အပိုင်း ၂၇
Viewers 10k

Chapter 27


သူမသာ အတိတ်က ပျော်ရွှင်ဖွယ် မှတ်ဥာဏ်များအကြောင်း ဆက်ပြောပြလိုက်ပါက ရှန်းကုန်းဇီ အလွန် ဝမ်းနည်းသွားရလောက်သည်။


လီယန်၏ ကောလိပ် အတန်းဖော်နှင့် အခန်းဖော်တစ်ယောက်အနေဖြင့် ချန်းချင်းယန်က သူမနှုတ်မှ ရှန်းယွမ်ဇယ်ဟူသော အမည် ထွက်လာသည်ကို အရင်က အကြိမ်ပေါင်းများစွာ ကြားခဲ့ဖူးသည်။ သို့သော်လည်း သူမကြားခဲ့ရသည့် ပုံစံမျိုးမှာ ထုံးစံအတိုင်းပင် "ယွမ်ဇယ်ကောကော" ဟူ၍ ဖြစ်ပြီး ၎င်းက သူတို့ငယ်စဥ်ကတည်းက လီယန်က ရှန်းယွမ်ဇယ်အပေါ် ခေါ်ခဲ့သည့် အခေါ်အဝေါ်ဖြစ်ကာ ယခုအချိန်ထိပင် မပြောင်းလဲခဲ့ပေ။ 


ထိုသို့ ဖြစ်နေခဲ့သည်ကို ကြည့်၍ လီယန်က တစ်ဘဝလုံးစာအတွက် သူ့ကို "အစ်ကို"ဟုသာ ခေါ်သွားရန် အသင့်ဖြစ်နေသည်မှာ သိသာနေခဲ့သည်။ သို့သော်လည်း ယခုတစ်ကြိမ်၌ ချန်းချင်းယန်က သူမကိုယ်သူမ ထိန်း၍ ထိုအကြောင်းကို မပြောလိုက်တော့။ 


ချန်းချင်းယန်က သမားရိုးကျ စာပေမိန်းကလေး ဖြစ်သည်။ သူမ၏ ဖခင်က စာပေမဂ္ဂဇင်းအယ်ဒီတာ တစ်ယောက်ဖြစ်ကာ မိခင်က အကသမားတစ်ယောက်ဖြစ်သည်။ ချန်ချင်းယန်မှာ ငယ်ရွယ်စဥ်ကတည်းက စာပေနှင့်အနုပညာ ပုံစံများစွာကို ထိတွေ့ခဲ့ရသည်။ သူမ၏ အမည်ကိုပင် "ဝမ်ရှီ"ဟူသော တေးဂီတ စာအုပ်ထဲမှ ယူထားခြင်းဖြစ်သည်။ 


ပါးပါးချန်းက သမီးဖြစ်သူကို နူးညံ့ သိမ်မွေ့ပြီး ကြင်နာတတ်သော အိေန္ဒြရှိ အမျိုးသမီးလေးတစ်ယောက် ဖြစ်လာစေချင်သည်ဟု ပြောခဲ့သည်။ 


သို့သော်လည်း သူ့သမီးက နူးညံ့ပြီး စိတ်ထားမြင့်မြတ်သော လမ်းကြောင်းမှ ပို၍ပို၍ လမ်းလွဲလာပြီး သူမ၏ အမည်ပင် ရှန်ပူတံဆိပ်နှင့် တူလာမည်ဟု ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေ။


(TN: ချင်းယန်က တရုတ်လို Clearလို့ အဓိပ္ပါယ်ရပါတယ် ရှန်ပူတံဆိပ်ပေါ့)


ကံအားလျော်စွာဖြင့် ချန်းချင်းယန်က စာပေနှင့် အနုပညာတို့ကို သင်ယူလာခဲ့သော နှစ်များအား မဖြန်းတီးပစ်ခဲ့ပေ။ မူလတန်း၌ သူမ၏ ပထမတန်းစား စာစီစာကုံးမှာ စင်မြင့်ထက်၌ ခပ်ကျယ်ကျယ် ဖတ်ပြရန် ဆရာများထံမှ ရွေးချယ်ခံခဲ့ရသည်။ အလယ်တန်းကျောင်းတွင် သူမက စိတ်ကူးဥာဏ်ကွန့် စာစီစာကုံး ပြိုင်ပွဲ၌ မတော်တဆ ပထမဆု ရရှိခဲ့သည်။ တက္ကသိုလ်ရောက်သောအခါ သူမက ပုကျန်းကွန်ရက်နှင့် အောင်အောင်မြင်မြင် စာချုပ် ချုပ်နိုင်ခဲ့ပြီး အွန်လိုင်းဝတ္ထု စာရေးဆရာ တစ်ယောက် ဖြစ်လာခဲ့သည်။ 


အင်း... သူမက လုံးဝကို ကိုယ်ကျင့်တရား မြင့်မားတဲ့ လမ်းကြောင်းကနေ သွေဖယ်သွားခဲ့တာပဲ...


စာရေးခြင်းကို ထပ်ပေါင်းရပါလျှင် ချန်းချင်းယန်၌ ဝါသနာတစ်ခု ထပ်ရှိနေပြီး ၎င်းက မော့ကျန်းပင်။ သူမကို မော့ကျန်း၏ ဖန်အကြီးစားဟု ခေါ်ဆိုလျှင်တောင် မော့ကျန်းအပေါ် သူမ၏ ချစ်ခင်လေးစားမှုတို့ကို ဖော်ပြရန် မလုံလောက်ပါချေ။


သူ့အကြောင်း ဖိုရမ်များ၌ စည်းကမ်းထိန်းလုပ်ကာ ရောနှောနေခြင်းဖြင့် ချန်းချင်းယန်က မော့ကျန်းနှင့် ခြေတစ်လှမ်းသာ ကွာဝေးတော့သည်ဟု အမြဲတမ်း ခံစားနေခဲ့ရသည်။ သို့သော်လည်း လတ်တလောတွင် ပြဿနာရှာသူ အချို့ ရှိလာပြီး အထူးသဖြင့် ဆာဒါကိုဟု ခေါ်သောသူပင်။ သူမ (ဆာဒါကို)သာ သူမ ဘယ်သူလဲဆိုတာကို သူမ(ချင်းယန်) ရှာမတွေ့သွားအောင် လုပ်ထားနိုင်ရင် အကောင်းဆုံးပဲ....


"ချင်းယန်... ဘာတွေ စဥ်းစားနေတာလဲ" နွားနို့သောက်နေရင်း အတွေးနက်နေပုံရသည့် သူမ၏ မျက်နှာအမူအယာကို တွေ့သောအခါ ရှန်းယွမ်ဇယ် မနေနိုင်တော့ဘဲ သိလိုစိတ် အပြည့်ဖြင့် မေးမိသွားသည်။


ချန်းချင်းယန်က ခေါင်းကို မော့ကာ သူ့ကို ကြည့်လိုက်သည်။ သူမက နှုတ်ခမ်းကိုကိုက်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်မကို ချင်းယန်လို့ မခေါ်နဲ့"


ရှန်းယွမ်ဇယ်က တစ်ခဏမျှ တလေးတနက် တွေးလိုက်ပြီး စဥ်းစဥ်းစားစားဖြင့် မေးလိုက်သည်။“Rejoiceလား L’Orealလား... ဘယ်ဟာ ရွေးချင်လဲ ”


(Rejoice၊ L’Oreal နဲ့ Haifei Silk က ရှန်ပူတံဆိပ်တွေပဲ...)


Haifei silk ပဲ ရွေးလိုက်မယ်...


"ကျွန်မတွေးနေတာလေ သူ အခုထိ အိပ်နေတာကဆေးရုံက ကုသမှုတွေ လိုနေလို့ မဟုတ်ဘဲ မင်းသားလေးဆီက အနမ်းတစ်ပွင့် လိုနေတာများလားလို့" သူမက ပြောလိုက်သည်။ 


ရှန်းယွမ်ဇယ်: “…”


"ရှန်းကုန်းဇီ... ဒီအခွင့်အရေးကို ထွက်ပြေးမသွားစေနဲ့နော်... တလီနိုးလာရင် သူ့ကို နမ်းခဲ့တဲ့သူက ရှင်ဆိုတာကို လုံးဝ ပြောမပြပါဘူး"


ရှန်းယွမ်ဇယ်က နို့သောက်၍ ပြီးသောအခါ လက်ထဲမှ ဘူးကို ဆုပ်ခြေလိုက်သည်။


 "မင်း ဝတ္တုတွေ ရေးနေတာ အံ့သြစရာ မရှိတော့ဘူး.... မင်းရဲ့ ဦးနှောက်က တကယ် ဖန်တီးဥာဏ်ရှိတာပဲ"


"ကျွန်မ ဦးနှောက်မှာ အပေါက်ရှိနေတာ မဟုတ်ပါဘူးနော်" ချန်းချင်းယန်က သူမ၏ နွားနို့ဘူးကို ကုန်အောင်သောက်လိုက်ပြီး ကုတင်ဘေးမှ ထရပ်လိုက်သည်။


 "ရှန်းကုန်းဇီ... ကျွန်မ အခုသွားတော့မယ်... ရှင်လည်း စောစော ပြန်သင့်တယ်" 


  


ရှန်းယွမ်ဇယ်၏ လက်ထဲမှ ဘူးကို ယူ၍ ချန်းချင်းယန်က လူနာဆောင်တံခါးကို ဖြတ်၍ ထွက်သွားချိန်၌ သူ့ထံမှ အသံထွက်လာသည်ကို ကြားလိုက်ရသည်။ ဘူးအလွတ် နှစ်ဘူးကို အနီးဆုံး အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်ပြီးနောက် ချန်းချင်းယန်က မြို့တော်ဆေးရုံမှ ထွက်မသွားခင်တွင် လူနာဆောင်ကို တစ်ခေါက် ထပ်ကြည့်လိုက်သည်။ 


အိုး အမေရေ... သူမ တကယ်ကြီး ချောင်းကြည့်ချင်လိုက်တာ... သူမ ထွက်သွားရင် ကုန်းဇီများ တလီကို တကယ်ကြီး နမ်းလိုက်လေမလားနော်... 


# အချစ်ဆုံး သူငယ်ချင်းကို ရောင်းစားမယ်_ (: “∠) _ #


ရှန်းယွမ်ဇယ်က ပလေးဘွိုင်းတစ်ယောက်ဟု ထင်ရသော်လည်း သူကြိုက်နေသော မိန်းကလေးတစ်ယောက်ကို ဘယ်တော့မှ အခွင့်အရေး ယူမည့်သူ မဟုတ်ပေ။ ထို့ကြောင့် အဆုံး၌ သူက အိပ်ပျော်နေသော လီယန်ကို အနမ်းမပေးတော့ဘဲ မော့ကျန်းကိုသာ ဖုန်းခေါ်လိုက်သည်။


စားပွဲပေါ်မှ ဖုန်း တုန်ခါလာသည့်အချိန်တွင် မော့ကျန်းမှာ အားယောင်ကို ငါးသေးသေးလေး တစ်ကောင် ကျွေးပြီးစ ဖြစ်နေည်။ ဖုန်းမျက်နှာပြင်ပေါ်မှ ခေါ်ဆိုသူ IDကို ကြည့်၍ မော့ကျန်း ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဆိုဖာတွင် ဝင်ထိုင်လိုက်သည်။ "ပရော်ဖက်ဆာရှန်းပါလား..." 


"ကြောင်လေး အသက်ရှင်ရဲ့လားဆိုတာကို သိချင်လို့လေ... ရှားစောင်းပင်ကိုတောင် သတ်နိုင်တဲ့သူက တိရစ္ဆာန် မွေးနေတယ်ဆိုတော့ လူတွေကို အရမ်းပူပန်အောင် လုပ်နေတာပဲ" 


မော့ကျန်း: “…”


ဒါဆို ဒီလူက သူ့ဝေ့ပေါ်ပိုစ့်နဲ့ ပတ်သက်ပြီး ပူပန်နေတာပေါ့လေ... 


"ပရော်ဖက်ဆာရှန်း မင်းငါ့ကို ကြိုက်မနေဘူးဆိုတာ သေချာရဲ့လား"


"အခုမှ သဘောပေါက်သွားတာလား..


ငါထင်တာ ငါတို့ခြောက်တန်းတက်ကတည်းက မင်းသဘောပေါက်သင့်တာနော်... ပြီးတော့ ငါ့မှာ မင်းအတွက်နဲ့ အထက်တန်း တလျှောက်လုံး မကောင်းတဲ့လူလို ဟန်ဆောင်နေခဲ့ရတာ... မင်း အဲ့ကတည်းက ငါ့ခံစားချက်တွေကို နားလည်သင့်တယ်" 


… … သူပြောနေတဲ့ ပုံစံက... တကယ့်ကို သံသယ ဖြစ်ဖို့ ကောင်းတာပဲ...


"ဘာလို့ ဖုန်းခေါ်တာလဲ"


ရှန်းယွမ်ဇယ်က ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။ ဒီနေ့ ဘာလို့များ လူတိုင်းက သူ့ကို မကျေမနပ် ဖြစ်နေတဲ့ ပုံတွေ ဖြစ်နေရပါလိမ့်.. "မနက်ဖြန် မင်းနဲ့ အတူ စားချင်လို့လေ... အားရဲ့လား"


"ငါ့ကို အပြင်ခေါ်ထုတ်ပြီး ဝန်ခံမလို့လား"


"ဂွတ်ဘိုင်”


ရှန်းယွမ်ဇယ်၏ ဖုန်းကို ချပြီးနောက် မကြာခင်မှာပင် သူ့ဖုန်းမျက်နှာပြင်ထက်၌ စာတိုတစ်ခု ပေါ်လာသည်။ "မနက်ဖြန် ခြောက်နာရီ၊  


Arc de Triomphe က သေချာပေါက် နပိုယီယံ၏ Arc de Triomphe မဟုတ်ခဲ့ဘဲ ၎င်းက ကန်တင်းသေးသေးလေးသာ ဖြစ်ပြီး လွန်ခဲ့သော ဆယ်နှစ်က ၎င်းက အမှန်တကယ်ပင် ကန်တင်းတစ်ခု ဖြစ်ခဲ့သည်။


[ Arc de Triomphe က ပြင်သစ်နိုင်ငံရဲ့ အထိမ်းအမှတ်ကျောက်တိုင်တစ်ခုပါ...  နပိုလီယံI ကနေပြီး Austerlizစစ်ပွဲမှာ ပြင်သစ်ရဲ့ အောင်ပွဲကို အထိမ်းအမှတ်အဖြစ် ဆောက်စေခဲ့ခြင်းဖြစ်ပါတယ်... triumphal arch /အောင်နိုင်ခြင်း အထိမ်းအမှတ် အခုံးပုံစံအဆောက်အအုံလို့လည်း အဓိပ္ပါယ်ရပါတယ်]


ထိုကန်တင်းလေးကို Arc de Triomphe ဟု ခေါ်ရခြင်းမှာ ထိုနှစ်များအတွင်းက ရှန်းယွမ်ဇယ် မော့ကျန်းကို ခေါ်ကာ ကပ်ရက် အထက်တန်းကျောင်းမှ လူဆိုးကောင်တစ်ကောင်နှင့် ချခဲ့ကြပြီးနောက် ထိုနေရာလေးက သူတို့အတွက် ရေခဲချောင်းနှစ်ချောင်း ဝယ်စားခဲ့သော နေရာ ဖြစ်၍ပင်။


အချိန်က လျင်မြန်စွာ ကုန်ဆုံးလာခဲ့ပြီး ယခုတွင်မူ ထိုကန်တင်းငယ်လေးက ထပ်မံ မရပ်တည်နိုင်တော့။ မော့ကျန်းနှင့် ရှန်းယွမ်ဇယ်တို့၏ မိခင်ကျောင်းကလည်း အခြားသော ပတ်ဝန်းကျင်တစ်ခုထံ ပြောင်းရွှေ့သွားခဲ့သည်။ ထိုမြေနေရာ အပိုင်းလေးကို နောက်ပိုင်းတွင် သူဌေးကြီးတစ်ယောက်ထံ ရောင်းချခဲ့ပြီး အဆင့်မြင့် တရုတ်စားသောက်တိုင်တစ်ခုအဖြစ် ပြန်လည်ပြင်ဆင်ခဲ့သည်။ သို့သော်လည်း အထက်တန်းကျောင်းနှင့် နှစ်ပေါင်းများစွာ ကပ်တွယ်ထားခဲ့သော ကန်တင်းလေး၏ ကံကြမ္မာသည်ကား.... ယခုအချိန်မှာ သန့်စင်ခန်း ဖြစ်သွားလေပြီလား.. 


ငါးဆယ့်ငါး မိနစ်အကြာ မော့ကျန်း Arc de Triomphe အတွင်းသို့ လျှောက်ဝင်သွားသောအခါ ဝင်ပေါက်တွင် ရပ်နေသည့် လှပသော ဧည့်ကြိုမိန်းကလေးက သူဝင်လာသည်ကို တွေ့သောအခါ ချက်ချင်း ဝင်းလက်သွားလေသည်။ မော့ကျန်းက သူမကို ယဥ်ယဥ်ကျေးကျေး နှုတ်ဆက်လိုက်ပြီး သူမ၏ နှလုံးသားထဲတွင် အလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း သူမ၏ မျက်နှာအမူအယာက မပြောင်းလဲသွားပေ။ ပထမဆုံး အကြောင်းပြချက်မှာ သူမ၏ စိတ်လှုပ်ရှားမှုများကို ပြမိပါက ကိုယ့်အထုတ်ကိုသာ ဆွဲ၍ ပစ်ထုတ်ခံရပြီး အလုပ်ထုတ်ခံရမည်ကြောင့်ပင်။ ဒုတိယ အချက်မှာ စားသောက်ဆိုင်သို့ လာရောက်ကြသည့် နာမည်ကျော်များစွာ ရှိသဖြင့် သူတို့ကို ရံဖန်ရံခါ မြင်နေကျဖြစ်၍ ကျင့်သားရနေပြီ ဖြစ်သောကြောင့်ပင်။


“မစ္စတာမော့... မစ္စတာရှန်းက ရောက်နှင့်နေပါပြီ... သူ ရှင့်ကို ကိုးထပ်မြောက်က Golden Summit Roomထဲမှာ စောင့်နေပါတယ်" မိန်းကလေးယင်းက တောက်တောက်ပပ တီဗီတွင်ပင် သတင်းတင်ဆက်နိုင်သည့် အသံချိုချိုလေးဖြင့် ဆိုလာသည်။


မော့ကျန်းက အညိုရောင် နေကာမျက်မှန်ကို ချွတ်လိုက်ပြီး သူမကို လက်ခံသည့်ဟန် ခေါင်းငြိမ့်ပြလိုက်သည်။ မိန်းကလေးယင်း၏ မျက်လုံးများမှာ ပို၍ပင် ဝင်းလက်သွားပြီး သူမမျက်နှာပေါ်မှ အပြုံးသည်လည်း ပို၍ တောက်ပလာခဲ့သည်။ ဓါတ်လှေကားက မော့ကျန်းရှိနေသည့် အထပ်သို့ရောက်လာသောအခါ မော့ကျန်းကဝင်သွားပြီး ကိုးထပ်မြောက်သို့ နှိပ်လိုက်သည်နှင့် ဧည့်ကြို မိန်းမလှလေးကလည်း ယဥ်ယဥ်ကျေးကျေး ပြန်ထွက်သွားသည်။ 


ထိုစားသောက်ဆိုင်၏ ခုနစ်ထပ်မြောက်က VIPအခန်းများ ဖြစ်ကြပြီး မော့ကျန်း ကိုးထပ်မြောက်သို့ရောက်သောအခါ ဧည့်ကြို မိန်းကလေး အသစ်တစ်ယောက်က ရောက်လာပြီး သူ့ကို ကူညီ၍ လမ်းပြပေးလာခဲ့သည်။


Golden Summit Roomက ကော်ရစ်ဒါ အဆုံးတွင် တည်ရှိပြီး မော့ကျန်း တံခါးကို ဖွင့်လိုက်သည်နှင့် သူမြင်တွေ့ရသော ပထမဆုံး ပုံရိပ်မှာ ကျောမှီကာ ဖုန်းကို သဲကြီးမဲကြီး ကစားနေသည့် ရှန်းယွမ်ဇယ် ဖြစ်နေသည်။ မော့ကျန်း၏ နှုတ်ခမ်းထောင့်လေးများ တွန့်ကွေးသွားကာ အခန်း၏ ဆန့်ကျင်ဘက်နေရာကို သွား၍ ထိုင်ချလိုက်သည်။ 


"ပရော်ဖက်ဆာရှန်း ငါဒီနေ့ ဝေ့ပေါ်မှာ ပိုစ့် မတင်ရသေးဘူး" 


ရှန်းယွမ်ဇယ်က ခေါင်းမော့ကာ မော့ကျန်းကို ကြည့်လာပြီးနောက် ပြုံးပြလိုက်သည်။ "သတင်းကောင်းပဲ... နောက်ဆုံးတော့ ငါ ဝေ့ပေါ်ကို ဘေးကင်းကင်း ကျော်ဖြတ်နိုင်သွားပြီပေါ့လေ"။


မော့ကျန်း: “…”


ဒါဆို... အဲ့အကြောင်းနဲ့ ပတ်သက်ပြီး ငါ့ကို လာမနှောက်ယှက်လို့ရမလား...


ရှန်းယွမ်ဇယ်က ပြုံးကာ သူ့ဖုန်းကို ဆွဲကြည့်လိုက်သည်နှင့် ဝေ့ပေါ်ပိုစ့်အချို့က ဖုန်းမျက်နှာပြင်တွင် ပေါ်ပေါက်လာခဲ့သည်။ "ဧကရာဇ်မော့... လီမွန်ပြုတ် ဆိုတဲ့ နာမည်နဲ့ လူတစ်ယောက်ကို သိလား"


“သံပရိုသီးပြုတ်လား" မော့ကျန်းက တစ်ခဏမျှ ခပ်ဖြည်းဖြည်း တွေးနေခဲ့သည်။ "အဲ့တာက အွန်လိုင်း ဝတ္ထု စာရေးဆရာ မဟုတ်ဘူးလား"


“မင်း သူ့ကို သိတယ်ပေါ့" ရှန်းယွမ်ဇယ်က သူ့ဝေ့ပေါ်မှ ထွက်လိုက်ပြီး မော့ကျန်းကို စိတ်ဝင်စားမှုအပြည့်ဖြင့် ကြည့်လိုက်သည်။ "သူ့ဝတ္ထုတွေ ဖတ်ပြီးသွားပြီလား"


မော့ကျန်းက နှာမှုတ်၍ ပြန်ဖြေလေသည်။ "ငါ့အစ်မရဲ့ စာအုပ်စင်မှာ သူ့စာအုပ်တွေ အများကြီးပဲ... ပရော်ဖက်ဆာကလည်း သူ့ဖန်တော့ မဖြစ်နိုင်လောက်ပါဘူး" 


"မဟုတ်ပါဘူး.. သူက လီယန်ရဲ့ သူငယ်ချင်းလေ... ငါသူ့ကို ဆေးရုံမှာ ခဏခဏ တွေ့ရတယ်"


 ရှန်းယွမ်ဇယ်က ဖုန်း၏ ဘေးဘက်မှ ခလုတ်ကို နှိပ်ရင်းဖြင့် ပြောလိုက်ပြီး ၎င်းကို အိတ်ထဲပြန်ထည့်လိုက်သည်။ 


"သူ့ဝေ့ပေါ်က အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်.. မင်းမှာ အချိန်ရှိရင် ရှာကြည့်လိုက်"


မော့ကျန်းက မျက်ခုံးပင့်မိသွားသည်။ ရှန်းယွမ်ဇယ်က ထိုမိန်းကလေးလီ၏ တည်ရှိမှုကို အမြဲတမ်းပင် ဂရုတစိုက် ကွယ်ဝှက်ထားခဲ့သည်။ သို့သော်လည်း ယခုတွင်မူ သူမနာမည်တစ်ခုလုံးကို အမှန်တကယ် ထုတ်ပြောလာသည်အထိ အလွန် ရက်ရောနေသည်လား...


“ယွမ်ဇယ်... မင်း ချစ်မိမသွားသေးဘူးမလား" ပြီးတော့ ထိုချစ်ခြင်းကို ရည်ညွှန်းလိုက်သည်မှာ သံပရိုသီးပြုတ်ကိုပင်။


ရှန်းယွမ်ဇယ်က သူ့နှုတ်ခမ်းကို ဖွင်ဟတော့မည် အပြုတွင် သူ မည်သည်ကိုမှ မပြောရသေးခင်မှာပင် ညင်သာသောအခန်းတံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။


“ဝင်လာပါ” ရှန်းယွမ်ဇယ် ခေါ်လိုက်သည်နှင့် ချီဖောင်ဝတ်ထားသော စားပွဲထိုးတစ်ယောက်က တံခါးကို သိမ်သိမ်မွေ့မွေ့ တွန်းဖွင့်လာခဲ့သည်


 "ခွင့်ပြုပါ.. ဧည့်သည်တို့ တည်ခင်းဖို့ အဆင်သင့်ဖြစ်ပြီလားရှင့်"


ရှန်းယွမ်ဇယ် ခေါင်းငြိမ့်ပြလိုက်ပြီးနောက် တံခါးဝရှိ စားပွဲထိုးက အပြင်ဘက်မှ လူများကို စကားအချို့ ခပ်တိုးတိုး ပြောလိုက်သည်နှင့် မကြာမီမှာပင် စားပွဲထိုး နှစ်ယောက်ကအစားအစာအပြည့် တင်ထားသော လင်ပန်းတစ်ခုကို သယ်လာပေးခဲ့သည်။ သူတို့အားလုံးက ချီဖောင်များ ဝတ်ထားပြီး မော့ကျန်း၏ ဘေးသို့ တဖြည်းဖြည်း လျှောက်ဝင်လာပြီး ရပ်လိုက်ကာ သူတို့အတွက် ဆက်လက် တည်ခင်းပေးနေခဲ့သည်။


Xxxx