အပိုင်း ၁၅
Viewers 10k

Chapter 15


 ကောင်းကင်ဘုံအရှင်မင်းကြီး


[မော့ကျန်း]ဟူသော အသံမှာ အလွန် ကျယ်လောင်လှသော်လည်း ၎င်းက ကစားကွင်းမှ လူတိုင်းကြားနိုင်လောက်သည်အထိ မကျယ်ပေ။ သို့သော်လည်း မော့ကျန်းအတွက်မူ ကစားကွင်းမှ လူတစ်ယောက်ချင်းစီက ယခု သူ့ကို စိုက်ကြည့်နေကြသကဲ့သို့ ခံစားလိုက်ရသည်။


မော့ကျန်းက မူလတွင် မည်သူမှ သတိမထားမိကြဘဲ ကစားကွင်းမှ တိတ်တိတ်လေး ထွက်သွားချင်ခဲ့သော်လည်း သူ့ဖန်များက "မော့ကျန်း" နှင့် "ဧကရာဇ်မော့" ဟူ၍ အော်ဟစ်နေကြပြီး အသံများက ပို၍ များလာကာ ကျယ်လောင်လာခဲ့လေသည်။ ၎င်းကို ကြားသောအခါ မော့ကျန်းက ခြေလှမ်းများကို မသိလိုက်မသိဘာသာ အရှိန်မြှင့်မိသွားပြီး ထွက်ပြေးရန်သာ တိုက်ရိုက် ဆုံးဖြတ်လိုက်လေသည်။


သူ့ဖန်အုပ်ကြီးက သူ့နောက်မှာ မြန်မြန် လိုက်လာနေပြီး သူ့နာမည်ကို အော်ကာ လိုက်ဖမ်းရန် ကြိုးစားနေကြသည်။ မော့ကျန်းက အပြေးသန်သော်ငြား သူ့ဖန်ကလပ်မှ လွတ်အောင် မစီမံနိုင်ခဲ့ဘဲ ထိုအစား သူ့နောက်က လိုက်လာသည့် ဖန်အုပ်ကြီးမှာ ပို၍ပင် တိုးလာနေသေးသည်။


မော့ကျန်းနောက်မှ လိုက်လာသော အားယောင်မှာ အနောက်မှ လူစုလူဝေး အကြီးကြီးကို ကြည့်လိုက်ပြီးနောက် သူ့ရှေ့သို့ စိုးရိမ် ပူပန်လျက် မျောလွင့်သွားသည်။ "ဘယ်သွားမလို့လဲ"


“အမျိုးသား သန့်စင်ခန်း”


“အမျိုးသား သန့်စင်ခန်းက သူတို့ကို တားနိုင်မယ်လို့ တွေးနေတာလား”


မော့ကျန်း: “…”


“ကားပါကင်ကို သွားလိုက်... ကျွန်မ သူတို့ကို ကူပြီး တားထားပေးမယ်”


“သူတို့ကို ဘယ်လို တားမလို့လဲ" မော့ကျန်းက ခေါင်းကို မော့လိုက်သည်နှင့် အားယောင်မှာ သူ့နောက်သို့ မျောလွင့်သွားပြီးသား ဖြစ်ကာ မော့ကျန်းမှာ သူမ မပျောက်သွားခင်အထိ သူမ၏ အဖြူရောင် ဝတ်စုံလေးကိုသာ ရိပ်ခနဲ မြင်လိုက်ရသည်။ 


ကစားကွင်းအတွင်းတွင် အခြေအနက အတော်လေး ရှုပ်ထွေးသွားသဖြင့် လုံခြုံရေးများပင် နှိုးဆော်ခံလိုက်ရသည်။ မော့ကျန်းက အဝေးမှ လုံခြုံရေး အစောင့်များကို ကြည့်လိုက်ပြီးနောက် ခြေလှမ်းများကို အရှိန်မြှင့်၍ ထိုသူများထံ ပြေးသွားလိုက်သည်။ 


အားယောင်က မော့ကျန်းဖန်များကို ကူတားဆီးပေးပြီး နောက်မှ ပြန်တွေ့ကြမည်ဟု ပြောခဲ့သော်လည်း သူမတွင် အထူးစွမ်းရည်များ ရှိမနေဘဲ လှည့်စားမှုအချို့ကိုသာ လုပ်နိုင်ပေသည်။ ရုတ်တရက်ပင် လေပြင်းလာပြီး မြင်ကွင်းပေါ်မှ အရာအားလုံးကို တိုက်ခတ်သွားခဲ့သည်။ ပတ်ပတ်လည်မှ သစ်ပင်များမှာ ယိမ်းခါလာပြီး လျှောက်လမ်းဘေးမှ ထီးများကလည်း မြေပြင်ပေါ်သို့ လဲကျလာကာ မေ့ကျန်းကို လိုက်ဖမ်းနေသည့် လူအုပ်ကြီးအား အရှိန်လျော့သွားစေခဲ့သည်။


ထိုအချိန်၌ လုံခြုံရေးများက ဖန်များကို ပိတ်ဆို့ရန် အခွင့်အရေး ရလိုက်ပြီး လူအုပ်ကြီး၏ မျက်လုံးထောင့်မှာပင် မော့ကျန်း တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။


သူမ လေပြင်းကို ရပ်လိုက်သည်နှင့် အားယောင်မှာ ဖြူဖျော့လာကာ အလွန် ပင်ပန်းလာသလို ခံစားလိုက်ရပြီး သူမ၏ ခန္ဓါကိုယ် ပိုပို၍ ထွင်းဖောက်မြင်လာသည်ကို မြင်နေရသည်။


မော့ကျန်းက ကားပါကင်ဆီ တည့်တည့် ပြေးသွားလိုက်ပြီး ကားထဲကို ဝင်၍ ဗီလာသို့သာ တည့်တည့် မောင်းထွက်သွားသည်။ သူ ဗီလာ၏ ရှေ့တံခါးကို ဖွင့်လိုက်မှသာ အသက်ပြင်းပြင်း ရှုထုတ်မိသွားသည်။ သူ ထိုကဲ့သို့ မပြေးရသည်မှာ အတော်ကြာနေပြီ ဖြစ်ကာ သူသာ ကစားကွင်းမှာ ဖမ်းမိသွားခဲ့ပါက အရိုးရော အသားရော မကျန် အစားခံလိုက်ရမည် ဖြစ်သည်။


မော့ကျန်းက စားပွဲပေါ်တွင် ကားသော့ကို ထား၍ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ကာ လေးမိနစ်မျှ စောင့်လိုက်ပါသော်လည်း အားယောင် ပေါ်မလာခဲ့ပေ။ 


သူ့ မျက်ခုံးများ စုကြုံ့ကာ အားယောင် ပေါ်လာသည်ကို စောင့်နေပြီးနောက် အဆုံးတွင် မော့ကျန်းက ပါးစပ်ကို ဖွင့်၍ တိုက်ရိုက်သာ ခေါ်လိုက်သည်။


 "အားယောင်" 


၎င်းက သူ အားယောင်ကို ပထမဆုံးအနေဖြင့် သူမ၏ နာမည်တပ်ကာ ခေါ်ခြင်း ဖြစ်ပေသည်။ သို့သော်လည်း သူမ၏ နာမည်ကို ဘယ်တော့မှ မပြောဟု ချမှတ်ထားခဲ့သော သူ့ဆုံးဖြတ်ချက်အကြောင်းကို တွေးမိသွားသောအခါ သူတော်ကောင်းယောင်ဆောင်ခဲ့မှုအတွက် မနေနိုင်ဘဲ ရယ်မောမိသွားသည်။ 


သို့သော်လည်း အားယောင်မှာ ပေါ်မလာဆဲ ဖြစ်ပြီး မော့ကျန်းက အချိန်ကို ကြည့်ကာ ရေချိုးပြီး အိပ်ရာဝင်ရန် ဆုံးဖြတ်လိုက်သည်။ မာစတာ အိပ်ခန်းမှ အိပ်ရာများမှာ လဲပြီးသား ဖြစ်ပြီး ထန်ချန်းက အလုပ်လုပ်သည့်အခါတိုင်း သေသပ်ကာ ပရော်ဖက်ရှင်နယ်ဆန်လှသည်။ သို့သော်လည်း မနက်ဖြန်အတွက်မူ သူ ထိုကဲ့သို့သော ဖရိုဖရဲ အခြေအနေကို ဖြစ်စေခဲ့သဖြင့် ထိုသူ ခေါင်းကိုက်နေလိမ့်မည် ဖြစ်ပြီး မီဒီယာ သတင်းများစွာ တက်လာလိမ့်မည် ဆိုသည်ကို မော့ကျန်း ကောင်းကောင်း သိနေသည်။


မော့ကျန်းက ညနေ ခြောက်နာရီအထိ အိပ်ပျော်သွားခဲ့ပြီး သူနိုးလာချိန်၌ပင် အားယောင် ပေါ်မလာသေးပေ။


နေ့လည်ခင်းတွင် ရိုက်ကူးရေးအဖွဲ့သားများနှင့် ကိတ်အနည်းငယ်သာ စားခဲ့သဖြင့် သူ့အစာအိမ်က ပြင်းပြင်းထန်ထန် လှုပ်ရှားနေသည်ကို ခံစားလိုက်ရချိန်၌ ရပ်တန့်သွားလေသည်။ သို့သော်လည်း ယခုတွင်မူ မော့ကျန်း၏ အစာအိမ်က အလွတ်နီးပါး ဖြစ်နေလေသည်။


မော့ကျန်းက ပထမထပ်ကို လျှောက်သွားပြီး ရေခဲသေတ္တာကို ဖွင့်၍ ဘီစကစ်ဘူးကို ထုတ်ကာ ကွန်ပျူတာရှေ့တွင် ထိုင်ချလိုက်သည်။ ကွန်ပျူတာကို ဖွင့်၍ QQကို ဝင်ပြီးနောက် မော့ကျန်းမှာ [နတ်ဘုရားတောင်ဝှေး] က offline ဖြစ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရချိန်၌ စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ 


မော့ကျန်းက စကားပြောခန်းကို ဖွင့်လိုက်ပြီးနောက် သူ့လက်များက ကီးဘုတ်ပေါ်တွင် ခပ်မြန်မြန် စာရိုက်လာခဲ့လေသည်။ "ဆရာသခင်... QQမှာ ဆရာ့ဆီကနေ စကားပြန်ဖို့က နှစ်တစ်ထောင်လောက် ကြာသွားတော့မယ်" 


မော့ကျန်း ထိုမက်ဆေချ့်ကို ရိုက်ပို့ပြီးသည်နှင့် စကားလုံးအချို့ကို ထပ်ရိုက်လိုက်ပြီးနောက် ပြန်ဖျက်လိုက်သည်။ သို့သော်လည်း စာပြန်ရိုက်လိုက်ကာ ပြန်ဖျက်လိုက်ပြန်သည်။ ၎င်းက အကြိမ်ပေါင်း များစွာ ဖြစ်ပွားနေခဲ့ပြီး သူ့ကိုယ်ပိုင် အပြုအမူကို စိတ်ရှုပ်ထွေးလာသော မော့ကျန်းမှာ မရေရာသော ဒေါသများကို စားပွဲပေါ်သို့သာ ပုံချလိုက်သည်။ 


အချိန်အတော်ကြာ တွေးနေခဲ့ပြီးနောက် မော့ကျန်းက ပို့မည်ဟူသည့် ခလုတ်ကို နှိပ်လိုက်သည်။ "သရဲ တစ်ယောက်က ဝိဥာဏ် စွမ်းအားတွေ အများကြီး သုံးလိုက်ရင် ဘာဖြစ်သွားနိုင်လဲ"


ထိုစာကြောင်းကို ပို့လိုက်ပြီးနောက် အခြားတစ်ဖက်မှ စာပြန်လာရန် အလားအလာ မရှိသော်လည်း မော့ကျန်းမှာ စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေဆဲပင်။


ထူးဆန်းစွာပင် မကြာမီ အခြားတစ်ဖက်မှ တုံ့ပြန်လာခဲ့သည်။ "သူတို့ ပျောက်ကွယ်သွားလိမ့်မယ်"


မော့ကျန်းက ထိုစာကြောင်းကို ကြည့်၍ သူ့သူငယ်အိမ် ကြုတ်သွားပြီး စားပွဲပေါ်မှ သူ့လက်များသည်လည်း အမှုမဲ့ အမှတ်မဲ့ ခပ်တင်းတင်း လက်သီးဆုပ်မိသွားသည်။


“ငါနောက်နေတာပါ... သရဲအများစုက အိပ်ဖို့ပဲ လိုတာ... ပြီးရင် အဆင်ပြေသွားလိမ့်မယ်"


မော့ကျန်း: “…”


“ကျွန်တော်က ရယ်နေတဲ့ပုံ ပေါက်နေလို့လား" မော့ကျန်းက ကီးဘုတ်အပေါ်တွင် အပေါက်ဖောက်ချင်နေသကဲ့သို့ ကီးဘုတ်ကို ဒေါသတကြီး နှိပ်လိုက်သည်။ 


တစ်ဖက်မှလူက ပြုံးနေသည့် အမူအယာ လုပ်လာခဲ့ပြီး မေးလာခဲ့သည်။ "ငါ ဒီနှစ်အဆုံးပိုင်းလောက် အဆုံးသတ်ရမဲ့ ကိစ္စတစ်ခု ရှိနေလို့... ပြီးရင် ငါပြန်လာမှာ... အရင်တစ်ခေါက် မင်းပြောထားတဲ့ ကိစ္စက အလျင်လိုနေလို့လား"


မော့ကျန်းက တစ်ခဏမျှ မျက်မှောင်ကြုတ်ကာ ပြန်ဖြေလိုက်သည်။ "အဲ့ဒီကိစ္စကို ဆရာပြန်လာတဲ့အခါမှပဲ မေးတော့မယ်... ဒါပေမယ့် ဘာတွေကြောင့်များ ဆရာ ဒီနေ့ အွန်လိုင်းပေါ် တက်လာရတာလဲ" ပြီးတော့ လုံးဝ အချိန်ကိုက် ဖြစ်နေတဲ့ အချိန်မှလေ...


“မင်းကို မွေးနေ့ ဆုတောင်းပေးဖို့ ထွက်လာတာ... ဒါပေမယ့် မင်းငါ့ကို အရမ်းကြီး ကျေးဇူးတင်နေဖို့ မလိုဘူးနော်"


မော့ကျန်း: “…”


“ဂွတ်ဘိုင်" မော့ကျန်းက လက်ဝှေ့ယမ်းပြနေသည့် ပုံလေး ပို့လိုက်ပြီး တုန့်ဆိုင်းနေခြင်းပင် မရှိဘဲ အွန်လိုင်းပေါ်မှ ဆင်းလိုက်လေသည်။


မော့ကျန်းက ရေခဲသေတ္တာဆီ ထပ်သွားလိုက်ပြီး အထဲကို ကြည့်လိုက်ကာ ပါစတာကို ထုတ်ယူလိုက်သည်။ သူ ခေါက်ဆွဲကို ချလိုက်ချိန်မှာပင် တံခါးဘဲလ်သံ မြည်လာခဲ့သည်။ 


အင်တာကွန်က ထန်ချန်း၏ ခပ်နုံနုံ မျက်နှာအား ပြသနေသည်။ "ဧကရာဇ်မော့ မွေးနေ့မှာ ပျော်ရွှင်ပါစေ" မော့ကျန်း တံခါးကို ဖွင့်လိုက်သည်နှင့် ထန်ချန်းက လက်ထဲတွင် ကိတ်တစ်လုံး သယ်ကာ ဝင်လာခဲ့သည်။ "ဧကရာဇ်မော့... မင်း ကိတ်ဝယ်ထွက်ရတာ သဘောကျမှန်း ငါမသိခဲ့ဘူး"


မော့ကျန်း: “…”


မော့ကျန်းက ထန်ချန်းမှာ သူ့ကို မွေးနေ့ဆုတောင်း ပေးရုံအတွက်သာ တမင်သက်သက် ရောက်လာခြင်း မဟုတ်ကြောင်း သိနေခဲ့သည်။


မော့ကျန်းက ထန်ချန်းကို လျစ်လျူရှု၍  မီးဖိုချောင်ကို ပြန်သွားပြီး သူ့ခေါက်ဆွဲများကို ဆက်စောင့်ကြပ်နေခဲ့သည်။ ထန်ချန်းက ကိတ်ကို စားပွဲပေါ်တွင် တင်ကာ မီးဖိုချောင်အတွင်းသို့ လိုက်ဝင်လာခဲ့သည်။ အိုးထဲမှ ခေါက်ဆွဲ အထွေးလိုက်ကို ကြည့်ကာ အံ့အားသင့်နေသော ထန်ချန်းတစ်ယောက် မျက်ခုံးပင့်မိသွားလေသည်။ 


"ကစားကွင်းမှာ ဖန်တွေ အလိုက်ခံလိုက်ရတာက ဧကရာဇ်မော့ကို စိတ်ကောင်းဝင်သွားစေတဲ့ပုံပဲ... ပွဲလုပ်ဖို့အတွက် ကိုယ်တိုင် ချက်လို့ ပြုတ်လို့ပါလား" 


မော့ကျန်း: “…”


သူ ထန်ချန်းကို ကြည့်လိုက်ကာ လက်များက တူကိုင်ထားရင်း ခေါက်ဆွဲများ မွှေနေခဲ့သည်။ "သတင်းတွေကို စောစော မပြန့်လောက်သေးဘူးလို့ ထင်ခဲ့တာ" နာရီ အနည်းငယ်မျှသာ ကြာသေးသော်လည်း မီဒီယာ ထွက်ပေါက်များကမူ အလွန် ကျွမ်းကျင်လှပေသည်။


“သတင်းက ထုတ်ပြန်စရာတောင် မလိုတော့ဘူး... ဝေ့ပေါ်မှာ ပွင့်ထွက်နေပြီ" ထန်ချန်းက သူ့အိပ်ကပ်ထဲမှ ဖုန်းကို ထုတ်ယူ၍ ဝေ့ပေါ်ကို ဖွင့်ကာ ပြောလိုက်သည်။ "ကြည့်လိုက်" 


မော့ကျန်းက ထန်ချန်း၏ ဖုန်းကို တစ်ချက်ကြည့်လိုက်သည်။ သေချာပေါက်ပင် ရေပန်းစားနေသော အကြောင်းအရာမှာ "ဧကရာဇ်မော့က ကစားကွင်းကို တစ်ယောက်တည်း သွားလည်ခဲ့တယ်" ဖြစ်နေပြီး ကွန်မန့်ပေါင်း ထောင်နှင့်ချီနေကာ ထောင်ပေါင်းများစွာသော ဖန်များ၏ "ဧကရာဇ်မော့ ကျေးဇူးပြုပြီး ငါတို့ကိုလည်း ခေါ်သွားပါ" ဟူသော ခေါ်သံများကိုပင် ကြားနိုင်နေသည်။ 


မော့ကျန်းက မျက်တောင်ခတ်ကာ ထန်ချန်းကို ဖုန်းပြန်ပေးလိုက်သည်။ "စိတ်ကူးပေါက်လို့ သွားလိုက်ရုံပဲ"


“စိတ်ကူးပေါက်လို့ သွားလိုက်တာ" ထန်ချန်းက မော့ကျန်းဆီသို့သွားကာ စိတ်ဆိုးမာန်ဆိုးဖြင့် ကိုက်ပစ်လိုက်ချင်သည်။ "နောက်တစ်ကြိမ် စိတ်ကူးပေါက်လို့ ထပ်ထွက်သွားပြီး ဖမ်းမိသွားတဲ့ အခါကျရင် အကျိုးဆက်က ဘာတွေဖြစ်မလဲ သိရဲ့လား" 


“ငါသိတောင် မသိချင်ပါဘူး" မော့ကျန်းက အချိန်ကို ကြည့်ကာ ဗီရိုလေးထဲမှ ပန်းကန်ပြား တစ်ချပ်ကို ထုတ်ယူလိုက်သည်။ ထန်ချန်းက မော့ကျန်း၏ အလေးအနက်မရှိသော အမူအယာကို ကြည့်ကာ သူ့ရင်ဘတ်ထဲမှ စိတ်ပျက်လက်ပျက် ခံစားချက်များ ပေါက်ထွက်လာသလိုပင်။ 


"ဧကရာဇ်မော့ မင်းက လူထုပုံရိပ် ရှိတဲ့သူလေ... မင်း ကစားကွင်းကို တစ်ယောက်တည်း သွားလို့ မရဘူးကွ" 


မော့ကျန်းက ထန်ချန်း၏ မျက်လုံးများကို ကြည့်ကာ ပြောလိုက်သည်။ "ဒါဆို နောက်တစ်ခါ တစ်ယောက်ယောက် ခေါ်သွားလိုက်မယ်"


ထန်ချန်း: “…”


ဒါက ပိုဆိုးသွားမှာကွ... ကံကောင်းစွာဖြင့် ဤတစ်ကြိမ်၌ မော့ကျန်း တစ်ယောက်တည်းသာ ဓါတ်ပုံရိုက်ခံလိုက်ရ၍ မီဒီယာများက အလွန် ဆိုးဆိုးဝါးဝါး ပုံကြီးမချဲ့နိုင်ကြဘဲ မော့ကျန်းက သူ့မွေးနေ့တွင် အေးစက်ကာ အထီးကျန်ဆန်မှုကို မည်သို့ ခံစားနေရကြောင်းကိုသာ ရေးသားနိုင်ကြသည်။ သို့သော်လည်း ၎င်းက လူနှစ်ယောက် အဖြစ် ပြောင်းသွားပါက မိန်းကလေး ဖြစ်စေ ယောကျ်ားလေးဖြစ်စေ မီဒီယာများက ခွဲခြမ်းစိတ်ဖြာကာ ၎င်းက အမှန်လား ကောလဟာလလားဟုပင် မပြောနိုင်တော့သည်အထိ ပုံကြီးချဲ့ကြမည် ဖြစ်သည်။


ထန်ချန်းက သက်ပြင်းချကာ ထိုအကြောင်းကို အဆုံးသတ်ရန်သာ ဥာဏ်ပညာရှိရှိ ရွေးချယ်ခဲ့သည်။ မည်သို့ပင် ဆိုစေကာမူ သူ မော့ကျန်းကို ဆက်ပြီး ဟောပြောနေပါက မည်သို့မှ အဆုံးသတ်နိုင်တော့မည်မဟုတ်ပေ။ 


မော့ကျန်းက ခေါက်ဆွဲများပေါ်တွင် ငါးကို တင်လိုက်ချိန်၌ ထန်ချန်းက အိမ် ပတ်ပတ်လည်ကို လိုက်ကြည့်နေခဲ့သည်။ မော့ကျန်းက ငါးပေါ်တွင် အရသာမှုန့် ထည့်လိုက်ပြီး ထန်ချန်းဘက်သို့ လှမ်းကြည့်လိုက်သည်။ 


"ဘာရှာနေတာလဲ"


“မိန်းမ တစ်ယောက်”


မော့ကျန်း: “…”


“မိန်းမ တစ်ယောက် ရှာချင်ရင် အလင်းနီ ဒေသကို သွားလေ"မော့ကျန်းက ပန်းကန်ကို ကိုင်လျက် ထိုင်ချလိုက်ပြီး ထန်ချန်းကို အစားအသောက်များ အသင့်ဖြစ်နေသည့်အကြောင်း ပြောရန် စိတ်အနှောင့်အယှက် မပေးလိုက်တော့ပေ။


ထန်ချန်းက ဂရုမထားဘဲ စားပွဲဆီသို့သွားကာ ကိတ်ကို စားပွဲပေါ်တွင် ထားလိုက်ပြီး မီးညှိလိုက်သည်။ "အရင် ဆုတောင်းလိုက်အုံး"


“ထားလိုက်တော့” ချားရဟတ်ပေါ်တွင် စီးရင်း ဆုတစ်ခုတောင်းခဲ့ သော်လည်း ရလဒ်အနေဖြင့် ကြောက်မက်ဖွယ် ဖန်တစ်အုပ်ကြီး လိုက်လာသည်ကို ခံလိုက်ရသည်။ ယခု သူ ဆုထပ်တောင်းလိုက်ပါက ဥက္ကာခဲတစ်ခုက ကောင်းကင်ပေါ်မှ သူ့အပေါ် တည့်တည့် ကျလာသည်လည်း ဖြစ်နိုင်လောက်ပေသည်။


ထန်ချန်းက မော့ကျန်းဘေးမှ ခုံကို ဆွဲယူကာ ထိုင်ချလိုက်သည်။ "ဘာလို့ မင်းရဲ့ ချစ်သူကောင်မလေးက မွေးနေ့မှာ အတူ ရှိမနေပေးတာလဲ" ပုံထဲမှာ ကောင်မလေးလည်း မပါဘူးဆိုတော့ သူတစ်ယောက်တည်း ကစားကွင်းကို ဘာသွားလုပ်တာပါလိမ့်... ဒါက ပါတနာ ရှိပြီးသား သာမန် ယောကျ်ား တစ်ယောက် လုပ်တတ်တဲ့ ဟာမျိုး မဟုတ်သေးဘူး...


မော့ကျန်းက စပါကတီကို ဇွန်းအပြည့် လိမ်ကာ ထန်ချန်းကို အေးစက်စက် စိုက်ကြည့်၍ ပြောလိုက်သည်။


 "ငါ့မှာ ကောင်မလေး ရှိပါတယ်လို့ ဘယ်လိုသိသွားရတာလဲ"


ထန်ချန်းက ဆို့နင့်သွားပြီး မော့ကျန်းကို မျက်နှာချင်းဆိုင်ကာ ပြောလိုက်သည်။


 "အရင်တစ်ခါ ငါမေးတုန်းက မငြင်းဘူးလေ"


မော့ကျန်းက ပြန်စဥ်းစားလိုက်ပြီးနောက် ထန်ချန်းကို မျက်နှာမူကာ ပြုံးပြလိုက်သည်။ 


"မင်း နားလည်မှုလွဲနေပြီ... ငါပြောတာ... ငါ့တူမလေးကို ပြောတာ... ချစ်သူကောင်မလေးကို ပြောတာ မဟုတ်ဘူး"


ထန်ချန်းက တုန်ယင်သွားပြီးနောက် မော့ကျန်းအိမ်၌ ရှိနေခဲ့သူမှာ သူ့တူမလေး ဖြစ်နေသည်ကို ရုတ်တရက် နားလည်သွားသည်။ ပြီးတော့ သူက မော့ကျန်း ရည်းစားရသွားသည်ကို သူမသိလိုက်၍ သစ္စာဖောက်ခံရသလိုပင် ခံစားလိုက်ရသေးသည်။


သူ့နှလုံးသားထဲမှ လချီနေခဲ့သည့် သစ္စာဖောက်ခံရသော ခံစားချက်ကြီးမှာ ရုတ်တရက် ပြောင်ရှင်းသွားပြီး မော့ကျန်း၏ ပုခုံးကို ပုတ်၍ ပြုံးပြလိုက်သည်။


 "မင်း တူမလေးက မစဥ်းစားတတ်သေးဘူး ... ငါနားလည်ပါတယ်... ဒါပေမယ့် မင်းတူမကို မင်းအကြောင်းတွေ အင်တာနက်ပေါ် မတင်ဖို့ပြောပြလိုက်အုံး"


“… … အင်း” မော့ကျန်းက ခပ်ပေါ့ပေါ့ ပြောကာ ပါစတာကို တစ်ဇွန်းအပြည့် စားလိုက်သည်။ 


ထန်ချန်းက မော့ကျန်းဘက်မှ ခေါက်ဆွဲပန်းကန်ကို ကြည့်ကာ ရုတ်တရက် ဗိုက်ဆာလာခဲ့သည်။ သူ့ဗိုက်ထဲမှ လာသော "ဂွီ" ဟူသည့် မြည်သံကို နားထောင်၍ ထန်ချန်းကို အလေးမထားသော မျက်နှာပေးနှင့် ကြည့်လိုက်သည်။ "ငါနောက်ထပ် ထမင်း မလိုတော့ဘူး"


“… … ငါသွားပြီ” ထန်ချန်းမှာ ဒေါသတကြီး ထကာ ဗီလာမှ ထွက်သွားသည်။


မော့ကျန်းက ခေါက်ဆွဲကုန်သွားပြီးနောက် အချိန်ကို ကြည့်လိုက်ရာ ၎င်းက ရှစ်နာရီ နီးပါး ရှိနေသည်ကို တွေ့လိုက်ရသည်နှင့် မျက်ခုံးများ စုကြုံ့သွားလေသည်။ အဲ့ဒီအရူးမ လမ်းတော့ မပျောက်လောက်ပါဘူးနော်...


စားပွဲပေါ်မှ ဆီများပေနေသော ပန်းကန်ကို ကြည့်ကာ မော့ကျန်း နောင်တအချို့ ရလာခဲ့သည်။ သူ ထန်ချန်း မပြန်ခင် ပန်ကန်ဆေးခိုင်းလိုက်သင့်သည်။


ဧကရာဇ်မော့မှာ ရွေးချယ်စရာ မရှိတော့ဘဲ သူစားထားသော ပန်းကန်များကို ဆေးလိုက်စရတော့သည်။ နာရီ လက်တံက ရှစ်နာရီသို့ မရောင်ခင်မှာပင် သူ ထရပ်ကာ မီးဖိုချောင်ကို သန့်ရှင်းရေး လုပ်လိုက်သည်။


အနည်းငယ် နုန်းချိနေသလို ခံစားလိုက်ရသဖြင့် မော့ကျန်းက ဆိုဖာပေါ်တွင် လဲလျောင်းကာ တီဗီမှ ချန်နယ်များကို တစ်ခုပြီး တစ်ခု ပြောင်းကြည့်လိုက်သော်လည်း စိတ်ဝင်စားဖွယ်ရာ တစ်ခုမှ မတွေ့ရပေ။ ရုတ်တရက်ပင် အခန်းမီး ငြိမ်းသွားချိန်၌ မော့ကျန်း၏ မျက်ခုံးများ တွန့်သွားပြီးနောက် စားသောက်ဆိုင်မှ ဝယ်လာသော ကိတ်ပေါ်မှ ဖယောင်တိုင် မီးတောက်လာသည်ကို တွေ့လိုက်ရလေသည်။


Xxx