အပိုင်း ၁၄
Viewers 10k

Chapter 14


မွေးနေ့


ရိုက်ကူးရေးအဖွဲ့မှာ တစ်လကျော်သည်အထိ မရပ်မနား ရိုက်ကူးရေး လုပ်လာခဲ့ရသဖြင့် နေ့တစ်ဝက် အားလပ်ရက်ရခြင်းသည်လည်း ကောင်းပေသည်။ ၎င်းက အားလပ်ရက် ဖြစ်သော်ငြား မော့ကျန်းမှာမူ အိပ်ရုံမှ လွဲ၍ အခြား လုပ်စရာ မရှိပါချေ။ 


ဘန်ထလေ ကားစနှိုးသည်နှင့် စုန့်နီက ကားမှန်ကို ထပ်ခေါက်လာပြန်သည်။


မော့ကျန်းက လီဗာပေါ်တွင် အလျင်စလို ခြေတင်ကာ မောင်းထွက်သွားတော့မည် ပြုသော်လည်း အနီးအနားရှိ ရိုက်ကူးရေးအဖွဲ့သားများ၏ စပ်စုလိုသော အကြည့်များကို တွေ့လိုက်ရသောအခါ ခြေနင်းပေါ်မှ သူ့ခြေထောက်များကို ရွှေ့လိုက်ရသည်။


“ဘာများလဲ” မော့ကျန်း၏ အသံ အနေအထားက ရှင်းရှင်းလင်းလင်းပင် မပျော်မရွှင် ဖြစ်ကြောင်း ဖော်ပြနေပြီး သူက သူ့နေကာမျက်မှန်ကိုပင် မချွတ်လိုက်ပေ။


စုန့်နီက သူ့ကို ပြုံးပြနေခဲ့ပြီး ခပ်နက်နက် Vပုံစံ ကော်လာကြောင့် သူမ၏ ရှင်းလင်းပြီး ပြည့်ဖြိုးလှသော ရင်ကြားနေရာကို လှစ်ဟပြနေခဲ့သည်။


 "စီနီယာအစ်ကို... ဒီနေ့က အစ်ကို့ရဲ့ မွေးနေ့ဆိုတော့ ဒီည ဂျပန်စာစားဖို့ ကျွန်မ အစ်ကို့ကို ဖိတ်ချင်လို့"


“မလိုဘူး... ငါအိမ်ပြန်ပြီး အသင့်စားခေါက်ဆွဲတွေပဲ ပြုတ်စားချင်တယ်"


စုန့်နီ: “…”


သူမမျက်နှာပေါ်က အပြုံးက တစ်ခဏမျှ တောင့်တင်းသွားပြီးနောက် ခပ်မြန်မြန်ပင် ပိုပို၍ နှစ်လိုဖွယ် ဖြစ်လာခဲ့သည်။


 "အစ်ကို အိမ်မှာ ခေါက်ဆွဲပြုတ်စားချင်ရင်လည်း ကျွန်မ လုပ်ပေးလို့ရတယ်လေ" 


မော့ကျန်းက စုန့်နီကို ကြည့်လိုက်ပြီး စုန့်နီလည်း သူ့ကို နီးနီးကပ်ကပ် ကြည့်လိုက်သော်လည်း အညိုရောင် နေကာမျက်မှန်အောက်မှ သူ့မျက်နှာ အနေအထားကို မမြင်နိုင်ခဲ့ပေ။ မည်သည်ကြောင့်မှန်း မသိရသော်လည်း စုန့်နီမှာ အလွန် ပျာယာခတ်လာပြီး တစ်ခုခုပြောရန်အတွက် သူမနှုတ် ခမ်းကို ဖွင့်တော့မည်အပြုတွင် ရုတ်တရက် သူမထံသို့ လေပြင်းတစ်ခု တိုက်ခတ်လာခဲ့သည်။


ထိုလေပြင်းက စုန့်နီ မျက်နှာကို တည့်တည့် တိုက်ခတ်လာပြီး သူမ၏ ဆံပင်နှင့် အဝတ်အစားများမှာ ဖရိုဖရဲ့ဖြစ်သွားလေသည်။ သူမက အမှတ်တမဲ့ ခြေနှစ်လှမ်းမျှ ဆုတ်မိသွားပြီး သူမ၏ အလွန်မြင့်သော ဒေါက်များက ခြေချော်၍ ယိုင်သွားကာ ကြောက်လန့်တကြား အော်သံတစ်ခုဖြင့် မြေပေါ်သို့ လဲကျသွားလေသည်။


လေပြင်းက ရပ်တန့်သွားကာ စုန့်နီ လဲကျသွားသည်ကို မြင်သည်နှင့် သူမ၏ လက်ထောက်က အပြေးရောက်လာပြီး သူမကို လာကူသည်။ မော့ကျန်းက ကားထဲက ထွက်ရမလား မထွက်ရဘူးလားဟု တစ်ခဏမျှ တွေဝေနေပြီးနောက် လီဗာပေါ်သို့ ဖိချလိုက်ကာ ဘန်ထလေကားလေးက ကားပါကင်မှ မောင်းထွက်သွားသည်။ 


“အာ ဟား ဟား ဟား ဟား" အားယောင်က ဘန်ထလေထဲတွင် ထိုင်နေပြီး စတူဒီယိုမှ ပြန်လာသည့် လမ်းတလျှောက် ရယ်မောနေခဲ့သည်။ မော့ကျန်းက ကားရပ်လိုက်ပြီး အားယောင်ကို လှည့်ကြည့်လိုက်သည်။ "လေတိုက်အောင် မင်းလုပ်လိုက်တာလား"


အားယောင်က ခေါင်းငြိမ့်ပြလိုက်ပြီး သူမမျက်နှာပေါ်ရှိ ဝံ့ကြွားနေသော အမူအယာက ဆရာဆီမှ ချီးကျူးခံလိုသောကျောင်းသားလေး တစ်ယောက်နှယ် ဖြစ်နေသည်။


“မင်းက တော်တော်လေး သိတာပဲ" မော့ကျန်းက ခေါင်းကို အရှေ့သို့ ပြန်လှည့်လိုက်ပြီး ကား စတီယာရင်ကို ဘယ်ဘက်သို့ လှည့်ကာ ကားက လမ်းပေါ်သို့ မောင်းထွက်သွားလေသည်။


“ဒါလေးက အပျော့စား စကေးလေးပဲ ရှိသေးတယ်" အားယောင်က မော့ကျန်းထံမှ ချီးကျူးခံလိုက်ရခြင်းကြောင့် ဝံ့ကြွားမှုများက တစ်လက်မမှ တစ်မိုင်ဆီသို့ ထိုးတက်သွားလေသည်။


 "ခက်ခဲတဲ့ အပြင်းစား စကေးတွေလည်း လုပ်နိုင်သေးတယ်နော်" 


“ဪ” မော့ကျန်းက မျက်ခုံးပင့်လိုက်သည်။ "ဝင်ပူးတာကရော" 


“ဝင်ပူးတာလား”အားယောင်က တွေဝေနေပုံဖြင့် မျက်ခုံးများ စုကြုတ်သွားသည်။ "အဲ့ဒါကိုတော့ ဘယ်လို လုပ်ရမလဲ မသိဘူး"


မော့ကျန်းက ပြုံးလိုက်ကာ ပြန်မဖြေလာသော်လည်း အားယောင်၏ မျက်လုံးထဲတွင်မူ သူ့တိတ်ဆိတ်နေမှုက လှောင်ရယ်နေခြင်းဟုသာ ခံစားနေရသည်။


 "ကျွန်မ မကြာခင် လူ့ခန္ဓါကိုယ်တွေထဲ ဘယ်လို ဝင်ပူးရလဲ ဆိုတာကို လေ့လာတော့မှာ... ပထမဆုံးပစ်မှတ်ကတော့ ရှင်ပဲ... ပြီးရင် ရှင့်ခန္ဓါကိုယ်ကိုယ်ရဲ့ အတိုင်းအတာတွေအားလုံး တိုင်းလိုက်မှာ" 


“အိုး” ဤတစ်ကြိမ်တွင်မူ မော့ကျန်း အမှန်တကယ် ရယ်မောလိုက်ခြင်းပင်။ "ငါစောင့်နေပါ့မယ်"


“ဟားဟား" အားယောင်က ရယ်မောလိုက်ပြီးနောက် အိမ်ပြန်ရောက်သည်နှင့် သူမကိုယ်သူမ လေ့ကျင့်ရေး၌သာ နစ်မြှုပ်ထားတော့မည်ဟု ဆုံးဖြတ်ချက်ချလိုက်တော့သည်။


လမ်းပေါ်မှ ကားလေးက တိတ်တဆိတ် ပြေးလွှားနေခဲ့ပြီး အားယောင်က အဝေးမှ ကြီးမားသော ချားရဟတ်ဘီးကြီး တစ်ခုကို လက်ညှိုးထိုးပြ၍ မော့ကျန်းကို ပြောလာသည်၊ "အဲ့မှာ ကစားကွင်း ရှိတာလား"


သူတို့ ထိုလမ်းပေါ်မှာ ဖြတ်သွားတိုင်း သူမ ထိုချားရဟတ်ကြီးကို တွေ့နေရသည်။ အားယောင် ထိုနေရာသို့ သွားချင်နေခဲ့သည်မှာ အတော်ကြာလေပြီ။


အားယောင် ထိုးပြသည့်နေရာသို့ မော့ကျန်း မျက်လုံးများ လိုက်ကြည့်မိသွားပြီး နှာမှုတ်လိုက်သည်။ "Aမြို့ရဲ့ အကြီးဆုံး ကစားကွင်းလေ"


အားယောင်က လက်ကို ပြန်ရုတ်လိုက်ပြီး မော့ကျန်းကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။ " ကစားကွင်းကို သွားရအောင်လေ"


မော့ကျန်း: “…”


“မသွားဘူး” မော့ကျန်းက လမ်းကွေ့လေးကို တည်တည်ငြိမ်ငြိမ် လှည့်ရင်းဖြင့် ချားရဟတ်နှင့် ဆန့်ကျင်ဘက်နေရာဆီသို့ မောင်းသွားလေသည်။ အားယောင်က နောက်လှည့်ကာ ချားရဟတ်ဘီးကြီး ဝေးသထက် ဝေးသွားသည်ကို ကြည့်နေခဲ့သည်။


 "မစ္စတာမော့ ဒီနေ့က ရှင့်မွေးနေ့လေ... မွေးနေ့ မကျင်းပချင်ဘူးလား"


မော့ကျန်း၏ မျက်ခုံးများ ခုန်ပေါက်သွားပြီး တီးတိုးရယ်မောလိုက်လေသည်။ "ဒီနေ့က ငါ့ရဲ့ နှစ်ဆယ့်ခြောက်နှစ်ပြည့် မွေးနေ့နော်... ခြောက်နှစ်ပြည့် မဟုတ်ဘူး"


အားယောင်:"…"


“အရွယ်ရောက်တဲ့ လူတွေ ကစားကွင်း မသွားရဘူးလို့ ဘယ်သူ ပြောထားလို့လဲ... ကျွန်မတို့က နှလုံးသားထဲမှာတော့ ငယ်ရွယ်နေရမယ်လေ... ဒါမှ ဘဝကြီးက စိတ်ဝင်စားဖို့ ကောင်းမှာပေါ့" 


“မင်းနဲ့ တွေ့ပြီးကတည်းက ငါ့ဘဝကလည်း အရမ်းကို စိတ်ဝင်စားဖို့ ကောင်းနေခဲ့ပြီးသားပဲ"


“…”


မော့ကျန်း သူမ၏ ဆိုလိုရင်းအား အပြည့်အဝ နားမလည်သည်ကို တွေ့သောအခါ အားယောင်က ထိုင်ခုံပေါ်တွင် စတင် လူးလှိမ့်နေတော့လေသည်။


 "ကစားကွင်း သွားချင်တယ်... ကစားကွင်းသွားချင်တယ်... ကစားကွင်း သွားမယ်လို့... ကစားကွင်း သွားချင်ပါတယ်ဆို"


မော့ကျန်း: “…”


သူမ၏ တစ်ဘဝလုံး အော်ဟစ်ရန်အတွက်သာ သုံးနေသည်ဟု သူ ခံစားနေရသည်။


“အရမ်း စိတ်ရှုပ်ဖို့ ကောင်းတယ်" မော့ကျန်းက ဘရိတ်နင်းကာ စတီယာရင်ဘီး၏ ဦးတည်ချက်ကို ချားရဟတ်ဘီးကြီးထံ လှည့်၍ ကစားကွင်း၏ ဝင်ပေါက်တည့်တည့်တွင် ပါကင်ထိုးလိုက်သည်နှင့် သူ ထိုသရဲမကို ကိုယ့်ဘာသာ ကစားခိုင်းလိုက်ပြီး သူမနောက်ကို လိုက်သွားရန် မလိုအပ်ဟု တွေးမိလာသည်။ 


“အထဲဝင်ရအောင်လေ" အားယောင်၏ မျက်လုံးများ တဖျတ်ဖျတ်လက်နေပြီး အရုပ်အသစ်ရသော ကလေးလေး တစ်ယောက်ကဲ့သို့ ကစားကွင်း၏ အပေါက်ဝကို ကြည့်နေလေသည်။


မော့ကျန်းက ခေါင်းငုံ့သွားပြီး သူ့ကုတ်အင်္ကျီ၏ ခေါင်းစွပ်ကိုလည်း ခေါင်းတွင် စွပ်ချလိုက်သည်


 "ငါ ပြန်တော့မယ်... မင်းသွားဆော့လိုက်"


“မရပါဘူး" အားယောင်က မော့ကျန်း၏ ထွက်ပြေးရန် လမ်းကြောင်းကို ပိတ်ဆို့ကာ သူမရှေ့မှ အညိုရောင် နေကာမျက်မှန်ကြီးကို ကြည့်လိုက်သည်။ "ဝင်ပေါက်တောင် ရောက်နေပြီကို ရှင်အခု ပြန်ထွက်လို့ မရတော့ဘူး" 


မော့ကျန်း: “…”


ထွက်ပြေးချင်ရတဲ့ အကြောင်းပြချက်ကောင်းကောင်း တစ်ခုရှိသေးတယ်... မင်းသိရဲ့လား... မင်းဦးလေးပဲ... အာ


မော့ကျန်း သူမကို စိတ်ထဲမှ ကြိမ်ဖန်များစွာ ဆဲရေးလိုက်ရသည်။ ဝင်ပေါက်တွင် ဖြတ်သွားသော စုံတွဲငယ်ငယ်လေး များစွာ ရှိကာ အားလုံးက သူ့ကို ထူးဆန်းသော အကြည့်များ ပေးလာကြသဖြင့် မော့ကျန်း ခေါင်းငုံ့ကာ ကစားကွင်းထဲသို့ ခပ်မြန်မြန် လျှောက်သွားလိုက်သည်။


အားယောင်က စိတ်လှုပ်ရှားစွာဖြင့် စိတ်ဝင်စားစရာ ကောင်းသည့် အရာတစ်ခုခုကို တွေ့သောအခါ ဂယောင်ချောက်ခြား အော်ဟစ်ရင်းဖြင့် သူ့နောက်ကို လိုက်လာခဲ့သည်။ မော့ကျန်းမှာ လမ်းလျှောက်နေစဥ် ခေါင်းကို ငုံ့ထားသည်။ ယနေ့မှာ အလုပ်ဖွင့်ရက် ဖြစ်သော်လည်း ကျောင်းသားများမှာ နွေရာသီအားလပ်ရက် ကျောင်းပိတ်ချိန် ဖြစ်သဖြင့် ကစားကွင်းတွင် လူအနည်းငယ် ရှိနေသေးသည်။ သူ့ကိုသာ မှတ်မိသွားကြပါက အဆုံးတွင် အရိုးတခြားအသားတခြား ဖြစ်သွားနိုင်လောက်ပေသည်။


တစ်နေ့နေ့တွင် သရဲမတစ်ယောက်ကို လိုက်ပါ အဖော်ပြုပေးရမည်ဟု သူတစ်ခါမှပင် မတွေးမိခဲ့။


“ချားရဟတ်ကြီး... ချားရဟတ်ဆီ သွားရအောင်" အားယောင်က စိတ်လှုပ်ရှားစွာဖြင့် မော့ကျန်း၏ လက်မောင်းကို ဆွဲယူလိုက်သော်လည်း ထွင်းဖောက်မြင်ရသော လက်များက သူ့လက်မောင်းကို ဖြတ်သွားလေသည်။ မော့ကျန်း မျက်မှောင်ကြုံ့သွားပြီး ချားရဟတ်တွင် လူများစွာ မရှိသည်ကို တွေ့သောအခါ ချားရဟတ်စီးရန်အတွက် လက်မှတ်ဖြတ်လိုက်ကြသည်။


အားယောင်က သူ့နောက်မှ ချားရဟတ်ပေါ် လိုက်လာပြီး မျက်နှာချင်းဆိုင် နေရာမှ အားယောင်၏ မျက်နှာကို မော့ကျန်းတွေ့သောအခါ အနည်းဆုံးတော့ သူငွေအချို့ ခြွေတာနိုင်လိုက်သည့်အတွက် ၎င်းက အတော်လေး ကောင်းသည်ဟု တွေးလိုက်မိသွားသည်။


တံခါးပိတ်သွားသောအခါ ချားရဟတ်က ခပ်ဖြည်းဖြည်း လည်ပတ်လာလေသည်။ အပြင်ဘက်မှ အသံများက မှန်များကြောင့် ပိတ်ဆို့နေသဖြင့် ကိုယ်ပိုင်ကမ္ဘာငယ်လေးကဲ့သို့ ဖြစ်နေပြီး မော့ကျန်းက ပြတင်းပေါက် အပြင်မှ မြင်ကွင်းကို ကြည့်၍ သူ့နှလုံးသား တဖြည်းဖြည်း ငြိမ်သက်လာခဲ့သည်။ 


အားယောင်၏ မျက်နှာက ပြတင်းပေါက်တွင် ကပ်၍နေပြီး အပြင်ဘက်မြင်ကွင်းကို တပျော်တပါး ကြည့်နေလေ၏။ မော့ကျန်းက ခေါင်းစွပ်ကို ချွတ်ကာ သူ့မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အားယောင်ကို ကြည့်လိုက်သည်။ "မင်းက အတော်လေး မြင့်မြင့် ပျံနိုင်နေတာပဲ... ဘာဖြစ်လို့ ဒီလောက်ထိ ချားရဟတ်ကို အရူးအမူး စီးချင်နေရတာလဲ' 


အားယောင်က ရုပ်ဝတ္ထုအရ ကားမစီးနိုင်သောကြောင့် ချားရဟတ်ကိုလည်း အတူတူပဲ ဖြစ်လိမ့်မည်။


အားယောင်: “…”


လူတွေကို မီးသွေးအချို့ ဖြတ်ပေးလိုက်စမ်းပါ... ကျေးဇူးပြုပြီး...


“ပျံရတာနဲ့ ချားရဟတ်စီးရတဲ့ အရသာက ဘယ်တူပါ့မလဲ"


မော့ကျန်း: “…”


တကယ်တော့ မတူပါဘူးနော်...အာ...


ချားရဟတ်က တဖြည်းဖြည်း တက်နေပြီး မော့ကျန်းက တစ်ချိန်လုံး တိတ်ဆိတ်နေ၍ ထိုလူနှင့် ချားရဟတ်စီးရသည်မှာ အတော်လေး ပျင်းစရာကောင်းသည်ဟု ခံစားနေရသည်။


ထို နေရာကျဥ်းလေး၌ ယောကျ်ားတစ်ယောက်နှင့် မိန်းကလေး တစ်ယောက်သာ ရှိနေသည်။ အားယောင်က ချားရဟတ်ထဲတွင် ထိုင်နေရင်းဖြင့် သူမ၏ ပါးများ ပူနွေးလာပြီး နှလုံးခုန်သံလည်း မြန်လာသည်ဟု ခံစားနေရသည်။


“မင်း ဘာတွေ တွေးနေတာလဲ" တစ်ဖက်မှ မော့ကျန်း၏ အသံဖျော့ဖျော့က သူမ၏ အတွေးများကို နှောက်ယှက်လိုက်သည်။ သူမက အကြိမ်အနည်းငယ်မျှ ချောင်းဆိုးလိုက်ပြီးနောက် ခပ်တောင့်တောင့် ထိုင်ကာ ပြောလိုက်သည်။ "မဟုတ်ဘူး... မတွေးပါဘူး"


မော့ကျန်းက သူမ၏ အကြည့်များကို မြင်လိုက်သော်လည်း စကားထပ်မပြောလာပေ။ အားယောင်သည်လည်း တစ်ခဏမျှ ငြိမ်ငြိမ်လေး ထိုင်နေပြီးနောက် ချားရဟတ်ကြီး အမြင့်ဆုံးနေရာသို့ တဖြည်းဖြည်း ရောက်လာသည်ကို တွေ့သောအခါ ထပ်ပြီး စိတ်လှုပ်ရှားလာလေသည်။ 


"ချားရဟတ် အမြင့်ဆုံးနေရာကို ရောက်တဲ့အချိန် ဆုတောင်းရင် ဆုတောင်းတွေ တကယ်ဖြစ်လာနိုင်တယ်လို့ ကြားဖူးတယ်" 


“ အိုး” မော့ကျန်း၏ တုံ့ပြန်မှုမှာ လေးတွဲ့တွဲ့ ဖြစ်နေသည်။ သူက ထိုကဲ့သို့ ရူးကြောင်ကြောင် ဒဏ္ဍာရီများကို ယုံကြည်တတ်သည့် ယောကျ်ားမျိုး မဟုတ်ပေ။


အားယောင်၏ နှုတ်ခမ်းများ စေ့သွားပြီး မော့ကျန်းဘေးသို့ မျောလွင့်လာကာ ထိုင်ချလိုက်သည်။ "ဆုတောင်းလိုက်လေ... ဒီနေ့က ရှင့်မွေးနေ့ပဲဟာ"


မော့ကျန်းက သူ့ဘေးတွင် ထိုင်နေသော အားယောင်ကို ကြည့်လိုက်သည်။ အညိုရောင် နေကာမျက်မှန်ကြီးက သူ့မျက်လုံးလှလှလေးများကို ပိတ်ကာထားသဖြင့် အားယောင်မှာ သူ့မျက်နှာ အမူအယာကို မမြင်နိုင်ခဲ့ပေ။ အပြင်ဘက်ကို ကြည့်ရင်းဖြင့် မော့ကျန်းက ဆုတောင်းသည့်ဟန် လုပ်လိုက်သည်။ 


"ငါးမီလီယံ ရဖို့ ဆုတောင်းပါတယ်... အာမင်"


အားယောင်: “…”


ဒီဆုတောင်းက စိတ်ရင်းမှန်လေးတောင် ပါမနေဘူးဟ... "ရှင့်မှာ ငါးမီလီယံ ရှိပြီးသား မဟုတ်ဘူးလား"


မော့ကျန်းက ပြတင်းပေါက်မှ ငုံ့ကြည့်နေရင်းဖြင့် သူ့နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့တက်လာခဲ့သည်။ 


"ဘယ်သူက ငါးမီလီယံ ဒေါ်လာ မရချင်ဘဲနေမှာလဲ"


“ဒါပေမယ့် တစ်ခါတည်း ငါးမီလီယံ ဒေါ်လာ တောင်းလို့မရဘူးလေ... အရင်ဆုံး ရေစစ်ထုတ်ဖို့ ငါးဆယ်ဒေါ်လာ အရင်တောင်းသင့်တာပေါ့"


မော့ကျန်း: “…”


တကယ်ပဲ တောင်းပန်ပါတယ်နော်... သေချာ မတွေးမိတဲ့သူက ငါပါ...


သူတို့က ချားရဟတ်အတွင်းတွင် မိနစ်နှစ်ဆယ်ကျော်မျှ ရှိနေခဲ့ကြသည်။ အားယောင်က အခြားသော စီးစရာများ ကစားရန်အတွက် မော့ကျန်းကို ဆွဲခေါ်သွားချင်ခဲ့သော်လည်း ရုတ်တရက်ပင် ကောင်းကင်သို့ ထိုးဖောက်မတတ် စူးရှလှသော အသံတစ်ခုကို ကြားလိုက်ရသည်။ "ကြည့် ... အဲ့ဒါ မော့ကျန်းပဲ"


Xxxx