Chapter 30
26 သူငယ်ချင်း
အမျိုးသမီး၏ အသံက ကျယ်လောင်မနေဘဲ ညင်သာမှု အနည်းငယ်လည်း ရှိနေသေးသည်။ သို့သော်လည်း ၎င်းက မော့ကျန်းကို အမှန်တကယ် ထိတ်လန့်သွားစေရသည်။ သူတို့၏ အိမ်ထဲမှ ထွက်ပေါ်လာသော စိမ်းသက်သည့် အမျိုးသမီး တစ်ယောက်၏ အသံကို ကြားရသည့် လူတိုင်း ထိတ်လန့်အံ့သြသွားရနိုင်ပေသည်။
"မြောင်" အားယောင်က အော်ဟစ်လာကာ ကွန်ပျူတာကို ဖွင့်တော့မည့် သူမ၏ လက်သည်းလေးများ ရပ်တန့်သွားသည်။ မော့ကျန်းသည်လည်း အမျိုးသမီးအသံ ထွက်လာသည့်နေရာကို ကြည့်လိုက်မိသည်။
ချက်ကျလက်ကျပြောရလျှင် "အမျိုးသမီး"ဟု သုံးရန် မသင့်တော်လှ။ အကြောင်းမှာ သူ့ရှေ့တွင် အမျိုးသမီး တစ်ယောက် ရှိသော်ငြား သူမက လေတွင် မျောလွင့်နေသောကြောင့်ပင်။
ရုတ်တရက် ခေါင်းကိုက်စရာများ ရောက်လာလေပြီဟု သူ ခံစားလိုက်ရသည်။
အားယောင်ကို မြင်တွေ့နေနိုင်သည်မှာ မတော်တဆဟု သူထင်ခဲ့သည်။ အချိန်အတော်ကြာကတည်းက သူ အားယောင်မှ လွဲ၍ အခြားသော သရဲများ မမြင်နိုင်ခဲ့။ သို့သော်လည်း ယခုတွင်မူ သရဲတစ်ကောင်က လေထဲမှ ထွက်ပေါ်လာလေပြီ။ ဆရာသခင် သူ့အပေါ် မန်းမှုတ်ပေးထားသော ဂါထာများလည်း သက်တမ်းကုန်လုပြီထင်။
"ဟေး မစ္စတာမော့" အမျိုးသမီး အသံက သူ့အတွေးများထဲ နစ်မြောနေမှုကို နှောက်ယှက်လိုက်လေသည်။ သူခေါင်းကို မော့ကာ သူမကို ကြည့်လိုက်သည်။ ထိုတစ်ယောက်က လေထဲမှာ တလွင့်လွင့် မျောနေရင်း သူမ၏ လက်များကို စိတ်လှုပ်ရှားစွာဖြင့် ဝှေ့ယမ်း၍ နေသည်။
"အာ မိန် မြောင် မြောင် မြောင် မြောင်" ထိုအချိန်၌ အားယောင်သည်လည်း ထို မိန်းကလေးကို ခေါ်နေပြီး သူမ၏ လက်ကလေးများကို မိန်းကလေးထံ ဝှေ့ယမ်း ပြလိုက်သည်။ ကြည့်ရသည်မှာ သူမက ထိုမိန်းကလေး အကြောင်း မော့ကျန်းကို မိတ်ဆက်ပေးရန် အားတက်သရော ကြိုးစားနေဟန်ပင်။
မော့ကျန်းက နှုတ်ခမ်းကို ကိုက်ကာ အားယောင်ကို ပြောလိုက်သည်။ "ကျေးဇူးပြုပြီး လူစကား ပြောပေးလို့ မရဘူးလား"
အားယောင်: “…”
"ဖူး..” မော့ကျန်း၏ စကားများကို ကြားသောအခါ အမျိုးသမီးထံမှ တစ်ခစ်ခစ် ရယ်မောသံ ထွက်လာကာ စားပွဲပေါ်မှ အားယောင်ဆီသို့ ကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး သူမ မျက်လုံးလေးများက လခြမ်းကွေးလေး သဖွယ် ကွေးညွတ်သွားသည်။
"ကြောင်ထဲကနေ ဘယ်လိုထွက်ရမလဲဆိုတာ နင့်ကို သင်ပေးပြီးပြီမို့လား"
"မြောင် ဝူး" အားယောင်က ရုတ်တရက် သဘောပေါက်သွားသည့်အလား မျက်လုံးလေးများ ဝင်းလက်သွားပြီး ခြေထောက်တိုတိုလေးများဖြင့် စားပွဲပေါ်တွင် မတ်မတ်ရပ်လိုက်ပြီးနောက် ရုတ်တရက်ပင်... စားပွဲပေါ်တွင် လှိမ့်ချလိုက်သည်။
မော့ကျန်း: “…”
သူတို့ဘေးတဝိုက်မှ လေများက အနည်းငယ် မငြိမ်မသက် ဖြစ်သွားပုံရသည်။ မော့ကျန်းမှာ သူ့ဆံပင်များကို ဖြတ်သွားသော လေပြေညင်းလေးကို ခံစားလိုက်ရပြီးနောက် သူ့နားထံမှ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ကြားလိုက်ရလေသည်။
"ကျွန်မ ထွက်လာပြီ"
မော့ကျန်းက ခေါင်းလှည့်ကာ နေဗီပြာဝတ်စုံ ဝတ်ထားပြီး အနက်ရောင် ဆံနွယ်များ ခါးထက်တွင် တလွင့်လွင့် ဝဲကျနေသည့် ရင်းနှီးနေသော ပုံရိပ်ကို ကြည့်မိလျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရချိန်၍ အံ့အားတသင့် မဖြစ်မိပေ။
"ကျန်းကျန်း နောက်ဆုံးတော့ ကျွန်မ ထွက်လာနိုင်ပြီ" အားယောင်က စိတ်လှုပ်ရှားစွာဖြင့် မော့ကျန်းရှေ့ မျောလွင့်နေကာ သူ့ကို ဝိုင်းပတ်ပြီး ကနေခဲ့သည်။
နောက်ဆုံးတွင် ကလို့ပြီးသွားသော အားယောင်ကို ကြည့်ပြီးနောက် မော့ကျန်း၏ နှုတ်ခမ်းက ရွှင်မြူးမှုတို့ကြောင့် ကွေးညွှတ်သွားကာ တလေးတနက် ပြောလိုက်သည်။
"အခု ထွက်လာပြီဆိုတော့ လူကောင်း ဖြစ်အောင် နေမှရမယ်... ပြန်မဝင်သွားနဲ့တော့"
အားယောင် “…”
ဒီစကားက တကယ်ကြီး ဒီအခြေအနေမှာ သုံးလို့ ရလို့လား... ကျန်းကျန်းက စနေတာနေမှာပါနော်...
"ဟားဟားဟား" ထိုအမျိုးသမီးက ဗိုက်ကို နှိပ်ကာ ကျယ်ကျယ်လောင်လောင် ရယ်မောနေသည်။ မော့ကျန်းမှာ သရဲများသာ မျက်ရည်ကျနိုင်ပါက ထို တဟားဟား ရယ်မောနေတာနှင့်ပင် မျက်ရည်တစ်ပုံးလောက် ခံလို့ရနိုင်သည်ဟု တွေးမိလိုက်သည်။
"မြောင်" ကြောင်အော်သံ တိုးဖျဖျလေးက စားပွဲပေါ်မှ ထွက်ပေါ်လာသည်။ အားယောင် ဝင်ပူးခဲ့သော ကြောင်ကလေးမှာ နိုးလာပြီး တုန်တုန်ယင်ယင်ဖြင့် ထရပ်ရန် ကြိုးစားနေသည်။ အားယောင်က တုန်ယင်နေသော ကြောင်ပေါက်လေးကို ကြည့်ကာ အနည်းငယ်အပြစ်ရှိစိတ် ဝင်သွားရသည်။
"ကျန်းကျန်း... ကြောင်လေးက အရမ်း သနားစရာကောင်းတယ်... ကျွန်မတို့ ခဏလောက်ခေါ်ထားကြရအောင်လေ"
အမှန်အတိုင်း ပြောရပါက မော့ကျန်း၏ ပျင်းရိတတ်သည့်ပုံစံဖြင့်ဆိုလျှင် အားယောင်သာ ထိုကြောင်လေး၏ ကိုယ်ထဲ ပိတ်မိမသွားခဲ့ပါက ထိုကြောင်လေးကို အိမ်ထဲတွင် ခေါ်မွေးထားရန် အကြောင်း မရှိပါပေ။ သို့သော်လည်း ထိုကြောင်လေးက အမှန်ပင် အားနည်းနေပုံရပြီး အားယောင်ကလည်း ပြောလာခဲ့သဖြင့် သူခေါင်းငြိမ့်လက်ခံရန်သာ တတ်နိုင်တော့သည်။
ဘယ်အချိန်က စတင်ခဲ့သည်ကို သူ အတိအကျ မသိသော်လည်း ယခုနောက်ပိုင်းတွင် အားယောင်၏ တောင်းဆိုချက်များကို သူ ငြင်းပယ်နိုင်စွမ်း မရှိခဲ့။
လိမ်လိမ်မာမာလေး ပြုမူနေသော ကြောင်လေး၏ ဘေးတွင် ဝင်ထိုင်လိုက်ရင်းက အားယောင်တစ်ယောက် သူမ၏ သူငယ်ချင်းအသစ်လေးအား မော့ကျန်းနှင့် မိတ်မဆက်ပေးရသေးသည်ကို အားယောင် သတိရသွားသည်။ "ကျန်းကျန်း... ဒါ ကျွန်မရဲ့ သူငယ်ချင်းကောင်းလေးလေ" အားယောင်က ပြောလိုက်ပြီးနောက် ရပ်သွားသည်။ သူမ၏ နှုတ်ခမ်းမှာ ပွင့်လျက်သားပင်။ သို့သော်လည်း မည်သည့်အသံမှ ထွက်မလာခဲ့။ အချိန်အတော်ကြာပြီးမှ သူမက အမျိုးသမီးဘက်သို့ လှည့်ကာ ပြောလိုက်သည်။
"နင့်နာမည်က ဘာတဲ့လဲ"
မော့ကျန်း: “…”
မင်းမေကြီးတော်... မင်းက မင်း သူငယ်ချင်းကောင်းကြီးရဲ့ နာမည်ကိုတောင် မသိဘူးလား... သူငယ်ချင်းကောင်းတွေဆိုတာ ဒီလိုဖြစ်ရမှာ မဟုတ်ဘူးကွ...
မော့ကျန်း၏ တည်ငြိမ်နေသော နှလုံးသားက အားယောင်ကြောင့်ပင် တစ်ဖန်ပြန်၍ ဟိန်းဟောက်သည့်နှုန်းသို့ ခလုတ်ဖြုတ်ပေးလိုက်ပြန်သည်။
သို့သော်လည်း အားယောင်ဘက်တွင်မူ သာမန် သူငယ်ချင်းများ၊ သူငယ်ချင်းများ၊ အသိအကျွမ်းနှင့် ဆွေမျိုးများ အကြား ရှုပ်ထွေးဆန်းကြယ်သော အမျိုးအစား ခွဲခြားမှုများကို ဂရုစိုက်မနေပေ။ အကြောင်းမှာ သူမတွင် သူငယ်ချင်းတစ်ယောက်သာ ရှိနေ၍ ဖြစ်သည်။
#ပျားဖယောင်း#
သူမ၏ နာမည် အမေးခံလိုက်ရသော်လည်း မိန်းကလေးက အလွန်တရာ ညင်ညင်သာသာဖြင့် ပြန်ဖြေနေဆဲပင်။
"ငါ့ နာမည် အားဖြောင်လေ... နာမည်ပြောင်က ဖြောင်ဖြောင်"( အဓိပ္ပါယ် လှုပ်လှုပ်ရွရွ)
မောကျန်း: “…”
အားယောင်က အားတက်သရော ခေါင်းငြိမ့်ပြလိုက်သည်။ "အိုး... ဒါဆို ငါနင့်ကို ဖြောင်ဖြောင်လို့ ခေါ်မယ်"
မော့ကျန်း: “…”
ထိုနာမည်က နာမည်အတုမှန်း သိသာနေသော်လည်း အားယောင်က အလုံးစုံ ယုံကြည်နေသည့်ပုံအား ကြည့်၍ မော့ကျန်းမှာ သူမကို ဆေးရုံသို့ခေါ်ကာ သူမ၏ ဦးနှောက်မှာ စပျစ်သီးအရွယ်သာ ရှိသည်လားဟု စစ်ဆေးကြည့်ချင်သွားသည်။ မဟုတ်သေးဘူး... စပျစ်သီးခြောက်နဲ့မှ ပိုနှိုင်းလို့ကောင်းအုံးမယ်...
အားယောင်ကို လျစ်လျူရှုလိုက်ပြီးနောက် မော့ကျန်း၏ မျက်လုံးများက ဖြောင်ဖြောင်ဟု အခိုင်အမာ ဆိုထားသော အမျိုးသမီးထံ ကျရောက်သွားကာ သူမကို အနီးကပ် အကဲဖြတ်နေခဲ့သည်။ ထိုအမျိုးသမီးမှာ အားယောင်နှင့် အသက်တူတူဟု ထင်ရပြီး သူမ၏မျက်ခုံးများကတော့ ပို၍ ရင့်ကျက်နေပုံပေါက်သည်။ ထိုရင့်ကျက်မှုက အဝတ်အစားအဆင်အယင်ဖြင့် ရရှိနိုင်သည် မဟုတ်ဘဲ ၎င်းက မြောက်များစွာသော အခြေအနေများကို တွေ့ကြုံခဲ့ရပြီးမှ ရရှိလာသော ရင့်ကျက်မှုမျိုး ဖြစ်ပေသည်။
နှိုင်းယှဥ် ကြည့်ပါက အားယောင်မှာ ကမ္ဘာကြီးကို အလုံးစုံ အသစ်အဆန်း ဖြစ်နေသော မိန်းကလေး တစ်ယောက်နှင့် တူနေသည်။
မောကျန်း၏ မေးခွန်းထုတ်နေသော အကြည့်ကို ကြည့်ပြီး ထိုအမျိုးသမီးက အလွန်အမင်း တည်ငြိမ်နေလေသည်။ သူမက အတော်လေး တည်ငြိမ်နေသဖြင့် သူမအပေါ် အကဲဖြတ်နေသည့် မော့ကျန်းပင် အနည်းငယ် မသက်မသာ ဖြစ်သွားရသည်။ သူက ခြောက်ကပ်ကပ် ချောင်းဟန့်ကာ အမျိုးသမီးကို ကြည့်ပြီး ပြောလိုက်သည်။
"မိန်းကလေး ဖြောင်ဖြောင်... အားယောင်ကို ကြောင်ထဲက ထွက်ရမဲ့နည်းကို သင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမယ့် ငါ့မှာ မေးစရာရှိသေးတယ်... သူ အခု လုပ်လိုက်တဲ့ ကျွမ်းထိုးတာက မဖြစ်မနေ လုပ်ရမဲ့ နည်းလမ်းများလား"
"မဟုတ်ပါဘူး... ဒါက ကျွန်မရဲ့ ကိုယ်ရေးကိုယ်တာ အကျင့်လေး တစ်ခုတင်ပါ" ဖြောင်ဖြောင်က ဆိုသည်။
မော့ကျန်း: “…”
အားယောင်: “…”
သောက်ကျိုးနဲ... သူမ အလိမ်ခံလိုက်ရတာလား... အဲ့အချိန်တုန်းက ဘာလို့ လှိမ့်ရတဲ့ ပုံစံမျိုး ရှိနေတာလဲလို့တောင် ထူးထူးဆန်းဆန်း တွေးမိနေသေးတယ်... ဒီနေ့ခေတ်လူတွေ ကြောက်ဖို့ကောင်းလိုက်တာ..
သူမ ကြောင်လို ဆက်နေဖို့ ဖြစ်နိုင်သေးရဲ့လား...
မော့ကျန်းက စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချကာ မေးလိုက်သည်။
"ဒါဆို လူတွေကို လှည့်စားတာကလည်း မင်းရဲ့ ဝါသတာတွေထဲက တစ်ခုပဲပေါ့"
ကန်စီနီ ဗီလာတွင် သရဲခြောက်သည့် ကောလဟာလများက ထိုအမျိုးသမီးနှင့် သေချာပေါက် ဆက်စပ်နေလိမ့်မည်။
"အဲ့ဒါ ရှင်ထင်နေသလိုမျိုး မဟုတ်ဘူးနော်... ကျွန်မက သရဲအစစ်ဆိုတော့... တခြားပုံစံလို ပြောင်းဖို့ စွမ်းအား မရှိလို့" ဖြောင်ဖြောင်က သူမ၏ ပါးပြင်ကို အတွေးနက်နက်ဖြင့် ပွတ်နေခဲ့သည်။ "ပြီးတော့ ကျွန်မ သူတို့ကို ခြောက်မလို့ မဟုတ်ပါဘူး... သူတို့ရဲ့ ကြောင်တွေကို သေသေချာချာ စောင့်ရှောက်ထားဖို့ သတိပေးချင်ရုံလေးပါ"
သို့သော်လည်း ထိုသူများက သူမ၏ ရည်ရွယ်ချက်ကောင်းလေးများကို နားမလည်နိုင်ကြ။ သူမကို တွေ့သွားကြပါက သူတို့က မြန်နိုင်သမျှ မြန်မြန် ထွက်ပြေးသွားတတ်ကြသည်။ အင်း... တကယ့်ကို... ဝမ်းနည်းဖို့ကောင်းတာပဲ...
"သူတို့ကြောင်တွေ ပျောက်မှန်း မင်းဘယ်လို သိတာလဲ" မော့ကျန်းအပါအဝင် ကန်စီနီ ဗီလာ ပိုင်ရှင်များ အားလုံးနီးပါးတွင် အိမ်မွေးအကောင်လေးများ ရှိကြပြီး အများစုမှာ ကြောင်များ မွေးထားကြခြင်း ဖြစ်ပေသည်။ သူမနဲ့ ကြောင်ဂိုဏ်းကသာ တစ်ဖက်တည်း မဟုတ်ခဲ့ရင် ဘယ်ကြောင်က နောက်ထပ်ပစ်မှတ် ဖြစ်မလဲ ဆိုတာကို သူမက ဘယ်လိုလုပ်ပြီး သိနေရတာလဲ...
"ကျန်းကျန်း... ဖြောင်ဖြောင်" အားယောင်က ဝဲပျံလာပြီး မော့ကျန်းနှင့် ဖြောင်ဖြောင်ကြားတွင် နေရာဝင်ယူလိုက်သည်။
"သူက ရှင့်အတွက် ရဲခေါ်ပေးတဲ့သူလေ.. သိုလှောင်အိမ်ထဲက လူတွေကိုလည်း သူပဲ တိုက်ခိုက်ထားတာ"
မော့ကျန်း: “…”
ဒီဖြောင်ဖြောင်က သရဲတစ်ကောင် ဆိုတာကို သူ ဘယ်လိုလုပ် မေ့သွားရတာလဲ... သူမသာ သူတို့ရဲ့ နောက်ထပ် ပစ်မှတ်ကို သိချင်ရင် သူမအတွက် အရမ်းခက်ခဲနေမှာတောင် မဟုတ်ဘူး...
ဝံ့ကြွားဟန် ဖြစ်နေသော ဖြောင်ဖြောင်က ခပ်ရှက်ရှက် ဦးညွှတ်ကာ ရေရွတ်လိုက်သည်။
"အိုက်ယိုး... တကယ်တော့ ဒါလေးက ကိစ္စသေးသေးလေးတွေပဲ... ငါက အရည်အချင်း ပြည့်မီတဲ့ သရဲပဲဟာ"
မော့ကျန်း: “…”
မင်း အရည်အချင်း ပြည့်မီနေရင်တောင် ငါကတော့ HR မဟုတ်ဘူးနော် ..
(TN: HRက Human resources ပါ ဝန်ထမ်းတွေကို အလုပ်ခန့်တဲ့ ကုမ္ပဏီဌာနတစ်ခုပါ )
"သူတို့ နောက်ပစ်မှတ်ကို အားယောင်လို့ ဆုံးဖြတ်လိုက်တာနဲ့ ကျွန်မ သိသိချင်း ရှင့်ကို တိုက်ရိုက် ပြောလိုက်မလို့ပဲ... ဒါပေမဲ့ ရှင့်ခန္ဓါကိုယ် ပတ်ပတ်လည်မှာ အတားအဆီးအချို့ရှိနေလို့ ကျွန်မ အနားကပ်လို့မရခဲ့ဘူး... ဒါကြောင့် အားယောင်ကိုပဲ တိုက်ရိုက် ပြောလိုက်တော့တာ"
ဖြောင်ဖြောင်က ခေါင်းကို ငုံ့ထားရင်းပင် ခပ်ရှက်ရှက် အမူအရာဖြင့် ဆက်ပြောနေသည်။
မော့ကျန်း၏ မျက်လုံးများတွင် သံသယတစ်စွန်းတစ ဖြတ်ပြေးသွားသည်။ ဘယ်အတားအဆီးကများ သူမကို အနားကပ်လာဖို့ ဟန့်တားနေပါလိမ့်... ဆရာသခင်ရဲ့ ဂါထာတွေက သက်တမ်း မကုန်သေးဘူးလား...
"ကျွန်မလည်း ဘာကြောင့်မှန်းတော့ မသိဘူး... ဒါပေမယ့် အခု ကြည့်ရတာ အဲ့ဒါက ပြဿနာ မဟုတ်တော့သလိုပဲ"
မော့ကျန်း: “…”
ကြည့်ရတာ တကယ်ကြီး သက်တမ်း ကုန်သွားပြီ ထင်ပါရဲ့...
အားယောင်က ထိုအကြောင်းကို ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
"အမ်.. အာ.. ဖြောင်ဖြောင်နဲ့ ကျွန်မက အစီအစဥ် တစ်ခု လုပ်ထားကြတာ... ကျွန်မ သူတို့ဆီကနေ ဖမ်းခံရချင်ယောင် ဆောင်ပြီးရင် အကုန်လုံး ရှင်းထုတ်ပစ်မလို့"
ဖြောင်ဖြောင်က ခေါင်းမော့ကာ အားယောင်ကို ကြည့်လိုက်ပြီး ခေါင်းငြိမ့်ပြသည်။
"အမ်... ငါက နင့်ကို အိမ်မှာပဲ ကောင်းကောင်းနေပြီး လျှောက်ပြီး ပြေးမဆော့နေဖို့ ပြောချင်ခဲ့တာပဲ"
အဝေးမှလူ: “…”
ဖြောင်ဖြောင်က မူလတွင် ထိုကိစ္စကို ကြားမဝင်ရန် စဥ်းစားထားသော်လည်း ထို မတရားခံနေရသည့် ကြောင်ငယ်လေးများမှာ အလွန် သနားစရာကောင်းကြောင်း တွေ့လိုက်ရသည့်အခါ သူတို့၏ ပိုင်ရှင်များကို သတိပေးရန် ကြိုးပမ်းခဲ့သည်။ သူမက အားယောင်ကို ဖြောင်းဖျရန် ကြိုးစားခဲ့သည့်အချိန်၌ သူရဲကောင်း အမျိုးသမီး တစ်ယောက် ဖြစ်လာရန် အားယောင်ထံမှအယုံသွင်းခံလိုက်ရမည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။ ၎င်းက အတော်လေး ရယ်စရာကောင်းနေသည်။
မော့ကျန်းက ထိုအကြောင်းကို ကြားသည့်အခါ မနေနိုင်ဘဲ မေးလိုက်မိသည်။
"ငါ စောင့်ကြည့်ကင်မရာကို ကြည့်လိုက်သေးတယ်... ကြောင်တွေအကုန်လုံးက သူတို့အိမ်ကနေ သူတို့ဘာသာ ထွက်ပြေးသွားကြတာ... ဘာလို့များလဲ"
ဖြောင်ဖြောင်က ပြန်ဖြေသည်။ "တကယ်ကလေ သူတို့စိတ်နဲ့ သူတို့ဘာသာ ထွက်ပြေးသွားကြတာ မဟုတ်ဘူး... စောင့်ကြည့်ကင်မရာကလည်း တကယ်ဖြစ်ခဲ့တဲ့ ကိစ္စကို မရိုက်မိနိုင်ဘူးလေ"
မော့ကျန်းက အေးခဲသွားသည်။ သူနောက်ဆုံးတော့ နားလည်လိုက်ပေသည်။ "သရဲ ရှိနေတာလား"
"အင်း" အားယောင်က ခေါင်းငြိမ့်ပြသည်။ ကျွန်မ ခန္ဓါကိုယ်အနီးအနားက လေထုက အရမ်း လေးလွန်းတယ်... ကြောင်လေးတွေ၊ ပါပီလေးတွေ အနားကပ်လာရင် သူတို့ သက်တောင့်သက်တာ မဖြစ်ကြဘူး... အားကိုနဲ့ ကျွန်မက ဆန့်ကျင်ဘက်ပဲ... ကြောင်လေးတွေ ခွေးလေးတွေ အားလုံးက သူ့နားက အနံ့ကနေ ဆွဲဆောင် ခံလိုက်ကြရတာ"
"အား....ကို" မော့ကျန်း ဖြောင်ဖြောင်ကို ကြည့်လိုက်မိသည်။ မယုံနိုင်ဖွယ် ဖြစ်နေသော သူ့မျက်လုံးများထဲမှ သံသယကိုလည်း တွေ့နိုင်ပေသည်။
"အားကိုက ကျွန်မရဲ့ သူငယ်ချင်းဟောင်းလေ... ကျွန်မတို့ ရန်ဖြစ်ခဲ့တယ်... ပြီးတော့ သူက ကြောင်တွေနှိပ်စက်တဲ့ဂိုဏ်းတစ်ခုစီပြေးသွားခဲ့တာ"
ဖြောင်ဖြောင်က ရှင်းပြသည်။ သူမ ထိုအချိန်က အကြောင်းကို တွေးမိသည်နှင့် အနည်းငယ် ဝမ်းနည်း အားငယ်လာခဲ့ရသည်။
မော့ကျန်း: “…”
မင်းသာ ငါ့ကို အားကိုလို့ ခေါ်လာရင် ငါလည်း မင်းကို စိတ်ဆိုးမိမှာပဲ... သို့သော်လည်း သူ မူလက အားယောင်ကို "လီကိုဟိုင်"ဟု ခေါ်ခဲ့ဖူးသည့် အကြောင်းကိုကား သူလုံးဝ မေ့လျော့သွားခဲ့လေပြီ။
(TN: အားကိုက ဒုတိယ ခွေးလေးလို့ အဓိပ္ပါယ်ရပါတယ်...)
"အခု အားကိုက ဘယ်မှာလဲ" သူ သိလိုစိတ် ပြင်းပြစွာဖြင့် မေးလိုက်သည်။ အားကိုသာ သတ်ဖြတ်သူများထဲမှ တစ်ယောက် ဖြစ်ခဲ့ပါက သူမကို လွယ်လွယ်လွှတ်ပေးထား၍ မဖြစ်ပေ။
"အားကို ကို သရဲတွေ ခေါ်သွားပြီးပြီ... ပြီးတော့ ကျွန်မလည်း သူလာခေါ်တာ ခံရတော့မလို့"
ဖြောင်ဖြောင်က ထိုကိစ္စနှင့် ပတ်သက်၍ အကြောက်တရားများ ကြီးစိုးနေဆဲပင်။ သူမက လက်စားချေ၍ မပြီးသေး။ ထို့ကြောင့် သူမက ပြန်လည်မွေးဖွားခြင်းစက်ဝန်းအတွင်းသို့ ဝင်မသွားချင်ပေ။
အားယောင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး မမေးလိုက်ခင် တစ်ခဏမျှ တွေးတောနေလိုက်သေးသည်။
"ဖြောင်ဖြောင်... မော့ကျန်း အရင်က ပြောတာ သူက သေပြီးသား လူတွေရဲ့ ဝိဥာဏ်ကိုပဲ မြင်ရတာတဲ့... နင်ဘယ်လို သေခဲ့တာလဲဟင်"
မော့ကျန်းက အားယောင်ကို တစ်ခဏမျှ ကြည့်လိုက်သည်။ သူမက အလွန် တုံးအလေ့ရှိသော်လည်း အရေးကြီးကိစ္စများနှင့် တွေ့ကြုံရပါက အခြေအနေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။
သို့သော်လည်း ဤတစ်ကြိမ်က သူမ၏ ကြီးကျယ်သော ဥာဏ်ပညာရှိမှု အခိုက်အတန့်များထဲမှ တစ်ခု မဟုတ်သေး။
ဖြောင်ဖြောင်က မျက်တောင်ခတ်ကာ ပြန်ဖြေသည်။ "ဒါက မယ်လို ဒရာမာ ဇာတ်လမ်း တစ်ပုဒ်ပဲ... နင့်ရဲ့ IQကို နိမ့်သွားစေနိုင်လို့ ငါပြောလို့မရသေးဘူး"
(T/N Melodrama က အချို့အခန်းတွေမှာ တေးဂီတနဲ့ တွဲဖက်ပြီး ရုပ်လုံးပေါ်အောင် လုပ်တဲ့ အဆွေးဒရာမာတစ်မျိုးပါ)
အားယောင်: “…”
သို့သော်လည်း မော့ကျန်းက ၎င်းက တိုက်ဆိုင်မှုတစ်ခု မဟုတ်မှန်း သိနေခဲ့သည်။ သူမက သူမ နာမည်အရင်းကိုပင် မပြောခဲ့သည့်အပြင် သူမသေဆုံးရသည့် အကြောင်းအရင်းကိုလည်း ထိန်ချန်ထားသည်။
Xxxxx