Chapter 20
အဝါရင့်ရောင်စက္ကူ
လုံခြုံရေး ဝန်ထမ်း နှစ်ယောက်မှာ အချင်းချင်း ကြည့်လိုက်ကြပြီးနောက် သူတို့၏ အကြည့်များကို ဓါတ်လှေကားထံသို့ အကြည့်ပို့လိုက်ကြသည်။
"မစ္စတာလျို... မစ္စတာလျို... အသက်ရှိသေးရဲ့လား"
လျိုထျန်ချောင်းက အပေါ်မှ တဝီဝီ မြည်သံများကို ကြားသောအခါ မျက်မှောင်ကြုံ့လိုက်ပြီး မော့ကြည့်ကာ အော်လိုက်သည်။
"ဘာတွေ အချိန်ဖြုန်းနေကြသေးတာလဲ... ဓါတ်လှေကားကို မြန်မြန် လာပြင်ကြတော့"
မစ္စတာလျို သူတို့ကို ပြန်အော်သည့် အသံကို ကြားလိုက်ပါမှ လုံခြုံရေး နှစ်ယောက်မှာ ချက်ချင်း စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်ကြပြီး အော်ပြောလိုက်သည်။
"မစ္စတာလျို မကြောက်နဲ့နော်... ကျွန်တော်တို့ မကြာခင် လာကယ်ပေးမယ်"
ဘယ်ဘက်မှ လုံခြုံရေးက သူတို့၏ ပစ္စည်းများကို ထုတ်၍ တံခါးဖျက်ရန် ကြိုးစားနေသော်လည်း ညာဘက်မှ လုံခြုံရေးကမူ ထိုအချိန်လေးတွင် လျိုထျန်ချောင်းကို နှစ်သိမ့်ပေးရန် ဆုံးဖြတ်လိုက်သည်။
"မစ္စတာလျို... ဓါတ်လှေကားထဲမှာ ဂရုမစိုက်ဘဲ လျှောက်လှုပ်မနေနဲ့အုံးနော်... မဟုတ်ရင် ဓါတ်လှေကား ပြုတ်ကျသွားမယ်"
…
ဘယ်ဘက်မှ လုံခြုံရေး ဝန်ထမ်က သူ့လှုပ်ရှားမှုများကို တဝက်တပျက် ရပ်တန့်လိုက်သည်။ သူက ညာဘက်ရှိ လုံခြုံရေးအနားသို့ ကိုင်းကာ အော်လိုက်လေသည်၊ "အရူးကောင် သူမလှုပ်ရင်တောင် ဓါတ်လှေကားက ကျနေအုံးမှာပဲ"
…
“ဟားဟားဟားဟားဟားဟား" အားယောင်က သူမ၏ အသံကို မည်သူမှ မကြားနိုင်၍ ပွင့်ပွင့် လင်းလင်း ရယ်မောနိုင်သည်ကို ကျေးဇူးတင်မိသွားသည်။ "အဲ့နှစ်ယောက်က သေချာပေါက် ရှင့်ဖန်တွေပဲ... သူတို့က ခပ်တုံးတုံးဖန် အမျိုးအစားထဲမှာ ပါလောက်တယ်"
မော့ကျန်း၏ စိတ်မကြေလည်မှုများက အားယောင်၏ တပျော်တပါး ရယ်သံကြောင့် လွင့်ပါးသွားဟန်ပင်။ သူက လှေကားထပ်များဆီ လျှောက်သွားလိုက်သည်။ "သွားရအောင်"
အားယောင်က သူ့ဘေးနားတွင် တလွင့်လွင့် လိုက်လာသော်လည်း ဓါတ်လှေကားကို စိတ်မပါ လက်မပါ ကြည့်လိုက်သည်။ "ဆက် မကြည့်တော့ဘူးလား"
“မကြည့်တော့ဘူး" မော့ကျန်းက လှေကားထစ်၏ မဟော်ဂနီ တံခါးကို တွန်းကာ ထိုပြကွက် ပြနေသောနေရာကို ပြန်မသွားကြည့်တော့ဟန်ပင်။
23ထပ်မှ အဓိကအထပ်သို့ လှေကားဖြင့် ဆင်းရသော ခရီးက အတော်လေး ရှည်ကြာသော ခရီးပင်။ "ရှင်သိလား... ရှင် တခြား ဓါတ်လှေကား စီးလို့လည်း ရတယ်လေ"
မော့ကျန်းက သူမကို လှည့်ကြည့်လိုက်ပြီး အသံတိုးတိုးဖြင့် ရယ်မောလိုက်သည်။ "မင်း လုပ်တယ် ဆိုတာကို ဝန်မခံသေးဘူးလား"
အားယောင်က နှုတ်ခမ်းကိုက်လိုက်ပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။ "ရှင့်ကို အခွင့်အရေး ယူဖို့ သူ့ကို ဘယ်သူပြောလို့လဲ... ကျွန်မတောင် ရှင့်ကို အခုထိ အခွင့်အရေး မယူရသေးတာကို"
မော့ကျန်း၏ လမ်းလျှောက်နှုန်းက အနည်းငယ် မငြိမ်မသက် ဖြစ်သွားပြီး သူ့ပုခုံးများမှာလည်း အနည်းငယ် လှုပ်ခါသွားကာ အားယောင်ကို မျက်နှာချင်းဆိုင်လိုက်သည်။
"မင်း ဘာပြောလိုက်တာလဲ"
“ဟားဟားဟားဟား" အားယောင်က အကျယ်ကြီး ရယ်လိုက်ကာ ပွင့်ပွင့်လင်းလင်းပင် စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"အိုး ဟုတ်သား... သူက 'အဲ့နှစ်တုန်းက'လို့ ပြောလိုက်သေးတယ်... အဲ့နှစ်တုန်းက ဘာတွေ ဖြစ်ခဲ့လို့လဲ"
မော့ကျန်းက ခန္ဓါကိုယ်ကို လှည့်ကာ လှေကားကို ဆက်ဆင်းသွားလိုက်သည်။
"ဘာမှ မဖြစ်ဘူး... ဒီနေ့လိုပဲ... သူ့ကို နေ့အလင်းရောင် မမြင်ရတဲ့အထိ ထိုးပစ်ခဲ့တာ"
အားယောင်က မော့ကျန်း၏ ခေါင်းအနောက်ကို တစ်ခဏမျှ စူးစိုက် ကြည့်လိုက်ပြီး ကိုယ်တိုင်သာ ခန့်မှန်းကြည့်လိုက်သည်။ "ရှင် သေချာပေါက် တစ်ခုခု ဖုံးကွယ်ထားတာပဲ"
မော့ကျန်းက အားယောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်ပြလိုက်သည်။ "အင်း... နောက်ဆုံးတစ်ခေါက် ငါသူ့ကို ရိုက်ခဲ့တုန်းက သူ သွားတစ်ချောင်း ကျိုးသွားတယ်လေ..ဒီထက်တော့ ပိုအကြမ်းဖက်မိသွားတာပေါ့"
အားယောင်: “…”
မော့ကျန်းက သူရည်ရွယ်ထားသော အထပ်ကို ရောက်ရန်အတွက် အချိန်အကြာကြီး မယူခဲ့ရ။ ဟန်မိန်မိန်က လုံခြုံရေးအခန်းမှ ထိုသတင်းကို ကြားခဲ့ပြီးနောက် QQတွင် ဖြန့်ဖြူးရန် မစောင့်နိုင်တော့ပေ။
("နင့်မိသားစု ဘောစ့်က ဓါတ်လှေကားထဲ ပိတ်မိနေလို့ အခုမှ ထွက်လာနိုင်တာတဲ့")
(ဘောစ့်က နှာဘူးကြီး: ...)
(ဇီးပန်းကိုးကိုင်း: လုံခြုံရေး အစ်ကိုကြီးတွေ ပြောတဲ့ စကားအရ နင့်ရဲ့ ဘောစ့်က ပါးစပ်မှာ ဒဏ်ရာအချို့ တွေ့ရတယ်တဲ့... သူပြောတာကတော့ ဓါတ်လှေကား ပျက်သွားတဲ့အချိန် ခိုက်မိတာပါလို့ ပြောပေမယ့် ဘယ်သူ့ကို လာနောက်နေတာလဲ... ဒီလို ဒဏ်ရာမျိုးရအောင်အထိ သူက ဘယ်လို အနေအထားမျိုးနဲ့ စီးနေတာ မို့လို့လဲ...)
(ဘောစ့်က နှာဘူးကြီး:...)
(ဇီးပန်းကိုးကိုင်း: နင် အဓိကအချက်ကို နားလည်ရဲ့လား...)
(ဘောစ့်က နှာဘူးကြီး: ငါအခု QQ နာမည် အသစ်အကြောင်း စဥ်းစားနေတာ...)
(ဘောစ့်ရဲ့ ကိုယ်နေဟန်ထားက အရမ်း*: ဒါဆို ဘယ်လိုလဲ...)
(ဇီးပန်းကိုးကိုင်း: ... အဲ့ဒါက အရင်က နင်ကိုယ်တိုင် ကြုံခဲ့ဖူးသလိုလိုနဲ့...)
(ဘောစ့်ရဲ့ ကိုယ်နေဟန်ထားကအရမ်း*: ... ငါ့ကို မခြောက်ပါနဲ့ဟယ်)
(ဘောစ့်ရဲ့ ကိုယ်နေဟန်ထားက အရမ်း*: ဓါတ်လှေကားထဲမှာ ဘောစ့်လျိုပဲ ရှိနေခဲ့တာလား...)
(ဇီးပန်းကိုးကိုင်း: ဟားဟားဟား နင်နောက်ဆုံးတော့ ဟာကွက် တွေ့သွားပြီပေါ့... ဟုတ်တယ်... လုံခြုံရေး အစ်ကိုကြီးတွေပြောတာ ဧကရာဇ်မော့လည်း အပြင်မှာစောင့်ရင်း အဲ့အဖြစ်အပျက်ကို ကြည့်နေခဲ့တာတဲ့...)
(ငါ့ဘုရင်ကြီးမှာ စူပါ ပါဝါတွေ ရှိတယ်: ဒီနာမည်ကိုပဲ သုံးဖို့ ဆုံးဖြတ်လိုက်ပြီ...)
(ဇီးပန်းကိုးကိုင်း: ... နင်ဘယ်သူလဲဟင်...)
....
နတ်ဘုရား တားမြစ်ဇုံ 3က နောက်တစ်ရက်တွင် ရိုက်ကူးရေး ပြန်စခဲ့ပြီး မော့ကျန်းသည်လည်း ပြန်လည် ပြုပြင်ထားသော ဇာတ်ညွှန်းကို ရခဲ့သည်။ စုန့်နီ ပါသော ဇာတ်ကွက်များကို ဖြုတ်ချလိုက်သည်မှ လွဲ၍ ကျန်သော ဇာတ်ညွှန်းမှာ များစွာ ထွေထွေ ထူးထူး ပြောင်းလဲ မသွားခဲ့ပါပေ။
မော့ကျန်းက ဇာတ်ညွှန်းကို ယူလိုက်ပြီး နှစ်မျက်နှာမျှ လှန်ကြည့်လိုက်သည်။ ယနေ့ စုန့်နီ စတူဒီယိုသို့ ရောက်မလာသည်ကို သူ သတိထားမိသည်။ သို့သော်လည်း ရိုက်ကူးရေး အဖွဲ့ဝင်များနှင့် သရုပ်ဆောင်များက သတိမထားမိသည်လား ဒါမှမဟုတ် ၎င်းကို ဥာဏ်ရှိရှိ ထုတ်မပြောကြသည်လား မော့ကျန်း မသိပေ။ သို့သော်လည်း သူတို့ ထုတ်မပြောလျှင် မော့ကျန်းသည်လည်း ပြောလိမ့်မည် မဟုတ်ပေ။
သူ ဇာတ်ညွှန်းကို ကြည့်လိုက်သောအခါ စုန့်နီတွင် ရိုက်ကူးရန် အခန်း သုံးခန်းမျှ ကျန်နေသေးသည်။ ၎င်းက သူမ၏ ဇာတ်ကောင်မှာ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ဂိမ်းအိုဗာ ဖြစ်သွားမည့်အတွက် ကြောင့်ပင်။
သို့သော်လည်း ဇာတ်ညွန်းရေးဆရာ၏ လုပ်နိုင်စွမ်းက ပထမအဆင့်မှာပင်။ သူက ၎င်းကို စီစဥ်ထားခဲ့သည်မှာ စုန့်နီက အချိန်တိုလေးအတွင်း ရှည်ကြာသော အဆုံးသတ်ကို ရမည် ဖြစ်ပြီး ထိုနည်းကို အသုံးပြုခြင်းက အမျိုးမျိုးသော စပွန်ဆာများကို သိမ်းယူရန် အတွက်ပင်။
မော့ကျန်းက နေ့လည်စာကို စတူဒီယို သို့မဟုတ် အဝတ်လဲခန်းတွင်သာ စားလေ့ရှိသည်။ နေ့တိုင်းပင် ထန်ချန်းက ရောက်လာပြီး သူ့အတွက် နေ့လည်သာ သတ်သတ် ယူလာပေးသည်။ ထန်ချန်း မလာပါက ရိုက်ကူးရေး အဖွဲ့ထဲမှ တစ်ယောက်ယောက်က သူ့အတွက် နေ့လည်စာ ပို့ပေးလာမည် ဖြစ်သည်။
သို့သော်လည်း မော့ကျန်းက သူ့ရှေ့မှ လူပုံမဖမ်းနိုင်သော မုတ်ဆိတ်မွှေး ဦးလေးကြီးကို ကြည့်လိုက်ကာ သူ့မျက်ခွံများက အံ့အားသင့်မှုကြောင့် အမှုမဲ့ အမှတ်မဲ့ ခုန်ပေါက်သွားသည်။ "ခင်ဗျား ဘယ်သူလဲ... ခင်ဗျားကို တစ်ခါမှ မတွေ့ဖူးပါဘူး"
“ဦးလေးရဲ့ နေ့လည်စာလုပ်ငန်းပါ" မုတ်ဆိတ်မွှေး ဦးလေးကြီးက သူ့ကုတ်အင်္ကျီ အိပ်ကပ်ထဲမှ ချောကျိကျိ လုပ်ငန်းကဒ်တစ်ခု ထုတ်ပေးလာပြီး မော့ကျန်းရှေ့တွင် ယမ်းပြလိုက်သည်။ "မင်း စားနေတာ ဦးလေးရဲ့ မိသားစုက နေ့လည်စာကိုလေ"
မော့ကျန်း: “…”
ထ်ုဦးလေးကြီးက လုပ်ငန်းကဒ်ကို ပြန်လှန်လိုက်ပြီး မော့ကျန်းရှေ့တွင် ထားလိုက်သည်။ "ဒါပေမယ့်... ဟုတ်ပါတယ်... ဦးလေးမှာ အခြား အလုပ်တစ်ခု ရှိသေးတယ်...လူတွေအတွက် သရဲ ဖမ်းကူပေးတာမျိုးပေါ့"
မော့ကျန်း မျက်ခုံးပင့်မိသွားသည်။
“မစ္စတာမော့... ငါ သတိထားမိနေတာ အတော်ကြာပြီ... မင်း သရဲ ခြောက်ခံနေရတာလား"
........
မော့ကျန်း တစ်ခါမှ မမြင်ဖူးသော မုတ်ဆိတ်မွှေး ဦးလေးကြီး တစ်ယောက်က သူ့ရှေ့တွင် ရပ်နေခဲ့သည်။ သူ့မေးရိုးက အလွန် ရှုပ်ထွေးနေသော ကွေးကွေးကောက်ကောက် အနက်ရောင် မုတ်ဆိတ်မွှေးတို့ဖြင့် ယှက်သိုင်းနေခဲ့သည်။ ၎င်းအပေါ် နေထိုးလိုက်သောအခါ အနည်းငယ် ရွှေရောင်သန်းသော အရောင်ဖြစ်သွားခဲ့သည်။ ထိုသူက အချိန်အကြာကြီး မအိပ်ခဲ့ရဟန်ပေါ်သည်။ တွဲကျနေသော သူ့မျက်ရစ်အိတ်များမှာ စိမ်းနက်ရောင် မျက်ကွင်းများ ဖြစ်ပေါ်နေပြီး သူ့မျက်ဆံများကပင် တိမ်ဖုံးနေသကဲ့သို့ ဖြစ်နေသည်။
သို့သော်လည်း မော့ကျန်းကို ကြည့်နေချိန်၌ သူ့မျက်လုံးများမှာ အလွန်အမင်း အလေးအနက် ဖြစ်နေပုံပေါ်နေခဲ့သည်။
ဒီထူးဆန်းတဲ့စကားတွေ... ၎င်းတို့သာ အခြားသူများ၏ နားထံရောက်သွားပါက ပုံမှန် အရေမရအဖတ်မရ စကားများအဖြစ် ရယ်မောကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း မော့ကျန်းက ကောင်းကောင်း သိနေသည်။ ၎င်းက ပုံမှန် အရေမရအဖတ်မရ စကားများ ဖြစ်နေလျှင်တောင် သူ့မျက်လုံးများက အလွန် လေးနက်နေခဲ့သည်။
သူ ထိုမုတ်ဆိတ်မွှေး ဦးလေးကြီးကို မောကြည့်လိုက်မိသည်။ သူ့နှလုံးသားက အကြောက်တလန့် ဖြစ်သွားရန်အတွက် အကြောင်းပြချက် ရှိမနေသော်လည်း ထိုကဲ့သို့ပင် ဖြစ်နေရသည်။ သို့သော်လည်း မော့ကျန်းက သရုပ်ဆောင် တစ်ယောက်ဖြစ်နေသည်။ထိုအကျပ်အတည်းဖြစ်နေသည့် ကာလအတွင်းမှာပင် မော့ကျန်းက အနားမနေနိုင်သော သူ့နှလုံးသားကို ဖုံးကွယ်ရန် ကောင်းကင်ကိုပင် ဖီဆန်နိုင်သော သရုပ်ဆောင်စကေးများကို ထုတ်သုံးနေရသည်။
အနက်ရောင် မျက်လုံးတို့မှာ တဖြည်းဖြည်း ဖြင့် ဟားတိုက်လိုက်သည့် အလွှာတစ်ခုကို အရောင်ခြယ် လိုက်သည်။ သူ့နှင်းဆီရောင် နှုတ်ခမ်းများကပင် အရှေ့မှလူကို ရူးသွပ်နေသည့်လူတစ်ယောက်သဖွယ် ဆက်ဆံနေသည့် ပုံဖြင့် ခပ်ဟဟ ရယ်မောလိုက်လေသည်။
"ဆောရီးပါ... ဒါပေမယ့် ကျွန်တော် ဒါတွေကို မယုံကြည်တတ်ဘူး"
မော့ကျန်း၏ တုံ့ပြန်မှုက မုတ်ဆိတ်မွှေး ဦးလေးကြီးကို အလွန် အံ့အားသင့်သွားစေသည်။ သူ့နှုတ်ခမ်းကို ကိုက်၍ မော့ကျန်းကို ဆက်ပြီး တည့်တည့်ကြည့်နေလေသည်။
"မစ္စတာမော့... မင်းကို လိမ်ပြီး လှည့်စားနေတာ မဟုတ်ဘူး... ကြားရတာ နည်းနည်းဖို့ ရယ်စရာ ကောင်းပေမယ့် ကျေးဇူးပြုပြီး ငါ့ရဲ့ ကျွမ်းကျင်တဲ့ ခွဲခြမ်းစိတ်ဖြာမှုကို ယုံကြည်ပေးပါ"
“အာ” မော့ကျန်းက လှောင်ရယ် လိုက်သည်။ "ဒါပေမယ့် ကျွန်တော်က စိတ်ကျန်းမာရေးဆေးရုံတွေရဲ့ စွမ်းအားကို ယုံကြည်ပါတယ်"
“အိုင်း... ငါတကယ် နေမကောင်း ဖြစ်နေတာ မဟုတ်ဘူးလို့" မုတ်ဆိတ်မွှေး ဦးလေးကြီးက အလျင်လိုနေသကဲ့သို့ စိတ်မရှည်ဟန်ဖြင့် လက်ချောင်းများကို ပေါင်ပေါ် တတောက်တောက် ခေါက်နေခဲ့သည်။ သူက လက်ညှိုးကို မြှောက်ကာ မော့ကျန်း၏ နံဘေးသို့ ထိုးပြလိုက်ပြီး ဆိုလာသည်။
"သူ အဲ့နေရာမှာ ရှိနေရမယ်... အဲ့တာ သရဲတစ်ကောင်ပဲ"
သူ့လက်ညှိုးထိပ်က အားယောင် အကြမ်းပတမ်း မျောလွင့်နေသော နေရာကို ထိုးပြနေခဲ့သည်။
အားယောင်က လက်ညှိုးကို မမှိတ်မသုန် ကြည့်နေပြီးနောက် သူမက လက်များကို ဆန့်ထုတ်၍ မုတ်ဆိတ်မွှေး ဦးလေးကြီး၏ ရှေ့တွင် ဝှေ့ယမ်းပြလိုက်သည်။
"ကျွန်မကို မြင်ရလား"
သို့သော် မုတ်ဆိတ်ဦးလေးကြီးက ပြန်ဖြေမလာပေ။ သူ အားယောင်ကို မမြင်နိုင်သည်မှာ အသိသာကြီးပင်။
မော့ကျန်းက နေ့လည်စာဘူးကို ပြန်ချလိုက်ပြီး ထရပ်လိုက်သည်။
"ဒီမှာ... ခင်ဗျား ဒီလိုမျိုး လာလှိမ့်နေအုံးမယ်ဆိုရင်... ရဲခေါ်ရလိမ့်မယ်"
ထိုချိန်းခြောက်မှုကို ကြားသောအခါ မုတ်ဆိတ် ဦးလေးကြီး၏ ပုံက ထိုစကားလုံးများကို အရင်က အကြိမ်ပေါင်း များစွာ ကြားခဲ့ရဖူးသလိုပင်။ သူ့အိတ်ထဲမှ ပစ္စည်း တစ်ခုကို မြန်မြန်ဆွဲထုတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားလိုက်သည်။ အားယောင်က နီးနီးကပ်ကပ် ကြည့်လိုက်သောအခါ သူ့လက်ထဲမှ ပစ္စည်းက အဝါရောင် အင်းစာရွက်တစ်ရွက် ဖြစ်နေခဲ့သည်။
သူမ၏ နှလုံးသားထဲတွင် မျိုးစုံသော ခံစားချက်များ ရောနှောနေခဲ့သည်။ နေ့လည်စာဘူး ရောင်းတဲ့ ဦးလေးကြီးတစ်ယောက်က အဝါရောင် အင်းစာရွက်တွေ ယူလာတယ်တဲ့လား... သူ အိုးတစ်လုံး သယ်လာတယ် ဆိုတာကမှ ပိုကြားကောင်းသေးတယ်...
မော့ကျန်းသည်ပင် တစ်ခဏမျှ အံ့အားသင့်သွားရသည်။ သူ တုံ့ပြန်လာမည်ကိုပင် မစောင့်နိုင်တော့ဘဲ မုတ်ဆိတ်မွှေး ဦးလေးကြီးက ဂါထာတိုလေးတစ်ခုကို ရေရွတ်ကာ အင်းစာရွက်ကို လေထဲသို့ ပစ်လွှတ်ပြီးသား ဖြစ်နေခဲ့သည်။ ထို အင်းစာရွက်က လေထဲသို့ တဝက်တပျက် ရောက်နေသည့်အခိုက်မှာပင် မီးကျွမ်းသွားခဲ့သည်။
“အား" အင်းစာရွက်က ထုတ်လွှင့်လာသော မီးတောက်က အလွန် တောက်ပပြီး မျက်စိပင် ကြိမ်းသွားစေသည်။ အားယောင်က သူမ၏ မျက်လုံးများကို လက်ဖြင့် ကာလိုက်သော်လည်း အလွန် နောက်ကျ သွားပေပြီ။ သူမ၏ တလွင့်လွင့် ဖြစ်နေသော ပုံရိပ်လေးက တဖြည်းဖြည်း မတည်ငြိမ် ဖြစ်လာပြီး နောက်ဆုံးတွင် လေထဲမှာပင် ရုတ်တရက် ကွယ်ပျောက်သွားသည်။
မော့ကျန်း၏ နှလုံး တင်းကြပ်သွားသည်။ သူက ထိတ်လန့်မှုတို့ဖြင့် ထိုင်ခုံမှ ငေါက်ခနဲ ထရပ်လိုက်ရသည်။ အားယောင်က နှံ့နှံ့စပ်စပ် ကွယ်ပျောက်သွားသည် ဖြစ်၍ ခေါင်းပေါ်မှ ဆံချည်မျှင်လေး တစ်မျှင်မှပင် မကျန်ရစ်ခဲ့ပေ။
ထိုမြင်ကွင်းအတွက် မော့ကျန်း၏ တုံ့ပြန်မှုမှာ မသေးပေ။ တစ်ခုခုက သူ့ဦးနှောက်ထဲကို မီးဝင်ရှို့သွားသကဲ့သို့ပင် ပူလောင်နေသလို ခံစားနေရသည်။ သူက မုတ်ဆိတ် ဦးလေးကြီးကို ထိုးဖောက်တော့မတတ် ခပ်စူးစူး ပြန်လှည့်ကြည့်လိုက်သည်။
"ခင်ဗျား ဘာလုပ်လိုက်တာလဲ... ဒီလို မျက်လှည့်တွေကို သုံးပြီး ကျွန်တော့ကို လိမ်ဖို့ လုပ်နေတာလား"
မော့ကျန်း၏ ပုံရိပ်က အနည်းဆုံးတော့ မုတ်ဆိတ် ဦးလေးကြီးထက် ပိုမြင့်နေသည်။ သူ့ ထိုသူရှေ့တွင် ရပ်လိုက်သောအခါ သူ့အရိပ်က ထိုမုတ်ဆိတ် ဦးလေးကြီး၏ ခန္ဓါကိုယ်ပေါ်တွင် အရိပ်ထင်သွားခဲ့သည်။ မုတ်ဆိတ် ဦးလေးကြီး၏ မျက်လုံးများ မဲမှောင်သွားသည်။ မင်းထက် အရပ်ရှည်တဲ့လူဆီက ငုံ့ကြည့်ပြီး အထင်သေးခံရတာက လုံးဝ ခံစားချက် ကောင်းမနေဘူးဟ...
အဲ့လူကသာ မီးတွေ တောက်နေပြီးတော့ ခြိမ်းခြောက်လာရင် ခံစားချက်က ပိုပြီးတော့တောင် ဆိုးသွားအုံးမယ်...
မုတ်ဆိတ်ဦးလေးကြီးက အေးစက်ပြီး ကြောက်လန့်နေဆဲ ဖြစ်သူထံ မလှုပ်မယှက် ကြည့်နေခဲ့သည်။ အင်းစာရွက်ပင် မြေပေါ်၌ ပြာကျသွားလေပြီ။ ယခုတွင်မူ ဆူညံသံက ရိုက်ကူးရေး ဝန်ထမ်းများစွာကို ဆွဲဆောင်လိုက်နိုင်ပြီး တစ်ခုခု ဖြစ်နေသည်လားဟု မေးမြန်းရန် အပြေးရောက်လာကြသည်။
မော့ကျန်း၏ နှလုံးသားက အနားမနေနိုင်ခဲ့ပေ။ သို့သော်လည်း သူက ထိုကိစ္စကို ထပ်ပြီး ခပ်မြန်မြန် ရှင်းပြလိုက်ဆဲပင်။ ရိုက်ကူးရေး ဝန်ထမ်းများက ဖြစ်စဥ်ကို ကြားကြသောအခါ အားလုံးက မယုံကြည်နိုင်သော အကြည့်များ ပေါ်ထွက်လာကြပြီး ထိုမုတ်ဆိတ် ဦးလေးကြီးကို စတူဒီယိုမှ ဆွဲထုတ်ရန် ပြင်လိုက်ကြသည်။ သို့သော်လည်း ဦးလေးကြီးမှာ နေရာတွင်ပင် မလှုပ်မယှက် ရပ်နေဆဲ ဖြစ်ပြီး မော့ကျန်းက တစ်နည်းနည်းဖြင့် သရဲမတစ်ယောက်နှင့် တွယ်ငြိနေသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေဆဲ ဖြစ်သည်။ ဘာပဲ ဖြစ်နေဖြစ်နေ သူ သရဲကို ဆက်ဖမ်းချင်နေသေးသည်။
မော့ကျန်းက အဆုံးတွင်ပါက်ကွဲလာတော့သည်။ သူက စားပွဲပေါ်ရှိ နေ့လည်စာ ဘူးကို ယူကာ မုတ်ဆိတ် ဦးလေးထံ ထည့်ပေးလိုက်သည်။
"ခင်ဗျား ယုံလား.. နောက်ဆိုရင် ဘယ်ရိုက်ကူးရေးအဖွဲ့ကမှ ခင်ဗျားရဲ့ နေ့လည်စာဘူးတွေကို မှာစားချင်ကြမှာ မဟုတ်ဘူး ဆိုတာကိုလေ"
…
ဒါကြီးက တကယ့် ပြင်းထန်တဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်သွားပြီ...
သရဲဖမ်းရခြင်းက မုတ်ဆိတ်ဦးလေးကြီး၏ ဝါသနာ ဖြစ်သော်လည်း နေ့လည်စာဘူးများ ပြုလုပ်ခြင်းက မိသားစု၏ အဓိက စီးပွားရေး ဖြစ်ပေသည်။ မော့ကျန်း၏ လှည့်ကွက်က ချက်ချင်း အကျိုးသက်ရောက်မှု ရှိသွားသည်။ မုတ်ဆိတ် ဦးလေးကြီးက ဝမ်းပန်းတနည်း ဖြစ်သွားလေသည်။ သူ့နှလုံးသားက ဆန္ဒ မရှိပါသော်လည်း အမြှီးကုပ်ကာ ထွက်ပြေးသွားတော့သည်။
မုတ်ဆိတ် ဦးလေး၏ ပုံရိပ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ကြည့်၍ မော့ကျန်း အဆုံးတွင် လေပူများ မှုတ်ထုတ်လိုက်စသည်။
ရိုက်ကူးရေး ဝန်ထမ်းများက ပြဿနာ ပြီးသွားသည်ကို မြင်လိုက်ရသောအခါ သူတို့၏ အစားအစာကို ဆက်စားကြရန် ပြန်ထွက်သွားကြသည်။ မော့ကျန်းကမူ စားချင်စိတ် ရှိမနေတော့ပေ။ သူက အိမ်သာ သွားမည်ဟု ခွင့်တောင်း၍ လူတိုင်းအာရုံ မရှိကြသည်ကို အခွင့်ကောင်းယူကာ ထောင့်လေးထဲသို့ တိတ်တိတ်လေး ကွေ့သွားခဲ့သည်။
Xxxxxx