အပိုင်း ၆
Viewers 10k

Chapter 6


“ထန်ချန်း ငါ ခိုက်ဟွမ်းနဲ့ မကြာခင် စာချုပ်ကုန်တော့မှာလား"


မော့ကျန်းက ထိုမေးခွန်း မေးလာသဖြင့် ထန်ချန် ထိတ်လန့်သွားလေ၏။ 


"ဧကရာဇ်မော့ မင်း စာချုပ်ဖျက်ချင်နေတာတော့ မဟုတ်ဘူးမို့လား" မော့ကျန်းကို ရရန်အတွက် ခိုက်ဟွမ်းက မော့ကျန်းဘက်ကို ပို၍ အလေးပေးထားသော စာချုပ်တစ်ခု ချုပ်ပေးခဲ့သည်။ မော့ကျန်းသာ အခြား ကုမ္ပဏီကို ပြောင်းသွားပါက ယခုလက်ရှိ သူရနေသော စာချုပ်ထက် ပိုကောင်းသည့် စာချုပ်မျိုး ရနိုင်မည်မဟုတ်ဟု ထန်ချန်း ယုံကြည်ပေသည်။ 


“အဲ့ မိန်းမ စုန့်နီသာ ငါ့ကို ထပ်ပြီး စိတ်ရှုပ်အောင် လုပ်မယ်ဆိုရင်... တကယ်လုပ်မှာ"


ထန်ချန်း: “… …”


“မော့ကျန်း... မင်း ခိုက်ဟွမ်းမှာ ရှယ်ယာတွေ ရှိသေးတယ်လေ... အဲ့ဒါတွေကို လက်လျှော့တော့မလို့လား" ထန်ချန်းက မော့ကျန်း၏ အင်အားကို ကောင်းကောင်းသိပေသည်။ သူသာ တကယ် ထွက်သွားချင်ပါက ချက်ချင်း ဖြစ်အောင် လုပ်မည်ဖြစ်သည်။ သူ့ကိုယ်ပိုင် ကုမ္ပဏီကို စထောင်လိုက်သည်လည်း ဖြစ်နိုင်သေးသည်။ ဒါပေမယ့် သူသာ ခိုက်ဟွမ်းက ထွက်သွားရင် အဲ့ဒီပြဿနာကို ဖြေရှင်းဖို့အတွက် စိုက်ထုတ်ခဲ့ရတဲ့ အရင်းအနှီးတွေ အချည်းနှီး ဖြစ်မသွားနိုင်ဘူးလား.... 


"မင်းရဲ့စကားကို ကုမ္ပဏီဆီ ပြန်ပြောပေးလိုက်ပါမယ်... သူတို့ ဘာလုပ်ရမလဲ ဆိုတာကို သိကြမှာပါ"


မော့ကျန်းက နှာမှုတ်လိုက်ပြီး ထန်ချန်းလက်ထဲမှ ဇာတ်ညွှန်းကို ယူလိုက်ကာ စကားဆက်မပြောတော့ပေ။


ထန်ချန်က ကားထဲမှ အစားအသောက်အိတ် တစ်ခုကို ထုတ်လာပြီး မော့ကျန်း ဘာကို စားချင်လဲဟု မေးလိုက်သည်။ မော့ကျန်းက ထန်ချန်းလက်ထဲမှ သရေစာများကို ကြည့်လိုက်ပြီးနောက် နှမ်းမဲပေါင်မုန့် တစ်အိတ်ကို ဖောက်လိုက်သည်။


ထန်ချန်းက မော့ကျန်း ပေါင်မုန့်ကို ပါးစပ်အပြည့် ကိုက်စားလိုက်သည်အား ကြည့်နေရင်း အနည်းငယ် သက်တောင့်သက်တာ ဖြစ်သွားသည်။ မော့ကျန်းဆီသို့ ရောက်လာသည်နှင့် ထန်ချန်းက မော့ကျန်းကို အစားအသောက်စားရန် တောင်းပန်နေရပြီး ထိုလူက သူ့အားထုတ်မှုများကို လုံးဝ တန်ဖိုးမထားပေ။ 


မော့ကျန်း၏ အစာအိမ်က အမြဲတမ်း အားနည်းနေပြီး သူသာ သူစားသည့် အစားအစာကို ဂရုမစိုက်မိပါက အစာအိမ်နာ ဝေဒနာခံစားရတတ်သည်ပင်။ သို့သော်လည်း အဆုံးတွင် အလုပ်အရှုပ်ဆုံးလူက အမြဲတမ်း ထန်ချန်းပဲ ဖြစ်ရသည်။ ကံကောင်းစွာဖြင့် မော့ကျန်းက စားတိုင်း ဝိတ်မတက်တတ်လို့သာပင်။ မဟုတ်လျှင် သူလည်း အခြားသော အနုပညာရှင်များကဲ့သို့ သူတို့သာ ဝိတ်ချရန် ဆုံးဖြတ်ပြီးသည်နှင့် ဆေးရုံတွင်နှစ်ရက်လောက် ကုန်ဆုံးရန် အာမခံထားရမည့် ကိစ္စမျိုး ရှိလာနိုင်သေးသည်။


မော့ကျန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် အားယောင်က သိလိုစိတ်အပြည့်ဖြင့် သူ့ကို တစ်ခဏမျှ စိုက်ကြည့်နေပြီး အဆုံးတွင် မနေနိုင်ဘဲ ထုတ်မေးလိုက်သည်။ 


"အဲ့ဒီမိန်းမ စုန့်နီက ရှင်နဲ့ ဘယ်လို ပတ်သက်တာလဲ"


“မင်းနဲ့ မဆိုင်ဘူး" မော့ကျန်းက ပါးစပ်ထဲတွင် ပေါင်မုန့်တစ်စ ဝါးနေရင်း ပြန်ဖြေသည်။


“မင်း ဘာပြောလိုက်တာလဲ" ထန်ချန်းက မော့ကျန်းကို လှည့်ကြည့်လာပြီး မော့ကျန်းက ပါးစပ်ထဲမှ ပေါင်မုန့်ကို တည်တည်ငြိမ်ငြိမ် မျိုချလိုက်လေသည်။ "စာသားတွေလေ"


ထန်ချန်း: “… …”


ဧကရာဇ်မော့ကတော့ အရမ်း စိတ်နှစ်ထားတာပဲ...


“ထန်ချန်း လတ်တလောထွက်တဲ့ သတင်းစာတွေ ကူဝယ်ပေးထားပါအုံး" မော့ကျန်းက ပေါင်မုန့်ကို တစ်ကိုက်ကိုက်ရင်း ထန်ချန်းကို ပြောလိုက်သည်။


ထန်ချန်းက မော့ကျန်းကို တထူးတဆန်း ကြည့်လိုက်သည်။ "သတင်းစာက ဘာအတွက် လိုတာလဲ"


“သေချာပေါက် လူတွေရဲ့ စားဝတ်နေရေး အခြေအနေတွေကို သိချင်လို့ပေါ့"


ထန်ချန်း: “… …”


ဧကရာဇ်မော့က အလုပ်ထဲမှာ စိတ်နှစ်ထားရုံတင်မကဘူး... ကမ္ဘာပေါ်က လူတွေအပေါ်လည်း ဂရုစိုက်သေးတယ်...


တံခါး ခေါက်သံကြားသည့်အချိန်တွင် မော့ကျန်း ပေါင်မုန့် သုံးပုံ နှစ်ပုံကို စားပြီးသွားပြီ ဖြစ်သည်။ ထန်ချန်းက တံခါးကို တွန်းဖွင့်လိုက်ချိန်တွင် ရိုက်ကူးရေး အဖွဲ့သားတစ်ယောက်က မော့ကျန်းကို မိတ်ကပ်ပြင်ရန် လာခေါ်ခြင်း ဖြစ်နေသည်။


မိတ်ကပ်ဆရာမက နှစ်ဆယ်ကျော်ရုံသာ ရှိသေးသည့် မိန်းကလေးငယ်လေး ဖြစ်နေပြီး မော့ကျန်းကို တွေ့လိုက်သည်နှင့် သူမ၏ ခန္ဓါကိုယ်တစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် လောင်မြိုက်သွားတော့သည်။ ဧကရာဇ်မော့ အသက်ရှည်ပါစေ... ဧကရာဇ်မော့ အသက်ရှည်ပါစေ... အား.... သူမက နတ်ဘုရားမော့ကို သူမလက်ဖြင့် လုပ်ပေးနိုင်သမျှ အရာအားလုံးကို တွေးမိသွားသောအခါ သူမမျက်လုံးများက ရင်ခုန်စိတ်လှုပ်ရှားမှုများ ပြည့်နှက်၍ သွားလေသည်။



သူမ၏ စိတ်ကူးယဥ်အတွေးထဲမှ ဇာတ်ကွက်များမှာ သေချာပေါက် ဖြစ်မလာခဲ့ပေ။ လက်တွေ့ဘဝမှ မော့ကျန်းသည်ကား သဘာဝကျကျ ကောင်းမွန်လှသော အသားအရည် ရှိနေပြီး ကောင်းစန်၏ မိတ်ကပ်ကလည်း အလွန် ရိုးရှင်းနေသေးသည့်အတွက် အမှန်တကယ် အားစိုက်ထုတ်ရန်လည်း မလိုအပ်ခဲ့ပေ။ မိတ်ကပ်ဆရာမမှာ နှလုံးသားထဲတွင် တိတ်တဆိတ် သောကရောက်နေချိန်၌ ချွီထောင်က မော့ကျန်းအနားသို့ ဇာတ်ညွှန်းဆရာကို ခေါ်လာခဲ့သည်။ 


မော့ကျန်းက မှန်ထဲမှ တဆင့် ချွီထောင် သူ့ဆီလာနေသည်ကို မြင်နေရပြီး ချွီထောင်၏ မျက်နှာပေါ်မှ ပူပန်နေသော အမူအယာကို တွေ့လိုက်ရသဖြင့် မနေနိုင်ဘဲ မေးမိသွားသည်။ "ဘာဖြစ်လို့လဲ"


ချွီထောင်က ဇာတ်ညွှန်းဆရာ၏ ဘေးကို တွန်းလိုက်ပြီး သနားစရာ ဇာတ်ညွှန်းရေးသူ၏ မျက်နှာလေးမှာ ဖြူဖျော့သထက် ဖျော့လာပြီး ခါးသက်သက် အပြုံးတစ်ခုဖြင့် မော့ကျန်းကို တည့်တည့်ကြည့်ရန် သူ့ကိုယ်သူ တွန်းအားပေးလိုက်သည်။ 


"ဧကရာဇ်မော့ ငါတို့ ဇာတ်ကွက် အသစ် ထည့်ရမယ်"


“အိုး"မော့ကျန်းက စိတ်မရှိပေ။ အပိုဇာတ်ကွက်တစ်ခု ရိုက်ရသည်က သူအလေ့အကျင့် ဖြစ်မနေသည့်ကိစ္စတစ်ခု မဟုတ်သောကြောင့် သူက၎င်းကို ထူးဆန်းသည်ဟု မထင်မိပေ။ "ဘယ်လို ဇာတ်ကွက်မျိုးလဲ" 


ဇာတ်ညွှန်းဆရာက တံတွေးမျိုချကာ တောက်တောက်ပပ ပြုံးလိုက်သည်။ "အနမ်းခန်း" ထို့နောက် ထပ်ပေါင်းပြောလိုက်သည်။ "မင်း စုန့်နီကို နမ်းရမဲ့ အခန်း"


မော့ကျန်းက စကားမပြောဘဲ မှန်မှတဆင့် ဇာတ်ညွှန်းရေးဆရာကို ခပ်ဆိတ်ဆိတ် ကြည့်နေလိုက်သည်။


ဇာတ်ညွှန်းဆရာက ပြိုလဲကျတော့မည့်ဆဲဆဲတွင် ချွီထောင်က သူ့ကို တွန်းလွှတ်လိုက်သည်။ ချွီထောင်က သူ့မျက်နှာပေါ်မှ ချွေးများကို သုတ်ကာ ပြောလိုက်လေသည်။ 


"ငါ့ကို လာမကြည့်နဲ့... ငါက ဒါရိုက်တာပဲ ဇာတ်ဝင်ခန်းတွေ ရေးတာ ငါမဟုတ်ဘူး... ငါက ရိုက်ရုံပဲ ရိုက်ပေးတာ" 


ဇာတ်ညွှန်းရေးသူ: “…”


မော့ကျန်းက ခပ်ဖြည်းဖြည်း အသက်ရှုထုတ်လိုက်ပြီး ချွီထောင်နှင့် ဇာတ်ညွှန်းရေးသူကို ကြည့်ရင်း ပြောလိုက်သည်။


 "သူတို့ ဘယ်လောက်ပေးထားတာလဲ... အဲ့အပိုင်းကို ဖြတ်ဖို့ ကျွန်တော် နှစ်ဆပေးမယ်"


ချွီထောင်: “… …”


ဇာတ်ညွှန်းဆရာ: “…”


ထိုကဲ့သို့သော အချိန်များမှာ ထန်ချန်း တစ်ယောက် သူ့အတွက် တောက်ပရမည့် အချိန်များသာ ဖြစ်သွားရသည်။


ရိုက်ကူးရေးအဖွဲ့နှင့် မော့ကျန်းတို့ နာရီဝက်မျှ အလုပ်လုပ်ကြပြီးနောက် အဆုံးတွင် နှုတ်ခမ်းချင်းနမ်းရသည့်အခန်းမှာ လက်ဖမိုးကို နမ်းရသော အခန်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။


မဲမှောင်နေသော မျက်နှာထားဖြင့် မော့ကျန်းမှာ အဆုံးတွင်တော့ ထိုဇာတ်ကွက်ကို သဘောတူလိုက်ရသည်။ ထန်ချန်းက သူ့နှဖူးပေါ်မှ ချွေးများကို သုတ်ကာ မော့ကျန်းအတွက် လက်ထောက် တစ်ယောက် ရှာပေးရမည်ဟု သူ့ဘာသာသူ တွေးမိသွားသည်။ သူသာ ဒီလို တစ်ချိန်လုံး ပြေးလွှားနေရပါက မကြာမီပင် ငယ်ငယ်ရွယ်ရွယ်နှင့် သေသွားနိုင်သည်။


သို့သော်လည်း မော့ကျန်း စိတ်တိုနေခြင်းက သူ့အတွက် လုံးလုံးအမှားဖြစ်သွားသည်ဟုယူဆ၍ မရနိုင်ပေ။ သူ သရုပ်ဆောင်လောကတွင် ကျင်လည်နေခဲ့သည်မှာ ဆယ်နှစ်ကျော်ကြာပြီ ဖြစ်သော်လည်း ပါဝင်ခဲ့သော ရုပ်ရှင် အသေးအကြီးများစွာတို့မှာ နှစ်ဒါဇင်မျှ ပေါင်းစု၍ ရနေပြီဖြစ်သည်။ သို့သော်လည်း သူက အနမ်းခန်းအနည်းငယ်ကိုသာ ရိုက်ကူးခဲ့ရသေးသည်။ အဆုံးတွင်တော့ ရုပ်ရှင်တစ်ခုက အိုင်ဒေါလ် ဒရာမာ တစ်ခုနှင့် များစွာ ကွဲပြားမနေပေ။ တစ်ခါတစ်ရံ ကြည့်ရှုသူ မြင့်လာစေရန်အတွက် အနမ်းခန်းတစ်ခုလည်း လိုအပ်နေသေးသည်။


မော့ကျန်းက အမှန်တွင် ရှေးရိုးစွဲတတ်သူ ဖြစ်ပြီး ဓါတ်ပုံရိုက်ကူးရေးများ၌ မော်ဒယ်လုပ်ခဲ့စဥ်ကပင် အသားအရည်ကို အလွန်အကျွံ မဖော်ပြခဲ့ဖူးပေ။


ထို့ကြောင့်ပင် အားယောင် မနေ့က ကြည့်ခဲ့သည့် "နတ်ဘုရားတားမြစ်ဇုံ1"တွင် ကင်မရာပေါ်၌ ပေါ်ထွက်လာသော အပေါ်ပိုင်း ဗလာပုံမှာ အမှန်တကယ် ရှားပါးလှပြီး မော့ကျန်း ဓါတ်ပုံများ၏ ဂန္တဝင်မြောက် စုဆောင်းမှုတွင် ပါဝင်ရန် ထိုက်တန်ပေသည်။ 


မုန်တိုင်းငယ်လေး ဖြတ်သွားပြီးနောက် စတိုင်လစ်များက မော့ကျန်းကို သူ့ဇာတ်ကောင်အသွင် အဝတ်အစားများ ဆင်ပေးကြသည်။ မိနစ်နှစ်ဆယ် ကြာပြီးနောက်တွင် ရှုတင်၌ ကျော့ရှင်း သိမ်မွေ့လှသည့် အဖြူရောင်ကုတ်ဝတ်ထားသော ဒေါက်တာကောင်းစန် ပေါ်ထွက်လာလေသည်။


ထိုမြင်ကွင်းက အမျိုးသမီး ရိုက်ကူးရေး အဖွဲ့ဝင်များအကြား အနည်းငယ် ပွက်လောရိုက်သွားစေခဲ့သည်။ သူတို့အများစုမှာ မော့ကျန်း... ယခုလက်ရှိ ကောင်းစန်အား သူတို့မျက်လုံးများမှ ပန်းရောင် အသဲနှလုံးများ ပစ်လွှတ်နေကြဟန် ပေါ်နေသည်။


အားယောင်ပင် မထိန်းနိုင်တော့ဘဲ မော့ကျန်းထံ တည့်တည့် ပြေးသွားကာ စိတ်လှုပ်ရှားစွာ အော်ငိုလိုက်လေသည်။ "ဒေါက်တာကောင်းစန်"


မော့ကျန်းက သူ့ခန္ဓါကိုယ်ကို ဖြတ်ပြေးနေပြီး သူမ မျောလွင့်သွားသည့်တလျှောက် တဖြည်းဖြည်း တစ်ဖက်နံရံကိုပင် ထိခတ်နေသည့် အားယောင်ကို တည်တည်ငြိမ်ငြိမ် ကြည့်နေခဲ့သည်။ 


အားယောင်က ရပ်လိုက်ပြီး ကိုယ်ကိုလှည့်ကာ မော့ကျန်းကို စိတ်အားထက်သန်စွာဖြင့် ကြည့်လိုက်သည်။ မနေ့ညက သူမ ဒေါက်တာကောင်းစန်ကို အိမ်မက် မမက်ခဲ့သော်လည်း ယနေ့တွင်မူ မျက်မြင်ကိုယ်တွေ့ တွေ့နေရပြီ ဖြစ်သည့်အတွက် ပိုတောင် ကောင်းသေးသည်။


ကောင်းပြီလေ...သူမ ပထမဆုံးကားကို ကြည့်ပြီးကတည်းက မော့ကျန်းရဲ့ ဖန်အကြီးစား ဖြစ်သွားခဲ့တာလေ... ကောင်းစန်ဇာတ်ကောင်က မော့ကျန်း အလွန် အောင်မြင်လာခဲ့ရသည့် အဓိက အကြောင်းအရင်း ဖြစ်ပေသည်။ သူရရှိထားသည့် ဆုကြီးသုံးဆု အနက်မှ နှစ်ဆုသည် နတ်ဘုရားတားမြစ်ဇုံ ဇာတ်လမ်းတွဲများမှ ကောင်းစန် နေရာအတွက် ရရှိခဲ့သော ဆုများပင်။


ယခု "နတ်ဘုရားတားမြစ်ဇုံ3"ကို စတင် ရိုက်ကူးတော့မည်။ မီဒီယာဌာနများစွာက ဧကရာဇ်မော့တစ်ယောက် ပို၍ အောင်မြင်လာလာလိမ့်မည်ဟု ထင်ကြေးပေးနေကြသည်။


မော့ကျန်း၏ လက်က သံပရိုသီးတစ်လုံးကို ကိုင်ထားပြီး နူးညံ့သောမျက်လုံးများ၏ မူလပုံရိပ် ကျဆင်း လာသော်လည်း မရေမရာ ဥာဏ်ပညာ ထက်မြက်မှုများ ပေါ်ထွက်လာသည့်အချိန်၌ ကင်မရာရှေ့ကို အနည်းငယ် ခွန်အား အပြည့်ဖြင့် လျှောက်လာခဲ့လေသည်။


သူ့မျက်လုံးထဲမှ ပြောင်းလဲမှုများဖြင့်ပင် မော့ကျန်းက လုံးဝ အခြားလူတစ်ယောက် ဖြစ်သွားခဲ့သည်။ သင်သာ အပြေးသွားပြီး သူ့ကို သွားနမ်းလျှင်တောင် သူက သဘောကောင်းစွာဖြင့် ဘယ်လို အရသာ ရှိလဲဟု သင့်ကို ပြန်မေးလိမ့်မည်ပင်။



သို့သော်လည်း အိမ်ပြန်ရောက်ချိန်၌ မော့ကျန်းထံမှ သရဲနှင်ခြင်း ခံရနိုင်သည်အကြောင်း တွေးမိသွားသောအခါ အားယောင်မှာ သူမ၏ အကြံကို ခပ်မြန်မြန် ပယ်ချလိုက်ရသည်။


ရိုက်ကူးရေးက အတော်လေး ရိုးရှင်းသည်။ စုန့်နီ သရုပ်ဆောင်ထားသော ဇာတ်ကောင် ဖြစ်သည့် သူ့လုပ်ဖော်ကိုင်ဖက် နက်ဆာက သူ့ဓါတ်ခွဲခန်းထဲ၌ ကောင်းစန်ကို နှုတ်ဆက်သည့် အပိုင်း ဖြစ်သည်။ နက်ဆာက ဆွဲဆောင်မှု ရှိပြီး လှပသည်။ သူမက လွှမ်းမိုးမှု ရှိသော နိုင်ငံခြား သတင်းစာ ဆောင်းပါးများ၌ အတော်လေး ဖော်ပြခံခဲ့ရသည့် လူအများ ချစ်ခင်ကြသော ဒေါက်တာလှလှလေး ဖြစ်လေသည်။ သူမက USတွင် ကြီးပြင်းခဲ့သောကြောင့် သူမ၏ ဇာတ်ကောင်က ချစ်စိတ် ပြင်းပြပြီး ပထမဆုံး ကောင်းစန်ကို တွေ့သည့်အကြိမ်၌ပင် သူမက သူ့ကို အနမ်းပေးခဲ့သည်။ 


သို့သော်လည်း ၎င်းက မူလဇာတ်ကြောင်းသာ ဖြစ်သည်။


မော့ကျန်း ပြောင်းထားခဲ့သော ပြုပြင်ထားသည့် ဇာတ်လမ်းမှာ ကောင်းစန်က နက်ဆာ၏... လက်ဖမိုးကိုသာ နမ်းသည့်အခန်း ဖြစ်သည်။


ကောင်းစန်က လူယဥ်ကျေး ပုံစံလေး ဖြစ်သည့်အတွက် နက်ဆာ့အပေါ် သူ့အပြုအမူများက အံ့အားသင့်စရာ မကောင်းသော်လည်း မော့ကျန်းက စုန့်နီအပေါ် ထိုသို့ လုပ်ရန် အတွက်မူ အတော်လေး သက်တောင့်သက်သာ ရှိမနေပေ။


သို့သော်လည်း မော့ကျန်းက ပရော်ဖက်ရှင်နယ် သရုပ်ဆောင်တစ်ယောက် ဖြစ်လေသည်။ မည်မျှပင် စိတ်မပါလက်မပါ ဖြစ်နေစေကာမူ သူကပင် အစပြု၍ စုန့်နီ၏ ညာလက်ကို ကိုင်ကာ ခပ်ဖွဖွ အနမ်းခြွေလိုက်သည်။ 


ခေါင်းငုံ့သွားချိန်၌ မော့ကျန်းက မျက်လွှာချကာ ရွံရှာစက်ဆုပ်မှု အပြည့်ရှိနေသည့် မျက်လုံးများကို ဖုံးကွယ်လိုက်လေသည်။ 


ဒါရိုက်တာ၏ အော်သံ ကြားသည်နှင့် ရိုက်ကွင်းကလည်း မြန်မြန်ပင် ပြီးသွားသည်။ မော့ကျန်းက အနားယူသည့်နေရာသို့ လျှောက်သွားကာ စားပွဲပေါ်မှ ရေတစ်ဘူးကို သောက်ရန် လက်လှမ်းလိုက်သည်။ အားယောင်က မော့ကျန်းဘေးသို့ မျောလွင့်သွားပြီး ကြင်နာစွာ သတိပေးလိုက်သည်။ "ရှင် ပါးစပ်ကို ရေဆေးပြီးရင် ပြန်ထွေးထုတ်ပစ်လိုက်"


မော့ကျန်း၏ ပါးစပ်ထဲတွင် ရေများအပြည့်ဖြစ်နေပြီး သူတကယ်ပင် အားယောင်၏ မျက်နှာပေါ်သို့ ရေများ ထွေးထုတ်ရန် ပြင်လိုက်သည်။ သို့သော်လည်း အဆုံးတွင်တော့ သူ့အာဒံပန်းသီးက အနည်းငယ် ချော်ကာ "ဂွပ်" ဟူသော အသံဖြင့် ရေများအားလုံးကို သူ့လည်ချောင်းထဲသို့သာ မျိုချမိသွားလေသည်။


မော့ကျန်း သူ့ခုံပေါ်တွင် ထိုင်လိုက်သည်ကို မြင်သည်နှင့် အားယောင်သည်လည်း သူ့နံဘေးမှ ကြမ်းပြင်တွင် ထိုင်ချလိုက်သည်။


 "ဒါက စုန့်နီရဲ့ တကယ့် ရည်ရွယ်ချက်ပဲ... သူရှင့်ကို တကယ် နမ်းချင်နေတာ"


မော့ကျန်း: “… …”


မင်းမှာ ပြောဖို့ ဘာအခွင့်အရေး ရှိလို့လဲ... မင်းကသာ ငါရေချိုးတိုင်း ချောင်းကြည့်ဖို့ ကြိုးစားနေတဲ့သူကွ...


မော့ကျန်းက သူ့ဘာသာ တိတ်တဆိတ် ပြောလိုက်သည်။ အားယောင်က သူ့မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ကာ ရိုက်ချက်တစ်ခုလုံးတွင် သူမမျက်လုံးများက မော့ကျန်း၏ ခန္ဓါကိုယ်ပေါ်တွင် ကပ်တွယ်နေခဲ့သော စုန့်နီကိုသာ စိုက်ကြည့်နေခဲ့ပြီး မျက်ခုံးများ တွန့်ချိုးသွားလေသည်။ 


"ရှင် အဲ့ဒီ စုန့်နီကို မကြိုက်ဘူး မလား... ကျွန်မလည်း သူ့ကို မကြိုက်ဘူး"


“ငါလည်း မင်းကို မကြိုက်ဘူး"မော့ကျန်းက အေးတိအေးစက် ပြန်ဖြေသည်။


အားယောင်: “…”


သူမ မပျော်တော့ပေ။ သူမက အလွန့် အလွန် မပျော်မရွှင် ဖြစ်သွားရသဖြင့် စုန့်နီကို လက်စားချေရန်သာ ဆုံးဖြတ်လိုက်တော့သည်။


သူမက စုန့်နီကို စက္ကန့် အနည်းငယ်အကြာ စိုက်ကြည့်နေခဲ့ပြီး စုန့်နီ တွင်းထွက် ရေဘူးကို နှုတ်ခမ်းပေါ်သို့ တင်လိုက်တော့မည့်အချိန်၌ "ဘန်း"ဟူသော အသံဖြင့် ရေဘူးက ရုတ်တရက် ပေါက်ကွဲသွားပြီး အထဲမှ ဖောက်ထွင်းမြင်ရသော အရည်များ ဖြာထွက်လာကာ စုန့်နီ၏ မျက်နှာတစ်ခုလုံး ရေအေးများ လောင်းမိရက်သား ဖြစ်သွားသည်။


ထိုရုတ်တရက် ပြောင်းလဲမှုက စုန့်နီကို အလွန်လန့်ဖျတ်သွားစေသည့်အတွက် သူမက စတင် အော်ဟစ်လာပြီး ထိုအမြင့်သံအော်သံက လူအများကို မျက်ခုံးပင့်သွားစေခဲ့သည်။ လက်ထောက်လေးက စုန့်နီ၏ ကပ်နေသော ဆံပင်များကို စိုက်ကြည့်လိုက်ပြီး တစ်သျူးစတို့ဖြင့် သူမမျက်နှာပေါ်မှ ရေများကို အပြေးအလွှား သုတ်ပေးလိုက်လေသည်။


Xxxxx