Chapter 19
ပိတ်မိခြင်း
ထန်ချန်းက မော့ကျန်း၏ အကြံပေးချက်ကို နားထောင်လိုက်ပြီး လည်ချောင်းရှင်းရန်အတွက် ကော်ဖီတစ်ခွက်လောက် မော့ချလိုက်သည်။
ကျန်းချောင်ယိဘက်မှ လက်များမှာ တဖြည်းဖြည်းနှင့် လက်သီးဆုပ်များအသွင် ဖြစ်သွားသော်လည်း သူ့အသံကမူ မြင့်မလာခဲ့ပေ။
"ကုမ္ပဏီရဲ့ အမိန့်ကို နားထောင်ပြီး သူတို့မျှော်လင့်ထားတဲ့ အတိုင်း တိုးတက်လာခဲ့ရင်တောင် ကျွန်တော် သူ့နေရာနဲ့ တန်းတူမှာ ရပ်နေနိုင်မှာ မဟုတ်ဘူး"
ထန်ချန်းနှင့် မော့ကျန်းတို့က သူ့ကို ကြည့်နေပြီး အားယောင်သည်ပင် သူ့ကို ကြည့်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ ရုံးခန်းက တိတ်ဆိတ်နေပြီး သူတို့၏ အသက်ရှုသံကိုသာ ကြားနိုင်ခဲ့လေသည်။
“မင်းတို့ရဲ့ဖန်တွေက ကုမ္ပဏီက မင်းတို့ကို ပုံသွင်းပေးထားတဲ့ ပုံစံကိုပဲ သဘောကျကြတာ... မင်းသာ မင်းရဲ့ အပေါ်ယံအလွှာတွေ အခွံတွေကို ဖယ်လိုက်မယ်ဆိုရင် နောက်ဆုံးကျရင် မင်းက ဘာကောင်မှ မဟုတ်တော့ဘူး" မော့ကျန်း၏ အသံက နိမ့်နေပြီး ချိုသာနေကာ အရောင်အဆင်းနှင့် ဂရုစိုက်မှုများလည်း တစွန်းတစမျှ ရှိမနေဘဲ စကားတစ်လုံးချင်းဆီက လူတစ်ယောက်၏ နှလုံးသားကို ဆူးတစ်ချောင်းကဲ့သို့ ဖောက်ဝင်သွားနိုင် သကဲ့သို့ ခံစားနေရသည်။
စကားလုံးများက နာကျင်ဖွယ် ဖြစ်သော်လည်း သူတို့က အမှန်တရား ဖြစ်နေဆဲပင်။
အနုပညာရှင် တစ်ယောက်၏ စိတ်မကောင်းစရာ အချက်မှာ ကမ္ဘာကြီး သူတို့အပေါ် နှစ်သက်ကြရန်အတွက် အခြားလူတစ်ယောက်ပုံစံ ဖြစ်ပေးရသည်။ သူတို့၏ လူကိုယ်တိုင်နှင့် တီဗီ သို့မဟုတ် ဇာတ်ကား မျက်နှာပြင်တို့မှ လူမှာ တစ်ယောက်နှင့် တစ်ယောက် မိုင်ပေါင်းထောင်ချီမျှ ခြားနားနေနိုင်သည်။ သို့သော်လည်း သူတို့က ကင်မရာရှေ့တွင် အခြား ဇာတ်ကောင်တစ်ခုကို သရုပ်ဆောင်နေရဆဲပင်။
အကြောင်းမှာ အနုပညာရှင်တစ်ယောက်၏ အလုပ်က လူအများ သူတို့ကို နှစ်ခြိုက်လာရန် လုပ်ရမည် ဖြစ်သည့်အတွက်ပင်။
ထန်ချန်းက မော့ကျန်းကို တစ်ခဏမျှ ကြည့်လိုက်ပြီး စကားစ ပြန်ဆက်လိုက်သည်။
"မော့ကျန်းပြောတာ အမှန်ပဲ... ဖျော်ဖြေရေးလောကက အရမ်း လက်တွေ့ကျတယ်... မင်းသာ ကုမ္ပဏီရဲ့ ပျိုးထောင်မှုကို မလိုချင်ရင် မင်းကိုယ်တိုင် ထွက်လုပ်ဖို့ဆို ခက်ခဲမှာပဲ"
၎င်းက ချိန်းခြောက်မှုတစ်ခု မဟုတ်ပေ။ ထန်ချန်းက အတွေ့အကြုံမရှိဘဲ ဖျော်ဖြေရေးနယ်ပယ်ထဲ ဝင်လာသည့် လူများစွာကို တွေ့ကြုံခဲ့ရဖူးသည်။ သူတို့က နောက်ထပ် စူပါစတား ဖြစ်ရမည် ဟူသော တစ်ဘဝစာအိမ်မက်များကို သယ်ပိုးထားခဲ့ကြသည်။သို့သော်လည်း တကယ့်အချက်မှာ အကောင်းဆုံးတစ်ယောက်က စူပါစတား တစ်ယောက် ဖြစ်လာပြီး ထောင်ပေါင်းများစွာသော နာမည်ကျော်များထဲမှ မော့ကျန်းသည်သာ ဖျော်ဖြေရေးလောက၏ ဧကရာဇ်အဖြစ် သရဖူဆောင်းထားခဲ့သည်။
ကျန်းချောင်က ဘာတစ်ခွန်းမှ မပြောလာဘဲ ထိုနေရာတွင်သာ တစ်ခဏမျှ ရပ်နေပြီးနောက် ထန်ချန်း၏ ရုံးခန်းထဲမှ ထွက်သွားသည်။
မော့ကျန်းက ထန်ချန်းကို တစ်ခဏမျှ ကြည့်နေပြီးနောက် မေးလိုက်သည်။ "တစ်ကိုယ်တော် အနေနဲ့ သွားချင်နေတာလား"
“အင်း” ထန်ချန်းက ခေါင်းငြိမ့်ပြလိုက်သည်။ "အဖွဲ့ထဲမှ ရှိနေရတာက သူ့ရဲ့တိုးတက်မှုတွေကို ကန့်သတ်ထားတယ်လို့သူထင်နေတာ"
ထန်ချန်းက ပြောလိုက်သည်။ "သူ့က အရည်အချင်းတော့ ရှိပါရဲ့... ဒါပေမယ့် အနောက်တံခါးက ဖြတ်ဖို့အတွက်တော့ အရမ်းဆင်းရဲနေသေးတယ်"
ရည်မှန်းချက်ကြီးလွန်းတယ်... ဒါက အိုင်ဒေါလ် အသစ်လေးတွေကြားက ယေဘုယျ အမူအကျင့်တွေပဲ...
ထန်ချန်း၏ မျက်လုံးများက အယ်လ်ဘမ် နမူနာများအပေါ် ဝေ့ဝဲသွားပြီးနောက် ခေါ်ဆိုသည့် ခလုတ်ကို နှိပ်လိုက်သည်။ "ဟန်မိန်မိန် ဝင်လာခဲ့"
ဟန်မိန်မိန်က လျင်မြန်စွာ ဝင်လာခဲ့ပြီး ထန်ချန်းက အယ်လ်ဘမ် နမူနာကို သူမဆီ ကမ်းပေးကာ အမိန့်ပေးလိုက်သည်။ "လီလီကို ပြောလိုက်... ဒါ အယ်ဘမ်အသစ်ရဲ့ ကာဗာ ဖြစ်လာလိမ့်မယ်"
“ဟုတ်ကဲ့ပါ... ထန်တုံ့" ဟန်မိန်မိန်က ဓါတ်ပုံကို ယူလိုက်ပြီး ငုံ့ကြည့်လိုက်သည်။ ထန်ချန်း ရွေးပေးထားသော ပုံအသစ်တွင် နာမည်အကြီးဆုံး ကျန်းချောင်ယိက အလယ်တွင် ရပ်မနေခဲ့ဘဲ ထိုအစား အလယ်တွင် ရပ်နေသူမှာ ကျန်းချောင်ယိနှင့် အဆင်မပြေသည့် သူ့အသင်းဖော် ဝူယန် ဖြစ်နေသည်။
(ကျန်းချောင်ယိက စီနီယာတုန့်နဲ့ ပြဿနာ တစ်ခု ရှိနေပုံပဲ)
ဟန်မိန်မိန်က ထန်ချန်းပေးလာသော အယ်လ်ဘမ် အဖုံး နမူနာကို စားပွဲပေါ်တွင် ချလိုက်ပြီး သူမ၏ လက်များက ကီးဘုတ်ပေါ်တွင် ခပ်မြန်မြန် ရိုက်နေခဲ့သည်။
(ဘောစ့်က နှာဘူးကြီး: ဘာလို့လဲ... သူက ထန်တုံ့ရဲ့ သနားကြင်နာတာကို မခံချင်လို့တဲ့လား...)
(ဇီးပန်းကိုးကိုင်း: ဝေါင်း... နားစမ်းပါ... စီနီယာတုန့်က နင့်မိသားစု ဘောစ့်လို အိမ်မပြန်ဘဲ ကောင်ငယ်လေးတွေနဲ့ ကစားတတ်တဲ့သူ မဟုတ်ပါဘူးနော်...)
(ဘောစ့်က နှာဘူးကြီး: ကျယ်ကျယ်မပြောစမ်းပါနဲ့... နင် ဒီလို တည့်တည့်ကြီး ပြောချလိုက်တော့ နားဝင်ဆိုးလိုက်တာ... ဒါပေမယ့်လေ ဒီနေ့ အန်းကောနဲ့ ဘောစ့်လျိုတို့ ကုမ္ပဏီ တူတူလာပြီး မှောင်နေတဲ့ အခန်းလေးထဲကိုတောင် တူတူ ဝင်သွားကြသေးတယ်...)
(ဇီးပန်းကိုးကိုင်း: ဒါပေမယ့် နင်ပြောသလိုသာဆို... မော့ကျန်းနဲ့ ဂျူနီယာလေး ကျန်းကလည်း ထန်တုံ့နဲ့ အတူတူ သူ့ရုံးခန်းထဲ ဝင်သွားကြတာပဲ...)
(ဘောစ့်က နှာဘူးကြီး: ဝိုး... သူ့အကြိုက်က အတော်လေးတာပဲ..
ဟန်မိန်မိန်က ကီးဘုတ်ပေါ်တွင် လက်တင်လျက် စာပြန်တော့မည့်အချိန်တွင် ထန်ချန်း၏ အခန်းက တွန်းဖွင့်ခံလိုက်ရသည်။ မော့ကျန်း၏ ညာခြေသွယ်သွယ်လေးက တံခါးမှ လျှောက်ထွက်လာရုံသာ ရှိသေးသော်လည်း ဟန်မိန်မိန်က အလင်းကဲ့သို့ အရှိန်ဖြင့် "ဝှစ်"ခနဲ သူမ၏QQမှ ထွက်ကာ ထိုင်နေရာမှ ထရပ်လိုက်ပြီး လေးလေးစားစား ဦးညွှတ်လိုက်သည်။ "ဧကရာဇ်မော့ ကောင်းသောနေ့လေး ဖြစ်ပါစေ"
မော့ကျန်းက ဟန်မိန်မိန်ကို ဘေးတစောင်းမှ တချက် ကြည့်လိုက်ပြီး ပြန်မဖြေလိုက်ဘဲ ကော်ရစ်ဒါဘက်ကိုသာ ဆက်လျှောက်သွားလိုက်သည်။
မော့ကျန်း၏ ကျောပြင် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်၍ ဟန်မိန်မိန် ရင်ဘတ်ကို ဖိကာ ထိုင်ခုံပေါ်သို့ တဖန် ပြန်ထိုင်ချလိုက်သည်။
(ဇီးပန်းကိုးကိုင်း: ဧကရာဇ်မော့ အခုလေးတင် ထွက်သွားပြီ...)
(ဘောစ့်က နှာဘူးကြီး: ဘောစ့်လျိုလည်း အခုလေးတင် ရုံးခန်းက ထွက်သွားတာ...)
(ဇီးပန်းကိုးကိုင်း: .... ငါ့မှာ အရမ်း ထူးဆန်းတဲ့ ခံစားချက် ရနေပြီ... )
(ဘောစ့်က နှာဘူးကြီး: ....အင်း တိုက်ဆိုင်ရုံလေး ဖြစ်မှာပါဟယ်... ငါလည်း အဲ့လို ခံစားနေရတယ်.)..
(ဇီးပန်းကိုးကိုင်း: .... နင်ပြောကြည့်... ငါတို့ ရဲခေါ်ဖို့ လိုလောက်လား....)
(ဘောစ့်က နှာဘူးကြီး: သတင်းပေးလိုက်တော့... အာ... စောလေ ကောင်းလေပဲ...)
ကော်ရစ်ဒါက သူတို့ လာစဥ်ကကဲ့သို့ လူရှင်းနေပြီး အားယောင်က လေထဲတွင် လွင့်ပျံနေကာ မော့ကျန်းနှင့် ခပ်ဝေးဝေးသို့ မရောက်စေရ။
"ရှင် ခုနက ပြောလိုက်တဲ့ စကားလုံးတွေက အရမ်း ကြမ်းလွန်းတယ်လို့ ထင်တယ်"
“အဲ့လိုလား” မော့ကျန်း၏ လက်များက သူ့ကုတ်အင်္ကျီလက်ထဲတွင် ရှိနေပြီး သူ့နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကွေးတက်သွားသည်။
အားယောင်က မော့ကျန်း အပြုံးမှာ လုံးဝ ဖော်ရွေမနေဟု ခံစားနေရသည်။ သို့သော်လည်း သူမက ရဲရဲရင့်ရင့်ဖြင့် ရှေ့ဆက်ရမည်ဟု ဆုံးဖြတ်လိုက်သည်။
"သူ့ကို အဲ့လို ပြောလိုက်ရင် သူ အဆိုးဘက်ရောက်သွားဖို့ အရမ်း လွယ်သွားတာပေါ့"
မော့ကျန်း: “…”
“ကျန်းချောင်ယိကို အဲ့လောက်ထိ တကယ် ကြိုက်နေတာလား" မော့ကျန်းက ဓါတ်လှေကားရှေ့ကို လျှောက်သွားလိုက်ကာ ခလုတ်ကို နှိပ်လိုက်ပြီးနောက် မေးလိုက်သည်။
“သူက အရမ်း ချောတယ်လေ" အားယောင်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“အိုး... ဒါဆို မင်း ဦးနှောက်မှာ ပြဿနာ ရှိနေရုံတင်မကဘူး... မျက်လုံးတွေပါ ကန်းနေတာပဲ"
မော့ကျန်းက အားယောင်ကို နှလုံးသား တစ်ခုလုံးဖြင့် အထင်အမြင်သေးနေခဲ့ပြီး ဓါတ်လှေကားက 38ထပ်သို့ ရောက်လာသည်ကိုပင် သတိမထားမိလိုက်ပေ။
အားယောင်က မော့ကျန်း၏ ကျော့ရှင်းလှသော ဘေးတိုက်ပုံစံကို လေ့လာလိုက်ပြီး မျက်တောင်ခတ်လိုက်သည်။
"ဒါပေမယ့်... ကျွန်မကတော့ ရှင်ကသာ အချောဆုံးလို့ ထင်တာပဲလေ"
မော့ကျန်း: “…”
သူမက သူကို ကပ်ဖားရပ်ဖား လုပ်နေသည်ဟုသာ သူခံစားနေရသော်လည်း သူ့နှလုံးသားထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ရှိနေလေသည်။ ဘာများပါလိမ့်...
သို့သော်လည်း မော့ကျန်းမှာ ခံစားချက်များကို ဆန်းစစ်ရန်အတွက် အချိန်ပို ရှိမနေခဲ့ပါချေ။ ဓါတ်လှေကားက "တင်း"ဟူသော အသံဖြင့် ရုတ်တရက် တံခါးပွင့်လာခဲ့သည်။
ဓါတ်လှေကားထဲတွင် အနောက်တိုင်း ဝတ်စုံ ဝတ်ထားသော လူတစ်ယောက် ရပ်နေပြီး မော့ကျန်း ထိုသူကို မြင်လိုက်ရသောအခါ သူ့မျက်ခုံးများမှာ စိတ်မရွှင်ပြမှုတို့ကြောင့် အမှတ်တမဲ့ စုကြုတ်သွားခဲ့သည်။
ထိုသူက လျိုထျန်ချောင်း ဖြစ်နေသည်။
လျိုထျန်ချောင်းက သိသိသာသာပင် ဓါတ်လှေကားတံခါး ပွင့်သွားသည်နှင့် မော့ကျန်း သူ့ကို ပြန်ကြည့်လာခဲ့မည်ဟု ထင်ထားပုံ မရပေ။
လျိုထန်ချောင်းက မသိလိုက်မသိဘာသာ ဖြင့် လေချွန်မိတော့မတတ် ဖြစ်သွားပြီး သူ့မျက်လုံးများမှာ အချို့သော စိတ်လှုပ်ရှားမှုတို့ဖြင့် တဖျတ်ဖျတ်လက်သွားသည်။ "ဧကရာဇ်မော့ တိုက်ဆိုင်လိုက်တာ"
မော့ကျန်းက ဓါတ်လှေကားရှေ့တွင် မလှုပ်မယှက် ရပ်နေပြီး ပြန်မဖြေလာခဲ့ပေ။ အားယောင် ပုံရိပ်နှစ်ခုကို ရှေ့ချည်နောက်ချည် ကြည့်နေခဲ့ပြီး ထိုအခြေအနေကို အနည်းနှင့်အများ နားလည်လိုက်သည်။ မော့ကျန်း၏ မျက်လုံးထဲမှ လျိုထျန်ချောင်းသည်ကား ရှောင်ရှီနှင့် အဆင့်အတူတူတွင် ရှိနေခဲ့သည်။
အိုးမိုင်ဂေါ့... ဒီနှစ်ထဲ မျက်နှာနှစ်ဖက်နဲ့လူတွေ အတော်ပေါလာပါလား...
ဓါတ်လှေကားက အလိုအလျောက် ပိတ်တော့မည်ပြုနေသည်အထိ ထိုနှစ်ယောက်က မလှုပ်မရှား ရှိနေကြဆဲပင်။ သို့သော်လည်း လျိုထျန်ချောင်းက တံခါးကြားတွင် လက်ထားလိုက်ပြီး ပိတ်တော့မည့် တံခါးကို ရပ်လိုက်ပြီး ပြောလိုက်သည်။ "ဧကရာဇ်မော့... မဝင်ဘူးလား"
၎င်းက စစ်ပွဲ ခေါ်သံပင်။
မော့ကျန်း၏ နှုတ်ခမ်းများမှာ ဖြောင့်တန်းသွားပြီး ဓါတ်လှေကားထဲသို့ ညာခြေကို ခြေမချလိုက်ခင် လျိုထန်ချောင်းကို တစ်ချက် ကြည့်လိုက်သည်။
ဓါတ်လှေကား တံခါး ထပ်ပိတ်သွားသည့်အချိန်၌ အားယောင်က လျိုထန်ချောင်းနှင့် မော့ကျန်း ကြားတွင် ဝင်ရပ်လိုက်ပြီး ထိုသူ နှစ်ယောက်ကို ခွဲထားလိုက်သည်။ အင်း... သူမက ထွင်းဖောက်မြင်နေရပေမယ့်ပေါ့လေ...
ဓါတ်လှေကားရှိ နံပါတ်က 36မှ 35၊ ထို့နောက် 34ထိ ဆင်းသွားပြီး လျိုထန်ချောင်းက အဆုံး၌ စကားပြောလာခဲ့သည်။ "မော့ကျန်း မင်းကို ဘယ်အချိန် ကြည့်ကြည့် အရမ်း ဖော်ရွေတတ်တဲ့ပုံပဲနော်"
အားယောင်: “… …” တစ်ယောက်ယောက် လာကူကြပါအုံး...
မော့ကျန်းက ဓါတ်လှေကား တံခါးကိုသာ မမှိတ်မသုန် စိုက်ကြည့်နေပြီး သူ့ အေးတိအေးစက် ဘေးတိုက်မျက်နှာက လျိုထန်ချောင်းကို သူ့အပေါ် သိမ်းပိုက်စိုးမိုးလိုသည့် စိတ်ဆန္ဒများကိုသာ ပို၍ ဖြစ်စေလာခဲ့သည်။
သူက မော့ကျန်းကို ကြည့်၍ ပြုံးပြလိုက်ပြီး ရှေ့တစ်လှမ်းတိုးကာ မော့ကျန်း၏ လက်မောင်းကို ဖမ်းဆုပ်လိုက်ရန် ကြုံရွယ်လိုက်သော်လည်း သူ့ထက်မြန်သည့်အရာမှာ မော့ကျန်း၏ လက်သီးပျံများပင်။
“ဘုန်း" ဟူသော အသံကျယ်ကြီး ထွက်လာပြီးနောက် ဓါတ်လှေကားက အနည်းငယ် ယိမ်းခါသွားခဲ့သည်။
လျိုထန်ချောင်းက ထောင့်ကို ကပ်သွားသည်အထိ အထိုးခံလိုက်ရပြီးနောက် အင်္ကျီလက်ဖြင့် ပါးစပ်မှ သွေးများကို သုတ်လိုက်သည်။ အားယောင်က မော့ကျန်း၏ ဖျတ်လတ်သော စကေးများကို အံ့အားသင့်နေခဲ့ရသည်။
သူမကသာ လုံးဝ မထိတွေ့နိုင် ဖြစ်ရသည့် အချက်ကြောင့်သာ မဟုတ်ခဲ့ပါက သူတို့တွေ့သည့် ပထမနေ့ဆုံးနေ့ မှာကတည်းက မော့ကျန်း၏ လက်သီးများကြောင့် သေချာပေါက် ပြားချပ်သွားပြီးသား ဖြစ်လောက်မည်။
"မော့ကျန်း မင်းရဲ့စိတ်က အဲ့နှစ်တုံးကလို ကသိကအောက် ဖြစ်နေတုန်းပဲနော်" လျိုထန်ချောင်းက သူ့အင်္ကျီလက်ပေါ်မှ သွေးစွန်းကွက်များကို ကြည့်၍ စိတ်ကျေနပ်ဖွယ်ကောင်းသော အတွေ့အကြုံတစ်ခုကို ပြန်ပြောင်း သတိရမိသည့်အလား ကျယ်လောင်စွာ ရယ်မောလာသည်။
“မစ္စတာလျိုက ကောင်ငယ်လေးတွေကိုပဲ ကြိုက်တာ မဟုတ်ဘူးလား... ငါက အသက်နှစ်ဆယ့်ခြောက်နှစ် ပြည့်သွားပြီ"
လျိုထျန်ချောင်းက မော့ကျန်း၏ ခန္ဓါကိုယ် ထောင့်တိုင်းကို ကြည့်လိုက်ပြီး သူ့မျက်လုံးထဲမှ တဏှာရမ္မက်များကိုပင် ဖုံးကွယ်မထားခဲ့ပေ။
"ဒါက မင်း ငြင်းဆန်နေတဲ့ အကြောင်းပြချက်ဆိုရင် အသက်အရွယ်က တကယ် ကိစ္စမရှိဘူး"
ထ်ု ရမ္မက်လျှံနေသော မျက်လုံးများက မော့ကျန်းကို စက်ဆုပ် ရွံရှာသွားစေခဲ့ပြီး မျက်မှောင်ကြုံ့သွားခဲ့သည်။ သူက 23ထပ်မှာပင် ဓါတ်လှေကားကို ရပ်လိုက်ပြီး အပြင်ကို ထွက်သွားခဲ့သည်။
လျိုထျန်ချောင်းက မော့ကျန်း၏ ပုံရိပ် ဝေးသထက် ဝေးသွားသည်ကို ကြည့်၍ သူ့မျက်နှာအမူအရာက ရွှင်ပြနေပုံပေါ်နေခဲ့သည်။
ရုတ်တရက်ပင် သတိပေးချက် အလျင်း မရှိဘဲ ဓါတ်လှေကား မီးများ တစ်ချိန်တည်း ငြိမ်းသွားခဲ့သည်။ ဓါတ်လှေကားက တန့်ခနဲ ရပ်သွားသည်ကြောင့် အချက်ပေးသံတစ်ခုက ဓါတ်လှေကားကို ဖြတ်၍ မြည်လာခဲ့သည်။
လျိုထျန်ချောင်းက အထိန်းအကွပ်မရှိတော့ဘဲ သူ့ဘယ်ပုခုံးက ဓါတ်လှေကား နံရံနှင့် ပြင်းပြင်းထန်ထန် ရိုက်မိသွားသည်။
ယခုလောလောဆယ် ပြဿနာက ပျက်သွားသော ဓါတ်လှေကား ဖြစ်နေသဖြင့် သူ့ပုခုံးထံမှ ပြင်းထန်သော နာကျင်မှုကို စိတ်ရောက်ရန် အတော်လေး နောက်ကျသွားပေပြီ။ လျိုထန်ချန်းက အော်ဟစ်နေကြမည် ဖြစ်သော မိန်းမငယ်လေးများကဲ့သို့ကြောက်ရွံ့မနေသော်လည်း လက်တွေ့တွင်မူ အထပ်နှစ်ဆယ်အမြင့်တွင် ပိတ်မိနေပြီး အမှောင်ထုကလည်း ဝန်းရံနေသေးသည်။သူ့နှလုံးသားကပင် အနည်းငယ် ထိတ်လန့်လာခဲ့သည်။
လျိုထန်ချောင်းက အင်္ကျီအိတ်ထဲမှ ဖုန်းကို ထုတ်ယူလိုက်ပြီး ဖုန်းအလင်းရောင်ဖြင့် ရှေ့တိုးကာ အရေးပေါ် အချက်ပေးခလုတ်ကို နှိပ်လိုက်သည်။
မော့ကျန်းက သူ့နောက်ပါးရှိ ဓါတ်လှေကားထံမှ အချက်ပေးသံ စူးစူးကို ကြားရချိန်တွင် ခြေနှစ်လှမ်းမျှသာ ရွေ့ရသေးသည်။ သူက ခြေလှမ်းရပ်၍ ပြန်လှည့်ကြည့်လိုက်ပြီးနောက် လိပ်ပြာမသန့်ဖြစ်နေသူထံ အကြည့်ပို့လိုက်သည်။
"မင်း လုပ်လိုက်တာလား"
“သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ" အားယောင်က ခေါင်း တတွင်တွင် ခါရင်း မော့ကျန်းကို ကြည့်လိုက်သည်။
"ကျွန်မရဲ့ ရိုးသားတဲ့ မျက်လုံးတွေကို ကြည့်လိုက်စမ်းပါ"
မော့ကျန်း: “…”
ဆောရီး ငါ မစင်တွေပဲ မြင်နေရတယ်...
အဆောက်အအုံထဲရှိ လုံခြုံရေး ဝန်ထမ်းများက အပြေးရောက်လာခဲ့သည်။ ထိုသူများ ပျက်နေသော ဓါတ်လှေကား ဘေးရှိ အခြားဓါတ်လှေကားထဲမှ ထွက်လာရန်အတွက် အချိန် သုံးမိနစ်သာ ကြာသွားခဲ့သည်။ (ဓါတ်လှေကားနှစ်စင်း)
မော့ကျန်းသည်လည်း 23ထပ်တွင်သာ ဆက်နေပြီး စောင့်လိုက်ရန် ဆုံးဖြတ်လိုက်သည်။ လုံခြုံရေး ဝန်ထမ်းများက လျိုထျန်ချောင်းကို မည်ကဲ့သို့ ကယ်တင်ကြမည်ကို သူ အလွန် စိတ်ဝင်စားနေခဲ့သည်။
လုံခြုံရေး ဝန်ထမ်း ခေါင်းဆောင်နှစ်ယောက်က ဓါတ်လှေကားထဲမှ အပြေးထွက်လာကြသော်လည်း သူတို့ ပထမဆုံး မြင်လိုက်ရသည်မှာ မော့ကျန်းက 23ထပ်တွင် ဓါတ်လှေကားရှေ့၌ ရပ်နေခြင်းသာ ဖြစ်နေသည်။ ညာဘက်မှ လုံခြုံရေးက သိသိသာသာပင် မော့ကျန်း၏ ဖန်အကြီးစားဖြစ်နေပြီး စိတ်လှုပ်ရှားစွာ စကားပြောလိုက်ချိန်၍ သူ့စကားလုံးများကပင် ပလုံးပထွေး ဖြစ်နေခဲ့သည်။ "မစ္စတာ မော့ မော့ မော့ မော့... ကျေးဇူးပြုပြီး ကျွန်တော့်ကို လက်မှတ် ထိုးပေးလို့ရမလား"
မော့ကျန်း: “…”
ဘယ်ဘက်မှ လုံခြုံရေးက သူ့တွဲဖက်ထံ လှည့်ကာ ခေါင်းကို ခေါက်၍ ဆူပူလိုက်သည်။ "အရူးကောင်... အခုက "မစ္စတာမော့ ဓါတ်လှေကားထဲ ပိတ်မိနေတာ ဘယ်သူလဲ" ဆိုပြီး မေးရမယ့် အချိန်ကွ"
ညာဘက်မှ လုံခြုံရေးက အလင်းပွင့်သွားပြီး အပြင်းအထန် ခေါင်းငြိမ့်ပြလာခဲ့သည်။ သူက အခုလေးတင် မေးလိုက်သောစကားကို ကြက်တူရွေးလေးကဲ့သို့ နောက်ကလိုက်ပြောလာခဲ့သည်။
"မစ္စတာမော့ ဓါတ်လှေကားထဲ ပိတ်မိနေတာ ဘယ်သူလဲ"
“လျိုထျန်ချောင်း”
…
Xxxxx