အပိုင်း (၁၂၇)
Viewers 31k

Part  127


ဝမ်လေးက  ယွမ်ရှ ဘေးတွင် ဝင်ထိုင်လိုက်သည်။ သူ့ အမေ သက်ပြင်းချသံကို ကြားသောအခါ သူ၏ လက်ဖောင်းဖောင်းလေးများကို ဆန့်ထုတ်လိုက်ပြီး သူမ၏ လက်မောင်းကို ဖက်လိုက်သည်။ “မာမား..ဝမ်းနည်းနေတာလား” 


“မဟုတ်ပါဘူး”


ယွမ်ရှ အဲ့ဒါက ပြီးသွားမည်ဟု တွေး၍ စိတ်ငြိမ်အောင် ထားလိုက်သည်။ သူမ၏ ဖုန်းကို ထုတ်၍ ပန်းစည်းပုံကို ရိုက်လိုက်ပြီး အွန်လိုင်းပေါ်က စျေးရောင်းသည့်နေရာတွင် တင်လိုက်သည်။


ချစ်သူများနေ့နှင့် ခရစ်စမတ်နေ့ မဟုတ်သော်လည်း နှင်းဆီပွင့် ၉၉ပွင့်ပါသော ပန်းစည်းသည် စျေးပေါမည် မဟုတ်ပေ။ ယွမ်တစ်ထောင်လောက် ကျလိမ့်မည်ဟု သူမ ထင်သည်။ ထိုအရာကို အမှိုက်ပုံးထဲသို့ လွှင့်ပစ်လျှင် ဖြုန်းတီးရာ ကျမည်။ ပိုက်ဆံများကို ပစ်မိသလို ဖြစ်နေမည်ဟု တွေး၍ သူမစိတ်မကောင်းဖြစ်နေသည်။ ဖြုန်းတီးလိုက်သော ပိုက်ဆံသည် သူမ ပိုက်ဆံ မဟုတ်သော်လည်း အွန်လိုင်းပေါ်တွင် ပိုစ့်တင်၍ ရောင်းလိုက်သည်က ပိုကောင်းသည်။


အွန်လိုင်းပေါ်တွင် စျေးရောင်းမှုများက အထူး တိုးတက်လာသည်။ ယွမ်ရှသည် ပန်းစည်းကို ယွမ် ၅၀၀နှင့်အတူ အချက်အလက်များဖြင့် ပိုစ့်တင်ပြီးနောက် တစ်နာရီခွဲ အကြာတွင် သူမဆီသို့ တစ်စုံတစ်ယောက်က ဆက်သွယ်လာသည်။ ဝယ်သူသည် သူမကို စျေးမဆစ်ဘဲ ပိုက်ဆံရှင်းသွားသည်။ ဝယ်သူက ထိုပန်းစည်းသည် ဖြစ်နိုင်သော စျေးထက် ပို၍ စျေးသက်သာ သည်ကို သိ၍ဖြစ်မည်။


ယွမ်ရှက သူမ၏ အင်္ဂလိပ်ဆရာမကို မြို့ထဲတွင် သွားတွေ့ရမည်ဖြစ်၍ ဝယ်သူကို ရောင်းရန် တစ်နေရာတည်းမှာပင် ချိန်းလိုက်သည်။



ဝယ်ယူသူသည် ကွန်ပျူတာ programmer တစ်ယောက်ဖြစ်သည်။ သူ၏ မက်ဆေ့အရ ဒီနေ့ သူ၏ ကောင်မလေး မွေးနေ့ဖြစ်သည်။ သူက ဘာလက်ဆောင် ပေးရမှန်းမသိ ဖြစ်နေသလို ပန်းဆိုင်မှ ပန်းစည်း ဝယ်ပေးရန် အလွန်စျေးကြီးနေသည်။ ယွမ်ရှ၏ ပန်းစည်းဝယ်လျှင် သူ့အနေနှင့် ယွမ်အနည်းငယ် သက်သာ၍ ညစာအတွက် မွေးနေ့ကိတ် လုပ်ပေးနိုင်မည် ဖြစ်သည်။


ယွမ်ရှ ဝယ်ယူသူက လွှဲလိုက်သော ယွမ်၅၀၀ကို  တွေ့ရပြီးနောက် စိတ်ကျေနပ်မှု ရသွားသည်။ ရုတ်တရက် သူမ အကြံကောင်း တစ်ခုရလိုက်သလိုခံစားမိသည်။ သွမ့်ချီက သူမကို နေ့တိုင်း ပန်းစည်း ပို့မည်ဆိုလျှင် အဲ့ဒါကို ယွမ်၅၀၀ဖြင့် ပြန်ရောင်း၍ သူမသည် တစ်လကို ယွမ် ၁၅၀၀၀ ဝင်ငွေရမည် ဖြစ်သည်။


ဝမ်လေးက သူမ၏ အင်္ကျီလက်ကို ဆွဲ၍ မေးလိုက်သည်။ “မာမား..ဘာလို့ အဲ့လူကို ပန်းစည်းပေးလိုက်တာလဲ”


ယွမ်ရှ ကလေး၏ ခေါင်းကို ပုတ်၍ “မားက သူ့ကို ပန်းစည်း မပေးပါဘူးး..ရောင်းလိုက်တာ ၅၀၀ယွမ်ရတယ်”


ပန်းစည်းကို လွှင့်ပစ်လိုက်လျှင် ဖြုန်းတီးရာ ကျမည်။ အိမ်မှာ ထားလျှင်လည်း စုန့်ထင်ရှန်း အတွက် မျက်စိစူးစရာ ဖြစ်မည်။ သူတို့ကြားတွင် ခံစားချက်များစွာ မရှိသော်လည်း သူမအိမ်သို့ ပန်းစည်းများပို့သော ဗြောင်ကျသည့် လူတစ်ယောက်ရှိနေသည်။ စုန့်ထင်ရှန်းသည် သစ်သားတုံး မဟုတ်ပေ။


ထိုသို့ တွေးပြီးနောက် ပန်းစည်းကို ရောင်းလိုက်သည်က အကောင်းဆုံး ဖြစ်သည်။ သူမက ယွမ်၅၀၀ကို တောရွာက ကလေးများကို အစားအစာ ဝယ်ဖို့ လှူမည်ဖြစ်သည်။ 



အစည်းအဝေးခန်းမှ ရုံးခန်းသို့အပြန်တွင် စုန့်ထင်ရှန်းသည် အရောင်းဌာနမှ ဝန်ထမ်း၏ ခုံပေါ်ရှိ ပန်းများကို တွေ့လိုက်သည်။ 


ထိုပန်းများသည် မနက်က ယွမ်ရှ ရခဲ့သော ပန်းစည်းကို သတိရသွားစေသည်။


 ထိုပန်းစည်းများသည် သူ့အိမ်သို့ တိုက်ရိုက်ရောက်ရှိလာခြင်းဖြစ်လေရာ လုံးဝစိတ်ထဲမထားပဲ နေဖို့မဖြစ်နိုင်ပေ။


ရုံးခန်းသို့ ပြန်ရောက်ပြီး စုန့်ထင်ရှန်းသည် ဝမ်ကို ဖုန်းမခေါ်ခင် ထိုအတွေးကို ရပ်လိုက်သည်။ 


ဝမ်လေးက ဖုန်းကို ချက်ချင်းကိုင်လိုက်သည်။ သူ့အသံလေးက ကြည်လင်ချိုမြပြတ်သားနေသည်။ 


“ပာပါး..ဘာလုပ်မလိူ့လဲ..မာမားနဲ့ သားက အပြင်ထွက်ပြီး မုန့်သွားစားမလို့”


စုန့်ထင်ရှန်းက သမန်ကာလျှံကာ မေးလိုက်သည်။ “မာမား ဘေးမှာရှိလား”


ဝမ်လေးက ဖြေလိုက်သည်။ “ မာမားက သန့်စင်ခန်းသွားတယ်..အင်္ဂလိပ်ဆရာမ နဲ့သားက စောင့်နေကြတာ” 


စုန့်ထင်ရှန်းက မေးနေသည်ကို ရပ်လိုက်သည်။ “ ဝမ်..ပါပါး မေးစရာရှိတယ်..မာမားကို ပြန်မပြောနဲ့ ဟုတ်ပြီလား”


“ဟုတ်”


“မနက်က ပန်းစည်း ဘယ်မှာလဲ.သားသိလား...” 


ဝမ်လေး စဉ်းစားလိုက်သည်။ ကံကောင်းစွာဖြင့် အချိန်မကြာသေးသောကြောင့် သူ မှတ်မိနေသေးသည်။


 “မာမားက ပန်းစည်းကို ဦးလေးတစ်ယောက်ကို ပေးလိုက်တာ.. ရောင်းလိုက်တာလို့ ပြောတယ်.. ယွမ် ၅၀၀ ရတယ်”


စုန့်ထင်ရှန်းက ဖြစ်နိုင်ချေများကို တွေးနေသော်လည်း ယွမ်ရှက ပန်းများကို ရောင်းလိုက်သည်ဆိုသော အဖြေက သူ့ကို စိတ်သက်သာရာ ရစေသည်။


သူ မသိလိုက်ခင်မှာဘဲ သူ၏ မျက်နှာတွင် အပြုံးပေါ်လာလေ.သည်။