Chapter 10
ချက်ပြုတ်ခြင်း
ရှောင်ရှီက သူမ၏ ပုံကို အင်တာနက်ပေါ်တွင် "မော့ကျန်းက သစ်သီး ပူတင်းတွေ စားရတာ တကယ်ကြီး ကြိုက်တာပဲ... အား... ဒီပုံတွေက သက်သေပြပေးလိမ့်မယ်"ဟူသော စာသားဖြင့် တွဲတင်လိုက်သည်။
သူမက ပိုစ့်တင်ပြီးသည်နှင့် အခြားသူများ၏ တုံ့ပြန်ချက်ကို စောင့်မနေတော့ပေ။ ထိုအစား ကြမ်းပြင်ပေါ်မှ အစားအသောက်များကို ရေခဲသေတ္တာထဲတွင် သပ်သပ်ရပ်ရပ် စီကာ ဒုတိယထပ်ကို ခပ်မြန်မြန် တက်သွားသည်။
အားယောင် မျက်မှောင်ကြုံ့မိသွားသည်။ ဒုတိယထပ်က မော့ကျန်း၏ ကိုယ်ပိုင်နေရာဖြစ်ပြီး အပြင်လူများ ကြုံရာကျပန်း ဝင်ခြင်းကို ခွင့်ပြုမထားပေ။
သူမက ဒုတိယထပ်ကို တက်ပြီး မော့ကျန်း၏ အခန်းထဲသို့ တည့်တည့် ဝင်သွားသော ရှောင်ရှီနောက်ကို လိုက်သွားလိုက်သည်။ အဝတ်ဗီရို တံခါးကို ဖွင့်ပြီးနောက် ရှောင်ရှီက ညအိပ်ဝတ်စုံ တစ်စုံကို ထုတ်ကာ ကျေနပ်အားရစွာဖြင့် အားရပါးရ နမ်းရှုံ့နေလေသည်။
အားယောင်က နံရိုးများ အပိုင်းပိုင်း ပြုတ်ကျတော့မည်ကဲ့သို့ ခံစားနေရသည်။ ဘယ်လောက်တောင် ထူးဆန်းလိုက်လဲ... အား...
ရှောင်ရှီက တစ်ခဏမျှ ကျေနပ်အားရစွာ နမ်းရှုံ့နေပြီးမှ ညအိပ်ဝတ်စုံများကို နဂိုနေရာအတိုင်း ပြန်ထားလိုက်ပြီး မော့ကျန်း၏ အိပ်ရာထဲတွင် ခုန်ပေါက်နေသည်။
မော့ကျန်း၏ အိပ်ရာခင်းကို လက်ထဲတွင် ထွေးပိုက်ထားရင်းဖြင့် ရှောင်ရှီက အတော်လေး ရီဝေဝေ ဖြစ်နေပုံရကာ မော့ကျန်း၏ နာမည်ကို ရှိုက်ငိုကာ အော်ဟစ်နေသည်။
အားယောင် ထိုမြင်ကွင်းကို တွေ့လိုက်ရသောအခါ သူ့ခန္ဓါကိုယ်မှ အမွှေးများအားလုံး ထောင်တက်လာသကဲ့သို့ ခံစားလိုက်ရသည်။ ဒါကြီးက ကြည့်ဖို့ အရမ်း ထူးဆန်းနေတဲ့ မြင်ကွင်းကြီးပဲ... ရှောင်ရှီက တိုက်ခိုက်တော့မည်သကဲ့သို့ အိပ်ရာပေါ်မှ ရုတ်တရက် ထလာကာ သူမ၏အိတ်ကို တစ်ခဏမျှ မွှေနှောက် ရှာဖွေလိုက်ပြီးနောက် ပစ္စည်းလေး တစ်ခုကို ထုတ်ယူ၍ အိပ်ရာအောက်တွင် စမ်းတဝါးဝါး လုပ်နေခဲ့သည်။ အားယောင်က သိလိုစိတ် အပြည့်ဖြင့် အနီးသို့ မျောလာခဲ့သော်လည်း ရှောင်ရှီ လုပ်နေသည့်အရာကို တွေ့လိုက်ရချိန်တွင် ထိတ်လန့်သွားရတော့သည် ။ ရှောင်ရှီက လျှို့ဝှက် အသံဖမ်းစက်ကြီး တပ်နေတာဟ...
ရှောင်ရှီ အသံဖမ်းစက် တပ်ပြီးသွားသောအခါ မော့ကျန်း၏ အိပ်ခန်းနှင့် တဆက်တည်း ရေချိုးခန်းကို သွားကာ သင့်တော်သည့်နေရာကို မတွေ့ခင်အထိ အနီးပတ်ဝန်းကျင်ကို အကြာကြီး လှည့်ပတ် ကြည့်ရှုနေပြီးမှ သူမလက်ထဲမှ ပစ္စည်းတစ်ခုကို ထိုနေရာတွင် တပ်ဆင်လိုက်သည်။ အားယောင်က တလွင့်လွင့် လိုက်သွားကာ ထိုပစ္စည်းကို တစ်ခဏမျှ အသေအချာ လေ့လာနေခဲ့ပြီး အဆုံးတွင် ကောက်ချက်ချလိုက်သည်။ ဒါ ကင်မရာ အသေးစားလေးပဲ...
ဒါကတော့ တကယ်ကြီး... သောက်ကျိုးနဲပဲဟေ့... စိတ်ရောဂါ လူနာတွေက အိမ်မှာပဲ နေပြီး အားပြန်ဖြည့်ရမှာ... အပြင်ကို ထွက်မလာကြပါနဲ့... အိုကေရဲ့လား...
အားယောင်က ဒေါသနှင့် မတရားခံရမှုတို့ဖြင့် သူမ၏ ရင်ဘတ် တင်းကြပ်သွားသည်ကို ခံစားလိုက်ရပြီး ရေပန်းကို ဖွ့င်လိုက်သည်မှ လွဲ၍ ပိုကောင်းသော အခြားနည်းကို မစဥ်းစားနိုင်တော့ပေ။ ရေအေးများက ရေပန်းခေါင်းမှ ပက်ဖြန်းလာပြီး ရှောင်ရှီကို ထိတ်လန့်သွားစေကာ အလန့်တကြား အော်ဟစ်လာတော့သည်။
"ဘာတွေ ဖြစ်နေတာလဲ"
ရှောင်ရှီက ရေပန်းကို ပိတ်ရန် ကြံရွယ်လိုက်သော်လည်း သူမပိတ်လိုက်သည်နှင့် ရေပန်းခေါင်းမှ ရေများ ထပ်ပြီး ကျလာပြန်သည်။
“အား” ရှောင်ရှီက သေလောက်အောင် လန့်သွားပြီး ရေချိုးခန်းထဲမှ အော်ဟစ်ရင်း ပြေးထွက်လာသည်။ သူမက ပထမထပ်ကို တောက်လျှောက်ပြေးသွားကာ အိမ်ရှေ့တံခါးကို တန်းတန်းမတ်မတ် သွားလိုက်သည်။ သို့သော်လည်း သူမ မည်မျှပင် တံခါးလက်ကိုင်ဘုကို လှည့်ပါသော်လည်း တံခါးက ပွင့်မလာခဲ့ပေ။
“သောက်ကျိုးနဲ ဘာတွေ ဖြစ်နေတာလဲဟ" ရှောင်ရှီ၏ မျက်နှာက ချက်ချင်း ဖျော့သွားကာ သူမ၏ လက်နှစ်ဖက်ကို သုံးကာ တံခါး လက်ကိုင်ဘုကို ကိုင်ဆွဲလိုက်ပါသော်လည်း မည်သည့်တုံ့ပြန်ချက်မှ မရှိနေပေ။
ထိုစဥ် ဧည့်ခန်းထဲမှ "ဝူး"ဟူသော အသံကို ကြားလိုက်ရပြီး တီဗီက အဖြူရောင် ဖြတ်ပြေးသွားကာ ချက်ချင်း ပြန်ပိတ်သွားသည်။ ထိုရုတ်တရက် ပေါ်လာသော ဆူညံသံက ရှောင်ရှီကို အတော်လေး ကြောက်လန့်သွားစေပြီး သူမခြေထောက်များ တုန်ယင်လာကာ ကြမ်းပြင်ပေါ်သို့ တည့်တည့် ကျသွားတော့သည်။
ထိုအခိုက်မှာပင် မီးအိမ်ခေါင်းက ရုတ်တရက် ပွင့်လာပြီး တဖျတ်ဖျတ် လက်နေကာ မီးလုံးထဲမှ လျှပ်စစ်ပတ်လမ်း၏ တဂျစ်ဂျစ် မြည်သံကို ကျယ်လောင်စွာ ကြားနေရသည်။ ပြတင်းပေါက်များသည်လည်း တကျွီကျွီမြည်လျက် အော်ဟစ်နေကာ ပွင့်လိုက် ဖွင့်လိုက် ဖြစ်နေလေသည်။
“အား" ရှောင်ရှီက ခေါင်းကို ကိုင်၍ အော်ဟစ်နေပြီး ကြမ်းပေါ်မှ ခက်ခက်ခဲခဲ ထရပ်ကာ တံခါးလက်ကိုင်ကို ထပ်ဖွင့်ပြန်သည်။ သို့သော်လည်း သူမ တံခါးကို ဖွင့်ရန် ကြိုးစားနေချိန်၌ ကွန်ပျူတာ ပွင့်လာသည့်အသံ ထွက်ပေါ်လာပြီး "တောက်တောက်"ဟူသည့် ကီးဘုတ် ရိုက်သံက တိတ်ဆိတ်နေသည့် ဧည့်ခန်းတလျှောက် မြည်ဟီးသွားလေသည်။
“ငါ ဆိုးဆိုးဝါးဝါး သေချင်တယ် …”
ထို သွေးရောင် စာလုံး ခြောက်လုံးက ကွန်ပျူတာ မျက်နှာပြင်တွင် တစ်လုံးပြီး တစ်လုံး ပေါ်လာပြီး ရှောင်ရှီ၏ မျက်လုံးများ ရုတ်တရက် ကျယ်သွားကာ သူမ၏ ပါးစပ်လည်း ပွင့်လာသော်လည်း ဘာအသံမှ ထွက်မလာပေ။
ခြေရာတစ်ခုက ကြမ်းပြင်ပေါ်တွင် ရေငွေ့များထင်လျက် ရုတ်တရက် ပေါ်လာခဲ့သည်။ စက္ကန့်အလိုက် ခြေရာသုံးခုက ကွန်ပျူတာမှ တံခါးဘက်ဆီ နယ်ချဲ့လာပြီး ရှောင်ရှီထံသို့ လျှောက်လာဟန် ပေါ်နေလေသည်။
“အား ——” ရှောင်ရှီက အဆုံးတွင် အော်ငိုသံ ထွက်လာပြီး နှဖူးပေါ်တွင် ချွေးများ စို့နေကာ မျက်နှာမှာလည်း စက္ကူတစ်ရွက်လို ဖြူစုတ်နေလေသည်။
ခြေရာများက သူမရှေ့တွင် ရပ်တန့်လိုက်သည်ကို ကြည့်ကာ ရှောင်ရှီ၏ နောက်ကျောမှာ ချွေးများ စို့လာနေသည်။
အဲ့ဒီဟာကြီး သူမရှေ့ ရောက်နေပြီ...
တစ်
ရေအေးစက်များက ရှောင်ရှီ၏ မျက်နှာဘေးမှ ကျဆင်းလာပြီး သူမလည်ပင်းမှ တဖြည်းဖြည်း လျှောဆင်းလာကာ ကော်လာထဲသို့ စီးဝင်သွားလေသည်။
“ကယ်ကြပါ ကယ်ကြပါ... အား” ရှောင်ရှီက ထိတ်ထိတ်ပျာပျာဖြင့် ကြမ်းပြင်မှ လူးလဲထကာ တံခါးဘုကို ပြင်းပြင်းထန်ထန် လှည့်ဖွင့်လိုက်သည်။ ကဒ်ကို ဖြတ်ပြီးနောက် အသိပေးချက် တစ်စုံတစ်ရာပင် မရှိသော တံခါးက အဆုံးတွင် ပွင့်လာတော့သည်။ ရှောင်ရှီက အပြင်သို့ တန်းထွက်သွားပြီး မြေပြင်ပေါ်သို့ ထိတ်ထိတ်လန့်လန့် လဲကျသွားလေသည်။
သူမ၏ ခန္ဓါကိုယ် တစ်ခုလုံးမှ နာကျင်မှုကို ကြံ့ကြံ့ခံကာ ရှောင်ရှီက ရုန်းရင်းကန်ရင်း ထရပ်လိုက်သည်။ ထို့နောက် သူမက မြန်နိုင်သမျှ မြန်မြန် ပြေးထွက်သွားပြီး "ကယ်ကြပါ"ဟု အော်ဟစ်လိုက်လေသည်။
အားယောင်က တဖြည်းဖြည်း ဝေးဝေးသွားသော ရှောင်ရှီ၏ နောက်ကျောနှင့် သူမ ပြေးရင်း လွှားရင်း အော်ဟစ်နေသည့်ပုံကို ကြည့်နေခဲ့သည်။ သူမက စိတ်ကျန်းမာရေး ဆေးရုံကို ပို့ရလောက်တဲ့အထိ ရူးသွားတဲ့ ပုံတော့ပေါ်ပါတယ်နော်...
အိုး... ငါနင့်ကို ဒီလောက်ထိပဲ ကူညီနိုင်တော့မယ်... စိတ်ရှုပ်စရာ ကောင်းတဲ့ကောင်မ...
အားယောင်က သူမလုပ်ထားသော အရှုပ်များကို ခပ်မြန်မြန် ရှင်း၍ ပုန်းရှိုးကွယ်ရှိုး တပ်ထားသော အသံဖမ်းစက်များနှင့် ကင်မရာများကို ဆွဲလိုက်သည့်အချိန်ကိုက်မှာပင် မော့ကျန်း ပြန်ရောက်လာသည်ကို တွေ့လိုက်ရသည်။
“ရှင့်ရဲ့ လက်ထောက်က မျက်နှာ နှစ်ဖက်ရှိတဲ့သူပဲ... သူက တိတ်တိတ်လေး ရှင့် အိပ်ခန်းထဲမှာ ချောင်းရိုက်ကင်မရာနဲ့ အသံဖမ်း ကိရိယာတွေ လာတပ်ထားတာ... သူကလေ ရှင့် အိပ်ရာခင်းကို ပွေ့ပြီး အိပ်ရာပေါ်တောင် လူးလှိမ့်လိုက်သေးတယ်"
မော့ကျန်းက ထိုအကြောင်းကို ကြားသည်နှင့် မျက်ခုံးပင့်လိုက်သည်။ "ဘာတွေပြောနေတာလဲ"
“ကျွန်မပြောတာ ရှောင်ရှီက မျက်နှာ နှစ်ဖက်နဲ့ မိန်းမလို့..." အားယောင်က သူမလက်ကို ယမ်းပြလိုက်သဖြင့် ကင်မရာနှင့် အသံဖမ်း ကိရိယာများအားလုံး ဝဲပျံလာလေသည်။
"တွေ့လား... သူ ပြစ်မှု ကျူးလွန်ထားတဲ့ သက်သေတွေ"
မော့ကျန်းက လေထဲတွင် ပေါလောပေါ်နေသည့် အရာများကို တွေ့သောအခါ တစ်ခုကို လက်ထဲတွင် ထည့်လိုက်သည်။ သူ့ဆဲလ်ဖုန်းကို ထုတ်ယူပြီး မော့ကျန်းက ဖုန်းကို တိုက်ရိုက် ခေါ်လိုက်ကာ စောင့်နေလိုက်လေသည်။ ဖုန်းက နှစ်ကြိမ်မျှသာ မြည်ပြီးနောက် ချက်ချင်း ချိတ်ဆက်မိသွားသည်။
"ဘယ်လိုလဲ ဧကရာဇ်မော့... မင်း အစားအသောက်တွေကို ရှောင်ရှီ ဂရုတစိုက် လာပေးပြီးပြီမလား"
ထန်ချန်း ပါးစပ်မှ ရှောင်ရှီ၏ အမည်ကို ကြားသည်နှင့် မော့ကျန်း မျက်မှောင်ကြုတ်မိသွားသည်။
"ရှောင်ရှီက ငါ့အိပ်ခန်းထဲ အသံဖမ်းစက်တွေ ကင်မရာတွေ လာတပ်သွားတယ်"
“ဘာ" ဖုန်း၏ အခြားတစ်ဖက်မှလူမှာ အံ့သြတကြီး ပြောလာသည်။ ထန်ချန်း သတိထားပြီး မေးလိုက်သည်။ "မင်း ဘယ်လို ရှာတွေ့တာလဲ"
"ငါ ဘယ်လို ရှာတွေ့တွေ့ မင်းအလုပ်မဟုတ်ဘူး... အဓိကက ငါရှာတွေ့တယ်ဆိုတဲ့ အကြောင်းပဲ"
မော့ကျန်း၏ အသံက အလွန်အမင်း မပျော်မရွှင် ဖြစ်နေပုံပင်။
"ဒါကို ဘယ်လိုဖြေရှင်းမယ် စိတ်ကူးလဲ"
ထန်ချန်းက တစ်ခဏမျှ မျက်မှောင်ကြုတ်လိုက်ပြီးနောက် မေးလိုက်သည်။
"သူ ဘာတစ်ခုမှ ယူမသွားဘူးမလား"
မော့ကျန်းက ပြန်ဖြေသည်။ "ဘာမှ ယူသွားပုံမရဘူး"
“ကောင်းတယ်" ထန်ချန်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။ "ငါ ဒါကို ဖြေရှင်းလိုက်မယ်... အခု ရှောင်ရှီ ဘယ်မှာလဲ"
မော့ကျန်းက အားယောင်ကို ကြည့်လိုက်သည်။
အားယောင်က အပြစ်ကင်းစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ "ကျွန်မ မတော်တဆ သူ့ကို ခြောက်ထုတ်မိသွားတယ်"
မော့ကျန်းက အသက်ရှုထုတ်လိုက်ပြီး ဖြေလိုက်သည်။ "မသိဘူး"
“ကောင်းပြီ... ငါဒါကို ဖြေရှင်းလိုက်မယ်... နောက်ထပ် စိတ်မပူနဲ့တော့"
“အမ်း” မော့ကျန်းက ဖြေပြီးသည်နှင့် ဖုန်းမြန်မြန် ချလိုက်သည်။
မော့ကျန်းက ကော်ဇောမှ ရေချိုးခန်းအထိ အခန်းကို ထပ်ရှာလိုက်ပြီး မည်သည့်အရာမှ ဝှက်မထားဟု ဆုံးဖြတ်ချက်ချပြီးသည့်အခါမှသာ သူ့ဘေးမှာ ရပ်နေသော အားယောင်ကို မေးလိုက်သည်။ "သူဘာတွေ ထိသွားသေးလဲ"
အားယောင်က မော့ကျန်း၏ အိပ်ခန်းထဲမှ အဝတ်ဗီရိုကြီးကို ညွှန်ပြလိုက်သည်။ "ရှင့် အဝတ်အစားတွေ"
ကောင်းတယ်...
မော့ကျန်း၏ နှဖူးပေါ်မှ သွေးကြောများ ထောင်လာပြီး လျှောက်သွားကာ ဗီရိုကို ဖွင့်လိုက်သည်။
"ဘယ်ဟာလဲ"
“ဒီဟာ” အားယောင်က မော့ကျန်း မကြာခဏ ဝတ်အိပ်လေ့ရှိသည့် ညအိပ်ဝတ်စုံကို ထိုးပြလိုက်သည်။
မော့ကျန်းက ထိုညအိပ်ဝတ်စုံကို ဆွဲချကာ ရွံရှာစွာဖြင့် အမှိုက်ပုံးထဲသို့ ပစ်ထည့်လိုက်သည်။
အားယောင်က မော့ကျန်း၏ အပြုအမူကို ကြည့်ကာ ကြင်နာစွာ သတိပေးလိုက်သည်။ "သူရှင့်အိပ်ရာပေါ်လည်း အိပ်သွားသေးတယ်"
မော့ကျန်း၏ စိတ်ညစ်ညူးနေမှုက နှစ်ဆဖြစ်သွားကာ ဒေါသတကြီး ပြောလိုက်သည်။ "ငါ ဒီအိပ်ရာကိုလည်း မလိုချင်တော့ဘူး"
ထို စီးပွားရေးအရ ဆုံးရှုံးမှုများအားလုံးကို ထန်းချန်း၏ ခေါင်းပေါ်တွင်သာ ပုံထားလိုက်တော့မည်။
မော့ကျန်းကို နားထောင်နေသော အားယောင်က အံ့အားသင့်စွာဖြင့် မျက်လုံးများ ပြူးကျယ်လာသည်။ "ဒါဆို ရှင် ဘယ်မှာ အိပ်မှာလဲ"
“အခန်းထဲမှာပေါ့...” မော့ကျန်း၏ မာစတာ အိပ်ခန်းဘေးတွင် လွတ်နေသော ဧည့်သည်ခန်း တစ်ခန်း ရှိနေသေးသည်။ ၎င်းကို ဤကဲ့သို့သော အချိန်မျိုးတွင် အသုံးပြုရမည်ဟု တစ်ခါမှ ထင်မထားခဲ့ပေ။
မော့ကျန်းက အိပ်ရာအသစ် မရောက်လာခင်အထိ ထိုအခန်းတွင်သာ နေရန် ဆုံးဖြတ်လိုက်သည်။
မော့ကျန်းက ညဆယ်နာရီအထိ ဤကဲ့သို့ အလုပ်ရှုပ်နေခဲ့ရသည်။ သူ့အစာအိမ်က ရုတ်တရက် ထိုးအောင့်လာပြီး ညစာမစားရသေးဘဲ အစာအိမ်ထဲတွင် လေ အတော်လေးများနေသည်ကို သတိပေးလာခဲ့သည်။ သူ သူ့အစာအိမ်မှ နာကျင်မှုကို ခံစားနေရလေသည်။
မော့ကျန်း၏ မျက်နှာ ရုတ်တရက် ဖြူဖျော့လာသည်ကို ကြည့်၍ အားယောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားလေသည်။ "ရှင် အဆင်ပြေရဲ့လား"
မော့ကျန်းက မျက်မှောင်ကြုတ်လိုက်သော်လည်း ပြန်မဖြေလာခဲ့ဘဲ လှေကား လက်ရန်းကို မှီကာ ဒုတိယထပ်မှ ဆင်းသွားသည်။ သူက ရေနွေးတစ်ခွက်ကို ငှဲ့ကာ ဆိုဖာပေါ်တွင် ထိုင်လိုက်ရင်း အကြိမ်အနည်းငယ်မျှ အသက်ပြင်းပြင်း ရှူနေခဲ့သော်လည်း အစာအိမ်က သက်သာမလာခဲ့ပေ။
“ရှင် ဘာဖြစ်တာလဲ... အစာအိမ်နာနေတာလား"
“မလှုပ်နဲ့... မင်းတလှုပ်လှုပ် ဖြစ်နေတာ ခေါင်းမူးတယ်"
အားယောင်က နာနာခံခံပင် ရပ်လိုက်ပြီး မော့ကျန်းကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်သည်။
“တီဗီစင်ရဲ့ ဘယ်ဘက် ဒုတိယ အံဆွဲထဲမှာ ဆေးရှိတယ်... ငါ့ကို ကူပြီး ယူပေးပါအုံး" မော့ကျန်းက ဆိုဖာပေါ်တွင် မှီကာ သူ့နဖူးပေါ်တွင် ချွေးအလွှာ ပါးပါးလေးတစ်ခု ထွက်ပေါ်နေခဲ့လေသည်။
“အာ" အားယောင်က တီဗီစင်ဘက်လှည့်ကာ ဆေးရှာလိုက်ပြီး မော့ကျန်းရှေ့သို့ စိုးရိမ်တကြီး မျောလွင့်လာခဲ့ကာ သူ့ကို ရေနွေးတစ်ခွက် ကမ်းပေးလာသည်၊ "မြန်မြန်ဆေးသောက်လိုက်”
မော့ကျန်း၏ ဘယ်လက်က အစာအိမ်ကို ဖိထားပြီး ဆိုဖာပေါ်မှ ထရပ်ကာ ဆေးလုံးအချို့ကို ထုတ်ယူ၍ ဆေးလုံးများကို အရွယ်အစားလိုက်စီကာ မျိုချလိုက်သည်။
အားယောင်: “… …”
Obsessive-compulsive disorder ကတော့ တကယ့် ရောဂါပဲနော်... အစာအိမ်နာထက်တောင် အရေးကြီးနေသေးတယ်...
မော့ကျန်းက ဆေးသောက်ပြီးနောက် ဆိုဖာပေါ်တွင် လှဲချလိုက်သည်။ အားယောင်က မျက်ခုံးတွန့်လျက် သူ့ကို ကြည့်နေခဲ့ပြီး ညစာ လုပ်ရန်အတွက် မီးဖိုချောင် အတွင်းသို့ မျောလွင့်သွားလေသည်။
သူ့မှာ အစာအိမ်နာ ရှိနေသည့်အတွက် သူမက အစာကြေလွယ်စေမည့် အစားအစာမျိုး လုပ်သင့်ပေသည်။ အားယောင်က ရေခဲသေတ္တာကို ဖွ့င်ကာ ပါဝင်ပစ္စည်း အားလုံးကို ကြည့်လိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။ သူမ ယာဂုကြိုလိုက်မည်။
ကံကောင်းစွာဖြင့် ထန်ချန်းက မော့ကျန်း၏ အိမ်သို့ ဆန်ပို့ပေးရန် ပုံမှန် လာတတ်သည်။ အားယောင်က ဆန်အိတ်များ ထားသည့်နေရာကို မြန်မြန် ရှာတွေ့သွားခဲ့ပြီး ရေစတည်လိုက်သည်။
မီးဖိုချောင်ထဲမှ အိုးခွက်များ ဂလုံဂလွမ် မြည်နေသံကို နားထောင်ရင်းဖြင့် မော့ကျန်းက သူ့မျက်လုံးများကို ခပ်ဖြည်းဖြည်း ဖွင့်လိုက်သည်။ ထို့နောက် မီးဖိုချောင်ထဲမှ ဒယ်အိုး ဒယ်ပြားများ ကိုယ်တိုင် ဝဲပျံနေကြသည်ကို ကြည့်ရင်းဖြင့် တိတ်တဆိတ် မျက်လုံးပြန်မှိတ်ထားလိုက်တော့သည်။
အားယောင်က မီးဖိုချောင်ထဲတွင် နာရီဝက်မျှ အလုပ်ရှုပ် နေခဲ့ပြီး အဆုံးတွင် မော့ကျန်းအတွက် ယာဂုတစ်ခွက် ရလာခဲ့လေသည်။
ယာဂုတစ်ပန်းကန်ကို ဧည့်ခန်းထဲသို့ ဂရုတစိုက် သယ်ကာ အားယောင်က မော့ကျန်း၏ နားအတွင်းသို့ ကပ်ပြောလိုက်သည်။ "မော့ကျန်း ထပြီးလာစားတော့"
မော့ကျန်း၏ မျက်တောင်များက ခပ်လှုပ်လှုပ် ဖြစ်နေပြီး အဆုံးတွင် မျက်လုံး ပွင့်လာကာ သူ့ရှေ့မှ မျက်နှာကို စိုက်ကြည့်လိုက်သည်။ "အရမ်း ကပ်နေပြီ"
အားယောင်က ငိုမဲ့မဲ့ လုပ်ကာ နောက်ပြန် ဆုတ်လိုက်သည်။ "ပူနေတုန်း စားလိုက်... မဟုတ်ရင် အစာအိမ် ပြန်နာ လာလိမ့်မယ်"
အစာအိမ်ဆေး သောက်လိုက်ပြီ ဖြစ်၍ အစာအိမ်နာလည်း အတော်လေး သက်သာသွားပြီ ဖြစ်သည်။ မော့ကျန်းက ဆိုဖာမှ ခပ်ဖြည်းဖြည်း ထထိုင်ကာ သူ့ရှေ့တွင် ပေါလောပေါ်နေသော ယာဂု ပူပူလေး တစ်ပန်ကန်အား စိုက်ကြည့်နေခဲ့သည်။
“အမ် … …” အားယောင်က နောက်ကို တစ်လှမ်းမျှ ပြန်လွင့်သွားပြီး အခန်းကို ဝေ့ဝဲ ကြည့်လိုက်သည်။ "ဒီယာဂုကို ကြည့်ရတာ ပုံမှန်ပဲ ဆိုပြီး အထင်မသေးလိုက်နဲ့... တကယ် အရသာ ရှိတာနော်"
မော့ကျန်းက သူ့မျက်လုံးများကို ပျင်းတိပျင်းရွဲ ပင့်ကာ အားယောင်ကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ တီးတိုး ရယ်မောလိုက်သည်။
"မင်းက ကျွမ်းကျင် စာဖိုမှူးကြီး မို့လို့လား"
“မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်မက အိမ်ထောင်စုထဲက ခေါင်းဆောင်ငယ်လေးလေ" အားယောင်၏ အာဏာရှိဟန်ပါသော အသံအနေအထားအရ သူမက အမှန်တကယ်ပင် အိမ်ထောင်စု၏ ခေါင်းဆောင်ငယ်လေး ဖြစ်ခဲ့ပုံပင်။
(အဓိပ္ပါယ်က သူမက ငယ်သေးပေမယ့်လည်း မိသားစုထဲမှာ ပြောရေးဆိုခွင့် ရှိတဲ့သူဆိုတဲ့ ပုံစံမျိုးပါ)
Xxxx