အပိုင်း ၂၁
Viewers 10k

Chapter 21


ကော်ရစ်ဒါကို ဆင်းသွားသောအခါ သူ အားယောင်၏ နာမည်ကို အကြိမ်အနည်းငယ်မျှ အော်လိုက်ပါသော်လည်း သူ့ကို ပြန်တုံ့ပြန်လာသည်က နွေရာသီ၏ တိုက်ခတ်လာသော  လေနုအေးလေးသည်သာ။ 


မော့ကျန်း၏ မျက်ခုံးများ စုကြုံ့သွားပြီး အိတ်ထဲမှ ဖုန်းကို ထုတ်၍ QQ ကို မြန်မြန် ဖွင့်လိုက်သည်။


နတ်ဘုရားတောင်ဝှေး၏ ပရိုဖိုင်ပုံမှာ မီးခိုးရောင် ဖြစ်နေဆဲပင်။ မော့ကျန်းက သူနှင့် နတ်ဘုရားတောင်ဝှေးတို့ ကြားမှ စကားပြောခန်းကို ဖွင့်လိုက်သည်။


“ဆရာ... 'ကြီးပွားချမ်းသာ နေ့လည်စာ ထမင်းဘူး' က လူတွေကို သိလား"


သူ သုံးမိနစ်မျှ စောင့်ပါသော်လည်း တစ်ဖက်မှ တုံ့ပြန်မှု မရခဲ့ပေ။ 


မော့ကျန်း၏ စိတ်ရှည်မှုများ လွင့်ပါးသွားလေပြီ။ သူက မျက်ခုံးတွန့်ပြီး ဖုန်းကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် အဆုံးတွင် QQမှ ထွက်လိုက်သည်။


လက်ချောင်း သွယ်သွယ်လေးများက ဖုန်းမျက်နှာပြင်ပေါ် ခပ်မြန်မြန် ထိခတ်နေပြီး မော့ကျန်းက ဖုန်းနံပါတ်များထဲမှ သူ အချိန်အတော်ကြာ မဆက်သွယ်ခဲ့သော နံပါတ်ကို ရှာဖွေလိုက်ပြီး အလုပ်ဖြစ်မည်လားပင် သူမသိခဲ့ပေ။


[လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်မှာ ဆက်သွယ်၍ မရနိုင်ပါ.. ကျေးဇူးပြုပြီး ပြန်လည်ခေါ်ဆိုပါ]


လုံလောက်ပြီ...


စိတ်ပျက်အားလျော့စွာဖြင့် ဖုန်းကို နားမှ ချလိုက်ကာ မော့ကျန်းက ဖုန်းချသည့် ခလုတ်ကို နှိပ်လိုက်သည်။ သူက နှလုံးသားထဲမှ အခက်အခဲများ အားလုံးကို ဖုန်းလေး အပေါ်တွင်သာ ပုံချလိုက်သည်။ မော့ကျန်းက ခြေလှမ်း အနည်းငယ် ဆက်လျှောက်လိုက်ပြီး အားယောင်၏ နာမည်ကို အော်ခေါ်လိုက်သော်လည်း တုံ့ပြန်မှု မရသဖြင့် သူလုပ်နိုင်သမျှက မျက်မှောင်ကြုံ့မိရုံသာ။ 


သူပြန်သွားရန်အတွက် ထောင့်ချိုးလေးကို ချိုးရန် ပြင်လိုက်သော်လည်း ဖုန်းက ခါယမ်းနေသည့်အလား တုန်ခါလာခဲ့သည်။


မော့ကျန်းက ဖုန်းကို ထုတ်၍ ကြည့်လိုက်စဥ်တွင် ဖုန်းမျက်နှာပြင်ပေါ်မှ နံပါတ်ရှည်ကြီးမှာ သူ ယခုလေးတင် ခေါ်ခဲ့သော နံပါတ်များနှင့် ထပ်တူကျနေခဲ့သည်ကို တွေ့လိုက်ရသည်။ မော့ကျန်းက မျက်ခုံးပင့်၍ ဖုန်းကို မြန်မြန် ကိုင်လိုက်သည်။ မကြာမီမှာပင် လူတစ်ယောက်၏ အသံက ဖုန်းကို ဖြတ်၍ ထွက်ပေါ်လာခဲ့သည်။


 "ဘာတွေ အလျင်လိုနေရတာလဲ" ကိစ္စတစ်ခုခု ရှိခဲ့လျှင် မော့ကျန်းက သူ့ကို QQတွင် ဆက်သွယ်လာမည် ဖြစ်ပြီး ထိုကဲ့သို့သော ဖုန်းခေါ်ဆိုမှုများမှာ အလွန်အမင်း ရှားပါးလှသဖြင့် မော့ကျန်းက လက်ရှိတွင် အလွန် အလျင်လိုနေသော ကိစ္စတစ်ခု ရှိနေသည်ဟု ဆိုလိုနေပေသည်။ 


မော့ကျန်းက ထိုယောကျ်ား၏ အိပ်ချင်နေဟန်ရှိသော အသံနက်နက်ကို ကြားသောအခါ ဖုန်းကိုင်ထားသော လက်မှာ တင်းကြပ်သွားပြီး အော်ဟစ်မိတော့မလို ဖြစ်သွားသည်။


 "ဆရာ... ဘာလို့ ဆရာ့ဖုန်းက အမြဲတမ်း ဆက်သွယ်လို့ မရဘူးချည်းပဲ ဖြစ်နေရတာလဲ" 


သူက QQပေါ်တွင် ဘယ်တော့မှ အွန်လိုင်းတက်မနေဘဲ ဖုန်းကလည်း အမြဲတမ်း ဆက်သွယ်မရ ဖြစ်နေခဲ့သည်။ သူ ဘယ်သူ့ကို လာကစားချင်နေတာလဲ...


တစ်ဖက်မှ အသံက ထူးမခြားနား ဖြစ်နေဆဲပင်။ "သူတို့အားလုံးက တစ်ယောက်ယောက်ကပဲ ငါ့ဖုန်းကို ဆက်လို့ရဖို့ ထိုက်တန်တယ်လို့ ပြောကြတာပဲ" 


မော့ကျန်း: “…”


မော့ကျန်းက အသက်ပြင်းပြင်းရှုကာ ထိုကိစ္စအပေါ် သူနှင့် ငြင်းခုံမနေချင်တော့။


 "ကြီးပွားချမ်းသာ နေ့လည်စာ ထမင်းဘူးရောင်းတဲ့ သူတွေကို သိလား"


“ကြီးပွားချမ်းသာ နေ့လည်စာဘူးလား" 


တစ်ဖက်မှ လူက တစ်ခဏမျှ တွေးတောနေခဲ့သည်။ "သူတို့ရဲ့ ဘေကွန် ထမင်းကြော်က စားလို့ကောင်းတယ်"


မော့ကျန်းက စကားမပြောလာခင်အထိ သူ့ဘက်တွင် နှစ်မိနစ်မျှ တိတ်ဆိတ်နေခဲ့သည်။


 "အဲ့ဒီက သူဌေးက သူ့ကိုယ်သူ သရဲ လိုက်ဖမ်းတဲ့သူဆိုပြီး ပြောနေတယ်... ဆရာ သိလား"


ဤတစ်ကြိမ်က တစ်ဖက်မှလူ တိတ်ဆိတ်သွားရန် အလှည့် ဖြစ်ပေသည်။


 "မော့ကျန်း မင်းနားမှာ သရဲတစ်ကောင် ထားထားတာလား"


မော့ကျန်း၏ နှုတ်ခမ်း လှုပ်ရှားသွားသည်။ သူက ဝန်လည်းမခံ ငြင်းလည်း မငြင်းခဲ့ပေ။ 


"အဲ့သူဌေးက အင်းစာရွက်တွေ ထုတ်လာတယ်... အန္တရာယ်ရှိလောက်လား"


အခြားတစ်ဖက်မှ တိတ်ဆိတ်မှုက ကြာရှည်သွားခဲ့ပြီး အဆုံးတွင် အပေးအယူ လုပ်နေသည့် လေသံဖြင့် ပြောလာခဲ့သည်။


 "စိတ်ချထားလိုက်... အဲ့လူသာ သရဲ ဖမ်းနိုင်ရင် အသက်ရှင်ဖို့အတွက် နေ့လည်စာဘူး ရောင်းနေရတာကို နားလိုက်မှာပေါ့"


မော့ကျန်းက အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ အရင်တစ်ခေါက် အားယောင် ပျောက်သွားတုန်းက ခဏလောက်ကြာပြီးသွားတာနဲ့ အိမ်ပြန်ရောက်လာတာ... ဒီတစ်ခေါက်လည်း အတူတူပဲ ဖြစ်နေမလား...


“ဒါပေမယ့်... မင်းသာ သရဲခြောက်ခံနေရတယ် ဆိုပြီး ပြောလာရင် မင်းနဲ့ အဲ့သရဲက တကယ် အရမ်း ရင်းနှီးနေတာပဲ ဖြစ်ရမယ်"


မော့ကျန်းက တိတ်ဆိတ်သွားလေသည်။ သရဲများနှင့် ပတ်သက်ခြင်းက သူ့ခန္ဓါကိုယ်အပေါ် အကျိုးသက်ရောက်မှု ရှိလာနိုင်သည်ကို သူသိနေသော်လည်း သူ့ခန္ဓါကိုယ်နှင့် ပတ်သက်၍ ထူးဆန်းမှု တစ်ခုခု မခံစားရသဖြင့် ထိုပြဿနာအကြောင်း မတွေးရန်အတွက်သာ သူ့ကိုယ်သူ လွှတ်ပေးထားလိုက်သည်။


“အရင်တစ်ခေါက် မင်း ဆက်သွယ်လာတာကလည်း အဲ့သရဲနဲ့ပဲ ပတ်သက်နေတာလား"


“အင်း……”


နှစ်စက္ကန်မျှ တိတ်သွားပြီးနောက် တစ်ဖက်လူက အဆုံးတွင် စကားပြောလာခဲ့သည်။


 "ငါ တတ်နိုင်သမျှ မြန်မြန် ပြန်လာခဲ့မယ်... လိုအပ်လာတဲ့အခါ မင်းကို အဆောင်ပေးလို့ရတယ်"


“သူက အန္တရာယ် ပေးတဲ့သူ မဟုတ်ပါဘူး" အချို့သော အကြောင်းပြချက်များအတွက် မော့ကျန်းက မသိလိုက် မသိဘာသာဖြင့်အားယောင်အတွက် ပြန်လည်ချေပပေးချင်နေသည်။


အခြားတစ်ဖက်မှ အချိန်အကြာကြီး တိတ်ဆိတ်သွားပြန်ပြီးနောက် အဆုံး၌ စကားလေးခွန်းကိုသာ ပြောလာခဲ့သည်။ 


"သရဲတွေနဲ့ လူတွေက ကွာခြားတယ်"


သရဲတွေ...


မော့ကျန်းက အသက် ငါးနှစ်ရွယ်ကတည်းက အမှန်တရားကို ရှင်းရှင်းလင်းလင်း သိနေခဲ့သည့်အတွက် လက်စားပြန်ချေပေးစေရန်အတွက် သူ့အနားတွင် လှည့်လည် သွားလာနေခဲ့ကြသည့် သရဲများကို လျစ်လျူရှုထားခဲ့သည်။ သို့သော်လည်း အားယောင်သည်ကား...


သူတော်ကောင်း ယောင်ဆောင်နေသည့် သူ့ကိုယ်သူ ပြန်လည် ရယ်မောကာ မော့ကျန်းက မိုက်ခရိုဖုန်းကို တီးတိုးရေရွတ်လိုက်သည်။ "ကျွန်တော် သိပါတယ်" သူ ထိုနှစ်ခွန်းကိုသာ ပြောလိုက်ပြီးနောက် ခပ်မြန်မြန် ဖုန်းချလိုက်သည်။


သူ ထောင့်ချိုးလေးမှ ထွက်လာသောအခါ ဒါရိုက်တာက ရိုက်ကူးရေးစရန်ပင် အချက်ပြပြီး ဖြစ်နေသည်။


မော့ကျန်းက အသက်ပြင်းပြင်းရှုကာ စတူဒီယိုဆီသို့ လျှောက်သွားလိုက်သည်။


ပိတ်ထားသော ဓါတ်ခွဲခန်းထဲတွင် တန်ဖိုးမြင့် ကိရိယာများက ဓါတ်ခွဲခန်းကို အေးစက်၍ စူးရှမှုကို ခံစားသွားရစေသည်။ ဒေါက်တာကောင်းစန်က ကွန်ပျူတာရှေ့တွင် ရပ်နေပြီး ကီးဘုတ်ပေါ်တွင် ခပ်မြန်မြန် ခေါက်လိုက်သည်။ မျက်နှာပြင်ပေါ်မှ အကြောင်းအရာက အသံတိတ်ရုပ်ရှင် တစ်ကားကို ဖွင့်နေရသကဲ့သို့ပင် ကင်မရာ မှန်ဘီလူး ခပ်ထူထူထက်၍ လက်ထောက်၏ ပုံရိပ်သို့ ပြောင်းလဲသွားသည်။ လက်ထောက်က ဒေါက်တာကောင်းစန်နောက်တွင် ရပ်နေကာ သူ့နှာခေါင်းထက်မှ မျက်မှန်များကို ကြည့်လိုက်သည်။


 "ဒေါက်တာ... ကြည့်ရတာ ဗိုင်းရပ်စ်က စပြီး သေန္ဓပြောင်း လာပုံရတယ်"


ကောင်းစန်က လက်လှုပ်ရှားမှုများကို ရပ်လိုက်ပြီး ခန္ဓါကိုယ်ကို လှည့်၍ လက်ထောက်နှင့် မျက်နှာချင်းဆိုင်လိုက်ကာ လက်ကို မေးအောက်တွင် ထားလိုက်သည်။ နှစ်ယောက်သားက မော့ကျန်း သူ့လက်ကို နှဖူးပေါ်တွင် မတင်လိုက်မီအထိ အချင်းချင်း စိုက်ကြည့်နေခဲ့ကြသည်။ "တောင်းပန်ပါတယ်... စာသားတွေ မေ့သွားလို့"


“ကဒ်”ဒါရိုက်တာချွီ၏ အသံက အခန်းထဲတွင် ထွက်ပေါ်လာခဲ့သည်။


 "ငါးမိနစ်လောက် နားမယ်" 


အထက်တန်းကျောင်းသား လက်ထောက်အဖြစ် သရုပ်ဆောင်သော သရုပ်ဆောင်ငယ်လေးမှာ မော့ကျန်းကို အရိုအသေပေး၍ အနားယူရန် ထွက်သွားသည်။ ဒါရိုက်တာချွီက မော့ကျန်းထံ လျှောက်လာပြီး ပုခုံးကို ပုတ်လိုက်သည်။


 "ဘာတွေ ဖြစ်နေတာလဲ ဧကရာဇ်မော့... မင်းအရင်က တစ်ခါမှ စာသားမမေ့ဖူးဘဲနဲ့" 


မော့ကျန်းက မျက်ခုံးကို ပွတ်ဆွဲလိုက်ပြီး တောင်းပန်သည့်အကြောင်း ထပ်ပြောလိုက်သည်။


မော့ကျန်း အနည်းငယ် ပင်ပန်းနေသည်ကို တွေ့သောအခါ ဒါရိုက်တာချွီက သူ့ကျောကို ထပ်ပုတ်လိုက်ပြီး ဘာမှ မပြောလာတော့ဘဲ ယခင်ကလိုပင် ကင်မရာဆီသို့ လျှောက်သွားလိုက်သည်။


မော့ကျန်းက အနားယူရန် ထိုင်ခုံပေါ် ထိုင်လိုက်ပြီး သူ သရုပ်ဆောင်နေသော ဇာတ်ကောင်၏ အခြေအနေသို့ ပြန်ရောက်ရန် သူ့ကိုယ်သူ အားထုတ်လိုက်သည်။


ကင်မရာက မော့ကျန်းဘက် ထပ်လှည့်သွားသောအခါ သူက သံပရိုသီးကို ကိုက်လိုက်ပြီး အဆုံးတွင် ကောင်းစန်၏ ခံစားချက် ထပ်ရသွားခဲ့သည်။ မော့ကျန်း၏ မျက်လုံးထဲမှ အပြောင်းအလဲများကို ကြည့်ကာ ဒါရိုက်တာချွီက လက်ခံသည့်ဟန် ခေါင်းငြိမ့်ပြလိုက်သည်။


သရုပ်ဆောင်ကောင်းတစ်ယောက်က ခိုင်မာသော သရုပ်ဆောင် စွမ်းရည် ရှိသင့်ရုံသာမက သူတို့၏ စိတ်အခြေအနေကိုလည်း မြန်မြန် ပြန်ညှိနိုင်ရမည် ဖြစ်သည်။


ရိုက်ကူးရေး တစ်နေ့တာလုံးက ခုနှစ်နာရီ အချိန်၌ ချောချောမွေ့မွေ့ ပြီးဆုံးသွားခဲ့သည်။


မော့ကျန်းက အိမ်ကို တငေးတမော မောင်းနှင်လာခဲ့ပြီး အပြင်ဘက်တွင် မိုးသည်းထန်စွာ ရွာနေသဖြင့် ကားမောင်းသည့် အရှိန်ကိုလည်း နှေးရသေးသည်။ မော့ကျန်းက မိုးသည်းသော နေ့များကို မုန်းတီးလှပြီး ထိုရက်များတွင် သူ့ အဝတ်အစားများက ခန္ဓါကိုယ်ပေါ်တွင် အမြဲတမ်း ကပ်နေသဖြင့် အလွန်အမင်း မသက်မသာ ဖြစ်ရသည်။ 


ကားက ဗီလာဧရိယာသို့ မောင်းနှင်လာပြီး မိုးက မရပ်နိုင်သေးပေ။


မိုးက ကားပေါ်သို့ သည်းကြီးမည်းကြီး ရွာချနေခဲ့ပြီး မော့ကျန်း သူ့ရှေ့မှ ဗီလာကို ကြည့်မိချိန်၌ ဗီလာအဝင်ပေါက်ရှေ့က ခြေချသည့်နေရာတွင် မိန်းကလေးတစ်ယောက် ထိုင်နေခဲ့ပေသည်။


ထိုမြင်ကွင်းက မော့ကျန်း သူမကို ပထမဆုံး တွေ့ရသည့်အချိန်ကနှင့် တစ်ထပ်တည်း တူနေခဲ့သည်။


မော့ကျန်းက ကားရပ်လိုက်ပြီး သူ့ဗီလာရှေ့တွင် ထ်ုင်နေသော အမျိုးသမီးဆီသို့ လမ်းလျှောက် သွားလိုက်သည်။


အားယောင်က လက်မောင်းကြားထဲမှ ခေါင်းကို မော့ကြည့်လိုက်ပြီး သူမကို ကြည့်နေသော မော့ကျန်း၏ မျက်လုံးများကို တွေ့လိုက်ရသောအခါ အနည်းငယ် ဖျော့တော့နေသော မျက်နှာလေးက မီးပန်းများကဲ့သို့ အပြုံးများ ပွင့်လာခဲ့ပြီး နူးနူးညံ့ညံ့ ပြောလာခဲ့သည်။


 "မော့ကျန်း ရှင်ပြန်လာပြီလား"


“အင်း”


တစ်နေ့လည်လုံး အနားမနေရသောနှလုံးသားမှာ အဆုံး၌ သူ့ရင်ဘတ်ထဲတွင် ငြိမ်သက်သွားခဲ့လေသည်။ 


ဧကရာဇ်မော့က သူ့သရဲမလေးကို လွမ်းနေခဲ့ရပါ၏။


  


အားယောင်က ဆိုဖာပေါ်တွင် လဲလျောင်းနေရင်း တဘက်တစ်ထည်ဖြင့် ဆံပင်သုတ်နေသော မော့ကျန်းကို ကြည့်ကာ လုံးဝ မကျေမနပ် ဖြစ်နေဟန် ပွစိပွစိ ပြောနေခဲ့သည်။ "အဲ့ဦးလေးကြီးက အရမ်း စိတ်ရှုပ်ဖို့,ကောင်းတာပဲ... သူ ကျွန်မကို အရမ်းကြီးခြောက်လှန့်လွှတ်လိုက်တာ... ကျွန်မ တကယ်ကြီး သေသွားတော့မလို့ပဲ"


တဘက်ကို ကိုင်ထားသော မော့ကျန်းမှာ ရပ်သွားပြီး သူမကို သတိပေးလိုက်သည်။ "မင်းက သေပြီးသားပဲလေ"


“ဒါပေမယ့်... ဝိဥာဏ် ပျောက်ကွယ်သွားနိုင်တယ်လေ... ပြီးရင် ဘယ်တော့မှ ပြန်လည်မွေးဖွား နိုင်တော့မှာ မဟုတ်ဘူး"


"… မင်းအတွေးကတော့ တကယ့် ပြိုင်ဘက်ကင်းပဲ" မော့ကျန်းက တဘက်ကို ကော်ဖီ စားပွဲပေါ်တွင် တင်လိုက်ပြီး ဒုတိယထပ်ကို လှည့်ထွက်သွားသည်။


သူ ဒုတိယထပ်သို့ လျှောက်သွားသည်ကို ကြည့်၍ အားယောင်၏ မျက်လုံးများက သူ့နောက်လိုက်သွားပြီး သူမသည်လည်း လိုက်၍ မျောလွင့်လာကာ သိရန် ကြိုးစားလိုက်သည်။ 


"ရှင် အိပ်ချင်လို့လား"


“ရေချိုးမလို့" မော့ကျန်း၏ အဖြေက ကြွပ်ဆတ်နေသည်။


အားယောင်က မျက်ခုံးပင့်၍ မျက်လုံးလေးများ တလက်လက် တောက်လာခဲ့သည်။ "ရှင် အကူအညီ လိုသေးလား... နှိပ်ပေးတာပဲဖြစ်ဖြစ် ခြေထောက်တိုက် ပေးတာပဲဖြစ်ဖြစ် ကျွန်မရဲ့ စကေးက ထိပ်တန်းပဲနော်... ပြီးတော့ အကုန်လုံး အကောင်းဆုံး လုပ်တတ်တယ်... အားလုံးကို အလကား လုပ်ပေးမယ်လေ"



မော့ကျန်းက သူမကို ပြန်လှည့် ကြည့်လိုက်ပြီး အပြုံးလေး တစ်ခုဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ "ငါ့ကို တံခါး ကူစောင့်ပေး"


“မလိုပါဘူး" သူမက ခေါင်းယမ်းပြရင်း ဆိုသည်။ "ပြီးတော့ ဒီမှာ ကျွန်မအပြင် ရှင်ရေချိူးတာကို ချောင်းကြည့်မယ့်သူမှ မရှိတာ"


မော့ကျန်း: “…”


အမှန်တကယ်တွင်မူ ထိုကဲ့သို့ အရှက်မရှိခြင်းကပင် ထင်ရှားသည့် အမူအကျင့်ကောင်းတစ်ခုလည်း ဖြစ်နေသေးသည်။


အားယောင်က မော့ကျန်း ရေချိုးသည်ကို ချောင်းရန်အတွက် ရေချိုးခန်းထဲသို့ တကယ်လိုက်မဝင်ရဲပါချေ။ မော့ကျန်း ခေါင်းပေါ်တွင် ရေစက်လေးများ တင်လျက်ရေချိုးခန်းထဲမှ ထွက်လာသောအခါ အားယောင်က ရေချိုးခန်း တံခါးရှေ့တွင်ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်နေခဲ့လေသည်။ 


မော့ကျန်း ရှေ့သို့ လျှောက်လာသည်နှင့် ရေချိုးဆပ်ပြာ၏ တမူထူးလှသော ရနံ့လေးက တစ်ခန်းလုံး ပြည့်သွားသည်။ နှာခေါင်းထိပ်သို့ ရနံ့လေး ကပ်ငြိလာနေပုံက မော်ဖင်းများ ပေါက်ထွက်လာသကဲ့သို့ပင်။


အားယောင်က မော့ကျန်းကို တစ်ခဏမျှ ကြည့်နေပြီးနောက် အဆုံးတွင် ထုတ်ပြောလာသည်။


 "ဘာလို့ အဝတ်တွေ ဝတ်ထားတာလဲ"


မော့ကျန်း: “…”


သူ သူမနဲ့ စကားကို မပြောချင်ဘူး...


သူ့ဆံပင်ကို လေမှုတ် အခြောက်ခံပြီးနောက် မော့ကျန်းက ပထမထပ်သို့ ပြန်ဆင်းသွားသည်။ ရေခဲသေတ္တာကို တစ်ခဏမျှ မွှေနှောက် ရှာဖွေလိုက်ပြီးမှ အဆုံးတွင် ညစာအတွက် တစ်ခုခုကို ယူထုတ်လိုက်သည်။ 


အေးခဲထားသော အစားအစာအချို့ကို မိုက်ခရိုဝေ့ဖ်ထဲ ထည့်လိုက်ပြီးနောက် မော့ကျန်းက စားပွဲတွင် ဝင်ထိုင်လိုက်သည်။ 


"ဒီနေ့ အင်းစာရွက်တွေက မင်းရဲ့ခေါင်းကို အန္တရာယ် ပေးခဲ့သေးလား"


အားယောင်က မသိလိုက်မသိဘာသာဖြင့် သူမနဖူးကို ထိမိသွားသည်။ "မဟုတ်ဘူး... အာ... ကျွန်မ အရမ်း မြန်မြန် ချော်မိသွားတာ"


“ဘာလို့ အရင်ကထက်တောင် တုံးလာသလို ဖြစ်နေရတာလဲ"


“ရှင် အထင်မှား နေတာပဲ နေမှာ"


မိုက်ခရိုဝေ့ဖ်က "တင်း"ဟူသော အသံ မြည်သွား၍ မော့ကျန်းက ထရပ်ကာ အစားအသောက်ကို ထုတ်ယူလိုက်ပြီး မီးဖိုချောင်အံဆွဲထဲမှ တူတစ်စုံကို ယူလိုက်သည်။ "မနက်ဖြန် ငါနဲ့ စတူဒီယိုကို မလိုက်ခဲ့နဲ့တော့" 


ထိုကဲ့သို့သော သတင်းဆိုးကြီး ကောင်းကင်ပေါ်မှ ကျလာသည်ကြောင့် အားယောင်မှာ ထို ရိုက်ခတ်မှုကို ကြံ့ကြံ့မခံနိုင်တော့ပေ။ "ဘာလို့လဲဟင်"


အရည်လဲ့နေသည့် ကြီးမားသော မျက်လုံးများက သူမကို သနားစရာ စွန့်ပစ်ခံ ခွေးလေးတစ်ကောင်နှင့် တူသွားစေသည်။ မော့ကျန်း နှာမှုတ်လိုက်သည်။ သူမက စတူဒီယိုမှာ အကြာကြီး နေခဲ့ရလို့များလား... သူမရဲ့ သရုပ်ဆောင်ချက်တွေက အပြစ်အနာအဆာ မရှိဘဲ ပိုကောင်းလာနေပြီ...


“မနက်ဖြန်လည်း အဲ့လူလာလောက်သေးတယ်... ဒါကြောင့်မို့ စတူဒီယိုမှာ နေတာက မလုံခြုံဘူး"


 မော့ကျန်းက ခေါင်းကိုငုံ့၍ နံရိုးအချို့ကို တိတ်တဆိတ် ကောက်ယူလိုက်သည်။ 


“သူ လာရဲရင်ရော... ကျွန်မ သူ့ကို ရိုက်ပစ်လိုက်မယ်" အားယောင်က သူမ၏ မျက်လုံးများထဲကပင် မီးတောက်များ ပစ်လွှတ်လာနေသကဲ့သို့ ပြောလာခဲ့သည်။


မော့ကျန်းက သူမကို တစ်ချက် ကြည့်လိုက်သည်။ "သူ့ကို ရိုက်ဖို့ ဘာသုံးမှာလဲ... မင်းရဲ့ ညာလက်လား... ဘယ်လက်လား"


“…ကျွန်မရဲ့ ဝိဥာဏ် မျက်လှည့်နဲ့လေ" 


“လေပြင်းတွေ မုန်တိုင်းတွေလား"


“…”


ဘာလို့များ သူမရဲ့ အားအပြင်းဆုံး လှုပ်ရှားမှုတွေက မော့ကျန်းဆီကနေ အရမ်း အထင်သေးခံနေရပါလိမ့်... အနည်းဆုံးတော့ သူတို့ကို မလွှမ်းမိုးနိုင်တဲ့ လေပြင်းနဲ့ ရပ်နေတဲ့ ဓါတ်လှေကားဆိုတဲ့ ဂုဏ်ပုဒ်လေးတော့ ပေးသင့်တယ်နော်...


“အတိုချုပ်ပြောရရင် မင်း ပြဿနာ ငြိမ်သွားချိန်အထိ ရက်နည်းနည်းလောက် အိမ်မှာပဲနေခဲ့"


အားယောင်က ခပ်မိုက်မိုက် နာမည်များ စဥ်းစားနေဆဲမှာပင် မော့ကျန်းက သူ့ခြေထောက်များကို ချလိုက်ပြီးသား(ဆုံးဖြတ်ပြီးသား) ဖြစ်နေသည်။ အားယောင်က အရမ်း ဝမ်းနည်းနေရသည်။


 "ဘာလို့များ ကျွန်မက ဘာတစ်ခုမှ ပြောဖို့ ခွင့်မပြုထားတဲ့ လျှို့ဝှက် အဖွဲ့အစည်းကြီးရဲ့ တစ်စိတ်တစ်ပိုင်းလို့ ခံစားနေရပါလိမ့်" 


“အဲ့ဒါက ဘယ်လို အဖွဲ့အစည်းမျိုးမို့လဲ"


“ဒါပဲလေ... ကျွန်မ ပြောပြလို့ မရဘူး... ရှင် လတ်တလော တရုတ်ပြည်မှာ လိုက်လံ ဖြိုခွဲနေတဲ့ အမှုတွေ မကြားခဲ့ဘူးလား "


“…”


အားယောင်၏ ကန့်ကွက်ချက်က ငြင်းပယ် ခံလိုက်ရသည်။ ထိုကဲ့သို့ ကိစ္စရပ်မျိုး ဖြစ်လာသည့်အခါ မော့ကျန်းက အမြဲတမ်း နောက်ဆုံး ဆုံးဖြတ်ချက်ကို ချခဲ့သည်။ အားယောင်က သရဲတစ်ယောက် ဖြစ်သည်။ သူမတွင် လူသား အခွင့်အရေး မရှိပေ။ ထို့ကြောင့် သူမတွင် ပြဿနာ ရှိလာပါက မော့ကျန်းကသာ အမြဲတမ်းတွင် နောက်ဆုံး ဆုံးဖြတ်ချက်ကို ချခဲ့သည်။