Chapter 24
ဝင်ပူးမယ်
မြေပြင်ပေါ်မှ မဆုံးနိုင်သော တမြောင်မြောင် အော်သံက ထိုအမျိုးသမီးကို အံ့သြသွားစေပြီး အားယောင်၏ ပုံရိပ်က ထိုနေရာမှာပင် အေးခဲသွားခဲ့သည်။
သောက်ကျိုးနည်း... ဘာတွေ ဖြစ်နေတာလ...ဘာလို့ သူမက မြောင် နေရတာလဲ...
အားယောင်က သူမ အတွေးများမှ စိစစ်နေခဲ့သောကြောင့် ထိုအမျိုးသမီးက သူမကို ပဟေဠိ ဖြစ်စွာ ကြည့်လာခဲ့သည်။ ဒီကြောင်လေးက ဒဏ်ရာရမသွားပါဘူး... ဒါပေမယ့် ကြောင်လေးက တမြောင်မြောင် အော်ပြီးသွားတာနဲ့ သူ့မျက်နှာ အမူအယာက ဘာလို့များ ကမ္ဘာကြီး မကြာခင် အဆုံးသတ်သွားတော့မလို ဖြစ်သွားရတာလဲ...
“ဘာဖြစ်လို့လဲဟင်" သူမက လက်ကို ဆန့်ထုတ်လိုက်ပြီး ထိုချစ်စရာ ကြောင်လေးကို ပွတ်သပ်ပေးချင်ခဲ့သည်။
“မြောင်မြောင်မြောင်မြောင်”
…
စိတ်ပျက်တယ်... သူမ မြောင်လို့ပဲ ရတဲ့ ကမ္ဘာကြီးနဲ့ ရင်ဆိုင်ရတာ စိတ်ပျက်စရာ အပြည့်ပဲလို့...
သူမသာ တတ်နိုင်ပါက အားယောင် သူမ၏ မမျှမတ ခံစားရမှုတို့ကြောင့် မြစ်ရည်မြစ်ကြီး ကျလာသည်အထိ ငိုချင်မိသွားသည်။
အမျိုးသမီးက ကြောင်လေးဆီသို့ လက်ဆန့်ထုတ်လိုက်သော်လည်း အားယောင်က ၎င်းကို ပလိပ်ရောဂါကဲ့သို့ ရှောင်ရှားကာ လေ၏ အလျင်ဖြင့် လျင်မြန်စွာ ပြေးထွက်သွားသည်။
အမျိုးသမီး: “…”
ကြောင်လေး ပြေးသွားတဲ့ ပုံလေးကလည်း အရမ်း ချစ်ဖို့ကောင်းတာပဲ...
အားယောင်က ယခု သူမက ကြောင်ငတုံး၏ ခန္ဓါကိုယ်အတွင်းတွင် ကပ်တွယ်နေသည်ဟု သဘောပေါက်သွားချိန်၌ အရှိန်လျှော့သွားခဲ့သည်။ သူမက မည်ကဲ့သို့ ဝင်ပူးရမည်ကို လေ့လာရန် ကြိုးစားမည်ဟု ပြောခဲ့သော်လည်း..... တောင်းပန်ပါတယ်... မော့ကျန်းရေ... ကျွန်မရဲ့ ပထမဆုံးအကြိမ်ကို ရှင့်ကို ပေးလို့မရတော့ဘူး... ဝူးဝူးဝူး...
သို့သော်လည်း သူမ၏ ပထမဆုံးအကြိမ်၏ ထိလွယ်ရှလွယ်သော အကြောင်းအရာနှင့် နှိုင်းယှဥ်လိုက်ပါက အားယောင်ရှေ့မှ ပို၍ အလေးအနက် ထားရမည့် ပြဿနာမှာ သူမ ကြောင်လေး၏ ကိုယ်ထဲမှ ဘယ်လို ထွက်ရမလဲ ဟူသည်ပင်။
သူမက ပထမဆုံးနေရာမှာပဲ ကြောင်လေးရဲ့ ကိုယ်ထဲကို ဘယ်လို ဝင်သွားမိမှန်းတောင် မသိတာ ဘယ်လို ပြန်ထွက်ရမလဲဆိုတာ ဘယ်လိုလုပ် သိမှာလဲလို့...
အားယောင်က မော့ကျန်း၏ တံခါးဆီသို့ အသက်ရှုရပ်မတတ် ပြေးသွားပြီး ရှေ့လက်သည်းလေးများကို ထုတ်ကာ ရှေ့တံခါးကို ပြင်းပြင်းထန်ထန် ကုတ်ခြစ်လိုက်သည်။
သူမ၏ ဝိဥာဏ်စွမ်းအား အားလုံးသည်လည်း ပျောက်ကွယ်သွားလေပြီ။ ယခု သူမတွင် တံခါးကို ချိုးပစ်နိုင်မည့် ခွန်အားပင် မရှိတော့။
အားယောင်က တစ်ခဏမျှ ကုတ်ခြစ်ပြီးနောက် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲ၍ စောင့်ဆိုင်းနေရင်းနှင့် တံခါးဝမှ မီးအလင်းရောင်က သူမပေါ်တွင် ဖြာကျနေခဲ့သည်။
မော့ကျန်း ပြန်လာသောအခါ သူ့တံခါးရှေ့ လှေကားတွင် ခွေခွေလေး လဲနေသော ကြောင်နက်လေး တစ်ကောင်ကို တွေ့လိုက်ရသည်။
သူ့မျက်ခုံးများ အမှတ်တမဲ့ ပင့်မိသွားပြီး သူ့ရှေ့မှ မြင်ကွင်းက ဒေဂျာဗူးအချို့ ပေးနေသည်ဟု ခံစားလိုက်ရသည်။
(Deja vu အရင်က ဖြစ်ဖူးသလို ခံစားနေရတာကို ပြောတာပါ)
တံခါးဆီသို့ ရောက်သောအခါ သေနေသည့်သဖွယ် ကစားနေခဲ့သော ကြောင်ကလေးက ဘတ်ထရီ သွင်းလိုက်သည့်နှယ် ရုတ်တရက် အားပြန်ပြည့်လာပြီး တမြောင်မြောင်ဟု သဲသဲမဲမဲ အော်ကာ မော့ကျန်းကို စက်ဝိုင်း ပုံစံ ပတ်ပြေးနေခဲ့သည်။
မော့ကျန်းက သူ့ခြေထောက်နားမှ လေလွင့်ကြောင်နက်လေးကို ကြည့်ကာ တလေးတနက် လေ့လာနေခဲ့သည်။
ဆောင်းဦးရာသီအတွင်းသို့ ရောက်လာနေပြီ ဖြစ်သဖြင့် လှည့်ပတ်ကစားနေကြသော အိမ်နီးချင်းကြောင်လေး အရေအတွက်မှာ သိပ်မများပေ။ ထိုအကြောင်းကို တွေးတောမိသွားသောအခါ မော့ကျန်းက ထိုကြောင်ကို တလေးတနက် ထပ်စဥ်းစားလိုက်ပြီး ထိုကြောင်လေးကို မတွေ့ဖူးသည်အား လုံးဝသေချာသွားသည်နှင့် ရှေ့တံခါးကို ဖွင့်လိုက်သည်။
သို့သော်ငြား သူရှေ့တံခါးကို ဖွင့်လိုက်သည်နှင့် ကြောင်လေးက သူ့ခြေထောက်ကို ဖြတ်၍ အိမ်ထဲသို့ ပေါ့ပေါ့ပါးပါး လျှောက်ဝင်သွားခဲ့သည်။
မော့ကျန်း: "..."
ဒီလို အရှက်မရှိတဲ့ ဝိဥာဏ်မျိုးက အရမ်း ရင်းနှီးနေသလိုပဲ....
ကြောင်လေးက တံခါးမှ ဖြတ်ဝင်လာသည်နှင့် မရပ်မနား မြောင် နေခဲ့ပြီး မော့ကျန်းက သူ့နောက်မှ တံခါးကို ပိတ်လိုက်ပြီး အိမ်ထဲသို့ ဝင်မလာခင်အထိ တစ်ခဏမျှ ချင့်ချိန် စဥ်းစားရင်း ရပ်နေခဲ့သည်။
သူ့ခြေထောက်နားမှ ကြောင်လေးကို လျစ်လျူရှု၍ မော့ကျန်းက ပုံရိပ်လေးတစ်ခုကို ရှာရန် အခန်းတဝိုက် ဝေ့ဝဲကြည့်လိုက်သော်လည်း အားယောင်ကို ရှာမတွေ့ခဲ့ပေ။ သူ့မျက်ခုံးများ စုကြုံ့သွားခဲ့လေသည်။ သူ သူမကို အိမ်မှာပဲ လိမ်လိမ်မာမာ နေဖို့ ပြောထားခဲ့တာကို အခုတော့ ထွက်သွားပြန်ပြီလား....
"အားယောင်" မော့ကျန်းက ခြေလှမ်းအချို့လှမ်းကာ ဒုတိယထပ်ဘက်ကို ကြည့်၍ အော်ခေါ်လိုက်သည်။
"မြောင်..." အားယောင်၏ တုံ့ပြန်ချက်ကို မစောင့်နိုင်ခင်မှာပင် ကြောင်လေးက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်ကာ ဧည့်ခန်းစားပွဲပေါ်တွင် ရှိနေသော ကွန်ပျူတာဆီသို့ ကျွမ်းကျွမ်းကျင်ကျင် ခုန်ထွက်သွားခဲ့သည်။
မော့ကျန်း၏ နှုတ်ခမ်းများ အံ့အားသင့်မှုတို့ကြောင့် ဟသွားပြီး ကော်ဖီစားပွဲပေါ်တွင် ကွန်ပျူတာ ဖွင့်နေသော ကြောင်လေးကို ကြည့်မိသွားသည်။
...
ဇာတ်ကြောင်း၏ တိုးတက်မှုက အလွန် ကို့ယို့ကားယားနိုင်လိမ့်မည်ဟု သူ မတွေးထားခဲ့ပေ။ သို့သော်လည်း ထိုမြင်ကွင်းကို လက်ခံလိုက်ရန်အတွက် သူ့ဦးနှောက်ကို မြန်မြန် ချိန်ညှိလိုက်ပါသော်လည်း.... ကြောင်လေးက ကွန်ပျူတာပေါ်မှ ပါဝါခလုတ်ကို နှိပ်ကာ ဝင်လိုက်ပြီး ကွန်ပျူတာ၏ လျှို့ဝှက်နံပါတ်ကိုပင် သိနေခဲ့လေသည်...
မော့ကျန်း: "..."
မော့ကျန်းမှာ သူ့ရှေ့က မြင်ကွင်း အခြေကျသွားရန် အချိန်ပိုလိုနေသေးသည်ဟု ခံစားနေရသည်။
ဒတ်...
ကြောင်လေးက စကားလုံးအချို့ ရိုက်ရန် ကြိုးပမ်းနေဟန်ဖြင့် သူ့လက်သည်းလေးများက ကီးဘုတ်ပေါ် ကျရောက်သွားသည်။
ကျန်းကျန်း... ကျွန်မ အားယောင်ပါ...
မော့ကျန်း: "..."
ကြောင်လေး၏ လက်သည်းမှာ သိသိသာသာပင် လူသားများ၏ လက်များကဲ့သို့ မကွေးဆန့်နိုင်သဖြင့် စာကြောင်းအချို့ ရိုက်ရန် ကြိုးစားရခြင်းကပင် ကြီးမားသော အားထုတ်မှုတစ်ခု ဖြစ်နေခဲ့သည်။ သို့သော်လည်း သူမက အရေမရ အဖတ်မရများ ရိုက်ပြီးသည်နှင့် သူ့ကို ကျန်းကျန်းဟုခေါ်လာပြီး သူမက ထိုနေရာများတွင် အီမိုဂျီများ ထည့်ရန်အတွက်ပင် စိတ်အခြေအနေ ရှိလိုက်သေးသည်လား...
မတူညီတဲ့ မျိုးစိတ်တွေက တကယ်ပဲ အချင်းချင်း မဆက်သွယ်နိုင်ကြဘူးပဲ...
မော့ကျန်း သံသယ အချို့ဖြင့် စကား မပြောလာခင်အထိ တိတ်ဆိတ်မှုက သုံးမိနစ်မျှ ကြာသွားခဲ့သည်။ "ဘာတွေ ဖြစ်ခဲ့လဲဆိုတာကို ရှင်းပြပေးလို့ ရမလား"
အားယောင်၏ လက်သည်းများက ပြန်ဖြေရန်အတွက် ကီးဘုတ်ပေါ်တွင် ပြေးသွားပြီး နောက် enter ခလုတ်ကို နှိပ်လိုက်သည်။
ဒီကြောင်လေးက ကားတိုက်မိမလို ဖြစ်သွားလို့ ကျွန်မ ကယ်ဖို့ လုပ်လိုက်ပေမယ့် မတော်တဆ ဝင်ပူးမိသွားတယ်... အခု ပြန်ထွက်လို့ မရတော့ဘူး...
မော့ကျန်း: "..."
ဒါက တကယ့်ကို ဇာတ်လမ်းရဲ့ ရိုလာကိုစတာ အပိုင်းပဲ...
မော့ကျန်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချကာ ထိုင်ရန်အတွက် ခုံကို ဆွဲယူလိုက်သည်။
"မင်း ပိုပြီး တုံးသွားတော့တာလား"
အားယောင်၏ အရည်လဲ့နေသော မျက်လုံးများက မော့ကျန်းကို ကြည့်လိုက်ပြီး သူမ၏ လက်သည်းလေးများက ကီးဘုတ်ကို ဆက်ရိုက်နေခဲ့သည်။ [ဒါက တကယ့်ကို ဝမ်းနည်းဖို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ]
မော့ကျန်း နှုတ်ခမ်းက ရွှင်မြူးမှုတို့ဖြင့် လှုပ်ရှားသွားသည်။ "မဟုတ်ဘူး... ဒါက သိသိသာသာကြီး ဟာသဇာတ်ကား တစ်ကား ဖြစ်နေတာပဲ"
အားယောင်: "..."
ဒတ် ဒတ် ဒတ်_ QAQ
မော့ကျန်း: "..."
မော့ကျန်းက ထပ်ပြီး သက်ပြင်းချကာ အင်္ကျီလက်ကို ခေါက်တင်လိုက်သည်။ "ကောင်းပြီလေ... အရင်ဆုံး ရေချိုးကြတာပေါ့"
ထိုအကြောင်းကို ကြားသောအခါ အားယောင်က ရုတ်တရက်ပင် အလွန် မြူးကြွလာခဲ့သည်။
"မြောင်"
ထိုတုံ့ပြန်ချက်ကို မြင်သောအခါ မော့ကျန်းက မနေနိုင်ဘဲ ရွှင်မြူးမှုတို့ဖြင့် ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ "ရေချိုးရမှာ မင်းပဲ... ငါမဟုတ်ဘူး"
မော့ကျန်းက အားယောင်ကို စားပွဲပေါ်မှ ဆွဲယူလိုက်ပြီး ပထမထပ် ရေချိုးခန်းဆီသို့ တိုက်ရိုက် ခေါ်သွားလိုက်သည်။
ကြောင်များအားလုံးက မသိစိတ်မှပင် ရေကြောက်ကြသော်လည်း မော့ကျန်း၏ လက်ထဲမှ အားယောင်မှာ တမြောင်မြောင် သာ အော်နိုင်တော့ပြီး သူမသာ တတ်နိုင်ပါက တအီအီ အော်ငိုလိုက်ချင်သည်။
"ဂရုမစိုက်ဘဲ လျှောက်လှုပ်နေတာ ရပ်လိုက်စမ်း... ရေတွေငါ့ကို လာစင်တော့မယ်"
"မြောင်"
"ငြိမ်ငြိမ်နေစမ်းလို့ ပြောနေတယ်လေ... မင်းလျှာက ဘယ်နေရာကို လာလျက်နေတာလဲ..."
"မြောင် မြောင်"
"အမြီးကိုလှုပ်စမ်း ငတုံးကြောင်"
"မြောင် ဝူး......"
ရေချိုးခန်းထဲတွင် စစ်ပွဲတစ်ခု ဖြစ်ပွားနေသကဲ့သို့ ဖြစ်နေပြီး ပြီးသွားသည့်အချိန်၌ မော့ကျန်းမှာ ထို ကြောင်ငယ်လေးကို ကိုင်တွယ်ရန် ကြိုးစားခဲ့ရသည်ကြောင့် ချွေးပြိုက်ပြိုက် ကျနေခဲ့သည်။ မော့ကျန်းက အားယောင်ကို ကောက်ယူလိုက်ပြီး ရေချိုးခန်း ကြမ်းပြင်ပေါ်သို့ချကာ သူမ၏ ခေါင်းပေါ်သို့ တဘက်တစ်ထည် ပစ်ပေးလိုက်၍ သူမ၏ အမွှေးစိုစိုလေးများကို ခြောက်အောင် သုတ်ပေးလိုက်သည်။ သူမ ခန္ဓါကိုယ်ပေါ်မှ အမွှေးအများစုကို သုတ်ပေးလိုက်ပြီးနောက် မော့ကျန်းက ဘေးမှ ဆံပင်မှုတ်စက်ကို ကောက်ယူလိုက်ပြီး အားယာင်၏ ကိုယ်လေးကို စတင်မှုတ်ပေးလိုက်သည်။
"မြောင် ဝူးဝူးဝူးဝူး..."
အားယောင်က မော့ကျန်း၏ အခမဲ့ ဝန်ဆောင်မှုကို ရှင်းရှင်းလင်းလင်းပင် နှစ်ခြိုက်နေလေသည်။ သူမသာ ကြောင်တစ်ကောင် အနေနဲ့ ကောင်းကာင်း ဆက်ဆံခံရမယ် ဆိုတာကို ကြိုသိခဲ့ရင် အိမ်ကစောစော ထွက်ပြေးခဲ့ပါတယ်..
သန့်ရှင်းရေး လုပ်ပြီးနောက် မော့ကျန်းက အားယောင်ကို လက်သည်းညှပ်ပေးရန် ပြင်သည်။ ရေချိုးပေးစဥ်က အားယောင် သူ့လက်များအကြား အဆက်မပြတ် တွန့်လိမ်နေခဲ့သော်လည်း သူမ၏ လက်သည်းများက သူ့ကို မကုတ်မိခဲ့ပေ။ သို့သော်လည်း လက်သည်းများက ညှပ်ရန် လိုနေသေးသည်။ မော့ကျန်း ထိုလက်သည်းရှည်များကို ကြည့်မိသည့် အချိန်တိုင်း အနည်းငယ် သက်တောင့်သက်သာ မရှိဟု ခံစားနေရသည်။
အားယောင်ကို သူ့ခြေထောက်ပေါ် ချထားလိုက်ရင်း မော့ကျန်းက လက်သည်းညှပ်တစ်ခုကို ကောက်ယူကာ ကြောင်ငယ်လေး၏ လက်သည်းများကို သေသေသပ်သပ်ဖြင့် ဂရုတစိုက် ညှပ်ပေးလိုက်သည်။ အားယောင်က သူ့ပေါင်ပေါ်တွင် ငြိမ်ငြိမ်လေး လဲလျောင်းနေခဲ့ပြီး သူမ၏ မေးလေးက သူ့ခြေထောက်ကို ပွတ်နေခဲ့သည်။ ကျေနပ်လိုက်တာ...
"မြောင်...."
မော့ကျန်းက သူမ၏ လက်သည်းများကို ဖမ်းဆွဲကာ သတိပေးလိုက်သည်။ "မလှုပ်နဲ့"
အားယောင်က လက်ခံသည့်အလား မြောင်ဟု ပြန်ဖြေသည်။
အဆုံးတွင် မောကျန်းက အားယောင်၏ လက်သည်းများကို ညှပ်ပေးပြီးသွားခဲ့ပြီး အလွန်ပင်ပန်းသွားရသဖြင့် လှုပ်တောင် မလှုပ်ချင်တော့ပေ။ ယနေ့ စတူဒီယိုတွင် ရိုက်ခဲ့ရသော ဇာတ်ကွက်က အတော်လေးပင် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခဲ့ရသည်။ သို့သော်လည်း သူအိမ်ပြန်ရောက်သည်နှင့် ထိုဘိုးဘေးလေးကို အလုပ်အကျွေးပြုရမည်ဟု မထင်ထားခဲ့။
"မြောင်... ဝူး" အားယောင်က ပန်းရောင်လျှာနုနုလေးကို ဆန့်ထုတ်ကာ မော့ကျန်း၏ လက်ကို ခပ်ဖွဖွ လျက်လိုက်သည်။ သူမက ကြောင်ဖြစ်နေသော်လည်း သူမ၏ အပြုအမူများက ခွေးနှင့် ပိုတူနေပေသည်။
အားယောင် သူ့ကို မျက်နှာလို မျက်နှာ လုပ်နေသည်ကို ကြည့်ကာ မော့ကျန်း နှာမှုတ်၍ သူမကို မြေပေါ် ပြန်ချလိုက်ပြီး ဒုတိယထပ်သို့ ဆက်လျှောက်သွားသည်။
"မြောင်.... ဝူး" အားယောင်က ခေါင်းလေးကို စောင်း၍ သူ့ကို မော့ကြည့်လိုက်ပြီး သူ့နောက်မှ လိုက်၍ ဒုတိယထပ်သို့ လိုက်တက်လာသည်။
မော့ကျန်းက ညဝတ်အင်္ကျီကို ထုတ်၍ ရေချိုးခန်းထဲသို့ တိုက်ရိုက် ဝင်သွားလိုက်ပြီး မကြာမီမှာပင် ရေပန်းမှ ရေကျသာသည့်အသံကို ကြားလိုက်ရသည်။ အားယောင်က အိပ်ခန်းတံခါးမှ တဆင့် ဖြတ်ဝင်လာပြီး ရေချိုးခန်း တံခါးရှေ့ရပ်ကာ အကြိမ်အနည်းငယ်မျှ တမြောင်မြောင် လုပ်လိုက်သည်။ ထို့နောက် လက်သည်းများကို သုံး၍ တံခါးကို နှစ်ကြိမ်မျှ ကုတ်ခြစ်လိုက်ပြီးနောက်တွင် ငြိမ်ကျသွားခဲ့သည်။
မော့ကျန်း ရေချိုးခန်းထဲမှ ထွက်လာသောအခါ သူမြင်လိုက်ရသည့် ပထမဆုံးအရာမှာ ရေချိုးခန်း တံခါး အပြင်ဘက်ကို ကုတ်ခြစ်နေသော အားယောင်၏ ပုံရိပ်လေး ဖြစ်ပြီး သူမ၏ အမြီးလေးက ဘယ်ညာ ယမ်းနေခဲ့သည်။
မော့ကျန်း: "..."
ဒါက ခွေးတစ်ကောင် မဟုတ်ဘူးလား...
မော့ကျန်း ထွက်လာသည်ကို မြင်သောအခါ အားယောင်က သူ့ဆီကို လျှောက်သွားပြီး မော့ကျန်းကို မှီတွယ်၍ ခေါင်းလေးဖြင့် သူ့ခြေထောက်ကို ပွတ်သပ်နေခဲ့သည်။ "မြောင်..."
အားယောင်၏ အမွှေးများက အလွန် နူးညံ့လှသည်။ သူ့ခြေသလုံးသားမှ ယားကျိကျိ ခံစားနေရသော်လည်း တစ်နည်းနည်းဖြင့် သူ အတော်လေး သက်တောင့်သက်သာ ရှိနေခဲ့သည်။
မော့ကျန်းက ကြောင်နက်လေးကို ငုံ့ကြည့်လိုက်သည်။ ဒီကြောင်လေးက တကယ် ချစ်ဖို့ကောင်းတာပဲ...
သို့သော်ငြား မော့ကျန်း၏ အေးစက်ပြီး ကျော့ရှင်းသော ပင်ကိုယ်စရိုက်အရ သူ့ကို အနိုင်ရသွားပြီ ဖြစ်ကြောင်းကို ဝန်ခံလိမ့်မည် မဟုတ်ပေ။
မော့ကျန်းက အားယောင်ကို သူ့အဝေးသို့ ကန်ထုတ်လိုက်ပြီး သူ့လည်ပင်းတွင် တဘက်တစ်ခုတင်၍ ပထမထပ်သို့ လှည့်ဆင်းသွားသည်။
သူ ယခုအချိန်ထိ အလုပ်များနေခဲ့သဖြင့် ရေတစ်ငုံလေးတောင် မသောက်နိုင်ခဲ့ရပေ။ သို့သော်လည်း သူ ထိုအကြောင်းကို စိတ်ထဲပင် မရှိဘဲ စားစရာ တစ်ခုခု ရှာရန်က သူ့ပထမ ဦးစားပေး ဖြစ်နေခဲ့သည်။
ရေခဲသေတ္တာကို ဖွင့်ပြီးသွားသောအခါ မော့ကျန်းက သူ ဂြိုလ်ဆိုးဝင်နေပြီ ဖြစ်ကြောင်း သိလိုက်ရပြီး အမောဆို့၍ ပြိုလဲကျတော့မလို ဖြစ်သွားသည်။ သူအရင်က ဝယ်ထားသော သရေစာများ ကုန်သွားသည်မှာ ကြာပြီ ဖြစ်ပြီး ထန်ချောင်း ပုံမှန် ဝယ်ပေးထားသော အစားအစာများသည်ပင် ကုန်သွားလေပြီ။ သူ့အိမ်ထဲမှ သူ အမှန်တကယ် ကြိုက်သည့် တစ်ခုတည်းသောအစားအစာမှာ သံပရိုတစ်လုံးသာ ဖြစ်ပေမည်။
သူ သူတို့ကို အချိန်အကြာကြီး စားခဲ့ပြီး ဖြစ်သော်လည်း ဘူးတစ်ဝက်မျှ ကျန်နေသေးသည်။
သံပရိုသီး တစ်လုံးကို ခွဲ၍ မော့ကျန်းက အမြဲတမ်းကဲ့သို့ပင် သူစားနေသောအရာက ချဥ်သော သံပရိုသီး မဟုတ်ဘဲ အစာသွပ်မုန့်ချို ဖြစ်နေသကဲ့သို့ သဘာဝကျကျ စားလိုက်သည်။
"မြောင်..." အားယောင်က ရေခဲသေတ္တာ တံခါးရှေ့တွင် လဲလျောင်းလိုက်ပြီး လက်သည်းများကို ဝှေ့ယမ်းပြနေသည်။ သူတို့အကြား ဘာသာစကား အတားအဆီး ရှိနေလျှင်တောင် မော့ကျန်းက တနည်းနည်းဖြင့် သူမပြောနေသည့် စကားတစ်လုံးမကျန်ပင် နားလည်နေခဲ့သည်။
"ဘာမှမစားထားဘဲ အချဥ်တွေ စားတာက ရှင့်အစာအိမ် အတွက် မကောင်းဘူး... ရေခဲသေတ္တာထဲမှ စားလိုရတာတွေ အများကြီး ရှိသေးတယ်"
မော့ကျန်းက ထိုင်ချကာ ကြောင်ငယ်လေး၏ အမွှေးနုနု ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး အားယောင်၏ နှာခေါင်းလေးက သူ့လက်ဖဝါးကြီးကို ချက်ချင်း ပြန်ပွတ်သပ်ပေးလာခဲ့သည်။
မော့ကျန်းက ခေါင်းငုံ့လိုက်ပြီး မနေနိုင်ဘဲ ရယ်မောမိသွားသည်။ ၎င်းက ပထမဆုံးအကြိမ်အဖြစ် ကြောင်ကလေးကို စနောက်ရသည်မှာ အလွန် စိတ်ဝင်စားဖို့ကောင်းသည်ဟု သူရှာတွေ့သွားခြင်း ဖြစ်သည်။
ပြောရင်းဆိုရင်း သူမ ဗိုက်ဆာနေမလား...
သူ့လက်များဖြင့် အားယောင် လည်ပင်းမှ အမွှေးများကို ပွတ်သပ်ပေးနေရင်းမ မော့ကျန်း တီးတိုး ပြောလိုက်သည်။ "ဗိုက်ဆာနေပြီလား"
"မြောင်" အားယောင် ခေါင်းကို ခပ်ပြင်းပြင်း ငြိမ့်ပြလိုက်သည်။
မော့ကျန်းက တစ်ခဏမျှ တွေးတောပြီးနောက် ရေခဲသေတ္တာထဲမှ နို့တစ်ဘူး ထုတ်ကာ အားယောင်ရှေ့မှ ပန်ကန်လေးထဲသို့ လောင်းချလိုက်သည်။ အားယောင်က နို့ကို လျှာလေးဖြင့် အနည်းငယ် လျက်လိုက်ပြီးနောက် ရုတ်တရက်ပင် ဧည့်ခန်းထဲမှ ကွန်ပျူတာဆီသို့ ပြေးသွားလေသည်။
...
မော့ကျန်း ခေါင်းကိုက်လာရသလိုပင်။
ဒတ် ဒတ် ဒတ် - ကျွန်မ နို့သောက်ရတာ မကြိုက်ဘူး
..
မော့ကျန်းက အသက် ရှုလိုက် ထုတ်လိုက် လုပ်ကာ ပြောလိုက်သည်။ "ကြောင်တွေက နို့ပဲ သောက်ရမယ်"
မဖြစ်ရဘူး...
အားယောင်က ဒေါသူပုန်ထလာပြီး သဲသဲမဲမဲ စာရိုက်လိုက်သည်။ "ကျွန်မ ကြက်သားပဲ စားချင်တာ"
မော့ကျန်း: "..."
အခုတော့ အဲ့ဒါက ခွေးတစ်ကောင်ဆိုတာ သေချာသွားပြီပဲ...
ဒတ်ဒတ်ဒတ် - ကျွန်မ ကြက်သား စားချင်တယ်လို့...
ဤတစ်ကြိမ် အလှည့်၌ အာမေဋိတ်များပါ သုံးထားသေးသည်။
မော့ကျန်းက အကြိမ်အနည်းငယ်မျှ မျက်တောင်ခတ်လိုက်သည်။
"မင်းဆက်ပြီး အထွန့်တက်နေရင် ကြောင်စာပဲ ကျွေးလိုက်မှာနော်"
...