Chapter 8
အနက်ရောင် ပေါင်ဒါမှုန့်
ဝေ့ပေါ်တွင် စုန့်နီက မော့ကျန်းနှင့် ပတ်သက်သည့် ပိုစ့်များ တင်တိုင်း မရေမတွက်နိုင်သော ဖန်များက ကြိမ်းမောင်းကြသည်ချည်းသာ။ သို့သော်လည်း ထိုသူ စုန့်နီမှာမူ အနိုင်ကျင့်ခံရသည်ကို သဘောကျနေပုံရပြီး လူအများ သူမကို ကြိမ်းမောင်းကြလေ သူမက ပိုပြီး တက်ကြွကာ ပျော်ရွှင်နေလေပင်။
စုန့်နီ၏ အကျင့်များကို ရှုံ့ချသည့် ထုတ်ပြန်ချက်တစ်ခုကို စိတ်လိုက်မာန်ပါ ပိုစ့်မတင်မိရန် ထိန်းထားရင်း မော့ကျန်းက "ဘုတ်" ဟူသော အသံဖြင့် ကွန်ပျူတာကို ပိတ်ချလိုက်သည်။ သူက ထိုင်ခုံတွင် တစ်ခဏမျှ ထိုင်နေပြီး အချိန်ကို ကြည့်ရန် ဖုန်းဖွင့်လိုက်ပြီးနောက် ပထမထပ် ဧည့်ခန်းကို ပြန်ဆင်းသွားလိုက်သည်။
၎င်းက ရုပ်သံဌာနကြီးများ သတင်းလွှင့်သည့်အချိန်ဖြစ်ပြီး မော့ကျန်းက ဒေသတွင်း သတင်းဌာန ချယ်နယ်ကို ပြောင်း၍ အနောက်တိုင်း ဝတ်စုံ ဝတ်ထားသည့် သတင်းတင်ဆက်သူက မရပ်မနား ပြောနေသည်ကို နားထောင်နေခဲ့သည်။
“ရှင်က သတင်း ကြည့်ရတာ ကြိုက်တာလား" အားယောင်က မော့ကျန်းကို သိလိုစိတ် အပြည့်ဖြင့် ကြည့်လိုက်သည်။ သူမက မော့ကျန်း အနုပညာသတင်းများကို စိတ်ဝင်စားသည်က အံ့သြစရာ မရှိသော်လည်း သတင်းစာဖြစ်ဖြစ် တီဗီမှာ ဖြစ်ဖြစ် သူက နိုင်ငံအတွင်း ဖြစ်ပျက်နေသည့်အရာများကိုသာ စိတ်ဝင်တစားဖြစ်နေသည်ဟု ခံစားနေရသည်။
မော့ကျန်းက အားယောင်ကို တစ်ချက်ကြည့်လိုက်သော်လည်း ပြန်ဖြေမလာပေ။ သတင်း ထုတ်လွှင့်မှု ပြီးသည်နှင့် ဖုန်းမြည်လာခဲ့သည်။
မော့ကျန်းက ဖုန်းကို ကောက်ကိုင်လိုက်ပြီးနောက် ခေါ်ဆိုသူကို ကြည့်လိုက်လျှင် ရှန်းယွမ်ဇယ် ဖြစ်နေပေသည်။
မော့ကျန်းက ဖြေဆိုမည့် ခလုတ်ကို နှိပ်လိုက်သောအခါ တစ်ဖက်လူထံမှ နှုတ်ဆက်သံ ကြားလိုက်ရသည်။
“မော့ကျန်း … …”
တစ်ခဏလေး အတွင်းမှာပင် မော့ကျန်းက အနည်းငယ် အံ့အားသင့်သွားရသည်။ ရှန်းယွမ်ဇယ်၏ အသံက အလွန် ပင်ပန်းနေပုံရပြီး ခက်ခဲနေသည့် အရိပ်အယောင် ခပ်ဖျော့ဖျော့လည်း ရနေသည်။ မော့ကျန်း သူ့ဘဝတစ်ခုလုံး နီးပါး ထိုလူကို သိလာရသော်လည်း ထိုကဲ့သို့သော အသံအနေအထားမျိုးကို နှစ်ခါသာ ကြားဖူးခဲ့သည်။
ပထမအကြိမ်မှာ သူ့မိဘများ၏ ကွာရှင်းမှုကြောင့် ဖြစ်ပြီး ဒုတိယအကြိမ်မှာ သူ နိုင်ငံခြား ထွက်ရန် ဆုံးဖြတ်လိုက်ချိန်ကပင်။
"ဘာဖြစ်လို့လဲ ယွမ်ဇယ်" မော့ကျန်းက သတိလက်လွတ် ထရပ်မိပြီး သူ့အသံကပင် ပို၍ အလေးအနက် ဖြစ်လာသည်။
"လီမိသားစုမှာ ပြဿနာ တစ်ခု ဖြစ်နေတယ်..." ထိုအချိန်၌ ရှန်းယွမ်ဇယ်က အသံ ပြန်ပြောင်းလာပြီး ပုံမှန်အတိုင်း ပြောလာခဲ့သည်။ "ငါအခု မြို့တော် ဆေးရုံမှာ"
မော့ကျန်း မျက်မှောင်ကြုံ့မိသွားသည်။ ရှန်းယွမ်ဇယ် တစ်ခါက အမှတ်တမဲ့ ပြောလာဖူးသည်။ သူ တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့သည့် ကောင်မလေးမှာ လီ ဟူသော နောက်ဆုံး အမည် ရှိသည်ဟုပင်။
"မင်းကောင်မလေး ဘာဖြစ်လို့လဲ" သူမထံမှာ တစ်ခုခု ဖြစ်သွားရသည်မှ လွဲ၍ မော့ကျန်း တစ်ယောက် ရှန်းယွမ်ဇယ် ဤကဲ့သို့ စိတ်ဖိစီးနေရသည့် ပုံစံမျိုး ရောက်နေရသည့် အကြောင်းအရင်း တစ်ခုမှ မစဥ်းစားမိပေ။
ဖုန်းတစ်ဖက်တွင် တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ရှန်းယွမ်ဇယ်က အဆုံးတွင် ဖွင့်ပြောလာသည်။ "သူ လှေကားပေါ်က ပြုတ်ကျသွားတယ်... အခုထိ သတိမရသေးဘူး"
မော့ကျန်းက တစ်ခဏမျှ နှုတ်ဆိတ်နေပြီးနောက် ညင်ညင်သာသာ ပြောလိုက်သည်။ "မစိုးရိမ်ပါနဲ့... အခုခေတ် ဆေးပညာတွေက အတော်လေး တိုးတက်လာနေပြီ... သူအဆင်ပြေမှာ သေချာပါတယ်"
ယွမ်ဇယ်က ပျက်ရယ်ပြုဟန် ရယ်မောကာ ပြောလာသည်။ "ဒီလိုတွေ ဖြစ်လာမယ်မှန်းသာ သိခဲ့ရင် ဆေးပညာပဲ သင်ခဲ့ပါတယ်"
ရှန်းယွမ်ဇယ် အမေရိကားသို့ ကောလိပ်တက်ရန် သွားချိန်၌ မော့ကျန်း အမုန်းဆုံး ဘာသာဖြစ်သည့် ရူပဗေဒကို အထူးပြု တက်ရောက်ခဲ့သည်။ မော့ကျန်းက ယွမ်ဇယ်တစ်ယောက် PhD ဘွဲ့ရသည်အထိ လိုက်စားခဲ့ရုံမက တက္ကသိုလ်တစ်ခု၌ ဧည့်ပါမောက္ခ ဖြစ်လာမည်ဟုပါ မထင်ထားခဲ့။
မော့ကျန်းက ရှန်းယွမ်ဇယ်ကဲ့သို့ ပလေးဘွိုင်း မင်းသားလေးက ကောလိပ်ကို အပျော်ကစားရန်အတွက်သာ သွားလိမ့်မည်ဟု အမြဲတမ်း တွေးခဲ့သည်။
မော့ကျန်းက သက်ပြင်းချကာ ဖုန်းတစ်ဖက်မှ ရှန်းယွမ်ဇယ်ကို ပြောလိုက်သည်။
"အရမ်းကြီး တွေးမနေနဲ့... အိမ်ပြန်ပြီး ရေချိုး ကောင်းကောင်း အိပ်ပြီး အနားယူလိုက်... သူ မနက်ဖြန် မနက် နိုးလာတာလည်း ဖြစ်နိုင်တာပဲ"
“ငါမင်းကို ဆက်မနှောက်ယှက်တော့ဘူး စူပါစတားကြီး... ချောမောခန့်ညားနေဖို့ အိပ်ရာ စောစောဝင်တော့"
မော့ကျန်း၏ နှုတ်ခမ်းထောင့်များ အနည်းငယ် မြင့်တက်သွားလေသည်။ "ငါ့လို ပင်ကိုယ် ချောမောနေတဲ့သူက ချောမောခန့်ညားဖို့ အိပ်ရာစောစော ဝင်စရာလိုသေးလို့လား"
အားယောင်: “…”
သူမက ဖုန်းတစ်ဖက်ကလူက မည်သူမှန်း မသိသော်လည်း အချိန်တိုအတွင်းမှာပင် မော့ကျန်း၏ စကားများကြောင့် အောင်အောင်မြင်မြင် အော့နှလုံးနာသွားရသည်။ ထိုလူနှစ်ယောက် အရည်မရအဖတ်မရများ ပြောနေကြသည်ကို တစ်ခဏမျှ နားထောင်နေပြီးနောက် မော့ကျန်း ဖုန်းချသွားသည်ကို တွေ့လိုက်ရသဖြင့် အားယောင် မနေနိုင်ဘဲ မေးမိသွားသည်။
"ရှင့် သူငယ်ချင်း မတော်တဆ ဖြစ်လို့လား"
မော့ကျန်းက အားယောင်ကို တစ်ချက်ကြည့်ကာ ဖုန်းကို လက်ထဲတွင် ကိုင်လျက် အပေါ်ထပ်သို့ တက်သွားတော့သည်။ "မင်းက သေပြီးသားလေ... ဘာလို့များ အဲ့လောက်ထိ သိချင်စိတ်တွေ များနေရသေးတာလဲ"
အားယောင်က နှုတ်ခမ်းဆူကာ မော့ကျန်းနောက်သို့ တလွင့်လွင့်မျောလျက် အပေါ်ထပ်ကို လိုက်သွားသည်။
မော့ကျန်းက ရပ်ကာ အားယောင်ကို ပြန်လှည့်ကြည့်လိုက်သည်။
"ငါ တတိယထပ်က gym ကို သွားမလို့... ပြီးရင် ရေချိုးပြီး အိပ်တော့မှာ... ငါ့နောက် လိုက်မလာနဲ့... ကစားချင်ရင် ကိုယ့်နေရာမှာပဲ ကိုယ်နေ"
အားယောင်: “…”
မော့ကျန်းက သူမကို အိမ်မွေးခွေးတစ်ကောင်ကဲ့သို့ ဆက်ဆံနေသည်ဟုသာ အမြဲတမ်း ခံစားနေရသည်။
ဧည့်ခန်းတွင်သာ နေရန် သတိပေးခံရသဖြင့် အားယောင်က နာခံစွာဖြင့် ဆိုဖာဆီသို့သာ သွားပြီး ထိုင်ချလိုက်သည်။ မော့ကျန်းက သူပြောသည့်အတိုင်း အတိအကျ လုပ်ခဲ့သည်။ gymတွင် တစ်နာရီမျှ ကစားပြီးနောက် အိပ်ရာဝင်သွားသည်။
အားယောင်က ဒုတိယထပ်ရှိ မော့ကျန်း၏ အခန်းမှ အလင်းရောင် မှိန်ကျသွားသည်ကို ကြည့်ကာ ဧည့်ခန်းထဲတွင် တစ်ခဏမျှ မျောလွင့်နေပြီးနောက် တီဗီကို နောက်တစ်ခါ ထပ်ဖွင့်လိုက်သည်။
ဒီနေ့ ညနေတွင် နတ်ဘုရားတားမြစ်ဇုံ2ကို တီဗီတွင် လွှင့်ခဲ့ပြီး ဒေါက်တာကောင်းစန်က သူ၏ "ပြန်လည်အသက်သွင်းခြင်း" သုတေသနကို ဓါတ်ခွဲခန်းထဲတွင် ဆက်လုပ်နေခဲ့သည်။ ဗိုင်းရပ် ပြန့်နှုံ့မှူက လူသားမျိုးနွယ်ကို ပို၍ ပို၍ သေဆုံးမှုများ ဖြစ်ပွားစေခဲ့ပြီး ရှင်သန်ရန်အတွက် အချင်းချင်း သတ်ဖြတ်ရသည့် ပြင်းထန်သော အခြေအနေသို့ပင် ကျရောက်သွားရန် ဦးတည်လာခဲ့သည်။
အားယောင် ဇာတ်ကား ကြည့်ပြီးသောအခါ အတွေးတစ်ချက်မှာပင် သူမက ဧည့်ခန်းထဲမှ စားပွဲပေါ်တွင် ရှိနေသော လပ်တော့ကို ဖွင့်ရန် ဆုံးဖြတ်လိုက်သည်။ ဧည့်ခန်းတွင် ကျန်နေခဲ့သော ထိုလပ်တော့က လျှို့ဝှက်နံပါတ်လည်း မရှိသည့်အတွက် အားယောင်ကို စနစ်အတွင်းသို့ ချောချောမွေ့မွေ့ ဝင်ရောက်နိုင်ရန် ခွင့်ပြုလိုက်သကဲ့သို့ ဖြစ်နေသည်။
ကွန်ပြူတာ ပွင့်လာပြီးနောက် မောက်စ့်ကို ရွှေ့ကာ desktop browser ကို ဖွင့်လိုက်သည်။ မှောင်မဲပြီး တိတ်ဆိတ်နေသော ဧည့်ခန်း ထဲမှ ကီးဘုတ်ရိုက်သံက အတော်လေး ပုံမှန် ဖြစ်မနေခဲ့ပေ။
အားယောင်က search barတွင် "မော့ကျန်း"ဟု ရိုက်ရှာလိုက်ပြီး မကြာမီပင် browser က ချက်ချင်းပင် ဆယ်မီလီယံထက် ကျော်သော ရှာဖွေမှု ရလဒ်များ ပြလာခဲ့သည်။ အားယောင်၏ မျက်လုံးများက ဝက်ဘ်ဆိုက် စာမျက်နှာ တစ်ခုမှ တစ်ခုသို့ ရွှေ့နေပြီး အဆုံးတွင် ဝတ်ရုံရှည် ဟု အမည်ရသည့် အတင်းအဖျင်းဖိုရမ် တစ်ခုက သူမ၏ စိတ်ဝင်စားမှု အလုံးစုံကို သိမ်းပိုက်သွားလေသည်။
ဖိုရမ်က ပေချ့်ပေါင်း များစွာရှိပြီး အနုပညာလောကအတင်းအဖျင်းများ အကြောင်းပြောကြသည့် တစ်ခုကို နှိပ်လိုက်သည်နှင့် ပထမဆုံးသော ပိုစ့်မှာ မော့ကျန်းအကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်အား တွေ့လိုက်ရသည်။
[ “ဒီမနက်ပဲ သစ်အယ်သီး တစ်လုံး စားလိုက်ရတယ်... ငါ အင်အားတွေ ထပ်ပြည့်သွားသလို ခံစားလိုက်ရတယ်"
O (* ^ @ ^ *) o”]
အားယောင်က အကြိမ်အနည်းငယ်မျှ မျက်တောင် ခတ်လိုက်သည်။ ၎င်းတွင် မော့ကျန်း၏ ဓါတ်ပုံများစွာ ရှိနေပြီး နတ်ဘုရားတားမြစ်ဇုံ ဇာတ်လမ်းတွဲများမှ ပုံများ၊ မဂ္ဂဇင်း ဓါတ်ပုံများ စသည်ဖြင့် အားယောင်မှာ အားလုံးက အလွန် မျက်စိကြိမ်းဖွယ် ဖြစ်နေကြောင်း တွေ့လိုက်ရပေသည်။ ဖိုရမ်၏ မူလပိုင်ရှင်ကသာ ဓါတ်ပုံများ ထည့်ပေးနေသည် မဟုတ်ဘဲ အချိန်နှင့် တပြေးညီပင် အခြားဖန်များလည်း ရောက်လာကာ နောက်ထပ် ဓါတ်ပုံများ ထပ်ထည့်ပေးလာပြီး ဖန်များက နေ့တိုင်းပင် စည်စည်ကားကား ရောက်လာကြ၍ ဓါတ်ပုံစုဆောင်းမှုအတွင်းသို့ နောက်ထပ် ပစ္စည်းများ ထပ်ပေါင်းပေးလာကြမည် ဖြစ်သည်။
အားယောင်က ဖန်များက မော့ကျန်းအပေါ်ပေးလာကြသည့် လျှံကျနေသော အချစ်များကို ကြည့်ကာ မော့ကျန်း၏ သူမအပေါ် အမျိုးမျိုးသော ဆိုးဝါးလှသည့် ဆက်ဆံပုံများကို သတိရမိသွားသည်။ မခံမရပ်နိုင်ဖြစ်ခြင်းများနှင့်အတူ သူမက ဆာဒါကိုဟု အမည်ရသည့် ကိုယ်ပိုင်အကောင့်ကို ဖွင့်ကာ သူ့အကြောင်းများကို သူ့ဖန်များဆီ ဖွင့်ချပြမည်ဟု ဆုံးဖြတ်လိုက်တော့သည်။
[နင်တို့ရဲ့ နတ်ဘုရားက ရိုင်းစိုင်းပြီးတော့ စိတ်ကြီးဝင်တတ်တဲ့လူပဲ... နင်တို့ရဲ့ နတ်ဘုရားက အလွန်အကျူး အမြင်ကျဥ်းလွန်းတယ်... နင်တို့ရဲ့ နတ်ဘုရားက သစ်သီးပူတင်းတွေ စားရတာကြိုက်သေးတယ်... နင်တို့ရဲ့ နတ်ဘုရားကလေ သူ့ပုံကိုသူ အိပ်ခန်းထဲမှာ ချိတ်ထားသေးတာ... ဒါတွေ အားလုံး နင်တို့ သိသင့်တယ်]
အားယောင် ဒေါသတကြီး စာရိုက်နေသေည့် တလျှောက် ကီးဘုတ်က တတောက်တောက် မြည်နေပြီး သူမက အသက်ပြင်းပြင်းရှုပြီးနောက် enter keyကို နှိပ်ချလိုက်ကာ အဆုံးတွင် အလွန် ပြီးမြောက် အောင်မြင်သွားသည်ဟု ခံစားလိုက်ရသည်။
မကြာမီမှာပင် သူမကို ပြန်စာများ ပြန်လာကြတော့သည်။
[1000]
[ "ငါ့ရဲ့ နတ်ဘုရားလေးက တကယ်ကြီး သစ်သီးပူတင်းတွေကို ကြိုက်တာတဲ့လား... ဒါမှမဟုတ် ငါပဲ နေ့ခင်းကြောင်တောင် အိမ်မက်များ မက်နေသလားဟယ်"]
[ "သူ့ရဲ့ IDကို ကြည့်လိုက်... ဒါဆို မင်းတို့အားလုံး မော့ကျန်းအပေါ် သူမလိုမုန်းထား ဖြစ်နေတဲ့ အကြောင်း သိရလိမ့်မယ်"]
(သူမရဲ့ IDကို ဆာဒါကိုလို့ ရည်ညွှန်းထားလို့များလားပဲ)
[T/N ဆာဒါကိုက japanese fictional evil spiritပါ... Ring စသည်ဖြင့် ဇာတ်ကားတွေလည်း အများကြီး ရှိပါတယ် korean film adaptationလည်း ရှိပါတယ်တဲ့... အခု အားယောင်လို သရဲမလေးပေါ့]
[ “ သောက်ကျိူးနဲ... သူက ငါ့ကို အထပ်တစ်ထောင်အထိပါ တွန်းချလိုက်သေးတယ်... ဆာဒါကိုဆိုတဲ့ကောင်မ ...ကျောင်းဆင်းရင် ထွက်မပြေးနဲ့... ငါ့ကို ခေါင်မိုးထပ်မှာ လာတွေ့စမ်း"]
[ “ငါတစ်ယောက်ထဲပဲ သူဘယ်လိုများ မော့ကျန်း အိပ်ခန်းထဲမှာ ပိုစတာကပ်ထားတဲ့အကြောင်း သိနေလဲ ဆိုတာကို သိချင်နေတာများလားဟယ်" ]
[“အပေါ်ထပ်က တစ်ယောက်ရေ...ဒီလို မကောင်းဆိုးဝါး တစ်ယောက်ရဲ့ စကားကို ယုံနေရလားနော်"]
[“ဒီဆာဒါကိုကို ငါ ရီပို့ထုပေးလိုက်ပါပြီ... ကျေးဇူးတင်စရာ မလိုဘူးနော်"]
အားယောင်: “…”
ဒီတစ်ကမ္ဘာလုံးမှာ အနာကျင်ရဆုံး ရောဂါ ဝေဒနာက ဘာလဲသိလား... လူတွေ တမင်သက်သက် လျစ်လျူရှုထားကြတာပဲ... အာ... ဒီခေတ်မှာ ဘယ်လောက်ပဲ အမှန်တွေ ပြောပြော ဘယ်သူမှ မယုံကြပါလားနော်....
အားယောင်က သူမ၏ ခြေရာများကို ဖျက်ချင်နေသည့် လူများ တိုးလာသည်ကို ကြည့်နေရင်း သူမ တစ်ခဏမျှ တိတ်တိတ်လေး ပုန်းနေရမည်ဟု ဆုံးဖြတ်ချက်ချလိုက်သော်လည်း ရီပလိုင်းအသစ်တစ်ခု ရုတ်တရက် ပေါ်လာပြီး ကွန်ပျူတာ ပိတ်တော့မည့် အားယောင်အား အောင်အောင်မြင်မြင် ရပ်တန့်သွားစေခဲ့သည်။
[ “နင်တို့အားလုံးက နင်တို့ရဲ့ ဦးနှောက်ဆဲလ်တွေ အားလုံးကို ဖျက်ဆီးနေတဲ့ ဦးနှောက် ပျက်စေတဲ့ မော့ကျန်းရဲ့ ဒေါက်တာ ကောင်းစန်ကို အကြည့်လွန်ပြီး ဦးနှောက်ပျက်နေတဲ့ လူတစ်စုလား... သူ့မှာ ရှိနေတာ မျက်နှာလေးပဲ... သူ့ရဲ့ သရုပ်ဆောင် စကေးလို့ ခေါ်တဲ့ ဟာသာ ဆုတွေ အများကြီး ရနိုင်တယ်ဆိုရင် လူဘယ်နှယောက်များ ရုပ်ရှင်လောကမှာ ဘုရင်တွေ ဖြစ်လာမလဲ မသိဘူး... ပြီးတော့လည်း အဲ့ဒီ ရုပ်ချောချောလေးက ဘယ်နှကြိမ်လောက် ဓါးတွေအောက် ဖြတ်သွားဖူးလဲတောင် မသိနိုင်ဘူး" ]
[T/N ဓါးတွေ အောက်ဖြတ်တယ်.. ပလပ်စတစ် ဆာဂျရီ လုပ်တာကို ပြောတာပါ]
ထိုပိုစ့်က ဖိုရမ်အတွင်းသို့ တစ်ခဏမျှထူးဆန်းပြီး ရင်တထိတ်ထိတ် ဖြစ်ဖွယ်ရာ တိတ်ဆိတ်မှုအတွင်းသို့ တွန်းပို့ပေးလိုက်ပြီးနောက်တွင်...
တရိပ်ရိပ် တက်လာသော တုန့်ပြန်မှူများက ဖိုရမ်ကို စက်သေနတ်ကဲ့သို့ပင် ပြန်စာများ တစ်ခုပြီး တစ်ခု ပစ်လာရင်းဖြင့် တိုက်ခိုက်လာခဲ့ပြီး အားယောင်သည်ပင် ပေချ့်ကို အကြိမ်များစွာ refresh လုပ်လိုက်ရသည်။မော့ကျန်းကို တိုက်ခိုက်ထားသော ထိုပေချ့်က မီးတောက်များ ပြည့်နေပြီးထောင်ပေါင်းများစွာသော စစ်သည်တော်များနှင့် ရင်ဆိုင်ရသည့် တစ်ဦးတည်းသော စစ်သည်တော်လေးမှာ ပြန်တိုက်ရန် အခွင့်အရေးပင် မရလိုက်ပေ။ အားယောင်သည်ပင် မနေနိုင်ဘဲ သူမကို ဝင်ကြိမ်းမောင်းမိသွားသည်။
[ နင်ကသာ ဦးနှောက်ပျက်.... နင်တို့ တစ်မိသားစုလုံးသာ ဦးနှောက်ပျက်... တစ်ယောက်ယောက်က ဆုရရင်ပဲ ငွေနဲ့ ဝယ်တာ ဖြစ်ရရောလား.... တစ်ယောက်ယောက်က ချောမောနေရင်ပဲ ဓါးအောက်ကို ဖြတ်ထားတာ ဖြစ်ရရောလား... နင့်ရဲ့ လူတွေအပေါ် လွန်လွန်ကြူးကြူး သဘောထားတွေကို စိတ်ကျန်းမာရေး ဆေးရုံက သိရဲ့လား... နင်ဒီတစ်ခါ အွန်လိုင်းပေါ်တက်လာတာ လူနာတင်ကား ခေါ်ဖို့ပဲ ဖြစ်သင့်တယ် ” ]
အားယောင်၏ ကွန်မန့်က မကြာမီပင် screen ပေါ်တွင် အမြောက်များဖြင့် ပစ်သကဲ့သို့ ကျလာသော ကွန်မန့် အမြောက်အများကြောင့် အဝေးပို့ခံလိုက်ရမည် ဖြစ်သော်လည်း လူအတော်များများ မြင်လိုက်ရသည်။
[ “(⊙_ ⊙)ဆာဒါကိုမှာ မထင်မှတ်ထားတဲ့ တိုက်ပွဲစွမ်းရည် ရှိသားပဲ... အား ” ]
[ “ဆာဒါကိုက ဘလက်ခ်ဖန်လား ဖန်အစစ်လားဟ... ဒို့နားမလည်တဲ့ အပိုင်းတွေ လာနေပြီ” ]
[“အနက်ရောင် ပေါင်ဒါမှုန့်လေ... အပြင်ဘက်က မဲနေပေမယ့် နှလုံးသားကတော့ မော့ကျန်းအတွက် အချစ်တွေ ပြည့်နေပါတယ်ပေါ့... 2333333333333” ]
(အနက်ရောင် ပေါင်ဒါမှုန့်က နာမည်ကျော်တွေကို ထိခိုက်အောင် အသရေ ဖျက်ချင်သူတွေပါတဲ့)
[“မင်း မော့ကျန်းအပေါ် ဘယ်လောက် ချစ်လဲဆိုတာကို တွေ့လိုက်ရတဲ့အတွက် ငါ့အထပ်တစ်ထောင်ကို ခိုးသွားတာအတွက် လက်စားမချေတော့ဘူးနော်” ]
အားယောင်: “…”
[“ဆာဒါကိုရေ... ဆာဒါကို... ငါတို့ရဲ့ နတ်ဘုရားက သူ့အခန်းမှာ ပိုစတာတစ်ခုကို တကယ်ကြီး ကပ်ထားတာလား... အမှန်ထုတ်ပြဖို့ ပုံတစ်ပုံလောက်နော်]
[“” (→) → → ဒါပေမယ့် မင်း ပုံတစ်ခု တင်ပေးရင်တောင် မော့ကျန်းရဲ့ အိပ်ခန်းမှန်းဘယ်လို အတည်ပြုနိုင်မှာလဲ]
အားယောင်: “…”
သူမက ဖိုရမ်ပေါ်မှ တိတ်တိတ်လေး ထွက်ကာ ကွန်ပျူတာကို ပိတ်လိုက်သည်။
ကမ္ဘာကြီးက တကယ်ကြီး ရူးသွပ်နေပြီ... သူမ အင်တာနက်ပေါ် ခဏခဏ မတက်တာ ပိုကောင်းမယ်...
နေစထွက်လာသောအခါ မော့ကျန်း၏ ဇီဝနာရီက သူ့ကို အချိန်ကိုက် နှိုးပေးလာသည်။ ရှည်လျားလှသော သူ့မျက်တောင် ကော့ကော့လေးများက လိပ်ပြာတောင်ပံလေးများလိုပင်။ မော့ကျန်း၏ မျက်လုံးလေးများ ခပ်ဟဟ ပွင့်လာခဲ့သည်။
“မင်္ဂလာ နံနက်ခင်းပါ... အိမ်ရှင်ကြီး... ဒီနေ့လည်း အလုပ်ကြိုးစားရမယ်နော်" အားယောင်က မော့ကျန်း အိပ်ခန်း၏ ပြတင်းပေါက်တွင် ရပ်နေကာ ဦးညွှတ်ပြီး ပြုံးပြလိုက်သည်။
မော့ကျန်း: “… …”
ဟေး... ဒီလီကိုဟိုင်ကတော့... မင်း အဲ့နေရာမှာ တစ်ညလုံး ရပ်နေတာတော့ မဟုတ်ဘူးမလား...
၎င်းက အတော်လေး ဖြစ်နိုင်ချေ ရှိသည်ကို တွေးမိသောအခါ မော့ကျန်းက မတတ်နိုင်ဘဲ ကြက်သီးများ ထလာတော့သည်။