အပိုင်း ၂၂
Viewers 10k

Chapter 22


အတိုင်းအတာများ


သူမက တစ်နေ့လုံး ဗီလာတစ်ဝိုက် လျှောက်သွားနေခဲ့ပြီး ရေခဲသေတ္တာထဲတွင်ပင် ဝင်နေခဲ့သေးသည်။ အားယောင်က တစ်နေ့လုံး မော့ကျန်း အိမ်ပြန်လာမည်ကို စောင့် နေခဲ့ရသည်။ တံခါးဖွင့်သံ ကြားသည်နှင့် အားယောင်က စိတ်လှုပ်ရှားစွာဖြင့် သူ့ထံသို့ အပြေးသွားကြိုတော့သည်။


 "ရှောင်ကျန်းကျန်း... ကျွန်မ ဘယ်လောက်တောင် သနားစရာ ကောင်းနေလဲ ရှင်သိမှာ မဟုတ်ဘူး... ကျွန်မ အိမ်မှာ တစ်ယောက်တည်း ကျန်နေခဲ့ရတာ ဟာလာဟင်းလင်းကြီးနဲ့ အရမ်း အထီးကျန်ပြီး ပျင်းစရာကောင်းလွန်းလို့ သည်းမခံနိုင်တော့ဘူး... ဒါကြီးက ကျွန်မအတွက် တစ်ရက်က သုံးနှစ်လောက် ကြာသွားသလိုမျိုးပဲ... ရှင် ကျွန်မကို ဒီလို အနိုင်ကျင့်လို့ မရဘူးနော်"


မော့ကျန်း: “…”


မော့ကျန်းက သရဲမလေး၏ မခံမရပ်နိုင်ဖြစ်နေသော အမူအယာကို ကြည့်၍ သူမအပေါ် အမှားလုပ်မိသွားသည်ဟု တစ်ခဏမျှ အမှန်တကယ် တွေးမိသွားသေးသည်။ သူမပြောလိုက်တဲ့ စာသားတွေက အတော်လေး အဓိပ္ပါယ် မရှိဘဲ ဘာသာစကားကလည်း အရမ်း ချောချောမွေ့မွေ့ ဖြစ်မနေဘူးလို့သူ ခံစားနေရပေမယ့်လည်းပေါ့... 


အားယောင်က သူ နစ်နာချက်များကို ဆက်ပြောနေသည့်အချိန်မှာပင် သူက ဆိုဖာသို့ လျှောက်သွားကာ ထိုင်ချလိုက်သည်။ မော့ကျန်းက သူမ၏ အရည်လဲ့နေသော မျက်လုံးလေးများကို ကြည့်လိုက်မိသည်။ ၎င်းက သနားစဖွယ်ပင်။ သူမတွင် တောက်ပပြီး တရားမျှတသော မျက်လုံးလေးများ ရှိနေခဲ့သည်။ ဒါရိုက်တာချွီသာဆို ၎င်းတို့ကို သေချာပေါက် သဘောကျလိမ့်မည် ဖြစ်သည်။


“ဒီနေ့လည်း အဲ့ဆီကနေ စတူဒီယိုကို နေ့လည်စာ ထမင်းဘူး လာပို့တဲ့သူတွေ ရှိနေသေးတယ်... ဒါကြောင့်မို့ အိမ်မှာပဲ လိမ်လိမ်မာမာ နေရမယ်"


“ဒါပေမယ့် ကျွန်မ တကယ် ပျင်းတယ်လို့" 


အားယောင်က အဆုံးတွင် ပေါက်ကွဲထွက်သွားသည်။ 


"အခု တီဗီမှာလည်း ဘာစိတ်ဝင်စားစရာမှ မရှိဘူး... အင်တာနက်ပေါ်လည်း တက်လို့မရဘူး" 


မော့ကျန်း: “…”


အမှန်တကယ်တွင်မူ ၎င်းက သူမ၏ အစစ်အမှန် ရည်ရွယ်ချက် ဖြစ်သည်။


“ကောင်းပြီလေ... မင်း အွန်လိုင်းပေါ် တက်လို့ရတယ်... ဒါပေမယ့် ပြောချင်တာက အင်တာနက်ပေါ်မှာ ငါ့အကြောင်းနဲ့ ပတ်သက်ပြီး ဘာကိုမှ ပြောဖို့ ခွင့်မပြုဘူး" 


မော့ကျန်း နောက်ဆုံးတွင် အလျှော့ပေးလိုက်သည်ကို တွေ့သောအခါ အားယောင်က သံမပူခင်မှာပင် ဝင်တိုက်လိုက်သည်။ 


"တကယ်လား... ဒါဆိုရင် ရှင့်ရဲ့ အတိုင်းအတာ သုံးခုက ဘာလဲ"


မော့ကျန်း: “…”


သူက အသက်ပြင်းပြင်း ရှုကာ အားယောင်ကို ကြည့်၍ ပြုံးပြလိုက်သည်။ အားယောင်က သူမ၏ ခေါင်းကို ခပ်ရှက်ရှက် ငုံ့ထားရင်း လက်များကိုလည်း ကျောဖက်တွင် လိမ်ကျစ်ထားသည်။


 "ကျွန်မကို အဲ့လို လာမကြည့်နဲ့လေ... ကျွန်မ ရှက်လာပြီ"


မော့ကျန်း: “…”


မင်း တကယ်ရော ရှက်တတ်လို့လား... မင်းမျက်နှာရှေ့က နံရံတွေတောင် မင်းအစား ရှက်နေကြပြီ... အိုကေလား...


မော့ကျန်းက နှလုံးသားထဲတွင် ပျစ်ပျစ်နှစ်နှစ် ပြောဆိုပြီးနောက် သူ့ပါးစပ်ကို ဖွင့်ဟတော့မည့် အချိန်၌ အားယောင်က အလျင်စလို ပြောလာခဲ့သည်။


 "မဟုတ်ဘူး... မပြောနဲ့အုံး... ကျွန်မကိုယ်တိုင် တိုင်းလို့ရမလားဟင်" 



မော့ကျန်းက တွေးလိုက်မိသည်။ သူ မုတ်ဆိတ် ဦးလေးကြီးကို သရဲနှင်ခိုင်းလိုက်တာကမှ ပိုကောင်းအုံးမယ်...


သူက ဆိုဖာပေါ်မှ ထရပ်ကာ အင်္ကျီပေါ်မှ ဖုန်များကို ခါလိုက်ပြီးနောက် အလွန်တရာ လူကြီးလူကောင်း ဆန်လှစွာဖြင့် မေးလိုက်သည်။ 


"မင်းက ဘယ်လို တိုင်းမှာလဲ"


“ဒါပေါ့... ကျွန်မလက်တွေနဲ့လေ" 


အားယောင်က နတ်ဆိုးဆန်ဆန် ရယ်မောကာ သူမ၏ ဖွင့်ဟထားသော လက်များက မော့ကျန်းရှေ့တွင် ဝေ့ဝဲနေခဲ့သည်။ ထိုမျက်လုံးများက လူအများကို ၎င်းတို့မှ ပုန်းရှောင်လိုစိတ်များ ဖြစ်သွားစေနိုင်သည်။ မော့ကျန်းက အလျှော့ပေးလိုက်ရန်သာ ဆုံးဖြတ်လိုက်ပြီး ခေါင်းငုံ့ပေးလိုက်သည်။ 


မော့ကျန်း၏ လက်နက်ချလိုက်သော အမူအယာကို ကြည့်၍ အားယောင်က သူမ ဆုတောင်းခဲ့ရသော အရာက ငွေလင်ပန်းပေါ်တွင် ထည့်၍ ပို့ဆောင်လာခဲ့သည်ကို မယုံကြည်နိုင်ခဲ့ပေ။ သူမက မော့ကျန်းမှာ ထိုကဲ့သိုသော တောင်းဆိုမှုကို လက်ခံရန်အတွက် အလွန်အမင်း ခေါင်းမကြည်မလင်နေမှသာ ဖြစ်လိမ့်မည်ဟု ခံစားနေရသည်။ ထို့ကြောင့်ပင် သူမက အမှန်တကယ် ဖြစ်နေသော အရာကို သူ နားမလည်သွားခင် ခပ်မြန်မြန် လုပ်ရမည် ဖြစ်သည်။


သူမက အလင်းကဲ့သို့ အမြန်နှုန်းဖြင့် မြန်မြန် လှုပ်ရှားလိုက်သည်။ အားယောင်၏ လက်မောင်းဖြူဖြူ သွယ်သွယ်လေးများက မော့ကျန်း၏ ခါးတွင် ရစ်ပတ်နေသော်လည်း သူမက သူ့ကို မဖက်ခဲ့ပေ။ သူမသာ ခပ်ပြင်းပြင်း ဖိလိုက်ပါက သူ့ခန္ဓါကိုယ်ကို ဖြတ်၍ သွားမည်အား စိုးရိမ်နေခဲ့သည်။


သူမက ထိုကဲ့သို့သော မြင်ကွင်းကို မကြည့်ချင်ခဲ့။ ၎င်းက သူမကို 'နင်က သာမန်လူမဟုတ်ဘူး'ဟု အနီရောင်အလင်းတန်းများဖြင့် အချက်ပေး၍ ပြောနေသကဲ့သို့ ဖြစ်နေသောကြောင့်ပင်။


မော့ကျန်းက သူ အဘယ်ကြောင့် ထိုသရဲမလေးကို အလိုလိုက်ရသည်ကို သဘောကျနေမှန်း မသိတော့ပေ။ သို့သော်လည်း သူမ၏ ခေါင်းက သူ့ရင်ဘတ်တွင် နစ်မြုပ်သွားသည်ကို ကြည့်လိုက်မိသောအခါ သူအမှန်တကယ်ပင် မုန်းတီးခြင်း မဖြစ်မိ။


အားယောင်က သူမ၏ ခေါင်းကို မော့ကျန်း၏ ရင်ဘတ်တွင် ပွတ်သပ်ချင်ခဲ့သည်။ သို့သော်လည်း အဆုံးတွင် သူမ ကြည့်ရုံသာ ကြည့်နိုင်ခဲ့သည်။ သူမ၏ နားများကို မော့ကျန်း၏ ရင်ဘတ်တွင် ကပ်ကြည့်လိုက်သောအခါ မော့ကျန်း၏ နှလုံးခုန်သံကိုပင် ကြားနေရသည်။


ဒုတ်ဒုတ်... ဒုတ်ဒုတ်...


အားယောင်က သရဲဖြစ်သောကြောင့် သူမတွင် နှလုံးခုန်သံ မရှိခဲ့။ သို့သော်လည်း ထိုအချိန်လေး၌ သူ့နှလုံးက ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အတိုင်း အလွန် လျင်မြန်စွာ ခုန်ပေါက်နေသည်ကို သူမ ခံစားနေရသည်။


“မင်း ပြီးပြီလား”


မော့ကျန်း၏ အသံက သူမ၏ ခေါင်းထက်မှ ထွက်ပေါ်လာသည်။ ၎င်းက သူမ အိပ်ပျော်နေသည်ကို နှောက်ယှက်သည့်အလား အားယောင်က မကျေမနပ် ပြန်ဖြေသည်။


 "မပြီးသေးဘူး"


ဒါက ရှင်းရှင်းလင်းလင်းကို အရှက်မရှိတော့တာပဲ... မော့ကျန်း၏ နှုတ်ခမ်းထောင့်လေးများ ကော့တက်သွားပြီးနောက် ခပ်တိုးတိုး ရယ်လိုက်သည်။


 "ဒီနေ့အတွက် ခွဲတမ်းကတော့ ကုန်သွားပါပြီ... ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ဆက်ကြိုးစားပေးပါ"


စကား ပြောပြီးသည်နှင့် မော့ကျန်းက ခြေတစ်လှမ်း ဆုတ်ကာ သူနှင့် အားယောင်အကြား အကွာအဝေးအချို့ ခြားထားလိုက်သည်။


သူမ၏ လစ်လပ်နေသော လက်များကို ကြည့်ကာ အားယောင်က ဝမ်းပန်းတနည်း အော်၍ အမှန်တကယ်ပင် ကပ်တွယ်လိုသေးဟန် တတွတ်တွတ်ပြောနေပြီး စိုးရိမ်တကြီး မေးလိုက်သည်။ 


"နောက်တစ်ကြိမ် တကယ် ရှိသေးတာလား"



မော့ကျန်းက ခြောက်ကပ်ကပ် ချောင်းဆိုးလိုက်ပြီး ဝေဒနာ ခံစားရသူမှာလည်း သူပင် ဖြစ်သွားသည်၊ "တိုင်းကြည့်ပြီးသွားပြီလား" 


“မရသေးဘူး... ကျွန်မတို့ ပြန် ကြိုးစားကြည့်ရင်ရော" အားယောင်က အံ့လောက်ဖွယ် အကြံတစ်ခု ပေးလိုက်သည်။


မော့ကျန်းက သူမကို တိတ်တဆိတ် ကြည့်လိုက်ပြီး ပြောလိုက်သည်။ "တကယ်တော့ ငါ့လျှို့ ဝှက် နံပါတ်က ငါ့ခန္ဓါကိုယ် အတိုင်းအတာ မဟုတ်ဘူး"


“အာ... ဒါဆို" အားယောင်၏ မျက်လုံးများက မော့ကျန်း၏ ခန္ဓါကိုယ်အောက်ပိုင်းသို့ တိတ်တဆိတ် ရွှေ့သွားလေသည်။


မော့ကျန်း: “…”


ဒီမိန်းကလေး တစ်နေ့လုံး တစ်ညလုံး ဘာတွေများ စဥ်းစားနေတာလဲ...


မော့ကျန်းက အသက်ပြင်းပြင်းရှုကာ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ "ငါ့လျှို့ဝှက် နံပါတ်က 12345"


အားယောင်: “…”


သူမ ကျားနဲ့ တိုက်ခိုက်ဖို့ တောင်ပေါ် တက်သင့်ရဲ့လား... 


မည်သို့ပင် ဆိုစေကာမူ ကွန်ပျူတာ၏ လျှို့ဝှက်နံပါတ်ကို သိရသည်က ကောင်းသည့်အရာပင်။ အားယောင်က အပြေးသွားပြီး ကွန်ပျူတာကို ဖွင့်လိုက်သည်။ မော့ကျန်းက သူမကို မလိမ်ခဲ့။ လျှို့ဝှက်နံပါတ်က အမှန်တကယ်ပင် 12345 ဖြစ်နေလေသည်။


ထိုကြောက်မက်ဖွယ်ရာ လျှို့ဝှက်ချက်ကြီးက သူမ အချိန်အတော်ကြာ မဖော်ထုတ်နိုင်ခဲ့သော အရာဖြစ်ပြီး သူမ အင်တာနက်ပေါ် မတက်ရသည်မှာလည်း အတော်လေး ကြာနေပြီ ဖြစ်သည်။


အားယောင်က သူမ ပြန်လည် လက်စားချေရန် လိုနေသည့် အာဃာတ တချို့ ရှိနေသည်ဟု ခံစားနေရသည်။


“အခုတော့ မကျေမနပ် မပြောတော့ဘူးပေါ့" မော့ကျန်းက ကော်လာမှ ကြယ်သီးကို ဖြုတ်၍ ရေချိုးရန် ပြင်လိုက်သည်။ သို့သော်လည်း အားယောင်မှာ တစ်နေ့လုံး အိမ်ထဲမှာသာ နေခဲ့ရသည်ဖြစ်၍ ယနေ့ နေက လုံးလား ပြားလားပင် မသိတော့။ သူမက အရှက်မရှိ တွေးနေရင်းမှ မော့ကျန်းကို ပြုံးပြလိုက်သည်။ 


"ကျန်းကျန်း ကျွန်မတို့ ဒိတ်လုပ်ကြမလား"


မော့ကျန်း: “…”


ဒီ 'ဒိတ်လုပ်မယ်' ဆိုတဲ့ စကားလုံးကို အရမ်း သမာသမတ် ကျတဲ့လေသံနဲ့ မပြောလို့ရမလား...


“ကျွန်မတို့မှာ ဒီလိုမျိုး ဆက်ဆံရေး ရှိနေတာပဲ... ကျွန်မအတွက် တာဝန်မယူပေးတော့ဘူးလား"


မော့ကျန်း: “…”


ဘယ်လိုမျိုး အာ... သနားစရာကောင်းတဲ့ အမူအယာလေး လုပ်ပြလိုက်တာနဲ့ မင်းလုပ်ချင်တာမှန်သမျှ လုပ်လို့ရပြီလို့ တွေးမနေနဲ့...


“နေ့တိုင်း မိုက်ခရိုဝေ့ဖ်နဲ့ နွှေးထားတဲ့ အစားအစာတွေ စားတာက ကျန်းမာရေးအတွက် မကောင်းဘူးနော်... အပြင်ထွက်ပြီး အာဟာရရှိတာလေးတွေ သွားစားကြရအောင်"


 အားယောင်က ထိုမျှလောက် စျေးမပေါပါချေ။ အနည်းဆုံးတော့ လက်ခံနိုင်ဖယ်ရာ အကြောင်းပြချက်တစ်ခု ပြနိုင်သေးသည်။ 


မော့ကျန်းက သွားကြိတ်လိုက်ပြီး ထူးမခြားနား အပြုံးလေးတစ်ခု ပြုံးထားဆဲပင်။ 


"ဒါဆိုလည်း ကောင်းပြီလေ... ခွေးနဲ့ လမ်းလျှောက်ထွက်တယ်လို့ပဲ သဘောထားပေးလိုက်မယ်"


အားယောင်: “…”


မော့ကျန်းက လန်ရိုဗာ ကားကို ဖွင့်လိုက်သည်။ နွေရာသီ၏ နေရောင်က ယခင်ကလိုပင် တောက်ပနေဆဲ ဖြစ်သည်။ ရှစ်နာရီ ကျော်မျှ ရှိနေပြီ ဖြစ်သော်လည်း အပြင်က အတော်လေး လင်းထိန်နေဆဲ ဖြစ်သည်။မော့ကျန်းက စားသောက်ဆိုင် နာမည်များကို တွေးနေပြီးနောက် အဆုံးတွင် သူသိသမျှ အဝေးဆုံး စားသောက်ဆိုင်ကို ရွေးချယ်လိုက်သည်။


သူမကို အပြင်ခေါ်သွားရန်အတွက် မော့ကျန်းကို အရှက်မရှိ ဆွဲပြီး တောင်းဆိုသူမှာ သူမကိုယ်တိုင်ပင် ဖြစ်နေလျှင်တောင် အားယောင် မော့ကျန်းနောက်မှ အနောက်တိုင်း စားသောက်ဆိုင်အကြီးကြီးထံ လိုက်သွားသောအခါ သူမနှလုံးသားမှ အနည်းငယ် မလွယ်ကူဟု ခံစားနေရသည်။


 "ကျန်းကျန်း ပြောကြည့်... ဒီနေ့ ဝေ့ပေါ်ရဲ့ သတင်းထူး အကြောင်းအရာမှာ ရှင် အနောက်တိုင်း အစားအစာ ကြိုက်တယ်ဆိုပြီး ဖြစ်သွားမလား မသိနော်" 


မော့ကျန်း၏ နှုတ်ခမ်း တွန့်သွားသည်။ "မစိုးရိမ်ပါနဲ့.. ဒီနေရာက ဧည့်သည်တွေက ဒီလိုမျိုးတွေ စိတ်မဝင်စားတတ်ကြဘူး... ပြီးတော့ ငါ့ကို ကျန်းကျန်းလို့ မခေါ်နဲ့"


“ဟေး... ရှင် အဲ့နာမည်ကို မကြိုက်ဘူးလား... ဒါဆို ကျန်းဇီလို့ ခေါ်ရင်ရော"


(TN: ကျန်းဇီက သစ်အယ်သီးပါတဲ့)


“မင်းငါ့ကို အိမ်ရှင်ကြီး တာ့ရန် လို့ခေါ်သင့်တယ်”


“…”


ဆိုးဝါးလိုက်တဲ့ အကြိုက်ပဲ...အာ...


မော့ကျန်းရှေ့တွင် လမ်းလျှောက်သွားသော စားပွဲထိုးလေးမှာ မော့ကျန်း သူ့ဘာသာသူ နူးနူးညံ့ညံ့ စကား ပြောနေပြီး အကြောင်းအရာကမူ မရှင်းမလင်း ဖြစ်နေသည်ကို ကြားသောအခါ ကြည့်လိုက်မိသည်။ သူ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ထပ်ပြီး ဂရုမထားလိုက်တော့ပေ။


စာပွဲထိုး မိန်းကလေးက မော့ကျန်းကို စားပွဲတစ်လုံးဆီ ခေါ်သွားပေးခဲ့သည်။ သူ့ခေါင်းပေါ်က မီးရောင်က တောက်ပနေသော်ငြား သူတို့ ပတ်ပတ်လည်မှ မည်သူ့ကိုမှ မြင်ရလောက်အောင်ထိ လင်းထိန်မနေပေ။ ၎င်းက မြင်ကွင်းတစ်ခုလုံးကို မြူများ ဝေနေသကဲ့သို့ ဖြစ်သွားစေပြီး ရိုမန့်တစ်ဆန်ဆန် မူးယစ်သွားစေသည်။


အားယောင်က မော့ကျန်း၏ ဆန့်ကျင်ဘက်တွင် ထိုင်လိုက်ပြီး နံရံပေါ်မှ စိတ်ကူးယဥ်ဆန်ဆန် ဆီဆေးပန်းချီကို ကြည့်လိုက်သည်။


“ဘာဖြစ်လို့လဲ" မော့ကျန်သည်လည်း ဆီဆေးပန်းချီကို ကြည့်လိုက်သည်။ ထိုပန်းချီကို ရေးဆွဲထားသော ပန်းချီဆရာမှာ ပြည်တွင်းမှ သာမန် နာမည်ကျော် တစ်ယောက် ဖြစ်သည်။ မော့ကျန်းက သူမကို နှစ်ကြိမ်မျှ တွေ့ဖူးသော်လည်း နှစ်ခေါက်လုံးက ကုမ္ပဏီ ပါတီပွဲတွင် ဖြစ်လေသည်။


ပါတီက ထိုကဲ့သို့သော လူမျိုးကို ဖိတ်သည့်အကြောင်းအား သူမသိခဲ့သော်လည်း ဘယ်အကြောင်းပဲဖြစ်ဖြစ် သူကတော့ စိတ်မဝင်စားခဲ့ပေ။ သို့သော်လည်း အားယောင် ထိုပန်းချီကို မည်သည့်အကြောင်းကြောင့် စိတ်ဝင်စားရနေသည်ကို သူအတော်လေး သိချင်နေခဲ့သည်။


“အင်း … …” အားယောင်က မျက်မှောင်ကြုံ့လိုက်သည်။ "ဘာမှ မဟုတ်ပါဘူး... ဒါပေမယ့် ထူးဆန်းနေတဲ့ ခံစားချက်ရနေလို့... ကျွန်မ ဒီနေရာကို အရင်က ရောက်ဖူးနေသလိုပဲ"


မော့ကျန်းက တစ်ခဏမျှ အံ့အားသင့်သွားပြီး အားယောင်ကို လှည့်ကြည့်လိုက်သည်။ သူ့ မျက်လုံး ခပ်နက်နက်များက အလင်းရောင်ဖျော့ဖျော့ လက်သွားပြီးနောက် မေးလိုက်သည် " မင်းဘာတွေ တွေးမိလို့လဲ"


အားယောင်က ခေါင်းယမ်း၍ နံရံပေါ်မှ ပန်းချီကိုသာ စွဲစွဲမြဲမြဲ စိုက်ကြည့်နေခဲ့သည်။


 "မဟုတ်ဘူး... ဒီဆီဆေးပန်းချီက နည်းနည်း ရင်းနှီးနေတယ်လို့ ခံစားမိလို့... ကျွန်မသိပြီ... ဒါက မိုက်ခရိုဝေ့ဖ်ထဲက ပေါက်ထွက်လာတဲ့ လိေမ္မာ်သီးနဲ့ တူမနေဘူးလား"


မော့ကျန်း: “…”


မော့ကျန်းက ဖန်ခွက်ကို ကောက်ယူ၍ ရေထည့်လိုက်သည်။ "ငါကတော့ လိမ္မော်သီး ဖျော်ရည်လုပ်ဖို့ အရည်ညှစ်စက်ပဲ သုံးလေ့ရှိတယ်"


အားယောင်: “…”


သူက သူမကို စော်ကားဖို့ သူမ ပြောတဲ့အတိုင်း အသံတူအောင် လုပ်ပြီး ပြောနေတာလား... တကယ် ကြောက်စရာ ကောင်းလိုက်တာ...


သူတို့ကို စားသောက်ဖွယ်ရာများ ပြင်ဆင်ပေးနေသည့် စားပွဲထိုးလေးမှာကား မော့ကျန်း စားပွဲပေါ်ရှိ အနောက်တိုင်း အစားအစာများ အားလုံးကို တစ်ယောက်တည်း စားနေသည်ကို တွေ့နေရသော်ငြား ထိုစားပွဲထိုးလေးမှာ ပရော်ဖက်ရှင်နယ်ဆန်ပြီး တည်ငြိမ်သော အပြုံးလေးကိုသာ ပြုံးထားနေရသည်။ သူ့နှလုံးသားက သိချင်လွန်းလို့ သေတော့မဲ့အတိုင်း ဖြစ်နေပေမယ့်ပေါ့...


မော့ကျန်းက ထိုင်ခုံပေါ်တွင် သူ့အနေအထားကို ပြင်လိုက်သည်ကို ကြည့်ပြီးနောက် စားပွဲထိုးလေးမှာ ယဥ်ယဥ်ကျေးကျေး တည်ခင်းလိုက်သည်။ အားယောင်က မော့ကျန်း သူ့အနောက်တိုင်း အစားအစာများကို ကျော့ကျော့မော့မော့ စားနေသည်ကို တွေ့လိုက်ရသောအခါ သူမပင် အနည်းငယ် ဗိုက်ဆာလာခဲ့သည်။ သို့သော်လည်း ထိုဆာလောင်မှုက သူမ၏ အစာအိမ်လား နှလုံးသားက လာသည်လားပင် သေချာ မသိတော့ပေ။


“ဒီနေရာက ဒိန်ခဲလင်ပန်းက အရမ်းစားကောင်းတာ" မော့ကျန်းက ပေါင်မုန့်အပိုင်းအစလေးတစ်ခုကို ခက်ရင်းဖြင့် ထိုးလိုက်ပြီး သူ့ရှေ့မှ အားယောင်ကို ပြလာခဲ့သည်။


သူ့တွင် စပျစ်သီးခူးရန် အရပ် အားသာချက် ရှိနေသောကြောင့် ဖြစ်ပြီး စပျစ်သီး ခူးပြီးသောအခါတွင်လည်း သူက ၎င်းတို့မှာ မည်မျှ ချိုပြီး စားကောင်းသည်ကို တမင်သက်သက် ဟန်ပြလုပ်ပြီး စားပြနေခဲ့သည်။


အားယောင်က မျက်ခုံးပင့်၍ အကြိမ်အနည်းငယ်မျှ ခပ်တိုးတိုး ရယ်လိုက်သည်။ "တကယ်လား... ဒါဆို ကျွန်မအတွက်ပါ ပိုစားပေး" 


မော့ကျန်းက အနည်းငယ် မသက်မသာ ဖြစ်နေရသည်။ အားယောင် မစားနိုင်သည့်အတွက် သူ တမင်တကာ စနောက်လိုက်သော်လည်း အစားအစာများကို သွားရည်ယိုနေခဲ့သည့် သူမကို တွေ့ရသောအခါ သူထပ်မကြည့်နိုင်တော့ပေ။


 "အိမ်ပြန်ရောက်ရင် မင်းစားဖို့ နည်းလမ်းများ ရှိမလားလို့ ဆရာ့ကို မေးပေးမယ်" သူက ပြောလိုက်သည်။


ထိုအကြောင်းကို ကြားသောအခါ အားယောင်၏ မျက်လုံးများ ဝင်းလက်သွားပြး ထိုင်ခုံမှ ထခုန်မိမတတ် ဖြစ်သွားသည်။


 "တကယ်လားဟင်... တကယ်ကြီး ကျွန်မ စားလို့ရနိုင်လား" သူမ သရဲ ဖြစ်သွားကတည်းက ဘာကိုမှ စားလို့လည်းမရ အရသာခံလို့လည်း မရခဲ့ဘူး... သူမ သဘောအကျဆုံး သရေစာတွေ မစားနိုင်ရတာက အကြီးကျယ်ဆုံး နှိပ်စက်ခံရသလိုပဲ... 


မော့ကျန်းက သူ့ရှေ့မှ ကခုန်နေသူကို လျစ်လျူရှုရန် ကြိုးစားလိုက်သည်။ ....အာ... သရဲတွေများ... သူတို့ ငိုရင်တောင် အသံမထွက်နိုင်ကြဘူး...


အားယောင်က စိတ်လှုပ်ရှားမှုဖြင့် ဆက်ပြောသွားသည်။ "ရှင့်မှာ ဆရာရှိသေးတာလား"



x