အပိုင်း ၃၃
Viewers 14k

Chapter 33


ပုံစံအမှန်


ဤတစ်ကြိမ်၌ စတူဒီယို ဝန်ထမ်းများဖြင့် ကြက်သေသေမှုကြောင့် နေရာမှာပင် အေးခဲသွားလေတော့သည်။


အားယောင်က မော့ကျန်းဘေးသို့ လွင့်မျောလာသည့် အချိန်မှာပင် စုန့်နီ ထရပ်လာခဲ့သည်။ သူမ၏ ညစ်ပတ်နေသော အဝတ်အစားများကို ကြည့်ကာ စုန့်နီက စိတ်ရှုပ်ထွေးစွာဖြင့် သူမ၏ လက်ထောက်လေးကို မေးလိုက်သည်။


 "ဘာဖြစ်သွားတာလဲ"


လက်ထောက်လေးက တောင့်တင်းသွားကာ စုန့်နီကို လှည့်ကြည့်လိုက်သည်။


 "အစ်မ... မမှတ်မိဘူးလား"


“ဘာကို မှတ်မိရမှာလဲ" စုန့်နီက စိတ်မရှည်စွာဖြင့် ထပ်မေးလိုက်သည်။ ဘာကြောင့် လူတိုင်း သူမကို ကြည့်နေရတာလဲ... မော့ကျန်းတောင် သူမကို စိုက်ကြည့်နေသေးတယ်...


လက်ထောက်လေးက စိတ်သက်စာရာရဟန် သက်ပြင်းချကာ သူမမျက်နှာပေါ်မှ အကြောများကို လျှော့လိုက်ပြီး ပြုံးပြသည်။


 "ဘာမှ မဖြစ်ပါဘူး"


မော့ကျန်းက သူ့နေ့လည်စာကို စားနေဟန်ဖြင့် ခေါင်းငုံ့လိုက်သည်။ သို့သော်လည်း အမှန်တကယ်တွင်မူ သူ အားယောင်ကိုအသံတိုးတိုးဖြင့် စကားပြောနေခြင်း ဖြစ်လေသည်။ 


"မင်း ထွက်လာချင်ရန် ကျွမ်းထိုးစရာ မလိုဘူးဆိုတာ မမှတ်မိဘူးလား"


အားယောင်က ခေါင်းကို စောင်းကာ တွေးလိုက်သည်။ ထို့နောက် သူမက မော့ကျန်းကို ပြုံးပြလာခဲ့သည်။


 "အိုး... ကြည့်ရတာ ကျွန်မ မေ့သွားပုံပဲ"


မော့ကျန်း: “…”


အားယောင် စုန့်နီကို တမင်သက်သက် လုပ်လိုက်တယ်ဆိုတာကို သူ့ဆီကနေ ယူသွားတဲ့ကြက်ခြေထောက်ကို ကျိန်ပြီး ပြောရဲတယ်... 


နေ့ခင်းပိုင်း ရိုက်ကူးရေးအတွင်းတွင် ရိုက်ကူးရေး အဖွဲ့သားများအားလုံးက အမှတ်တမဲ့ သော်လည်းကောင်း တမင်တကာ သော်လည်းကောင်း စုန့်နီကို ရှောင်နေခဲ့ကြသည်။ စုန့်နီ၏ နှလုံးသားထဲတွင် သူမကိုယ်သူမ ပိုပို၍ သံသယဝင်လာခဲ့သည်။ သူမက နေ့လည်စာစားချိန်အတွင်း ဖြစ်ခဲ့သည့်ကိစ္စ တစ်ခုမှ မမှတ်မိတော့။ သူမက ဒီလို ဆီများပြီး ချွဲကျွိနေတဲ့ နေ့လည်စာကိုလည်း သေချာပေါက် စားမှာ မဟုတ်ဘူး... 


စုန့်နီ သူမကိုယ်သူမ သံသယ ဝင်နေချိန်၌ ရိုက်ကူးရေးအဖွဲ့သားများ၏ စိတ်ထဲတွင်လည်း ဗျောက်အိုးများ ပေါက်ကွဲနေသည့်အလားပင်။ ကံအားလျော်စွာဖြင့် ယနေ့က သူမ၏ နောက်က်ဆုံး ရိုက်ကွင်း ဖြစ်ပြီး ထိုကဲ့သို့သော ဦးနှောက် အာရုံကြောရောဂါမျိုးကလည်း ကူးစက်တတ်သည်လား မသိနိုင်ပေ။


မကြာမီပင် "ဦးနှောက်အာရုံကြောရောဂါ ဘယ်လို ရနိုင်လဲ" ဟူသော ပိုစ့်တစ်ခုက ဖိုရမ်ပေ့ချ် ၏ ထောင့်စွန်းတွင် ပေါက်ထွက်နေပြီး ၎င်းတွင် တစ်ဝက်ပုပ်သိုးနေသော မျက်နှာနှင့် စုန့်နီက ခြေထောက်ခွဲဖြာခြင်းနှင့် ကျွမ်းထိုးခြင်းများ လုပ်နေကာ အကြည်လင်ဆုံး ထိုဓါတ်ပုံက အင်တာနက်တစ်ခွင်မှ လူတိုင်း၏ ရွှေတံဆိပ်ဆုရရှိသွားလေသည်။ 


ထိုသတင်းက ရက်အတော်ကြာ ပေါက်ကွဲနေခဲ့သည်။ သို့သော်လည်း မကြာမီမှာပင် ပို၍ အရေးကြီးသော သတင်းတစ်ခု တက်လာခဲ့သည်။


ဧကရာဇ်မော့က သတင်းထူးမှာ ပါနေတယ်ကွ... မှန်ပါ၏။ ဧကရာဇ်မော့က သတင်းအသစ်အဆန်းတစ်ခု မလုပ်ခဲ့သော်ငြား ယခုတစ်ကြိမ်က ဖျော်ဖြေရေး သတင်းထူး မဟုတ်ဘဲ ထိုအစား နိုင်ငံတော်သတင်း ဖြစ်နေခဲ့သည်။ 


ထိုဆောင်းပါးကို တင်ခဲ့သူက နိုင်ငံတော်အဆင့် သြဇာကြီးသော သတင်းဌာနမှ ဖြစ်ပြီး ထိုမက်ဆေ့ချ်တွင် ကြောင်နှိပ်စက်သည့် ဂိုဏ်း ပြုလုပ်ခဲ့သော ကြောက်စရာကိစ္စရပ်များကို ထုတ်ဖော်ပြောကြားလာခဲ့ပြီး တရားရုံး၏ နောက်ဆုံး ဆုံးဖြတ်ချက်ကိုပါ ကြေညာထားခဲ့သည်။ ပို၍ အရေးကြီးသည်မှာ ထိုအမှုကို ဖြေရှင်းရန် ကူညီပေးခဲ့သည့် ပြည်သူများကိုလည်း ချီးကျူး ဂုဏ်ပြုထားသည်။


ဤကမ္ဘာတွင် မော့ကျန်းနှင့် နာမည်တူ လူပေါင်းများစွာ ရှိနိုင်သော်လည်း ရဲများက မော့ကျန်း၏ ကုမ္ပဏီသို့ ဂုဏ်ပြုအလံ ပို့ပေးခဲ့သည်ဟု တစ်ယောက်ယောက်က ပြောလာခဲ့သည်။ ၎င်းကပင် ထိုသူက ဧကရာဇ်မော့စစ်စစ် ဖြစ်သည်ဟူသော ခိုင်မာသည့် သက်သေဖြစ်ပေသည်။


ထိုဖြစ်စဥ်နှင့် ပတ်သက်ပြီး ထုတ်ပြန်ချက်တွင် မော့ကျန်းက ပြစ်မှုကျုးလွန်သူများကို ရဲရဲ့ရင့်ရင့် တိုက်ခိုက်ခဲ့သည်ဟု ဆောင်းပါးရှင်က ကိုယ်တွေ့ မျက်မြင် မြင်တွေ့ခဲ့ရသည့်အလား ရှင်းရှင်းလင်းလင်း ရေးသားထားခဲ့သည်။ မော့ကျန်းမှာ သူ့ဖန်များ၏ နှလုံးသားထဲ၌ မည်သည့် အမေရိကန် ဟီးရိုးများထက်မဆို ခမ်းနားကြီးကျယ် သွားခဲ့လေသည်။


မော့ကျန်းက သူ့လက်ထဲမှ သတင်းစာဆောင်းပါးကို ဖတ်ကြည့်လိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။ သူတို့က သူနှင့် ပတ်သက်သော ကိုယ်ရေးကိုယ်တာ အချက်အလက်များနှင့် သူ နေထိုင်သော နေရာကို ထုတ်ဖော်မလာခဲ့သဖြင့် သူ့နှလုံးသားထဲမှ စိုးရိမ်ပူပန်မှုများက လုံးလုံး ပြုတ်ကျသွားခဲ့သည်။


 "မင်းတို့တွေက သူတို့ဘယ်လိုမျိုး အစီရင်ခံလဲ ဆိုတာကို ဂရုမစိုက်ဘူးမလား"


ထန်ချန်းက သူ့မျက်နှာချင်းဆိုင်မှ လူကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ တီးတိုးရယ်လိုက်သည်။


 "ဒါဆို မင်း သူတို့ကို အဲ့အချိန်တုန်းက မင်းနာမည်ကို လိုင်ဖန်းလို့ ပြောခဲ့သင့်တယ်"


မော့ကျန်း: “…”


"ဒါက မင်း သူတို့ရဲ့ ကြောင်လေးတွေအတွက် တရားမျှတမှု ရှာပေးလို့ ကျေးဇူးတင်တဲ့ နည်းလမ်းပဲလေ... ငါတို့က နှလုံးသားမဲ့မဲ့နဲ့ ငြင်းဆန်လိုက်လို့ ဘယ်ဖြစ်မလဲ"


မော့ကျန်း: “…”


မင်းမှာ စျေးပေါတဲ့ နှလုံးသားပဲ ရှိတာကွ...


သတင်းစာတိုက် ပိုင်ရှင်သည်လည်း ကန်စီနီဗီလာ၏ နေထိုင်သူတစ်ယောက် ဖြစ်ပြီး သူ့ဇနီး၏ ကြောင်လေးသည်လည်း ထိုအမှုမှာ သေဆုံးသွားခဲ့သည်။ သူ ရဲများ၏ ရှင်းပြချက်များမှ ဖြစ်ပျက်ခဲ့သည့်အရာများကို လုံးဝ နားလည်သဘောပေါက် သွားပြီးနောက် ထိုဆောင်းပါးကို ထုတ်ဝေခဲ့ခြင်း ဖြစ်ပေသည်။


အလေးပေးဖတ်ရန် အရေးကြီးသည်မှာ ၎င်းက လုံးဝပင် ကြော်ငြာများ ကင်းစင်နေခြင်း ဖြစ်သည်။


ထန်ချန်းက သူ့အလုပ်ခုံမှ ထရပ်လိုက်ပြီး မော့ကျန်း ပုခုံးကို ပုတ်လိုက်သည်။


 "ဧကရာဇ်မော့... ဒီနှစ်ရဲ့ ထိပ်တန်း အနုပညာရှင် ဆယ်ယောက်ထဲမှာ ပါဖို့ စိတ်ရှည်ရှည်ပဲ စောင့်နေလိုက်တော့...


 


အဆုံးတွင် မော့ကျန်းသည်လည်း ငယ်ရွယ်သော ထိပ်တန်း သရုပ်ဆောင် ဆယ်ယောက်ဆု မရရှိခဲ့ပေ။ သူသည်လည်း ငယ်ရွယ်သည်ဟု ပြော၍ ရနိုင်သော အသက်အရွယ်ကို ကျော်လွန်ခဲ့ပြီဟု ယူဆနိုင်ပေသည်။


အချိန်က မျက်စိတစ်မှိတ်အတွင်းမှာပင် တိတ်တဆိတ် ကုန်ဆုံးသွားခဲ့ပြီး နိုဝင်ဘာသို့ပင် ရောက်ရှိလာပေပြီ။ ရာသီဥတုက တဖြည်းဖြည်း အေးလာပြီ ဖြစ်သော်လည်း အားယောင်က အဖြူရောင် ဝတ်စုံကိုသာ ဝတ်ဆင်ထားဆဲဖြစ်သည်။ 


သူမကို ကြည့်၍ မော့ကျန်းသည်ပင် အေးလာသလို ခံစားနေရသော်လည်း သရဲများက မူလကပင် ကျောက်ခဲကဲ့သို့ အေးစက်လှသည်ကို တွေးမိသွားသောအခါ အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


နေ့တိုင်းပင် အားယောင်က မော့ကျန်းနောက်သို့ စတူဒီယိုဆီ လိုက်လာပြီး လိုက်ပတ်ကာ မျောလွင့်နေလေ့ရှိသည်။ နတ်ဘုရား တားမြစ်ဇုံ 3ကလည်း ရိုက်ကူးရေး အဆုံးသတ်သို့ ဝင်ရောက်လာပြီ ဖြစ်၍ အားယောင်သည်လည်း အနည်းငယ် ဆွေးတမြည့်မြည့် ခံစားလာရသည်။ 


ဒါရိုက်တာက ရိုက်ကူးရေး လုပ်ငန်းစဥ်ကို ထိန်းချုပ်ရန်အတွက် အင်္ဂလိပ် စကားပြောခန်းများ အားလုံးကို ရိုက်ကူးရေး အဆုံးသတ်အဆင့်ရောက်မှသာ ထည့်သွင်းခဲ့သည်။ သရုပ်ဆောင်များ အားလုံးနီးပါးက အင်္ဂလိပ် စကားပြောရမည့် အပိုင်းများ ရလာသည့်အတွက် သရုပ်ဆောင် တစ်ယောက်ချင်းစီ၏ NGလည်း တိုးလာကာ ရိုက်ကူးရေး အရှိန်လည်း လျော့ကျသွားသည်။


(NG_ No good)


“ငါသေသွားရင်တောင် နတ်ဘုရား တားမြစ်ဇုံ 3ကို ကြည့်လိုက်နိုင်မယ် မထင်ဘူး"


ဆန္ဒ အပြည့်ဖြင့် အသံတစ်ခုက အားယောင်၏ ဘေးနားမှ ပေါ်ထွက်လာပြီး အားယောင်ကို ထိတ်လန့်မှုတို့ကြောင့် ခုန်ထွက်သွားစေသည်။ သူမက လှည့်ကာ ထိုသူကို အံ့သြမှုများစွာဖြင့် ကြည့်လိုက်သည်။ 


"ဖြောင်ဖြောင်"


ဖြောင်ဖြောင်သည်လည်း အားယောင်ကို ကြည့်လာကာ ခေါင်းမော့၍ ပြုံးပြလိုက်သည်။ "မတွေ့ရတာ ကြာပြီ... ကြောင်ငယ်လေး" 


ထိုကြောင်လေးအကြောင်း ပြောကာမှ အားယောင် မျက်ခုံး ကြုံ့မိသွားသည်။ "ကြောင်နက်လေးက အိမ်က ထွက်သွားပြီ" 


ဖြောင်ဖြောင်က အံ့သြမသွားပေ။ 


"လေလွင့်ကြောင်လေးတွေက ဒီလိုပါပဲ... ပြောကြတဲ့အတိုင်းပဲ... အရိုင်းကို ယဥ်အောင်လုပ်ဖို့က ခက်တယ်လေ"


“ဒါကြောင့်ကိုး..." အားယောင်၏ ပုခုံး လျော့ကျသွားသည်။ သူမက ကြောင်နက်ကလေး ထွက်သွားလိမ့်မည်ဟု အမြဲတမ်း ခံစားနေခဲ့ရသည်။ ဖြောင်ဖြောင်က အားယောင်၏ စိတ်အခြေအနေ ပိုမိုမဲမှောင်လာသည်ကို ကြည့်ကာ သူမအနားသို့ လွင့်မျောလာသည်။


 "ကြောင်လေး ဘာဖြစ်လို့လဲဟင်... ဧကရာဇ်မော့ နင့်ကို အနိုင်ကျင့်လို့လား" 


"မဟုတ်ပါဘူး" အားယောင်က ပြောရင်း ခေါင်းယမ်းပြကာ ဖြောင်ဖြောင်ကို ကြည့်လိုက်သည်။ "နင် ဒီတစ်ချိန်းလုံး ဘယ်တွေ ရောက်နေခဲ့တာလဲ"


“တရားမမျှတမှုနဲ့ ပြစ်မှုတွေ ရှိနေတဲ့ နေရာကို သွားတာ"


အားယောင်: “…”


ကြည့်ရတာ သူရဲကောင်း အမျိုးသမီးက ရဲရင့်ရတာကို စွဲလမ်းနေပြီ ထင်တယ်...


"နင့်မိသားစု ဧကရာဇ်မော့က ငါ့ဂုဏ်ပြုမှတ်တမ်းကို ခိုးပြီး အိမ်က ကန်ထုတ်လိုက်တာ... အရမ်း စိတ်တိုဖို့ ကောင်းတာပဲ" 


ဖြောင်ဖြောင်က တမင်သက်သက် သူမ၏ အသံကို မြှင့်လိုက်သဖြင့် မော့ကျန်း သူမထံသို့ လှမ်းကြည့်မိသွားစေသည်။ ထို အမှတ်တမဲ့ လှုပ်ရှားမှုလေးက ဒါရိုက်တာကို အော်ဟစ်လာရစေသည်။ 


“ဖြောင်ဖြောင်... ကျန်းကျန်းရဲ့ အလုပ်ကို မနှောက်ယှက်နဲ့လေ" အားယောင်က ဖြောင်ဖြောင်ကို စတူဒီယိုထဲတွင် မော့ကျန်း၏ အလုပ်ကို နှောက်ယှက်ရန် ကြိုးစားမှုကြောင့် ဆူပူလိုက်လေသည်။ 


ဖြောင်ဖြောင်က လျှာထုတ်ပြကာ မော့ကျန်းဘက်ကို ကြည့်လိုက်သည်။ သူမက အားယောင်လက်ကို ကိုင်ကာ အဝေးသို့ ဆွဲခေါ်လာခဲ့သည်။


 "ကြောင်ငယ်လေး... သွားရအောင်... ငါနင့်ကို စကေးအသစ်တွေ သင်ပေးမယ်"


“တကယ်ကြီးလား" အားယောင်၏ မျက်လုံးများ ချက်ချင်း တောက်ပသွားသည်။ "ဘယ်လို စကေးမျိုးတွေလဲ"


“ဘုရင့်နယ်မြေ သုံးခု"


"ဘုရင့်နယ်မြေ သုံးခုတဲ့လား"



မော့ကျန်းက အဝေးတစ်နေရာမှ လွင့်မြောနေသူ နှစ်ယောက်၏ အသံကို ကြားသောအခါ သူ့နှုတ်ခမ်းထောင့်လေးများ တိတ်တဆိတ် ကော့တက်လာလေသည်။


"ဧကရာဇ်မော့.... အဆင်သင့်ဖြစ်နေပြီလား... ရိုက်ကူးရေး စလို့ ရပြီလား" ဒါရိုက်တာချွီက ဘေးမှ လက်ထောက်တစ်ယောက်ဖြင့် ကင်မရာနောက်တွင် ရပ်နေကာ မော့ကျန်းဘက်သို့ စိတ်အားထက်သန်စွာ လှမ်းကြည့်နေသည်။


“အင်း" မော့ကျန်းက ခေါင်းငြိမ့်ပြလိုက်ပြီး သရုပ်ဆောင်နေသည့် စိတ်အခြေအနေသို့ ပြန်ရောက်သွားသည်။


ဆောင်းရာသီတွင် တစ်နေ့တာက ပို၍ တိုတောင်းလာခဲ့ပြီး ကောင်းကင်ကြီးကလည်း ခုနစ်နာရီ ထိုးသည်နှင့် မဲမှောင်လာပြီ ဖြစ်သည်။ မော့ကျန်း စတူဒီယိုမှ ထွက်လာသောအခါ အားယောင်မှာ ပြန်မလာသေး။ သို့သော် ဖြောင်ဖြောင် ပြန်ပေါ်လာခဲ့သည်။ 


မော့ကျန်းက သက်ပြင်းချကာ ဗီလာ၏ ဦးတည်ရာသို့ မောင်းလာခဲ့သည်။


မိနစ်လေးဆယ် ကြာသောအခါ အခန်းကျယ်ကြီးရှေ့တွင် ရပ်နေခဲ့ပြီး ရုတ်တရက် ဆုံးရှုံးသွားသည့် ခံစားချက်တစ်ခု ရနေခဲ့သည်။ 


အခန်းက အလွန် မဲမှောင်နေပြီး ၎င်းက အားယောင် အိမ်ပြန်ရောက်မလာသေးသည်မှာ သိသာနေလေသည်။ သူရေချိုးလိုက်ပြီး ညနေစာကို ရိုးရိုးရှင်းရှင်းသာ စားလိုက်သည်။ ဆိုဖာပေါ်တွင် ပင်ပန်းစွာဖြင့် လဲလျောင်းနေရင်းဖြင့် သူက အင်တာနက်ပေါ်တက်ကာ တစ်ချိန်တည်းမှာပင် အားယောင်ကို စောင့်နေခဲ့သည်။


ကွန်ပျူတာ ဖွင့်ရင်းဖြင့် ယနေ့က နိုဝင်ဘာ 11ရက်နေ့ဖြစ်သည်ကို မော့ကျန်း သတိရသွားသည်။


သူက ထိုကဲ့သို့သော အရေးကြီး အားလပ်ရက်ကို မေ့နေခဲ့သည်။


ထိုနေ့၏ အရေးကြီးပုံက တစ်ကိုယ်တည်းသမားများနေ့ ဖြစ်နေ၍ မဟုတ်ဘဲ ထောင်ပေါင်(shopping site)က အရာအားလုံးကို စျေးတစ်ဝက်ချမည့် အကြောင်းကြောင့် ဖြစ်ပေသည်။


သူက စျေးကြီးသည့် ဗီလာမှာနေကာ ဇိမ်ခံကား မောင်းနေသော်လည်း ထောင်းပေါင်၏ 50% လျှော့စျေးတွင် ပျော်မွေ့ရသည့် ပျော်ရွှင်မှုလည်း ရှိနေဆဲပင်။


ပြေးနေသော ကားလေးကို လိုက်ဖမ်းနေရင်းဖြင့် မော့ကျန်းက အသက်ပြင်းပြင်း ရှုကာ သူ့အကြိုက်ဆုံး သရေစာဆိုင်များကို ဖွင့်၍ သရေစာများ စတင် ဝယ်ယူလေသည်။ တစ်နေ့တာ၏ အနည်းငယ် နောက်ပိုင်းကျသော အချိန် ရောက်နေပြီ ဖြစ်၍ ကောင်းမွန်သည့် သရေစာများမှာ ပစ္စည်း ပြတ်သွားပြီ ဖြစ်သော်လည်း ကံအားလျော်စွာဖြင့် သူတို့ကို ရရန်အတွက် သူနှင့်အတူ တိုက်ခိုက်ရမည့် လူများစွာ ရှိမနေခဲ့ပေ။


မော့ကျန်း သူ့အစီအစဥ်ကြီး ပြီးဆုံးသွားသောအခါ ဆယ်နာရီ နီးပါးပင် ရှိနေပြီ ဖြစ်လေသည်။ မော့ကျန်း နာရီပေါ်မှ လက်တံလေးကို ကြည့်ကာ သူ့မျက်ခုံးများ အမှတ်တမဲ့ စုကြုံ့သွားသည်။ ကြည့်ရတာ ဒီအိမ်ငှားလေးကို အိမ်ပြန်ချိန် သတ်မှတ်ပေးသင့်ပြီ ထင်တယ်... 


မော့ကျန်းက ထောင်းပေါင်မှ ထွက်ကာ သူ့ ဝေ့ပေါ် အကောင့်ကို လွယ်လင့်တကူ ဖွင့်လိုက်သည်။ သူ ယခုတလော အလုပ်များနေခဲ့သဖြင့် ဝေ့ပေါ်တွင် update များ မတင်နိုင်ခဲ့... ဟုတ်ပါတယ်လေ... သူ အလုပ်မများရင်တောင် ဝေ့ပေါ်မှာ တကယ့်ကို update မလုပ်ချင်ဘူး...


ထိုအကြောင်းက ယခင်တုန်းက ထန်ချန်းကို များစွာ မကျေမနပ် ဖြစ်စေခဲ့သည်။ သူက မော့ကျန်းကို ဖန်များနှင့် အဆက်အသွယ် ပြုလုပ်ခြင်း၏ အရေးကြီးပုံကို ဟောပြော ပို့ချခဲ့သော်လည်း မော့ကျန်း သူ့ဝေ့ပေါ်တွင် ကြုံရာကျပန်း ပိုစ့်တစ်ခုလောင် တင်သည်နှင့် ထိုပိုစ့်က မည်သည့်အကြောင်းအရာ ဖြစ်ပါစေ ဖန်ထောင်ပေါင်းများစွာက ပြန်ဝေမျှဝေ ကြသည်ကို တွေ့လိုက်ရသောအခါ ထန်ချန်း ပါးစပ်ပိတ်ကာ တိတ်တိတ်လေး နေလိုက်ရတော့သည်။


သို့သော်လည်း ယနေ့က ဆင်ဂယ်များနေ့ ဖြစ်သည်ကို တွေးမိသောအခါ အန်ကယ်မော့က ကြင်နာစွာဖြင့် သူ့ဝေ့ပေါ်တွင် ပိုစ့်တင်ပေးလာခဲ့သည်။


[ဒီလို ပျော်စရာ အားလပ်ရက်လေးအတွက် ဆုတောင်းပေးပါတယ်... နှစ်တိုင်း အတူတူပါပဲ][HaHa]



“ဒါ ငါတို့ရဲ့ နတ်ဘုရား မဖြစ်နိုင်ဘူး [Bye Bye]”


“ဒီလို လျှာဆိပ်ပြင်းတဲ့သူမျိုးက ငါ့ရဲ့ နတ်ဘုရားလေး မဖြစ်နိုင်ဘူး [Bye Bye]”


“ငါတို့ရဲ့ နတ်ဘုရားလေး hackခံလိုက်ရပြီလား [Bye Bye]”


“ဒီလို အကောင်းမြင်တဲ့ စွမ်းအားလေးကို ပြန်လည် မျှဝေပါတယ် [Bye Bye]”


“ဘယ်ဘက်ကို ပြောင်းသွားပြီ... ကျေးဇူးတင်စရာ မလိုဘူးနော် [Bye Bye]”


အင်တာနက်ပေါ်မှ လူအများ၏ အပြုသဘောဆောင်သော တုံ့ပြန်မှုများက မော့ကျန်း ဝေ့ပေါ်တွင် အယူခံဝင်လာမှုကို အတည်ပြုပေးလာကြပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုပိုစ့်က ဝေ့ပေါ်၏ ရေပန်းစားသတင်းများထဲ ပါဝင်သွားသည်။


မော့ကျန်းက တစ်ကိုယ်တည်းသမား ဧကရာဇ်၏ ဆိုရှယ်မီဒီယာများအပေါ် လွှမ်းမိုးမှု စွမ်းအား မည်မျှကြီးသည်ကို ထပ်ပြီး သံသယ မဝင်ရဲတော့ပေ။ 


သူ့အဖွဲ့ဝင် လူအုပ်ကြီးကို ဆက်ပြီး နှိပ်စက်ချင်နေသေးသည့် မော့ကျန်းက ဝေ့ပေါ်၏ ရေပန်းစားသတင်း အကြောင်းအရာများထဲမှ အခြားသော ထိပ်တန်း ပိုစ့်များကို ရှာဖွေလိုက်သည်။ သူ လီမွန်ပြုတ်ဟူသော နာမည်ကို တွေ့လိုက်ရသောအခါ သူ့မောက်စ့် ရပ်တန့်သွားလေသည်။


လီမွန်ပြုတ်...ဒီနာမည်ကို ရင်းနှီးနေသလိုပဲ... ဘယ်နေရာမှာ ကြားခဲ့ဖူးပါလိမ့်...


မော့ကျန်းက သူမ၏ ပရိုဖိုင်ပုံကို နှိပ်လိုက်သောအခါ အဝါရောင် V ပါနေသော ဂေါ်ဇီလာ ပရိုဖိုင်ဓါတ်ပုံတစ်ခု ထွက်ပေါ်လာပြီး တစ်ဆက်တည်းပင် စတန်းတစ်ခု ပေါ်ထွက်လာခဲ့သည်။ ပုကျန်းနှင့် လက်မှတ်ထိုးထားသော စာရေးဆရာ... "အနာဂါတ် စာမှတ်ကဒ်များ" အတွဲ၊ "သာမိုနှင့် အီလစ်ထရစ် ပန်ကာများ" နှင့် အခြားသော စာအုပ်များ ထွက်ရှိထားသည်။ 


မော့ကျန်း၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ ဒီဝတ္ထုနှစ်ပုဒ်ရဲ့ ကွာခြားချက်က အတော်လေး ကြီးမနေဘူးလား... သို့သော်လည်း ထိုသူက မည်သူ ဖြစ်သည်ကို သူ မှတ်မိသွားခဲ့သည်။ ရှန်းယွမ်ဇယ်က အရင်က သူ့ကို ပြောပြခဲ့ဖူးသည်။ သူမက လီယန်ဟူသော ကောင်မလေး၏ သူငယ်ချင်း ဖြစ်လေသည်။


Xxxx