Chapter 7
ပူတင်း
မော့ကျန်းက စုန့်နီကို ကြည့်လိုက်ကာ ဆောင့်ကြောင့်ထိုင်ရင်း မရပ်မနား ရယ်မောနေသော အားယောင်ကို တဖန် ငုံ့ကြည့်လိုက်ပြီး သူ့မျက်ခုံးများ အနည်းငယ် ပင့်မိသွားသည်။
"မင်းလုပ်လိုက်တာလား"
“အာ"အားယောင်က သရဲကားတွင် ပါရန် သင့်တော်နေသည့် မိတ်ကပ်များ ပျက်နေသော စုန့်နီ၏ မျက်နှာကို ကြည့်ကာ ရုတ်တရက် ဝမ်းသာအားရ ရယ်မောလိုက်ပြန်သည်။
“မင်း ဒါကို လုပ်နိုင်တယ်ပေါ့" မော့ကျန်း၏ မျက်လုံးများက သိလိုစိတ်တို့ ဖြတ်ပြေးသွားသည်။
"ပြောရင်းဆိုရင်းနဲ့... ဘာလို့ မင်း အလင်းရောင်ကို မကြောက်တာလဲ" ယနေ့မနက်ကလည်း သူ ထိုမေးခွန်းကို မေးချင်ခဲ့သည်။ အလင်းရောင်ကို မကြောက်သော သရဲများ... ၎င်းက အလွန်အမင်း သိပ္ပံနည်းမကျလှပေ...
“ကျွန်မက ဘာလို့ အလင်းကို ကြောက်ရမှာလဲ... သဘာဝရဲ့ ရွေးချယ်မှုလို့ ခေါ်မလား... အကျွမ်းတဝင်ဖြစ်အောင် အသေအကြေ ရုန်းကန်ရတယ်လို့ ခေါ်မလားပဲ... အဲ့ဒါက
ကြောင့် ဒီနေ့ခေတ် သရဲတွေက အလင်းကို မကြောက်ကြတော့ဘူး"
မော့ကျန်း: “… …”
သူ ဒါဝင်ကို အသအချာ နားမလည်သေးဟု ခံစားရပေသည်။
( T/N Charles Darwinက ဆင့်ကဲပြောင်းလဲမှု သီအိုရီကို တီထွင်ခဲ့သူပါ)
ထန်ချန်းက လျှောက်လာသည်နှင့် သူ့ဘာသာ စကားပြောနေသော မော့ကျန်းကို ဝိုးတဝါး ကြားလိုက်ရသည်။ သူက မျက်တောင် ပုတ်ခပ် ပုတ်ခပ်လုပ်ကာ မော့ကျန်းကို ပြောလိုက်သည်။
"စာသားတွေ လေ့ကျင့်နေပြန်ပြီလား"
“ငါက ဘာများ လုပ်နေရအုံးမှာလဲ" မော့ကျန်းက မော့ကြည့်ကာ အလွန် သမာသမတ် ကျသော လေသံဖြင့် မေးလိုက်သည်။
ထန်ချန်းက တသောသော ရယ်မောလိုက်ကာ မော့ကျန်းကို သူသယ်လာသော ပစ္စည်းများ ကမ်းပေးလာခဲ့သည်။
"ဒါတွေက မင်းလိုချင်နေတဲ့ သတင်းစာတွေ... သွားပြီး လူတွေရဲ့ စားဝတ်နေရေးကို ဂရုစိုက်လိုက်အုံး"
မော့ကျန်းက သတင်းစာကို ယူကာသာမန်ကာလျှံ ကာ ပြောလိုက်သည်။
"ကျန်းသိပြီ... မောင်မင်း သွားနိုင်ပြီ"
ထန်ချန်း: “… …”
(T/N ကျန်းက ကိုယ်တော်ပါ... ဘုရင်တွေ သုံးတဲ့ စကားပေါ့)
မော့ကျန်းက ရှေးခတ် ဒရာတစ်ခုမှာ သရုပ်ဆောင်ဖို့ ကြံနေတာလား... ထန်ချန်းက မော့ကျန်းအတွက် သင့်တော်မည့် ဧကရာဇ် ဇာတ်ကောင်အသစ်များကို ရှာကြည့်ရမည်ဟု အလေးအနက် တွေးမိသွားလေသည်။
စုန့်နီက မိတ်ကပ် ပြန်ပြင်ကာ အဝတ်အစားများလည်း လဲရမည် ဖြစ်သဖြင့် ရိုက်ကူးရေး၏ အနားယူချိန်က နာရီဝက်မျှ ပိုကြာသွားသည်။ နောက်ဆက်တွဲ ရိုက်ကူးရေးက မည်သည့် ပြဿနာမှ ပေါ်မလာတော့ဘဲ ဒါရိုက်တာမှ ရိုက်ကူးရေး ရပ်လိုက်သည့်အချိန်၌ နေ့လည် လေးနာရီခန့်ရှိနေပြီဖြစ်သည်။ ထန်ချန်းက မော့ကျန်း၏ အနက်ရောင် ဘန်ထလေကားကို တွေ့သည်နှင့် လေချွန်လိုက်ပြီး မော့ကျန်းဘက်ကို လှည့်ပြောလာသည်။ "ဧကရာဇ်မော့... ကိုယ့်ဘာသာ မောင်းသွားမှာလား... ပြန်လိုက်ပို့ပေးရမလား"
“ကိုယ့်ဘာသာပဲ ပြန်မယ်" သူက အညိုရောင် နေကာမျက်မှန် ခပ်ကြီးကြီးကို မျက်နှာပေါ်တွင် တင်လိုက်ပြီး ထိုအချိန်၌ မော့ကျန်း၏ မျက်နှာက သုံးပုံ နှစ်ပုံမျှ ဖုံးသွားလေသည်။ အားယောင်က မော့ကျန်း နောက်မှ လိုက်ကာ ကားအတွင်းသို့ တလွင့်လွင့် ဝင်သွားသည်။ မော့ကျန်း တံခါးကို ပိတ်လိုက်သည်နှင့် ကားတံခါးအပြင်ဘက်မှ တံခါးခေါက်သံတစ်ခု ကြားလိုက်ရလေသည်။
ကားမှန်ကို ဖြတ်ကြည့်လိုက်သောအခါ ပြုံးနေသော စုန့်နီကို တွေ့လိုက်ရသဖြင့် မော့ကျန်း မျက်မှောင်ကြုံ့သွားပြီး စိတ်မရှည်စွာဖြင့် ကားမှန်ကို ချလိုက်ရသည်။ "ဘာလဲ"
“အစ်ကို... ဒီနေ့ ကျွန်မတို့ ရိုက်ကူးရေးစောစော ပြီးသွားတယ် ဆိုတော့ ညစာအတူတူ စားရအောင်လေ" စုန့်နီ၏ အပြုံးက အတော်လေး ညှို့ယူနေသည်။ အားယောင်က ကမ္ဘာပေါ်မှ ယောကျ်ား အနည်ငယ်ကသာ ထိုဖိတ်ခေါ်မှုကို ငြင်းဆန်ရဲကြမည်ကို သိနေသည်။
သို့သော်လည်း မော့ကျန်းက ထိုကဲ့သို့သောလူမျိုးနှင့် စားသောက်ချင်မနေ။
“ငါ့မှာ ဒီညအတွက် အစီအစဥ်တွေ ရှိနေသေးလို့... မိန်းကလေးစုန့်... မင်းနဲ့အဖော်ပြုပေးဖို့အတွက် တခြားတယောက်ယောက်ကို ခေါ်လိုက်ဖို့ အကြုံပြုချင်တယ်" မော့ကျန်းက ပြောပြီးနောက် ကားမှန်ကို ပြန်တင်ကာ ကားကို ကားပါကင်မှ စတင်မောင်းထွက်သွားလေသည်။
အချို့အချက်တွေကိုတော့ သူစုန့်နီကို လေးစားမိပါ၏။ သူ သူမအပေါ် မနှစ်မြို့ပုံရနေသည်မှာ အတော်လေး သိသာနေသော်လည်း သူမက မမြင်ချင်ယောင်ဆောင်နေဆဲဖြစ်ပြီး အတော်လေး ဇွဲရှိလှသည်။
အိမ်အပြန် လမ်းတွင် မော့ကျန်းက အလွန် လျင်မြန်စွာ မောင်းလာခဲ့သော်လည်း ယခုအကြိမ်၌ အားယောင်က ပြင်ဆင်ထားပြီးဖြစ်၍ သူမကို လွယ်လွယ် ဖယ်ထုတ်၍ မရခဲ့ပေ။ သူမက တစ်ချိန်လုံး ကား၏ အရှိန်နှင့် အတူ ထိန်းထားပြီး အားယောင်က ကားအပြင်ဘက်မှ ရှုခင်များကို ကြည့်ရန်ပင် အချိန်ရလိုက်သေးသည်။
Aမြို့က စီရင်စု၏ မြိုတော် ဖြစ်၍ လူနေထူထပ်ပြီး တည်ငြိမ်သော စီးပွားရေး ဖွံ့ဖြိုးမှုရှိကာ လမ်းတစ်ဖက်တစ်ချက်စီ၌ အထပ်မြင့် အဆောက်အအုံများ ရှိနေသည်။ မြို့လယ်ကို ရောက်သည်နှင့် အလုပ်လုပ်ချိန်သာ ဖြစ်နေသေးသော်လည်း လမ်းပေါ်၌ လူအတော်များများ ရှိနေသေးသဖြင့် မော့ကျန်းသည်လည်း အရှိန်လျှော့လိုက်ရသည်။
လမ်းဆုံ၌ ကြီးမားသော စတိုးဆိုင်ကြီး တစ်ခုရှိနေပြီး စတိုးဆိုင်များ၏ အပြင်ဘက်၌ ကြော်ငြာဘုတ်များစွာ ရှိနေသည်။ အားယောင်က အပေါ်ဘက်၌ တဝဲလည်လည်ဖြင့် မျောလွင့်နေခဲ့သဖြင့် ကြော်ငြာဘုတ်ပေါ်မှ မော့ကျန်း၏ မျက်နှာကို မြင်နိုင်မည့် အကောင်းဆုံးအနေအထားမှာ ရှိနေခဲ့သည်။
၎င်းက လူသိများသော အဝတ်အစား တံဆိပ် တစ်ခုအတွက် မော့ကျန်း၏ ကြော်ငြာဖြစ်ပြီး သူ့ဘေးတွင် စုန့်နီ၏ ကြော်ငြာဘုတ်ကို ချိတ်ဆွဲထားသည်။
အားယောင်က ဝေးသထက် ဝေးလာသော ကြော်ငြာဘုတ်ကို ကြည့်ကာ နှာမှုတ်လိုက်သည်။ "အဲ့ဒီတံဆိပ်က ရှင်နဲ့ စုန့်နီတို့ကို ကြော်ငြာဖို့ စာချုပ်ချူပ်ထားတာလား"
မော့ကျန်းက ကြော်ငြာဘုတ်၏ ဘယ်ဘက် ကို ကြည့်ကာ နှာမှုတ်လိုက်သည်။ ထိုကြော်ငြာစရိုက်သည့် အချိန်ကတည်းက စုန့်နီက သူ့အနားတွင် အမြဲတမ်း တဝဲလည်လည် လုပ်နေခဲ့သည်။ တဝဲလည်လည် လုပ်သည်ဟု ပြောကာမှ သူ အားယောင် တလွင့်လွင့် မျောနေသည်ကို ကြည့်နေမိသွားလေသည်။ ဒါကမှ တဝဲလည်လည် လုပ်နေတာရဲ့ မှန်ကန်တဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်ပဲ...
အားယောင်က ကြော်ငြာဘုတ် ထောင့်လေးကို ကြည့်ကာ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချမိသွားလေသည်။
"ဒီတံဆိပ်ရဲ့ အဝတ်အစားတွေက ရောင်းမကောင်းလောက်ဘူး"
ဘာပဲဖြစ်ဖြစ် သူမသာဆိုလည်း စုန့်နီ ကြော်ငြာထားတဲ့ အဝတ်အစားတွေကို ဝယ်မှာ မဟုတ်ဘူး...
မော့ကျန်းက အားယောင် ပြောသည်ကို နားထောင်ကာ ၎င်းက သူတွေးထားသည်နှင့် အတိအကျ ကိုက်ညီနေသောကြောင့် မသိလိုက်မသိဘာသာ ပြုံးမိသွားသည်။ ကုမ္ပဏီက စုန့်နီပို၍ ဖော်လိုဝါများ ရလာစေရန် သူ့နာမည်ကို ငှားချင်နေကြသော်လည်း သူ့ဖန်များက ဝယ်ကြမည် မဟုတ်ပေ။ သူတို့က လူချောလေးများထံမှသာ ဝယ်ချင်ကြမည် ဖြစ်ပြီး အမျိုးသမီး တစ်ယောက်ထံမှ ဝယ်ရန် ဆန္ဒ ရှိကြမည် မဟုတ်ပေ။
သူတို့ပြန်ရောက်သည်အချိန်၌ ခြောက်နာရီပင် မထိုးသေး။ မော့ကျန်းက ဆိုဖာပေါ်တွင် လှဲ၍ တီဗီကို ဖွင့်ကာ ထန်ချန်း ယူလာပေးသော သတင်းစာကို ကောက်ယူလိုက်သည်။ သူက သတင်းစာကို ခပ်မြန်မြန် ဖတ်လိုက်သော်လည်း အရေးကြီးသတင်းများကို မတွေ့မိသဖြင့် ကော်ဖီစားပွဲပေါ် ပြန်ချထားလိုက်သည်။
အားယောင်က မော့ကျန်းဘေးတွင် မျောလွင့်နေပြီး သူ့ကို ငုံ့ကြည့်လိုက်သည်။ "ရှင် ညစာ မစားဘူးလား"
မော့ကျန်းက မျက်လုံးမှိတ်ထားပြီး သူ့အသံက ပျင်းတိပျင်းရွဲ ဖြစ်နေလေသည်။ "မင်းနဲ့ ဆိုင်လို့လား"
အားယောင်က သူ့ကို စူးစူးဝါးဝါးကြည့်ကာ ရေခဲသေတ္တာထံ လွင့်မျောသွားပြီး ရေခဲသေတ္တာ တံခါးကို ဖွင့်လိုက်သည်။
ရလဒ်က သူမတွေးထားသည်နှင့် တခြားစီ ဖြစ်နေသည်။ မော့ကျန်း၏ ရေခဲသေတ္တာက သပ်ရပ်နေပြီး မော့ကျန်းအတွက် ထန်ချန်း အပတ်တိုင်း ဝယ်ဖြည့်ပေးထားသည့် အစားအသောက်တို့ဖြင့် အပြည့် ဖြစ်နေသည်။
“ရှင့်ရေခဲသေတ္တာထဲမှာ အစားအသောက်တွေ အများကြီးပဲကို ဘာလို့ မစားတာလဲ"
အားယောင်က ဧည့်ခန်းကို ပြန်ရောက်လာပြီး မော့ကျန်းကို စိုက်ကြည့်ကာ မေးလိုက်သည်။
“မစားချင်လို့" မော့ကျန်းက ခန္ဓါကိုယ်ကို တဖက်သို့ လှည့်လိုက်သဖြင့် သူ့ကျောပြင်ကိုသာ အားယောင် တွေ့နေရသည်။
“ရှင့် ရေခဲသေတ္တာထဲမှာ ချက်ပြီးသား အစားအစာတွေလည်း တွေခဲ့တယ်... ရှင် မိုက်ခရိုဝေ့နဲ့ ပြန်နွှေးလိုက်ရင် စားလို့ရတာပဲလေ"
အားယောင်က မော့ကျန်း၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်ရန် ရွေ့သွားလိုက်ပြီး မော့ကျန်းကို ကြည့်ရင်း ဆိုဖာပေါ်တ့င် ဝင်လှဲလိုက်သည်။
မော့ကျန်းက မျက်လုံးကို ခပ်ဟဟ ဖွင့်လိုက်ပြီး အားယောင်ကို ကြည့်လိုက်သည်။
"မင်းက မင်းကိုမင်း ဘယ်သူလဲ ဆိုတာကို မမှတ်မိပေမယ့် ဒီလို အသုံး မဝင်တဲ့ဟာတွေတော့ မှတ်ထားတယ်လား"
“ဘယ်လိုလုပ် အသုံးမဝင်တဲ့ ဟာတွေ ဖြစ်ရမှာလဲ" အားယောင်က မော့ကျန်းကို ကြည့်လိုက်သည်၊
"ဒါတွေ အားလုံး ဘဝနေထိုင်မှုအတွက် ကျွမ်းကျွင်မှုတွေပဲ"
မော့ကျန်း သူမကို ကြည့်လိုက်တာ "ဘဝနေထိုင်မှုအတွက် ကျွမ်းကျွင်မှုတွေ... မင်းက အသက်တောင် ရှိနေလို့လား"
အားယောင်: “…”
အားယောင်က ဒေါသတကြီးဖြင့် ဆိုဖာကို ကန်လိုက်ချိန်၌ မော့ကျန်းက ဆိုဖာကို ဖြတ်သွားသည့် ခြေထောက် ဖြူဖြူသွယ်သွယ်လေးများကို ကြည့်နေခဲ့သည်။
သူမက မော့ကျန်းကို ဆက်လျစ်လျူရှု မနေနိုင်တော့ဘဲ မီးဖိုချောင်ကို သွားကာ ချက်ပြီးသား အစားအစာအချို့ကို ရေခဲသေတ္တာထဲမှ ထုတ်လာခဲ့သည်။ မော့ကျန်းက လေပေါ်တွင် ပေါလောပေါ်နေသော သူ့ ပန်းကန်ပြားများကို ကြည့်ကာ မျက်ခုံးပင့်မိသွားသည်။ "ကျကွဲရင် ပြန်လျော်ရမှာနော်"
အားယောင်က နှာမှုတ်လိုက်ကာ မိုက်ခရိုဝေ့ဖ် အဖုံးက အလိုအလျောက် ပွင့်လာပြီး သူမက အစားအစာများကို အထဲသို့ ထည့်လိုက်သည်။
အချိန်ကို သုံးမိနစ် သတ်မှတ်လိုက်ပြီးနောက် အားယောင်က ပျော်ပျော်ရွှင်ရွှင် စောင့်ဆိုင်းနေခဲ့သည်။ "တင်း"ဟူသော အသံကို ကြားလိုက်ရချိန်တွင် အားယောင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။ "အခု စားလို့ရပါပြီ"
မော့ကျန်းက အဆုံးတွင် ဆိုဖာမှ ထလာပြီး မီးဖိုချောင်သို့သွားကာ မိုက်ခရိုဝေ့ဖ်ထဲမှ အစားအသောက်များကို ထုတ်ယူလိုက်သည်။
အစားအသောက်များ စားပွဲပေါ် ရောက်လာသည်နှင့် မော့ကျန်းက ခုံတစ်လုံး ဆွဲထုတ်ကာ ထိုင်ချလိုက်သည်။ အားယောင်က သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး အကူအညီမဲ့စွာ ကြည့်နေခဲ့သည်။ ငါးမိနစ်အကြာတွင် မော့ကျန်းက ထိုတဝဲလည်လည် အကြည့်များကို မခံနိုင်တော့။
"ဗိုက်ဆာလို့လား"
အားယောင်က နှာရှုံ့လိုက်ပြီး ခါးခါးသီးသီး ပြောလိုက်သည်။ "ကျွန်မမှ စားလို့မရတာ"
"မင်းသိလို့ တော်သေးတာပေါ့" မော့ကျန်းက ပြောလိုက်ပြီး အစားအစာများကို သူ့ပါးစပ်ထဲသို့ သွပ်လိုက်သည်။
အားယောင်: “…”
မီးဖိုချောင်းကို သန့်ရှင်းရေး လုပ်ခြင်းက ကြုံတောင့်ကြုံခဲ ဖြစ်ပြီး ထို့နောက်တွင် သူက ဒုတိယထပ်သို့ တက်သွားလိုက်သည်။ အားယောင်က အမြီးလေးကဲ့သို့ပင် သူ့နောက်ကို လိုက်ပြီး ဒုတိယထပ်သို့ တလွင့်လွင့် တက်သွားခဲ့သည်။
မော့ကျန်းက မျက်ခုံးပင့်လိုက်သော်လည်း သူမကို ထွက်သွားရန် မပြောခဲ့ပေ။
မော့ကျန်းက သူ့အခန်းထဲကို လျှောက်ဝင်သွားပြီး လက်ပ်တော့ကို ဖွင့်ကာ နောက်ဆုံးရ ရေပန်းစား သတင်းများကို အင်တာနက်ပေါ်တွင် ရှာဖွေလိုက်ပြီး အဆုံးတွင် ထောင်းပေါင် ဝက်ဆိုက်ဘ်၌ ရပ်သွားသည်။
ဝက်ဘ်ဆိုက်တွင် သူ့အကြိုက် သရေစာဆိုင်များစွာ ရှိပြီး ၎င်းတို့အများစုက ပြည်ပမှ တင်သွင်းသည် ဖြစ်သောကြောင့် စျေးကလည်း မြင့်သည်။ မော့ကျန်းက ယခုတွင် သရေစာများ ဝယ်ယူရခြင်းကို စွဲလမ်းနေသည်ပင်။
မော့ကျန်းက ရေခဲမုန့် ပူတင်း အရသာအကုန်လုံးကို နှိပ်လိုက်ပြီး ငွေရှင်းလိုက်သည်။
အားယောင်က သူ့ကို အထူးတဆန်း ကြည့်လိုက်ပြီး ဂရုတစိုက် မေးလိုက်သည်။ "ရှင်က အဲ့ဒါတွေ စားရတာ ကြိုက်တာလား" ဒါက ကလေးတွေ ကြားထဲမှာပဲ ပိုပြီးလူကြိုက်များတာ မဟုတ်ဘူးလား... ပြီးတော့ သူက အရသာ အကုန်လုံးကိုတောင် ဝယ်လိုက်သေးတယ်...
“ငါက သံပရိုနဲ့ သရက် အရသာကိုပဲ ကြိုက်တာ"
မော့ကျန်းက ငွေရှင်းနေရာမှ ထွက်လိုက်ပြီး အခြား သရေစာဆိုင်များကို ကြည့်လိုက်ပြီးနောက် သူ့အကြိုက် သရေစာများ ဆက်လက်ဝယ်ယူနေသည်။
“ဘာလို့ အရသာ အကုန်လုံး ဝယ်ရတာလဲ" သူမက ပူတင်းတွင် အရသာ ဆယ်မျိုးပါကြောင်း အကြမ်းဖျင်း ခန့်မှန်းကြည့်လိုက်သည်။
“ငါ သူတို့အားလုံးကို အတူတူ ရချင်လို့လေ"
အားယောင်: “…”
“အိုး” သူမက အကြိမ်အနည်းငယ်မျှ တခစ်ခစ် ရယ်မောလိုက်သည်။
"ရှင် အစုံလိုက်ဝယ်ရင် ရောင်းတဲ့သူတွေက ရှင့်လို ဒီလိုပစ္စည်းမျိုးတွေမှာOCD ရှိတဲ့ ဝယ်သူမျိုးဆို အကြိုက်ပဲလေ"
[T/N OCD အသန့်ကြိုက်တာ ပစ္စည်းတွေကို အစီအစဥ်တကျ ထားမှ ကြိုက်တတ်တာမျိုးပါ]
မော့ကျန်းက "ငါ့မှာ အဲ့ဒီအတွက် OCD ရှိပြီးတော့ ဂုဏ်လည်းယူတယ်" ဟူသော မျက်နှာ အမူအယာရှိနေပြီး နောက်ထပ် အစားအစာအချို့ ကို ရွေးကာ ပေချ့်ကို ပိတ်ချလိုက်သည်။
ထို့နောက် သူက မိုက်ခရိုဘလော့ အပ်ဘ်ကို ဖွင့်လိုက်လေသည်။
သူ့ကိုယ်ပိုင် အကောင့်ထဲ ဝင်လိုက်သည်နှင့် မော့ကျန်း သတင်းလှိုင်းလုံးကြီးထဲမှ သူကိုယ်တိုင်ကို တွေ့လိုက်ရလေသည်။
စုန့်နီV : "နတ်ဘုရားတားမြစ်ဇုံ3" ပထမဆုံး ရိုက်ကူးရေးနေ့ကတော့ ကြီးကျယ်လှတဲ့ နတ်ဘုရားဆီကနေ အနမ်းခံလိုက်ရပြီ【ရှက်နေ】 【ရှက်နေ】 【ရှက်နေ】@မော့ကျန်း
မော့ကျန်းက မျက်ခုံးပင့်လိုက်ကာ ကောင်းစန်က နက်ဆာကို နမ်းနေသည့် ရိုက်ချက် ဓါတ်ပုံတစ်ခုကို ကြည့်လိုက်ပြီး သူ့ဖန်တွေ စတင် ကြိမ်းမောင်းလာမည်ကို စောင့်နေလိုက်သည်။
ထိုပိုစ့်က ညနေ လေးနာရီ ဝန်းကျင်တွင် တင်ထားခြင်းဖြစ်သော်လည်း နှစ်နာရီ အတွင်းမှာပင် ပြန်လည်မျှဝေသူများနှင့် ပြန်စာ ပြန်ကြသူများမှာ လည်း သုံးသောင်းမျှ ရှိနေပြီ ဖြစ်သည်။ မော့ကျန်းက ကွန်မန့်ပေးသည့် နေရာကို ဖွင့်လိုက်ချိန်တွင် ကွန်မန့်နေရာ တစ်ခုလုံးက မော့ကျန်း၏ ဖန်များ ဒေါသတကြီး ခုန်ပေါက်ကာ စုန့်နီကို ကြိမ်းမောင်းနေကြသည်က အများဆုံး ဖြစ်နေသည်။
“သောက်ကျိုးနဲ... ငါတို့ နတ်ဘုရားရဲ့ ပါးစပ်လေး အဆင်ပြေရဲ့လားပဲ"
“သနားစရာ ကောင်းစန်လေး စုန့်နီရဲ့ လက်ကို နမ်းရတာ သွေးလွှမ်းနေတဲ့ ဗိုင်းရပ်စ်တွေနဲ့ ပတ်သက်ရတာထက်တောင် ဆိုးနေသေးတယ်"
“သူတို့ကို သခွားသီး တစ်ခြင်း ပေးလိုက်... ပြီးတော့ ရိုက်ကူးရေးအဖွဲ့က သူမအတွက် အဲ့ရိုက်ချက်ကို ထပ်ပေါင်းပေးရော" (ခိုက်ဟွမ်းက စုန့်နီ ရုပ်ရှင်ထဲမှာ ပါဖို့ ရင်းနှီးမြှုပ်နှံရတဲ့ ငွေကို ပြောချင်တာလို့ ထင်ပါတယ်)
“စုန့်နီက သူ့ဘာသာသူ ဆွဲချဖို့ လမ်းစရှာနေတာပဲ... ကိုယ့်မျက်နှာကိုယ်တော့ ထောက်ပါအုံး အိုကေရဲ့လား"
“ဒါက ငါတစ်နှစ်လုံး ရယ်ရဖို့ ထိုက်တန်တယ်... ကျေးဇူးပြုပြီး ငါကျေးဇူးတင်တာကို လက်ခံပေးပါ"
"ဘယ်တုန်းကများ တရားမဝင်သမီးတွေက ဒီလိုနေရာမြင့်မြင့်မျိုး ရသွားပါ့လိမ့်... နင့်အဖေရော သိရဲ့လား"
"ဘာလို့ စုန့်နီက အခုထိ ဖျော်ဖြေရေး နယ်ပယ်ကနေ အကန်မခံရသေးတာလဲ"
“ နတ်ဘုရား မော့ကျန်းရေ... ငါမင်းကို XXတံဆိပ် ခံတွင်းသန့်ဆေး သုံးဖို့ အကြံပေးပါတယ်... ပါးစပ်ထဲက ဘက်တီးရီးယား အကြွင်းအကျန်တွေ အကုန်လုံး အပြောင်ရှင်းပေးမယ်... အရမ်းကြီး နောက်မကျသွားဖို့ မျှော်လင့်ရတာပဲ... QAQ"
“သေသေချာချာကြည့်... ဒီပုံရဲ့ ရိုက်ချက်အနေအထားအရ ငါတွေ့ရတာ နတ်ဘုရားမော့က သူ့လက်မသူ နမ်းနေတာနော် #ကျေးဇူးပြုပြီး ငါ့ကို ထောက်လှမ်းရေး ဧကရာဇ်လို့ ခေါ်ကြပါတော့#"
“(⊙ v ⊙)မင်းမျက်လုံးသာ ကျယ်ကျယ် ဖွင့်ကြည့်လိုက်ရင် ဒါက တကယ်ကြီး ဖြစ်နေတာဟ... နတ်ဘုရားမော့ကို 320 ပွိုင့် အထိ ချီးကျူးမှုနဲ့ ထိုက်တန်ပါတယ် ~ \\ (≧ ▽ ≦) / ~”
“#နတ်ဘုရားမော့က သူ့မှာ ကိုယ်ပိုင် စပယ်ရှယ် အနမ်းစကေး ရှိနေပြီးသားပဲ#”
…
xxxxx