Chapter 23
လျှို့ဝှက်ချက်တစ်ခုကို မတော်တဆ ထုတ်ဖော်မိသွားသည့်အလား မော့ကျန်း၏ ပါးစပ်က လှုပ်ရှားမှု ရပ်တန့်သွားသည်။
သူ့ဆရာ အကြောင်းနှင့် ပတ်သက်၍ မော့ကျန်းက အမြဲတမ်း ပါးစပ်တင်းတင်း ပိတ်ထားပြီး မည်သူကိုမှ တမင်သက်သက် မပြောပြခဲ့ပေ။ သူ့ ကိုယ်ပိုင် အချက်အလက်များ အားလုံးမှာ ပြင်ပလောကအတွက် လုံးဝ လျှို့ဝှက်ချက် ဖြစ်ပေသည်။ထို့ကြောင့်ပင် နွေရာသီ အားလပ်ရက်၌ ဖြစ်ပျက်ခဲ့သည့် ကိစ္စအကြောင်း သိသူ နှစ်ယောက်မှာ သူနှင့် သူ့အဘွားသာ ဖြစ်သည်။ သူ့အဘွား ဆုံးသွားပြီးနောက် သူ့ကိစ္စကို ဘယ်သူမှ မသိကြတော့။
သို့သော်လည်း သူ ဆရာ့အကြောင်းကို အားယောင်ရှေ့တွင် သဘာဝကျကျ ထုတ်ပြောမိသွားသည်။
“သူက ရှင်အရင်က ပြောဖူးတဲ့ ဘုန်းတော်ကြီးတော့ မဟုတ်လောက်ဘူးမလား"
အားယောင်က သိလိုစိတ် အပြည့်ဖြင့် မေးခွန်းဆက်မေးလိုက်သည်။ မော့ကျန်းက တွေးမိလိုက်သည်။ သူမက နည်းပညာအရ လူမဟုတ်ဘူး ဆိုမှတော့ အပြင်လူလို့တော့ သတ်မှတ်လို့ မရနိုင်လောက်ဘူး... မော့ကျန်းက ခေါင်းထဲတွင် စီရင်ချက်ချနေပြီးနောက် ပွင့်ပွင့်လင်းလင်းပင် ခေါင်းငြိမ့်ပြလိုက်သည်။
"ငါငယ်ငယ်တုန်းက ငါ့ အနားမှာ လှည့်သွားနေတဲ့ သရဲတွေကို မြင်နိုင်ခဲ့တယ်... ဆရာ့ကို တွေ့ပြီးတော့မှ သူတို့ အားလုံးပျောက်သွားကြတာ"
“အိုး” အားယောင်က ခေါင်းငြိမ့်ပြီး ပြောလိုက်သည်။
"ဒါဆို ရှင် ဘာလို့ ကျွန်မကို မြင်နိုင်နေရတာလဲ"
“ငါ မသိဘူး" မော့ကျန်းက တိတ်တဆိတ် ပြုံးနေခဲ့ပြီး ဆရာ သူ့ကို ပြောခဲ့ဖူးသည့် ပထမဆုံး စကားနှစ်လုံးကို သတိရမိသွားသည်။
တရားမမျှတမှု
ကြည့်ရတာ သူက အဲ့ဒါကို ရည်ညွှန်းနေသလိုပဲ...
မော့ကျန်းက ထောင့်တွင် ထိုင်နေသော်လည်း နာမည်ကျော်တစ်ယောက်ဟူသော ဂုဏ်ပုဒ်လည်း ရှိနေသေးပြီး မနေနိုင်ဘဲ သူ့ကို လှည့်ကြည့်လာကြသည့် ဧည့်သည်များစွာလည်း ရှိနေသည်။ ထိုစားသောက်ဆိုင်သို့ လာရောက်ကြသူ အများစုမှာ လူကြီးလူကောင်းဆန်သော လောကဝတ် ရှိကြပြီး သူတို့က ကသုတ်ကရက် ဓါတ်ပုံရိုက်ကာ လက်မှတ်တောင်းကြမည့် ဖန်များ မဟုတ်ကြသော်လည်း သူတို့အများစုတွင် အတင်းပြောချင်သော နှလုံးသားများ ရှိကြဆဲပင်။
မော့ကျန်းက အဘယ်ကြောင့် သူ့ရှေ့မှ နေရာလွတ်ကို စကားပြောနေကြောင်း မသိကြသော်လည်း လူအများက မနေနိုင်ဘဲ သူတို့၏ စိတ်ထဲတွင် မော့ကျန်းတစ်ယောက် မည်မျှပင် စိတ်ဖိစီးပြီး စိတ်ဓါတ်ကျနေ၍ စိတ်ဂယောင်ခြောက်ခြားရောဂါ တစ်ခု တဖြည်းဖြည်း ဖွံ့ဖြိုးလာသည့်အကြောင်း ဇာတ်လမ်းများပင် ရေးနေကြသေးသည်။
“ကျန်းကျန်း... ကျွန်မ စိတ်ထဲ လူတွေ ပိုပိုပြီး ရှင့်ကို ကြည့်နေကြသလိုပဲနော်" အားယောင်က တစ်ခဏမျှ လှည့်ပတ် ကြည့်ရှုလိုက်ပြီး ထိုအချိန်၌ သူတို့ကို ဦးတည်နေသော မျက်လုံးပေါင်း များစွာ ရှိနေသည်ကို ခံစားနေရသည်။
မော့ကျန်းက ချောင်းဆိုးမိသွားပြီး ညာလက်ဖြင့် ပါးစပ်ကို အုပ်လိုက်သည်။ "ဒါဆို အခု ငါ့ကို စကား လာမပြောနဲ့တော့"
အားယောင်က သူ့ပါးစပ်ကို စိပိတ်လိုက်ပြီး စကားပြောရန်အတွက် ပါးစပ်ကို ဖွင့်မလာခဲ့ပေ။
ကြမ်းပြင်ပေါ်ကို ဒေါက်မြင့်ဖိနပ် ထိခတ်နေသောအသံက နီးကပ်လာပြီး အားယောင်က ထိုအသံ ထွက်လာသည့်နေရာကို ခေါင်းလှည့်လိုက်ပြီးနောက် ဘေးဘက်မှ လာနေသည့် အနက်ရောင် ဝတ်စုံဝတ် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်သည်။ သူမလက်များက ဝိုင်ခွက်တစ်ခွက်ကို ကိုင်ထားပြီးသူမ၏ အနီရောင် နှုတ်ခမ်းနီကဲ့သို့ သက်ဝင်ကာ ခမ်းနားထည်ဝါနေခဲ့သည်။ သူမ၏ အနက်ရောင်ဒေါက်ဖိနပ်က အနည်းဆုံး 10cmမျှ မြင့်ပြီး သူမပို၍ နီးလာသည်နှင့် တင့်တင့်တယ်တယ် လျှောက်လှမ်းလာနေသည်။
“ဧကရာဇ်မော့... တိုင်ဆိုင်လိုက်တာ" ထိုမိန်းမက မော့ကျန်းဘေးသို့ ရောက်လာသောအခါ ရပ်လိုက်ပြီး သူမလက်ထဲမှ အနီရောင် ဝိုင်ခွက်ကို လှည့်ယမ်းနေလေသည်။
"တစ်ယောက်တည်း လာတာလား"
အားယောင်က သူမကို မော့ကြည့်လိုက်သောအခါ သူမ၏ ဖြောင့်စင်းပြီး ချောမွေ့နေသော အနက်ရောင် ဆံပင်ရှည်များကို နှစ်လိုဖွယ်ကောင်းပြီး တောက်ပနေသော ဆံပင်စတိုင်အဖြစ် စည်းနှောင်၍ လည်ပင်းတွင်လည်း စိန်လည်ဆွဲတစ်ခု ဆွဲထားကာ လှပသော ပန်းပုရုပ်လေးကဲ့သို့ပင် စိန်ပွင့်ပေါင်းများစွာက နာသန်သီးလေးမှ တွဲလွဲကျနေခဲ့သည်။
ထိုမိန်းမကို နောက်ထပ်စကားလုံးများဖြင့် ဖော်ပြချင်လိုပါက လှပသော စကားလုံးများအစား သူမကို နှစ်လိုဖွယ်ကောင်းသည်ဟု ဖော်ပြခြင်းက ပို၍ သင့်တော်ပေမည်။ ထူးခြားလှပသော မိတ်ကပ်များ ခြယ်သထားသည့် မျက်နှာလေးကို မဆိုထားနှင့် သူမ၏ နှုတ်ခမ်းလေးကပင် ခေတ်ဆန်ဆန် တော်ဝင်အမျိုးသမီး တစ်ယောက်ကဲ့သို့ အံ့လောက်ဖွယ် ကွေးတက်နေခဲ့သည်။
“အင်း” မော့ကျန်းက ရေခွက်ကို တိတ်တဆိတ် သောက်လိုက်ပြီး တစ်သျုးတစ်ရွက်ဖြင့် ပါးစပ် သုတ်လိုက်သည်။
“တိုက်ဆိုင်လိုက်တာ... ကျွန်မလည်း တစ်ယောက်တည်း လာတာလေ.. စိတ်မရှိရင် ကျွန်မထိုင်လို့ရမလား" ထိုမိန်းမက ယဥ်ယဥ်ကျေးကျေး ခွင့်တောင်းနေသော်လည်း အမှန်တကယ်မှာမူ သူမ၏ ခန္ဓါကိုယ်က မော့ကျန်း၏ ဘေးတွင် ဝင်ထိုင်ရန် ဆုံးဖြတ်ချပြီးသားဟန်ဖြင့် အသင့်ပြင်ပြီးသား ဖြစ်နေသည်။
မော့ကျန်းက လက်ထဲမှ တစ်သျှူးကို ချလိုက်ပြီး ခေါင်းမော့၍ ထိုအမျိုးသမီးကို ကြည့်လိုက်သည်။
သူက အမှန်တကယ်တွင် ဘယ်တော့မှ တွဲဖက် ပြတ်လပ်မနေခဲ့။ တစ်ယောက်တည်း သော်လည်းကောင်း လူအုပ်လိုက် ရှိနေလျှင် သော်လည်းကောင်း သူတို့ကိုယ်တိုင် သူ့ထံသို့ တွယ်ကပ်ချင်နေကြသည့် တစ်စုံတစ်ယောက်က အမြဲ ရှိနေခဲ့သည်။
သို့သော်လည်း ထန်ရှောင်းက သူတို့ထဲရှိ အကောင်းဆုံးလူများထဲမှ ဖြစ်လိမ့်မည်။
မော်ဒယ်အဖြစ် မွေးဖွားလာသော ထန်ရှောင်းမှာ မော်ဒယ်လောကတွင် တောက်ပခဲ့သည့်အချိန်အချို့ ဖြတ်သန်းပြီးနောက် သူမ၏ ကိုယ်ပိုင် စီးပွားရေး ကုမ္ပဏီတစ်ခု ဖွင့်လိုက်ပြီး နောက်ကွယ်မှ လှုပ်ရှားနေခဲ့သည်။ လျှောက်လမ်းများတွင် သူမ၏ အရိပ်ကိုပင် မြင်နိုင်ရန် အလွန် ခက်ခဲသွားပြီး ဖျော်ဖြေရေး လောကမှ ပါတီများစွာ၌တွင်သာ လူအများက ထန်ရှောင်း၏ ကျော့ရှင်းမှုနှင့် အလှအပတို့ကို တွေ့နိုင်ရန် ဂုဏ်သိက္ခါ ရှိကြသည်။
လူများစွာ ပြောကြသည်မှာ ထန်ရှောင်း၏ နောက်ကွယ်၌ အင်အားကြီး ထောက်ပံ့ပေးသူ ရှိနေပြီး မော့ကျန်းသည်လည်း ထန်ရှောင်းနှင့် ပတ်သက်၍ ကောလဟာလမျိုးစုံ ကြားဖူးသော်လည်း သူက အင်တာတိန်းမန့်လောက၏ 'ဒီနေ့ ငါနင်နဲ့ အိပ်မယ်... မနက်ဖြန် နင်ငါနဲ့အိပ်'ဟူသော အတွေးအခေါ်၏ အမှန်နှင့် အမှားကို ရှာဖွေရန် စိတ်မဝင်စားပါပေ။
“ဆောရီး... ကျွန်တော် စားလို့ ပြီးသွားပြီ" မော့ကျန်းက သူ့ခုံကို နောက်သို့ ရွှေ့လိုက်ပြီး ခုံမှ ထရပ်လိုက်သည်။
အင်တာတိန်းမန့်လောကက ဘယ်သောအခါမှ အတင်းအဖျင်းများ ပြတ်လပ်လေ့ မရှိသော်လည်း မော့ကျန်းက ထိုသူများ ပြောကြရန်အတွက် နောက်ထပ် အကြောင်းအရာများ ထောက်ပံ့ပေးရန် ဆန္ဒမရှိပါပေ။
ထိုင်ချကာနီး ထန်ရှောင်းမှာ ရုတ်တရက် နေရာမှာပင် အေးခဲသွားပြီး မော့ကျန်းက သူမကို ငြင်းပယ်လိမ့်မည်ဟု မထင်ထားခဲ့ပါချေ။
မော့ကျန်းက ပွဲဦးထွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိလျှင်တောင် သူ့တွင် မည်သည့်ကောလဟာလများ မရှိခဲ့ဘဲ တစ်ခုတည်းသော အချိန်မှာ ကုမ္ပဏီက သူနှင့် စုန့်နီအကြောင်း ကောလဟာလများကို ကြော်ငြာတစ်ခုအနေဖြင့် ထုတ်လွှင့်ခဲ့ခြင်းသာပင်။ သို့သော်လည်း ထန်ရှောင်း ကောင်းကောင်းသိနေခွ့သည့် အရာတစ်ခုမှာ မော့ကျန်းတွင် မိန်းမ ပြတ်လပ် မနေဟူသည့် အချက်ဖြစ်သည်။
မော့ကျန်း၏ အသွင်အပြင်နှင့် ဖျော်ဖြေရေးလောကထဲမှ သူ့နေရာက အမှန်တကယ်ပင် မည်သည်ကိုမှ ဒုတိယဖြစ်မနေခဲ့ပေ။ သူမ ကိုယ်တိုင်လည်းပဲ တွယ်ချိတ်သွားရမည့် အချိန်ကိစ္စတစ်ခုလည်း ရှိနေသေးသည်။ ပြောခဲ့သည့်အတိုင်း အင်တာတိန်းမန့်လောကတွင် များစွာသော ထုတ်ပြောမရသည့် စည်းမျဥ်းများ ရှိနေပြီး သင့်ထံတွင် အလားအလာကောင်းများ ရှိနေလျှင်တောင် မော့ကျန်း၏ ဘေးတွင် ရှိနေရခြင်းက ဖျော်ဖြေရေးနယ်ပယ်ထဲ၌ နေရာမြင့်မြင့်တစ်ခုအတွက် အာမခံချက် ရှိသွားစေနိုင်သည်။
ထန်ရှောင်းက မော့ကျန်း မည်သူနှင့် အိပ်ခဲ့သည်ကို မသိသော်လည်း အနည်းဆုံးတော့ သူနှင့် အိပ်ချင်နေသည့် မိန်းကလေးများစွာ ရှိနေနိုင်သည်။ သို့သော်လည်း သူက ဤနေရာသို့ တစ်ယောက်တည်း လာစားနေခဲ့သဖြင့် ထန်ရှောင်း မတတ်နိုင်ဘဲ အလွန် ရှုပ်ထွေးသွားသည်။
ထိုယောကျ်ားက သူ့ဘေးပတ်ပတ်လည်တွင် ညှို့ယူဖြားယောင်းနေသော လေထု ရှိခဲ့ပြီး အနီးအနားရှိ လူများကိုပင် သေစေနိုင်လောက်ပေသည်။
ထန်ရှောင်းက နှုတ်ခမ်းကို ကိုက်လိုက်သော်လည်း မလှုပ်မရှား ရှိနေဆဲဖြစ်သည်။ "ဧကရာဇ်မော့... ကျွန်မကို ဒီလိုကြီး ငြင်းမှ ဖြစ်မှာလား" သူမကိုယ်တိုင် ကိုယ်ကျ သူ့ကို ဖိတ်ခေါ်ခဲ့တာတောင် သူမကို ငြင်းလိုက်တာလား... ထိုကဲ့သို့သော အရာမျိုးကို ထန်ရှောင်း မကြုံဖူးခဲ့ရပေ။
မော့ကျန်းက နောက်ပြန်လှည့်ကာ ထန်ရှောင်းကို ကြည့်ရုံသာ ကြည့်နေပြီးနောက် ပြောလာခဲ့သည်။
"တောင်းပန်ပါတယ်... ကျွန်တော် တကယ်ပဲ ဗိုက်ပြည့်သွားလို့... နောက်တစ်ခါ အခွင့်အရေး ရှိတဲ့အချိန်ကျမှ ကျွန်တော် မင်းကို ဖိတ်ကျွေးပါအုံးမယ်... ကျွန်တော် တကယ်ပဲ တောင်းပန်ပါတယ်"
ထန်ရှောင်း မျက်မှောင်ကြုတ်သွားသည်။ သူမ အသက် ဆယ့်ရှစ်နှစ် ပြည့်ကတည်းက သူမကို ယောကျ်ား တစ်ယောက်က ငြင်းလိုက်ပြီး နောက်တစ်ကြိမ် ရှိပါသေးတယ်ဟု ပြောလာသည်ကို ကြားရလိမ့်မည်ဟု မထင်ခဲ့ပေ။
“နောက်တစ်ကြိမ်ကျ ကျွန်မ ဖိတ်ကျွေးပါ့မယ်"
ထန်ရှောင်းက ပြုံးလိုက်ကာ ခန္ဓါကိုယ်ကို အနည်းငယ် ရွှေ့ပေးလိုက်ပြီး မော့ကျန်း ထွက်သွားရန် နေရာချန်ပေးထားလိုက်သည်။ သူမ နှလုံးသားက ဆန္ဒ မရှိပါသော်လည်း သူမ၏ ကောင်းသည့်အချက်များကို အရောင်းမြှင့်တင်ရန်အတွက် ထိုလူကို ဆွဲထားရန် အလျင်လိုမနေခဲ့ပေ။
မော့ကျန်းသည်လည်း အတွင်းတွင် အလွန် အေးစက်ပြီး စိမ်းသက်နေခဲ့သော်လည်း အလွန် ယဥ်ကျေးစွာဖြင့် ထန်ချောင်းကို ပြုံးပြလိုက်သည်။ မော့ကျန်း ပုံရိပ် အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်ကာ စားသောက်ဆိုင်မှ ဧည့်သည်များမှာ အဆုံးတွင် စိတ်ပျက်လက်ပျက် သက်ပြင်းချမိသွားသည်။
သူတို့က မီးမောင်းထိုးပြထားသော စိတ်လှုပ်ရှားဖွယ် ဒရာမာတစ်ခု တွေ့နိုင်တော့မည်ဟု တွေးထားကြသော်လည်း ရလဒ်မှာ ပန်းပွင့်လေးက တမင်သက်သက်ပင် အညှာအတာ မရှိ အငြင်းပယ်ခံလိုက်ရသည်။
ကြည့်ရှုသူတွေ bad reviews ပေးမယ်... ပိုက်ဆံပြန်လျော်ပေး...
စားသောက်ဆိုင်ထဲမှ ထွက်သွားပြီးနောက် အားယောင်က တိတ်ဆိတ်နေခဲ့သည်။ မော့ကျန်းက ကားကို လမ်းပေါ်သို့ မောင်းထွက်သွားပြီး သူမ၏ ဘေးတိုက်ပုံကို ကြည့်လိုက်မိသည်။ "ဘာဖြစ်နေတာလဲ"
“အင်း" အားယောင်က မော့ကျန်းကို လှည့်ကြည့်မလာဘဲ ရှေ့တည့်တည့်ကိုသာ စိုက်ကြည့်နေခဲ့သည်။ "ရှင်ပဲ ရှင့်ကို စကား လာမပြောဖို့ ပြောထားတာ မဟုတ်ဘူးလား"
မော့ကျန်း: “…”
တစ်ခါတစ်ရံတွင် စိတ်အနှောက်အယှက်ဖြစ်ရခြင်းများက အတော်လေး ကျိုးကြောင်း မညီပေ။
“အခု အနားမှာ ဘယ်သူမှ မရှိဘူးလေ... တစ်ခုခု ပြောချင်ရင် ပြောလိုက်"
မော့ကျန်း၏ မျက်လုံးများက လမ်းပေါ်ကို ပြန်ကြည့်လိုက်ပြီး ကားမောင်းသည့်နှုန်းကလည်း မနှေးမမြန် အခြေအနေကို ထိန်းထားသည်။
အားယောင်က ပြန်ဖြေလာသည့်အချိန်တွင် ဆူဆူညံညံဖြင့် မရပ်မနား ပြောလာခဲ့သည်။
"ကျွန်မမှာ ဘာပြောစရာမှ မရှိဘူး... ရှင် သွားပြီး အဲ့ အစ်မလှလှလေးကိုသာ စကား သွားပြောနေလိုက်"
သူ့ဘေးမှ ခရီးသည်ခုံတွင် ထိုင်နေသော လူဆီကို တစ်ချက် ကြည့်ရင်းဖြင့် မော့ကျန်း၏ နှုတ်ခမ်းထောင့်လေးများ ရွှင်မြူးမှုတို့ကြောင့် ကော့တက်လာခဲ့သည်။ ဒီ သရဲမလေး ဘယ်တုန်းကများ သဝန်တိုတတ်သွားပါလိမ့်...
ဒါပေမယ့်လည်း အားယောင်ရဲ့ ပြဿနာကို သူ ဘယ်လို နားလည်ပေးနိုင်မှာလဲ... ရှောင်ရှီ၊ စုန့်နီနဲ့ လျိုထျန်ချောင်းတို့နဲ့ ကြုံတွေ့ပြီးသွားတော့ အခု ဒီည အနက်ရောင် ဆံပင်နဲ့ အလှလေးကပါ ဒီရိုက်ကွက်ထဲ ပါလာပြီ... အားယောင်ကတော့ သူမိသားစု ကျန်းကျန်းလေးက ဝံပုလွေဆိုးတွေ အများကြီးမှ အများကြီးရဲ့ ပစ်မှတ်ထားခံနေရတာလို့ တကယ်ကြီး ခံစားနေရပြီ...
ပြီးတော့... သူမမှာ ဒီလိုပြောနိုင်ဖို့ အရည်အချင်းတောင် မရှိသေးဘူး...
၎င်းက အားယောင်အတွက် အလွန် ဝမ်းနည်းဖွယ်ကိစ္စပင်။ သူမ ထိုအကြောင်းကို တွေးလိုက်မိသည်နှင့် စကားပင် ထပ်မပြောချင်တော့။
အားယောင် မျက်နှာကို ဆွဲချနေသည်အား ကြည့်ကာ မော့ကျန်း တွန့်ဆုတ်စွာ ပြုံးမိသွားသည်။ သရဲမလေး သူ့အပေါ် ထားတဲ့ ခံစားချက်တွေကို သူဘယ်လို သိနိုင်မှာလဲ... ဒါပေမယ့် သူ့ဆရာသခင် ပြောခဲ့သလိုပဲ... သရဲတွေက သရဲတွေ ဖြစ်နေတုန်းပါပဲလေ...
သူမရဲ့ ခံစားချက်တွေကို သိခဲ့ရင်တောင် သူ ဘာလုပ်ပေးနိုင်မှာမို့လဲ...
နှစ်ယောက်သားက ကိုယ်စီ အတွေးများနေကြပြီး အိမ်ပြန်လမ်းက အလွန် တိတ်ဆိတ်နေခဲ့လေသည်။
နောက်ရက် အနည်းငယ်အတွင်း မော့ကျန်းက အာရုံစိုက်ခံရမှုကို ရှောင်ရှားရန်အတွက် အားယောင်ကို အိမ်မှာသာ နေစေခဲ့သည်။သို့သော်လည်း သုံးရက်မျှ ပုန်းနေခဲ့ရပြီးနောက် အားယောင်က အရည်ပျော်တော့မတတ် ဖြစ်နေလေပြီ။ သူမက ယခုတွင် အင်တာနက်ပေါ်သို့ သွားနိုင်ပြီ ဖြစ်သော်လည်း အားယောင်ဝင်လိုက်သော ဝက်ဘ်ဆိုက်များမှာ အကုန်လုံးက မော့ကျန်းနှင့်သာ သက်ဆိုင်နေပြီး မော့ကျန်း၏ ဖန်များက သူမမိသားစု တာ့ရန်အား အဆက်မပြတ် ဝန်ခံကြသည်နှင့်သာ အမြဲတမ်း ကြုံတွေ့နေရသည်။
အင်တာနက်မှ တကယ့်ဘဝထိ မည်သည့်နေရာကို သွားပါစေ အခြားသူများက သူမ မိသားစု ကျန်းကျန်းလေးကို လိုချင်တပ်မက်နေကြသည်ကိုသာ အမြဲတမ်း တွေ့နေရသည်။
အားယောင်က အတော်လေး မပျော်မရွှင် ဖြစ်နေသည့်အတွက် အိမ်မှ ထွက်ပြေးရန် ဆုံးဖြတ်လိုက်တော့သည်။ အင်း... မနက်ကျ အိမ်ကထွက်သွားပြီး ညမှ ပြန်လာတာနဲ့တော့ ပိုတူတာပေါ့...
သူမက အပြင်ဘက်တွင် ကြုံရာကျပန်း မျောလွင့်သွားခဲ့သော်လည်း ဗီလာ ဧရိယာမှ ခပ်ဝေးဝေးသို့ မသွားရဲပေ။ တစ်ခဏမျှ လျှောက်ပတ်နေပြီးနောက် အားယောင် တွေ့ခဲ့ရသည်မှာ မော့ကျန်း နေသော နေရာက အမှန်တကယ်ပင် လူကျဲလှပြီး ကားအနည်းငယ်သာ ဖြတ်သွားလေ့ရှိကာ အားလုံးက ဇိမ်ခံကားများ ဖြစ်ကြသည်။
အားယောင်က လျှောက်လမ်းလေးတွင် ထိုင်ချကာ အနက်ရောင် လေလွင့်ကြောင်လေးကို စနောက်နေခဲ့ပြီး သူမ၏ သရဲဘဝကို တလေးတနက် တွေးတောနေခဲ့သည်။
“မြောင်” အားယောင်၏ လက်အောက်တွင် လိမ်လိမ်မာမာ လဲလျောင်းနေခဲ့သော ချစ်စရာ ကြောင်လေးက ရုတ်တရက် ခုန်ထွက်သွားသည်။ ထိုကြောင်လေးက ကားလမ်းပေါ်သို့ ခုန်ထွက်သွားပြီး ဖရာရီ တစ်စီးက ၎င်းဆီသို့ အရှိန်မြင့်၍ မောင်းနှင်လာခဲ့ကာ မျက်စိနောက်ဖွယ် ထိုကားက အနီရောင်တောက်တောက်အရောင်လည်း ဖြစ်နေသေးသည်။
ကားမောင်းသူ ခုံ၌ ထိုင်နေသူမှာ မိန်းမတစ်ယောက် ဖြစ်ပြီး ကြောင်နက်လေး လမ်းပေါ်သို့ ရုတ်တရက် ခုန်ထွက်လာသည်ကို မြင်သောအခါ အလွန်ထိတ်လန့်သွားပြီး ဘရိတ်နင်းရန်ကိုပင် မေ့သွားခဲ့သည်။
ပြိုင်ကားလေးက အရှိန်မြှင့်ဆဲ မောင်းနှင်လာသည်ကို ကြည့်၍ အားယောင်က ခပ်မြန်မြန်ပင် ရှေ့သို့ မျောလွင့်သွားသည်။ "ဂရုစိုက်"
၎င်းက ထင်ယောင်ထင်မှားတစ်ခုလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ထိုအချိန်၌ သူမက ကြောင်လေးအတွင်းသို့ ဆွဲယူခံလိုက်ရသလို ခံစားလိုက်ရပြီးနောက် သရဲတစ်ကောင်နှင့် ကြောင်တစ်ကြောင်တို့က ဘောလုံးတစ်လုံးလို လှိမ့်သွားခဲ့သည်။
ဘရိတ်နင်းသံစူးစူးက ကောင်းကင်သို့ပင် ထွင်းဖောက်သွားပြီး ဖရာရီကားလေးက နောက်ဆုံးတွင် ရပ်သွားကာ ၎င်းအနောက်တွင် ဖုန်များ လွင့်သွားလေသည်။ ကားတံခါးဖွင့်လာပြီး မိန်းမတစ်ယောက် ထွက်လာခဲ့သည်။
“အဆင်ပြေရဲ့လားဟင်” ထိုအမျိုးသမီးက ဆောင့်ကြောင့်ထိုင်ကာ ကြောင်လေး၏ ဒဏ်ရာကို ကြည့်လိုက်သည်။
အားယောင်က အမျိုးသမီး၏ အရှေ့ကို ကြည့်လိုက်ပြီး သံသယဖြစ်မှု အချို့တို့ဖြင့် ဆိုလိုက်သည်။ "မြောင်..."
ဒါဆို ကျန်းကျန်းရဲ့ သရဲဇနီးလေးက လူလည်း မဟုတ် သရဲ မဟုတ်တော့ဘူးပေါ့...
ဒါပေမယ့် အခုတော့ သူမက ကြောင်တစ်ကောင် ဖြစ်သွားပြီ...
အိုး ကျန်းကျန်းလေး အခု ဘာလုပ်ကြတော့မလဲ... မင်း သူမကို ချစ်ဖို့ ပိုတောင်ခဲယဥ်းသွားရပြီ...
Xxx