Chapter 18
အိုင်ဒေါလ်
ထန်ချန်း၏ ရုံးခန်းက ကော်ရစ်ဒါ၏ အဆုံးတွင် ရှိနေသည်။ အားယောင်က သူမရှေ့မှ ဟောခန်းကြီးကို ကြည့်လိုက်သည်။ နံရံအပြည့် တပ်သော ပြတင်းပေါက် အကြီးကြီးမှ နေရောင် ဖြာကျနေခဲ့ပြီး နံရံများကို နွေးထွေးပြီး နေသာသော တောက်ပမှုမျိုး ပေးနေခဲ့သည်။
လောဘီထဲတွင် သေချာပေါက် လူများရှိနေခဲ့သည်။ တောက်ပြောင်နေသော ကြမ်းပြင်ကို ကြည့်လိုက်သောအခါ ခပ်ရေးရေး အရိပ်နှစ်ခုက ကြမ်းပြင်ပေါ်တွင် ထင်ဟပ်နေခဲ့သည်။ အသံများက အားယောင် ရှင်းရှင်းလင်းလင်း ကြားနိုင်ရန်အတွက် အလွန် တိုးနေသော်လည်း မိန်းကလေး နှစ်ယောက်၏ အသံက ဟောခန်း၏ အဆုံးသို့ ဖြတ်လာခဲ့သည်။
မော့ကျန်း၏ခြေသံမှာ ညသန်းခေါင်၌ တိတ်တဆိတ် ပြေးနေသော ကြောင်ငယ်လေးကဲ့သို့ပင် အလွန်ပေါ့ပါးသည်။ အားယောင်က လေထဲတွင် ပျံနေသည့်အတွက်လည်း သူမ၏ လှုပ်ရှားမှုများက အသံမထွက်ပေ။ လောဘီထဲမှ လူများမှာ တစ်ယောက်ယောက် လာနေသည်ကို သတိမထားမိကြသည့်အတွက် သူတို့ဘာသာ စကား ဆက်ပြောနေကြပြီး အကြောင်းအရာအသစ်ဆီ ရောက်သွားပုံရနေသည်။ သူတို့၏ အသံကပင် ပို၍ မြင့်လာခဲ့သည်။
“ဧကရာဇ်မော့သာ အရမ်း အထီးကျန်နေလို့ ကစားကွင်းကို တစ်ယောက်တည်း သွားရမှန်းသာသိခဲ့ရင် အစကတည်းက လှုပ်ရှားလိုက်ပါတယ်"
“သူ့ဖုန်းနံပါတ် ရပြီးပြီလား"
“ဟေး... မကြာသေးခင်ကပဲ.. ထန်ချန်း အပြင် ခဏသွားနေတာကို အခွင့်ကောင်းယူပြီး ကုမ္ပဏီရဲ့ အတွင်း ဖုန်းနံပါတ်တွေရဖို့ သူ့ရုံးခန်းထဲကိုတိတ်တိတ်လေး သွားရှာထားတာ"
“တစ်ယောက်ယောက်သာ သိသွားရင် နင်တော့သေပြီပဲ... ဒါဆို သူ့ဖုန်းနံပါတ်က ဘာတဲ့လဲ"
“…”
မော့ကျန်းက အသံမထွက်ဘဲ သူတို့ပြောနေသည့်စကားများကို နားထောင်နေပြီးနောက် ဝင်သွားရ မသွားရမည်ကို တွေဝေနေခဲ့သည်။
“ဒါနဲ့ ယှဥ်ရင် မနေ့က စုန့်နီ နာမည် ပျက်သွားတာက ပိုပြီးတော့တောင် စိတ်လှုပ်ရှားဖို့ကောင်းသေး"
“ငါလည်း တွေ့လိုက်ရတယ်... ငါပြောချင်တာက ငါလည်း ဒီစစ်ပွဲအတွက် အားနည်းနည်း စိုက်လိုက်ရသေးတယ်လို့"
“ဟားဟားဟား ငါရောပဲ"
မိန်းမငယ်လေးများ၏ ငွေခေါင်းလောင်းလေးများကဲ့သို့ ရယ်သံက နွေးထွေးသောနေရောင်ထဲတွင် အသနားခံနေသကဲ့သို့ပင်။မော့ကျန်း၏ နေရောင်လွှမ်းသော ပုံရိပ်နှင့် မိန်းကလေးတို့၏ ရယ်သံက ဟောခန်းထဲတွင် အချင်းချင်း တွေ့သွားကြရသည်။
သို့သော်လည်း ငွေခေါင်းလောင်းသံလေးကဲ့သို့ ရယ်သံများမှာ အလန့်တကြား တိတ်ဆိတ်သွားသည်။
နေရောင်က အဘက်ဘက်တိုင်းမှ ဖြာကျလာသည့်အခါ ကောင်းကင်နှင့် မြေကြီးတွင် စကားနှစ်လုံးသာ ကျန်ရစ်ခဲ့တော့သည်။
ခြေင်္သ့ရိုင်းကြီး ဧကရာဇ်မော့မှာ နေရောင်အနောက်မှ ထွက်ပေါ်လာပြီး ခမ်းနားသော နေရောင်က သူ့၏ ရွှေရောင် ပုံရိပ်ကို အလင်းမြှင့်ပေးနေခဲ့ပြီး ခြေင်္သမများရှေ့တွင် ပေါ်လာသကဲ့သို့ပင် ဖြစ်နေသည်။ *မှတ်တမ်း ရုပ်ရှင်များထဲမှ ဇာတ်ကြောင်းပြန်သည့်အသံဖြင့် ပြောခြင်း*
“မော့... ဧကရာဇ်မော့" ပန်းရောင် ဂါဝန် ဝတ်ထားသော မိန်းမလှလေး၏ နှုတ်ခမ်းတို့မှာ ထိတ်လန့်မှုဖြင့် ပွင့်ဟသွားပြီး ကသိကအောက် ပြုံးပြလာသည်။ "ကျွန်မ ကျွန်မ အလျင်စလို လုပ်စရာ တစ်ခုရှိနေတာကို ရုတ်တရက် သတိရလာပြီ... ကျွန်မ အရင် သွားလိုက်ပါအုံးမယ်"
သူမ၏ အသံက ဟောခန်းကြီးထဲတွင် ပဲ့တင်သွားပြီး မော့ကျန်းကို ဖြတ်သွားလိုက်သည်နှင့် သူမ၏ အနက်ရောင် ဒေါက်မြင့်ဖိနပ်က ပြောင်ချောနေသော ကြမ်းပြင်ပေါ်တွင် တဒေါက်ဒေါက် မြည်ဟီးသွားခဲ့သည်။
နွေရာသီ၏ လေညှင်းလေးက ဟောခန်း၏ ထောင့်တိုင်းမှ မိန်းကလေးသုံး ရေမွှေးအနံ့များကို သယ်ဆောင်လာပေးခဲ့သည်။ အားယောင်၏ နှာခေါင်းလေးမှာ ယားကျိကျိ ဖြစ်လာပြီး ရုတ်တရက် နှာချေလိုက်သည်။
ပန်းရောင်အရိပ်က ရုတ်တရက်ပျောက်ကွယ်သွားပြီး ဒေါက်ဖိနပ်သံမှာလည်း ဝေးသထက် ဝေးသွားသည်။ သို့သော်လည်း ကောင်တာတွင် ကျန်နေခဲ့သော အညိုရောင်ဝတ်စုံဝတ် အလှလေးမှာ သူမ၏ သူငယ်ချင်းကို စိတ်ထဲမှ တိတ်တဆိတ် ဆဲရေးနေခဲ့သည်။ သစ္စာဖောက်မ... အား... ဒီလောက် မြန်မြန် ထွက်ပြေးသွားရလား...
“ဟန်မိန်မိန်" မော့ကျန်းက ကောင်တာရှေ့ကို လျှောက်သွားလိုက်ပြီး ဘယ်လက်ကို စကျင်ကျောက်သား ကောင်တာပေါ်တွင် သာမန်ကာလျှံကာ တင်လိုက်သည်။ ဟန်မိန်မိန်၏ မျက်နှာ တစ်ခုလုံးမှာ ငါးသေတစ်ကောင်ကဲ့သို့ တောင့်တင်းသွားပြီး သူမ မျက်နှာပေါ်ရှိ အမူအယာမှာ အသတ်ခံရမည်ကို စောင့်နေရသည့် တိရစ္ဆာန်ငယ်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့သည်။
“ငါ့ဖုန်းနံပါတ်ကို ဖျက်လိုက်"
သူက အမိန့်တိုလေး တစ်ခုသာ ပြောခဲ့သော်လည်း ဟန်မိန်မိန်အတွက်မူ ဧကရာဇ်ထံမှ တော်ဝန်အမိန့်တော် ရလိုက်သည့်အတိုင်း ဖုန်းကို ချက်ချင်း ကောက်ကိုင်၍ အဆက်အသွယ်များကို ဆွဲကြည့်ကာ တုံ့ဆိုင်းခြင်း မရှိပါဘဲ သူ့ဖုန်းနံပါတ်ကို သူမ၏ ဖုန်းထဲမှ ဖျက်ပစ်လိုက်သည်။
မော့ကျန်း သူ့ဖုန်းနံပါတ်ကို ဖျက်ပြီးကြောင်း တွေ့လိုက်ရမှသာ အနည်းငယ် နောက်ဆုတ်သွားခဲ့သည်။ သူက စင်တီမီတာ အနည်းငယ်မျှသာ နောက်ဆုတ်လိုက်သော်လည်း ဟန်မိန်မိန်အတွက်မူ လွတ်ငြိမ်းချမ်းသာခွင့်ကြီး ရလိုက်သကဲ့သို့ဖြစ်ပြီး သူမ၏ အသက်ရှုသံပင် တည်ငြိမ်လာခဲ့သည်။
“မင်းနဲ့ လူစီ ငါ့အတွင်းရေးတွေ ပြောနေတာ ထပ်ကြားရလို့ကတော့..."
“ကျွန်မ ကျိန်ရဲပါတယ်... ထပ်မဖြစ်စေရပါဘူး"ဟန်မိန်မိန်က သူပြော၍ မပြီးခင်မှာပင် ဝင်နှောက်ယှက်လိုက်သည်။ "ဒါဆို ကျွန်မ XXX လိုက်မယ်"
မော့ကျန်းက ခေါင်းငုံ့ကာ သူမကို တိတ်တဆိတ် ကြည့်နေခဲ့သည်။ နေရောင်ခြည်က သူ့ခေါင်းပေါ်တွင် ဖြာကျနေပြီး သူ့နံဘေးတွင် ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသကဲ့သို့ပင်။ ဟန်မိန်မိန်က သူမ၏နှလုံးသား အနည်းငယ် လှုပ်ခါသွားသကဲ့သို့ ခံစားနေရသည်။ သူမက တဖြည်းဖြည်း မော့ကြည့်လာပြီး မော့ကျန်း၏ ထူးကဲသော ပုံရိပ်ကို တွေ့လိုက်ရသောအခါ အလှအပကို မခုခံနိုင်တော့ပေ။ "ကျွန်မ ကျိန်ပြောပါတယ်... ကျွန်မတို့ နောက်ထပ် ဘယ်တော့မှ ရှင့်အတွင်းရေးတွေကို အတင်းမပြောတော့ပါဘူး"
မော့ကျန်းက အဆုံးတွင် ကျေနပ်သွားပြီး ဟန်မိန်မိန်ကို မျက်နှာမူ၍ သူ့ခေါင်းကို အနည်းငယ် ငြိမ့်ပြလိုက်ကာ သူမ၏စားပွဲကို ချန်ရစ်ထားခဲ့သည်။
စားပွဲပေါ်မှ ကွန်ပြုတာက[တောင်တောင်တောင်]ဟု မရပ်မနား ဆက်တိုက်မြည်နေသည်။ ငါးမိနစ်အတွင်း မော့ကျန်း၏ ပုံရိပ် ပျောက်ကွယ်သွားသည်နှင့် ဟန်မိန်မိန်က ထိုင်ခုံပေါ်သို့ အသက်မရှုနိုင်အောင်ပင် အားပျက်အားလျော ထိုင်ချလိုက်ပြီး ကွန်ပျူတာကို ဖွင့်၍ မရပ်မနားလာနေသော QQ အသိပေးချက်များကို နှိပ်လိုက်သည်။
ဘောစ့်က နှာဘူးကြီး: ဟန်မိန်မိန် အသက်ရှိသေးရဲ့လား...
ဘောစ့်က နှာဘူးကြီး: ဟန်မိန်မိန် နင်ဆက်ပြီးတောင့်ထားရမယ်နော်...
ဘောစ့်က နှာဘူးကြီး: ဟန်မိန်မိန် ငါ နင့်ကို အလောင်းလာကောက် ပေးရတော့မှာလား...
ဘောစ့်က နှာဘူးကြီး: ဟန်မိန်မိန်... နင်က တကယ့် ကြီးမြတ်တဲ့ အလုပ်ကို လုပ်ခဲ့တာပဲ... နင် သေချာပေါက် စူပါဟီးရိုး ဖြစ်တော့မှာ...
ဟန်မိန်မိန်က မက်ဆေချ့်များကို ဆွဲချလိုက်ပြီးနောက် သူမ၏ လက်ချောင်းများက [တောက်တောက်တောက်] ဟူသော အသံဖြင့် ကီးဘုတ်ပေါ်မှ စာလုံးများကို ရိုက်နေခဲ့သည်။
ဇီးပန်းကိုးကိုင်း: ဧကရာဇ်မော့က တကယ့် အကျပ်အတည်းနဲ့ ထိုးနှက်သွားခဲ့တာ... ငါ့မှာ သွေးတွေ ခမ်းကုန်ပြီလားလို့...
ဘောစ့်က နှာဘူးကြီး: ဟန်မိန်မိန် နင် အသက်ရှင်နေသေးလို့ တော်သေးတာပေါ့...
ဘောစ့်က နှာဘူးကြီး: ဖော်ရှန် အရိပ်မဲ့ခြေသိုင်းလား.... နဂါးထိန်းချုပ် တိုက်ကွက်လား...
ဇီးပန်းကိုးကိုင်း: ငါတော့ ဒေါ်လာထောင်ပေါင်းများစွာတန်တဲ့ အလှလေးကို ဖမ်းဖို့ အခွင့်အရေး မရှိတော့ဘူး...
ဘောစ့်က နှာဘူးကြီး:...
ဘောစ့်က နှာဘူးကြီး: အဲ့ဒါက သူ့ဖုန်းနံပါတ် ဆိုတာကို အတည်ပြုပြီးပြီ မို့လို့လား...
ဇီးပန်းကိုးကိုင်း: နိုး ┬┬ ﹏┬┬
ဇီးပန်းကိုးကိုင်း: သူ့ဖုန်းနံပါတ်ကိုတောင် ငါ့ဖုန်းထဲကနေ ဖျက်ပြီးသွားပြီ ┬┬ ﹏┬ ┬
ဘောစ့်က နှာဘူးကြီး: ပြီးတော့ နင်ငါ့ကို အရင် မပို့ပေးထားခဲ့ဘူး... ငါတို့ သူငယ်ချင်း အဖြစ်ကနေ ရပ်လိုက်ပြီ...
ဇီးပန်းကိုးကိုင်း: ဒါပေမယ့် ငါ သူ့ဖုန်းနံပါတ်ကို အလွတ်ကျက်ထားတာ ကြာပြီ...
ဘောစ့်က နှာဘူးကြီး: ဒီည ငါနင့်ကို ဘာဘီကျူး ကျွေးမယ်လေ... ဘယ်လိုလဲ သူငယ်ချင်းလေး...
ဇီးပန်းကိုးကိုင်း:...
မော့ကျန်းက သူ့နောက်မှ တံခါးကို ပိတ်လိုက်ပြီး ထန်ချန်း၏ မျက်နှာချင်းဆိုင်တွင် ထ်ုင်လိုက်သည်။ ထန်ချန်း၏ စားပွဲပေါ်တွင် ပုံတချို့ ရှိနေပြီး တစ်ခုမှာ Oh~My God၏ အသစ်ထွက်မည့် အယ်လ်ဘမ်၏ နမူနာ မျက်နှာဖုံးပင်။ ဓါတ်ပုံ မြောက်များစွာက အလွန် ဆင်တူနေပြီး သူတို့အကြားမှ ခြားနားချက်မှာ အလည်မှ လူတစ်ယောက်ကို ဝန်းရံနေကြသည့် လူများသာ တစ်ပုံစီ၌ ကွဲပြားနေခဲ့သည်။
Oh~My God... အခုတလော နာမည်အကြီးဆုံး ဖြစ်နေတဲ့ အဖွဲ့ မဟုတ်လား... သူတို့ ပွဲဦးထွက်တာ သုံးနှစ်ပဲ ရှိသေးပေမယ့် အဲ့အချိန်ကတည်းက နေပြီးတော့ မနှစ်ကရဲ့ တစ်နှစ်တာအကောင်းဆုံး တေးဂီတဆုရထားပြီး သူတို့ သီချင်းအသစ်ထွက်တိုင်း သီချင်းအဆင့်ဇယားတွေမှာ ထိပ်ဆုံးကရပ်တည်နေနိုင်ခဲ့တာလေ...
မော့ကျန်း၏ မျက်လုံးများက လူငါးယောက်၏ ပုံကို အကြည့်ရောက်သွားပြီး သူတို့၏ ငယ်ရွယ်ပြီး ချောမောသော မျက်နှာလေးများက ဆယ်ကျော်သက်အရွယ် မိန်းကလေးများ ကိုးကွယ်ချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်မှု ရှိနေခဲ့သည်။ အားယောင်ကလည်း မော့ကျန်းဘေးတွင် ရပ်ကာ ငုံ့ကြည့်လိုက်ပြီးနောက် ပုံထဲမှ အလယ်တွင် ရပ်နေသော ကောင်လေးကို လက်ညှိုးထိုးပြလိုက်သည်။ "ဒီတစ်ယောက်ကို ကြိုက်တယ်"
မော့ကျန်းက မျက်ခုံးပင့်မိသွားပြီး သူ့နှုတ်ခမ်းထောင့်လေးများကပင် အနည်းငယ် မြူးကြွလာခဲ့သလိုပင်။ အားယောင် ထိုးပြသည့်လူမှာ ကျန်းချောင်ဟု ခေါ်ပြီး Oh~My God အဖွဲ့ထဲတွင် သူက နာမည်အကြီးဆုံး ဖြစ်ပေသည်။
ဟဟ...
“ငါ့ကို ဘာအတွက် ခေါ်တာလဲ" မော့ကျန်က ထန်ချန်းကို ကြည့်လိုက်သည်။ သူတို့အကြားတွင် ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်ရန် မလိုအပ်ပါဘဲ မနက်ခင်း နှုတ်ဆက် စကားလုံးများပင် မလိုအပ်ခဲ့။
ထန်ချန်းက အစာအိမ်ထဲမှပင် မပျော်ရွှင်သည့် ခံစားချက်အချို့ကို ယောင်တိယောင်ဝါး ခံစားနေရသော်လည်း မော့ကျန်း ဝင်လာနေပြီ ဖြစ်သည့်အတွက် သူ ပြန်လက်စားချေချင်ရင်တောင် ထိုကဲ့သို့ လုပ်ရန် အင်အား မရှိပါချေ။ သူက နှစ်ကြိမ်မျှ ခြောက်ကပ်ကပ် ရယ်လိုက်ပြီး ပြောလိုက်သည်။
"မနေ့က ဝေ့ပေါ်ပေါ်က ကိစ္စကို ကုမ္ပဏီက သတိပြုမိသွားပြီ... ပြီးတော့လည်း သူတို့ဘက်က အပေးအယူ လုပ်လာတယ်... ဒါပြီးရင်တော့ စုန့်နီ မင်းကို ဆက်ပြီး နှောက်ယှက်မှာ မဟုတ်တော့ဘူး"
“ပြီးတော့ ဘာကိစ္စလဲ" ထိုဖြစ်ရပ်အတွက်ကိုကား မော့ကျန်း အလေးအနက် ထားမနေပေ။ ကိစ္စများက ထိုအခြေအနေထိ ရောက်လာနေပြီ ဖြစ်လျှင်တောင် ကုမ္ပဏီက သူ့ကို စုန့်နီနှင့် ဆက်ပြီး ပါဝင်ပတ်သက်စေချင်နေပါက သူ့ ဂုဏ်သတင်း တစ်ခုလုံးကို ဆုတ်ဖြဲပစ်လိုက်သည်နှင့်သာ တူတော့မည်။
“နတ်ဘုရားတားမြစ်ဇုံ3ရဲ့ ဇာတ်ညွှန်းလည်း ပြောင်းသွားလိမ့်မယ်... စုန့်နီရဲ့ ဇာတ်ကောင်ကလည်း... ကြာကြာပါမှာ မဟုတ်တော့ဘူး"
မော့ကျန်းက ထန်ချန်းကို အံ့အားတသင့် ကြည့်လိုက်မိသည်။ အာ.. သူတို့ဒီလိုမျိုး အရေးယူလိုက်မယ်လို့ မထင်ထားခဲ့ဘူး... စုန့်နီ သရုပ်ဆောင်သော နက်ဆာက အထူးဇာတ်ကောင်တစ်ခု ဖြစ်ကာ သူမတွင် ဇာတ်ကွက်အများကြီး မပါသော်လည်း သူမ၏ အနေအထားက ကောင်းစန်၏ လက်ထောက် ဖြစ်သဖြင့် နတ်ဘုရားတားမြစ်ဇုံ 4 5 6တို့တွင်လည်း ပါဝင်လာနိုင်သည်။
ယခုတွင်မူ ဇာတ်ညွှန်းပြောင်းသွားပြီ ဖြစ်၍ ထိုဖြစ်နိုင်ခြေအားလုံးကိုလည်း ဖြတ်တောက်ပစ်လိမ့်မည်ပင်။
“ဧကရာဇ်မော့... အခုတော့ အလုပ်မထွက်ချင်တော့ဘူးမလား" ထန်ချန်းက ထရပ်ကာ ရေနွေးတစ်ခွက် ဖြည့်လိုက်ပြီး မော့ကျန်းရှေ့တွင် ထားလိုက်သည်။
သို့သော်လည်း ပုံမှန်ကဲ့သို့ပင် မော့ကျန်းမှာ ထန်ချန်း၏ အားထုတ်မှုများအပေါ် မတုန်မလှုပ် ရှိနေဆဲပင်။ "လူအိုကြီးက စုန့်နီကို လက်လွှတ်လိုက်ဖို့ နှလုံးသား ရှိသေးတယ်လား"
ထန်ချန်းက တီးတိုး ရယ်မောလိုက်သည်။ သူ မနက် နှစ်နာရီအထိ အစည်းအဝေး လုပ်ခဲ့ရသည်။ "သူတို့ စုန့်နီအတွက် နောက်ထပ် ပရိုဂရမ်တွေ ရှာပေးချင် ရှာပေးကြမှာပေါ့... ဒါပေမယ့်... ဥက္ကဌက ကုမ္ပဏီရဲ့ အနုပညာရှင်တွေ သူတို့ရဲ့ နေရာဘယ်လောက်ပဲမြင့်မြင့် ကောလဟာလထွက်လာရင် အရမ်း စိတ်ဆိုးတယ်ဆိုတာ မင်းလည်း သိတာပဲ"
မော့ကျန်းက နှုတ်ထွက်ရန်အတွက် ခိုင်မာသော အကြောင်းပြချက် ရှိမနေရခြင်းမှာ ခိုက်ဟွမ်းက အနုပညာနယ်ပယ်ရှိ အကြီးဆုံး ကုမ္ပဏီများထဲမှ တစ်ခု ဖြစ်သည့်အပြင် အိုင်ဒေါတစ်ယောက်ကို ထိန်းသိမ်းပြီး ပျိုးထောင်ရာ၌ အနုပညာရှင်များကို စီမံခန့်ခွဲမှုတွင် အနည်းနှင့်အများ ပြင်းထန်သောကြောင့်ဟု ဆိုရပေမည်။ ထို့အကြောင်းအရင်းကြောင့်ပင် ခိုက်ဟွမ်း၌ ကောလဟာလများနှင့် အတင်းအဖျင်း များတွင် ပါဝင်ခဲ့ရသည့် အနုပညာရှင် အရေအတွက် အနည်းငယ်သာ ရှိခဲ့သည်။
“ဒီနေ့ ဇာတ်ညွှန်းကို ပြောင်းလိုက်ပြီး မနက်ဖြန် ရိုက်ကူးရေး ဆက်လုပ်လိမ့်မယ်... နောက်မကျစေနဲ့" ထန်ချန်းက မော့ကျန်းကို ကြည့်လိုက်သည်။ နောက်ထပ် စိုးရိမ်စရာ ကိစ္စရပ် မရှိတော့ပါပေ။
“ငါသိပြီ" မော့ကျန်းက ထရပ်ပြီး ထွက်သွားတော့မည်အပြုတွင် ထန်ချန်း၏ ရုံးခန်း တံခါး၏ အပြင်ဘက်မှ တံခါးခေါက်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဝင်ခဲ့”
တံခါး ပွင့်သွားပြီး ကျန်းချောင်ယိက အပြင်ဘက်မှ ဝင်လာခဲ့သည်။ မော့ကျန်းက ထရပ်ရန် ပြင်နေသော်လည်း တစ်ယောက်ယောက် ဝင်လာသည်ကို သတိပြုမိသည်နှင့် ခြေထောက်ပြန်ချကာ တည်တည်ငြိမ်ငြိမ် ပြန်လှည့်လိုက်ပြီး ခုံတွင် ပြန်ထိုင်ချလိုက်သည်။
ကျန်းချောင်ယိက မော့ကျန်း၏ ထိုင်ခုံဆီ လျှောက်လာပြီး ထိုနေရာ၌ မော့ကျန်း ထိုင်နေသည်ကို တွေ့သောအခါ လောကဝတ်အရ နှုတ်ဆက်ခြင်း မပြုဘဲ အသိအမှတ် ပြုရုံ ခေါင်းငြိမ့်ပြလိုက်ပြီး သူ့အကြည့်များကို ထန်ချန်းထံ ပြန်ပို့ကာ ပြောလိုက်သည်။
"ထန်တုံ့ ဘာကိစ္စ ရှိလိုလဲ"
ထန်ချန်းက မလှုပ်မရွေ့ ရှိနေသော တောင်ကြီး မော့ကျန်းကို ကြည့်ကာ သူ့ဘေးမှ နေရာကို လက်ညှိုးထိုးပြလိုက်သည်။ "အဲ့မှာ ထိုင်လိုက်"
“ရပါတယ်" ကျန်းချောင်ယိက ရပ်နေရာမှပင် ရွေ့မလာခဲ့ဘဲ ထန်ချန်းကိုသာ မျက်လုံး တည့်တည့်ဖြင့် ကြည့်လိုက်သည်။
"ပြောစရာရှိတာသာ ပြောလိုက်ပါ"
ထန်ချန်း၏ မျက်ခုံးများက စိတ်မပျော်မရွှင် ဖြစ်သွားဟန်ဖြင့် စုကြုံ့သွားကာ မျက်နှာကို မော့၍ ကျန်းချောင်ယိကို တည့်တည့် ပြန်စိုက်ကြည့်လိုက်ပြီး သူ့အသံက ပိုပို၍ တင်းကြပ်လာပြီး ထုံထိုင်းလာသည်။
"ချောင်ယိ... Oh ~ My God က အဖွဲ့တစ်ခုနော်... မင်းရဲ့ ကျန်တဲ့ တခြား အသင်းဖော်အားလုံးနဲ့ အဆင်မပြေနိုင်သေးရင် မင်းရဲ့ တိုးတက်မှုကို ထိခိုက်စေရုံတင်မကဘူး... အဖွဲ့တစ်ခုလုံးရဲ့ တိုးတက်မှုကိုပါ ဆုတ်ယုတ်သွားစေလိမ့်မယ်"
ကျန်းချောင်က သူ့နှုတ်ခမ်းကိုသာ ကိုက်၍ ပြန်ဖြေမလာခဲ့ပေ။
ထန်ချန်းက ဒါရိုက်တာက ညွှန်ပြပြောဆိုနေသည့်အတိုင်းပင် ကျန်းချောင်ကို ဆက်ပြောနေခဲ့သည်။ "ကုမ္ပဏီရဲ့ အနုပညာရှင်တစ်ယောက် အနေနဲ့ မင်း ပထမဆုံးအနေနဲ့ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုကို လိုက်နာသင့်တယ်တဲ့ ငါထင်တယ်"
ကျန်းချောင်က နှစ်ကြိမ်မျှ ရယ်မောလိုက်ပြီးနောက် ထိုင်ခုံတွင် ထိုင်နေသော မော့ကျန်းကို ကြည့်၍ ထန်ချန်းဘက်ကို လှည့်ကာ ပြောလိုက်သည်။ "ဧကရာဇ်မော့လည်း နာခံဖို့ လိုသေးတာလား"
“ဧကရာဇ်မော့နဲ့ တန်းတူ အမြင့်မှာ ရပ်နေနိုင်တဲ့ အထိ စောင့်လိုက်အုံး... ပြီးမှ လာပြီး အဲ့အကြောင်းကို ပြောကြတာပေါ့"
ထန်ချန်းက ကျန်းချောင်ယိ၏ အပြုအမူကြောင့် စိတ်တိုနေပုံရပြီး သူ့မျက်နှာ တစ်ခုလုံးက သူ စိတ်ကောင်းဝင်မနေဟု ဖော်ပြနေသည်။ ရုတ်တရက် လေထု အခြေအနေ ပြောင်းလဲမှုက အားယောင်ကို အနည်းငယ် ထိတ်လန့်သွားစေပြီး ကြောက်လန့်မှုတို့ဖြင့် တုန်ယင်သွားကာ မသိလိုက်မသိဘာသာဖြင့် မော့ကျန်းနောက်သို့ ပုန်းရန် မျောလွင့်သွားသည်။
“ထန်ချန်း အသံလျှော့ဦး" မော့ကျန်းက သားရေ ထိုင်ခုံကို မှီလိုက်ပြီး သူတို့ စကားပြောနေသည်ကို သာမန်ကာလျှံကာနားထောင်နေပြီး ၎င်းကို ဖုံးကွယ်ထားရန်လည်း အကြောင်းမရှိပါချေ။
Xxxx