Chapter 32
ချဥ်စူးစူး
သူတို့ ထွက်သွားသောအချိန်၌ အိမ်၏ ထောင့်လေးတွင် လဲလျောင်းနေသော ကြောင်ငယ်လေးမှာ ကျေနပ်အားရစွာ အိပ်မောကျနေဆဲ ဖြစ်သည်။
၎င်းက အားယောင် ခိုက်ဟွမ်းသို့ ဒုတိယအကြိမ် ရောက်လာခြင်း ဖြစ်ပြီး လမ်းကြောင်းက အလွန် ရင်းနှီးနေကြောင်း တွေ့လိုက်ရသည်။ သူတို့ ထန်ချန်း၏ ရုံးခန်းရှိရာ အလွှာသို့ ရောက်သည်နှင့် သူမက ဟန်မိန်မိန်ကိုပင် ပြုံးပြကာ နှုတ်ဆက်လိုက်သေးသည်။
မော့ကျန်း၏ နှုတ်ခမ်း လှုပ်ရှားသွားပြီး သူမကို ပြတင်းပေါက် အပြင်ဘက်သို့ပင် ပစ်လွှတ်သွားချင်ခဲ့သည်။
တံခါးကို နှစ်ကြိမ် ခေါက်လိုက်ပြီးနောက် မော့ကျန်းက အထဲမှလူ သူ့အား ဝင်လာရန် ပြောလာသည်အထိ မစောင့်တော့ဘဲ တံခါးကို ကိုယ်တိုင်ပင် ဖွင့်လိုက်သည်။ ထန်ချန်းက သူ့ထိုင်ခုံမှာ ထိုက်နေပြီး သူမော့ကျန်းကို တွေ့လိုက်ရချိန်၌ စာရွက်စာတန်းအချို့ ကိုင်တွယ်နေလေသည်။ သူက ပြောခါနီး "ဝင်လာခဲ့"ဟူသော စကားကိုပင် တိတ်တိတ်လေး ပြန်မျိုချလိုက်ရသည်။
“မနက်အစောကြီး ငါ့ကို လာရအောင် လုပ်တာ ဘာကိစ္စမို့လဲ" မော့ကျန်းက ခုံအလွတ်တွင် ဝင်ထိုင်ကာ ထန်ချန်းကို ပျင်းတိပျင်းရွဲ ကြည့်လိုက်သည်။
ထန်ချန်းက သူ့ကို တစ်ချက်သာ ကြည့်၍ မေးလိုက်သည်။
"မင်း ညက ကောင်းကောင်း အိပ်မပျော်ဘူးလား"
“အမ်” မော့ကျန်းက မပီမပြင် ပြန်ဖြေလိုက်သည်။ ထန်ချန်း၏ မျက်လုံးများက အကြိမ်အနည်းငယ်မျှ ပြောင်းလဲသွားပြီးနောက် မူလက တည်ငြိမ်နေသော အခြေအနေသို့ ပြန်ရောက်လာသည်။
"ဧကရာဇ်မော့... မင်း ပြည်တွင်းက ထိပ်တန်း အဆိုတော် ဆယ်ယောက်ထဲ ဝင်ပြီးထိပ်တန်း ဆုကြီးတွေ ယူဖို့ ရည်ရွယ်ထားတာ မဟုတ်ဘူးလား"
မော့ကျန်း: “…”
မော့ကျန်းရဲ့ တုံ့ပြန်မှုက... အင်း... သူ စိတ်ဆိုးနေတာပဲ...
ထန်ချန်းက အမှန်တကယ် စိတ်ဆိုးနေပါ၏။ ရဲများက သူ့ကို မနေ့က ဖြစ်ခဲ့သည့် ကိစ္စအကြောင်း ရှင်းပြပြီးသွားပြီ ဖြစ်သည်။ မော့ကျန်းက ရန်သူ့စခန်းဆီသို့ ကိုယ်တိုင်ကိုယ်ကျ ဖောက်ထွင်း ဝင်ရောက်ပြီး ကြောင်ဂိုဏ်းသားများကို ချေမှုန်းကာ သူ့မိသားစု ကြောင်လေးကို အောင်အောင်မြင်မြင် ကယ်တင်နိုင်ခဲ့သည်။
ထိုကဲ့သို့ သွေးပွက်ပွက်ဆူနေသော ဇာတ်လမ်းမျိုးနှင့် တွေ့ရသောအခါ ထန်ချန်း ပြောချင်သမျှသည်ကား... တစ်ယောက်ယောက်သာ ဖြစ်လိုက်ပါတော့လား...
မင်းကိုယ်မင်း လူစိမ်းကောင်ကြီးလို့ ထင်နေတာလား... ဒါမှမဟုတ် ပိုးချည်ယက်နေတဲ့ ပင့်ကူကောင်လေးလို့ ထင်နေတာများလား... ဒီလို အန္တရာယ်များတဲ့ အခြေအနေမျိုးမှာ တစ်ခုခုမှားသွားရင် ဘယ်လိုလုပ်ကြမလဲ... မင်းက ရဲတောင် ခေါ်ပြီးသွားပြီကို ကိုယ့်ဘာသာ ဝင်သွားတာထက် ရဲတွေ လာပြီး ကိုင်တွယ်မှာကို စိတ်ရှည်ရှည် စောင့်ပေးလို့မရဘူးလား...
အတွင်းထဲတွင် ထန်ချန်းက ဒေါသလှိုင်းလုံးကြီးများကို ခံစားနေရသော်လည်း အပြင်ပိုင်းတွင် တည်ငြိမ်သော အမူအယာကို ဆက်ထိန်းထားဆဲ ဖြစ်သည်။
အကြောင်းမှာ သူ့ဒေါသတကြီး ဟိန်းဟောက်သံက မော့ကျန်း၏ ဒေါသကို မတွန်းလှန်နိုင်ကြောင်း အချိန်အတော်ကြာကတည်းက နားလည်ထားပြီးသား ဖြစ်သောကြောင့်ပင်။
ရုတ်တရက် နှစ်ယောက်လုံးက စကား ပြောမလာဘဲ ရုံးခန်းက အံ့သြဖွယ် ကောင်းစွာ တိတ်ဆိတ်သွားသည်။
ထန်ချန်းက မော့ကျန်းကို ကြည့်နေရင်း မျက်တောင် ခတ်လိုက်သည်။ သူတို့ နှစ်ယောက်လုံးက အကြည့်ချင်း စစ်ခင်းနေရင်း တစ်ယောက်နှင့် တစ်ယောက် ဖိနှိပ်ရန် ကြိုးပမ်းနေကြသည်။
သို့သော်လည်း မော့ကျန်းက မျက်တောင်မခတ်ဘဲ မမှိတ်မသုန် စိုက်ကြည့်နေနိုင်သော တောက်ပနေသည့် မီးတုတ်ချောင်းလို ယောကျ်ားတစ်ယောက် ဖြစ်၍ ထိုစစ်ပွဲက မော့ကျန်းထံမှ အနိုင်ပိုင်းခံလိုက်ရသည်။
ထန်ချန်းက စားပွဲပေါ်သို့ ကော်ဖီတစ်ခွက် လောင်းထည့်ကာ ခပ်ချဥ်ချဥ် အမူအယာဖြင့် သူ့မျက်လုံးများကို မျက်တောင်ခတ်လိုက်ရသည်။
မော့ကျန်းက ကော်ဖီတစ်ခွက် ယူကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်။
"အကျိုးဆက်တွေကို မစဥ်းစားမိတာ ငါ့အမှားပါ... တောင်းပန်ပါတယ်"
ဖြောင်ဖြောင်သာ ထိုလူများကို ကြိုတင် မနှိမ်နင်းထားခဲ့ပါက သူတို့ ထိုနေရာမှ အနာတရ မရှိဘဲ ပြန်ထွက်လာနိုင်ရန် မသေချာပေ။ ပြီးတော့ သူသာ အနာတရ ဖြစ်သွားခဲ့ပါက ကုမ္ပဏီကို ပြဿနာများစွာ သယ်လာပေးလိမ့်မည်။ ထပ်ပေါင်းပြောရလျှင် သူ ပွဲဦးစထွက်ကတည်းက ထန်ချန်းက သူ့ဘေးနားတွင် အမြဲရှိနေခဲ့ပြီး နှစ်ယောက်သားက ဆယ်စုနှစ် တစ်ခုမျှ လုပ်ဖော်ကိုင်ဘက် သူငယ်ချင်း ဆက်ဆံရေး ရှိခဲ့ကြသဖြင့် ထိုသူ သူ့ကို စိုးရိမ်နေသည်သာ ဖြစ်ကြောင်း မော့ကျန်း သိပေသည်။
ထန်ချန်းက သက်ပြင်းချကာ သူ့မျက်ခုံးများကို ပွတ်လိုက်သည်။
"ကောင်းပြီလေ... လူတွေ အကုန် အဆင်ပြေနေတာပဲ... ဒါပေမယ့် ဆုံးဖြတ်ချက်တစ်ခုခု ချမယ်ဆိုရင် မင်း ကိုယ့်အကြောင်းကိုယ် မစဥ်းစားရင်တောင် မင်းဘေးကလူတွေ ပြီးတော့ ထောင်ချီနေတဲ့ မင်းဖန်တွေအကြောင်း စဥ်းစား"
“ငါ သိပြီ" မော့ကျန်းက သဘောထားကောင်းကောင်းနှင့် ပြန်ဖြေသဖြင့် ထန်ချန်းက ပြန်မချေပနိုင်တော့။ ထန်ချန်းက အံဆွဲထဲမှ တစ်ခုခုကို ဆွဲထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။
"ဒီဂုဏ်ပြုအောင်လံကို အိမ်မှာ ချိတ်ထားချင်လား"
မော့ကျန်းက ကျောင်းအားကစားခန်းမတွင် ချိတ်ဆွဲထားသည့် နိုင်ငံတော်အလံအလား တောက်ပနေသည့် အလံအား ကြည့်ကာ မျက်ခုံး ပင့်မိသွားသည်။
"ဒါမှမဟုတ် ကုမ္ပဏီမှာ ချိတ်ထားလို့လည်း ရတယ်လေ... ဒါဆို ကျက်သရေ အဖြာဖြာနဲ့ တောက်ပနေမှာပဲ"
ထန်ချန်း: “…”
မင်း တွေးကြည့်ပြီးတော့ မင်းအိမ်ရဲ့ အလှဆင်ထားတဲ့ ပုံစံကို မလိုချင်ဘူးမလား...
မော့ကျန်းက စတူဒီယိုသို့ အလျင်စလို သွားရမည် ဖြစ်၍ ထန်ချန်း၏ ရုံးခန်းတွင် ကြာကြာမနေခဲ့ပေ။ သူ အပြင်ထွက်လာသည်နှင့် ဟန်မိန်မိန်က သူ့ကို ပြုံးပြကာ သူထွက်သွားသည်ကို ကြည့်နေခဲ့သည်။.
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: ဘာဖြစ်သွားလဲ... ဘာဖြစ်သွားလဲ... ဧကရာဇ် အလံလေး ယူသွားတယ်လား
ဇီးပန်းခြောက် ကိုးကိုင်း: ယူမသွားဘူး... ╮ (╯ _ ╰) ╭
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: ငါသိသားပဲ... ငါ့နတ်ဘုရားလေးက ကျော်ကြားမှုတွေ ကံကောင်းမှုတွေ ကြွယ်မှုတွေနောက် လိုက်မဲ့ လူစားမျိုး မဟုတ်ပါဘူးလို့...
ဇီးပန်းခြောက် ကိုးကိုင်း: ...
ဇီးပန်းခြောက် ကိုးကိုင်း: ငါထင်တာတော့ အလံလေးက သူ့မိသားစု ပုံစံနဲ့ မကိုက်ဘူးလို့ သူ ခံစားရလို့ နေမှာပေါ့...
ကီးဘုတ်ပေါ်မှ လူစီ၏ လက်ချောင်းများ ရွေ့လျားသွားပြီး ပြန်လည် ချေပရန် ပြင်နေစဥ်မှာပင် ဟန်မိန်မိန်၏ QQ IDက သူမကို မက်ဆေ့ချ်ပို့လာပြန်သည်။
ဇီးပန်းခြောက် ကိုးကိုင်း: စီနီယာတုန့်က ငါ့ကို အလံလေးကိုလေ ဧကရာဇ်မော့ရဲ့ နားနေခန်းထဲ ချိတ်ထားဖို့ ပြောလိုက်တယ်ဟဲ့_ (: “∠) _
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: ချိတ်ပြီးသွားရင် ငါ့ကို ဖုန်းခေါ်လိုက်... ငါလာပြီး ဂုဏ်ပြုပေးချင်တယ်... ဂုဏ်ပြုပေးချင်တယ်လို့...
ဇီးပွင့်ခြောက် ကိုးကိုင်း: ... တကယ်တော့လေ... ငါ နင့်ကိုယ်ပေါ် ပိုပြီး ချိတ်ထားလိုက်ချင်တာ...
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: ... ယုံလိုက်... ငါ လေထဲမှာ ချိတ်ထားတဲ့ အလံလေး မဖြစ်နိုင်ဘူး...
ဇီးပန်းခြောက် ကိုးကိုင်း: နင်အခု 38ထပ်မှာလား...
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: ပြဿနာ ရှိလို့လား
ဇီးပန်းခြောက် ကိုးကိုင်း: ငါလာပြီး နင့်ကို လေညှင်းလေး ခံစားခိုင်း မလို့လေ...
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: ... ငါထင်တာ နင့်ရဲ့ ဝါသနာကို ပိုပြီး သိုသိုသိပ်သိပ် ထားသင့်တယ်နော်...
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: နင်ဘယ်သွားတာလဲ...
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: နင်တကယ်ကြီး တက်မလာပါဘူးနော်...
နတ်ဘုရားလေးရဲ့ ပြိုင်ဘက်ကင်းသိုင်းကွက်: ရဲတွေ အနီးအနားမှာ ရောက်နေပြီနော်... ငါ့ကို လာမရှုပ်နဲ့...
.......
အားယောင်နှင့် မော့ကျန်းမှာ စတူဒီယိုသို့ ရောက်လာကြသည်။ သူမ အဝေးရောက်နေခဲ့ရသည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း ကံမကောင်းစွာဖြင့် စုန့်နီနှင့် တည့်တည့်တိုးသည်။ ယနေ့က စုန့်နီ ပါဝင်ရမည့် နောက်ဆုံး အပိုင်းဖြစ်ပြီး စုန့်နီ၏ ဇာတ်ကောင်ကို ဗိုင်းရပ် ကူးစက်သွား၍ သေသွားရမည် ဖြစ်သည်ပင်။
အားယောင်က ထိုဇာတ်ကွက်၏ မျက်မြင်သက်သေများထဲမှ တစ်ယောက် အဖြစ် ဂုဏ်ပြုခံနေရသည်ဟု ခံစားနေရသည်။
ဗိုင်းရပ် ကူးစက်ခံထားရသည့် ရလဒ်ကို ပြသရန်အတွက် မိတ်ကပ်ပညာရှင်က ဒုက္ခခံ၍ အသားများ ပုပ်သိုးနေသည့် မိတ်ကပ် ပြုလုပ်ချက်ကို ခြယ်သထားခဲ့ပြီး ထိုပြုလုပ်ချက်က အလွန် ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းလှသဖြင့် တစ်ခါကြည့်မိသည်နှင့် အခြားသို့ မကြည့်နိုင်ကြတော့။
စုန့်နီ မှန်ပေါ်မှ သူမ၏ပုံကို တွေ့သောအခါ ထိတ်လန့်တုန်လှုပ်သွားပြီး ထိုအကြောင်းနှင့် ပတ်သက်၍ မိတ်ကပ်ပညာရှင်ကို စတင် ရင်ဆိုင်တွေ့လေသည်။ မိတ်ကပ်ပညာရှင်က သူမ လုပ်ထားသော အရာသည် သိသာမြင်သာသော သက်ရောက်မှုများကို ပို၍ မြှင့်တင်နိုင်ရန် အတွက် ဖြစ်သည်ဟု အားတက်သရော ရှင်းပြလိုက်သော်လည်း သူမက မော့ကျန်း၏ လျှို့ဝှက်ဖန်အကြီးစား တစ်ယောက် ဖြစ်သည်ကိုကား ထုတ်မပြောရဲပါချေ။
ရိုက်ကူးရေးအဖွဲ့သားများနှင့် ဆွေးနွေး တိုင်ပင်ပြီး အဆုံးတွင် မိတ်ကပ်ပညာရှင်က တွန့်ဆုတ် တွန့်ဆုတ်ဖြင့် စုန့်နီ၏ မိတ်ကပ်ကို ပို၍ ရိုးရိုးရှင်းရှင်း ဖြစ်သွားရန် ပြင်ပေးလိုက်ရသည်။ သူမက မိတ်ကပ်ကို ပြုပြင်မွမ်းမံ နေခဲ့သော်လည်း တစ်ချိန်တည်းမှာပင် သူမက နှလုံးသားထဲတွင် ကိုယ့်ကိုယ်ကို ပြန်နှစ်သိမ့်နေရသည်။ မည်သို့ပင် ဆိုစေကာမူ စုန့်နီမှာ အခြားသော အထူးပြုလုပ်ချက်များကို ကျော်ဖြတ်ရမည် ဖြစ်သည်။ အထူးပြုလုပ်ချက်များကို လုပ်ဆောင်ရသော မိန်းကလေးမှာလည်း မော့ကျန်း၏ ဖန်အကြီးစားဖြစ်သည်ကို သူမ ထုတ်ပြောလိမ့်မည် မဟုတ်ပေ။
စုန့်နီက အဆုံးတွင် တွန့်ဆုတ်စွာဖြင့် တဝက်တပျက် ပုပ်သိုးနေသော မျက်နှာကိုသာ လက်ခံလိုက်ရသည်။ သူမ၏ စိတ်အခြေအနေက အလွန် ဆိုးဝါးနေသည်။ သူမ ဇာတ်ကွက် ရိုက်နေသောအခါ ညစ်ပတ်နေသော အနာက စူးရှတောက်ပသော အလင်းရောင်ထက်တွင် ထွက်ပေါ်လာပြီး ၎င်းက စုတ်ပြဲနေသည့် လူ့အသားနှင့်ပင် တူနေသေးသည်။
နှစ်နာရီခွဲအချိန်တွင် ရိုက်ကူးရေးအဖွဲ့က သူတို့အတွက် နေ့လည်စာများလာပို့သော အလုပ်သမားများကို သွားတွေ့လိုက်သည်။အားယောင်က မော့ကျန်း၏ နောက်သို့ အမှတ်တမဲ့ ပုန်းအောင်းမိသွားသည်။
မော့ကျန်းက မနေနိုင်ဘဲ ရယ်မောကာ သူ့နောက်တွင် ပုန်းနေသော အားယောင်လေးကို ကြည့်လိုက်ပြီး အသံကို နိမ့်၍ မေးလိုက်သည်။ "အရမ်း ကြောက်နေရင်လည်း ဘာလို့ လိုက်လာနေသေးတာလဲ”
အားယောင်၏ နှုတ်ခမ်းပါးလေးက အသံထွက်မလာဘဲ မော့ကျန်းက သူ့နေ့လည်စာဘူးကို ဖွင့်ကာ တူများကို သုံး၍ ဝက်သားကို ကောက်ယူလိုက်သည်။ "စိတ်အေးအေးထား... ကြီးပွားချမ်းသာ နေ့လည်စာဆိုင်က သူဌေးက အခု ရိုက်ကူးရေးအဖွဲ့ရဲ့ နာမည်ပျက်စာရင်းမှာ ပါသွားပြီ... လုံခြုံရေး ဝန်ထမ်းတွေ အားလုံးမှာတောင် သူ့ဓါတ်ပုံ ရှိကြတယ်"
အားယောင်က မော့ကျန်း ပြောသည့်စကားကို ရယ်မောလိုက်သည်။ ချက်ကျလက်ကျ ပြောရလျှင် သူဌေး ထပ်လာလျှင်တောင် သူမ ကြောက်စရာ မလိုပေ... သူမက ဖြောင်ဖြောင်ထံမှ အရာများစွာ သင်ယူထားပြီးဖြစ်လေသည်။
မော့ကျန်း နေ့လည်စာဘူးထဲမှ ကြက်တောင်ပံများကို ကြည့်ကာ အားယောင် သူမ၏ အစာအိမ်ထဲမှ ဆာလောင်လာရသည်ကို ခံစားနေရသည်။
"ကျန်းကျန်း... ကျွန်မ ကြက်ခြေထောက် စားချင်တယ်"
မော့ကျန်း: “…”
သူက သူမပြောသည့်စကားကို မကြားချင်ယောင်ဆောင်ကာ အမဲသားတစ်တုံးကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ မော့ကျန်း သူမကို လျစ်လျူရှုထားသည်အား အားယောင် တွေ့သောအခါ ထပ်ပြီး ထပ်ပြီး ပြောလာခဲ့သည်။
"ကြက်တောင်ပံတွေလည်း စားလို့ကောင်းတာပဲ"
မော့ကျန်းက နေ့လည်စာကို ဝီရိယ ရှိရှိ စားနေဆဲ ဖြစ်သည်။
အားယောင်က အံကြိတ်ကာ စတူဒီယိုအတွင်း တစ်ပတ်လောက် ပျံ၍ သူမ၏ ပတ်ပတ်လည်မှ လူများကို ဖြန့်ကျက်၍ ကြည့်လိုက်ပြီး အဆုံးတွင် စုန့်နီကို ရွေးချယ်လိုက်သည်။ အကြောင်းမှာ သူမ၏ နေ့လည်စာဘူးမှာ အားယောင် အလွန် စိတ်ဝင်စားနေသည့် ဝက်ချိုချဥ်တို့ဖြင့် ပြည့်နေလေသည်။
မော့ကျန်းက အားယောင် စုန့်နီအနားသို့ လွင့်မျောသွားသည်ကို ကြည့်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် အားယောင်၏ ခန္ဓါကိုယ်က သူမ၏ နေရာမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။ စုန့်နီ၏ ခန္ဓါကိုယ်က ရုတ်တရက် တောင့်တင်းသွားကာ သူမဘေးမှ လက်ထောက်လေးက စုန့်နီလက်မှ လွတ်ထွက်သွားသော တူများကို ရုတ်တရက် ဖမ်းလိုက်ပြီး စိတ်ပူပန်နေသော အမူအယာဖြင့် မေးလိုက်သည်။
"အစ်မစုန့်နီ... ဘာဖြစ်လို့လဲ"
ထိုခန္ဓါကိုယ်နှင့် အသားကျသွားသည့် အားယောင်က ခေါင်းမော့ကာ နားရွက်များထိ တိုကပ်နေသော ဆံပင်ရှိသည့် လက်ထောက်လေးကို ကြည့်လိုက်သည်။
"ဘာမှ မဖြစ်ပါဘူး"
လက်ထောက်လေး၏ အမူအယာက ချက်ချင်း မဲမှောင်သွားလေသည်။ ယခင်က သူမရှေ့တွင် စုန့်နီက တစ်ခါမှပင် မရယ်မောခဲ့ဖူးပေ။ သို့သော်လည်း ထိုမိတ်ကပ်ပုံစံပေါ်မှ အပြုံးသည်ကား... အနည်းငယ် ထိတ်လန့်ဖွယ်ရာပင်။
အားယောင်က လက်ထောက်လက်ထဲမှ တူများကို ပြန်ယူလိုက်ပြီး သူမ၏နေ့လည်စာဘူးကို ယူကာ မော့ကျန်းထံ လျှောက်သွားလိုက်သည်။ လက်ထောက်လေးက သူမသွားနေခဲ့သည့် ဦးတည်ရာကို ကြည့်ကာ သူမ၏ ပါးစပ်က ထိတ်လန့်အံသြမှုတို့ဖြင့် ပွင့်ဟသွားသည်။ ဘုရားရေ... အစ်မစုန့်နီက ထပ်ပြီး သေကြောင်းကြံပြန်ဦးမလို့လား...
မော့ကျန်းက သူ့ဘက်သို့ လျှောက်လာနေသည့် စုန့်နီကို ကြည့်ကာ သူ့နှုတ်ခမ်းတို့ ရွေ့လျားသွားသော်လည်း စကားပြောမလာခဲ့ပေ။ စုန့်နီဘေးမှ လေထုက အလွန်နွေးထွေးနေပြီး သူမက မော့ကျန်းဘေးမှာပင် တည့်တည့် ဝင်ထိုင်လိုက်သည်။
"ကျန်းကျန်း ရှင့်ရဲ့ ကြက်ခြေထောက်တွေကို ကျွန်မရဲ့ ဝက်ချိုချဥ်ကြော်နဲ့ လှဲမယ်လေ... အိုကေလား"
မော့ကျန်း: “…”
ထိုနေရာ၏ အဖြစ်အပျက်က အလွန် ထူးဆန်းနေပုံပေါ်နေသည့်ထင်။ ရိုက်ကူးရေး အဖွဲ့သားများအားလုံးက မနေနိုင်ဘဲ လှမ်းကြည့်နေကြသည်။
ဘုရားရေ... ဒါက တကျော့ပြန် ဒုတိယအပိုင်းဆက်များလား...
သူတို့ဘေးမှ လူအများက နောက်ထပ် မြင်ကွင်းကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။ စုန့်နီက သူ့ဝက်နံရိုးတွေကို မော့ကျန်းရဲ့ ကြက်တောင်ပံတွေနဲ့ သွားလဲတယ်... တကယ်ကြီးဟ... သူမက မော့ကျန်းရဲ့ ကြက်ခြေထောက်ပန်းကန်ကို တကယ်ကြီး ယူသွားတာ... ဝက်နံရိုးတုံးလေးကို သုံးပြီးတော့လေ...
ပြီးတော့ ဧကရာဇ်မော့က မခုခံခဲ့ဘူးတဲ့...
အားယောင်မှာ အဆုံးတွင် ကြက်ခြေထောက်စားရန် ဆန္ဒ ပြန့်ဝသွားပြီဖြစ်၍ စိတ်ကျေနပ်စွာဖြင့် လေချဥ်တက်လိုက်သေးသည်။
"ကျန်းကျန်း... ဘာလို့ မစားတာလဲ"
မော့ကျန်း: “…”
မင်းရဲ့ ဒီမျက်နှာပုံကြီးကို ကြည့်ပြီးတော့ ဘယ်သူကများ စားနိုင်သောက်နိုင်ပါအုံးမလဲကွ...
ကြည့်ရှုနေသူများက မော့ကျန်း၏ အသံကို ကြားနိုင်သည့်အလား ခေါင်းငြိမ့်ပြလိုက်ကြသည်။ တစ်ဖက်မှ မိတ်ကပ်ပညာရှင် မိန်းကလေးသည်ကား သူမ၏ လက်ကိုင်ပဝါကိုသာ ခါးသီးသီး ကိုက်နေရသည်။ ဇာတ်ညွှန်းသာ ဒီလိုရေးထားမှန်းသိရင် သူမက စုန့်နီ ကြောက်စရာကောင်းတဲ့ ပုံကြီး ဖြစ်အောင်လို့ အချိန်အများကြီး မသုံးခဲ့ပါဘူး...
စုန့်နီ၏ လက်ထောက်လေးသည်လည်း အတွေးများထဲသို့ လုံးလုံး နစ်မြောနေရသည်။ ဘယ်တုန်းကများ ဧကရာဇ်မော့နဲ့ အစ်မစုန့်နီရဲ့ ဆက်ဆံရေးက အရမ်းကောင်းသွားရတာလဲ... သူမက ဘာလို့ အဲ့အကြောင်းကို လုံးဝမသိခဲ့ရတာလဲ...
အားယောင် ဗိုက်ပြည့်သည်အထိ စားပြီးနောက် ထရပ်ကာ အကြောလျှော့လိုက်သည်။ သို့သော်လည်း စုန့်နီက အမှန်တကယ်ပင် အကြောပျော့လှသည့်အတွက် ခြေထောက်ခွဲရာတွင် ပြဿနာ မရှိလှ။ ကြည့်ရှုသူများမှာ စုန့်နီက တံတားပုံစံလုပ်ပြီးနောက် ခြေထောက်များ ခွဲဖြာလိုက်သည်ကို ကြည့်ရင်း ကြက်သေသေသွားကြသည်။ ၎င်းက သူတို့အပေါ် အတော်လေး လွှမ်းမိုးသွားသဖြင့် ခေါင်းများပင် မူးဝေသွားရသည်။
(TN: gymnasticsရဲ့ "bridge" တံတားပုံစံက ခန္ဓါကိုယ်ကို ကော့ပြီး လက်တွေကို ကြမ်းမှာ ထိလိုက်တဲ့ ပုံစံပါ... လက်က မြေပြင်ပေါ် ထိနေပေမယ့် ကုန်းနေတာရဲ့ ဆန့်ကျင်ဘက် ကော့နေတာပေါ့... နောက်တစ်ခု ခြေထောက် ခွဲဖြာတဲ့ "split"ကတော့ မြေပေါ် ထိုင်ပြီး ခြေထောက်တွေကို 180° ခွဲလိုက်တာပါပဲ)
မော့ကျန်းက ဆက်မကြည့်န်ုင်တော့။
"ကောင်းပြီ... မင်း အခု ထွက်လာလို့ ရပြီလား" မော့ကျန်းက သူ့မျက်နှာကို အုပ်ကာ အားယောင်သာ ကြားနိုင်သည်အထိ အသံလျှော့ပြောလိုက်သည်။
“အို့” အားယောင်က မော့ကျန်းကို တစ်ချက်ကြည့်၍ စုန့်နီ ယခင်က အနားယူနေခဲ့သော နေရာသို့ သွားလိုက်သည်။
ထို့နောက် လူတိုင်း၏ အကြည့်အောက်မှာပင် စုန့်နီက မြေပြင်ပေါ်တွင် ကျွမ်းပစ်လိုက်လေသည်။
…
Xxxxxx