အပိုင်း ၉
Viewers 10k

Chapter 9


သရဲတွေ ရှိနေတယ်


ဖုန်းမြည်လာပြီး ထန်ချန်း၏ အမည်က ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေခဲ့သည်။ "ဂွတ်မောနင်း ဧကရာဇ်မော့... ဒီနေ့လည်း ငါတို့ အလုပ်ကြိုးစားရမယ်"


မော့ကျန်း: “… …”


ထန်ချန်း အခု ဝင်ပူးခံနေရပြီလား...


“ဧကရာဇ်မော့... မင်းကို ပြောပြဖို့ သတင်းကောင်း ရှိတယ်... မင်းမှာ လက်ထောက်တစ်ယောက် ရပြီ... ဒီနေ့ သူ လာပြီး အစီရင်ခံလိမ့်မယ်”


မော့ကျန်းက မျက်ခုံးပင့်ကာ အိပ်ရာမှ ထပ်လိုက်သည်။ "ဘယ်လိုလူမျိုးလဲ"


“ချစ်စရာကောင်းတဲ့ ညီမလေးတစ်ယောက်... မင်းသဘောကျလိမ့်မယ်”


“… …” ထူးဆန်းလိုက်တာ...


ဖုန်းချပြီးနောက် မော့ကျန်းက အားယောင် သူ့ကို သူမ၏ မျက်လုံးရွဲကြီးများဖြင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရပြီး သူမ၏ အကြည့်တလျှောက် လိုက်ကြည့်လိုက်သည်။


လျော့တိလျော့ရဲ သူ့ညဝတ်အင်္ကျီက လျှောကျနေကာ သူ အိပ်နေစဥ် ဖြုတ်ထားခဲ့သည့် ကြယ်သီး နှစ်လုံးကြောင့်လည်း သူ့ညှပ်ရိုးနှင့် ဘယ်ဘက်ပုခုံးတို့ကို လှစ်ဟပြနေခဲ့သည်။ 


မော့ကျန်းက မျက်ခုံးပင့်ရင်း ကြယ်သီးပြန်တပ်လိုက်ကာ သူ့နောက်မှ ခေါင်းအုံးကို ဆွဲယူ၍ အော်လိုက်သည်။ "ထွက်သွားစမ်း... ဆိတ်မ"


ခေါင်းအုံးက အားယောင်၏ ခန္ဓါကိုယ်ကို အထိအခိုက် မရှိဘဲ ဖြတ်၍ လွင့်သွားပြီး အားယောင်က နှစ်ကြိမ်မျှ ရယ်မောက မော့ကျန်း အိပ်ခန်းမှ ပြန်လှည့်ထွက်သွားသည်။


မော့ကျန်း အဝတ်အစားလဲပြီး၍ အောက်သို့ ဆင်းလာသောအခါ အားယောင်က ပေါင်မုန့်ကင်စက်ထဲမှ ပေါင်မုန့်ကို ထုတ်ယူလိုက်ပြီး ပေါင်မုန့်ပြား နှစ်ချပ်ကို ပန်းကန်ပြားထဲတွင် ချကာ မော့ကျန်းဘေးသို့ လွင့်မြောလာခဲ့သည်။ မော့ကျန်းက ခေါင်းကို ပွတ်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ "ငါတို့က " The Ring" ရုပ်ရှင် ရိုက်နေတာ မဟုတ်ဘူးနော်" သူက ပြောလိုက်သည်။ "ဒီလိုမျိုး အထူးပြုလုပ်ချက်တွေ မသုံးလို့ မရဘူးလား"


အားယောင် “…”


မော့ကျန်းရှေ့မှ ပန်းကန်ပြားက တစ်ပတ်လည်ကာ ဧည့်ခန်းအတွင်းရှိ စားပွဲပေါ်သို့ လေတွင် ပေါလောပေါ်လျက် ဝဲပျံသွားသည်။


မော့ကျန်းက မီးဖိုချောင်အရှေ့ဘက်ကို လျှောက်သွားလိုက်ပြီး ပေါင်မုန့်တစ်ပိုင်းကိုယူကာ အမြဲတမ်းကဲ့သို့ပင် ကိုက်စားရန် သံပရိုတစ်ခြမ်းကိုလည်း ယူထုတ်လိုက်သည်။


ဘန်ထလေကား ဂိုထောင်မှ ထွက်လာသောအခါ ခြောက်နာရီခွဲသာ ရှိသေးသည်။ အားယောင်က အရှေ့ဘက် ခရီးသည်ခုံတွင်သာ ထပ်ပြီး ထိုင်လိုက်ခဲ့ပြန်သည်။သူမက ယနေ့တွင် စိတ်အခြေအနေကောင်းနေပြီး တလျှောက်လုံး သီချင်းညည်းလာခဲ့သေးသည်။


မော့ကျန်းက သူမကို ကြည့်ကာ မေးလိုက်သည်။ "မင်းဘယ်သူလဲဆိုတာ မှတ်မိပြီလား"


“မမှတ်မိသေးဘူး”


“ဒါဆို ဘာလို့ ဒီနေ့စိတ်ကောင်းဝင်နေတာလဲ"”


အာယောင်: “… …” ဟမ့်... သူမက တစ်ညလုံး အင်တာနက်ပေါ်မှာ သူ့ဂုဏ်သတင်းတက်အောင် လုပ်ခဲ့ရတယ် ဆိုတာကိုတော့ မပြောပြချင်ပါဘူးနော်...


စတူဒီယိုက မနေ့ကလိုပင် သတင်းထောက်များနှင့် အရွယ်အစားစုံကားများ ဝန်းရံနေခဲ့သည်။ မော့ကျန်း၏ကားက လှလှပပ ကြော့ကြော့မော့မော့ပင် ကားပါကင်ထဲသို့ ဝင်ရောက်သွားပြီး သူ့"နာနီကား"ဘေးတွင် ရပ်လိုက်သည်။


“မော့ကျန်း ငါမိတ်ဆက်ပေးမယ်... ဒါက ရှောင်ရှီ... မင်းရဲ့ လက်ထောက်အသစ်လေးပေါ့"


မော့ကျန်းက ကားထဲမှ ထွက်လာပြီးနောက် ထန်ချန်းက မိန်းကလေး တစ်ယောက်နှင့် ရောက်လာသည်ကို တွေ့လိုက်ရသည်။ မိန်းကလေးက 23 24အရွယ်လောက် ဖြစ်ပုံရပြီး အဖြူရောင် တီရှပ်နှင့် ဂျင်းကို ဝတ်ထားကာ ပုခုံးကျော်ခန့် အနက်ရောင် ဆံပင်များကို ကျောဘက်တွင် ပိုနီတေးတစ်ခုအဖြစ် ပိပိရိရိ ဖြီးသင်ထားသည်။ သူမက အနက်ရောင်ကိုင်း မျက်မှန်တစ်လက် တပ်ထားပြီး မိတ်ကပ်လိမ်းထားပုံမရသော်လည်း သူမပုံစံက ဖြူစင်ကာ သွက်လက်မည့် ပုံလေးပင်။


ရှောင်ရှီက မော့ကျန်းကို တွေ့သောအခါ သူမ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားခဲ့သည်။ 


"ရှင်... ဟယ်လို... ကျွန်မက မော့ကျန်းပါ... မဟုတ်သေးဘူး... ကျွန်မက ရှောင်ရှီပါ... ရှင့်လက်ထောက် ဖြစ်ရတာ အရမ်း ဝမ်းသာပါတယ်... ဧကရာဇ်မော့"


ထန်ချန်းက ခပ်တိုးတိုးရယ်ကာ မော့ကျန်းကို ကြည့်ပြီး ပြောလိုက်သည်။ "ရှောင်ရှီက ဘွဲ့ရတာ မကြာသေးပေမဲ့ ဒီနယ်ပယ်မှာ အတွေ့အကြုံရှိတယ်... သူက အန်းတုံရဲ့ လက်ထောက် ဖြစ်ခဲ့တာလေ... ပြီးတော့ စည်းမျဥ်းတွေနဲ့ အရာအားလုံးကို အပြည့်အဝ နားလည်တယ်... အိမ်သန့်ရှင်းရေးလည်း အရမ်းကျွမ်းသေးတယ်... ဒီအလုပ်နဲ့ အသင့်တော်ဆုံးပဲ..." သေချာပေါက် အဆိုပြုချက်သည်ကား သူမက မော့ကျန်း၏ အခါအားလျော်စွာ ပြောင်းလဲတတ်သော စိတ်အခြေအနေကို ကြံ့ကြံ့ခံရန် လိုပေသည်။


မော့ကျန်းက လက်ခံရန် တုံ့ဆိုင်းနေပုံရသည်ကို တွေ့သောအခါ ရှောင်ရှီက မော့ကျန်းကို ခပ်မြန်မြန် ပြောလိုက်သည်။"ဧကရာဇ်မော့... ကျွန်မ ငယ်ငယ်လေး ကတည်းက ကျွမ်းကျင်တဲ့ စာဖိုမှုးဆိုပြီး နာမည်ကြီးခဲ့တာလေ... ကျွန်မချက်တဲ့ဟင်းတွေရဲ့ အနံ့က ဆယ်မိုင်လောက်ကနေကို ရတာ... သူတို့က ဘယ်ဟာကိုမှ နောက်ကောက်မကျဘူး"


မော့ကျန်း: “… …” ကောင်းပြီလေ... လောလောဆယ်တော့ ကုသိုလ် လုပ်လိုက်တယ်လို့ပဲ သဘောထားလိုက်တာပေါ့...


မော့ကျန်းက ခေါင်းငြိမ့်ပြပြီး လက်ခံလိုက်သည်နှင့် ရှောင်ရှီက ချက်ချင်း ပြုံးလာခဲ့ပြီး ထန်ချန်းသည်လည်း အတော်လေး စိတ်သက်သာရာရသွားသည်။ ဒီရက်တွေထဲမှာ သူ အလုပ်အရမ်းများလွန်းလို့ မော့ကျန်းဘေးမှာ နေဖို့ အချိန်မရှိခဲ့ဘူး... အခု ရှောင်ရှီ ရှိပြီဆိုတော့ စိတ်ချရပါပြီလေ...


ရိုက်ကူးရေးအဖွဲ့က ဖြတ်သွားရင်း မော့ကျန်းနှင့် ထန်ချန်းကို နှုတ်ဆက်သွားကြသည်။ ထန်ချန်းက သူ့ဘေးမှ ရှောင်ရှီကို ကြည့်လိုက်သည်။ ရှောင်ရှီက မော့ကျန်း၏ ဘန်ထလေကားကို စွဲစွဲမြဲမြဲ ကြည့်နေခဲ့ပြီး ဘန်ထလေကား၏ တံခါးကို ကြည့်နေခဲ့သည့် ထိုမျက်လုံးများက ထန်ချန်းကို မျက်ခုံးပင့်သွားစေရသည်။ "မနေ့က မော့ကျန့်ရဲ့ ဦးစားပေးကိစ္စတွေနဲ့ သူ့ရဲ့ တောင်းဆိုချက်တွေအကြောင်း ပြောထားတာ မှတ်မိလား"


“မစိုးရိမ်ပါနဲ့ စီနီယာတုန့်... ကျွန်မ ကောင်းကောင်းမှတ်မိပါတယ်" ရှောင်ရှီက ခေါင်းကို ခပ်လေးလေး ငြိမ့်လ်ုက်သည်။


“ကောင်းတယ်... မော့ကျန်းက သူ့အကြောင်းကို တခြားသူတွေ စပ်စုတာ မကြိုက်ဘူး... သင့်တော်တဲ့ အကွာအဝေးမှာပဲနေ... ပြီးတော့ စည်းမကျော်ဖို့ သတိရ”


“သိပါပြီ စီနီယာတုန့် ”


“ဒါဆို မင်းလည်း ခဏနားလိုက်... အဆင်သင့်ဖြစ်ရင် ငါတို့ကို လာခေါ်လှည့်" ထန်ချန်းက ရှောင်ရှီ၏ ပုခုံးကို ပုတ်ကာ ပါကင်ထိုးထားသော ဘန်ထလေကားဆီသို့ သွားလိုက်သည်။ 


အားယောင်က နေရာနှစ်ခုကြား ဧရိယာအတွင်း ဝဲပျံနေခဲ့ပြီး ထန်ချန်းကားဆီသို့ သွားသည့်တလျှောက် နောက်မှ တလွင့်လွင့် လိုက်သွားသည်။


ကားထဲတွင် သတင်းများကို လောလောဆယ် ထုတ်လွှင့်နေသည့် တီဗီတစ်လုံး ရှိနေပြီး မော့ကျန်းက မေးအောက်တွင် လက်ကို ထား၍ screen သေးသေးလေးကို တိတ်တဆိတ် စိုက်ကြည့်နေခဲ့လေသည်။


ထန်ချန်းက တီဗီကို ကြည့်လိုက်ပြီး မော့ကျန်းဘေးတွင် ထိုင်ကာ မေးလိုက်သည်။ "ဘယ်တုန်းကတည်းက သတင်းတွေကို အရမ်း စိတ်ဝင်စားသွားရတာလဲ"


မော့ကျန်းက မလှုပ်မရွေ့ ရှိနေဆဲဖြစ်ပြီး သူ့မျက်ခွံလေးများကပင် တစ်လက်မလေးမျှ လှုပ်မလာခဲ့။ "မနေ့ ကတည်းကပဲ"


ထန်ချန်း: “… …”


ထန်ချန်းက ကားအကန့်လေးထဲက သတင်းစာအချို့ကို ထုတ်၍ မော့ကျန်းကို ကမ်းပေးလိုက်သည်။ "ဒီမှာ ဒီနေ့ထုတ် သတင်းစာ... ရှောင်ရှီကို ယူလာဖို့ ပြောလိုက်တာလေ... မင်းလိုချင်လား"


မော့ကျန်းက သတင်းစာ တစ်ထပ်ကြီးကို ငုံ့ကြည့်လိုက်သည်။ "ထားလိုက်လေ... ငါပြန်ရောက်မှ ကြည့်လိုက်မယ်"


ထန်ချန်းက သတင်းစာကို ပြန်ချထားလိုက်ပြီး မေးသည်။ "ရှောင်ရှီကို ဘယ်လိုထင်လဲ"


“အဆင်ပြေပါတယ်... သူ့ရဲ့ မျက်နှာတစ်ဖက်ကိုပဲ မြင်ရသေးတော့ ဆုံးဖြတ်ဖို့ ခက်သေးတယ်" တီဗီမှ မနက်ခင်းသတင်း ထုတ်လွှင့်ချက် ပြီးသည်နှင့် မော့ကျန်းက တီဗီပိတ်ကာ ဇာတ်ညွှန်းကို ကောက်ကိုင်လိုက်သည်။


ထန်ချန်းက သက်ပြင်းချ၍ ကားအကန့်လေးထဲမှ အစားအစာအချို့ ထုတ်ယူလိုက်သည်။ "မနက်စာ စားခဲ့လား" 


အားယောင်: “…”


ဒီ ထန်ချန်းကတော့ သူ့နာမည်တုက တင်းတောင် ဘဲလ်သံလေးလားပဲ... 


မော့ကျန်းက သူ့အပြုအမူကို အချိန်အတော်ကြာ ကျင့်သားရနေဟန်ပင် ဇာတ်ညွှန်းကိုပဲ ကြည့်နေပြီး ခေါင်းယမ်းပြလိုက်သည်။ "စားခဲ့ပြီးသွားပြီ"


ထန်ချန်းက အံ့အားသင့်မှုတို့ဖြင့် မျက်ခုံးပင့်လာခဲ့သည်။ "ဒီနေ့ ဘယ်လိုလေတွေ တိုက်လို့ ဧကရာဇ်မော့ကိုတောင် ဝီရိယကောင်းကောင်းနဲ့ အစားအစာတွေ ထပြီးချက်ပြုတ်အောင် လုပ်နိုင်ခဲ့ပါလိမ့်"


မော့ကျန်း: “… …”


“ကျွန်မပါ... ကျွန်မ လုပ်ပေးတာ..." အားယောင်က ထန်ချန်းဘေးတွင် မှီထိုင်နေရင်း သူမ၏ အလုပ်ကြိုးစားခဲ့မှုကို အားတက်သရော ပြောပြလာသည်။


ထန်ချန်းက သူမကို မမြင်ရသောကြောင့် လျစ်လျူရှုထားပြီး ထန်ချန်း အာရုံလွင့်နေသည့်အခါမှသာ မော့ကျန်းက အားယောင်ကို သတိပေးသည့် အကြည့်တစ်ချက် ပေးလာခဲ့သည်။


အားယောင် ပါးစပ်က မျဥ်းတကြောင်းတည်း စိပိတ်သွားပြီး သူမ ယခင်က ပေါလောပေါ်နေခဲ့သည့် နေရာသို့ တိတ်တိတ်လေး လွင့်မျောသွားခဲ့သည်။


နောက်ထပ် ရက်အနည်းငယ်အတွင်း အားယောင်က နေ့တိုင်းပင် မော့ကျန်း စတူဒီယိုသို့ သွားတိုင်း အနောက်မှ ဆက်လိုက်နေခဲ့ပြီး ရှောင်ရှီက မနက်စာ၊ နေ့လည်စာ၊ ညစာ စသည့် အစားအသောက် သုံးမျိုးကို မော့ကျန်းထံသို့ နေ့တိုင်း ဇွဲရှိရှိ ပို့ပေးလာသည်။ နေ့လည်စာ ထမင်းဘူးကို စားရသည့် အခေါက်မှလွဲ၍ အခြား အစားအသောက်နှစ်မျိုးမှာ ရှောင်ရှီ ကိုယ်တိုင် လုပ်ထားခြင်း ဖြစ်သည်။


အားယောင် ရှောင်ရှီ၏ ကိုယ်တိုင်လုပ် အစားအသောက်များကို တွေ့သောအခါ အရောင်အဆင်းနှင့် ရနံ့တို့က အမှန်တကယ်ပင် ကျွမ်းကျင် စာဖိုမှုး လုပ်ထားသကဲ့သို့ ပုံပေါ်နေခဲ့သည်။ ရှောင်ရှီက အလွန် ဥာဏ်ပြေးပြီး အလုပ်ကြိုးစားသည်။ အထူးသဖြင့် မော့ကျန်း၏ အခါအားလျော်စွာသော စိတ်အခြေအနေများကိုလည်း အထွန့်မတက်ဘဲ ကြံ့ကြံ့ခံနိုင်ခဲ့သည်။


ထန်ချန်းက အလွန် ကျေနပ်နေခဲ့လေသည်။ ကြည့်ရသည်မှာ ရှောင်ရှီက မော့ကျန်း၏ လက်ထောက်အဖြစ် အနည်းဆုံး တစ်လခန့် ဆက်သွားနိုင်လောက်သေးသည်။ ၎င်းက ဤနှစ်များအတွင်း အတော်လေးမြင့်သော မှတ်တမ်းပင်။ 


သို့သော်လည်း အားယောင်က အမြဲတမ်းပင် ရှောင်ရှီနှင့် ပတ်သက်ပြီး တစ်ခုခုက အလွန် ထူးဆန်းနေကြောင်း ခံစားနေရသည်။ သို့သော်လည်း သူမ ဘယ်လောက်ပဲ ကြိုးစားကြည့်ပါစေ ရှောင်ရှီ ထူးဆန်းနေရသည့်အချက်ကို မစဥ်းစားနိုင်ခဲ့။ သူမက ရံဖန်ရံခါတွင် ဧကရာဇ်မော့ကို ကိုးကွယ်သော အကြည့်များ ပစ်လွှတ်တတ်သော်လည်း မည်သို့ပင်ဆိုစေကာမူ ရှောင်ရှီ၏ အလုပ်က စင်းလုံးချော ပြဿနာကင်းနေသေးသည်။ 


မှန်ပေသည်။ သူမ၏ အကြည့်က အနည်းငယ် ထူးဆန်းနေသော်လည်း မသိသာပေ။ သို့သော်လည်း အားယောင်က သရဲတစ်ယောက် ဖြစ်ပြီး အခြားသူများ မမြင်နိုင်သည့် အရာများကို အမြဲတမ်း မြင်နိုင်နေသည်။


ရှောင်ရှီက သူမ၏ အစစ်အမှန် ရည်ရွယ်ချက်များကို မျက်လုံးများတွင်သာ အမှတ်တမဲ့ ဖော်ပြတတ်သည်က အားယောင်ကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေရသည်။ 


"နတ်ဘုရားတားမြစ်ဇုံ3" ရိုက်ကူးရေးက တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်ရောက်လာနေသည်။ မော့ကျန်းက လတ်တလောတွင် ပိုအလုပ်များလာခဲ့ပြီး ရှုတင်နားချိန်ကလည်း နောက်ကျလာသည်။ ရှောင်ရှီက အမြဲတမ်း စတူဒီယိုမှ နှစ်နာရီ ကြို ထွက်သွားတတ်ပြီး အစားအသောက်များ ချက်ပြုတ်ရန် မော့ကျန်း အိမ်သို့သွားကာ မော့ကျန်း ပြန်လာသည်နှင့် သော့များ ပြန်အပ်တတ်သည်။


မော့ကျန်းက တစ်နေ့လုံး စတူဒီယိုမှာပဲ ရှိနေသည့်အတွက် အားယောင်က ရှောင်ရှီအနားတွင် နီးနီးကပ်ကပ် လိုက်နေတတ်လေသည်။ ထိုရက်များတွင် ထန်ချန်းက စတူဒီယိုသို့ ရံဖန်ရံခါမှ ရောက်လာခဲ့ပြီး သူ့ အလုပ်ဝန်ထုပ်ကြီး လျော့သွားသည့်အတွက် စိတ်သက်သာရာရနေကြောင်း သိသာနေခဲ့လေသည်။


အခြားတစ်ဖက်မှ ဖုန်းမြည်လာသည်နှင့် ရှောင်ရှီက ဖုန်းကို ပြေးကိုင်ပြီး ထန်ချန်း ခေါ်နေသည်ကို တွေ့လိုက်ရသောအခါ ပြန်ဖြေလိုက်သည်။ "စီနီယာတုန့်... ဘာဖြစ်လို့လဲ"


“မော့ကျန်းက အင်တာနက်ကနေ ပစ္စည်းအချို့ ဝယ်ပြီး ငါ့အိမ်ကို ပို့ထားတယ်... မင်းသွားပြီးတော့ သူ့အိမ်ကို ပြန်ပို့ပေးလိုက်အုံး" ထန်ချန်းဖက်မှ အလွန်ဆူညံနေပြီး ကားဟွန်းတီးသံများက နောက်ခံ ဆူညံသံအဖြစ် ရောနှောနေသည်။ "ငါအခု ကုမ္ပဏီကို အပြေးသွားမှ ရမယ်... ဒါပေမယ့် အောက်ထပ်မှာ လုံခြုံရေးတွေ ရှိလိမ့်မယ်... ငါ့နာမည်နဲ့ ဖုန်းနံပါတ်ကို ပြောလိုက်ရင် သူတို့တွေပါဆယ်ကို ထုတ်ပေးလိမ့်မယ်"


“ကောင်းပါပြီ" ရှောင်ရှီက ခေါင်းငြိမ့်ကာ ထန်ချန်းဘက်မှ မော့ကျန်း၏ သရေစာများ ဝယ်တတ်သည့် အကြောင်းကို ပွစိပွစိ ပြောနေချိန်၌ ဖုန်းကို ချလိုက်သည်။


ရှောင်ရှီက လတ်တလောတွင် ရိုက်ကူးရေး လုပ်နေသည့် မော့ကျန်းကို ကြည့်လိုက်ပြီး သူမဘေးတွင် ရပ်နေသော ရိုက်ကူးရေး ဝန်ထမ်းအချို့ကို စကားအနည်းငယ်ပြောပြီးနောက် ဘန်ထလေကား၏ တံခါးကို ဖွင့်လိုက်သည်။ အားယောင်က တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ရှောင်ရှီ နောက်သို့ လိုက်သွားရန်သာ ဆုံးဖြတ်ချက်ချလိုက်လေသည်။


မော့ကျန်းက တလွင့်လွင့် မျောသွားသော အားယောင်၏ ကျောပြင်ကို ကြည့်လိုက်သည်နှင့် ဒါရိုက်တာက ကဒ်ဟု အော်ကာ ဆူပူတော့သည်။ "ဧကရာဇ်မော့ မင်းမျက်လုံးအကြည့်တွေ မှားနေတယ်"


မော့ကျန်း: “… …”


ဆယ်နှစ်ကြာသွားသော်လည်း ဒါရိုက်တာချွီကမူ မျက်လုံးထဲတွင် မီးတောက်များ ရှိနေဆဲပင်။


ရှောင်ရှီက ထန်ချန်းနေသော တိုက်ခန်းသို့ ကားမောင်းသွားခဲ့ပြီး လုံခြုံရေးထံမှ ပါဆယ်ယူကာ မော့ကျန်းအိမ်သို့ ပြန်မောင်းလာခဲ့သည်။


အထုပ်ပေါင်းများစွာ ရှိနေသော်လည်း ထုပ်ပိုးမှုပုံစံအရ အထဲတွင် အစားအစာများ ပါကြောင်း သိသာနေသည်။ ရှောင်ရှီက ပါဆယ်ထုပ်လေး တစ်ထုပ်ကို ဖြည်ကာ အထဲမှ ပစ္စည်းအချို့ကို ထုတ်ယူလိုက်သည်။ ရေခဲမုန့် ပူတင်း အရသာ ဒါဇင်ခန့်မျှကို တွေ့လိုက်သောအခါ သူမက အံ့အားတသင့် ရယ်မောလိုက်လေသည်။


 "မော့ကျန်းက တကယ်ကြီး သစ်သီးပူတင်းတွေ စားရတာ ကြိုက်တာပဲ... ဟားဟားဟား"


အားယောင်က သူမ၏ရယ်သံက ကြက်သီးထလောက်စရာ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။ ဒီရှောင်ရှီက တကယ်ကြီး ခေါင်းမှာ ပြဿနာ ရှိနေတာဟ...


ရှောင်ရှီက ဖုန်းကို ထုတ်ကာ ပါဆယ်၏ ဓါတ်ပုံအချို့ကို ရိုက်ယူလိုက်ပြီး မော့ကျန်းအတွက် ဖွင့်ထားသော ဖိုရမ်ကို ဖွင့်လိုက်သည်။


အားယောင်က သူမနောက်တွင် မျောလွင့်နေပြီး သူမ၏ ဖုန်းမျက်နှာပြင်ကို တိတ်တဆိတ် ချောင်းကြည့်လိုက်သည်။ အားယောင်က "ငါ့ဗိုက်က သစ်အယ်သီးတွေနဲ့ ပြည့်နေတယ်"ဟူသော အကောင့်ကို ဖြတ်ခနဲတွေ့လိုက်ပြီးနောက် မသိလိုက်မသိဘာသာ တုန်ယင်သွားသည်။ 


မနေ့က သူမ ဖိုရမ်ပေါ် တက်ခဲ့စဥ်က ထိုIDက မော့ကျန်း သစ်သီးပူတင်းတွေ စားရတာ တကယ်ကြိုက်သလားဟု မေးခဲ့သူပင်။


မနေ့က ထိုကွန်မန့်နှင့် ပတ်သက်ပြီး ထူးဆန်းနေသည့်အရာ တစ်ခုမှ မတွေ့ခဲ့ရသော်လည်း ဤတစ်ကြိမ်တွင်တော့ ထိုအကောင့်နောက်ကွယ်မှ လူကို တွေ့ခဲ့ရပြီးနောက် အားယောင်က မတတ်နိုင်ဘဲ တုန်ယင်မိသွားတော့သည်။ တကယ်ကျတော့... ဒါက အတော်လေး ကွဲပြားသွားပြီပဲ... အာ... 


Xxxx