစုတစ်ခုပေးနိုင်ရန်က သူ၏ပြင်းပြသောဆန္ဒတစ်ခုဖြစ်သည်။
သူက ယွမ်ရှနှင့် ကွာရှင်းပြီး သူမသိသောလူတစ်ယောက်နှင့် ဆက်ဆံရေးတစ်ခုကိုစတင်ရန် ရည်ရွယ်ချက်မရှိပေ။ ဤနှစ်တွင် သူက ၃၅နှစ်ပြည့်ပြီးဖြစ်ပြီး အချစ်ဟူသောအရာကို ဘယ်သောအခါကမှ ဂရုမစိုက်ခဲ့ပေ။ ဤအသက်အရွယ်တွင် သူ၏ကိုယ်ပိုင်ဦးစားပေးမှုကို တွေးတောရန် မလိုအပ်တော့ပေ။ သို့သော်လည်း ပူနွေးသောနွားနို့တစ်ခွက်ကိုဖျော်စဉ်က စိတ်ထဲငြိမ်းချမ်းနေသည်ဟု ခံစားရသည်။ သူမအခန်းဝတွင် ရပ်နေစဉ်ကလည်း တမင်တကာ မကြည့်ခဲ့သော်လည်း ဝမ်လေးက ကုတင်ပေါ်တွင် အိပ်နေသည်ကို သူသိသည်။ သူမ နွားနို့ခွက်ကိုကိုင်ပြီး အခန်းဝတွင်ရပ်နေသည့်အချိန်တွင် စုန့်ထင်ရှန်း၏စိတ်ထဲတွင် ကျေနပ်သွားမိသည်။
မဟုတ်သေးဘူး စိတ်ကျေနပ်တယ်ဆိုတဲ့ စကားလုံးက မမှန်ကန်ဘူး ...
ထိုအချိန်က သူနှင့်ယွမ်ရှက တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်ရှိနေသည့် လက်ထပ်ပြီးသားစုံတွဲဟု ခံစားလိုက်ရသည်။
—
နောက်နေ့တွင် ယွမ်ရှက ဝမ်လေး၏လက်ကိုဆွဲကာ အိပ်ခန်းထဲမှ ထွက်လာသည်။ သူတို့က အောက်ထပ်သို့ဆင်းပြီး မနက်စာစားတော့မည့် စုန့်ထင်ရှန်းနှင့် ဆုံမိကြသည်။
ဝမ်လေးက သူ့အဖေဆီသို့ ယက်ကန်ယက်ကန်ဖြင့် လျှောက်သွားသည့်အခါ စုန့်ထင်ရှန်းက ခါးကိုင်းပြီး သူ့ကိုချီလိုက်သည်။ ဝမ်လေး၏ ဝကစ်ကစ်ခန္ဓာကိုယ်လေးကို ဖက်ထားပြီး မေးလိုက်သည်။
" သားလေး သွားတိုက်ပြီးပြီလား ..."
" ဟုတ် ... သွားတစ်ချောင်းစီတိုင်းကို တိုက်ခဲ့တယ် ..."
ဝမ်လေးက ပါးစပ်ဟပြီး သွားသေးသေးလေးများကို ပြနေသည်။
စုန့်ထင်ရှန်း ယွမ်ရှကို ကြည့်လိုက်သည်။ သူမ၏ ယခုပုံကို ညဘက်က မမြင်ခဲ့ရသည်ကို ကံကောင်းသည်ဟု ထင်လိုက်မိသည်။
ယွမ်ရှက ယခုလက်ရှိတွင် အဖြူရောင်မက်စ်တစ်ခု ကပ်ထားပြီး စုန့်ထင်ရှန်းဆီသို့လျှောက်လာသည်။ ထို့နောက် သူမမျက်နှာပေါ်မှ မက်စ်ကို လက်ဖြင့်ဖိနေပြီး မျက်နှာတွင် ပိုကပ်အောင်လုပ်နေသညိ။
" ကောင်းသော မနက်ခင်းပါ ..."
ဝမ်လေးက သူ့အဖေ၏ လည်ပင်းကိုဖက်ထား၍ ပြုံးပြီးမေးလိုက်သည်။
" ပါပါး မာမားက သရဲနဲ့ မတူဘူးလား ..."
ယွမ်ရှ သူ့ကိုကြည့်လိုက်သည်။
" ဒီလိုလှတဲ့ သရဲမလေးကို အရင်က မြင်ဖူးလို့လား ..."
စုန့်ထင်ရှန်းက ချောင်းဟန့်လိုက်သည်။ သူ့ပုံစံက တစ်ခုခုကို မပြောမီစဉ်းစားနေသည့်ပုံပင်။
" ညဘက်မှာ မက်စ်ကပ်ထားမယ်ဆို အခန်းထဲကထွက်လာပြီး လျှောက်မသွားနဲ့နော် ..."
ယွမ်ရှ : “…”
ဒီ လူရိုးကြီးက အသားအရည်ထိန်းသိမ်းတဲ့အကြောင်း ဘာသိလို့လဲ ...