Chapter 11
အကွာအဝေး
မော့ကျန်းက ခပ်တိုးတိုး ရယ်ကာ ကိုယ်ကို ကိုင်းလိုက်ပြီး စားရန်အတွက် ဇွန်းကို ကိုင်လိုက်သည်။အားယောင်က မော့ကျန်း၏ မျက်နှာ အမူအယာကို ဂရုတစိုက် ကြည့်ကာ အဆုံးတွင် စိတ်အားထက်သန်စွာ မေးလိုက်သည်။ "အရသာ ဘယ်လိုလဲ"
“မဆိုးပါဘူး"
မော့ကျန်းက ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။ အနည်းဆုံးတော့ ဒီသရဲမ ကုသိုလ် ရသွားတာပေါ့... မော့ကျန်း၏ ချီးကျူးသံကို ကြားလိုက်ရသောအခါ အားယောင်က ဧည့်ခန်းထဲတွင် နှစ်ကြိမ်မျှ ပျော်ပျော်ရွှင်ရွှင် ဝဲပျံနေခဲ့သည်။
“ဒီနေ့ ရှောင်ရှီကို ဘယ်လို ခြောက်လွှတ်လိုက်တာလဲ" မော့ကျန်းက ယာဂုကို ဆက်စားနေပြီး အားယောင်ကို မော့ကာ ကြည့်လိုက်သည်။
“အာ... အဲ့ဒါက... အာ" ယခုတွင်မူ ထိုအကြောင်းကို ပြောရာ၌ အားယောင် အလွန် စိတ်လှုပ်ရှားလာခဲ့သည်။ "အဲ့ဒါလေ" တီဗီ screen ပွင့်လာပြီး ဧည့်ခန်း အလင်းရောင်ကလည်း စတင် မှိတ်တုပ် မှိတ်တုပ် ဖြစ်လာသည်။
မော့ကျန်း၏ နှုတ်ခမ်း တွန့်ကွေးလာသည်။ "တော်လောက်ပြီ... ကျေးဇူးပါပဲ"
“အိုး" အားယောင်က စိတ်ပျက်လက်ပျက် ဖြစ်သွားသည့် မျက်နှာပေးနှင့် ရပ်တန့်လိုက်သော်လည်း နှစ်စက္ကန့် မကြာခင်မှာပင် သူမက စိတ်ပြန် တက်ကြွ လာကာ စိတ်လှုပ်ရှားစွာဖြင့် မော့ကျန်ကို အံ့သြတကြီး ပြောလာခဲ့သည်။
"ရှင် သူလန့်သွားတဲ့ ပုံကို မြင်လိုက်ရမှာ... "သရဲ" လို့ အော်ပြီး ပြေးသွားတာ သူ့နောက်က တစ်ခုခု လိုက်နေတဲ့ အတိုင်းပဲ... ဟား ဟား ဟား"
မော့ကျန်းက အားယောင်၏ မျက်နှာထက်မှ ဝံ့ကြွားနေသော အမူအယာကို ကြည့်ကာ သူ ယာဂုကို ဆက်စားရန် ခေါင်းငုံ့လိုက်သည့်အချိန်၌ သူ့နှုတ်ခမ်းထောင့်လေးများက မသိလိုက်မသိဘာသာဖြင့် ကွေးတက်သွားသည်။
မော့ကျန်း ယာဂု စားပြီးသွားသည်နှင့် မူလတွင် အားယောင်ကို ပန်းကန်များ ဆေးစေချင်ခဲ့သည်။ အဆုံးတွင် သူမက သူ့ကို အလကား ကပ်စားနေသည်သာ ဖြစ်ပြီး လူများက သူတို့၏ နေထိုင်စားရိတ်ကို ပေးသင့်သည်ပင်။
သူ့ခေါင်းကို မော့၍ အားယောင်ကို ကြည့်လိုက်သည်နှင့် သူ့မျက်ခုံးများ စုကြုံ့သွားသည်။ "ဘာဖြစ်နေတာလဲ"”
“ဪ … …” အားယောင်က သူမ၏ ခန္ဓါကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ၎င်းက လုံးဝ ပျောက်ကွယ်လုနီးပါး ထွင်းဖောက်မြင်နေရလေသည်။
"ကိစ္စမရှိဘူး... နည်းနည်း ပင်ပန်းနေလို့" ယနေ့တွင် ရှောင်ရှီကိုလည်း လိုက်ခြောက်လိုက်ရပြီး မော့ကျန်းအတွက်လည်း ယာဂု လုပ်ပေးလိုက်ရသဖြင့် အတော်လေး အားကုန်သွားခဲ့သည်။ သူမ ဤအခြေအနေ၌ မတ်မတ်ပင် မရပ်နိုင်တော့။
“ခဏနားလိုက်ရင် အဆင်ပြေသွားမှာ" အားယောင်က ဆိုဖာ၏ဘေးဘက်ကို ပျံဝဲသွားပြီး ဘောလုံးလေးကဲ့သို့ ကွေးကွေးလေး လှဲအိပ်လိုက်သည်။
မော့ကျန်းက တစ်ခဏမျှ ကြည့်လိုက်ပြီးနောက် သူမက အိပ်မောကျသွားသကဲ့သို့ မျက်လုံးများ ပိတ်ထားသည်ကို တွေ့သောအခါ ဆိုဖာပေါ်မှ ညင်ညင်သာသာ ထရပ်လိုက်ပြီး ပန်းကန်လုံးကို မီးဖိုချောင်ထဲသို့ သယ်သွားလိုက်သည်။
ဒီ ဒယ်အိုးတွေ ဒယ်ပြားတွေကိုတော့ မနက်ဖြန်မှပဲ ထန်ချန်းကို ခေါ်ပြီး သန့်ရှင်းရေး လုပ်ခိုင်းလိုက်တော့ပါမယ်လေ...
#ထန်ချန်း ရယ်စားခံရဖို့ နေ့တိုင်းထကြပါ#
(ဒါက ပြက်လုံး တစ်ခုဖြစ်ပါတယ်... အကြောင်းကတော့ ရယ်စားတယ်ဆိုတဲ့ pinyinကလည်း ထန်ချန်းနဲ့ အတူတူပါပဲ)
မော့ကျန်းက ရေချိုးလိုက်သည်။ သူ့အစာအိမ်ထဲမှ နာကျင်မှုကလည်း ယခုတွင် လုံးဝ လွင့်ပါးသွားခဲ့လေပြီ။ မော့ကျန်းက ညအိပ်ဝတ်စုံ အသစ်ကို လဲ၍ ပထမထပ်သို့ ပြန်ဆင်းလာခဲ့သည်။ အားယောင်က ဆိုဖာထောင့်တွင် ကွေးကွေးလေး အိပ်နေဆဲဖြစ်ပြီး အိပ်မောကျနေဟန် မျက်လုံးများကို စေ့ပိတ်ထားသည်။
ငွေမှင်ရောင် လအလင်းရောင်က ပြတင်းပေါက်မှ တဆင့် ဖြာကျနေပြီး အိပ်နေသော အားယောင်၏ ခေါင်းလေးပေါ်သို့ ငွေရောင် အလင်းများ မီးမောင်းထိုးပြနေသလိုပင်။ သူမ၏ ထူထဲလှသော မျက်တောင်များမှာ အလင်းရောင်ကြောင့် ငွေရောင် တောက်နေပြီး ဆံပင်ရှည်လေးများက ပုခုံးပေါ်မှ တဆင့် လျှောကျနေကာ ဖြူဖြူဖျော့ဖျော့ လက်မောင်းလေးများနှင့် ယှဥ်လိုက်ပါက ထင်းလင်းလျက် ရှိနေပြီး ခါးတဝိုက်သို့ ဝဲကျနေသည်။
ထိုမြင်ကွင်းက မော့ကျန်းကို အိပ်ပျော်နေသော အလှလေး နတ်သမီး ပုံပြင်ကို သတိရမိသွားစေသည်။ သူသာ မင်းသား တစ်ယောက် ဖြစ်နေပါက သူမကို နမ်းလိုက်သည်နှင့် အိပ်ပျော်နေသော မင်းသမီးလေးကို နှိုးနိုင်မည် ဖြစ်သည်။
မော့ကျန်းက နှုတ်ခမ်းကို ကိုက်ကာ သူ့နှလုံးသားတွင် ထင်ဟပ်လာသော ပုံရိပ်ကို ဆဲရေးလိုက်သည်။ သူမှာ ဒီလို ရယ်စရာကောင်းတဲ့ စိတ်ကူးတွေ ရှိနေသေးတယ်... သူက ဒီသရဲမကို နမ်းချင်သွားတယ်တဲ့...
ဒါက သရဲမက အရမ်းလှလွန်းလို့ သူ့ကို ဖြားယောင်းနိုင်သွားတာပဲ ဖြစ်ရမယ်... အလှအပကို သုံးပြီး သူ့ကို ရှုပ်ထွေးအောင်လုပ်တယ်... ဒါကြီးက အရမ်း ဆိုးဝါးချက်ပဲ...
မော့ကျန်းက ဒုတိယထပ်ကို ပြန်လှည့်လိုက်ပြီး တံခါးကို ခပ်ဖွဖွ ပိတ်လိုက်သည်။
ဧည့်ခန်းထဲတွင် အားယောင်က အိပ်ချင်မူးတူး အခြေအနေမှ နိုးထလာပြီး မျက်လုံးကို ခပ်ဖြည်းဖြည်း ဖွင့်ကြည့်လိုက်သည်။ သူမက ဒုတိယထပ်က်ု ကြည့်လိုက်ပြီး ဆိုဖာပေါ်မှ သမ်းဝေလျက် ထထိုင်လိုက်သည်။
ညအချိန်ဖြစ်၍ အလွန် တိတ်ဆိတ်နေပြီး အင်းဆက်ပိုးမွှားလေးများ၏ အသံကိုပင် မကြားရပေ။ သရဲမလေးက အချိန်အတော်ကြာ ပျံဝဲနေသော်လည်း ခြောက်ကပ်နေသော ညအချိန်၌ အားယောင်တစ်ယောက် အနည်းငယ် ပျင်းခြောက်ခြောက် ခံစားရသည်မှာ မလွဲဧကန်ပင်။
သူမက ဧည့်ခန်းတဝိုက် အကြိမ်အနည်းငယ်မျှ ဟိုဟိုသည်သည် ပျံဝဲနေခဲ့ပြီး အဆုံးတွင် ကွန်ပျူတာစားပွဲပေါ်၌ ရှိသော လပ်တော့ကို ဖွင့်လိုက်သည်။
နေ့လည်က ရှောင်ရှီ တင်ထားသော သစ်သီး ပူတင်း ဓါတ်ပုံကို စဥ်းစားမိ၍ အားယောင်က browserကို ဖွင့်ကာ ဝတ်ရုံရှည်ဖိုရမ်ကို တိုက်ရိုက် ဖွင့်ကြည့်လိုက်သည်။
သူမ ဟုမ်းပေ့ချ်သို့ ရောက်သောအခါ သူမ မသင်္ကာ ဖြစ်နေသည့်အတိုင်းပင် (မော့ကျန်းက သစ်သီးပူတင်းတွေ စားရတာ တကယ်ကြီး ကြိုက်တာပဲ... ဒီပုံတွေက သက်သေပြပေးလိမ့်မယ်)ဟူသော ပိုစ့်မှာ ပေချ့်၏ ရှေ့ဆုံးနေရာတွင် ရောက်နေခဲ့သည်။
သို့သော်လည်း ထိုပိုစ့်က ဟုမ်းပေချ့် ပေါ်မှာ ရှိနေပြီး သစ်သီးပူတင်းများသာ ပါသော ပုံက မည်သည်ကိုမှ မဖြေရှင်းပြနိုင်ပေ။ နောက်မှ ရောက်လာကြသည့် အခြားသော အဖွဲ့ဝင်များကလည်း ကီးဘုတ်ကို သုံးပြီး LSZB ဟုသာ စာရိုက်လာကြသဖြင့် ထိုပိုစ့်က အနက်ဆုံးထိ နစ်မြုပ်သွားလေသည်။
(LSက ပိုစ့်တင်သူလို့ အဓိပ္ပါယ်ရပြီး ZBကတော့ ငတုံးပါ... သူတို့က ပိုစ့်တင်တဲ့သူကို ဆဲနေကြတာပါပဲ)
သို့သော်လည်း ယခုတွင် ဖိုရမ်က အလုပ်ရှုပ်နေပေသည်။ နောက်မှ ပြန်စာတစ်ခု ထပ်တင်လာခဲ့သည့် ဓါတ်ပုံတင်ထားသော ပိုစ့်ပိုင်ရှင်ကို ကျေးဇူးတင်ရမည်ပင်။
“(မော့ကျန်းရဲ့ အိမ်မှာ သရဲ ရှိနေတယ်... အားးးးးးးးး)
အားယောင်၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဒီမြွေလိုဟာမက ဒါကို အွန်လိုင်းပေါ်တက်ပြီး ပြောရဲသေးတယ်... ဆယ့်ငါးမိနစ်လောက်လေး ကျော်ကြားရတာက မလုံလောက်မှာ မကြောက်ဖူးလား...
ဖိုရမ်ကို ဆွဲချပြီးနောက် အားယောင်က ထို ပြန်စာကို စိုက်ကြည့်လိုက်သည်။
(ပိုစ့်ပိုင်ရှင်... မင်း ပြောတာ လုံလောက်ပြီ... အနည်းဆုံးတော့ ဆင်ခြင်တုံတရားလေး ရှိစမ်းပါ")
(“Aမြို့... ငါ ဘယ်သူလဲ မမေးနဲ့ ... ကျေးဇူး ပြုပြီး ငါ့ကို လိုင်ဖန်းလို့ ခေါ်ပါ./အိုး... ပိုစ့်ပိုင်ရှင်မှာ အမှန်တရားကို သက်သေပြဖို့ ဓါတ်ပုံ မရှိဘူးထင်တယ်... ကျေးဇူးပြုပြီး သက်သေပြဖို့ သရဲပုံတွေ တင်ပေးပါ")
“(ပိုစ့်ပိုင်ရှင်ရေ... အိမ်ထဲကို ခိုးဝင်တာက ဥပဒေနဲ့ မညီဘူးဆိုတာ သိရဲ့လား")
(“ သူငယ်ချင်းတွေ အားလုံးကို ခေါ်ပါတယ် #ဖိုရမ်ပေါ်က ပိုစ့်ပိုင်ရှင်ကို ကူညီပေးကြပါ#")
ထိုပိုစ့်ပိုင်ရှင်က ပိုစ့်တင်ပြီးနောက် ပုန်းအောင်းနေခဲ့သော်လည်း အခြားသော အဖွဲ့ဝင်များထံမှ လှောင်ပြောင်ခံနေရသည်က သူမကို ဒေါသထွက်သွားစေဟန်ပင်။ မတရား အရှက်ခွဲခံနေရသည်ကို လက်စားချေရန် အတွက် သူမက အမှန်တကယ်တွင် မော့ကျန်း၏ လက်ထောက်ဖြစ်ကြောင်း ပြန်လည်ပြောကြားလာပြီး စတူဒီယိုထဲတွင် အလုပ်လုပ်နေသည့် မော့ကျန်း၏ ကြည်လင်ပြတ်သားသော ဓါတ်ပုံအချို့ကိုပင် တင်ပေးလာခဲ့သည်။
ထို့ကြောင့်ပင် ထိုဖိုရမ်က စိတ်လှုပ်ရှားမှု လှိုင်းလုံးကြီး၏ အဆင့်အသစ် တစ်ခုသို့ ရောက်ရှိသွားလေသည်။ အဆုံးတွင် ပိုစ့်ပိုင်ရှင်က စတူဒီယိုကပုံများ တင်လာသည့်အတွက် သူမက မော့ကျန်း၏ လက်ထောက် မဟုတ်လျှင်တောင် အတွင်းပိုင်းလူများနှင့် အဆက်အသွယ် ရှိနေနိုင်သည်။
ဖိုရမ်က ယခုတွင် လုံးဝ မီးများတောက်လောင်နေပြီး မော့ကျန်း၏ ဖန်များနှင့် မော့ကျန်း၏ အနက်ရောင် ပေါင်ဒါမှုန့်များက မဆုံးနိုင်သော စကားလုံးစီးကြောင်းများဖြင့် ဖိုရမ်ပေါ်တွင် တိုက်ခိုက်ရင်း ချီတက်ရင်းဖြင့် စစ်ပွဲတစ်ခုကို စတင်ကြတော့သည်။
အားယောင်က ဖိုရမ်အတွင် ထိန်းမနိုင် သိမ်းမရဖြစ်နေသော စကားလုံး စစ်ပွဲများကို ကြည့်ကာ အချို့ကိစ္စများက ဤလမ်းကြောင်းပေါ် ရောက်လာသည့်အတွက် သူမက ပြန်စာများကို ထိန်းမထားသင့်တော့ဟု ဆုံးဖြတ်လိုက်သည်။
[ "သူက မျက်နှာနှစ်ဖက်နဲ့ နောက်ယောင်ခံလိုက်နေတဲ့သူပဲ... ဒီဓါတ်ပုံတွေအားလုံး တည့်တည့် ရိုက်ထားတာ မတွေ့ကြဘူးလား... ဒီမြွေမက တစ်အိမ်လုံး ကင်မရာတွေ အသံဖမ်းစက်တွေ တပ်ထားခဲ့တာ... မော့ကျန်းတောင် အဲ့ဒါတွေကို ရှာတွေ့သွားတယ်"]
ထိုပိုစ့်တင်လိုက်ချိန်၌ အားယောင် နောင်တနည်းနည်း ရမိပါ၏။ သူမက လျှို့ဝှက်ချက်ကြီး တစ်ခုကို မတော်တဆ ဖော်ထုတ်မိသွားပုံပင်။
သေချာပေါက်ပင် အဆောက်အအုံကြီးက ချက်ချင်း မီးထတောက်လာခဲ့သည်။
“အသံဖမ်းစက်တွေ.... ကင်မရာတွေတဲ့လား... ရဲဦးဦးတို့ရေ... ဒီလူကို ဖမ်းပါဗျို့"
“အိုမိုင်ဂေါ့... ဆာဒါကို ထပ်ပေါ်လာပြန်ပြီ... ဆာဒါကို သူက လက်ထောက်ဆိုတာ တကယ်ပဲလား"
“ပိုစ့်ပိုင်ရှင်နဲ့ ဆာဒါကိုဆိုတာ အားလုံး အတုတွေပဲ... ပြီးတော့ ခွဲခြားတာတွေ ပြီးပြီ"
“ငါကတော့ မော့ကျန်းရဲ့ နောက်ကို လိုက်နေတဲ့ အကြောင်းကိုပဲ ဂရုစိုက်တယ်... အဲ့မှာ ရှိနေသေးလား"
“ပိုစ့်ပိုင်ရှင် ငါတို့ကို မော့ကျန်းရဲ့ လိပ်စာ ပေးပါလား... ဒါဆို သူငယ်ချင်း အဖြစ် ဆက်ထားပေးမယ်လေ"
“စိတ်ရောဂါ လူနာတစ်ယောက်ကို ကူညီဖို့ အကောင်းဆုံး နည်းလမ်းက ဘာလဲသိလား... သူမ အတွက် 120ကို ခေါ်ပေးလိုက်ရုံပဲ..."
အားယောင်က ထွက်ပေါ်လာသော ပြန်စာ တစ်ခုပြီး တစ်ခုကို ကြည့်ကာ မော့ကျန်း ဘယ်တော့မှ ထိုဖိုရမ်သို့ ရောက်မလာရန်အတွက် စိတ်ရင်းနှင့် ဆုတောင်းလိုက်သည်။
ကွန်ပျူတာ ပိတ်ရင်းဖြင့် အားယောင်က ဒုတိယထပ်ကို ကျွမ်းကျွမ်းကျင်ကျင် ဝဲပျံသွားပြီး သူမ ညတိုင်း လုပ်နေသည့် တာဝန်ကို စတင်လုပ်ဆောင်သည်။ ၎င်းမှာ မော့ကျန်း အိပ်နေသည်ကို စောင့်ကြည့်ရန်ပင်။
အိပ်ရာနိုးလာသည်နှင့် မော့ကျန်း၏ အသွင်အပြင်က အမြဲတမ်း ကျော့ရှင်းပြီး ရည်မွန်ကာ အေးစက်နေသည့် အရောင်အဝါ အနည်းငယ်ရှိသည်။ အားယောင်နှင့် မျက်နှာချင်း ဆိုင်လိုက်မိသည့် အချိန်၌ အနည်းငယ် ကွဲပြားသွားပြီး ထိုအစား အချိန်မရွေး ထပေါက်တော့မည့် မီးတောင်တစ်ခုကဲ့သို့သော ပုံစံမျိုး ဖြစ်သွားလေသည်။ သို့သော်လည်း မော့ကျန်း အိပ်နေသည့်အချိန်၌ သူ့တစ်ကိုယ်လုံးက ဆန်းသစ်စ လခြမ်းလေးလို သိမ်မွေ့လှပြီး သူ့ဘေးတွင် အရှင်သခင် အရောင်အဝါများ ရှိမနေဘဲ ရန်လိုဟိန်းဟောက်နေခြင်းလည်း ကင်းစင်နေကာ ကလေးတစ်ယောက်လို ဖြစ်နေပြီး ဆယ်ကျော်သက် အရွယ်မှာပင် ရှိနေသကဲ့သို့ပင်။
အားယောင်က အိပ်ရာရှေ့တွင် ထိုင်ချကာ မော့ကျန်း၏ အိပ်ပျော်နေသောပုံလေးကို စိုက်ကြည့်နေရင်းဖြင့် သူမရှေ့မှ ထိုမော့ကျန်းမှာ မော့ကျန်း အစစ်သာ ဖြစ်သည်ဟု ခံစားနေရသည်။
ခပ်ဟဟ ဖွင့်ထားသော ပြတင်းပေါက်မှ လေနုအေးလေး တိုက်ခတ်နေပြီး အဖြူရောင်ခန်းစီးများမှာ အရှေ့မှ အနောက်သို့ ညင်ညင်သာသာ ယိမ်းခါနေကြသည်။ အဖြူရောင် ပိုးသားနှင့် မော့ကျန်း၏ အနက်ရောင် ဆံသားတို့မှာ နူးနူးညံ့ညံ့ လွှဲခါနေပြီး အားယောင်၏ ခန္ဓါကိုယ်နှင့် အဝတ်အစားများသာ မထိမခတ်ဘဲ ကျန်ရစ်ခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ရင်းဖြင့် အားယောင်က မနေနိုင်ဘဲ တွေးမိသွားသည်။ သူမကသာ ယခုလက်ရှိတွင် အသက်ရှိနေသေးပြီး မော့ကျန်းနှင့် တွေ့ဆုံရပါက မည်ကဲ့သို့သော ဇာတ်ကွက်တစ်ခု ဖြစ်လိမ့်မည်နည်းဟုပင်။
သူမ ပို၍ နီးလာလေလေ တစ်ယောက်နှင့် တစ်ယောက်ကြားက အကွာအဝေးကို ပို၍ ခံစားမိရလေလေပင်။
အိပ်နေသော ပုံစံလေးကို ကြည့်ကာ အားယောင် ပြုံးမိသွားသည်။ "ဂွတ်နိုက် အိမ်ရှင်ကြီး"
ညက အသံဖမ်းစက်များနှင့် ကင်မရာများကို ရှာဖွေရသည်က အတော်လေး အားသုံးခဲ့ရဟန် တူသည်။ သို့သော်လည်း ဤမနက်၌ ထန်ချန်း၏ ပုံမှန် ခေါ်ဆိုမှုကပင် မော့ကျန်းကို နိုးအောင် မလုပ်နိုင်ခဲ့။ အားယောင်က အိပ်ရာခင်းကို ဆွဲယူလိုက်မှသာ အိပ်ပျော်နေသော အလှလေးကို နိုးအောင် လုပ်နိုင်ခဲ့သည်။
အားယောင် သူ့ကို နှိုးလိုက်သည့် နည်းလမ်းက မော့ကျန်းကို မနက်စောစောအချိန်မှာပင် ဟိန်းဟောက်လာစေခဲ့ပြီး အားယောင်က နားများကို ပိတ်ကာ မော့ကျန်း အဝတ်ဗီရိုကို ဖွင့်၍ အဝတ်အစားများ မွှေနှောက် ရှာဖွေနေသည်ကို ကြည့်ပြီးနောက် အခန်းထဲမှ တဖြည်းဖြည်း မျောလွင့်သွားသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ရှောင်ရှီကြောင့် အားယောင်မှာ အလုပ်တာဝန်တစ်ခုမှ မလုပ်ရဘဲ အားလပ်နေသည်။ သို့သော်လည်း ယခုတွင် ထိုရှောင်ရှီကြောင့်ပင် သူမထွက်သွားသည်က အနည်းအများတော့ ကောင်းနေသေးပြီး မော့ကျန်းအတွက် မနက်စာ ပြင်ပေးရသည့်တာဝန်ကအားယောင် ပုခုံးပေါ် ကျလာသည်။
ပေါင်မုန့်ကင်စက်မှ "ဘန်း" ဟူသော အသံကို နားထောင်ရင်း အားယောင်က ပေါင်မုန့်ကင်ကို ပန်းကန်ပြားထဲသို့ ထည့်လိုက်သည်။
မော့ကျန်းက သူ့မျက်နှာပေါ်မှ စိတ်ရှုပ်နေသော အမူအယာဖြင့် စိတ်မပါလက်မပါ ထလာရပြီးနောက် အောက်ထပ်ကို သွားကာ သံပရိုတစ်လုံးလောက် သွားစားချင်ခဲ့သည်။ သို့သော် ရေခဲသေတ္တာကို ဖွင့်လိုက်ချိန်၌ တစ်ခဏမျှ အေးခဲသွားလေသည်။ "ဒါတွေ ဘယ်ချိန်ကတည်းက ရောက်နေတာလဲ"
သေချာပေါက် "ဒါတွေ" မှာ သူ လွန်ခဲ့သည့် နှစ်ရက်ခန့်က အွန်လိုင်းမှ ဝယ်ထားခဲ့သော ပစ္စည်းများကို ရည်ညွှန်းခြင်းပင်။
အားယောင်က ရေခဲသေတ္တာကို တစ်ချက်ကြည့်၍ ပြန်ဖြေသည်။ "မနေ့က ရှောင်ရှီ လာပို့ပေးတာ"
ရှောင်ရှီ၏ နာမည်ကို ကြားရခြင်းက မော့ကျန်းကို မျက်မှောင်ကြုတ်သွားစေသည်။ သူ မနေ့က ထန်ချန်းကို ဖုန်းခေါ်လိုက်ချိန်၌ ရှောင်ရှီ အစားအသောက်တွေ လာပို့ပေးကြောင်း ပြောခဲ့သေးဟန်ပင်။
လက်ချောင်းသွယ်သွယ်လေးများက ရေခဲသေတ္တာထဲမှ ပစ္စည်းများပေါ်တွင် တစ်ခုပြီးတစ်ခု ရွေ့လျားသွားပြီး နွားနို့တစ်ဘူးပေါ်တွင် ရပ်တန့်သွားသည်။ သူ နွားနို့ဘူးကို ဆွဲယူတော့မည့်အချိန်တွင် အားယောင်က အခန်းကို ဖြတ်၍ အော်ဟစ်လာခဲ့သည်။ "မရဘူး... ရှင်မနေ့ညက အစာအိမ်နာနေခဲ့တာလေ... ရေခဲသေတ္တာထဲက အအေးစာတွေ စားလို့ သောက်လို့ မရဘူး"
မော့ကျန်း ထိုစကားကို ကြားသောအခါ အားယောင်ကို ထူးထူးဆန်းဆန်း ကြည့်လာခဲ့သည်။ "မင်းမှာ ဘာရာထူးရှိလို့လဲ"
“အမ်... အိမ်ငှားလား”
“ဂွတ်ဘိုင်" မော့ကျန်းက နို့ဘူးကို ထုတ်ကာ ရေခဲသေတ္တာ တံခါးကို ပိတ်လိုက်သည်။
အားယောင်က မော့ကျန်း လှည့်ထွက်သွားသည်ကို တွေ့သောအခါ သဲကြီးမဲကြီး လိုက်ပြောသည်။
"ရှင် နားမထောင်ရင် အိမ်ထဲမှာ အရှုပ်တွေ လုပ်လိုက်မှာနော်"
မော့ကျန်း နှုတ်ခမ်း တွန့်ကွေးသွားသည်။ "ဒါဆိုရင် သရဲနှင်တဲ့သူကို ခေါ်ပြီး မင်းကို နှင်ထုတ်ခိုင်းလိုက်မှ ငါ့ကို အပြစ်မတင်နဲ့ပေါ့"
အားယောင်: “… …”
ဒါက သူမရဲ့ အာခိလိ ခြေဖဝါးပဲ... သူမရဲ့ တစ်ခုတည်းသော အားနည်းချက်...
(အာခိလိကသန်မာပေမဲ့ သူ့ ခြေဖ၀ါးကေတာ့သူ့ရဲ့အားနည်းချက်ဖြစ်နေတဲ့အကြောင်းပါ)
Xxx