Chapter 4
မော့ကျန်းက ဒေါသတကြီးဖြင့် အပေါ်ထပ်သို့ တက်သွားကာ လှေကားပေါ် နှစ်လှမ်းမျှ လှမ်းပြီးသည်နှင့် စိတ်ဆိုးမာန်ဆိုးဖြင့် ခေါင်းပြန်လှည့်လာပြီး သူမကို ကြည်လာခဲ့သည်။
"မင်း ဒုတိယထပ်ကို တက်လို့မရဘူး... ပြီးတော့ မင်း ဒီလတွေထဲမှာ မင်းနာမည်ကို မမှတ်မိရင် ဘာကိစ္စပဲ ရှိရှိ ထွက်သွားရမယ်"
အားယောင်က သူမနှာခေါင်းကို ရှုံ့လိုက်ရပြီး မော့ကျန်းကလည်း သူမကို ဒုတိယထပ်သို့ တက်မလာရန် အမိန့်ပေးစရာ မလိုတော့ပေ... ဘာပဲဖြစ်ဖြစ် သူမမှာ သွားစရာနေရာမရှိခဲ့။
သနားစရာ အားယောင်လေး၏ အကြံ ကျရှုံးသွားလေသည်။ သူမမှာ ရွေးချယ်စရာ မရှိဘဲ လှေကားအနားတွင် တစ်ခဏမျှ ယောင်လည်လည် လုပ်နေပြီးနောက် အဆုံးတွင် ဧည့်ခန်းထဲသို့သာ မျောလွင့်သွားတော့သည်။ နံရံပေါ်တွင် ချိတ်ဆွဲထားသော LCD တီဗီပြားလေးကို ကြည့်လိုက်ပြီး အားယောင် သက်ပြင်းချလိုက်သည်။ အဲ့လူက တီဗီပေါ်မှာ အရမ်းသိမ်မွေ့ပြီး ကြင်နာတတ်တဲ့ပုံ ပေါ်နေပေမယ့် အိမ်မှာတော့ ဘာလို့များ လုံးဝကွဲပြားနေရပါလိမ့်... သူ့ဖန်တွေသာ သူ့မျက်နှာအစစ်ကို တွေ့ပြီးသွားရင် ဆက်ပြီး အားပေးကြပါဦးမလား...
မော့ကျန်းက သူ့အိပ်ခန်းကို ပြန်လာပြီးသောအခါ သံပရိုသီးကို စားပြီးနောက် တန်းအိပ်သွားသည်။ သူ ဒီနေ့ အရမ်း ပင်ပန်းသွားလို့ စိတ်ခြောက်ခြားနေတာ နေမှာပါ... မနက်ဖြန် သူအိပ်ရာနိုးတဲ့အချိန် သူ့အိမ်မှာ ဘယ်သရဲမှ မရှိဖို့ မျှော်လင့်ရတာပဲ...
မော့ကျန်းက သူ့ခေါင်းကို ခေါင်းအုံးထဲတွင် မြှုပ်ထားလိုက်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။
သူက ထိုမိန်းကလေးကို နာမည်တောင် ပေးလိုက်သေးသည်။
သူတစ်ချိန်က ဆိုရိုးတစ်ခု ကြားခဲ့ဖူးသည်။ နာမည်ဟူသည်မှာ အတိုဆုံး ဂါထာဖြစ်ပြီး သင်သာ တစ်ခုခုကို အမည်ပေးမိပါက သင်က ထိုအရာနှင့် တစ်သက်လုံး ချည်နှောင်သွားမည်ဖြစ်သည်။
မော့ကျန်းက ယနေ့တွင် အတော်လေး ပင်ပန်းသွားခဲ့ပြီဖြစ်သည်။ အပြင်ဘက်တွင် မိုးက ဆက်လက် ရွာသွန်းနေပြီး မကြာမီပင် သူအိပ်မောကျသွားတော့သည်။ သူ ရေကျနေသံ သဲ့သဲ့ကို ကြားနေရ၍ မော့ကျန်း မျက်မှောင်ကြုပ်မိသွားသည်။ မိုးကျနေတဲ့အသံ မဟုတ်ဘူးလား...
မော့ကျန်းက အိပ်နေချိန်တွင် လုံးဝတိတ်ဆိတ်နေရန် လိုအပ်သည်။ အသံသေးသေးလေး ထွက်နေလျှင်တောင် သူလုံးဝ အိပ်မပျော်နိုင်တော့။ သူ့နားထဲမှ ရေသံကို ကြားနေရသဖြင့် မော့ကျန်းက မနေနိုင်တော့ဘဲ အိပ်ရာပေါ်မှ ထထိုင်ကာ ပြတင်းပေါက် ခန်းဆီးကို လှပ်ကာ ကြည့်လိုက်သည်။
အပြင်ဘက်တွင် မဲမှောင်နေပြီး ၎င်းက မိုးကျနေသည်ကြောင့်ဟု ထင်ရသော်လည်း ညဥ့်နက် ကြယ်စင်များမှာ ယနေ့ညတွင် အတော်လေး တောက်ပနေကြဟန်ပင်။
၎င်းက မိုးရွာနေခြင်း မဟုတ်ပါပေ။
သို့သော်လည်း ရေကျနေသော အသံက ပျောက်ကွယ်မသွားဘဲ အောက်ထပ် တစ်နေရာရာမှ လာသည့်ပုံပင်။
…
ဒါက လီကိုဟိုင် လုပ်နေတာပဲ ဖြစ်ရမယ်
မော့ကျန်းက ဆံပင်များကို ဆွဲဖွကာ တံခါးကို ဖွင့်၍ ပထမထပ်ကို ဆင်းသွားလိုက်သည်။
ပထမထပ်၏ ရေချိုးခန်းက အနည်းငယ်ံဟနေပြီး တံခါးမှ နွေးထွေးသော အဝါရောင် အလင်းရောင်လေး ဖြာကျနေကာ မော့ကျန်းကို အိပ်မရ ဖြစ်စေခဲ့သော ရေကျသံက အထဲမှ ထွက်ပေါ်နေသည်။
မော့ကျန်းက မျက်ခုံးပင့်ကာ တံခါးကို ဖွင့်လိုက်သည်။
ရေနွေးနွေးလေးက ရေပန်းမှ ပက်ဖျန်းနေပြီး အားယောင်က ရေပန်းအောက်တွင် ရပ်နေကာ သူမမျက်နှာက ထိတ်လန့်မှုတို့ဖြင့် မော့ကျန်းကို ကြည့်နေခဲ့သည်။ ရုတ်တရက်ပင် သူမက ရင်ဘတ်ကို အုပ်ကာ အော်ဟစ်လိုက်လေသည်။
မော့ကျန်းက တစ်ခဏမျှ တုန်ယင်သွားပြီး မြန်မြန် လှည့်ပြေးကာ မျက်လုံးများကို ခပ်မြန်မြန် မှိတ်လိုက်သော်လည်း လီကိုဟိုင်က အဝတ်အစားများ ဝတ်ထားဆဲဖြစ်သည်ကို သတိရလိုက်သောအခါ၌ ချက်ချင်း ပြန်ပွင့်သွားသည်။
အားယောင်က သူမရင်ဘတ်ကို ကာထား၍ အော်ဟစ်နေဆဲပင်။ မော့ကျန်း၏ နှဖူးမှ သွေးကြောများက ပေါက်ကွဲထွက်တော့မလိုပင်။ "တိတ်စမ်း"
အော်သံက ရုတ်တရက် တိတ်သွားသည်။
မော့ကျန်းက လျှောက်သွားကာ ရေပန်းကို ပိတ်လိုက်ပြီး အားယောင်ကို ကြည့်လိုက်သည်။ "မင်း ဘာတွေ လုပ်နေတာလဲ"
“အာ" အားယောင်က ပြန်ဖြေသည်။ "ကျွန်မ ရေချိုး ချင်လို့လေ"
မော့ကျန်း: “… …”
“မင်းက သရဲလေ... ကျေးဇူးပြုပြီး သရဲ အသိစိတ်ဓါတ်လေး ထားပေးလို့ရမလား" မော့ကျန်းက ရင်ထဲမှ ဒေါသမီးကို ငြိမ်းသတ်နေရသည်။ သူက သရဲမ၏ ခြောက်သွေ့နေသောအဝတ်များနှင့် ဆံပင်များကို ကြည့်လိုက်သည်။
"မင်းက ရေချိုးဖို့လိုလို့လား... အပြင်ဘက်က မိုးတောင်မှ မင်းကို မစိုနိုင်ဘူး.... မင်းအခုရော စိုနေလို့လား"
မော့ကျန်းက သူ့စကားလုံးများ ဆုံးချိန်၌ ၎င်းက အနည်းငယ် ညစ်ညမ်းသည့်လေသံ ပေါက်နေကြောင်း ခံစားလိုက်ရသည်။
ကံကောင်းစွာဖြင့် အားယောင်က ဖြူစင်သော သရဲမလေး ဖြစ်ပြီး မည်သည်ကိုမျှ ကျော်လွန်ပြီး မတွေးမိပေ။ "ကျွန်မ မစိုသွားပေမယ့်လည်း ရေချိုးတယ်ဆိုတဲ့ ခံစားချက်လေး ရသေးတယ်လေ"
မော့ကျန်းက အသက်ပြင်းပြင်း ရှုလိုက်ပြီး ပရော်ဖက်ရှင်နယ်မော့ကျန်းအပြုံးလေးကို မသိမသာ ချိတ်ဆွဲလိုက်လေသည်။
"ဒါဆို ရေနဲ့ လျှပ်စစ်ဖိုးတွေကို မင်းရဲ့ဌားရမ်းခထဲကနေ နှုတ်ရမှာလား"
ထိုအပြုံးက အားယောင်ကို အနည်းငယ် တမေ့တမျော ဖြစ်သွားစေသော်လည်း မကြာမီ စိတ်ပြန်လည်လာကာ မော့ကျန်းကို စိုက်ကြည့်လိုက်သည်။
"ရှင်က အရမ်းချမ်းသာတာပဲကို... သရဲဆီက ငွေတောင်းနေရသေးတာလား... ရှင် နည်းနည်းလေးတောင် ရှက်တယ်လို့ မခံစားရဘူးလား"
“ဒါပေါ့ မခံစားရဘူး... ဒါငါ့ရဲ့ ရပိုင်ခွင့်ပဲလေ" ၎င်းက သူအမြဲတမ်း ကျင့်သုံးခဲ့သော နည်းလမ်းပင်။ တစ်ယောက်ယောက်က အကြွေးတင်ထားပါက အမြဲတမ်း ပြန်လည် ပေးဆပ်ရမည်ဟု သူယုံကြည်ထားသည်။
ယုံကြည်ချက်ရှိနေသော သူ့ပုံစံက အားယောင်ကို လည်နင်သွားစေသည်။ သူမက ချက်ချင်းပင် မျက်လုံးကို အောက်ချကာ ကြမ်းပြင်ကို လှမ်းကြည့်လိုက်သည်။ "ကျွန်မက သရဲပဲလေ... ပိုက်ဆံဘယ်ရှိပါ့မလဲ"
“အိုး... ဒါဆို အခုတော့ မင်းက သရဲမှန်း သိသွားပြီပေါ့" မော့ကျန်းက လက်ဖြင့်ရေပန်းကို ဖမ်းကိုင်လိုက်သည်။
"အတိုချုံ့ပြောရရင် ဒီအိမ်ထဲက ပစ္စည်းအားလုံးက ငါ့အပိုင်ပဲ... ဘာကိုမှ ထိခွင့်မပြုဘူး"
“သိပါပြီ" အားယောင်က ရှိုက်ငိုကာ လက်ညှိုးလေးဖြင့် တကယ်မရှိသော မျက်ရည်များကို သုတ်နေသည်။
မော့ကျန်းက အားယောင် ဒရာမာခင်းနေသည်ကို မျက်ကွယ်ပြုထားကာ ရေပန်းကို ကြည့်လိုက်ပြီး မေးသည်။ "မင်း ဒါကို ဘယ်လို ဖွင့်လိုက်တာလဲ"
“အာ... ဒါအရမ်းလွယ်ပါတယ်" အားယောင်က မျက်နှာပေါ်တွင် ဂုဏ်ယူနေသော အပြုံးတစ်ခု ရှိနေသည်။ "ဒီလိုလေ"
သူမ အသံဆုံးသည်နှင့် "ဘန်း"ဟူသော အသံဖြင့် ရေပန်းမှ ရေများ ကျဆင်းလာပြီး သတိလက်လွတ်ဖြစ်နေသော မော့ကျန်းအပေါ်သို့ လောင်းချလိုက်သလိုဖြစ်သွားသည်။ အချိန်တိုလေးအတွင်းမှာပင် မော့ကျန်းမှာ နှစ်ခါ ရေရွှဲရွှဲစိုသွားခဲ့ရပြီဖြစ်သည်။
အားယောင်: “…”
မော့ကျန်း: “… …”
“မင်းကတော့ ဒီနေရာကနေ ထွက်သွားချင်ပြီထင်တယ်" ဟိန်းသံကြီးက ရေချိုးခန်း အမိုးကို လန်သွားစေမတတ်ပင်။
အားယောင်က ဧည့်ခန်းထဲတွင် အရှေ့နှင့် အနောက် မျောလွင့်နေပြီး သူမစိတ်ထဲတွင်လည်း ပူပန်မှုများ အပြည့်ပင်။ သူ့အသံအနေအထားအရ မော့ကျန်း တကယ် ဒေါသထွက်ပုံပင်။ ရေကျသံကို နားထောင်နေရင်း အားယောင်က မုန်တိုင်းလာတော့မည်ဟု ခံစားနေရသည်။
မော့ကျန်းက ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်နှင့် အားယောင်က မီးဖိုချောင်ထဲသို့ လွင့်မျောသွားသည်။ မော့ကျန်းက ဧည့်ခန်းထဲသို့ လျှောက်လာနေစဥ် ဆံပင်များကို ဆွဲဖွရင်း အခြောက်ခံနေကာ ဝိုင်နီတစ်ပုလင်း ယူပြီး မီးဖိုချောင်အတွင်းသို့ လျှောက်လာခဲ့သည်။ "ဘာလို့ ဒီမှာ ရှိနေသေးတာလဲ... ချက်ချင်း ထွက်သွား"
“မော့ကျန်း... ကျွန်မ တကယ်..." အားယောင်က စိတ်လှုပ်ရှားစွာဖြင့် ရှင်းပြရန် ပြင်နေစဥ် သူမပြောမည့်စကားကို ဆုံးအောင် မပြောနိုင်ခင်မှာပင် မော့ကျန်းက ဆားတစ်ပုလင်းကို ယူကာ လက်ထဲ၌ လောင်းထည့်လိုက်ပြီး အားယောင် ရပ်နေသည့်နေရာသို့ လှမ်းပက်လိုက်သည်။
အဖြူရောင်ဆားများက နှင်းပွင့်လေးများကဲ့သို့ ပျံဝဲနေပြီး အားယောင်၏ ခန္ဓါကိုယ် ရှိမည့်နေရာဟု ယူဆရသော နေရာကို ဖြတ်သန်းကာ တောက်ပပြောင်လက်နေသော ကြမ်းပြင်ပေါ်သို့ ကျဆင်းသွားသည်။
ဆရာ တစ်ခါက သူ့အား ဆားကို သရဲနှင်ရန် သုံး၍ ရသည်ဟု ပြောပြခဲ့ဖူးသည်။ သို့သော်လည်း သူတကယ် လုပ်ကြည့်လိုက်သောအခါတွင်မူ... အားယောင်က ယခင်ကကဲ့သို့ သူ့ရှေ့တွင် ရပ်နေဆဲ ဖြစ်နေသည်။
“ဟမ် … …” အားယောင်က မျက်နှာကို ဆွဲချကာ မော့ကျန်းကို အကြံတစ်ခု ပေးရန် ဆုံးဖြတ်လိုက်သည်။ "ကြည့်ရတာ ရှင့်အနေအထားက မမှန်လို့ထင်တယ်... အနေအထား ပြောင်းကြည့်ရင်ရော"
မော့ကျန်း: “… …”
မင်းနှမကို အာ... ဒါကို ရေဒီယို လေ့ကျင့်ခန်းလို့ ထင်နေတာလား...
မော့ကျန်းက ထိုကဲ့သို့ ဆက်ဖြစ်နေပါက သရဲမက သူမ ဘယ်သူ ဖြစ်သလဲ ဆိုတာကို မမှတ်မိနိုင်တော့ဘဲ သူကိုယ်တိုင်လည်း သရဲအဖြစ် ပြောင်းသွားပြီး ထို့အပြင် ရူးနှမ်းသည့် သရဲတစ်ကောင်လည်း ဖြစ်လာနိုင်သေးသည်ဟု ခံစားနေရသည်။
မော့ကျန်းက ထိုလူပါးဝသော သရဲမကို သူ့အိမ်မှ နှင်ထုတ်ရာ၌ အမြဲတမ်း ကျရှုံးခဲ့ရသည်။ သူမက ပြဿနာအများကြီး ဖြစ်လာစေလျှင်တောင် သူ သူမကို တကယ်တမ်း နှင်ထုတ်နိုင်မည် မဟုတ်ပေ။ မျက်နှာပေါ်တွင် ညအိပ်မျက်နှာဖုံးကပ်ကာ မော့ကျန်းက အိပ်ရာပေါ်တွင် လဲလျောင်း၍ အနားယူသွားသည်။
ညတာက အေးချမ်းနေသည်။ အားယောင်က ဆိုဖာပေါ်တွင် တွန့်လိမ်ကာ တီဗီကြည့်နေလေ၏။
မော့ကျန်း သတိမပြုမိရန်အတွက် သူမက တီဗီကို တမင်သက်သက် အသံပိတ်ထားခဲ့ပြီး မျက်လုံးများကို ဖွင့်ချည်ပိတ်ချည် လုပ်၍ တီဗီပေါ်မှ စာတန်းကို ကြည့်နေခဲ့သည်။
ယနေ့တွင် နတ်ဘုရားတားမြစ်ဇုံ 3ကို စတင် ရိုက်ကူးသည်ဖြစ်၍ ရုပ်သံလိုင်းကြီးများအားလုံးက နတ်ဘုရားတားမြစ်ဇုံ ဇာတ်လမ်းတွဲများကို ပြန်လည် ထုတ်လွှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သို့သော်လည်း ဒီတစ်ကြိမ်၌ အားယောင်က ထိုဇာတ်လမ်းတွဲ၏ ပထမဆုံးဇာတ်ကားကို ကြည့်နေခဲ့ခြင်း ဖြစ်လေသည်။
“နတ်ဘုရားတားမြစ်ဇုံ" အတွဲများက နောက်လာမည့် အနာဂါတ်အကြောင်း ဖြစ်သည်။ လူပေါင်း သန်းချီကို သေဆုံးစေသော အမည်မသိ ဗိုင်းရပ် တစ်မျိုးကြောင့် လူသားမျိုးနွယ် ပျက်သုန်းလုနီးပါး ဖြစ်သွားသည်။ အဆုံးတွင် ဥာဏ်ကြီးရှင် ဦးနှောက် ဆရာဝန်ဖြစ်သော ဒေါက်တာကောင်းစန် အမည်ရှိ လူတစ်ယောက်က လူသားမျိုးနွယ်ကို ကယ်တင်ရန် အတွက် ပရိုဂရမ်တစ်ခုကို စဥ်းစားခဲ့လေသည်။ လူသားများ၏ ဦးနှောက် အချက်အလက်များကို ကပ်ဆိုးကြီး ပြီးသည်အထိ ထိန်းသိမ်းထားပြီး ထိုဒေတာများကို လက်ခံခန္ဓါကိုယ်ထဲ ထည့်ကာ ပြန်လည် အသက်သွင်းပေးမည်ဖြစ်သည်။
ထိုနည်းလမ်းက သီအိုရီ အရ ဖြစ်နိုင်ချေရှိသော်လည်း ကွာဟချက်များစွာ ရှိနေသေးသည်။ ကွန်ပြူတာများက ဦးနှောက် အချက်အလက်များကို ဆယ်စုနှစ်များစွာ ကြာအောင် ဘယ်လို ထိန်းပေးကြမလဲ... အချိန်ကျတဲ့အခါ သူတို့က ဘယ်လိုများ ခန္ဓါကိုယ်ကို ပြန်အသက်သွင်းပေးမလဲ... စသည်ဖြင့်ပင်။ ရုပ်ရှင် ဇာတ်အိမ်တည်ထားသော အချိန်မှာ နောက်ဆယ်စုနှစ်မှ ဖြစ်ပြီး ယခုနှစ်မှ စ၍ နောက်ထပ်နှစ် ရာပေါင်းများစွာ သို့မဟုတ် ထောင်ပေါင်းများစွာလည်း ဖြစ်နိုင်သေးသည်။ သို့သော်လည်း ဗိုင်းရပ် ကူးစက်နေသော ကမ္ဘာကြီးက လူသားများ၏ နေထိုင်ခြင်းကို ထိုမျှလောက်ထိ တောင့်ခံနိုင်ပါ့မလားဟူသည်က ရှိနေသေးသည်။ လူမှုဗေဒ ပညာရှင် အချို့ကလည်း ၎င်းက လူသားမျိုးနွယ်နှင့် လှုမှုဗေဒကိုကို ဆန့်ကျင်နေသည့် သုတေသနတစ်ခုဟု ယုံကြည်ခဲ့ကြသည်။
ဒေါက်တာကောင်းစန် ဗိုင်းရပ် ကူးစက်ခံခဲ့ရပြီး သူ့သုတသနကို ဆန့်ကျင်ခဲ့ကြသော အဖွဲ့အစည်းများအား ကိုယ်ပိုင် လှုပ်ရှားမှုများ ပြုလုပ်စေခဲ့သလိုပင်။ ရုတ်တရက်ပင် လူသားမျိုးနွယ်အားလုံး၏ ကံကြမ္မာက ခန့်မှန်းမရနိုင်တော့သလို ဖြစ်လာခဲ့သည်။
ဒေါက်တာ ကောင်းစန်က ပထမဆုံး ရုပ်ရှင်တွင် ဗိုင်းရပ်ကြောင့် သေဆုံးခဲ့ပြီး သူ့ဦးနှောက် အချက်အလက်များကို ထိန်းသိမ်းခဲ့ကာ သူကိုယ်တိုင်ကို အောင်အောင်မြင်မြင် ပြန်အသက်သွင်းနိုင်ခဲ့သည်။ ပထမရုပ်ရှင်၏ အဆုံးတွင်မူ ဒေါက်တာကောင်းစန်က သူတို့၏ လူသားအစိတ်အပိုင်းများနှင့် တထပ်တည်း တူညီသည့် ဒါဇင်ခန့်မျှသော ခန္ဓါကိုယ်များကို ထိန်းသိမ်းထားသည့် လျှို့ဝှက် ဓါတ်ခွဲခန်း၏ တံခါးကို ဖွင့်လှစ်လိုက်တော့သည်။
အားယောင်က အလွန်အမင်း စိတ်ပါဝင်စားမှုဖြင့် ကြည့်နေခဲ့သည်။ တီဗီပေါ်မှ မင်းသား မင်းသမီး အကုန်လုံးက နူးညံ့ ကျော့ရှင်းသော အမူအယာများ ရှိကြပြီး တကယ့်ဘဝတွင်မူ သူတို့က အလွန် ကွဲပြားကြသော လူများ ဖြစ်နေကြသည်မှာ မယုံနိုင်ဖွယ်ရာပင်။ သူမ၏ အိမ်ရှင်ကြီးကိုသာ ဥပမာအဖြစ် ကြည့်လိုက်လျှင် သူ ဒေါသမထွက်လျှင် အလွန် ကြည့်ကောင်းလှပြီး ဒေါသထွက်နေစဥ်တောင်မှ အတော်လေး ကြည့်ကောင်းနေဆဲပင်။
အားယောင်က ဒုတိယထပ်ဘက်ကို ကြည့်လိုက်ပြီး နောင်တကင်းကင်းဖြင့် တီဗီတွင် ပြနေသော ဇာတ်ကားကို ပိတ်ကာ ဆိုဖာပေါ်တွင် လှဲအိပ်လိုက်တော့သည်။
ညကျရင် ဒေါက်တာကောင်းစန်ကို အိမ်မက်မက်ပါစေ... အာမင်
နောက်တစ်နေ့ မနက် ခြောက်နာရီတွင် မော့ကျန်းက ထုံးစံအတိုင်းပင် ထန်ချန်း၏ ဖုန်းခေါ်ဆိုမှုကြောင့် နိုးလာခဲ့လေသည်။ "ဧကရာဇ်မော့... ထပါတော့... တစ်နေ့တာ ကစတင်နေပါပြီ"
မော့ကျန်း: “… …”
‘ဒုတ်" ကြမ်းပြင်ပေါ်သို့ ဖုန်းလွတ်ကျသံက အခန်းထဲသို့ ပျံ့နှံ့သွားပြီး မော့ကျန်းက မျက်ခွံများ တစ်ဝက်တပျက် ပွင့်လျက် အိပ်ရာပေါ်တွင် ပျင်းပျင်းရိရိ လဲလျောင်းနေလေသည်။
မကြာမီပင် ဖုန်းက ထပ်ပြီး မြည်ပြီးရင်း မြည်လာလေသည်။ "ဧကရာဇ်မော့... ဒီနေ့က ရိုက်ကူးရေး ပထမဆုံးနေ့နော်... မင်း နောက်မကျချင်လောက်ပါဘူး
မော့ကျန်းက အိပ်ချင်စိတ်အပြည့်ဖြင့် ခေါင်းကို ပွတ်ကာ အဆုံးတွင် အိပ်ရာမှ ထရပ်လိုက်သည်။ "သိတယ်... " မော့ကျန်းအသံက ပျင်းတိပျင်းရွဲ ဖြစ်နေကာ အိပ်ချင်စိတ် မပြေသေးသော အသံက လူအများကို တုန်ယင်သွားစေသည်။ ဖုန်းတစ်ဖက်မှ ထန်ချန်းက တစ်ခဏမျှ တိတ်ဆိတ်နေပြီး ခြောက်ကပ်ကပ် ချောင်းဟန့်ကာ ပြောလိုက်သည်။ "ဧကရာဇ်မော့... မနက်စောစောမှာကတည်းက အရမ်းဆက်ဆီကျ မနေနဲ့လေ"
မော့ကျန်းက မျက်ခုံးများ တွန့်ချိုးလိုက်ပြီး ထန်ချန်းသည်လည်း သူ မကြာခင်မှာ ဖုန်းချတော့မည်ဟု ခန့်မှန်းမိသဖြင့် ခပ်မြန်မြန် ပြောလိုက်သည်။ "လာကြိုပေးဖို့ လိုသေးလား"
ဖုန်းချတော့မည့် မော့ကျန်းက ရပ်တန့်သွားကာ ဖုန်းကို နားနှင့် ပြန်ကပ်ထားလိုက်သည်။ "မလိုဘူး ကိုယ့်ဘာသာ မောင်းလာမယ်" မော့ကျန်းက သေသေသပ်သပ်ပင် ဖုန်းချလိုက်ကာ ဖုန်းကို အိပ်ရာပေါ်သို့ အဆင်သင့် ပစ်ချလိုက်တော့သည်။
သူက မျက်လွှာပင့်ကာ ပြတင်းပေါက်ဘက်ကို ကြည့်လိုက်သည်။
“ဂွတ်မောနင်း အိမ်ရှင်ကြီး" အားယောင်က ပြတင်းပေါက် ဘေးတွင် ရပ်နေပြီး သူ့ဘက်ကို ပြုံးပြ၍ ဦးညွှတ်လိုက်သည်။ မနက်ခင်း နေရောင်ခြည်က အဖြူရောင် ခန်းဆီးကို ဖြတ်၍ တောက်ပနေပြီး သူမ၏ ဖောက်ထွင်း မြင်နေရသော ခန္ဓါကိုယ်ကို ဖြတ်ကာ သူ့ခေါင်းပေါ်၌ သက်ဆင်းလာခဲ့သည်။