Chapter 3
ရှေ့နာမည်
မိန်းမလှလေး တစ်ယောက်က သင့်ကို "ရှင့်နားက ထွက်မသွားနိုင်ဘူး"ဟု ပြောလာပါက ယောကျ်ားတိုင်းက တိတ်တဆိတ် ကျေနပ်သွားကြမည် ဖြစ်သော်လည်း သရဲမလှလှလေးက ပြောလာလျှင်ကား... လူအများစုက အတော်လေး ပျော်သွားကြမည် မဟုတ်ဟု သူတွေးမိသည်။
မော့ကျန်းက တဝက်တပျက် အခြောက်ခံထားသော ဆံပင်များကို သာမန်ကာလျှံကာ ဖွလိုက်ပြီး လေမှုတ်စက်ကို ပိတ်လိုက်သည်။ "မင်း လုပ်ချင်သလိုသာလုပ်... မင်းထွက်မသွားရင် မင်းကိုဖမ်းဖို့ သရဲနှင်မဲ့သူတွေ ခေါ်လိုက်ရုံပဲ"
"သရဲနှင်သူ"ဟူသော စကားလုံးသည်ကား သရဲများကို ခြောက်လှန့်နိုင်ပုံပင်။ သူမက တခဏမျှ တုန့်ဆိုင်းသွားပြီးနောက် မျက်လုံးများမှာ ရုတ်တရက် မျက်ရည်များ ပြည့်လာပြီး မော့ကျန်းကို ကြည့်လိုက်သည်။
"ကျွန်မ ရှင့်ကို တကယ် ဒုက္ခမပေးပါဘူး... ကျွန်မက သရဲလေး တစ်ယောက်ပဲကို... ကျွန်မကို ဖမ်းဖို့ လူရှာစရာ မလိုပါဘူး"
မော့ကျန်း: “… …”
ထိုကဲ့သို့ ပြောင်မြောက်လှသော သရုပ်ဆောင်မှုနှင့် ဆိုလျှင် သူမ အသက်ရှင်စဥ်က သေချာပေါက် ဇာတ်ဆောင်မင်းသမီး တစ်ယောက် ဖြစ်ရမည်။
မော့ကျန်း၏ သဘောထား အနည်းငယ် ပျော့ပျောင်းလာသည်ကို တွေ့သောအခါ သရဲမက လက်ကလေးများကို ဆုပ်ကိုင်၍ ဆုံးဖြတ်ချက်ချထားသော လေသံဖြင့် ပြောလိုက်သည်။
"ရှင် ကျွန်မ ဘယ်သူလဲဆိုတာကို မှတ်မိအောင် ကူညီပေးရင် ထွက်သွားပေးမယ်"
တစ်ယောက်ယောက်အတွက်သာ ဆိုပါက မော့ကျန်း ထိုကျိုးကြောင်း မညီသော တောင်းဆိုမှုကို တိုက်ရိုက်ပင် ရင့်ရင့်သီးသီး ပယ်ချလိမ့်မည် ဖြစ်သော်လည်း ထိုသရဲမလေးက သူ့နှလုံးသားကို အနည်းငယ် နူးညံ့သွားစေနိုင်မည့် သိမ်မွေ့ပြီး နှစ်လိုဖွယ် ကောင်းသော မျက်လုံးလေးများ ရှိနေသည်။ မော့ကျန်း နှလုံးသားထဲမှ ငိုချင်းချမိ၍ နှုတ်ခမ်းများကို စေ့ပိတ်ထားလိုက်သည်။ သရဲမလေးက မော့ကျန်းကို မညှာမတာ စိုက်ကြည့်မိသည့်အခါ မော့ကျန်း ပုံစံက အကူအညီမဲ့နေပုံရကြောင်း တွေ့လိုက်ရလေသည်။ အိပ်ခန်းထဲမှ ဆိုဖာလေးပေါ်တွင် ဝင်ထိုင်လိုက်ပြီးနောက် မော့ကျန်းက သရဲမလေးကို ကြည့်လိုက်သည့်အခါ သူမက လေဒဏ်ကို ကြံ့ကြုံခံနေသော ပေါ့ပလာပင်လေးကဲ့သို့ မတ်တပ်ရပ်နေကြောင်း တွေ့လိုက်ရသည်။
“မင်းကိုယ်မင်း ဘယ်သူလဲ ဆိုတာ သတိပြန်ရပြီးတာနဲ့ ချက်ချင်း ထွက်သွားရမယ်... မဟုတ်ရင် ငါ့ကို မယဥ်ကျေးဘူးလို့ အပြစ်မတင်နဲ့"
“ကျေးဇူးတင်ပါတယ်" သရဲမလေးက အဆုံးတွင် မျက်ရည်များ တာကျိုးသကဲ့သို့ ကျဆင်းလာပြီး သူ့ကို ကျေးဇူးတင်စွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
မော့ကျန်းက သူမကို ကြည့်လိုက်ပြီး ထရပ်ကာ အောက်ထပ်သို့ ဆင်းသွားသည်။ သရဲမက သူ့နောက်ကို ဆက်လိုက်နေပြီး ပြောသည်။ "ရှင့်အခန်းက ပိုစတာထဲက လူက ရှင်လား... ရှင်က မကောင်းဆိုးဝါး ဝိဥာဏ်တွေ နှင်ထုတ်ဖို့ ရှင့်ပုံကို ကပ်ထားတာလားဟင်..." ကြည့်ရတာ အလုပ်ဖြစ်ပုံမရ... သူမတောင် လွတ်လွပ်လပ်လပ် လျှောက်သွားနိုင်တာကိုပဲ ကြည့်လေ...
မင်းညီမကို မကောင်းဆိုးဝါးလား...
မော့ကျန်းက နှလုံးသားထဲတွင် ဆိုးဝါးသော စကားများဖြင့် ကျိန်ဆဲနေခဲ့သည်။ သူ ဒေါသများကို ပြန်မျိုချလိုက်ရသည်။ လူတစ်ယောက်က သေဆုံးပြီးသားသူနှင့် ပြန်လည်မငြင်းခုံသင့်ဟူသည်မှာ အများလက်ခံထားသော အသိပင်။
မော့ကျန်းက မီးဖိုချောင်သို့ တန်းသွားလိုက်ပြီး ရေခဲသေတ္တာထဲမှ သံပရိုသီး လတ်လတ်ဆတ်ဆတ် တစ်လုံးကို ထုတ်ယူ၍ အလယ်မှ အခြမ်းနှစ်ခြမ်း ခွဲလိုက်သည်။ မော့ကျန်းက နှစ်ခြမ်းကွဲနေသော သံပရိုသီးကို ကြည့်လိုက်ပြီး ဓါးကိုချကာ တစ်ခြမ်းကို ပါးစပ်ထဲသို့ သွပ်လိုက်လေသည်။
ဤအခြင်းအရာကို ကြည့်နေသော သရဲမလေးမှာ သူမ၏ သွားများပင် ကျဥ်တက်လာသလိုပင် မသိလိုက်မသိဘာသာဖြင့် ကိုယ်လေးပါ ကျုံ့သွားသည်။ "မချဥ်ဘူးလားဟင်"
မော့ကျန်းက သရဲမကို ကြည့်ကာ ဘာစကားမှ ပြောမလာခဲ့ပေ။ မော့ကျန်း ဆုကြီးတစ်ဆုကို ပထမဆုံး ရရှိသွားခဲ့သည်မှာ ဥာဏ်ကြီးရှင် ဒေါက်တာ ကောင်းစန် အဖြစ် သရုပ်ဆောင်ခဲ့ရသော "နတ်ဘုရားတားမြစ်ဇုန် 1"မှ ဇာတ်ကောင်ကြောင့် ဖြစ်သည်။သူက အဖြုူရောင် ကုတ်အင်္ကျီကို ဝတ်ဆင်ခဲ့ပြီး လက်ထဲတွင် သံပရိုသီးတစ်လုံးကို အမြဲတမ်းကိုင်ထားရကာ ၎င်းမှာ ဒေါက်တာကောင်းစန်၏ ကိုယ်စားပြု ပြယုဒ်များ ဖြစ်ပေသည်။
ကောင်းစန်က သံပရိုသီး စားရသည်ကို ကြိုက်နှစ်သက်လှပြီး သူ့ဓါတ်ခွဲခန်းထဲတွင် အခြားအရာများ ပြတ်လပ်နေနိုင်သော်လည်း သံပရိုသီးများကတော့ အမြဲတမ်း ရှိပေသည်။
မော့ကျန်း ရုပ်ရှင် စရိုက်သောအခါ များစွာသော အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရသည်။ သူ့သွားများက အက်စက်ဓါတ်ကြောင့် ကျဥ်တက်နေမည်မှာ အသိသာကြီး ဖြစ်သော်လည်း အကြီးမားဆုံး ရင်ဆိုင်ဖြေရှင်းရသည်မှာ သံပရိုသီးများကို စားသည့်အချိန်တိုင်း သာမန် မျက်နှာထားအတိုင်းသာ ရှိနေရန်ပင်။ ၎င်းမှာ သရုပ်ဆောင် တစ်ယောက်အတွက် သူတို့၏ ကျွမ်းကျင်မှုများကို စစ်ဆေးသည့် အကြီးကျယ်ဆုံး စစ်ဆေးမှုသာ ဖြစ်သည်။ ထိုဇာတ်ကား ပြီးဆုံးသွားသည်နှင့် မော့ကျန်းက ဆုကြီးတစ်ဆု ပိုင်ဆိုင်ခဲ့ရရုံသာမက ကျွမ်းကျင်မှုအသစ် တစ်ခုကိုလည်း အမိအရ ဖမ်းဆုပ်နိုင်ခဲ့သည်။ ၎င်းမှာ သံပရိုသီး စားခြင်းပင်။
မော့ကျန်း၏ မီးဖိုချောင်က သံပရိုသေတ္တာများစွာ ပြည့်နေပေသည်။ အကြောင်းမှာ ထိုအသီး၏ ရာထူးက ကောင်းစန်ကို ကိုယ်စားပြသော ပြယုဒ်တစ်ခု ဖြစ်နေပြီး ယခုမူ သံပရိုသီးက မော့ကျန်း ဖန်ကလပ်၏ လာဘ်ကောင် သစ်သီး ဖြစ်လာပေသည်။
မော့ကျန်း သူမအပေါ် အာရုံမရှိသည်ကို တွေ့လိုက်ရသောအခါ သရဲမလေးက ဒေါသပင် ဖြစ်မသွားဘဲ ဧည့်ခန်းအထိ မော့ကျန်းနောက်မှ အရှက်မရှိ တကောက်ကောက် လိုက်လာသည်။ လက်တစ်ဖက်ဖြင့် သပရိုသီးတစ်လုံးကို ခပ်တင်းတင်း ကိုင်ထားသော မော့ကျန်းမှာ သရဲမကို ဒေါသတကြီး ပြန်လှည့်ကြည့်လာခဲ့သည်။
"မင်း ဒီမှာ နေချင်ရင် ပထမထပ်မှာပဲနေ... အပေါ်က ဒုတိယထပ်က ငါ့ ကိုယ်ပိုင်နေရာပဲ... မင်းကို ဝင်လာခွင့်မပြုဘူး... ပြီးတော့ ငါ့ကိုလည်း စကား လာမပြောနဲ့... တခြားသူတွေ ငါ့ကို ရူးသွားပြီလို့ တွေးကြမှာ မလိုချင်ဘူး... ဒီအိမ်ထဲမှာ မင်းထိလို့ မရတဲ့ ပစ္စည်းတွေရှိသေးတယ်... မင်းတစ်ခုခုကို ဖျက်ဆီးလိုက်ရင် တန်ဖိုးအလိုက် အလျော်ပေးရမယ်... ပြီးတော့ နောက်ဆုံး တစ်ခုက..." မော့ကျန်းကအသက်ပြင်းပြင်း ရှုပြီး ဆက်ပြောလိုက်သည်။ "ငါနဲ့ ဝေးဝေးမှာနေ"
သရဲမ: “… …”
မော့ကျန်း ပြောပြီးသွားသည်နှင့် သရဲမလေးမှာ နားထဲ၌ တဝီဝီ ဖြစ်နေသည်ကိုသာ ခံစားမိတော့သည်။
သူမက တိရစ္ဆာန်များနှင့် လူသားများသာ ရှိကြသော အန္တရာယ်မပြုတတ်သည့် အပြုံးလေး ချိတ်ဆွဲကာ နာနာခံခံဖြင့် သုံးမီတာ အကွာအဝေးသို့ လွင့်မျောသွားသည်။
မော့ကျန်းက လက်ထဲမှ သံပရိုသီးကို ကိုက်ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး တီဗီဖွင့်လိုက်သည်။
တစ်ခဏအကြာ တစ်ဖက်တွင် ထိုင်နေသော သရဲမက အလွန် တိတ်ဆိတ်နေပြီးစိတ်မပါလက်မပါ မေးလိုက်သည်။ "ရှင့် နာမည်က ဘာတဲ့လဲဟင်"
မင်းက မင်းကယ်တင်ရှင်ရဲ့ နာမည်ကိုတောင် မသိဘူးပေါ့လေ... ဘယ်လောက်တောင် မသိတတ်လိုက်လဲ...
မော့ကျန်းက နှလုံးသားထဲတွင် ဒေါသတကြီး ပြောဆိုနေသော်လည်း အေးစက်စက် မျက်နှာထားမှာမူ မပြောင်းလဲပေ။
ထိုအမျိုးသမီးက တံတွေးမျိုချကာ ဂရုတစိုက် ထရပ်ပြီး ပြောလိုက်သည်။
"ရှင်လည်း ရှင့်နာမည်ကို မမှတ်မိဘူးလားဟင်"
မော့ကျန်း: “… …”
တစ်ခါတလေကျရင် သူ အဲ့သရဲရဲ့ ပါးစပ် ပိတ်သွားအောင် ဖြတ်ရိုက်နိုင်ချင်လိုက်တာနော်...
သရဲမလေးက သူ သူ့ကိုယ်ပိုင် နာမည်ကိုပင် မမှတ်မိဟု ကျိန်းသေ ထင်မှတ်သွားသဖြင့် အားတက်သရောဖြင့် သူ့ဘေးနား မျောလာကာ နှစ်သိမ့်ပေးဟန် ဖြင့် ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး... နောက်ကျရင် ရှင့်ကို လီကိုတန့်လို့ ခေါ်လို့ရတယ်လေ... အိုကေလား"
မော့ကျန်း: “… …”
မင်းကျတော့ရော... မင်းကမှ လီကိုဟိုင်လို့ ခေါ်ရမှာကွ...
(ကိုတန့် က ခွေးဥလို့ အဓိပ္ပါယ်ရပြီး ကိုဟိုင်က ဟေ့ခွေးလေးလို့ အဓိပ္ပါယ်ရပါတယ်)
မော့ကျန်းက တီဗီရီမုတ်ကို စိတ်ဆိုးမာန်ဆိုးဖြင့် နှိပ်ကာ ဖျော်ဖြေရေး သတင်းဌာနတစ်ခုတွင် ရပ်သွားသည်အထိ ချန်နယ်များကို တစ်ခုပြီး တစ်ခု ပြောင်းနေခဲ့သည်။ သတင်းကြေညာသူ အမျိုးသမီးက ဖြစ်ပျက်နေသော အကြောင်းအရာများကို ရှင်းပြရန်အတွက် စတင်ပြောဆိုနေပေသည်။ တီဗီမျက်နှာပြင်ပေါ်မှ သူမ၏ မျက်နှာကို မမြင်ရသော်လည်း သူမ၏ အသံအနေအထားအရ သူမ မည်မျှပင် စိတ်လှုပ်ရှားနေကြောင်း တွေးမိနိုင်ရန် မခက်ခဲပေ။
“သိပ္ပံနယ်လွန် အက်ရှင်ဇာတ်ကား နတ်ဘုရားတားမြစ်ဇုံ3 က ယနေ့မှာပဲ ဖွင့်ပွဲအကြီးကြီး ကျင်းပပေးခဲ့ပါတယ်... ဒါရိုက်တာနဲ့ အဓိက သရုပ်ဆောင်တွေအားလုံးလည်း တက်ရောက်ကြပြီး အဓိက ဇာတ်ဆောင်တွေ ပထမဆုံး ထွက်ပေါ်လာတာနဲ့ ပရိတ်သတ်အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပါတယ်"
ပရိတ်သတ်များ၏ အော်ဟစ်သံများက သတင်းကြေညာသူ၏ အသံကို ဖုံးလုနီးပါးပင်။ ကျယ်လောင်သော အသံစူးစူးများက ဧည့်ခန်း တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။
သရဲမက မသိလိုက်မသိဘာသာဖြင့် ခြေတစ်လှမ်း ဆုတ်သွားပြီး သူမ၏ လက်များက နားများကို အုပ်ကိုင်ထားလေသည်။
တီဗီ မျက်နှာပြင်၌ လူတစ်ယောက် ပေါ်လာနေပြီး ပရိတ်သတ်ထဲမှ မိန်းကလေးအားလုံးက "မော့ကျန်း"ဟူသည့် စကားလုံးကိုသာ ထပ်ကာ ထပ်ကာ အော်ဟစ်နေကြသည်။ စတိတ်စင်ပေါ်မှ အလွန် တူညီနေသောလူကို တွေ့ပြီးနောက် သရဲမလေးက အလွန် အံ့အားသင့်သွားလေသည်။ ဒါသူမရဲ့ အိမ်ရှင်ကြီး မဟုတ်ဘူးလား...
“ရှင်က သရုပ်ဆောင်ပဲ" သရဲမလေးက အရုပ်အသစ် ရသော ကလေးလေးတစ်ယောက်ကဲ့သို့ စိတ်လှုပ်ရှားစွာဖြင့် တီဗီရှေ့သို့ မျောလွင့်သွားသည်။
"ဒါဆို ရှင့်နာမည်က မော့ကျန်းလို့ ခေါ်တာပေါ့... ဒီနာမည်က လီကိုတန့် ထက်တော့ အများကြီး ကောင်းပါတယ်"
“… … တိတ်စမ်း... လီကိုဟိုင်"
သူ၏ တီဗီပေါ်မှ သိမ်မွေ့ပြီး ချောမောလှသည့် ပုံရိပ်နှင့် ဆန့်ကျင်စွာပင် မော့ကျန်းက သရဲမလေး ရှေ့တွင် အပြုအမူကောင်းများကို ထိန်းနိုင်တော့ပေ။
သရဲမလေးက ခေါင်းကို ကျုံ့ကာ မဝံ့မရဲဖြင့် သူမနှာခေါင်းကို လက်ညိုးထိုးပြလိုက်သည်။
"လီကိုဟိုင်လား..." သူမက မေးလိုက်သည်။
မော့ကျန်းက နှုတ်ခမ်းများကို စေ့ပိတ်ကာ သူ့ဒေါသများကို လွှဲပြောင်းလိုက်သည့် အနေဖြင့် လက်ထဲမှ သံပရိုသီးကို ကိုက်ဝါးလိုက်သည်။ အက်စက်ဓါတ်က သူ့သွားများထံ စွန်းထင်းလာလေသည်။
တီဗီပေါ်မှ သတင်းက ဆက်လက် ထုတ်လွှင့်နေပြီး အဖြူရောင် ကုတ်အင်္ကျီ ဝတ်ထားသော မော့ကျန်းက ကြည့်ရှုသူများကို ဆွဲဆောင်နေသည့်အလား ရှေ့ကို ကိုင်းကာ ညှို့ဓါတ်ပြင်းသော အသံနက်နက်ဖြင့် မိုက်ခရိုဖုန်းထံ ညွှတ်ကိုင်းလိုက်ပြီး ပို၍ မူးယစ်စေလာသလိုပင်။ "ငါ မင်းနဲ့ အတူသေမယ်... ပြီးတော့ မင်းကလည်း ငါနဲ့အတူ အမြင့်ကို တက်ရမယ်"
ထိုစာကြောင်းများမှာ နတ်ဘုရားတားမြစ်ဇုံမှ အကျော်ကြားဆုံး စာသားများသာ ဖြစ်ပြီး သူတို့၏ ကျယ်လောင်သော အော်ဟစ်သံများ ပိုပြီး လွှမ်းမိုးလာကာ ပရိတ်သတ်တို့၏ ချစ်ခင်အားပေးမှုကို မီးညှိပေးခဲ့လေပြီး မော့ကျန်းက တီဗီရီမုတ်ပေါ်မှ အပိတ်ခလုတ်ကို ပြတ်ပြတ်သားသား နှိပ်မိသွားစေသည်။
“ဘာလို့ မကြည့်တော့တာလဲ... " သရဲမက ၎င်းကို စိတ်ဝင်တစား ဖြစ်နေရုံသာရှိသေးသည့်အချိန်၍ တီဗီ မျက်နှာပြင်ကြီး မဲမှောင်သွားသဖြင့် သူမက ခေါင်းကို လှည့်ကာ မော့ကျန်းကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
မော့ကျန်းက မျက်ခုံးပင့်လိုက်သည်။ ထိုသရဲမလေးက သူ့ကို စိုက်ကြည့်ရသေးသည်။ သူမက မကြာသေးမီက မျက်ရည်အပြည့် ဖြစ်နေသော မျက်လုံးများနှင့် တရှုံ့ရှုံ့ ငိုကာ နေခွင့်ပေးရန် တောင်းဆိုခဲ့သည့် လူနှင့် လုံးလုံးတူမနေပေ။
ထိုသရဲမကို လျစ်လျူရှုကာ မော့ကျန်းက စားပြီးသား သံပရိုသီးကို အမှိုက်ပုံထဲသို့ လွှင့်ပစ်လိုက်သည်။ သရဲမလေးက ထရပ်ကာ ကြည့်လိုက်ပြီးနောက် အပေါ်ထပ်ကို သွားနေသည့် သူ့နောက်ကို လိုက်ရန် ပြင်လိုက်လသည်။
မော့ကျန်းက လှေကားပေါ်တက်မည့် ခြေလှမ်းကို ပြန်ရုတ်ကာ ခပ်မြန်မြန် လှည့်ကြည့်လိုက်စဥ်တွင် သူ့ပါးပြင်များက သရဲမ၏ မျက်နှာနှင့် ဖိကပ်မိတော့မလိုပင်။ ကံကောင်းစွာဖြင့် သရဲမက ကိုယ်ထည်အစစ် မရှိခဲ့သဖြင့် မော့ကျန်းက ဘာကိုမှ မခံစားလိုက်ရ။
"ငါပြောပြီးသားလေ... မင်းကို ပထမထပ်မှာပဲ နေခွင့်ပေးမှာလို့"
သရဲမလေးက နှာရှုံ့ကာ ချက်ချင်းပင် သနားစရာ ပုံလေးသို့ ပြောင်းသွားလေသည်။ "ဒါပေမယ့် ရှင့်မှာ နာမည်ရှိပေမယ့် ကျွန်မမှာ မရှိဘူးလေ"
မင်းမှာ ဘာလို့ မရှိရမှာလဲ... မင်းနာမည် လီကိုဟိုင် မဟုတ်ဘူးလား...
မော့ကျန်းက မျက်လုံး မလှိမ့်ဘဲ မနေနိုင်တော့။ သူမက အမှန်တကယ်ပင် သရုပ်ဆောင်သည့် နေရာ၌ အရည်အချင်း ရှိလွန်းသည်။ သူ သူမကို ချွီထောင်နှင့် မိတ်ဆက်ပေးသင့်နေသေးသည်။
“ကျွန်မ သိပြီ" သရဲမက ရုတ်တရက် တစ်ခုခု တွေးမိသွားသည်။ သူမက ရုတ်တရက်ပင် မော့ကျန်းရှေ့ အားတက်သရော ပိတ်ရပ်လိုက်သည်။
"ကျွန်မ နာမည်ကို မှတ်မိသွားရင် ကျွန်မ ဘယ်သူလဲ ဆိုတာ မှတ်မိနိုင်လောက်တယ်"
မော့ကျန်းက သူမကို မျက်လုံးထောင့်မှ လှည့်ကြည့်လိုက်ပြီး ဧည့်ခန်းသို့ ပြန်လှည့်သွားကာ ဆိုဖာပေါ် ပြန်ထိုင်လိုက်သည်။
"အိုး... ဟုတ်လား... ဒါဆို မင်းနာမည်က ဘာတဲ့လဲ"
“အင်း … …”ထိုမေးခွန်းက သရဲမလေးကို အတော်လေး စိတ်ဖိစီးစေပုံပင် "အခုတလော ရေပန်းစားနေတဲ့ မိန်းကလေး နာမည်တွေက ဘာတဲ့လဲ"
မော့ကျန်းက သူ့ခေါင်းကို ဆိုဖာပေါ်တွင် မှီကာ သာမန်ကာလျှံကာ ဖြေလိုက်သည်။ "ရှောင်ချောင်း၊ ဝေဝေ၊ ရှင်းအာ၊ လိရှား"
သရဲမက ထိုအမည်များကို ဂရုတစိုက် လိုက်မှတ်နေသကဲ့သို့ တခဏမျှ တိတ်ဆိတ်သွားသည်။ မကြာမီပင် မော့ကျန်းကို စိုက်ကြည့်ကာ ရေကို စစ်ထုတ်လိုက်သည်။
"ဒါတွေက ရှင့် ရည်းစားဟောင်းတွေရဲ့ နာမည်တော့ မဟုတ်လောက်ပါဘူးနော်"
မော့ကျန်း: “… …”
သူက မျက်ခုံးပင့်ကာ ထူးမခြားနားသော အပြုံးတစ်ခု ပေးလိုက်သည်။ "မင်းက ငါ့ကို လာဖျော်ဖြေနေတာလား"
…
“မဟုတ်ပါဘူး... မဟုတ်ဘူး... လုံးဝ မဟုတ်ပါဘူး" သရဲမက ပလုတ်တုပ်လေးကဲ့သို့ ခေါင်းကို ခါယမ်း ပြလိုက်သည်။ "ဒါပေမယ့်... ကျွန်မမှာ နာမည် မရှိရင် ရှင် ကျွန်မကို ဘယ်လိုခေါ်မှာလဲ"
မော့ကျန်းက သက်ပြင်းချကာ ရေခဲသေတ္တာဆီသို့ သွားလိုက်ပြီး ကျန်နေသော သံပရိုတစ်ခြမ်းကို ထုတ်ယူလိုက်သည်။
"ငါကတော့ အဲ့လိုပြဿနာမျိုး ရှိလာမှာ မဟုတ်ဘူး"
သရဲမ: “… …”
သူမက သက်ပြင်းချကာ အလွန် ဝမ်းနည်းနေဟန်ဖြင့် ပြောလိုက်သည်။ "ဟူး... ကျွန်မသာ နာမည် မမှတ်မိရင် ဒီနေရာမှာ တစ်သက်လုံး နေသွားရတော့မှာပဲ"
မော့ကျန်း: “… …”
သူက လက်ထဲမှ သံပရိုသီးကို အချဥ်ရည်များ ကြမ်းပေါ် ကျလာသည်အထိ ဖျစ်ညှစ်လိုက်သည်။ သူက အံကြိတ်ကာ သွားကြားထဲမှ အသံဖြင့် ပြောထွက်လာသည်။ "အား...ယောင်"
(အားက ရင်းနှီးသူတို့ရဲ့ နာမည်ရှေ့မှာ ထည့်သုံးတဲ့ စကားပါ... ဥပမာ နာမည်က ရှီရှီဆိုရင် ဆွေမျိုးများက အားရှီလို့ ခေါ်သလိုပါပဲ... ယောင်ကတော့ အဝေးသို့လို့ အဓိပ္ပါယ်ရတဲ့ တရုတ်စကားလုံးပါ)
“အားယောင်လား" သရဲမက မော့ကျန်းကို ကြည့်ကာ လက်မခံလိုဟန် ပြန်ပြောလာသည်။
"ကျွန်မ ရှင့်ရည်းစားဟောင်း နာမည်ကြီး မသုံးချင်ပါဘူး"
“ဒါက ငါ့ရဲ့ နောက်ဆုံးထွက် အယ်လ်ဘမ် နာမည်လေ... မဟုတ်ရင် မင်းက အားပု... အားခယ်... အားကျိ လို့ ခေါ်ခံချင်တာလား"
(ပုက တရုတ်လိုဆို မဟုတ်ဘူး ဆိုတဲ့စကားလုံးပါ... ခယ်က အရက်သောက်သည်ဖြစ်ပြီး ကျိက မြန်မြန်လုပ်ဆိုတဲ့ စကားပါ)
သရဲမ: “… …”
“ကောင်းပြီလေ... ဒါဆိုလည်း အားယောင်ပေါ့" သူမက အမှန်တကယ် စိုးရိမ်နေခဲ့ပါ၏။ မော့ကျန်းသာ ဒီလိုမျိုး ဒေါသ ဆက်ထွက်လာရင် မကြာခင် သူ့သွေးကြောတွေ ပေါက်ကွဲလာလိမ့်မယ်...
Xxxx