အပိုင်း ၁၆
Viewers 10k

Chapter 16


အတင်းအဖျင်း


“မင်း တကယ် တရစ်ဝဲဝဲလုပ်နေသေးတုန်းပဲ" မော့ကျန်းက စားပွဲပေါ်မှ ဖယောင်းတိုင်၏ အလင်းဖျော့ဖျော့ကို ကြည့်နေသည်။ သူ့ပါးစပ်မှ ထေ့လုံးငေါ့လုံးများ ထွက်လာသော်လည်း စုကြုံ့ထားသော သူ့မျက်ခုံးများမှာ အနည်းငယ် ပြေလျော့သွားသည်။ 


အမှောင်ထုထဲမှ အသံက ပဲ့တင်ထပ်နေပြီး အားယောင်၏ ပုံရိပ်က မော့ကျန်းရှေ့တွင် တဖြည်းဖြည်း ပေါ်လာခဲ့သည်။ 


"ကျွန်မ ပြောပြီးသားပဲ... ကျွန်မ ဘယ်သူလဲ သတိမရမချင်း ထွက်မသွားဘူးလို့"


မော့ကျန်းက မျက်ခုံးပင့်ကြည့်လိုက်သည်။ အားယောင်၏ ပုံရိပ်က သူမဘေးမှ အမှောင်ထုနှင့် ယှဥ်လိုက်ပါက အဖြူရောင် နှင်းဝေနေသော အလင်းရောင်လေးနှင့် တူနေသည်။ သူမက လက်များကို ပိုက်ထွေးကာ လေပေါ်တွင် ဝဲပျံလျက် မော့ကျန်းကို နှိမ့်ချပြီး ကြည့်နေသည်မှာ ဆိုးယုတ်သော အကြံတို့ဖြင့် ပြည့်နေသည့် အမျိုးသမီးတစ်ယောက်ကဲ့သို့ပင်။


“မင်းရဲ့ အဝင်ပြကွက်က တော်တော်လေး မိုက်ပြီး အစီအစဥ်ကျနေတာပဲ... အခု မီးတွေဖွင့်ပေးလို့ ရပြီလား”


အားယောင်: “…”


သူမက စိတ်ဆိုးမာန်ဆိုးဖြင့် မော့ကျန်းဘေးတွင် ဝင်ထိုင်လိုက်ကာ စကားကို တစ်လုံးချင်း ပြောလာခဲ့သည်။ "မ ရ သေး ဘူး" 


မော့ကျန်း၏ နှုတ်ခမ်းထောင်များ မြင့်တက်သွားပြီး သူ ဒေါသထွက်လာသည့် အချိန်မှာ ခပ်ရှားရှားပင်။ ထမင်းစားခန်းထဲမှ ကိတ်၏ ဖယောင်းတိုင်မီး၏ခပ်ဖျော့ဖျော့ကသာ အနီးပတ်ဝန်းကျင်မှ တစ်ခုတည်းသော အလင်းရောင် အရင်းအမြစ် ဖြစ်နေသည်။ အခန်းက မဲမှောင်နေဆဲ ဖြစ်သော်လည်း ၎င်းက မော့ကျန်း မီးခလုတ်ကို ရှာရန်အတွက် လှုပ်ရှားလိုက်ခြင်းကို မတားဆီးနိုင်ခဲ့ပေ။


မော့ကျန်းက ဆိုဖာပေါ်မှ ထရပ်လိုက်ပြီး မီးဖွင့်ရန် ကြံရွယ်လိုက်ချိန်၌ အားယောင်က သူမ၏ လှည့်စားမှုများကို ရပ်တန့်လိုက်သည်။ "ခဏလေး... အနည်းဆုံးတော့ ဖယောင်းတိုင်ကို မှုတ်လိုက်ပါဦး"


မော့ကျန်းက အားယောင်ကို ပြန်လှည့်ကြည့်ကာ သူ့နှုတ်ခမ်းပေါ်၌ အပြုံးလေးတစ်ခု ချိတ်ဆွဲထားခဲ့သည်။ "မင်းက ငါ့ကို ထမင်းစားခန်းထဲ မှောင်မှောင်မဲမဲ လျှောက်သွားရမယ်လို့ ပြောချင်နေတာလား"



အားယောင်က ပြန်ချေပရန် ပါးစပ်ဟလိုက်သော်လည်း အသံတစ်သံမှ ထွက်မလာခဲ့ပေ။ နောက်ဆုံးတွင် သူမက ထမင်းစားခန်းထဲမှ ကိတ်ကိုယူ၍ ဧည့်ခန်းထဲသို့ မျောလွင့်လာခဲ့သည်။ ထိုကိတ်က ၎င်းအပေါ်တွင် မီးထွန်းထားသော ဖယောင်းတိုင် နှစ်ချောင်းဖြင့် လေပေါ်တွင် ပေါလောပေါ်နေခဲ့သည်။ ထိုကိတ်က ကိုယ်တိုင်ကိုယ်ကျပင် သူ့ထံသို့ ဇိမ်ကျကျ ပျံသန်းလာသည်ကို တွေ့လိုက်ရသောအခါ အနည်းငယ် နေရခက်သွားသည်။


မော့ကျန်းမှာ ကျင့်သားရနေပြီ ဖြစ်သော်လည်း နီးနီးကပ်ကပ် တွေ့လိုက်ရချိန်၌ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟုသာ ခံစားနေရသည်။


မော့ကျန်းမှာ သတိလက်လွတ် အကြည့်လွှဲလိုက်ပြီးနောက်  သူ့ခေါင်းအနောက်ဖက်ကိုသာ ကိတ်ကို ကျောပေးထားလိုက်သည်။ ကိတ်က ဧည့်ခန်းထဲသို့ လွင်မျော လာပြီးနောက် ကော်ဖီစားပွဲပေါ်သို့ ညင်ညင်သာသာ ကျဆင်းလာခဲ့သည်။ အားယောင်က မော့ကျန်း၏ ခေါင်းအနောက်ဖက်ကို ကြည့်ကာ နှာမှုတ်လိုက်သည်။ "ရှင်က ထပြီး လှုပ်တောင် မလှုပ်ချင်ဘူးပဲ"


လိမ္မော်ရောင် ဖယောင်းတိုင်မီးက နံရံပေါ်တွင် အရိပ်ထင်နေစေခဲ့ပြီး မော့ကျန်းက ပြန်လှည့်လာကာ ဖူး ဟူသော အသံဖြင့် ဖယောင်းတိုင်ကို မှုတ်လိုက်သည်။ နောက်တစ်ခဏမှာပင် ဧည့်ခန်းက ဖျတ်ခနဲ ဖြစ်သွားကာ အမြဲတမ်းကဲ့သို့ပင် လင်းထိန်လာခဲ့သည်။


“ရှင် ဘာလို့ ဂရုမထားဘဲ.. ဖယောင်းတိုင်တွေ ငြိမ်းသွားအောင် လုပ်လိုက်ရတာလဲ"" အားယောင်က မီးမြှိုက်ထားသော ဖယောင်းတိုင်ပေါ်မှ ကျန်ရှိနေသော မီးခိုးများကို ကြည့်၍ မျက်မှောင်ကြုံ့လိုက်ပြီးနောက် ဖယောင်းတိုင်များမှာ တဖန်ပြန်၍ လင်းထိန်လာခဲ့သည်။ 


မော့ကျန်း: “…”


သူက စားပွဲဆီသို့သွားကာ ကိုယ်ကို ကိုင်းချလိုက်ပြီးနောက် ချားရဟတ်ပေါ်တွင် သူတောင်းခဲ့သည့် ဆုအတိုင်းပင် "ငါးမီလီယမ်ရဖို့ ဆုတောင်းပါတယ်... အာမင်" ဟု ဆုတောင်းလိုက်သည်။


အားယောင်: “…”


ကြည့်ရတာ သူ တကယ်ကြီးကို ငါးမီလီယံ လိုနေတဲ့ပုံပဲ.....


ဖယောင်းတိုင်ကို နောက်တစ်ကြိမ် ထပ်မှုတ်လိုက်ရသည့်အတွက်ကြောင့် မော့ကျန်းမှာ ကိတ်ကို ကြည့်ရင်း အနည်းငယ် ခေါင်းကိုက်လာခဲ့သည်။ ဒီလောက်ကြီးတဲ့ကိတ်ကြီး သူဘယ်လိုလုပ် စားကုန်ပါ့မလဲ... ရေသောက်သည်ကိုပင် ထန်ချန်းထံမှ မရပ်မနား အပြင်းအထန် ကြိမ်းမောင်းခံရသော ကုမ္ပဏီမှ အခြားသော အနုပညာရှင်များအကြောင်း စဥ်းစားမိသည်နှင့် သူအနည်းငယ် အပြစ်ရှိစိတ် ဝင်သွားခဲ့သည်။ 


ကိတ်ဘေးမှ ပလပ်စတစ်ဓါးလေးက တုန်ခါပြီး ခုန်ထွက်လာကာ ကိတ်ကို စတင်လှီးဖြတ်တော့သည်။ ထိုကိတ်က ထန်ချန်း မှာထားသော ကိတ်ဖြစ်ပြီး မော့ကျန်း အကြိုက် သစ်သီးမလိုင်ကိတ် ဖြစ်ပေသည်။ အားယောင်က ကိတ်ပေါ်မှ အလှဆင်ထားသော သစ်သီးများ၊ ခရင်မ်များကို ကြည့်ကာ စားကောင်းမည့်ပုံရသော ကိတ်ကို လှီးဖြတ်နေရင်း ခါးသီးလှသော မျက်ရည်များကို ပြန်မျိုသိပ်၍ မော့ကျန်းရှေ့တွင် ချပေးလိုက်သည်။ "မွေးနေ့မှာ ပျော်ရွှင်ပါစေ"


မော့ကျန်းက လေပေါ်တွင် ပျံဝဲနေသာ ကိတ်အတုံးကြီးကို ကြည့်ကာ တစ်ခဏမျှ တွေးတောပြီးနောက် အဆုံးတွင် လှမ်းယူလိုက်သည်။ "ကျေးဇူး"


“တောင်းပန်ပါတယ်... ရှင့်ကို ကစားကွင်းသွားဖို့ မပူဆာခဲ့သင့်ဘူး" သူမက မော့ကျန်း၏ တည်ရှိမှုကို နေ့တိုင်းပင် နေသားကျသွားသည်ကြောင့် ဖြစ်မည်။ မော့ကျန်းက အမှန်တကယ်တွင် နိုင်ငံအတွင်းမှ မိန်းကလေးများအားလုံး ကိုးကွယ်ကြသည့် အလွန့်အလွန် ကျော်ကြားသော နာမည်ကျော် တစ်ယောက် ဖြစ်သည်ကို မေ့သွားခဲ့သည်။ 


မော့ကျန်းက ခရင်းဖြင့် အသီးကို ထိုးလိုက်ပြီး ယူစားလိုက်သည်။ "နောက်တော့ မင်းဘယ်တွေ ရောက်သွားတာလဲ" 


အားယောင်က အနည်းယ် ကြောက်ရွံ့နေပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။


 "ကျွန်မ ပျံပြီးတော့ ပြန်လာရမှာ အရမ်း ပင်ပန်းနေလို့ ကစားကွင်းမှာပဲ အနားယူနေလိုက်တော့တာ"


လုံလောက်ပြီ... ဆရာ ရှင်းပြတဲ့ အခြေအနေအတိုင်း ကွက်တိပဲ... အသီးကို မျှိုချလိုက်ပြီးနောက် မော့ကျန်းက ကိတ် အတုံးလေး တစ်တုံးကို ဖဲ့ကာ ဖုန်းကို ထုတ်ယူလိုက်သည်။ 


ဖုန်းမျက်နှာပြင်၌ မွေးနေ့ဆုတောင်း ပေးလာကြသည့် မိသားစုဝင်များနှင့် မိတ်ဆွေများ၏ မက်ဆေချ့် တို့ဖြင့် ပြည့်နေသည်။ မော့ကျန်းက ကျေးဇူးတင်ကြောင်း စာတိုတစ်ခု ပြန်ရေးပြီး အားလုံးကို တစ်ပြိုင်နက် အကြောင်းပြန်လိုက်သည်။ မက်ဆေချ့် ပို့နေကြောင်း ပြနေသည့် စက္ကူလေယာဥ်လေးက စာပို့ခြင်း ပြီးသွားပြီဟု ပေါ်မလာခင်အထိ ပျံသန်းနေခဲ့လေသည်။


မော့ကျန်းက ဖုန်းကို နှစ်စက္ကန့်မျှသာ ပြန်ချထားလိုက်ရပြီးနောက်တွင် ဖုန်းက ထပ်ပြီး တုန်ခါလာပြန်သည်။ မော့ကျန်းက ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည့်အခါ ခေါ်ဆိုလာသူမှာ တုတုဖြစ်နေခဲ့သည်။


အားယောင်က ဖုန်းမျက်နှာပြင်ကို ကြည့်လိုက်သည်။ "ရှင့်တူမလား"


“ဟယ်လို" မော့ကျန်းက ဖုန်းကိုင်လိုက်ပြီး သူ စကားမပြောခင်မှာပင် ကလေးတစ်ယောက်၏ အသံကြည်ကြည်လေးက ဖုန်းထဲမှ ထွက်ပေါ်လာခဲ့သည်။ “ဦးလေးငယ်... မွေးနေ့မှာ ပျော်ရွှင်ပါစေ"


မော့ကျန်းက ပြုံးကာ တူညီသော အသံအနေအထားနှင့်ပင် ပြန်ဖြေလိုက်သည်။ "တုတုက အရမ်း လိမ္မာတာပဲ"


ဖုန်း၏ အခြားတစ်ဖက်မှ တုတုမှာ နှစ်ကြိမ်မျှ တခစ်ခစ်ရယ်မောလာခဲ့ပြီး အသံကို နိမ့်ကာ တီးတိုးပြောလိုက်သည်။ "ဒါပေမယ့် ဦးလေးငယ်ကတော့ မကောင်းဘူးနော်... ကစားကွင်းကို တစ်ယောက်တည်း သွားတယ်... တုတုကိုတောင် ခေါ်မသွားဘူး"


မော့ကျန်း: “…”


ဒီကိစ္စက တုတု သိသွားတဲ့အထိတောင် မြန်မြန် ပျံသွားတာလား... သူမမှာလည်း ဝေ့ပေါ်ရှိတယ်လို့တော့ မပြောနဲ့နော်...


… …ဒီခေတ်ကလေးတွေက အရမ်း ကြောက်ဖို့ကောင်းတာပဲ...


တုတုနှင့် မော့ကျန်းက ငါးမိနစ် ခြောက်မိနစ်မျှ ကြုံရာကျပန်း ပြောနေကြပြီးနောက် ဖုန်းက တုတု အမေ၏ လက်ထဲသို့ ရောက်သွားလေသည်။ "ရှောင်ကျန်း ငါတို့နဲအတူ ညစာစားဖို့ လာခဲ့ဦးလေ... အမေနဲ့အဖက မင်းကို ခေါ်နေတာ ဘယ်နှကြိမ် ရှိနေပြီလဲ"


“သိပါပြီ”


“ပြီးတော့ စုန့်နီဆိုတဲ့ ကောင်မလေးကို မြန်မြန်လေး ခွာထုတ်လိုက်အုံး... အဖေက ပြောနေတယ်... မင်းအမြင်တွေ တော်တော်လေး ဆိုးဝါးလာတာပဲတဲ့"


မော့ကျန်း: “…”


တုတု၏ အမေက သူမပြောချင်သည်ကို ပြောပြီးနောက် တုတုက ဖုန်းကို ပြန်လုလိုက်သည်။ "ဦးလေးငယ်... တုတု သူ့ကို မကြိုက်ဘူးနော်... တုတု သူ့ကို ဒေါ်လေးငယ် မဖြစ်လာစေချင်ဘူး" တုတုက ပြောသည်။ "သူ့ကို သမီးရဲ့ ဒေါ်လေးငယ် ဖြစ်လာဖို့ ခွင့်မပြုနဲ့နော်"


မော့ကျန်း: “…”


မင်းတို့ တကယ်ကြီး အတွေးလွန်နေကြပြီနော်....


“ကျွန်တော် စုန့်နီနဲ့ ဘာဆက်ဆံရေးမှ မရှိဘူး... အဖေ့မှာ ဒီလိုကိစ္စမျိုးတွေကို စိုးရိမ်ဖို့ အချိန်ရှိနေရင် သူ့ရဲ့ ဆီးချိုရောဂါကိုပဲ စိုးရိမ်နေဖို့ ပြောလိုက်" 


“ငါ့မှာ ဆီးချို မရှိဘူးကွ.. သေသင့်တဲ့ ကောင်လေး" မော့ကျန်း၏ စကားဆုံးသည်နှင့် ဖုန်း၏ အခြားတစ်ဖက်မှာ ကျယ်လောင်သော ဒေါသတကြီး ဟိန်းဟောက်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး ဖုန်းက တုတုလက်ထဲမှ လွတ်သွားပြန်လေသည်။


 "ငါက ငယ်ရွယ်နေတုန်းပဲ ရှိသေးတယ်... ငါ မင်းအရွယ်တုန်းက ငါ ဘယ်လောက်ချောပြီး ခန့်ညားလိုက်လဲဆိုတာ မင်းမသိပါဘူး"


မော့ကျန်း: “…”


“အာ... ဒါကြောင့် အဖေက နေ့တိုင်း အဖေ့ရဲ့ ချောမောတဲ့ လူကိုယ်တိုင်ရဲ့ ဘေးမှာ နိုးထလာရတာကိုး" သူက တည်တည်ငြိမ်ငြိမ်ပင် တုန့်ဆိုင်းခြင်း မရှိဘဲ ထုတ်ပြောလာသည်။ 


“…”


“ငါသာ မချောရင် မင်းက ဘယ်လိုလုပ် ချောနေနိုင်မှာလဲ" ဖုန်း၏ အခြားတစ်ဖက်မှလူမှာ ထိုစကား ထွက်မလာခင် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ 


“လူတိုင်းက ကျွန်တော့်ကို အမေနဲ့တူတယ်လို့ပဲ ပြောကြတာ"


“…”


တီဟူသော အသံနှင့်အတူ ဖုန်းကျသွားပြီး မော့ကျန်းက မျက်နှာပြင်ပေါ်တွင် "ခေါ်ဆိုမှု ပြီးပါပြီ"ဟု ပေါ်နေသည်ကို ကြည့်၍ ဖုန်းကို စားပွဲပေါ်တွင် တင်လိုက်ပြီး ပန်းကန်ထဲမှ ကိတ်ကို ဆက်စားလိုက်သည်။ 


”ရှင့်က ရှင်မိသားစုနဲ့ ဆက်ဆံရေး ကောင်းသားပဲ" အားယောင်က တီးတိုးရေရွတ်ကာ စားပွဲပေါ်မှ ဖုန်းကို စိုက်ကြည့်နေခဲ့သည်။


ထိုစကားက တည်ငြိမ်ပြီး တိတ်ဆိတ်နေသော နေ့လေးတွင် ရံဖန်ရံခါ တိုက်ခတ်လာသော လေညှင်းလေးကဲ့သို့ပင် လှိုင်းကြက်ခွပ်လေးများက မော့ကျန်း၏ နှလုံးသားကို မွှေနှောက်နေခဲ့ပြီး အနည်းငယ် မသက်မသာ ဖြစ်သွားခဲ့ရသည်။


သူ့ပါးစပ်သို့ ထည့်နေသော ခက်ရင်းမှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် မော့ကျန်းက ကိတ်ကို မျှိုချလိုက်သည်။ "ငါက အရမ်း နာခံတတ်တဲ့ ကလေးမျိုး မဟုတ်ခဲ့ဘူး... ငါ့အဖေနဲ့ ခဏခဏ စကားများတတ်တယ်"


အားယောင်က ခေါင်းကို အနည်းငယ်ငုံ့၍ သူမကိုယ်တိုင်ကို ပြောနေသကဲ့သို့ တိုးတိုးလေး ပြောနေသော်လည်း မော့ကျန်းက ကြားနေရဆဲပင်။ "ဒါပေမယ့် သူတို့က ရှင့်မွေးနေ့ကို မှတ်မိပေးပြီးတော့ ရှင့်ကို မွေးနေ့ ဆုတောင်းပေးဖို့ကိုတောင် ဖုန်းခေါ်လာကြသေးတယ်လေ"


ပြီးတော့ ကျွန်မကရော... ကျွန်မက ကိုယ့်မိသားစုကိုတောင် မမှတ်မိနိုင်ဘူး...မွေးနေဆို ပိုဝေး...


ရုတ်တရက်ပင် သူ့ပါးစပ်ထဲမှ ကိတ်၏ အရသာက အနည်းငယ် ခါးသက်သက် ဖြစ်လာသလိုပင်။ မော့ကျန်းက ပန်းကန်ကို ပြန်ချထားလိုက်ပြီး အားယောင်ကို လှမ်းကြည့်လိုက်သည်။ "မင်းမိသားစုကလည်း မင်းမွေးနေ့ကို မှတ်ထားကြမှာ... သူတို့ မင်းကို သတိရပေးနေကြမှာပါ"”


အားယာင်၏ နှလုံးသားက နွေးထွေးလာပြီး သူမ၏ ပါးပြင်လေးကပင် တဖြည်းဖြည်း နီမြန်းလာခဲ့သည်။ သူမ မမျှော်လင့်ထားသော မော့ကျန်းကို ကြည့်ကာ သူမ၏ အသံက အငိုလွန်နေသည့်အသံ ပေါက်နေခဲ့သည်။ 


"မစ္စတာမော့.. ကျွန်မ ရှင့်ကို တကယ်ကြီး အနမ်းပေးချင်လာပြီ" 


မော့ကျန်း: “…”


အတိအကျ တူညီသော မျက်နှာအမူအယာကို ထိန်းထားရင်းဖြင့် မော့ကျန်းက အားယောင်ကို ကြည့်ကာ ပြုံးပြလိုက်သည်။ "အဲ့ခံစားချက်ကို ကိုယ့်ဘာသာပဲ သိမ်းထားလိုက်... ဘာဖြစ်လို့လဲဆိုတော့ ဒါက အတွေးထဲမှာပဲ ကျန်နေရမှာမို့လေ"


အားယောင်: “…”


မော့ကျန်းက အဆုံးတွင် အားယောင် သူ့အတွက် လှီးပေးသော ကိတ်မုန့်တုံးကြီးကို စားကုန်သွားခဲ့သည်။ သို့သော်လည်း ကျန်နေသည့် ငါးပုံလေးပုံမျှကိုမူ မော့ကျန်းမှာ နောင်တစ်ချိန် စားရန်အတွက် အကုန်လုံးသိမ်းထားလိုပါသော်လည်း သရေစာပေါင်းများစွာက ပို့ထားခါစ ဖြစ်သောကြောင့် အသုံးပြုရန် အကန့်အလွတ် မကျန်တော့ပါချေ။ 


စားပွဲပေါ်မှ သစ်သီးကိတ်ကို ကြည့်လိုက်ပြီး နောက် မော့ကျန်းက သူ့ခေါင်းထဲတွင် အတွင်းပိုင်း ရန်ပွဲတစ်ခု ဖြစ်နေကာ ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူ ဒါတွေကို ဒီနေရာမှာပဲ ထားလိုက်မည်... 


ဒုတိယထပ် အိပ်ခန်းတွင် မော့ကျန်းက အင်တာနက် သုံးရန်အတွက် ကွန်ပျူတာကို ကိုင်လိုက်သည်။ ပထမဆုံးအနေဖြင့် သူ  လူတိုင်း၏ မွေးနေ့ဆုတောင်းကို လက်ခံရန်နှင့် ပြန်လည် ကျေးဇူးတင်ရန်အတွက် ဝေ့ပေါ်ကို သွားရန်လိုပေသည်။


လွှမ်းမိုးနေသော မွေးနေ့ဆုတောင်းများကို ပေါင်း၍ နေ့လည်က ကစားကွင်း အကြောင်းအရာကလည်း ရေပန်းစားနေဆဲပင်။ #ချောပေပေမယ့်လည်းသူငယ်ချင်းမရှိဘူး၊ #ငါ့သူငယ်ချင်းတွေနဲ့ ဟူသည်က ရေပန်းစားသော စာရင်းမှာ ရှိနေသည့် ကြုံတောင့်ကြုံခဲ အကြောင်းအရာနှစ်ခု ဖြစ်ကြသည်။


မော့ကျန်းက ကွန်မန့်အချို့ကို ဖွင့်၍ တစ်ခုပြီး တစ်ခု ကြည့်လိုက်သည်။ သူက အင်တာနက် မပြတ်ခင်အထိ တူညီသော ကွန်မန့် စာမျက်နှာပေါင်း လေးငါးခြောက်ခုကို ကြည့်လိုက်ပြီးနောက် ရုတ်တရက် အသိပေးချက် လှိုင်းလုံးကြီး သူ့ကွန်ပျူတာကို ဝါးမျိုသွားချိန်၌ ညာလက်ဖြင့် မော့စ့်ကို အနီရောင် x နေရာ၌ ဆွဲချလိုက်သည်။


ထို့နောက် သူ ထိုစာမျက်နှာကို အကြိမ်ကြိမ် refresh လုပ်ပါသော်လည်း အသိပေးချက် အရေအတွက်က ထပ်တိုးလာနေဆဲပင်။ 


မော့ကျန်းက မျက်ခုံးပင့် လိုက်မိသည်။ သူ့ကွန်ပျူတာ တစ်ခုခု ဖြစ်နေလို့လား...


သေချာပေါက် ကွန်ပျူတာရဲ့ အမှားပဲ ဖြစ်ရမယ်...


ထိုယုံကြည်ချက်ဖြင့် မော့ကျန်းက အပေါ်ဘက် ညာဘက်ထောင့်တွင် ရှိသော မက်ဆေချ့် များထဲမှ တစ်ခုကို ဖွင့်ကြည့်လိုက်သည်။ သူက စစ်ထွက်တိုက်ရမည့် စစ်သည်တော် တစ်ယောက်ကဲ့သို့ ခံစားနေရသည်။


ဝေ့ပေါ်က အနုပညာ အတင်းအဖျင်းများ သက်ဝင်လှုပ်ရှားနေသည့် နေရာတစ်ခုပင်။ ဝေ့ပေါ်ကြောင့် နိုင်ငံတစ်လွှမ်းမှ လူအများက စတားတို့၏ လူနေမှုဘဝကို သိနိုင်သည်။ နေ့တိုင်းနီးပါးပင် လူကြိုက်များသော အတင်းအဖျင်း သတင်းအသစ် ရှိနေပြီး ဖန်အတော်များများကလည်း ထိုအတင်းအဖျင်းတွင် ပါဝင်လာလေ့ရှိကြသည်။


မော့ကျန်း ထိုအသိပေးချက် လှိုင်းလုံးကြီးကို လက်ခံမရခင် အချိန်လေး အတွင်းမှာပင် ရေပန်းစား အနုပညာ အတင်းအဖျင်း တစ်ခု ထွက်လာရန် နှစ်မိနစ်သာ ကြာလိုက်သည်။


မင်းတို့ ယုံကြမှာ မဟုတ်ဘူး... စုန့်နီက ဧကရာဇ်မော့ကို သစ္စာဖောက်နေတာတဲ့... လွန်ခဲ့တဲ့ တစ်နာရီလောက်က နာမည်ကြီး ဘလော့ဂါတစ်ယောက်က စုန့်နီကို အရမ်း ရင်းနှီးနေတဲ့ ယောကျ်ားလေး အဖော်တစ်ယောက်နဲ့ ဘားမှာ တွေ့ခဲ့တယ်တဲ့... သူတို့က ထူးထူးခြားခြား နီးကပ်နေကြသလိုပဲ... ငါနောက်ဆုံးတော့ ဧကရာဇ်မော့ သူ့မွေးနေ့ကို ကစားကွင်းမှာပဲ တစ်နေ့လုံးကုန်ဆုံးရတဲ့ အကြောင်းအရင်းကို သိခဲ့ရပြီ... ┬┬ ﹏┬┬


ဝေ့ပေါ်ပိုစ့်အောက်တွင် ပုံတစ်ပုံ ပါနေခဲ့ပြီး ပုံထဲမှ မီးရောင်မှိန်မှိန်ကြောင့် အနည်းငယ် မရှင်းမလင်း ဖြစ်နေခဲ့သော်လည်း ၎င်းတို့မှာ အမှန်တကယ်ပင် စုန်နီနှင့် အမျိုးသား အသစ်တစ်ယောက်တို့ ဖြစ်ကြသည်မှာ သိသာနေဆဲပင်။ သူမက ထိုလျှို့ဝှက်ဆန်းကြယ်သော ယောကျ်ားတစ်ယောက်နှင့် လက်ချင်းတွဲထားပြီး ထိုသူမှာ ဘလော်ဂါ ရည်ညွှန်းခဲ့သည့် သူမ၏ ကောင်လေးအသစ် ဖြစ်ဟန်ပင်။


ဘလော်ဂါက @မော့ကျန်း @စုန့်နီ စသဖြင့် ဝေ့ပေါ်တွင် မပြောခဲ့သော်လည်း ထိုပိုစ်ကို ဖတ်ပြီးနောက် ဖန်များမှာ သူတို့၏ ကြမ်းကြုတ်လှသော ကွန်မန့်များဖြင့် စုန့်နီ၏ အရေပြားကို ဆုတ်ဖြဲနေကြပြီးသား ဖြစ်ကာ မော့ကျန်းမလာခင်မှာပင် သွေးလွှမ်းသော စစ်ပွဲတစ်ခု စတင်နေပြီးသား ဖြစ်သည်။ 


သူတို့ရဲ့ နတ်ဘုရားကို လှည့်စားရဲတယ်ပေါ့... မနက်ဖြန် နေထွက်တာကို မမြင်စေရဘူး... သို့သော်လည်း သူတို့အများစုမှာ ပထမဆုံးအချိန်၌ စုန့်နီက မော့ကျန်း၏ ကောင်မလေး ဖြစ်သည် ဟူသည့်အကြောင်းအား ဘယ်တုန်းကမှ မယုံကြည်ခဲ့ကြသည်ကိုလည်း မေ့သွားကြလေပြီ။ သူတို့အားလုံး ဂရုစိုက်သည်မှာ ၎င်းက ကောလဟာလသာ ဖြစ်ခဲ့လျှင်တောင် အမျိုးမျိုးသော အချိန်များ၌ မော့ကျန်းကို လိုက်လံတွယ်ကပ်နေတတ်သည့် စုန့်နီမှာ အပြင်ထွက်ပြီး အခြားယောကျ်ားများကို ရူးရူးနှမ်းနှမ်း ဖျားယောင်းနေခဲ့သည်။ ဒါကတော့ ပြဿနာ ရှိသွားပြီ... 


ဒါက ရန်လာစတာပဲ... အနီရောင်အဆင့် ရန်လာစနေတာ...


Xxxx