Chapter 2
ဆာဒါကို
ရှန်းယွမ်ဇယ်က ခေါင်းကို ထိန်းကာ တိတ်တဆိတ် ရယ်လိုက်ချိန်တွင် မော့ကျန်းက ကားအပြင်ဘက်မှ အဝေးမြင်ကွင်းသို့ ကြည့်ရန် ခေါင်းပြန်လှည့်သွားတော့သည်။
မော့ကျန်း.. ဒီလူက မကောင်းတဲ့ လူမှ မဟုတ်ပဲ... သူက ဘယ်တော့မှ သူ့ရဲ့ သွေးသောက် ညီအစ်ကိုရဲ့ မိန်းကလေးကို ခိုးမှာလည်း မဟုတ်ဘူး... ပြီးတော့လည်း ဘာအကြောင်းကြောင့် အဲ့ဒီမိန်းကလေးကို ကြွေသွားပါ့မယ်လို့ အသေအချာပြောနိုင်ရတာလဲ... သူရှင်သန်ခဲ့တဲ့ နှစ်ဆယ့်ခြောက်နှစ်တာကာလပတ်လုံး မော့ကျန်းက မိန်းကလေးများစွာရဲ့ အသည်းကို ခြွေယူခဲ့ပေမယ့် ဘယ်မိန်းကလေးကမှ သူ့နှလုံးသားကို လှုပ်ရှားအောင် မလုပ်နိုင်သေးဘူး...
ရှန်းယွမ်ဇယ်က ကားပေါ်ရှိ အကန့်လေးအတွင်းမှ ဆိုဒါ တစ်ပုလင်းကို ထုတ်ကာ အဖုံးဖွင့်နေစဥ် ပြောလိုက်သည်။ "ဧကရာဇ်မော့... ငါ့ကို လာကြိုဖို့ အတွက်နဲ့ဒီလို တလက်တလက် တောက်နေတဲ့ ရွှေရောင် ကားကြီးကိုတောင်မောင်းလာတာ ငါနဲ့အတူ ဗီရိုထဲက မထွက်ချင်တာ သေချာရဲ့လား"
ထိုစာကြောင်းက မော့ကျန်း၏ မျက်လုံးများကို ခုန်ပေါက်သွားစေသည်။ "ဒါ ဇင်ဇီဘာ ရွှေညိုရောင်ကွ"
ရှန်းယွမ်ဇယ်က ဆိုဒါအဖုံးကို ကြပ်လိုက်ပြီး မော့ကျန်းကို မျက်တောင်ခတ် ပြလိုက်သည်။ "ဒါဆို မင်း ငါနဲ့အတူ ဗီရိုထဲက ထွက်မှာကို မငြင်းဘူးပေါ့"
မော့ကျန်းက ခေါင်းပြန်လှည့်ကာ ဒါရိုင်ဘာ ထိုင်ခုံကို ဦးတည်လိုက်ပြီး ပြောလိုက်သည်။ "ထန်ချန်း နောက်ထပ် လမ်းချိုးကျရင် ရပ်လိုက်တော့... ဒေါက်တာရှန်း ဆင်းဖို့ လိုနေပြီ"
ရှန်းယွမ်ဇယ်က စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ခါယမ်းလိုက်သည်။
"ဧကရာဇ်မော့... နာမည်ကျော် တစ်ယောက်အနေနဲ့ မင်းမှာ အမူအကျင့်ကောင်းတွေ မရှိတာ အခြားသူတွေ မင်းကို လွယ်လွယ် နာမည်ဖျက်နိုင်တယ်နော်... ဦးနှောက်ကျင်းခံရတဲ့ လူတစ်ယောက်က ဘယ်လောက် အင်အားကြီးလဲ သိရဲ့လား.... ဥပမာ... အက်တမ်ဗုံးတစ်ခုကိုပဲ ကြည့်ရအောင်..."
“ထန်ချန်း ဒေါက်တာ့ကို အခုပဲ ကားပေါ်က ဆင်းခိုင်းလိုက်တော့"
“…”
နောက်ထပ် မောင်းနှင်မှုသည်ကား အလွန်တိတ်ဆိတ်နေသည်။
ထန်ချန်းက စီနီယာ တစ်ယောက်၏ ကလပ်ဆီ မောင်းနှင်သွားခဲ့ပြီး မော့ကျန်းက ရှန်းယွမ်ဇယ်ကို ကြိုဆိုရန် အတွက် VIPအခန်းတစ်ခန်း မှာယူထားခဲ့သည်။ ရှန်းယွမ်ဇယ်က အပူအပင်ကင်းစွာနှင့် လွပ်လွပ်လပ်လပ်နေတတ်ပြီး ဒေါက်တာ တစ်ယောက်နှင့် လားလားမျှ မတူသော်လည်း အယ်ကိုဟော ကို တစ်ခါမှ သောက်လေ့ မရှိပေ။ တစ်ဖက်မှ မော့ကျန်းသည်ကား ရံဖန်ရံခါ သောက်လေ့ရှိသော်လည်း မကြာခင် အလုပ်သွားရမည် ဖြစ်၍ မသောက်ပေ။
အသောက်မဖက်ဘဲ အစားစားကိုသာခြင်းက အလွန် တိတ်ဆိတ်စွာဖြင့် ပြီးဆုံးသွားသည်။ တစ်နာရီ မကြာမီမှာပင် ရှန်းယွမ်ဇယ်အတွက် ကြိုဆိုညစာက အပြောင်ရှင်းသွားလေပြီ။ မော့ကျန်းကလည်း စတူဒီယိုသို့ သွားရဦးမယ် ဖြစ်သဖြင့် တက္ကဆီတစ်စီးကလည်း ရှန်းယွမ်ဇယ်ကို အိမ်ပြန်ပို့ရန် အတော်ကြာ စောင့်ဆိုင်းပေးနေခဲ့သည်။
နှစ်ယောက်သားက ကားပါကင်မှာပင် လမ်းခွဲလိုက်ကြပြီး ထန်ချန်းက စတူဒီယိုသို့ တစ်လျှောက်လုံး အလျင်စလို မောင်းခဲ့ရသည်။
ယနေ့မှာမူ နတ်ဘုရားတားမြစ်ဇုံ3ကို တရားဝင်မိတ်ဆက်သည့်နေ့ဖြစ်သဖြင့် ပျော်ရွှင်ဖွယ်နေ့တစ်နေ့ဖြစ်ပြီး ရိုက်ကူးရေးအဖွဲ့က အစည်းအဝေးပြီးနောက် ညစာအတူစားကြရန် ကြံရွယ်ခဲ့ကြသည်။ သို့သော်လည်း ခြောက်နာရီ ထိုးသည့်အချိန်တွင် မကြာခင်ကာလအထိ ရပ်မည့်ပုံမပေါ်သော မိုးမုန်တိုင်းက သူတို့၏ အောင်ပွဲခံပါတီကို ရပ်တန့်စေခဲ့ပြီး သူတို့မှာ ရွေးချယ်စရာမရှိဘဲ အိမ်ကိုသာ အသီးသီး ပြန်လာလိုက်ရသည်။ မော့ကျန်းသည်လည်း တစ်ကိုယ်လုံး ရွှဲရွှဲစိုကာ စိတ်အခြေအနေ မကောင်းဘဲ ရှိနေသည်။
ထန်ချန်းက မော့ကျန်းကို ဂရုတစိုက် ကြည့်လိုက်ပြီး သူ့အတွက် လက်ထောက်တစ်ယောက်ကို တတ်နိုင်သမျှ မြန်မြန် ရှာပေးရမည်ဟု တွေးနေခဲ့သည်။ ယခုလ၏ ပထမဆုံး ဆယ်ရက်အတွင်းမှာသာ ရှိနေသေးသော်လည်း မော့ကျန်းက လက်ထောက် သုံးယောက် ပြောင်းခဲ့ပြီးလေပြီ။
ခေါင်းစခြေဆုံး စိုရွှဲနေသော မော့ကျန်းက ထန်ချန်း၏ မျက်နှာကိုပင် မမြင်ချင်တော့ပေ။ ထန်ချန်းက သူတို့အကြာကြီး အတူတကွ အလုပ်ကောင်းကောင်း လုပ်ခဲ့ကြသော်လည်း သူတို့အကြားတွင် စစ်မှန်သည့် ဆက်နွယ်မှု မရှိသလို ခံစားနေရသည်။ အကြောင်းမှာ မော့ကျန်းက ကိုယ်တိုင် ကားမောင်းကာ အိမ်ပြန်သွားသောကြောင့်ပင်။
မော့ကျန်း၏အိမ်က ထင်ရှားသော ရပ်ကွက်တွင် ရှိပြီး အိမ်အားလုံးကလည်း မိသားစုတစ်စု နေထိုင်သည့် ဗီလာများသာ ဖြစ်ကာ အိမ်နှစ်လုံးကြားကွာအဝေးက အတော်ဝေးလံလှသည့်အတွက် နေထိုင်သူများအတွက် အလွန်ကောင်းမွန်သော ကာကွယ်ပေးမှု ရှိနေသည်။
မိုးရေကျသံက မော့ကျန်း၏ နားထဲတွင် အဆက်မပြတ် မြည်နေပြီး အနောက်တိုင်း ပုံစံ အဆောက်အအုံကို ကြည်လိုက်သောအခါ သူ့မျက်ခုံးများက အနည်းငယ် တွန့်ချိုးသွားလေသည်။
မိန်းကလေးတစ်ယောက်က တံခါးအနီးတွင် ကုပ်ကုပ်လေး ထိုင်နေပြီး ခေါင်းကလည်း အင်္ကျီလက်များတွင် နစ်မြုပ်နေသောကြောင့် မော့ကျန်းက သူမမျက်နှာကို မမြင်နိုင်ခဲ့ပေ။
မော့ကျန်းက သူမကို ခံစားချက်မဲ့သော အကြည့်များဖြင့် တစ်ခဏသာ စိုက်ကြည့်လိုက်ပြီးနောက်တွင် သူမကို မမြင်ချင်ယောင်ဆောင်ကာ လန်ရိုဗာကားကို ကားဂိုထောင်ဆီသို့သာ တည့်တည့်မောင်းလိုက်သည်။ သူ ကားဂိုထောင်မှ ထွက်လာသည့်အချိန်တွင် ထိုအမျိုးသမီးမှာ တံခါးနားတွင်သာ ပုံစံမပျက် ထိုင်နေဆဲဖြစ်သည်။ မိုးရေစက်များက ကောင်းကင်ပေါ်မှ တတောက်တောက်ကျဆင်းနေဆဲ ဖြစ်သော်လည်း ထိုအမျိုးသမီး၏ အဝတ်များမှာ ရေစိုမသွားပေ။
မိုးရေစက်များက သူ့ရှေ့ဆံပင်မှ တစက်စက် ကျဆင်းနေသောကြောင့် မော့ကျန်းက ရှေ့ဆံမြိတ်ကို ခပ်ဖြည်းဖြည်း ခါယမ်းကာ တံခါးဖွင့်ရန်အတွက် သူ့အိတ်ကပ်ထဲမှ သော့ကို ထုတ်လိုက်သည်။
သူမက အဆုံးတွင် တစ်စုံတစ်ယောက် ရောက်လာသည်ကို သတိထားမိသည့်အလား သူမ၏ ဒူးခေါင်းနားမှ ခေါင်းကို မော့ကာ အနက်ရောင် မျက်လုံးလေးတစ်စုံကို တဖျတ်ဖျတ်ခပ်ကာ မော့ကျန်းကို ကြည့်လာခဲ့သည်။
လူထောင်ပေါင်း များစွာ၏ အကြည့်များကို ကျင့်သားရနေသော မော့ကျန်းသည်ပင် သူမ၏အကြည့်များကြား စိတ်မသက်မသာ ဖြစ်လာခဲ့သည်။ သို့သော် မည်သည့်နေရာမှ မသက်မသာ ဖြစ်ရသည်ကို ရှင်းမပြနိုင်ပေ။ မော့ကျန်းက သူ့နံဘေးတွင် ထိုင်နေသော အမျိုးသမီးကို မမြင်ချင်ယောင်ဆောင်ကာ မျက်လုံးများ မှေးကျဥ်း၍ အိမ်၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်လိုက်ပြီး တံခါးကို ဖွင့်လိုက်သည်။ ထိုဖြစ်စဥ် တစ်ခုလုံးက သူ အကြိမ်ပေါင်း ထောင်ပေါင်းများစွာ လုပ်ဖူးသကဲ့သို့ တည်တည်ငြိမ်ငြိမ် ချောချောမွေ့မွေ့ ပြီးဆုံးသွားသည်။ တကယ်လည်း မှန်ပေသည်။
“ဘန်း" တံခါးက အသံကျယ်ကျယ်ဖြင့် ပိတ်သွားပြီး အမျိုးသမီးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားစေသည်။ သူမက မကြာသေးခင်က မော့ကျန်း၏ ဆံပင်များမှ ကျဆင်းလာခဲ့သော ရေကွက်လေးကို ကြည့်ကာ မြေပေါ်မှ ထရပ်လိုက်သည်။ အနီရောင် တံခါးကြီးကို သိလိုစိတ်အပြည့်ဖြင့် စိုက်ကြည့်ပြီး တည်တည်ငြိမ်ငြိမ် ဖြတ်ဝင်သွားသည်။
မော့ကျန်းက ကုတ်အင်္ကျီကို ချွတ်ထားပြီးသားဖြစ်ကာ ဆံပင်များကို သုတ်၍ ရေချိုးရန် ပြင်ဆင်နေပေသည်။ ထိုအမျိုးသမီးက တံခါးကို ဖြတ်၍ မော့ကျန်းဘေးသို့ တရွေ့ရွေ့ မျောလာပြီး သူ့ကို ဆက်ပြီး စိုက်ကြည့်နေသည်။
မော့ကျန်းက မျက်ခုံးပင့်လိုက်သည်။ လူပေါင်းများစွာ သူ့ကို ကြည့်ကြသည်ကို ကျင့်သားရနေပြီဖြစ်သော်လည်း တစ်ခါမှ ဤကဲ့သို့ အနီးကပ် စိုက်ကြည့်မခံရဖူးပေ။ မိန်းကလေး၏ မျက်လုံးများက သန့်စင်ကာ ကြည်လင်နေပြီး ထိုးဖောက်မတတ် ကြည့်နေသောကြောင့် လျစ်လျူရှုထား၍လည်း မရနိုင်ပေ။
သူ့မျက်ခုံးများကို ဖြေလျော့ကာ မော့ကျန်းက ဒုတိယထပ်ကို လျှောက်သွားရင်း တဘက်တစ်ထည်ဖြင့် ဆံပင်သုတ်နေခဲ့သည်။ အမျိုးသမီးက သူ့နောက်မှ ကပ်လိုက်လာပြီး သူ အိပ်ခန်းအတွင်းသို့ ဝင်ကာ ရှပ်အင်္ကျီကို ချွတ်လိုက်ပြီး ရေချိုးခန်းထဲတွင် သူ့အဝတ်များ ချိတ်နေသည့် တလျှောက်လုံး ကြည့်နေခဲ့လေသည်။ ထွင်းဖောက်မြင်ရသော ရေချိုးခန်းမှန်တံခါးက အသံကျယ်ကျယ်ဖြင့် ပိတ်လိုက်သည့်နောက် အမျိုးသမီးက သူမ၏ နှာခေါင်းဖြင့် နှင်းကပ်မှန်တံခါးကို ထိလိုက်ကာ သူမခန္ဓါကိုယ်က ရေချိုးခန်း တံခါးကို ဖြတ်ဝင်လာခဲ့သည်။
မော့ကျန်းက သူ့ဘောင်းဘီကို ချွတ်လက်စဖြစ်ပြီး သူ့လက်များ တန့်သွားလေသည်။ သူ့ကို သိလိုစိတ်ပြင်းပြစွာ စိုက်ကြည့်နေသော အမျိုးသမီးကို ကြည့်ကာ အဆုံးတွင်တော့ ဟိန်းဟောက်လိုက်သည်။
"တော်လောက်ပြီ... ငါ့နောက် ဆက်မလိုက်နဲ့တော့"
မော့ကျန်း၏ အသံက အတော်လေး အသံပါဝါကောင်းပြီး အထူးသဖြင့် ရေချိုးခန်းကျဥ်းကျဥ်းလေးထဲတွင် ဖြစ်နေသည်။ ၎င်းက သူ သုံးရက်မျှ ပျောက်နေခဲ့သော ကြိုးတစ်ချောင်းက အဆုံးတွင် အဆက်မပြတ် မြည်ဟီးလာသကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုအမျိုးသမီးက တစ်ခဏမျှ တုန်ယင်သွားသော်လည်း သူမ နားလည်သွားသည်နှင့်သူမ၏မျက်လုံးများ ပြူးကျယ်လာကာ တောက်ပလာတော့သည်။
"ရှင် ကျွန်မကို မြင်ရတယ်လား... ရှင်တကယ်ကြီး မြင်ရတယ်ပေါ့" သူမက ညာလက်ကို မော့ကျန်း၏ မျက်နှာရှေ့တွင် ယမ်းပြရင်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
မော့ကျန်းက စိတ်မရှည်စွာဖြင့် အမျိုးသမီး၏ လက်ကို ကာလိုက်သော်လည်း သူထိမိသမျှက လေချည်းသာ ဖြစ်နေသည်။ ထိုမိန်းကလေးက မော့ကျန်း၏ လက် ဖြတ်သွားသည်မှာ သူမ၏ ကိုယ်ပိုင်လက်ဖြစ်ကြောင်း တွေ့သွားသည့်အချိန်တွင် လက်ကို မြန်မြန် ပြန်ရုတ်လိုက်သည်။
မော့ကျန်းသည်လည်း သူ့လက်ကို ပြန်ရုတ်ပြီး မိန်းကလေးကို သေချာ ကြည့်လိုက်သည်။
ထိုအမျိုးသမီးက နှစ်ဆယ်ကျော်အရွယ် ရှိပုံရပြီး ရှည်လျားသော အနက်ရောင် ဆံနွယ်ပျော့လေးများက ခါးအထိ ဖြာကျနေသည်။ အနည်းငယ် ကောက်သော ဆံပင်က သူမ၏ ပုံစံကို အနည်းငယ် ချစ်ဖို့ကောင်းသွားစေသည်။ သူမက နေဗီပြာရောင် ဝတ်စုံကို ဝတ်ထားပြီး သိမ်မွေ့သော မျက်နှာအသွင်အပြင်နှင့် ကြည်လင်သော မျက်လုံးလေးများက အချို့သော ယောကျ်ားသားများ၏ မျက်လုံးထဲတွင် နတ်ဘုရားမဟု သတ်မှတ်နိုင်ပေသည်။
ကောင်းပြီလေ... မော့ကျန်းသည်လည်း သူမ၏ အသွင်အပြင်ကြောင့် တစ်ခဏမျှ အံ့အားသင့်သွားရသည်။ သို့သော်လည်း တခဏမျှသာ ဖြစ်သည်။
ယခု လောလောဆယ် သူ့ရှေ့မှ မိန်းကလေးမှာ နတ်ဘုရားမ မဟုတ်လေဘဲ သရဲမတစ်ယောက် ဖြစ်နေကြောင်း ရှင်းရှင်းလင်းလင်း သိနေသည့်အတွက်ကြောင့်ပင်။
“ကျေးဇူးပြုပြီး ထွက်သွားပေးနိုင်မလား" မော့ကျန်းက ထိုသရဲလေး ကိုယ်ပိုင် အသိစိတ်ဖြင့် ထွက်သွားမည်ဟု မျှော်လင့်၍ ယဥ်ယဥ်ကျေးကျေးဖြင့် တံခါးဆီ လက်ညှိုးထိုးပြလိုက်သည်။ သို့သော်လည်း ထိုကိစ္စက အတော်ထူးဆန်းလှသည်။ သူ တောင်တန်းများဆီ သွားရောက်ပြီး သူ့ဆရာသခင်ကို ကိုးကွယ်ပူဇော်ခဲ့ ကတည်းက ထိုမသန့်ရှင်းသော အရာများကို မမြင်ရတော့ခြင်း ဖြစ်ပြီး ယခုတွင်မူ ၎င်းတို့က ရုတ်တရက်ဆန်စွာဖြင့် သူ့အိမ်ရှေ့မှာ ထွက်ပေါ်လာသည်။
မတရားခံရသော မျက်နှာပေးဖြင့် သရဲမက တံခါးကို ညွှန်ပြနေသော မော့ကျန်း၏ လက်ညှိုးသွယ်သွယ်လေးများကို ကြည့်လိုက်ပြီး တီးတိုးပြောလိုက်သည်။
"ကျွန်မမှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး"
ဒါဆိုမင်းက ငါရေချိုးတာကိုပဲ ကြည့်ချင်နေတာပေါ့... မော့ကျန်းက မျက်ခုံးပင့်လိုက်သည်။ ဒါဆို ဒီမိန်းမက ရိုးရိုး သရဲတောင် မဟုတ်ဘဲ နှာဘူးသရဲမ ဖြစ်နေတာပဲ... ဟမ့်...
“ထွက်" ဤတစ်ကြိမ်၌ စကားလုံးများမှာ တောင်းဆိုခြင်းထက် အမိန့်ပေးခြင်း ပါနေသည်။ သရဲမက သူ့လက်များကို ပူဆွေးစွာဖြင့် ကြည့်လိုက်ပြီး ထိုနေရာမှာပင် မလှုပ်မယှက် ရပ်နေလေသည်။
“အိုး" သရဲမက ငိုနေသည့်အလား ခေါင်းကို ငိုက်စိုက်ချကာ တွန့်ဆုတ်ဆုတ်ဖြင့် ရေချိုခန်းထဲမှ ဝဲပျံကာ ထွက်သွားသည်။
မော့ကျန်းက ရေချိုးခန်းထဲတွင် တစ်နာရီနီးပါး နေခဲ့သည်။ သို့သော်လည်း သရဲမက သူ့အိပ်ခန်းထဲတွင် ထိုင်နေဆဲဖြစ်လေသည်။ မော့ကျန်း၏ အခန်းနံရံတွင် ပိုစတာကြီး တစ်ခုကပ်ထားပြီး ၎င်းမှာ "သွေးလွှမ်းသော စီးနင်းခြင်း"၏ အကန့်အသတ် ထုတ်ဝေသည့် ပိုစတာ ပါဝင်သော DVD စုဆောင်းမှုမှ ဖြစ်ပြီး ဂြိုလ်သား ဝတ်စုံ ဝတ်ထားသော ဆယ့်ခြောက်နှစ်အရွယ် မော့ကျန်း၏ပုံ ဖြစ်လေသည်။
သို့သော်လည်း မေးစရာ ရှိသည်က "သွေးလွှမ်းသော စီးနင်းမှု" ကဲ့သို့သော ဆိုးဝါးသည့် ရုပ်ရှင်တစ်ခုအတွက် လူအများက ၎င်း၏ DVDစုဆောင်းမှု ထုတ်ဝေခြင်းကို ဝယ်ရန် ဆန္ဒရှိကြပါ့မလားဟုပင်။ အဖြေကမူ သေချာပေါက် ဝယ်ကြမှာပေါ့ ဟုပင်။ ဝယ်ချင်ခဲ့ကြသည့် လူများစွာ ရှိကြသကဲ့သို့ သူတို့ထဲကမှ လူအချို့ကလည်း ဝယ်ခဲ့ကြသည်။
အချိန်ကာလများ ကြာညောင်းသွားပြီးသည့်နောက်တွင် မော့ကျန်းက ရုပ်ရှင်လောက၌ လေးစားခံရသည့် ကြယ်ပွင့်တစ်ယောက် ဖြစ်လာပြီးနောက် သူ ဆယ့်ခြောက်နှစ်အရွယ် နိုင်ငံခြားသား ဆယ်ကျော်သစ်လေး အဖြစ် ပထမဆုံးပါဝင်ခဲ့သည့်အခိုက်အတန့်က အတိတ်သမိုင်းတစ်ခု အဖြစ် ပျောက်ကွယ်သွားရမည့်အစား နိုင်ငံတစ်ဝှမ်းမှ မရေမတွက်နိုင်သော ဖန်များ၏ လေးစား ကြည်ညိုဖွယ် ပစ္စည်းတစ်ခု ဖြစ်လာသည်။
ငါတို့မိသားစု သစ်အယ်သီးလေးက သူငယ်ချင်းတွေရဖို့ ချောလွန်းတယ်... ၎င်းမှာ မော့ကျန်း၏ဖန်များထံမှ အသံဖြစ်လေသည်။ အိုး ဟုတ်သား... သစ်အယ်သီးဆိုတာ မော့ကျန်းအပေါ် သူတို့ရဲ့အချစ်ကို ကိုယ်စားပြုတဲ့ ဖန်ကလပ်နာမည်လေ...
မော့ကျန်း ကိုယ်တိုင်အတွက် ထိုဇာတ်ကောင်က မှတ်တိုင်တစ်ခုသဖွယ် အရေးကြီးပေသည်။ သူ့ကိုယ်ပိုင်မျက်နှာ၏ ပိုစတာကို အိပ်ခန်းထဲ၌ ကပ်ထားရခြင်းမှာ သူ၏ ကိုယ့်ကိုယ်ကိုယ် အချစ်လွန်မှု အနည်းအများကြောင့်လည်း ဖြစ်ပေသည်။
သရဲလေးက အိပ်ရာခေါင်းပိုင်းတွင် ထိုင်နေကာ ပိုစတာကို တမေ့တမျော စိုက်ကြည့်နေပြီး အသံတစ်ခုကြားသောအခါ အိပ်ရာပေါ်မှ လှည့်ကြည့်လာသည်။
မော့ကျန်းက အမှတ်တမဲ့ဖြင့် ကော်လာကို ဆွဲချလိုက်ပြီး သူ့အသံအနေအထားက ပျင်းတိပျင်းရွဲ ဖြစ်နေသည်။ "ဘာလို့ ဒီမှာ ရှိနေသေးတာလဲ"
“ကျွန်မ ဘယ်သွားရမလဲ မသိဘူး" သရဲမလေးက ထိုစကားကို ပြောလိုက်ပြီး မျက်လုံးထဲတွင် မျက်ရည်များ အပြည့်ဖြင့် မော့ကျန်းဆီ လွင့်မျောလာသည်။
“ဒါဆို မင်းလာခဲ့တဲ့ နေရာဆီ ပြန်သွားလေ" မော့ကျန်းက မှန်ဆီ လျှောက်သွားကာ စားပွဲပေါ်မှ ဆံပင်လေမှုတ်စက်ကို ကောက်ယူလိုက်ပြီး ဆံပင်များကို အခြောက်ခံလိုက်သည်။ သရဲမက မော့ကျန်း၏ ဆံပင်ပျော့လေးများကို မရေမရာ ကြည့်နေပြီး သနားစရာ ကောင်းသော အသံလေးဖြင့် ပြောလိုက်သည်။
"ကျွန်မ ဘယ်သူမှန်းလဲ မမှတ်မိဘူး"
မော့ကျန်းက အနက်ရောင် ရှေ့ဆံမြိတ်လေးများကို လေမှုတ်ကာ အခြောက်ခံလိုက်ပြီး သူ့အသံက အေးစက်နေခဲ့သည်။
"အဲ့ဒါက ငါနဲ့ ဘာမှ မဆိုင်ဘူး"
“သေချာပေါက် ရှင်နဲ့ ဆိုင်တာပေါ့" သရဲမက ရုတ်တရက် စိတ်လှုပ်ရှားလာပြီး သူမ၏ ပါးအို့လေးများကပင် အနည်းငယ် နီရဲလာသလိုပင်။ သို့သော်လည်း သေချာပေါက်ပင် မော့ကျန်းက ပစ္စည်များကိုသာ မြင်နေရသည်ဟုခံစားနေရသည်။
“ရှင်က လဝက်အတွင်းမှာ ကျွန်မကို မြင်ရတဲ့ ပထမဆုံးလူလေ... ပြီးတော့ ရှင်က မြင်ရုံတင်မကဘူး ကြားပါကြားနိုင်သေးတယ်... ကျွန်မရှင့်နားက ထွက်မသွားချင်ဘူး"
မော့ကျန်း: “… …”
Xxx