အပိုင်း ၁၂
Viewers 10k

Chapter 12


သူမက သဘာဝလွန် သရဲမ ဖြစ်နေပါသော်လည်း ပြဿနာများ လုပ်တတ်သည့်နေရာ၌ ပါရမီပါသည်မှ လွဲ၍ အမှန်တကယ်တွင် လက်တွေ့ကျသော စကေးများ မရှိပါပေ။


မော့ကျန်းက အားယောင် ခေါင်းငုံ့ကာ ကြမ်းပြင်ကို စိတ်ဓါတ်ကျနေဟန် စိုက်ကြည့်နေသည်ကို ကြည့်လိုက်ပြီး နွားနို့က စားပွဲပေါ်တွင် အသင့်ဖြစ်နေကာ သူက ရေနွေးထည့်ရန် ခွက်တစ်ခွက်ကို ကောက်ကိုင်လိုက်သည်။ 


ပေါင်မုန့် နှစ်ချပ်မျှ စားပြီးချိန်မှာပင် သူ့ဖုန်း မြည်လာပြီး screenပေါ်၌ ထန်ချန်း၏ အမည် ပေါ်နေလေသည်။ မော့ကျန်း မျက်မှောင်ကြုတ်၍ ဖုန်းကိုင်လိုက်ပြီး တံခါး အပြင်ဘက်သို့ လျှောက်ထွက်သွားလိုက်သည်။


ထန်ချန်းက မော့ကျန်းကို ရှောင်ရှီရင်ဆိုင်ရမည့် အပြစ်အကြောင်း အသိပေးနေပြီး မော့ကျန်းနှင့်အတူ ကားဆီသို့  လမ်းလျှောက်သွားနေသည်။


ကုမ္ပဏီက ရှောင်ရှီကို နောက်ထပ် လက်ထောက်အလုပ် ထပ်မလုပ်နိုင်တော့ရန် ပြစ်ဒဏ်ခတ်လိုက်သော်လည်း သူ့အိပ်ရာပေါ်မှာ သူ့အိပ်ရာခင်းများကို ပွေ့ပိုက်ထားခဲ့သည့်အကြောင်း တွေးမိသည့်အချိန်တိုင်း သူ့ခန္ဓါကိုယ် တစ်လက်မတိုင်းစီမှ ကြက်သီးများ ထလာသည်ကို ခံစားမိနေသည်။


 "ထန်ချန်း ငါ့အိပ်ရာကို အသစ်လဲရမယ်... မြန်နိုင်သမျှ မြန်မြန် အသစ်တစ်ခု ရှာပေးထားအုံး"


ထန်ချန်းမှာ တစ်ခဏမျှ ကြက်သေသေသွားသော်လည်း အကြောင်းပြချက်ကို မမေးတော့ဘဲ သူ့တစ်စိတ်တစ်ပိုင်းကမှ အမှန်တကယ် မသိလိုခြင်းပင်။


ထန်ချန်းက ကွန်ပျူတာကို ဆွဲထုတ်ကာ လှည့်ပြလိုက်သည်။ အားယောင် အနီးကပ် ကြည့်လိုက်သည်နှင့် မျက်နှာပြင်ပေါ်တွင် ဝတ်ရုံရှည် ဖိုရမ်ကို ပြနေသည်ကို တွေ့လိုက်သဖြင့် အံ့အားသင့်သွားသည်။


မနေ့က သူမ ပြုထားခဲ့တဲ့ တောင်းဆုတွေကို မေ့ထားလိုက်တော့... သေချာတာပေါ့... ထန်ချန်းက ဖိုရမ်ကို စစ်ဆေးခဲ့တယ်လေ... သူမ တော်တော်လေး ဂရုမထားမိ ဖြစ်သွားခဲ့တာ...


ထိုအချိန်၌ အားယောင်မှာ သူမမျက်နှာပေါ်တွင် အလွန် ဝမ်းနည်းနေသော အမူအယာ ရှိနေပြီး သူမစိတ်ထဲတွင်မူ မော့ကျန်း၏ ဒေါသတကြီး အော်သံများ ခေါင်းထဲတွင် လှည့်ပတ်နေသည်အား ကြိုတင် ကြားနေရပြီဖြစ်သည်။


ထန်ချန်းက [မော့ကျန်းက သစ်သီးပူတင်းတွေ စားရတာ တကယ်ကြိုက်တာဟ... ဒီမှာ သက်သေပြဖို့ ဓါတ်ပုံတွေ]ဟူသော ပိုစ့်ကို ဆွဲချလိုက်သည်။


“တွေ့လား... ဒီပိုစ့်ပိုင်ရှင်က ရှောင်ရှီ ဖြစ်နေတယ်ဆိုတာကို ငါတို့ အတည်ပြုပြီးသွားပြီ... ပိုစ့်ကို ပြန်ဖျက်ဖို့ စီမံခန့်ခွဲသူတွေဆီကိုလည်း ပြောထားတယ်... မကြာခင် ပြီးပြတ်သွားမှာ... ပြီးတော့ ငါ မင်းရဲ့ မိုက်ခရိုဘလော့ကို သုံးပြီး ဖန်တွေကို ဖိုရမ်ထဲ ပေါက်ကြားလာတဲ့ သတင်းတွေက ကောလဟာလတွေဖြစ်ပြီးတော့ ဒီ့ထက် မပိုဘူးလို့လည်း ပြောပြီးသွားပြီ" 


“ဒါဆို ဘာပြဿနာ ရှိသေးလို့လဲ" မော့ကျန်းက ကွန်ပျူတာကို တစ်ချက်ကြည့်ပြီး သူ့သစ်သီးပူတင်းများ အကြောင်း ပိုစ့်ကို တွေ့လိုက်ရသောအခါ သိသိသာသာ မျက်မှောင်ကြုံ့မိသွားလေသည်။ 


“ပြဿနာက ဒါပဲ" မောက်စ်ကို ကိုင်ထားသော ထန်ချန်းက ဖိုရမ်ကို ဆွဲချလိုက်ကာ ပေချ့်တစ်ခု၌ ရပ်သွားသည်။ "14:36 pm တုန်းက ရှောင်ရှီက မင်းအိမ်မှာ သရဲ ရှိနေတယ်လို့ ပြောခဲ့တယ်"


မော့ကျန်း: “… …”


အားယောင်: “… …”


“ဒါတင် မကသေးဘူး... ဒီကို ကြည့်" ထန်ချန်းက မောက်စ်ကို ဆွဲချလိုက်ပြန်သည်။ "ညတုန်းက ဆာဒါကိုဆိုတဲ့ IDတစ်ခုက ဖိုရမ်ထဲမှာ ရှောင်ရှီက မင်းအိမ်မှာ ကင်မရာတွေ အသံဖမ်းစက်တွေ တပ်ထားတဲ့ အကြောင်း ပြောထားတယ်"



မော့ကျန်း၏ မျက်လုံးများက တဖြည်းဖြည်း ရွေ့လာပြီး အားယောင်ကို ကြည့်လိုက်သည်။ အားယောင်က တုန်ယင်သွားကာ ခြေတစ်လှမ်းဆုတ်၍ ပြုံးပြလိုက်ပြီး ကားထဲမှ ပျံပြေးသွားတော့သည်။ 


ကားထဲမှ အပူချိန်က အေးစက်နေသဖြင့် သူမ အပြင်ထွက်ပြီး နေရောင်ခြည်နွေးနွေးလေးကို ခံစားဖို့ လိုနေပြီ။


“ဒီဆာဒါကိုက ရှောင်ရှီရဲ့ ပြဿနာ မဖြစ်ခင် ကတည်းက ဖိုရမ်ထဲမှာ မင်းအကြောင်းတွေ ပိုစ့်တင်ထားခဲ့သေးတယ်" ထန်ချန်း၏ လက်များက ကွန်ပျူတာ ကီးဘုတ်ပေါ်တွင် စာလုံးအချို့ ရိုက်လိုက်ပြီး screenပေါ်၌ အားယောင်က သူ့အကြောင်း လျှို့ဝှက် အချက်အလက်များဖြင့် မော့ကျန်း၏ အသရေကို ဖျက်ရန် ကြိုးစားနေခဲ့သည့် ပေချ့်ကို ဖော်ပြနေလေသည်။


မော့ကျန်းက screenပေါ်မှ စကားလုံးများကို ကြည့်ကာ သူ့မျက်နှာက ပိုပို၍ နက်မှောင်လာလေသည်။ ထန်ချန်းက ကွန်ပျူတာ မျက်နှာပြင်ပေါ်ကို စိုက်ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်တွင် အတွေးများ ပြည့်နေသော ပုံစံ ပေါ်လွင်နေလေသည်။


 "အံ့အားအသင့်ရဆုံးကလေ သူတို့ပြောနေတာတွေက အကုန်လုံး မှန်နေခဲ့တာပဲ" 


မော့ကျန်း၏ နှဖူးပေါ်မှာ သွေးကြောများ ထောင်ထ၍လာပြီး သူ့နှုတ်ခမ်းများက လှောင်ပြောင်နေဟန် ပေါ်နေကာ လှည့်ပြီး ထန်ချန်းကို ကြည့်လိုက်သည်။


 " အိုး... ဒါဆို ငါက ရိုင်းစိုင်းပြီး စိတ်ကြီးဝင်နေပြီးတော့ အမြင်ကျဥ်းတဲ့ ရုပ်ချောတဲ့ ယောကျ်ားလို့ မင်းလည်း တွေးနေတာပေါ့"


ထန်ချန်း၏ မျက်လုံးများ ပြူးကျယ်သွားကာ မော့ကျန်းကို ပြာပြာသလဲ ပြုံးပြလိုက်ရသည်။ "ငါက ဘယ်လိုလုပ် အဲ့လို ပြောရမှာလဲ... ငါပြောချင်တာ မင်းအိပ်ခန်းထဲမှာ မင်းရဲ့ ပိုစတာကို ချိတ်ထားတဲ့ အကြောင်းနဲ့ သစ်သီး ပူတင်းစားရတာ ကြိုက်တဲ့အကြောင်းက မှန်တဲ့ အချက်ပဲလေ..."


မော့ကျန်းက စကားပြောမလာဘဲ ပြုံးနေသော ထန်ချန်းကိုသာ ဆက်ကြည့်နေသည်။


ထန်ချန်းက သူ့မျက်နှာကို ပွတ်ကာ မော့ကျန်းကို ပြောလိုက်သည်။ 


"မော့ကျန်း... ငါ့ကို မှန်မှန်ပြော... မင်းမှာ မိန်းကလေး တစ်ယောက် ရှိနေတာလား" 


သူ့မှာသာ ကောင်မလေး မရှိရင် အိပ်ခန်းထဲမှာ ပိုစတာ ချိတ်ထားတဲ့ အကြောင်းကို ဘယ်လိုသိမှာလဲ... ပြီးတော့... ထန်ချန်းက တစ်ယောက်ယောက်ကို ဆာဒါကိုရဲ့ IP လိပ်စာကို စစ်ဆေးခိုင်းပြီးသွားပြီ... ဒီပိုစ့်တွေ အားလုံးက တကယ်ကြီး မော့ကျန်းအိမ်က ကွန်ပျူတာကနေ တင်ထားတာ...


မော့ကျန်းက သူ့ခေါင်းကို ငုံ့လိုက်သော်လည်း စကားမပြောလာခဲ့ဘဲ ခဏကြာမှ ခေါင်းငြိမ့်ပြလာခဲ့သည်။


ထန်ချန်း၏ ပါးစပ်က မျဥ်းတစ်ကြောင်းလို ဖြောင့်တန်းသွားပြီး ပြောလာသည်။


 "မော့ကျန်း... မင်း အချစ်တွေ့သွားတာကို ငါမတားပါဘူး... ဒါပေမယ့်... မင်း ဂရုမစိုက်ရင် အင်တာတိန်းမန့်လောကထဲမှာ ပြဿနာတွေက လွယ်လွယ် ဖြစ်သွားနိုင်တယ်လေ" ထန်ချန်းက မော့ကျန်းနှင့် ထိုမိန်းကလေးသို့ မည်သည့်အခြေအနေထိ ဆက်သွားမည်ကို မသိပေ။ သို့သော်လည်း မော့ကျန်းက တစ်ဘဝစာလုံး၌ မိန်းကလေး တစ်ယောက်ကို အိမ်မခေါ်လာဖူးခဲ့ဘဲ ယခုတွင်မူ ထိုအကြောင်းက အွန်လိုင်းပေါ် ရောက်လာပြီး ၎င်းက မော့ကျန်း သူမကို အခြားသူများနှင့် မည်မျှပင် ကွဲပြားခြားနားစွာ ဆက်ဆံနေကြောင်း ပြသနေသည်။


“စိတ်ချပါ... ငါ သူနဲ့ ဖြေရှင်းလိုက်မယ်" မော့ကျန်းက ကြုံရာကျပန်း ဆွဲချနေပြီး တစ်ယောက်ယောက်က သူ့ကို ပလပ်စတစ် ဆာဂျရီ လုပ်ထားကြောင်း ဆဲရေးနေသည့် နေရာကို တွေ့သောအခါ သူ့နှုတ်ခမ်းက ပို၍ပင် တွန့်ကွေး၍လာသည်။


ပြီးတော့ မော့ကျန်းကြောင့် လုံးဝရှောခ့်ရပြီး တိတ်ဆိတ်နေရသော ထန်ချန်းမှာ ထိုအပြောင်းအလဲကို မတွေ့လိုက်ပေ။


မော့ကျန်း ဘာပြောလိုက်တာလဲ... သူ့မှာ တကယ်ကြီး မိန်းကလေး တစ်ယောက် ရှိနေပြီပေါ့... ပြီးရင် သူမနဲ့ ဖြေရှင်းမယ်... သူမနဲ့ ဖြေရှင်းမှာက အိပ်ရာပေါ်မှာတော့ မဟုတ်လောက်ပါဘူးနော်...


ထန်ချန်းက မည်သည်ကို တွေးရမည်မှန်း မသိတော့ပေ။ သူ့မျက်နှာက ရုတ်တရက်ပင် အနည်းငယ် နီမြန်းလာခဲ့သည်။


မော့ကျန်းက သူ့ဒေါသကို ထိန်းကာ ပေချ့်ဆီကို ပြန်ပြောင်းလိုက်ပြီးနောက် ဆာဒါကို၏ IDအမည်ကို ပြန်တွေ့လိုက်ရသည်။


သူ့ တွန့်ချိုးနေသော မျက်ခုံးများက အနည်းငယ် ပြေလျော့လာပြီး ကွန်ပျူတာ မျက်နှာပြင်၏ ညာဘက်ထောင့်ရှိ အနီရောင် x သေတ္တာငယ်လေးကို နှိပ်လိုက်သည်။


ဟမ့်... မင်းကိုယ်တိုင် ငါ့ကို မကောင်းပြောနေပြီးတော့ တခြားသူတွေဆီကနေလည်း ငါ့အတွက် ခုခံပြီး ပြောလိုက်သေးတယ်...


မော့ကျန်း ကွန်ပျူတာကို ပိတ်လိုက်ပြီး ဘန်ထလေမှ ထွက်လာသည်အထိ ထန်ချန်းက သူ့အတွေးများထံမှ သတိပြန်လည်မလာနိုင်သေး။


သူ နှစ်ပေါင်းများစွာ မော့ကျန်းဘေးတွင် နေ့တိုင်းလိုလို ရှိနေခဲ့သော်လည်း အဆုံးတွင်တော့ မော့ကျန်း မိန်းကလေး တစ်ယောက် ရှိလာသောအခါ သူပင် မသိခဲ့ရ။


ပါရမီရှိသော အေးဂျင့်တစ်ယောက်အနေဖြင့် ဂုဏ်ယူဝင့်ကြွားနေရသည့် ထန်ချန်း၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများမှာ လေပြင်းများ တိုက်ခတ်ခံလိုက်ရပုံပင်။


မနက်ပိုင်း အားယောင် ကားထဲမှ ထွက်သွားပြီးနောက် မော့ကျန်းမှာ သူမကို စတူဒီယိုတွင် တစ်နေ့လုံး မတွေ့ခဲ့ရပေ။ ညပိုင်း အလုပ်ပြီးသည့်အချိန်တွင် မော့ကျန်းက အိမ်ကို ကားမောင်း၍ ပြန်လာပြီးနောက် ဧည့်ခန်းထဲမှ မီးကို ဖွင့်ကာ လည်စီးကို လျှော့လိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည်။


"ထွက်လာစမ်း"


အခန်းထဲတွင် အလွန် တိတ်ဆိတ်နေပြီး မော့ကျန်း၏ အသံက ဧည့်ခန်းထဲသို့ ပဲ့တင်သွားကာ ခြောက်ကပ်ပြီး မဲမှောင်နေသော အခန်းထဲ၌ ထိုအသံက အတော်လေး အထီးကျန်ဆန်နေပုံ ပေါ်နေသည်။


သူ တစ်ခဏမျှ စောင့်ဆိုင်းနေပါသော်လည်း ဧည့်ခန်းထဲတွင် မည်သည့် လှုပ်ရှားမှုမှ ရှိမလာခဲ့ပေ။ ကော်လာမှ အဖြူရောင်ကြယ်သီးကို ဖြုတ်၍ မော့ကျန်းက ခေါင်းကို နောက်မှီကာ ဆိုဖာပေါ်တွင် အနားယူလိုက်သည်။


 "အခု ထွက်မလာရင် နောက်ထပ် ဘယ်တော့မှ ထွက်မလာနဲ့တော့"



သူ့ဘေးတွင် အဖြူရောင် အလင်းဖျော့ဖျော့ တစ်ခုရှိနေပြီး ၎င်းက တဖြည်းဖြည်း နှင့် လူတစ်ယောက်၏ ခန္ဓါကိုယ်ပုံစံသို့ ပုံပေါ်လာခဲ့သည်။ မော့ကျန်းက သူ့ဘေးကို ကြည့်လိုက်သည်နှင့် အားယောင်က သူမ၏ လက်နှစ်ဖက်ကို ထပ်ထားရင်း ခပ်တောင့်တောင့် ထိုင်ကာ ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။ " မင်္ဂလာ ညနေခင်းပါ မစ္စတာမော့"


မော့ကျန်း၏ နှုတ်ခမ်းများ ကော့တက်လာပြီး သူမကို ပြန်ပြုံးပြလိုက်လေသည်။ "မင်္ဂလာ ညနေခင်းပါ မစ္စသရဲမ" 


အားယောင်: “… …”


အားယောင်မှာ ထို ထူးဆန်းလှသော စကားလုံးများနှင့် နှိုင်းယှဥ်ပါက မော့ကျန်း၏ အပြုံးကို မြင်ရသည်က ပို ကြောက်မက်ဖွယ်ကောင်းကြောင်း တွေးနေမိသည်။ ရယ်မောနေသော မော့ကျန်းက မရယ်မပြုံးနေတတ်ပြီး တိတ်ဆိတ်လှသည့် မော့ကျန်းထက် ဆယ်ဆ ပိုကြောက်ဖို့ကောင်းပေသည်။ 


အားယောင်က ထိုအခြေအနေမှ လွတ်မြောက်ရန်အတွက် အကောင်းဆုံးကြိုးစားရန် တဲ့တိုးဆန်သော ချဥ်းကပ်မှုက အကောင်းဆုံးနည်း ဖြစ်လိမ့်မည်ဟု ခံစားလိုက်ရသည်။ "ကြင်နာတတ်တဲ့ မစ္စတာမော့ရေ... ဖိုရမ် ပေါ်က ကိစ္စတွေကလေ... ကျွန်မ ရှင်းပြပေးနိုင်ပါတယ်"


“မလိုပါဘူး... ရှင်းပြပေးဖို့ မလိုတော့ဘူး... ဘယ်လိုပဲ ဖြစ်ဖြစ် ငါက စိတ်ကြီးဝင်ပြီး ရိုင်းစိုင်းတဲ့ ယောကျ်ားပဲလေ" 


အားယောင်: “… …”


ဘာလို့ အဲ့ဒီစာရင်းထဲ အမြင်ကျဥ်းပြီး ချောမောတဲ့ ယောကျ်ား ဆိုတာကိုလည်း ပေါင်းမထည့်ရတာလဲ... 


“မစ္စတာမော့... ဒါက တကယ်တော့ မတော်တဆလေး တစ်ခုပါပဲ... အဲ့ဒါက တကယ်တော့... ရှင့်ကွန်ပျူတာမှာ လော့ခ်အင် ဝင်ဖို့ လျှို့ဝှက်နံပါတ် မထားထားလို့လေ" 


မော့ကျန်း: “… …”


ဒါဆို သူ့အမှားပေါ့...


မော့ကျန်းက ဆိုဖာပေါ်မှ ရုတ်တရက် ထရပ်လိုက်ပြီး ကွန်ပျူတာ ဖွင့်ကာ သူ့လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ပြေးလွှားနေရင်း အဆုံးတွင် လော့ခ်အင် ဝင်ရန် လျှို့ဝှက်နံပါတ် အသစ်ကို ထည့်သွင်းလိုက်လေသည်။


အားယောင်က ကွန်ပျူတာကို ကြည့်လိုက်သော်လည်း သူမ မည်မျှပင် ကြိုးစားကြည့်ပါစေ မော့ကျန်း ထည့်လိုက်သည့် လျှို့ဝှက်နံပါတ်ကို မမြင်လိုက်ရပေ။ မော့ကျန်းရှေ့တွင် အဖြူရောင် အရိပ်လေးက ခပ်ရှက်ရှက် ယိမ်းထိုးနေပြီး အားယောင်က တောက်တောက်ပပ ပြုံးပြလိုက်သည်။ "ကျွန်မရှင့်ကို နောက်နေတာကို တကယ်ကြီး လျှို့ဝှက်နံပါတ် ထည့်လိုက်တာလား... လျှို့ဝှက်နံပါတ်က ရှင့်မွေးနေ့လားဟင်" 


မော့ကျန်းက ကွန်ပျူတာ ပိတ်၍ ပြန်လာပြီး ပြုံးကာ ဆိုသည်။ "မဟုတ်ဘူး... ငါ့အတိုင်းအတာတွေ"


အားယောင်: “… …”


သူမမျက်လုံးများက အခန်းတဝိုက် ဝေ့ဝဲသွားပြီးနောက် နှစ်ကြိမ်မျှ ရယ်မောလိုက်သည်။ "ဒါဆို ကျွန်မ ရှင့်ကို တိုင်းကြည့်လို့ရမလား"


မော့ကျန်း: “… …”


ဘယ်လိုလုပ် ဒီလို အရှက်မရှိတဲ့ သရဲမမျိုး ရှိနေရတာလဲ...


မော့ကျန်းက ရေခဲသေတ္တာ တံခါးကို ဖွင့်ကာ သံပရိုသီးတစ်လုံးကို ယူ၍ ၎င်းကို အားယောင်ဟု မှတ်ယူလိုက်ပြီး နှစ်ခြမ်းခွဲချလိုက်သည်။ အားယောင် "ဒုတ်" ဟူသော အသံဖြင့် သံပရိုသီး အလှီးခံလိုက်ရသည်ကို ကြားလိုက်ရသောအခါ အနည်းငယ် တုန်ယင်သွားလေသည်။


မော့ကျန်း သံပရိုသီး စားနေသည်ကို ကြည့်ကာ အားယောင် မျက်မှောင်ကြုံ့လိုက်သည်။ "ကျွန်မ ရှင့်ကို ရေခဲသေတ္တာထဲကဟာတွေ မစားဖို့ ဒီနေ့ပဲ ပြောခဲ့တာလေ"


အားယောင် မည်မျှပင် ကန့်ကွက်နေပါစေ မော့ကျန်းက ဆက်ပြီး သံပရိုသီးကို ကိုက်နေဆဲပင်။ သံပရိုသီး၏ အခါးဓါတ်ပြင်းပြင်းက သူ့နှလုံးသားထဲတွင် ဝေ့ဝဲနေသော မီးတောက်အချို့ကို လျော့ရဲနိုင်စေပုံပင်။ 


"မင်း အင်တာနက်မှာ ပိုစ့်တွေ ဆက်တင်နေအုံးမယ်ဆိုရင် မင်းကို အဆုံးသတ်ဖို့ ခရစ်ယာန် ဘုန်းတော်ကြီး တစ်ပါးကို ရှာရလိမ့်မယ်" 


အားယောင်က တစ်စက္ကန့်မျှ အေးခဲသွားပြီးနောက် ကြင်နာစွာ သတိပေးလိုက်သည်။ "ဘုန်းတော်ကြီး အတုတွေ အများကြီး ရှိတတ်တယ်... သူတို့ရဲ့ အလိမ်အညာတွေကို ကြုံရာကျပန်း ယုံလိုက်လို့ မဖြစ်ဘူးနော်"


“မင်း စိုးရိမ်ပေးစရာ မလိုပါဘူး... တကယ့် ပညာရှင်တွေကို ငါသိတယ်လေ" မော့ကျန်း သူ့လက်ထဲမှ သံပရိုသီးကို တစစီ ကိုက်ဝါးပြီးသွားသောအခါ သံပရိုသီးခွံကို အမှိုက်ပုံးထဲသို့ ကျော့ကျော့မော့မော့ ပစ်ထည့်လိုက်သည်။ ဒီနှစ်တွေထဲမှာ သရဲတွေတောင် အွန်လိုင်းပေါ် တက်နိုင်နေပြီ... သူ ဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်ပါ့မလဲ...


အားယောင် သူ့ကို မပျော်မရွှင် ကြည့်နေသောကြောင့် မော့ကျန်း ဖုန်းကို ဆွဲထုတ်လိုက်ပြီး ရေခဲသေတ္တာ တံခါးကို ဖွင့်၍ အထဲမှ သရေစာများ ပူတင်းများ၏ ပုံကို ရိုက်ယူလိုက်သည်။


အားယောင်က မော့ကျန်း၏ လှုပ်ရှားမှုများကို ကြည့်နေကာ အနည်းငယ် သိချင်နေသော်လည်း ယခုတွင် သူမ သတိထားရမည့် ကိစ္စ တစ်ခု ရှိနေသေးပေသည်။ "ရှင် တကယ်ကြီး တာအိုဘုန်းတော်ကြီး တစ်ပါးနဲ့ သိတာလား"


မော့ကျန်းက အားယောင်ကို ကြည့်ကာ လှောင်ရယ်လိုက်သည်။ "အခုတော့ ကြောက်နေပြီလား"


အားယောင် ကြောက်အားလန့်အား နောက်ဆုတ်သွားကာ ထိုစက်ဆုပ်ဖွယ်ကောင်းသော မော့ကျန်းထံမှ ပုန်းရှောင်နေလိုက်သည်။ "ကျွန်မနဲ့ ခြေသုံးလှမ်းအနီးကို ကပ်မလာနဲ့"


“ခရစ်ယာန် ဘုန်းကြီးက ကျွန်မ ဘယ်သူလဲ မှတ်မိအောင် ကူညီပေးနိုင်မယ်ထင်လားဟင်"


လှုပ်ရှားနေသော သူ့လက်များမှာ ရုတ်တရက် ရပ်သွားပြီး မော့ကျန်း ရေခဲသေတ္တာမှ ထမရပ်လိုက်ခင်အထိ တစ်ခဏမျှ တိတ်ဆိတ်နေခဲ့သည်။ "ငါမင်းကို တကယ်ကြီး မြင်နိုင်တယ် ဆိုကတည်းက တစ်ခုခု ထူးဆန်းနေတာ မသိဘူးလား"


ဤတစ်ကြိမ်၌ အံ့အားသင့်သွားရသူမှာ အားယောင်ပင်။ သူမက အမှန်တကယ်ပင် ထိုအကြောင်းကို တစ်ခါမှ မတွေးခဲ့ဖူးသော်လည်း ယခုတွင် မော့ကျန်းက ပြောလာခဲ့သည်။ သူမ ခံစားရတာ... တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ...


“ရှင့်မှာ ယင်နဲ့ ယန် မျက်လုံး ရှိတာလား" အားယောင်၏ မျက်လုံးများ ဝင်းလက်သွားလေသည်။ မော့ကျန်းမှာသာ ယင်နဲ့ ယန် မျက်လုံး ရှိရင် ဒီသတင်းကတော့ ဒီနိုင်ငံထဲက ထိပ်တန်းသတင်းစာတွေတိုင်းရဲ့ သတင်းထိပ်ပိုင်းထဲမှာ ပါလာနိုင်လောက်တယ်...


Xxx