Chapter 13
နတ်ဘုရားတောင်ဝှေး
မော့ကျန်းက သူမကို မကြည့်ဘဲနှင့်ပင် သူမတွေးနေသည့်အကြောင်းအား ခန့်မှန်းမိပြီးသား ဖြစ်နေပြီး အားယောင်ကို တစ်ချက် ကြည့်ကာ ဧည့်ခန်းထဲမှ ဆိုဖာကြီးထံသို့ လျှောက်သွားလိုက်သည်။
"မင်းသာ ဒီအကြောင်း အပြင်ကို လွှင့်လိုက်ရင် အဲ့အကြောင်း သတင်းထူး ဖြစ်မလာခင် စိတ်ရောဂါကုဆေးရုံ သုံးရုံလောက် တက်နေရမယ်"
အားယောင်: “… …”
သူမက ရှောင်ရှီရဲ့ သူငယ်ချင်း မဖြစ်ချင်ပါဘူးနော်...
မော့ကျန်းက ဆိုဖာပေါ်တွင် ထိုင်၍ လပ်တော့ကို ဖွင့်လိုက်သည်။ အားယောင်က ကွန်ပျူတာဘေးသို့ မြန်မြန်လေး လွင့်မျောသွားသော်လည်း မော့ကျန်းက လျှို့ဝှက်နံပါတ် ထည့်ပြီးသား ဖြစ်သည့်အတွက် ခြေတစ်လှမ်း နောက်ကျသွားလေသည်။
“ထိုင်နေ” အားယောင်က မော့ကျန်း ဘေးတွင် ခါးသက်သက် ထိုင်နေရင်းမှ ခြေထောက်များကို လွှဲယမ်းကာ ဆိုဖာပေါ်တွင် တင်လိုက်သည်။ "ဒါဆို ရှင့်မှာ တကယ်ကြီး ယင်နဲ့ယန် မျက်လုံး ရှိတယ်ပေါ့"
မော့ကျန်းက QQ လျှို့ဝှက် နံပါတ် ထည့်နေဆဲဖြစ်ပြီး သူရပ်လိုက်သည့်အချိန်၌ နှုတ်ခမ်းများကို တဖြောင့်တည်း ထားလိုက်ပြီး အားယောင်ဘက်ကို လှည့်ကာ ပြောလိုက်သည်။
"ငါ သရဲတွေ အားလုံးကို မမြင်နိုင်ဘူး"
“ဘာလဲ” အားယောင်က မေးခွန်းထုတ်နေသည့် ရုပ်လေးဖြင့် မော့ကျန်းကို ကြည့်လိုက်သည်။ သူမက သူပြောလိုက်သည့် စကားကို အမှန်တကယ် နားမလည်ခဲ့ခြင်းပင်။
မော့ကျန်းက ကွန်ပျူတာ ဘက်ကို လှည့်ကာ တစ်ဝက်တစ်ပျက် ရိုက်နေဆဲ လျှို့ဝှက် နံပါတ်ကို ဆက်ရိုက်လိုက်သည်။ "ငါက သေပြီးသား လူတွေရဲ့ ဝိဥာဏ်ကိုပဲ မြင်ရတာ"
မော့ကျန်း သရဲမြင်ရသည့် ပထမဆုံးအကြိမ်မှာ သူအသက် ငါးနှစ်အရွယ်က ဖြစ်ပြီး ပထမဆုံးသော သရဲမှာ လူသား မဟုတ်ဘဲ ကြောင်လေး တစ်ကောင်၏ ဝိဥာဏ် ဖြစ်နေခဲ့သည်။ ကြောင်လေးက အလွန်ပိန်ပါးနေပြီး လေလွင့်ကြောင်လေး ဖြစ်ဟန်ပင် ခြောက်ကပ်နေသော အစာအိမ်လေး၌ ကြောက်မက်ဖွယ် ဒဏ်ရာကြီး တစ်ခုရှိနေသည်။
၎င်းက ခွေးရိုင်းများ ထံမှ ကိုက်ခံခဲ့ရခြင်းပင်။
ကြောင်လေးက မော့ကျန်း၏ အိမ်တံခါး ရှေ့တွင် သုံးရက်တိုင်တိုင် တမြောင်မြောင် အော်နေခဲ့ပြီး မော့ကျန်းသည်လည်း သုံးရက်လုံး အဖျားတက်နေခဲ့သည်။ သူပြန်လာသောအခါ ကြောင်ကလေးမှာ ထွက်သွားနှင့်ပြီ ဖြစ်ပြီး ထိုနေ့မှစ၍ မော့ကျန်းမှာ အချိန်နှင့်အမျှ သရဲများ မြင်နိုင်လာလေသည်။ ကံကောင်းစွာဖြင့် သူမြင်ရသော သရဲများမှာ မကောင်းဆိုးဝါး သရဲများ မဟုတ်ကြဘဲ သူတို့ လုပ်သမျှက ငိုယိုပြီး သူတို့အတွက် လက်စားချေပေးရန် မော့ကျန်းကို အသနားခံကြသည်ချည်းသာ။
အစပိုင်းတွင် မော့ကျန်းက အလွန် ရှုပ်ထွးနေပြီး ကြောက်လန့်ခဲ့ရသည်။ သို့သော်လည်း အချိန်တစ်ခုကြာပြီးနောက်တွင် အကြောင်းအရင်းကို မသိရသော်လည်း သရဲများက အချိန်ကျော်သွားပြီးနောက် ပျောက်ကွယ်သွားကြသည်ကို တဖြည်းဖြည်း နားလည်လာခဲ့ရသည်။
ထို့ကြောင့်ပင် သူ ထိုအရာများကို တွေ့သောအခါ အလွန်တည်ငြိမ်နေရန်အတွက် သင်ယူခဲ့ရပြီး သူတို့ ပျောက်ကွယ်သွားမည့် အချိန်ကိုသာ တည်တည်ငြိမ်ငြိမ် စောင့်နေလိုက်သည်။
ထိုအကြောင်းများကို သူ့မိသားစုကိုပင် မပြောပြခဲ့ဖူးပေ။ သူပြောခဲ့လျှင်တောင် သူတို့က သူ့အား ဘယ်တော့မှ ယုံကြည်ကြမည် မဟုတ်ကြောင်း သူသိနေသည်ကြောင့်ပင်။
ထိုအခြေအနေက မူလတန်း ဒုတိယနှစ် နွေရာသီ အားလပ်ရက်ကာလအထိ ဆက်ဖြစ်နေခဲ့သည်။
ထိုနှစ်တွင် သူ့အဘွားက သူ့ကို တောင်တန်းများအနားရှိ မိသားစုပိုင် ဗီလာကို ခေါ်သွားမည် ဖြစ်ပြီး ထို့ကြောင့် နွေရာသီ အားလပ်ရက်အတွင်း သူ့မှာ လုပ်စရာ တစ်ခုခု ရှိလာလိမ့်မည်ဟု သူ့မိသားစုကို ပြောပြခဲ့သည်။ မော့ကျန်း၏ မိဘများက သံသယကင်းစွာဖြင့် သူမ၏ စောင့်ရှောက်မှုအောက်သို့ မော့ကျန်းကို ယုံယုံကြည်ကြည် ထည့်ပေးလိုက်ကြသည်။ သူ့အဘွားက သူ့ကို တောင်တန်းများဆီ အမှန်တကယ် ခေါ်သွားခဲ့သော်လည်း မိသားစုပိုင်ဗီလာဆီသို့ မသွားခဲ့ဘဲ ၎င်းက နွေရာသီ အားလပ်ရက် အပန်းဖြေရန် ကြောင့်လည်း မဟုတ်ခဲ့ပေ။
မော့ကျန်းငယ်လေးမှာ သူ့ခန္ဓါကိုယ်သေးသေးလေးနှင့် ယှဥ်လိုက်ပါက အတော်လေး အရွယ်အစား ကြီးမားနေဟန် ပေါက်သော နွေရာသီ အားလပ်ရက် အတွက် ပေးထားသော အိမ်စာများထည့်ထားသည့် အိတ်အကြီးကြီး တစ်လုံးကို သယ်လာခဲ့ရသည်။ သစ်သားအိမ်လေး အတွင်း၌ ကောင်းကင်၏ အသံကို ကြားနိုင်သည်ဟု ပြောကြသော လူတစ်ယောက် နေထိုင်ကာ သူထရပ်လိုက်ချိန်တွင် အဖြူရောင် အလင်းတန်းများက သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားပြီး မော့ကျန်းသည်ပင် တောက်ပနေသော အလင်းရောင်များကို ကြည့်မိသည်ကြောင့် အနည်းငယ် မျက်စိကြိမ်းသွားရသည်။
ထို့နောက် သူ့အဘွားက ထိုကောင်းကင်ဘုံ ဆရာသခင်အား ဤကလေးမှာ သာမန်လူများ မမြင်သင့်သည့် အရာများ မြင်နေရကြောင်း ပြောခဲ့သည်ကို သူကြားခဲ့ရသည်။
မော့ကျန်းက သူ့အဘွား၏ အိုမင်းနေသော မျက်နှာကို အေးတိအေးစက် စိုက်ကြည့်လိုက်သည်။ သူ့အဘွားက သူ့လျှို့ဝှက်ချက်ကို မည်သည့်အချိန်တွင် ရှာတွေ့သွားခဲ့မှန်း မသိခဲ့ပေ။ အကြောက်တရားကင်းစွာဖြင့် နူးနူးညံ့ညံ့ရယ်မောကာ သူ့နှုတ်ခမ်းပါးများထံမှ ထိုစကားလုံးတစ်ခု ပွင့်ဟလာခဲ့သည်။ "မတရားမှု"
နောက်ပိုင်းတွင် ဆက်သွားနေခဲ့သော ကိစ္စရပ်များမှာ မော့ကျန်း၏ မှတ်ဥာဏ်ထဲတွင် ရေးတေးတေးမျှသာ ဖြစ်လာသည်။ ၎င်းကို ဖော်ပြရမည် ဆိုပါက အဓိက စကားလုံး အနည်းငယ်သာ ရှိပေမည်။ ပုစဥ်းရင်ကွဲတွေ၊ ဖရဲသီး၊ ဆရာသခင်၊ ပြီးတော့ နွေရာသီအတွက် လုပ်ရမဲ့ အိမ်စာတွေ လုပ်ဖို့ မေ့သွားတာ...
ကီးဘုတ်ပေါ်မှ မော့ကျန်း၏ လက်ချောင်းလေးများက လျှို့ဝှက် နံပါတ်ရိုက်ခြင်း ပြီးသွားကာ လော့ခ်အင် ခလုတ်ကို နှိပ်လိုက်သည်။
ကွန်ပျူတာမှ သတိပေးချက် အသံ ထွက်မလာခင် အချိန်အထိ သူမ၏ ခြေချောင်းများကိုသာ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သည့် အားယောင်မှာ တီးတိုးပြောလာသည်။ "ကျွန်မက အသတ်ခံရတာလို့ ဆိုလိုချင်တာလား"
မောက်စ်ပေါ်မှ မော့ကျန်း၏ လက်မှာ တစ်ခဏမျှ ချော်ထွက်သွားပြီးနောက် ကဆုန်စိုင်းနေသော သတိပေးချက်တစ်ခုကို နှိပ်လိုက်သည်။ "အင်း"
၎င်းက သူ လတ်တလော သတင်းများကို မပြတ်တမ်း စောင့်ကြည့် နေခဲ့ရသည့် အကြောင်းအရင်းပင်။ အနီးအနားတွင် လူသတ်မှု တစ်ခု ရှိပါက ပြည်တွင်းသတင်းများနှင့် ရုပ်သံ ကုမ္ပဏီများသို့ သေချာပေါက် အစီအရင်ခံလိမ့်မည် ဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် နှစ်ပတ်အတွင်း အကြောင်းကြားလာသည့် မတော်တဆမှု တစ်ခုလေးပင် ရှိမလာခဲ့ပေ။
ကွန်ပျူတာတွင် စကားပြောခန်းတစ်ခု ပေါ်လာပြီး ချစ်စရာကောင်းသော ပန်းရောင် ရေပန်းလေးများ ထွက်ပေါ်လာသည်။
ဦးလေးငယ်... တုတု အရမ်းလွမ်းနေတာ...╭ (╯ 3 ╰) ╮
မော့ကျန်က နူးနူးညံ့ညံ့ ရယ်မောလိုက်ကာ အခုလေးတင် သူရိုက်ထားခဲ့သော ပူတင်းပုံများကို စကားပြောခန်းထဲသို့ ပို့လိုက်သည်။ ကွန်ပျူတာ တစ်ဖက်မှ ပြန်စာတစ်ခု ခပ်မြန်မြန် ပြန်လာခဲ့သည်။
ဦးလေးငယ်... တုတု ဦးလေးငယ်ကို မချစ်တော့ဘူး... ဘာလို့ ဒီလျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ရတာလဲ... QAQ
မော့ကျန်းက တခစ်ခစ် ရယ်နေသဖြင့် အားယောင် ခေါင်းမော့လာပြီး သူမနှင့် ဆန့်ကျင်ဘက်တွင် ကွန်ပျူတာ တစ်လုံးဖြင့် ထိုင်နေသော ထိုလူကို ကြည့်လိုက်သည်။ သူမက အကြည့်ရွှေ့လိုက်သောအခါ အပြာရောင် နတ်သမီးလေးဟု ခေါ်သည့် QQ IDက မော့ကျန်းအား စာများ အဆက်မပြတ် ပို့နေသည်ကို တွေ့လိုက်ရသည်။
[ဦးလေးငယ်... အချိုတွေ အများကြီးစားရင် မကြာခင် သွားပိုးစားတော့မှာပဲ]
မော့ကျန်း၏ လက်ချောင်းများက ကီးဘုတ်ကို အကြိမ်အနည်းငယ်မျှ ရိုက်လိုက်ပြီးနောက် စာပြန်လိုက်သည်။
[ဦးလေးငယ်က သွားပိုးစားတဲ့ အရွယ်ကို ကျော်သွားပြီ... ဒါဆိုရင်တောင်... သစ်သီး ပူတင်းတွေက အရမ်း စားလို့ကောင်းတာနော် 23333]
( 233333 က englishလို LOLလို့ အဓိပ္ပါယ်ရပါတယ်တဲ့)
အားယောင်: “… …”
သူ့အပေါ် သူမ၏ အမြင်များက ထပ်ပြီး အပိုင်းပိုင်း ကြဲသွားပြန်လေပြီ။ မော့ကျန်းက ပေါ်လန်ဟောင် (အမူအယာတွေ ဖော်ပြဖို့ နံပါတ်တွေ သုံးတာပါတဲ့) ကို သုံးတတ်လို့ ဘယ်သူက ထင်ကြမှာလဲ... မော့ကျန်းက 233333333ကို ဘယ်လို သုံးရမလဲ ဆိုတာ တကယ်ကြီး သိနေတာဟ... ပြီးတော့ ပိုပြီး အရေးကြီးတာကလေ မော့ကျန်းရဲ့ QQနာမည်က တကယ်တော့ ဖြတ်မျဥ်း... ဖြတ်မျဥ်း... မှော်ဆရာလို့ ခေါ်တာတဲ့ဟ...
#ကမ္ဘာကြီး ရူးသွပ်သွားတော့မှာလား
ဧကရာဇ်မော့ရဲ့ ပင်ကိုယ်စရိုက်က တကယ်ကြီး နားလည်ရ ခက်တာပဲ... တခါတလေ ကောင်းကင်ဘုံက ကျလာတဲ့ နတ်ဘုရား တစ်ပါးလို ကျော့ရှင်းနေပြီး တစ်ချို့အချိန်တွေကျရင်လည်း တခြားသူတွေကို ရယ်စားရတာ ကြိုက်သေးတယ်...
… …ဒီ ထိတ်လန့်နေတဲ့ ဥကလေးက သူ့ကို တကယ်ကြီး reportထုချင်လာပြီ အာ...
ကွန်ပျူတာ မျက်နှာပြင် ရှေ့တွင် သူမခေါင်းကို တိတ်တိတ်လေး ပုတ်ရင်းဖြင့် အားယောင်က မျက်နှာပြင်ပေါ်မှ စကားပြောခန်းကို စိုက်ကည့်နေခဲ့သည်။ "အပြာရောင် နတ်သမီးလေးက ရှင့်တူမလား"
“အင်” သူက သူမကို ခေါင်းငြိမ့်ပြကာ ပြန်ဖြေရင်း သရေစာပုံများ ဆက်တိုက် ပို့လိုက်သည်။ အားယောင်က မော့ကျန်းမှာ တကယ်ပင် ကလေးနှင့် တူနေသည်ဟု ခံစားနေရသည်။ သူ့တူမလေးရှေ့တွင် သူ့သရေစာများအကြောင်း ကြွားပြနေလိုက်သေးသည်။ "သူက အသက် ဘယ်နနှစ် ရှိပြီလဲ" အမှန်တကယ်တွင် သူမမေးချင်သည့် မေးခွန်းမှာ ရှင် အသက် ဘယ်လောက် ရှိပြီလဲ ဟုပင်။
“ခုနစ်နှစ်”
“ခုနစ်နှစ်ပဲ ရှိသေးတာကို အွန်လိုင်းပေါ် ရောက်နေပြီလား" အားယောင်က အလွန် အံ့အားသင့်သွားရသည်။ ခုနစ်နှစ် အရွယ်လေးက pinyinတောင် ပြီးသေးပါ့မလား... မော့ကျန်း ၎င်းကို ကြားသောအခါ အားယောင်ကို မသိမသာ စိုက်ကြည့်လိုက်သည်။
"ဒီခေတ်မှာ သရဲတွေတောင် အွန်လိုင်းပေါ် ရောက်လာပြီ... သူက ဘာလို့ မတက်ရမှာလဲ"
အားယောင်: “… …”
အကြောင်းအရာက အလွန် အန္တရာယ်ရှိသော လမ်းကြောင်းပေါ်သို့ ရောက်သွားနေပြီဟု ခံစားလိုက်ရသဖြင့် အားယောင်က ဘေးကိုသာ တိတ်တိတ်လေး လွင့်သွားတော့သည်။ မော့ကျန်းက စာပို့နေဆဲဖြစ်ပြီး ကီးဘုတ်ရိုက်နေသံက ဧည့်ခန်းထဲတွင် ပဲ့တင်နေလေသည်။
သူတို့က တုတု၏ အမေ အိပ်ရာဝင်ရန် လာပြောသည်အထိ စကားပြောနေကြပြီး တုတုက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မော့ကျန်းကို အနမ်း အီမိုဂျီများ ပို့ကာ မျက်နှာသစ်ရန် ထွက်သွားသည်။
အပြာရောင် နတ်သမီးလေး၏ QQ ID ပုံ မှိန်ကျသွားသည်ကို တွေ့သောအခါ မော့ကျန်းက ဆိုဖာတစ်ဖက်မှ လူကို ကြည့်လိုက်သည်။ အားယောင်က ဆိုဖာပေါ်တွင် အတွေး အပြည့်နှင့် တိတ်တဆိတ် ထိုင်နေပြီး သူမက တိတ်တိတ်ဆိတ်ဆိတ် နေခဲသည်ကြောင့်လည်း ဖြစ်နိုင်သည်။ သူမ၏ အမူအယာမဲ့နေသောပုံစံက မော့ကျန်း၏ နှလုံးသားကို အနည်းငယ် အထိတ်တလန့် ဖြစ်သွားစေခဲ့သည်။
“မင်း လက်စားပြန်ချေချင်လို့လား" သူစကားပြောသည့်အသံက အေးစက်နေသောကြောင့် အားယောင်ကိုပင် တိတ်တဆိတ် ခေါင်းမော့ကာ သူ့ကို ကြည့်လာစေခဲ့သည်။ မော့ကျန်း၏ မျက်လုံးများက အနက်ဆုံး မှင်ရောင်ဖြင့် ခြယ်သထားသကဲ့သို့ နက်မှောင်၍နေပြီး နွေးထွေးပြီး အသက်ရှုမှားလောက်ဖွယ် အလင်းရောင်လေးလည်း ရှိနေသည်။
အဆုံးတွင် သူမက အမြဲတမ်း တစ်ယောက်ထဲ ဖြစ်သွားရမှာပင်။
အားယောင်က စကားပြောမလာသော်လည်း ခေါင်းကို ယမ်းပြလိုက်သည်။
“လက်စားမချေချင်ဘူးဆိုရင် အတိတ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေက နောက်ထပ် အရေးမကြီးတော့ဘူး"
မော့ကျန်း၏ အသံအနေအထားက သူပေးနေသည့်အကြံနှင့် မကိုက်ညီသော်လည်း အားယောင်၏ နှုတ်ခမ်းထောင့်လေးများက အနည်းငယ် သက်ဝင်လှုပ်ရှားနေဆဲပင်။
"ရှင် ကျွန်မကို စိုးရိမ်ပေးနေတာလား"
“သေချာပေါက် မဟုတ်ဘူးပေါ့" မော့ကျန်းက ကွန်ပျူတာကို ငုံ့ကြည့်လိုက်ပြီး မောက်စ့်က desktopပေါ်တွင် ရည်ရွယ်ချက် မရှိ ပြေးလွှားနေလေသည်။
ထိုလှုပ်ရှားမှုက အားယောင်ကို အတော်လေး သိချင်စိတ် ပြည့်သွားစေခဲ့သည်။ သူမက မော့ကျန်းအနားကို ပိုတိုးသွားချင်ခဲ့သော်လည်း သူမကို ပြန်ကြည့်နေသည့် မျက်လုံးစူးစူးကြီးများကို တွေ့လိုက်ရသောအခါ ဝေးဝေးနေခြင်းက ပိုကောင်းမည်ဟု ဆုံးဖြတ်လိုက်လေသည်။
အနည်းငယ် စိတ်ပျက်နေသည့် အားယောင်လေးမှာ ခြေလှမ်း အနည်းငယ် ပြန်ဆုတ်၍ လွင့်သွားလေသည်။ အားယောင် ဝေးဝေးသို့ ပျံထွက်သွားသည်ကို မော့ကျန်း တွေ့သွားသောအခါ QQမှ လတ်တလော ပို့ထားသော စာများကို ကြည့်ရန် ဖွင့်လိုက်ပြီးနောက် [နတ်ဘုရားတောင်ဝှေး] ဟူသော အကောင့်မှ မက်ဆေချ့်များကို ဖွင့်လိုက်သည်။
“ဆရာသခင်... ပြန်လာပြီလား... ကျွန်တော် ဆရာ့အကူအညီလိုနေလို့"
မော့ကျန်း၏ စာများမှာ ပြန်ဖြေသူ မရှိခဲ့ပေ။
အရေထူသော အားယောင်မှာလည်း မော့ကျန်းအိမ်တွင် ဆက်လက် ကပ်စား၍နေပြီး မကြာမီမှာပင် မသိလိုက်မသိဘာသာဖြင့် ဂျူလိုင်လသို့ ရောက်လာလေသည်။
မော့ကျန်းအတွင်မူ ဂျူလိုင်လက အခြား ဆယ့်တစ်လနှင့် မခြားနားသော်လည်း သူ့ဖန်များအတွက်မူ အလွန်အမင်း အရေးကြီးလှသော နေ့ရောက်လာမည် ဖြစ်သည်။
ဂျူလိူင် နှစ်ဆယ့်လေးရက်နေ့က မော့ကျန်း၏ မွေးနေ့ဖြစ်သည်။
သိဟ် (Leo) ရာသီဖွား တစ်ယောက်အနေဖြင့် ကျော့ရှင်းလှသော အမူအကျင့်များနှင့် ကမ္ဘာပေါ်မှ ဘုရင်တစ်ယောက်၏ အရှိန်အဝါ၊ ခြေင်္သ့ တစ်ကောင်၏ လွှမ်းမိုးမှု ရှိသော ဟိန်းဟောက်သံနှင့် ခမ်းနားသော အသွင်အပြင်တို့မှာ မော့ကျန်းနှင့် အတော်လေး လိုက်ဖက်ညီလှပေသည်။ အားယောင်ပင် သိဟ်ရာသီက ဧကရာဇ်မော့နှင့် အလိုက်ဖက်ဆုံး ရာသီခွင် ဖြစ်သည်ဟု တိတ်တဆိတ် ထောက်ခံမိသည်။ သို့သော်လည်း သူအိမ်မှာ ရှိနေစဥ် အမူအကျင့်များကို ထည့်မတွက်လိုက်ပေ။
နှစ်တိုင်းတွင် မော့ကျန်း၏ မွေးနေ့ရောက်သည်နှင့် မော့ကျန်း၏ ဖန်ကလပ်က သူ့သီချင်းများ အားလုံးကို ဖွင့်၍ ကျင်းပလေ့ရှိကြပြီး သူနှင့် ပတ်သက်သော အရာအားလုံးမှာ အွန်လိုင်းဖိုရမ်များနှင့် မိုက်ခရို ဘလော့် အကောင့်များ၍ ရေပန်စားသော အကြောင်းအရာ တစ်ခု ဖြစ်လာလေ့ရှိသည်။ ပြောစရာ မလိုအောင်ပင် လအစနှင့် မွေးနေ့ မရောက်ခင် နှစ်ပတ်အလို ကတည်းက လူအများမှာ သူ့ကို ပျော်စရာမွေးနေ့ပါဟု ဆုတောင်းပေးရန် မစောင့်နိုင်ကြတော့။
သို့သော်လည်း မော့ကျန်း ကိုယ်တိုင်ကမူ သူ့မွေးနေ့ကို ဂရုစိုက်လေ့ မရှိခဲ့ဘဲ ယခုနှစ်တွင် တရားဝင် နှစ်ဆယ့်ခြောက်နှစ် ပြည့်တော့မည် ဖြစ်၍ မွေးနေ့ ကျင်းပသော အရွယ်ကိုပင် ကျော်လွန်ခဲ့ပြီး ဖြစ်လေသည်။
"နတ်ဘုရား တားမြစ်ဇုံ3" အဖွဲ့သားများက မော့ကျန်းအတွက် အထူးတလှယ် မွေးနေ့ ကျင်းပပေးခဲ့ပြီး သူ့အတွက် ကြီးမားသော မွေးနေ့ ကိတ်ကြီးတစ်လုံးကို ယူလာကာ ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ရန်နှင့် နတ်ဘုရားတားမြစ်ဇုံ ဇာတ်လမ်းတွဲများတွင် ပါဝင်ခဲ့မှုအတွက် ကျေးဇူးတင်ကြောင်း ဝေ့ပေါ်တွင် ဓါတ်ပုံတစ်ပုံတင်၍ ဆုတောင်းပေးထားသည်။
သို့သော်လည်း စုန့်နီမှာမူ မော့ကျန်းကို မွေးနေ့လက်ဆောင် ပေးနိုင်ရန်အတွက် ထိုအခွင့်အရေးကို စောင့်မျှော်နေခဲ့သည်။
အမျိုးသားသုံး ရေမွှေးဘူး၏ အထုပ်ပေါ်မှ စုန့်နီ၏ ပုံကို ကြည့်ကာ မော့ကျန်းမှာ မြေပြင်ပေါ် ပြင်းပြင်းထန်ထန် ပေါက်ခွဲပစ်ချင်နေခဲ့သည်။ ထန်ချန်းက ကုမ္ပဏီနှင့် ညှိနှိုင်းနေသည်ဟု ပြောခဲ့သော်လည်း အချိန်အတော်ကြာနေသည့်တိုင် ထိုညှိနှိုင်းမှုက ရလဒ်တစ်ခု ထွက်မလာနိုင်သေးဘဲ ထိုစုန့်နီကလည်း သူ့အနားတွင် တဝဲလည်လည် လုပ်နေဆဲပင်။
မော့ကျန်းက စုန့်နီ သူ့ကို မွေးနေ့လက်ဆောင်အဖြစ်ပေးလာသော ရေမွှေးကို ယဥ်ယဥ်ကျေးကျေး ယူလိုက်သော်လည်း သူ့အမူအယာမှာမူ အလွန်အမင်း အေးစက်နေခဲ့လေသည်။ စုန့်နီမှာမူ မော့ကျန်း၏ အေးစက်ကာ အလိုမကျ ဖြစ်နေသော အသံအနေအထားကို ကြားရသောအခါ သူမမျက်နှာမှာ ဖြူဖျော့၍ သွားသည်။ သို့သော်လည်း မော့ကျန်းက သူမ၏ ခံစားချက်များကို နည်းနည်းလေးပင် ဂရုမစိုက်နိုင်ခဲ့ပေ။
ဘာပဲ ဖြစ်ဖြစ် အနှေးနဲ့ အမြန် သူမရဲ့ မျက်နှာအစစ် ပေါ်လာမှာပဲ...
ရိုက်ကူးရေး အဖွဲ့သားများနှင့် အခြားသူများကလည်း မော့ကျန်းကို လက်ဆောင်များစွာ ပေးလာခဲ့ကြသည်။ ဒါရိုက်တာချွီက မော့ကျန်းကို ကြည့်၍ အကြိမ်အနည်းငယ်မျှ ရယ်မောလာခဲ့ကာ မော့ကျန်းအတွက် သူပေးမည့် လက်ဆောင်မှာ နေ့တစ်ဝက် အားလပ်ရက် ပေးမည်ဟု အကြောက်အလန့်မရှိ ပြောလာခဲ့သည်။
ဧကရာဇ်မော့: “…”
Xxxxx