Chapter 17
ကုမ္ပဏီ
ဝေ့ပေါ်မှ ရန်လိုနေကြသော ဖန်များမှာ သွေးလွှမ်းသော တိုက်ပွဲအတွင်း ခုန်ဝင်လာကြပြီး အဆုံးတွင် ဖြာထွက်လာသည့်သွေးများမှာလည်း ရန်သူဘက်ကပင် ဖြစ်နေသည်။ မော့ကျန်း ကစားကွင်းမှ စီးစရာထဲတွင် အထီးကျန်ဆန်စွာ ထိုင်နေခဲ့သည်ကို ရိုက်ကူးထားခဲ့သည့် ဓါတ်ပုံ၏ ကောင်းသည့်အချက်မှာ ရိုက်ချက်ထောင့်အနေအထားက အလွန်အမင်း ရှုပ်ထွေးနေခဲ့ပြီး မော့ကျန်း၏ အထီးကျန်ပြီး ကူကယ်ရာမဲ့နေသည့် ဘေးဘက်မျက်နှာက ထောင်ပေါင်းများစွာသော သူ့ဖန်များကို စိတ်ပျက်အားငယ်မှုနှင့် အရဲစွန့်မှုတို့ ဆောင်ယူလာပေးသည်။
၎င်းက မော့ကျန်းဖန်များအတွက် အနာပေါ်ဆားဖြူးလိုက်သလို ဖြစ်သွားပြီး ဖုန်းမျက်နှာပြင်ကို ဖြတ်၍ပင် နိုင်ငံအနှံ့မှ ငယ်ရွယ်ပြီး မော့ကျန်းအပေါ် အလုံးစုံ မြုပ်နှံထားကြသော မိန်းကလေးများ၏ ရှုးရှုးရှဲရှဲ ဒေါသထွက်သံများကိုပင် ကြားနိုင်ပေသည်။ ယခင်က ထိခိုက်ခံရပြီး အနိုင်ကျင့်ခံခဲ့ရသော ဖန်များမှာ ချက်ချင်းသက်သာစေနိုင်သော အံ့သြဖွယ် ဆေးစွမ်းကောင်းတစ်ခွက်ကို သောက်မိသွားသကဲ့သို့ သူတို့၏ ခါးနှင့် ခြေတို့မှာ နောက်ထပ် နာကျင်မှုများ မရှိကြတော့သကဲ့သို့ပင် အသက်ပြင်းပြင်းရှုကာ ခုနစ်ထပ်မြောက်သို့ ခုန်ဆင်း၍ တိုက်ပွဲဝင်ကြတော့သည်။
ခွန်အားနှင့် အရေအတွက် ခြားနားမှုတို့ကြောင့် ရန်သူများနှင့် ဖန်များအကြား သွေးလွှမ်းသော တိုက်ပွဲက အကြာကြီး မခံခဲ့ပေ။ စုန့်နီနှင့် သူ့ကောင်လေးအသစ်တို့က အရိုးများ မကျန်တော့သည်အထိ ကြိမ်းမောင်း ရိုက်နှက် ခံလိုက်ရပြီး ထိုသိပ်မကျော်ကြားသော ချစ်သူကောင်လေးမှာ ပထမအလှည့်မှာတင် မော့ကျန်းဖန်များ၏ ပညာပြခြင်းကို ခံခဲ့ရသည်။ သူတို့က ထိုကောင်လေးမှာ ဖက်ရှင် မဂ္ဂဇင်းမော်ဒယ် အသစ်လေးသာ ဖြစ်သည်ကို မတော်တဆ ရှာတွေ့သွားခဲ့သည်။
မော့ကျန်းက သူရောက်မလာခင်ကတည်းက ရှုပ်ထွေးနေခဲ့သော သွေးလွှမ်းနေသည့် တိုက်ပွဲကို ကြည့်လိုက်သည်။ တကယ့်အမှန်တရားမှာမူ... သူ အမှန်တကယ် ကစားကွင်ကို တစ်ယောက်တည်း သွားဖြစ်ခဲ့သော်လည်း ၎င်းက စုန့်နီနှင့် မည်သည့်အကြောင်းမျှ သက်ဆိုင်ခြင်း ရှိမနေပါချေ။ ဖန်တစ်ယောက်၏ "စုန့်နီ နင်ဒီလို သစ္စာဖောက် လိုက်တာက ငါနင့်ကို တအား မနာလိုသွားရစေတယ်" ဟူသည့် ကွန်မန့်ကို သူ တွေ့လိုက်ရချိန်၌ ရယ်ရမည်လား ငိုရမည်လားပင် မသိတော့ပေ။
သို့သော်လည်း ရုတ်တရက်ကြီး သစ္စာဖောက်ခံရရန် အတွက်ကား မော့ကျန်း၏ ပုံမှန် ကျော့ရှင်းပြီး အေးစက်နေသော ပုံရိပ်နှင့် မလိုက်ဖက်ပါချေ။
ထို့ကြောင့် မော့ကျန်းက သူ့ဝေ့ပေါ်တွင် ထုတ်ပြန်စာတစ်ခု တင်လိုက်သည်။
ဒီကောလဟာလတွေ ဘယ်လိုစလာတာလဲတော့မသိဘူး... ဒါပေမယ့် စုန့်နီနဲ့ ငါ့အကြားမှာ ဘယ်တုန်းကမှ သမီးရည်းစား ဆက်ဆံရေး မရှိခဲ့ဘူး... ဒါ ဘယ်တုန်းကမှ မဖြစ်ခဲ့တဲ့ ကိစ္စပဲ... ကစားကွင်းသွားတဲ့ ကိစ္စကလည်း ဒီနေ့ ငါ့မွေးနေ့ဖြစ်တဲ့အတွက်ကြောင့် နေ့တစ်ဝက် ခွင့်ရပြီး ကစားကွင်းကလည်း အိမ်ပြန်လမ်းပေါ်မှာ ရှိနေတဲ့အတွက်ကြောင့်ပဲလေ... စုန့်နီနဲ့ သူ့ကောင်လေးကိုလည်း နှစ်ပေါင်းထောင်ချီ အတူတကွ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ကြပါစေလို့ ဆုတောင်းပေးဖို့ ဝေ့ပေါ်ကို ပြောချင်ပါတယ်...
ထိုပိုစ့်ကို ဝေ့ပေါ်တွင် တင်လိုက်သည်နှင့် သူ့ဖန်များက ထောင်ချီ၍ ပြန်လည် မျှဝေလိုက်ကြသည်။ အချို့ဖန်များကလည်း မော့ကျန်းက အလွန်ကောင်းသည့်သူဟု ကွန်မန့်ပေးလာကြသည်။ လူများစွာကလည်း သူနှင့်အတူပင် သူတို့ကို နှစ်ပေါင်းထောင်ချီ အတူတူရှိနေနိုင်ရန် ဆုတောင်းပေးလာကြပြီး မော့ကျန်းအပေါ် ချစ်ခင်လေးစားမှုများကို ဝန်ခံလာကြသည့် ဖန်များလည်း ရှိသေးသည်။
မော့ကျန်းက ကွန်မန့်များကို နှစ်မျက်နှာလောက် ရွှေ့ကြည့်နေချိန်တွင် စားပွဲပေါ်မှ သူ့ဖုန်းက ရုတ်တရက် တုန်ခါလာခဲ့သည်။
မော့ကျန်းက ဖုန်းမျက်နှာပြင်ကို ခေါင်းငုံ့ ကြည့်လိုက်ပြီး ဖုန်းကိုင်လိုက်သည်။ "ထန်ချန်း ဘာကိစ္စလဲ"
"ငါ အခုလေးတင် စုန့်နီ သစ္စာဖောက်တယ်ဆိုတဲ့ ဝေ့ပေါ် ပိုစ့်ကို တွေ့လိုက်တာ... အရမ်းကြီး စိတ်လှုပ်ရှား မနေနဲ့နော် ဧကရာဇ်မော့"
မော့ကျန်းက သူအခုလေးတင် တင်လိုက်သော ဝေ့ပေါ်ပိုစ့်က်ု ကြည့်လိုက်ပြီး ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "ငါ စိတ်မလှုပ်ရှားပါဘူး... သူတို့ကို နှစ်တစ်ထောင်လောက် အတူတူ ပျော်ပျော်ရွှင်ရွှင် နေသွားရဖို့တောင် ပိုစ့်တင်ထားပေးပြီးပြီ"
ထန်ချန်း: "..."
သူက တိတ်တဆိတ် ငိုကြွေးလိုက်ပြီးနောက် မော့ကျန်း တင်လိုက်သည့်ပိုစ့်ကို သွားရှာလိုက်သည်။
သူက စုန့်နီနှင့် သူ့အကြား ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်းပင် စည်းခြားထားလိုက်ပြီး သူ့ကြေညာချက်က အလွန်ကောင်းကောင်းမွန်မွန် စဥ်းစားပေးထားကာ အစီအစဥ်ကျနေသည်။ ၎င်းက ရေတစ်စက်ပင် မယိုကျနိုင်သကဲ့သို့ အပြစ်အနာအဆာကင်းကာ ဥာဏ်ပညာရှိရှိဖြင့် ရိုးရိုးသားသား ရေးထားခဲ့သည်။
သို့ရာတွင် သူ စုန့်နီနှင့် ပြတ်ပြတ်သားသား စည်းခြားလိုက်လျှင်တောင်မှ ၎င်းကကုမ္ပဏီဘက်မှ လိုချင်နေသည့် ရလဒ် မဟုတ်ပေ။ အနုပညာရှင် တစ်ယောက်အနေနှင့် သူ့ကိုယ်ပိုင် ကုမ္ပဏီနှင့် တိုက်ခိုက်ရခြင်းက သေချာပေါက် လွယ်ကူသည့် ကိစ္စ ဖြစ်မနေခဲ့ပေ။ သို့သော်လည်း သူ့အေးဂျင့်အတွက်မူ ပို၍ပင် ခက်ခဲသော အလုပ် ဖြစ်နေသေးသည်။
"နောက်ဆက်တွဲ တင်ပြချက်တွေ လိုလာရင် မင်းကို ဆက်သွယ်လိုက်မယ်" ထန်ချန်းက ဖြူဖျော့နေသော မျက်နှာဖြင့် ဆိုလိုက်သည်။ ဘဝမှာ အချို့ ပျော်ရွှင်မှုတွေက မျှဝေလို့မရဘူး... သူက တကယ် သနားခံရဖို့ ထိုက်တန်တဲ့သူပဲ... သို့သော်လည်း မော့ကျန်းမှာ ထိုအကိစ္စများကို စိတ်ထဲထည့်မထားပေ။ မည်သို့ပင် ဆိုစေကာမူ စာချုပ် ဖျက်ရမည့် အရေးနှင့် ကြုံလာလျှင်တောင် စာချုပ်အသစ် ချုပ်ရန် အခြားကုမ္ပဏီကို ရှာလိုက်မည် ဖြစ်သည်။
မော့ကျန်းက ခိုက်ဟွမ်းမှ ထွက်သွားလျှင်တောင် သူက မော့ကျန်းနှင့် အမြဲအတူ ရှိနေမည် ဖြစ်သည်။
ထန်ချန်း၏ ဖုန်းကို ချလိုက်သည်နှင့် ယွမ်ဇယ်က ဖုန်းခေါ်လာခဲ့ပြီး သူ့နာမည်က ဖုန်းမျက်နှာပြင်တွင် ပေါ်လာခဲ့လေသည်။
ခေါ်ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်နှင့် သူစကားတစ်လုံးမှ မပြောခဲ့ဘဲ တစ်ဖက်မှ နှုတ်ဆက်လာသည့်အသံက နားထဲသို့ ရောက်လာခဲ့သည်၊ "ဧကရာဇ်မော့... မွေးနေ့မှာ ပျော်ရွှင်ပါစေ... မင်း တရားဝင် လူအိုကြီးတွေ စာရင်းထဲ ရောက်သွားပြီပေါ့"
မော့ကျန်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်။ "ငါမှတ်မိတာ ငါတို့နှစ်ယောက်လုံး တစ်နှစ်တည်းမှာပဲ မွေးတာလားလို့... ပြီးတော့ မင်းက နှစ်အစမှာ မွေးတာလေ"
"ငါက မင်းနဲ့ မတူဘူး.... မင်းလို ကြယ်ပွင့်တွေက အသက်ကြီးလာရင် ကြွေသွားကြတာပဲ... ဒါပေမယ့် ငါတို့လို ပညာရှင်တွေက အသက်ကြီးလာတာနဲ့ ပိုပြီး ပညာကြွယ်လာကြတာ"
"... ငါထင်တာ မင်းက ကြယ်ပွင့်တွေရော ပညာရှင်တွေရောကို စော်ကားနေတာပဲ"
"ငါ အရမ်း ဂုဏ်ယူရပါတယ်"
"..." မော့ကျန်းက အသက်ပြင်းပြင်းရှု၍ ပြုံးကာ ပြောလိုက်သည်။ "မင်းအခု ပြောလို့ ပြီးပြီလား"
"ကစားကွင်းမှာ မင်းကို အဖော်ပြုပြီး လိုက်ပေးမဲ့သူ ရှာလို့ မရရင် ငါအားနေတယ်နော်"
"ဂွတ်ဘိုင်" မော့ကျန်းက ဖုန်းချလိုက်ပြီး အိပ်ရာဘေးကို ပစ်ချလိုက်သည်။ သုံးစက္ကန် မကြာမီမှာပင် ဖုန်းကို ပြန်ကောက်ကာ နားတွင်ကပ်ထားလိုက်သည်။ သို့သော် ဤတစ်ကြိမ်၌ တဖက်လူကို တုံ့ပြန်ရန်ပင် အခွင့်အရေး မပေးခဲ့ပေ။ "အဲ့ဒီ မိန်းကလေးလီက နိုးလာပြီလား"
သူနှင့် ယွမ်ဇယ်တို့ နောက်ဆုံးတစ်ခေါက် ဖုန်းပြောပြီးကတည်းက တစ်ယောက်နှင့် တစ်ယောက် အဆက်အသွယ် မရှိခဲ့ကြပေ။ သူတို့နှစ်ယောက်လုံးက က်ုယ်ပိုင်အလုပ်များဖြင့် အလုပ်ရှုပ်နေခဲ့ကြပြီး သူတို့နှစ်ယောက်၏ ဆက်ဆံရေးကလည်း မကြာခဏ တွေ့ဆုံကြပြီး ထိန်းသိမ်းရန် မလိုအပ်ခဲ့ပေ။
သို့သော်လည်း ထိုမိန်းကလေးလီ၏ မတော်တဆမှုအတွက်မူ သူ ထိုကိစ္စကို ဂရုတစိုက် စိတ်ထဲထည့်ထားခဲ့သည်။ ယွမ်ဇယ်က ထို ကိစ္စကို အစမဖော်လာသော်လည်း သူ မမေးဘဲ မနေနိုင်ခဲ့ပေ။
"အပြောင်းအလဲ မရှိသေးဘူး" သေချာပေါက်ပင် ထိုမိန်းကလေးလီ အကြောင်း ပြောလိုက်ခြင်းက ရှန်းယွမ်ဇယ်၏ သဘောထားကို 180 ဒီဂရီ ပြောင်းလဲသွားစေခဲ့သည်။ "ဒါပေမယ့် ဒေါက်တာက ငါတို့ရဲ့မျှော်လင့်ချက် မစွန့်လွှတ်ဖို့ ပြောတယ်... လတ်တလောတုန်းက သုံးနှစ်လောက် အိပ်နေပြီးမှ နိုးလာတဲ့သူလည်း ရှိတယ်တဲ့"
မော့ကျန်း၏ နှုတ်ခမ်း တွန့်ကွေးသွားသည်။ သူမက နောက်ထပ် သုံးလေးငါးနှစ်လောက် အိပ်နေနိုင်တာပေါ့... သူမကို စောင့်နေဖို့ တကယ် လိုအပ်လို့လား..
သို့သော်လည်းထိုမေးခွန်းကို အလွယ်တကူ မမေးလိုက်ပေ။ မော့ကျန်း၏ နှုတ်ခမ်းက တပြေးတည်း ဖြစ်သွားကာ ဖုန်းကို မျက်နှာမူ၍ ပြောလိုက်သည်။ "သူက အရမ်း ငယ်သေးတာပဲ ပြဿနာ ရှိလာမှာ မဟုတ်လောက်ပါဘူး"
"အင်း" ယွမ်ဇယ်က ပြန်မဖြေလာခင် တစ်ခဏမျှ နှုတ်ဆိတ်နေသေးသည်။ "ဒီည ငါမင်းကို ညစာဖိတ်ကျွေးမလို့ပဲ... ဒါပေမယ့် သူ့အခြေအနေက ရုတ်တရက်ကြီး ပြောင်းလဲသွားလို့ ငါနှောင့်နှေးသွားရတာ...."
မော့ကျန်းက မျက်ခုံးပင့်လိုက်မိသည်။ "အခုရော ဘယ်လိုလဲ"
"အခုတော့ ငြိမ်သွားပါပြီ... မဟုတ်ရင် ဘယ်လိုလုပ် ငါမင်းကို ဖုန်းခေါ်နိုင်ပါ့မလဲ"
"..."
#တဲ့တိုးဆန်လိုက်တာ#
မော့ကျန်းက ဖုန်းကို ပြန်ချလိုက်ပြီးနောက် အိပ်ရာပေါ်တွင် လှဲနေရင်း လက်များကို ခေါင်းအုံးပေါ်တွင် တင်ထားလိုက်သည်နှင့် အားယောင်ကို သူ့အနေအထားနှင့် အပြိုင် မျက်နှာချင်းဆိုင်မိရင်း လေထဲတွင် ပေါလောပေါ်လျက် ရှိနေသည်ကို တွေ့လိုက်ရသည်။
သူမ၏ ဆံပင်များကပင် သူ့မျက်နှာပေါ် ဝဲကျနေလေသည်။
မော့ကျန်း: "..."
"ရှင့် သူငယ်ချင်းရဲ့ သူငယ်ချင်း အဆင်ပြေရဲ့လား" ထိုစကားလုံးများက အားယောင်၏ နှုတ်ခမ်းမှ ထွက်ကျလာသော်လည်း မော့ကျန်း သတိထားမိသည့် အရာအားလုံးမှာ သူမ၏ ရိုးသားလှသော နှုတ်ခမ်းလေး၏ အဖွင့်အပိတ်ကိုသာပင်။
မကြည့်နဲ့ဟု မော့ကျန်း စိတ်အတွင်းမှ ကြွေးကြော်ရင်းဖြင့် သူ့ခန္ဓါကိုယ်ကို ပြတင်းပေါက်ဆီ မျက်နှာမူလိုက်သည်။ "မင်းမှာ ဆေးရှိလို့လား။
".." အားယောင် လည်နင်သွားပြီး ခန္ဓါကိုယ်ကို ပြန်မတ်ကာ ပြတင်းပေါက်ဆီ မျောလွင့်သွားသည်။ "ရှင်က တကယ့်ကို ပျင်းစရာ ကောင်းတဲ့လူပဲ"
မော့ကျန်းက အားယောင်ဘက်ကို ဝေ့ဝဲ ကြည့်လိုက်ပြီး ဖော်ရွေစွာ ပြုံးပြလိုက်လေသည်။ " ပျင်းစရာကောင်းလွန်းလို့ ငါ အခု အိပ်တော့မယ်... မင်း ထွက်သွားလို့ရပြီ"
အားယောင်၏ နှုတ်ခမ်းများက မျဥ်းတစ်ကြောင်းတည်း တွန့်ကွေးသွားပြီး တီးတိုးပြောလိုက်သည်။ "ကြည့်တာလေးနဲ့ အသားပဲ့ပါသွားမှာမှ မဟုတ်တာ"
မော့ကျန်း၏ အပြုံးက ပို၍ နက်ရှိုင်းလာခဲ့သည်။ "မင်း ဘာပြောတလဲ"
အားယောင်းက သူ့ကို ပြန်ပြုံးပြလိုက်သည်။ "ကျွန်မ ပြောတာ ဂွတ်နိုက်ပါလို့ မစ္စတာမော့"
....
ဂျူလိုင် 25 ရက်နေ့က နေသာသော နေ့လေးပင်။ ပုံမှန်လိုပင် ထန်ချန်း၏ မနက်ခင်း ဖုန်းခေါ်ဆိုမှုက အခြားသောနေ့များကဲ့သို့ အချိန်ကိုက် ရောက်လာခဲ့သည်။ မော့ကျန်းက ပျင်းတိပျင်းရွဲ နိုးလာကာ အိပ်ရာဘေး အံဆွဲပေါ်မှ ဖုန်းကို ကောက်ယူလိုက်ပြီး အိပ်မောကျနေဆဲ ဖြစ်နေသကဲ့သို့အသံဖြင့် ယောင်တိယောင်ဝါး စကားများ ပြောနေခဲ့သည်။
“မော့ကျန်း ဒီနေ့ စတူဒီယိုကို သွားစရာ မလိုတော့ဘူး... ကိုးနာရီကျရင် ကုမ္ပဏီကို လာခဲ့လိုက်"
ထန်ချန်း ပြောပြီးသွားသောအခါ မော့ကျန်းဘက်မှ တစ်ခဏမျှ တိတ်ဆ်တ်ပြီး စွဲဆောင်မှု ရှိသော ပျင်းတိပျင်းရွဲလေသံဖြင့် ပြန်ပြောလာခဲ့သည်။ "အခု ဘယ်အချိန် ရှိပြီလဲ"
“ခြောက်နာရီ"
"ကုမ္ပဏီသွားရမှာ ဘယ်အချိန်လဲ"
“ကိုးနာရီလေ”
“ငါ အေးဂျင့်ပြောင်းချင်တယ်”
ထန်ချန်း: “…”
မော့ကျန်းက ထန်ချန်း၏ ခေါ်ဆိုမှုကို ချကာ သူ့ဖုန်းကို ဘေးသို့ ပစ်ထုတ်လိုက်ပြီးပြန်အိပ်ပျော်သွားသည်။ ခုနှစ်နာရီ ထိုးသောအခါ မော့ကျန်းကို နှိုးရန်အတွက် အားယောင်၏ အလှည့်ကျလာခဲ့သည်။ မော့ကျန်းက အိပ်ရာပေါ်တွင် သုန်သုန်မှုန်မှုန်ဖြင့် ထထိုင်လိုက်ကာ ရှုပ်ပွနေသော အနက်ရောင် ဆံပင်များကို ဆွဲဖွလိုက်သည်။
သူ တံခါးမှ ထွက်သွားသောအခါ ရှစ်နာရီ ရှိနေပြီ ဖြစ်လေသည်။ အချိန်မီရောက်ရန်အတွက် သူ ခပ်မြန်မြန် မောင်းရန်လိုသည်။
“ဒီနေ့ ဘာလို့ စတူဒီယိုကို မသွားတာလဲ" အားယောင်က သူ့ဘေးမှ ခရီးသည်ခုံတွင် ထိုင်နေခဲ့သည်။ ၎င်းက သူမ မော့ကျန်း၏ ကုမ္ပဏီသို့ သွားသည့် ပထမဆုံးအကြိမ် ဖြစ်သည်။ သူမက အဘယ်ကြောင့် အလွန် စိတ်လှုပ်ရှားနေရသည်ကို မသိသော်လည်း သူမ၏ နှလုံးသားက အခုန်မြန်နေပေသည်။
“မသိဘူး" မော့ကျန်းက ထိုကဲ့သို့ ပြောခဲ့သော်လည်း သူ့နှလုံးသားထဲတွင် အတွေး ခပ်ဖျော့ဖျော့ ရှိနေခဲ့သည်။
၎င်းက မနက်ခင်း အလုပ်များချိန် ဖြစ်သောကြောင့် လမ်းမပေါ်တွင် နှစ်ဖက်လုံး၌ ကားပိတ်နေခဲ့သည်။ ကံကောင်းစွာဖြင့် ယနေ့ သူမောင်းခဲ့သည့် ကားက သိုသိပ်သော လန်ရိုဗာကား ဖြစ်နေ၍ပင်။ ဤနေရာတွင်သာ သူ့ကို မှတ်မိသွားကြပါက ပြေးစရာလမ်းပင် မရှိပေ။
ခိုက်ဟွမ်း ရုံးချုပ်က မြို့လယ်ခေါင်တွင် တည်ရှိပြီး တစ်ခါတစ်ရံတွင် ဖန်များက သူတို့ကြိုက်နှစ်သက်သော စတားများကို တွေ့နိုင်ရန် ကံကောင်းလို ကံကောင်းငြား အဓိက ဝင်ပေါက် ရှေ့တွင် ယောင်လည်လည် လုပ်နေတတ်ကြသည်။သို့သော်လည်း လတ်တလောတွင်ကျောင်းသားများ၏ နွေရာသီ ကျောင်းပိတ်ရက် ဖြစ်သဖြင့် အဓိက ဝင်ပေါက် တဝိုက်တွင် လူပိုများလာပြီး မြို့ထဲမှ နိုင်ငံခြားသားများ လည်ပတ်ရာ အဓိက နေရာများကဲ့သို့ စည်ကားနေခဲ့သည်။
သူ့လက်စွဲတော် နေကာမျက်မှန်ကို တပ်ထားရင်းဖြင့် မော့ကျန်းက ကုမ္ပဏီ ဝန်ထမ်းတစ်ယောက်ပုံစံ ဖမ်းကာ ကားပါကင်ထဲသို့ သိုသိုသိပ်သိပ် မောင်းဝင်သွားသည်။ သူ အဓိက တံခါးပေါက်ကို ဖြတ်သွားသည်နှင့် ဖန်များစွာက လန်ရိုဗာကားကို ရပ်ကာ ကြည့်နေကြပြီးနောက် တစ်ခဏမျှ စူးစမ်းလိုက်ကြသော်လည်း ထူးခြားသော သဲလွန်စများ မတွေ့ရသဖြင့် ပြန်လှည့်ကာ တံခါးပေါက်အနီးတွင် နာမည်ကျော်များကို ရှာဖွေနေကြသည်။
ကားရပ်ပြီးနောက် မော့ကျန်းက ဓါတ်လှေကားထဲကို လမ်းလျှောက်ကာ ဝင်သွားပြီး ဓါတ်လှေကား နံရံထက်မှ 36ထပ်သို့ ဟူသော ခလုတ်ကို နှိပ်လိုက်သည်။
ဓါတ်လှေကားက အပေါ်သို့ တလျှောက်လုံး တက်နေခဲ့ပြီး လူများက ဝင်ချည် ထွက်ချည် လုပ်နေခဲ့ကြသည်။ ထိုလူအချို့မှာ ကုမ္ပဏီ ဝန်ထမ်းများ ဖြစ်ကြပြီး အနည်းငယ်မှာ ကုမ္ပဏီက အနုပညာရှင်များ ဖြစ်ကြသည်။ အားယောင်က ဝင်ချည်ထွက်ချည် ပြုနေကြသော လူအုပ်ကြီးကို ကြည့်ကာ သူတို့က မော့ကျန်းကို တွေ့ကြသည်နှင့် သူတို့ဘက်မှ စတင်နှုတ်ဆက်လာကြသည်ကို တွေ့လိုက်ရသည်။ မော့ကျန်း၏ ဘေးတွင် ရပ်နေကြရင်း သူတို့မျက်လုံးထဲမှ စိတ်လှုပ်ရှားမှုများကို တမင်သက်သက် ဖုံးကွယ်နေကြရသော သူများလည်း ရှိနေကြသေးသည်။
သူတို့က တစ်ကုမ္ပဏီထဲတွင် ရှိနေကြသော်လည်း ကြီးမြတ်လှသော ဧကရာဇ်မော့နှင့် တွေ့ရန် အခွင့်အရေးမှာ နေ့တိုင်း မရှိန်ုင်ပေ။
ဓါတ်လှေကား မြင့်တက်လာသည်နှင့် ပိုပိုများလာသော လူများ ထွက်သွားကြပြီး ဓါတ်လှေကားထဲတွင် လူအနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ နောက်ဆုံးတွင် 36ထပ်သို့ ရပ်သွားသည်နှင့် ဓါတ်လှေကားထဲ၌ မော့ကျန်း တစ်ယောက်တည်းသာ ကျန်နေခဲ့တော့သည်။
36ထပ်က ထန်ချန်း၏ ရုံးခန်းဖြစ်ပြီး မော့ကျန်း၏ နားနေခန်းလည်း ထိုအထပ်မှာပင် ရှိသည်။
"တင်း" ဟူသော အသံကြားသည်နှင့် ဓါတ်လှေကား၏ အရောင်တောက်တောက် တံခါးနှစ်ချပ် ပွင့်သွားသည်။ မော့ကျန်းက ဓါတ်လှေကားထဲမှ ထွက်လ်ုက်ပြီး ကော်ရစ်ဒါကို ကြည့်၍ ဘယ်ဘက်ကို ချိုးလိုက်သည်။
အားယောင်က ရှည်လျား တောက်ပနေသော ကော်ရစ်ဒါကို တစ်ချက် ကြည့်လိုက်ပြီး ဘေးပတ်ပတ်လည်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်သည်။
Xxxxxx