အပိုင်း ၂၈
Viewers 10k

Chapter 28


အက်ကွဲခြင်း


ရှန်းယွမ်ဇယ်က စကားတစ်ခွန်းမှ မပြောဘဲ ပြုံးပြလိုက်ပြီး မော့ကျန်းက သူ့ရှေ့မှ ဟင်းပွဲများကို သေသေချာချာ လိုက်ကြည့်နေခဲ့သည်။


ထိုတရုတ် စားသောက်ဆိုင်မှ ဟင်းပွဲများမှာ နာမည်ကျော်ကြားလှပြီး ဟင်းပွဲတစ်ခုချင်းစီ၏ ပမာဏက အလွန် သေးငယ်သော်လည်း သူတို့အားလုံးက နာမည်ကျော် အနုပညာလက်ရာ အစိတ်အပိုင်းများနှယ်ပင်။ လောလောဆယ် အချိန်က ညစာစားချိန်တစ်ဝိုက် ဖြစ်နေသော်လည်း ဟင်းပွဲများကို ခပ်မြန်မြန်သာ ချက်ပြီး တည်ခင်းလာသည်။ ရှန်းယွမ်ဇယ်က ၎င်းတို့ကို မော့ကျန်း မရောက်ခင် အချိန်ကတည်းက ကြိုမှာထားခဲ့ခြင်း ဖြစ်ပုံပင်။ သူ ထိုအကြောင်းကို သဘောပေါက်သွားသောအခါ မျက်ခုံးပင့်၍ ရှန်းယွမ်ဇယ်ကို တစ်ချက်ကြည့်လိုက်ပြီး ဆိုလာခဲ့သည်။


 "ဒါက မင်း အမေရိကမှာနေတုန်းက ကောင်မလေးတွေကို လိုက်တဲ့ နည်းလမ်းပေါ့လေ"


(TN: မော့ကျန်းပြောချင်တာက ရှန်းယွမ်ဇယ်က သူ့အကြိုက်ကို ကောင်းကောင်းသိပြီး သူ့အတွက် ကြိုမှာပေးထားပြီးတော့ အစားအသောက် အကုန်လုံးကို သူ့ကိုပဲစားခိုင်းတာကို ရည်ညွှန်းနေတာပါ)


ရှန်းယွမ်ဇယ်က မျက်တောင်ခတ်ကာ တစ်ဝက်တပျက် အမှန်အကန် ပြောနေပုံဖြင့် ပြောလာသည်။ "ငါ မင်းကို လိုက်ရင် လက်ခံမှာလား"


ဟင်းပွဲများ သယ်နေသည့် စားပွဲထိုး နှစ်ယောက်၏ လက်များ တန့်သွားလေသည်။သူတို့... သူတို့ မကြားသင့်လောက်တဲ့ ကိစ္စတွေ ကြားမိသွားပြီလား...


ယခုလေးတင် ကြားခဲ့ရသည့် အမေးစကားတို့ကို လျစ်လျူရှူ၌ တည်ခင်းနေသည့် စားပွဲထိုးနှစ်ယောက်၏ အရှိန်မှာ သိသိသာသာ တိုးလာခဲ့သည်။ မကြာမီပင် စားပွဲပေါ်တွင် တည်ခင်းထားသော စုစုပေါင်း ဟင်းပွဲခုနှစ်ပွဲအတူ အခန်းထဲ၌ မော့ကျန်းနှင့် ရှန်းယွမ်ဇယ်သာ ကျန်ရစ်ခဲ့ပြီး စားပွဲထိုးနှစ်ယောက်မှာ သူတို့၏ အလုပ်ပြီးသည်နှင့် မြန်နိုင်သမျှ မြန်မြန် ထွက်သွားကြတော့သည်။ 


“လူကြီးမင်းရှန်း... ရှင်မှာထားတဲ့ဟင်းပွဲအားလုံးကို တည်ခင်းပြီးသွားပါပြီ... နှစ်ယောက်သား.. ဖြည်းဖြည်း သုံးဆောင်ကြပါ"


 စားပွဲထိုးခေါင်းဆောင်က ဝင်ပေါက်မှ ဧည့်ကြို၏ စကားလုံးများကို ဝင်မနှောက်ယှက်ခဲ့ပေ။ စားပွဲထိုးနှစ်ယောက်က မော့ကျန်းနှင့် ရှန်းယွမ်ဇယ်တို့ကို လေးလေးစားစား ဦးညွှတ်ပြီးနောက် အခန်းထဲမှ တိတ်တဆိတ် ထွက်သွားတော့သည်။


တံခါးပိတ်ပြီးနောက် သူတို့က ဝေးဝေး မသွားကြဘဲ တံခါးဘေးတွင် ရပ်နေကာ အချိန်မရွေး ခေါ်လာနိုင်ရန် အဆင်သင့်လုပ်ထားကြသည်။ သို့သော်လည်း အဓိက အကြောင်းပြချက်မှာ ၎င်းကပင် အခန်းထဲမှ စကားပြောသံကို ခိုးနားထောင်န်ုင်မည့် အလွယ်ကူဆုံးနည်းဖြစ်သောကြောင့်ပင်။


ထိုနေရာမှ မော့ကျန်း၏ အကြိုက်ဆုံးဟင်းပွဲမှာ ငါးကြော်ဖြစ်သည်။ ၎င်းက အလွန် ကြွပ်ဆတ်ကာ စားကောင်းလှ၍ သူ ထိုနေရာသို့ လာသည့်အချိန်တိုင်း ဟင်းပွဲကို ကိုက်လိုက်သည့်အချိန်တိုင်း၌ ကြွပ်ဆတ်မှုကို ခံစားရသည်။ ငါးကြော်တစ်ပိုင်းကို သူ့ပန်းကန်ထဲထည့်ကာ ရှန်းယွမ်ဇယ်ကို မေးလိုက်သည်။ "ဒီဟင်းကို ထပ်မှာလို့ ရမလား"


မော့ကျန်းကို ကြည့်ရင်းဖြင့် ရှန်းယွမ်ဇယ်က မနေနိုင်ဘဲ ပြန်ဖြေလာခဲ့သည်။ "မော့ကျန်း... မင်းက ကလေးတွေ အကြိုက်ဆုံး အစားအစာတွေကို စားရတာ ကြိုက်နေတုန်းပဲလား" 


မော့ကျန်းက သူ့ကို တစ်ခဏမျှ ကြည့်လိုက်ကာ သူ့ကိုယ်သူ ပြန်ချေပလာခဲ့သည်။


 "ငါ့အိမ်က ကြောင်လေးအတွက် ယူသွားပေးမလို့"


ရှန်းယွမ်ဇယ်က အလွန်အမင်း အံ့အားသင့်မှုတို့ကြောင့် မျက်တောင်ခတ်လိုက်ပြီး ရွှင်မြူးနေသော လေသံဖြင့် ပြောလာခဲ့သည်။


 "မင်း ဘယ်တုန်းက အရမ်း ချစ်တတ်သွားတာလဲ" လွန်ခဲ့သော အချိန်များကတည်းက မော့ကျန်းမှာ ဒုက္ခများသော အလုပ်များကို မုန်းတီးလှပြီး ကြောင်လေးတစ်ကောင်ကို မွေးရန် နေနေသာသာ ပန်းများနှင့် အပင်များ စိုက်လျှင်ပင် သူတို့ကို ရေလောင်းပေးရန် ပျင်းရိလွန်းလှသည်။ 


မော့ကျန်းက ပါးစပ်ထဲသို့ ငါးကြော်တစ်ကိုက် သွပ်ကာ သူ့ကို လှောင်ပြောင်နေသည်အား လျစ်လျူရှုထားသည်။ ရှန်းယွမ်ဇယ်က သူ့ကို မေးခွန်း ထပ်ထုတ် မနေတော့ဘဲ 'မော့ကျန်းရဲ့ မူမမှန် ဖြစ်နေတဲ့ပုံက အရမ်း စိတ်ဝင်စားဖို့ကောင်းတာပဲ' ဟု တွေးနေရင်းဖြင့် ငါးအကြွပ်ကြော်တစ်ပွဲကို ထပ်မှာပေးလိုက်သည်။


သူ ဗိုက်တစ်ဝက်မျှ ပြည့်သွားသည်အထိ စားသောက်လိုက်ပြီးနောက် မော့ကျန်းက သူတို့ပြောစရာ အရေးအကြောင်းများ ရှိနေသေးသည်ဟု ခံစားလိုက်ရသည်။


“ယွမ်ဇယ်... ဒီနေ့ ငါ့ကို လာရှာတာ ဘာကိစ္စလဲ"


ရှန်းယွမ်ဇယ်က လှုပ်ရှားနေသော သူ့တူများကို ရပ်ကာ သူ့စိတ်ထဲတွင် တစ်ခုခု ရှိနေသည်ကို မော့ကျန်းသိနေသည့်အတွက် အံ့သြမသွားခဲ့ပေ။ မူလတန်းကျောင်းမှ ယခုအထိ သူတို့အကြားတွင် ဖွင့်ပြောရန် မလိုသော သိမ်မွေ့နူးညံ့လှသည့် အပြန်အလှန် နားလည်မှုက အချိန်အကြာကြီး တည်ရှိနေခဲ့ပြီး သူတို့နှစ်ပေါင်းများစွာ ကွဲကွာ နေခဲ့လျှင်တောင် ထို အပြန်အလှန် နားလည်မှုက ပြောင်းလဲမသွားခဲ့ပေ။


ရှန်းယွမ်ဇယ်က လက်သုတ်ပဝါကို ယူကာ ပါးစပ်သုတ်လိုက်သည်။ စကားပြောလာသည့် သူ့အသံက အလွန်လေးနက်နေခဲ့လေသည်။


 "မော့ကျန်း... ငါ အမေရိကကို ခရီးတစ်ခု သွားဖို့ စီစဥ်ထားတယ်"


မော့ကျန်းက တစ်ခဏမျှ အနည်းငယ် အံ့အားသင့်သွားသည်။ "ဒါဆို လီမိသားစုက ကောင်မလေး ကရော"


“အင်း” ယွမ်ဇယ်က ခေါင်းငြိမ့်ပြကာ စပြောလာသည်၊


 "ငါ အမေရိကက သူငယ်ချင်းအချို့နဲ့ ဆက်သွယ်ထားပြီးပြီ... ပြီးတော့ သူတို့မှာ လီယန်ကို ကုသဖို့ နည်းလမ်းတစ်ခု ရှိနိုင်တယ်"


မော့ကျန်းက မျက်မှောင် အနည်းငယ်ကြုံ့ကာ ကြည့်လိုက်သည်။ သူက ကိစ္စအများကြီးကို တွေးတောနေခဲ့သော်လည်း အဆုံးတွင် ထောက်ခံသည့် အသံတစ်ခုသာ လုပ်ခဲ့နိုင်သည်။


သူတို့က ခုနစ်နာရီ တိုင်အောင် ဆက်လက် စားသောက်နေခဲ့ကြသည်။ မော့ကျန်းက အထူးတလှယ် မှာယူထားသော ငါးအကြွပ်ကြော်ဘူးကို စောင့်ကာ လက်ခံယူနေချိန်တွင် ရှန်းယွမ်ဇယ်က ဓါတ်လှေကားဆီ လျှောက်သွားနေသည်။


ဓါတ်လှေကား တံခါး ပွင့်လာချိန်၌ မတ်တပ်ရပ်ကာ တီးတိုး စကားပြောနေကြသည့် မိန်းမငယ်လေး နှစ်ယောက် ရှိနေခဲ့သည်။ မော့ကျန်းကို တွေ့လိုက်ရပြီးနောက် နှစ်ယောက်သားမှာ တစ်ခဏမျှ ကြက်သေသေသွားကြပြီးနောက် အချင်းချင်း တလေးတစား ခေါင်းငြိမ့်ပြလိုက်သည်။


လူအများ မော့ကျန်းဆီသို့ လာတတ်ကြသည့် အချိန်တိုင်း ထိုမြင်ကွင်းကို ကျင့်သားရနေသည့် ရှန်းယွမ်ဇယ်မှာ တည်တည်ငြိမ်ငြိမ်ပင် ဓါတ်လှေကားထဲသို့ ခြေချလိုက်သည်။ မော့ကျန်းက သူ့ဘေးမှ လိုက်ဝင်လာပြီး ဓါတ်လှေကားတံခါး ပိတ်ရန် ခလုတ်ကို ချောချောမွေ့မွေ့ နှိပ်လိုက်လေသည်။


ဓါတ်လှေကားက တစ်ခဏမျှ တိတ်ဆိတ်နေခဲ့ပြီးနောက်တွင် မိန်းကလေး နှစ်ယောက်က ခုနလေးတင်က စကားစပြတ်သွားခဲ့သော အကြောင်းအရာကို ဆက်ပြောနေခဲ့ကြသည်။ သူတို့က နူးနူးညံ့ညံ့ ပြောနေကြသော်လည်း ထိုအလုံပိတ်အခန်းလေးထဲတွင် သူတို့ ပြောနေသောစကားများကို ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။


“မနေ့ညက ထပ်ကြားခဲ့ရပြန်ပြီ... ငါ တကယ် ကြောက်သွားခဲ့တာ" မိန်းကလေးက အသံကို နှိမ့်၍ ပြောလိုက်သည်။ "ဂီတရေပန်းနား လမ်းလျှောက်နေတုန်းကလေ... ဗီးနပ်က စကားပြောနေတာကို ကြားနေတယ်လို့တောင် ထင်သွားခဲ့တာ"


(TN: ဂီတရေပန်းပေါ်က ဗီးနပ်ရုပ်ထုပါ... ရောမ ဒဏ္ဍာရီထဲက အချစ်နတ်ဘုရားမပါ)


မော့ကျန်း၏ မျက်ခုံးများ လှုပ်ရှားသွားပြီး ထိုနှစ်ယောက် စကားများကို တိတ်တဆိတ် နားထောင်နေလ်ုက်သည်။


“နင်တို့ရဲ့ ဗီလာ ပတ်ဝန်းကျင်က တကယ် ဝေးတယ်လို့ ငါ့ညီမပြောတာကြားဖူးတယ်... သူဆို ညမှောင်ရင် အိမ်ကို ကားမောင်းပြီး မပြန်ရဲဘူးတဲ့" အခြား မိန်းကလေးတစ်ယောက်၏ အသံက သူမ၏ သူငယ်ချင်း ဖြစ်သူထက်ပင် ပို၍ ထိတ်လန့်ဖွယ် ဖြစ်နေသည်။ သူမ၏ ပတ်ပတ်လည်မှ လေထုက အလွန်တင်းကြပ်ပြီး စိတ်ဖိစီးဖွယ်ပင်။


 "ပြီးတော့လည်း သူပြောတာ ကြားခဲ့သေးတယ်.. ခုတလော အိမ်နီးနားချင်း ကြောင်တွေ အများကြီး ပျောက်ပျောက်နေတာတဲ့... သူ့ကြောင် နှင်းလုံးလေး ရက်အကြာကြီး မတွေ့ရလို့ ရဲစခန်းကပြောတာကတော့ အနီးအနားက ရက်စက်တဲ့ ကြောင်ဂိုဏ်းတွေကြောင့် ဖြစ်မယ်လို့ ပြောပေမယ့်လည်း ငါ့ညီမပြောတာတော့ အဲ့ဒါ သရဲတဲ့" 


“မပြောနဲ့တော့... ငါကြက်သီးတွေ ထလာပြီ" ဓါတ်လှေကား ပွင့်သွားသဖြင့် မိန်းကလေး၏ အသံသည်လည်း တိုးဖျသွားသည်။ လူကြီးလူကောင်းဆန်သော စိတ်နှလုံး ရှိသည့် ရှန်းယွမ်ယ်နှင့် မော့ကျန်းက တစ်ချိန်တည်းမှာပင် ဘေးကို ရွှေ့ပေးလိုက်သဖြင့် မိန်းကလေး နှစ်ယောက်သားက အရင်ထွက်သွားကြသည်။


မိန်းကလေးနှစ်ယောက်က ပြုံးကာ ကျေးဇူးတင်စကား ပြောလာကြသည်။ သူတို့ထွက်သွားပြီးသည်နှင့် မော့ကျန်းက ဓါတ်လှေကားထဲမှ ထွက်ရန် သူ့ခြေထောက်ကို မလိုက်သည်ကို တွေ့လိုက်ရသည်။


“ဗီးနပ် ရုပ်တုနဲ့ ဂီတရေပန်းရှိတဲ့ ဗီလာက မင်းနေတဲ့ နေရာ မဟုတ်ဘူးလား" 


ယွမ်ဇယ်က ကားပါကင်သို့ သွားနေသည့်လမ်း၌ မိန်းကလေး နှစ်ယောက်က အခြားတစ်ဘက်သို့ ထွက်သွားနေသည်ကို ကြည့်ကာ မေးလိုက်သည်။


“အင်း” မော့ကျန်း၏ မျက်နှာက ကြည့်ကောင်းမနေပေ။ အားယောင် သူ့အိမ်ထဲ ဝင်လာကတည်းက အမြဲတမ်းလိုလိုပင် သူ အချိန်ကိုက် မမှောင်မီ အိမ်ပြန်ရောက်နေကျဖြစ်သည်။ အိမ်ပတ်ဝန်းကျင်၌ ပျံသန်းနေမည့် သရဲများ ရှိနေသည်ကို သူသိရန် နည်းလမ်း မရှိပါချေ။ အင်း... သူ့မိသားစုက တစ်ကောင်ကို ထည့်မတွက်ရင်ပေါ့... သို့သော်လည်း သူအစိုးရိမ်ရဆုံး အကြောင်းအရာမှာ ရဲများ ပြောသည့် ကြောင်ဂိုဏ်း အုပ်စု ဖြစ်သည်။


“ယွမ်ဇယ်... ငါအိမ်ပြန်မှ ဖြစ်မယ်"


မော့ကျန်းက လမ်းလျှောက်သည့် အရှိန်ကို မြှင့် လိုက်သည်။ ယွမ်ဇယ်သည်လည်း သူ့ကို တားကာ သူနှင့်အတူ သွားကြည့်မည်ဟု ပြောရန် လှုပ်ရှားလိုက်စဥ်မှာပင် ဖုန်းမြည်လာသည်။


ထိုခေါ်ဆိုမှုက ချန်းချင်းယန်ထံမှ ဖြစ်သည်။ သူမက သူမ၏ အားလပ်ချိန်၌ သူ့ကို အပျော်ခေါ်လိမ့်မည် မဟုတ်ဘဲ သူမ သူ့ကို ဖုန်းခေါ်လာပါက လီယန့်ထံတွင် ကိစ္စကြီး တစ်ခုခု ဖြစ်ပွားနေ၍သာ သေချာပေါက် ဖြစ်နိုင်သည်။ မော့ကျန်းနောက် အမှီလိုက်ရန်ပြင်နေသည့် သူ့ခြေလှမ်းများကို နှေးချကာ ရှန်းယွမ်ဇယ်က ကော်ရစ်ဒါတွတွင် ရပ်၍ ဖုန်းကိုင်လိုက်သည်။ "ဘာဖြစ်လို့လဲ"


“ရှန်းယွမ်ဇယ်... ဆရာဝန်ပြောတာ.. အခြေအနေတွေက အလျင်လိုနေတယ်တဲ့.. ကျွန်မလည်း အသေးစိတ် မသိဘူး... ပြောရရင် ရှင် ဆေးရုံကို မြန်မြန် လာခဲ့မှ ဖြစ်မယ်"


ချန်းချင်းယန်က စကားကို မြန်မြန် ပြောနေကာ သူမ၏ အသံက အလွန်အမင်း သောကရောက်နေဟန်တူသည်။ ယွမ်ဇယ်က မျက်မှောင်ကြုတ်၍ ဖုန်းထဲမှ လူကို ပြောလိုက်သည်။ "ငါလာပြီ"


ယွမ်ဇယ်က ဖုန်းကို ချကာ ကော်ရစ်ဒါဘက်ကို ကြည့်လိုက်သည်။ မော့ကျန်းမှာ အစအနပင် မကျန် ပျောက်သွားပြီ ဖြစ်သည်။


မော့ကျန်းက ကားထုတ်ကာ ဗီလာဧရိယာထဲသို့ တည့်တည့် မောင်းသွားပြီး နာရီဝက်ကြာပြီးနောက် လန့်ရိုဗာကို ကားဂိုထောင်အတွင်း ထိုးထားလိုက်သည်။ ပုံမှန်အားဖြင့် သူပြန်လာသည်နှင့် မော့ကျန်းမှာ အားယောင် သူ့ကို ကြိုဆိုရန်အတွက် ပျော်ရွှင်စွာ ခုန်ပေါက်နေသည်ကိုသာ အမြဲတွေ့ရလေ့ ရှိသော်လည်း ယနေ့တွင်မူ တံခါးဖွင့်လိုက်ပြီးနောက် ကြောင်လေး၏ ဝမ်းသာအားရဖြစ်နေသော ပုံရိပ်လေးကို မတွေ့ရပေ။


မော့ကျန်း မတတ်နိုင်ဘဲ မျက်ခုံးများ စုကြုတ်မိသွားကာ ဖိနပ်များပင် မလဲနိုင်တော့ဘဲ အိမ်တစ်ဝိုက်တွင် အားယောာင်ကို လိုက်ရှာနေခဲ့သည်။ သူမ နေရာပူဆာလှုံရင်း လဲလျောင်းလေ့ ရှိသော နေရာလေးမှာလည်း လွတ်နေကာ ကွန်ပျုတာသည်ပင် မော့ကျန်းထားခဲ့သည့်အတိုင်း ဖြစ်နေသည်။


မော့ကျန်း မီးဖိုချောင်ကို သွားကာ ရေခဲသေတ္တာဖွင့်၍ အထဲကို ခေါ်လိုက်သည်။ "အားယောင်"


ပြန်ဖြေသံ မရှိခဲ့။ ကြည့်ရသည်မှာ ထိုအကောင်လေးက ရေခဲသေတ္တာထဲ ဝင်ပြေးရန်အထိ တုံးဟန်မတူ။


ဒါဆို သူမ ဘယ်သွားနေတာလဲ...


ဓါတ်လှေကားထဲမှ မိန်းကလေးနှစ်ယောက်၏ ပြောစကားတို့က သူ့နားထဲတွင် ပဲ့တင်ထပ်နေပြီး အနီးအနားမှ လာသည့် မကောင်းသည့် ခံစားချက်တစ်ခုပင် သူခံစားနေရလေသည်။ 


ကန်စီနီ ဗီလာ၏ သူဌေးက မကြာသေးမီကမှ ပြည်တော်ပြန်လာသည့် ပြည်ပတရုတ်လူမျိုး ဖြစ်သည်။ သူ၏ အနည်းငယ်ဝဲသော်လည်း ကြွယ်လှသည့် မန်ဒရင်းစကားပြောသည့်စတိုင်ကို အမှီပြုကာ သူ၏ ကြွယ်ဝချမ်းသာမှုများနှင့် များစွာသော ကျယ်ပြောလှသည့် မြေပရောဂျက်များဖြင့် Aမြို့ စတော့စျေးကွက်ကို ကြက်သေသေသွားစေခဲ့သည်။ သူ ဖန်တီးထားသော ဗီလာများမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။ 


[ကန်စီနီဗီလာက မြင်ကွင်းအားဖြင့် မိုးထိမြင့်သော တောင်တန်းများနှင့် တည်ငြိမ်နေသော ရေတို့အကြားရှိပြီး ယာဥ်ပိတ်ဆို့မှုလည်း နည်းပါးပါတယ်... စိမ်ပြေနပြေ အနားယူပြီး မျက်စိဖမ်းစားဖွယ် အရောင်အသွေးစုံတဲ့ မြင်ကွင်းတွေကို နှစ်ခြိုက်လိုက်ပါ]


၎င်းက ကန်စီနီယာဗီလာအိမ်ယာ၏ အဖွင့် ကြော်ငြာဆောင်ပုဒ်ပင်။ ၎င်းကို ဘောစ့်ကိုတိုင် ဆောင်ရွက်ထားခြင်းဖြစ်သည်ဟု ပြောကြသည်။ ထိုဆောင်ပုဒ် ကိုယ်တိုင်ကပင် ဘောစ့်၏ တရုတ် ဝေါဟာရများက အတွေးအခေါ်ကောင်းပြီး ကြွယ်ဝပုံကို တွေ့မြင်နိုင်ပေသည်။ 


 သို့သော်လည်း သူက ကန်စီနီ ဗီလာ၏ ဆွဲဆောင်မှု အရှိဆုံးနှင့် အဓိကအကျဆုံး အသွင်အပြင်များကို သေချာ ထည့်ပေါင်းပြောမထားခဲ့ပေ။ တောင်တန်းမြင်ကွင်းများအနေဖြင့် ၎င်းဘေးမှ လွင်တီးခေါင်တောင်ကုန်းလေးတစ်ခုသာ ရှိပြီး ရေကန်အတွက်ကား လှပသော ဂီတရေပန်းတစ်ခုတည်ဆောက်ရန်အတွက် ဒေါ်လာထောင်ချီ သုံးစွဲခဲ့သည်ဟု ကြားသိခဲ့ရသည်။ ယာဥ်ကြောပိတ်ဆို့မှုအတွက်မူ ဗီလာအချို့၌ နေထိုင်ကြသူများမှာ ထိုမျှလောက်သောကားများ ရှိကြမည်မဟုတ်။ မျက်စိဖမ်းစားဖွယ်အတွက်ကား ရေပန်း၏ အလယ်၌ ဗီးနပ်ရုပ်တုတစ်ခု ထားရှိပေမည်။


ကန်စီနီ ဗီလာ၏ ဒီဇိုင်းမှ တည်ဆောက်မှု အထိ စုပေါင်းနေထိုင်မှု ရှုထောင့်များ ရှိနေသည်။ မင်းကတော့ ဘောင်ခတ်ခံရပြီ... 


 


မော့ကျန်း ဤနေရာ၌ အိမ်တစ်လုံး ဝယ်ခဲ့ရသည့် အကြောင်းအရင်းမှာ ဘောစ့်၏ သမီးဖြစ်သူက မော့ကျန်း၏ ဖန်အကြီးစား ဖြစ်နေပြီး ကန်စီနီ ဗီလာအိမ်များမှာလည်း သူမ၏ ဒီဇိုင်းများသာ ဖြစ်နေသည့်အတွက်ကြောင့်သာပင်။ မော့ကျန်းသာ ထိုနေရာတွင် နေရန်ဆန္ဒရှိပါက ပြောထားသော စျေးနှုန်း၏ ငါးဆယ်ရာခိုင်နှုန်းကိုသာ ပေးချေရန် လိုအပ်ပြီး သူတို့က သူ့အတွက် ဥယျာဥ်ငယ်လေးတစ်ခုကိုပါ ဆောက်ပေးအုံးမည် ဖြစ်သည်။


Xxxxx