Chapter 34
အိပ်မပျော်နိုင်ဘူး
မော့ကျန်း သူမ၏ ပေချ့်ကို ဆွဲချပြီး ကြည့်လိုက်သည်။ လီမွန်ပြုတ်၏ ပိုစ့်အများစုမှာ သူမ၏ ဝတ္ထုများ၏ ထုတ်ဝေမည့် ရက်စွဲများနှင့် အသေးစိတ်အကြောင်းအရာများသာ ဖြစ်ပြီး ထို့နောက် သူမ၏ သူငယ်ချင်းများထဲမှ တစ်ယောက်ကို ဆုတောင်းပေးထားသည့် ပိုစ့်တစ်ခု ဖြစ်ပြီး နောက်ထပ်တစ်ခုမှာ... မော့ကျန်း၏ လက်များ အေးခဲသွားပြီး ၎င်းကို စိုက်ကြည့်နေမိသည်။
“ဟား ဟား ဟား ဟား... နိုဝင်ဘာ ဆယ့်တစ်ရက်မှာ မွေးလာတာက ငါ့အရိုးတွေ အတော်လေး သန်မာနေလောက်တယ်... နင်ရော အဲ့လို မထင်ဘူးလား [ရယ်ရင်း မျက်ရည်ကျနေတဲ့ပုံ]... ဒီနှစ် ငါ့မွေးနေ့အတွက် တောင်းဆုကတော့ ငါ့မိသားစုရဲ့ တလီ ပိုပြီး ကျန်းမာရေးကောင်းလာပြီးတော့ မြန်မြန် သက်သာလာပါစေ... မိုးပျံပူဖောင်း စီးဖို့ Goremeကို သွားချင်နေတုန်းမလား"
(TN: Goremeက တူရကီနိုင်ငံရဲ့ မြို့တစ်မြို့ပါ ဂေါ်ရယ်မယ်လို့ ဖတ်ပါတယ်... မိုးပျံပူဖောင်းစီးပြီး ရှုခင်းကြည့် ခရီးစဥ်က နာမည်ကြီးပါတယ်)
ထိုဝေ့ပေါ်ပိုစ့်အောက်တွင် ပုံနှစ်ပုံ ရှိနေပြီး တစ်ပုံမှာ Goremeရှိ မိုးပျံပူဖောင်းပုံ ဖြစ်ကာ အခြားတစ်ပုံက စားသောက်ဆိုင်တစ်ခုတွင် ရိုက်ထားသည့်မိန်းကလေး နှစ်ယောက်ပုံ ဖြစ်လေသည်။
နောက်ခံပုံက ဂျပန် စားသောက်ဆိုင် တစ်ခု ဖြစ်ပြီး မိန်းကလေး နှစ်ယောင်က တာတာမိ(ဂျပန်ရိုးရာဖျာ) ပေါ် ထိုင်ကာ ကင်မရာကို ပြုံးပြနေခဲ့သည်။ ဘယ်ဘက်မှ မိန်းကလေးမှာ ဘလော့ဂါ လီမွန်ပြုတ် ဖြစ်ဟန် တူသည်။ သူမက ပုခုံးထိရှည်သော အညိုရောင် ဆံပင်ကောက်များနှင့် အနီရောင် ကိုင်းမျက်မှန် တပ်ကာ အင်္ဂလိပ် စတိုင် ဖန်စီ ဦးထုပ် တစ်လုံးကို ဆောင်းထားလေသည်။ သူမ၏ အနီးအနား တစ်ဝိုက်ရှိ လေထုက သူမတွင် စာပေအနုပညာ နောက်ခံတစ်ခု ရှိနေသည်ဟု အော်ဟစ်နေကြသလိုပင်။ ညာဘက်မှ မိန်းကလေးမှာ သူမ၏ အနက်ရောင် ဆံနွယ်ရှည်များကို ပန်းရောင်ဖျော့ဖျော့ ချယ်ရီပွင့်စတိုင် ကျောက်စီကလစ်လေးဖြင့် သိမ်းညှပ်ထားခဲ့သည်။ သူမက အပြာနုရောင် တီရှပ်ဗြောင်နှင့် ဂျင်းဘောင်းဘီတိုကို ဝတ်ထားပြီး ဂျပန်ရိုးရာ ခုံဖိနပ်များစီးထားသည်။
သူမ၏ ဝတ်စုံက လုံးလုံးကွဲပြားနေသော်လည်း သူမက အားယောင်နှင့် တစ်ထပ်တည်း တူညီနေပေသည်။
မော့ကျန်းက ကွန်ပြူတာရှေ့တွင် မလှုပ်မယှက် ထိုင်ကာ ထိုပုံကို အနည်းဆုံး ငါးမိနစ်မျှ စိုက်ကြည့်နေသည်။ ဝေ့ပေါ်ပိုစ့်တွင် တင်ထားသည်အရ ထိုမိန်းကလေးက တလီ ဖြစ်နိုင်သည်။ တလီဟူသော နာမည်က နာမည်ပြောင် တစ်ခုမှန်း သိသာနေသော်လည်း ရှန်းယွမ်ဇယ် သူမအကြောင်း သူ့ကို ပြောပြထားသည့် အရာအားလုံးကို တွေးကြည့်မိသောအခါ ထိုမိန်းကလေး တလီက ကိုမာဝင်နေသည့် မိန်းကလေး ဖြစ်ပြီး ရှန်းယွမ်ဇယ် နှစ်ပေါင် းများစွာ ချစ်နေခဲ့သည့် မိန်းကလေးလည်း ဖြစ်နေသည့်အကြောင်းကို သဘောပေါက်ရန် မခက်ခဲပါချေ။
မော့ကျန်းက သူမနာမည် လီယန် ဖြစ်ကြောင်းသတိရမိသွားသည်။
သူ့ခေါင်းထဲမှ တစ်ခုခုက ပေါက်ကွဲထွက်သွားသကဲ့သို့ ဖြစ်နေပြီး ဗုံးပေါက်ကွဲသံလို ထိုအသံက သူ့ခေါင်းကို တစ်ခဏမျှ မူးဝေရင်း မူးဝေ သွားစေရသည်။
အားယောင်က လီယန်လား... လီယန်က အားယောင်လား...
မဟုတ်သေးဘူး... အလယ်မှာ သူ မှားတွက်လိုက်မိတဲ့ ဆက်သွယ်ချက် တစ်ခုခု ရှိနေတာများလား... ဖြစ်နိုင်တာက အမွှာညီအစ်မတွေများလား... သူ ရှန်းယွမ်ဇယ်ဆီ ဖုန်းဆက်လိုက်သင့်လား...
သို့သော်လည်း မော့ကျန်း မည်မျှပင် မရေတွက်နိုင်သော ဖြစ်နိုင်ချေများ တွေးကြည့်စေကာမူ ရှင်းလင်းပြတ်သားသော အဖြေကို မဖုံးကွယ်နိုင်ခဲ့။
အားယောင်က လီယန်ပင် ဖြစ်လေသည်။
မော့ကျန်းက ကွန်ပျူတာရှေ့တွင် နောက်ထပ် ငါးမိနစ်မျှ ဆက်ထိုင်နေရင်းဖြင့် အချို့သော ကွန်မန့်များကို ခပ်ဖြည်းဖြည်း ဖွင့်ကာ ၎င်းတို့တွင် သဲလွန်စလေးများ ရှိနေမလားဟု ရှာကြည့်လိုက်သည်။
“တလီအတွက် ဆုတောင်းပေးပါတယ်... ဒါပေမယ့် သူမကို ဘာလို့ တလီလို့ ခေါ်တာလဲ... သူမက မိန်းမလှလေးဆိုတာ သိသာနေတာပဲကို(⊙_ ⊙).”
“လီမွန်က သူမရဲ့ အလှကို မနာလိုဖြစ်နေတယ်ဆိုတာ ရှင်းနေတာပဲ... တလီ မြန်မြန် သက်သာလာဖို့ ဆုတောင်းပေးပါတယ်"
“ဘုရားရေ... ရှန်ပူ... တလီ ဘာဖြစ်တာလဲ"
(TN: ရှန်ပူက ချန်းချင်းယန်ကို ခေါ်တဲ့ နာမည်ပါ ... သူ့နာမည်က ရှန်ပူတံဆိပ်တစ်ခုနဲ့ တူနေလို့ပါ )
မော့ကျန်းက ထိုကွန်မန့်ကို တွေ့သောအခါ ရပ်သွားလေသည်။ ထိုသူ၏ အသံအနေအထားကို ခန့်မှန်းကြည့်ပါက သူမနှင့် လီမွန်ပြုတ်တို့မှာ သေချာပေါက် ရင်းနှီးဟန်ပင်။ သို့သော်လည်း လီမွန်ပြုတ်က သူမကို ချက်ချင်း စာမပြန်ခဲ့ပေ။ သူ ပေချ့်ကို refresh လုပ်လိုက်ပြီး တစ်ခဏအကြာ ဘလော့ဂါထံမှ ပြန်စာတစ်ခု ခုန်ထွက်လာခဲ့သည်။
“ဖြန်ဖြန်... တလီ လှေကားပေါ်က လိမ့်ကျသွားတာ အခုထိ မနိုးလာသေးဘူး QAQ”
မော့ကျန်း မျက်မှာင်ကြုံ့မိသွားပြီး ပေချ့်ကို ထပ်ပြီး refresh လုပ်လိုက်ပြန်သည်။
ဖြန်ဖြန်ဟု ခေါ်သောသူမှာ မော့ကျန်းကဲ့သို့ပင် ဘလော့ဂါ၏ ပြန်စာအတွက် ပေချ့်ကို refresh ဆက်လုပ်နေဟန်ပင်။ ထို့ကြောင့်ပင် မော့ကျန်း F5 ခလုတ်ကို သုံးကြိမ် နှိပ်ပြီးသွားသောအခါ နောက်ထပ် ပြန်စာတစ်ခု ပေါ်လာခဲ့သည်။
"ဒီလို အရေးကြီးကိစ္စအကြာင်း ငါ့ကို ဘာလို့ မပြောပြရတာလဲ"
မော့ကျန်းက အချိန်အတော်ကြာ ဆက်တိုက် refresh လုပ်နေခဲ့သော်လည်း ဘလော့ဂါက ရီပလိုင်း ပြန်မလာတော့ပေ။ သူတို့က သီးသန့်စကားပြောခန်းတွင်သာ စကားပြောကြသည်လည်း ဖြစ်နိုင်ပေသည်။
မော့ကျန်းက နှုတ်ခမ်းကိုက်ကာ ထိပ်ဆုံးကို ပြန်လှိမ့်လိုက်ပြီး ပုံကို ထပ်ပြီး စိုက်ကြည့်လိုင်သည်။
အပေါ်နှုတ်ခမ်းကွေးကွေးလေး ဖြစ်စေ မျက်လုံး ကြည်ကြည်လေး ဖြစ်စေ မော့ကျန်းက သူမနှင့် ပတ်သက်ပြီး အရာအားလုံးကို ရင်းနှီးနေသည်။ သို့သော်လည်း ထိုသူက အားယောင် မဟုတ်ပေ။
သူမက မိန်းမလှလေး တစ်ယောက်ဖြစ်ကာ ရှန်းယွမ်ဇယ် နှစ်ပေါင်းများစွာကြာအောင် မျှော်လင့်ချက်မထားသော ချစ်ခြင်းမျိုးနှင့် ချစ်နေခဲ့သော မိန်းကလေးဖြစ်သည်။
သူ သူ့အစာအိမ်ဆီမှ နာကျင်မှု ခံစားလိုက်ရသည်။ မော့ကျန်းက ညာလက်ဖြင့် အစာအိမ်ကို ဖိထားရင်းဖြင့် ဆိုဖာပေါ်တွင် လဲလျောင်းကာ မကြည်မလင် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ကမ္ဘာပေါ်မှာ ဒီလို တိုက်ဆိုင်မှုမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ...
သူမက လီယန် ဆိုရင်လည်း သူမရဲ့ ဝိဥာဏ်က ဘာလို့ ရှန်းယွမ်ဇယ်ကို သွားမတွေ့နိုင်ရတာလဲ... အဲ့အစား... သူမက သူ့အိမ်တံခါးဆီကိုပါ မျောလွင့်လာလိုက်သေးတယ်... အမေရိကက သူမအတွက် ပျံသန်းသွားဖို့ အရမ်း ဝေးနေလို့လား...
မော့ကျန်း၏ နှလုံးသားထဲတွင် ခါးသီးမှုတို့ ပြည့်နှက်နေပြီး သူ့အစာအိမ်ပါ နာကျင်လာရသည်။ အစာအိမ်ဆေးက သူ့လက်တစ်ကမ်း အကွာတွင် ရှိနေသော်ငြား သူ လှုပ်လည်း မလှုပ်ချင်သလို ထလည်း မစားချင်။ အနည်းဆုံးတော့ ထိုပြင်းထန်လှသော နာကျင်မှုက သူ့နှလုံးသားထဲမှ နာကျင်မှုကို သက်သာစေနိုင်သေးသည်။
အဆုံးတွင် အစာအိမ်နာက နှလုံးသားအနာထက် ပိုကောင်းနေသေးပေသည်။
ဆိုဖာပေါ်မှ ဖုန်းက အနည်းငယ် တုန်ယင်လာခဲ့လေသည်။ ဖုန်းက မော့ကျန်းလက်ထဲတွင် ရှိနေပြီ ဖြစ်သောကြောင့် မော့ကျန်း ၎င်းကို ကောက်ကိုင်ကာ ဖွင့်ကြည့်လိုက်သည်။
မော့ကျန်းက ဖုန်းမျက်နှာပြင်ပေါ်မှ နံပါတ်အတွဲလိုက်ကို ကြည့်လိုက်ပြီး မက်ဆေ့ချ်ကို ဖွင့်လိုက်သောအခါ မျက်နှာပြင်ပေါ်၌ စကားသုံးလုံးတစ်စု ပေါ်လာခဲ့လေသည်။
ငါပြန်လာပြီ...
ဆရာသခင် ပြန်လာပြီ...
မော့ကျန်း၏ ညာလက်က သူ့အစာအိမ်ပေါ်တွင် ဖိနှိပ်နေပြီး သူ့နှုတ်ခမ်းက ခါးခါးသီးသီး လှုပ်ရှားသွားလေသည်။ ထိုသူက ဤနေ့ကို အထူးတလှယ် ပြန်လာရန်အတွက် ရည်ရွယ်ချက်ရှိရှိ ရွေးချယ်ထားသည်ဖြစ်မည်ဟု သူ သံသယရှိမိသည်။
သို့သော်လည်း ၎င်းက ကိစ္စကောင်းတစ်ခုလည်း ဖြစ်နိုင်သည်။ သူ အားယောင်အတွက် ထပ်ပြီး အားနာစိတ် ထားစရာ မလိုတော့ပေ။
သူ အားယောင်အကြောင်း တွေးနေစဥ်မှာပင် အားယောင်၏ အသံက သူ့နား၏ အနီးတဝိုက်တွင် ပေါ်ပေါက်လာခဲ့လေသည်။
"ကျန်းကျန်း... ဘာဖြစ်လို့လဲဟင်... ရှင့်မျက်နှာ အရမ်းဖြူဖျော့နေတာပဲ"
ထိုရုတ်တရက် ထွက်ပေါ်လာသော အသံက မော့ကျန်းကို ထိတ်လန့်သွားစေပြီး မြေပြင်ပေါ်မှ အမြစ်ထွက်လာသည့် သစ်ပင် တစ်ပင်အလား လွှားခနဲ ထခုန်ကာ ကွန်ပျူတာကို ပိတ်လိုက်သည်။
အားယောင်: “…”
သူ ညစ်ညမ်းရုပ်ရှင်တွေ ကြည့်နေတာတော့ မဖြစ်လောက်ပါဘူးနော်... မော့ကျန်း၏ ဖိုရမ်သို့ သွားကာ သူ့ဂုဏ်သတင်းကို ဖြန့်ဖြူးသည့် အချိန်မှသာ ပေါ်လာတတ်သော သူမ၏ မြင့်မားလှသော စပ်စုလိုစိတ်များ ထွက်ပေါ်လာလေသည်။
မော့ကျန်းက ကွန်ပြူတာကို ကြမ်းကြမ်းတမ်းတမ်း ပိတ်ကာ ဆိုဖာပေါ်တွင် ထပ်လှဲချလိုက်သည်။ သို့သော်လည်း သူ့အစာအိမ်အခြေအနေက စိတ်လှုပ်ရှားမှုကြောင့် ပို၍ ဆိုးဝါးလာခဲ့သည်။
သူ အားယောင် မြင်သွားခဲ့သည်လားပင် မသိခဲ့။
ထိုအကြောင်းကို တွေးမိသည်နှင့် မော့ကျန်း မနေနိုင်ဘဲ ပျက်ရယ်ပြု ရယ်မောမိလိုက်လေသည်။ သူက မသိလိုက်မသိဘာသာဖြင့် သူ့ပင်ကိုယ်ပုံစံမှ ကွဲထွက်လာခဲ့ကာ သူ အားယောင်ကို သူမက မည်သူ ဖြစ်ကြောင်း မသိသွားစေချင်ခဲ့ပေ။
ဒါပေမယ့် ဒီကိစ္စကို ဘယ်လိုလုပ်ရမလဲ... ဆရာသခင်က ပြန်လာပြီး သူမရဲ့ ဖြစ်တည်မှုအစစ်ကို ရှာပေးမယ်လို့ ကတိပေးပြီးသွားပြီ... သူမက အနှေးနဲ့ အမြန် ထွက်သွားရတော့မှာပါပဲ...
သို့သော်လည်း သူ အရမ်းစောစော ဖြစ်မသွားစေချင်ပေ။
"ကျန်းကျန်း... ရှင့် အစာအိမ် နာနေတာလား" အားယောင်က လေထဲသို့ မျောလွင့်သွားပြီး မော့ကျန်းကို ကြည့်ရန် ကိုယ်ကို ကိုင်းညွှတ်လိုက်သည်။
မော့ကျန်း၏ နှဖူးပြင်၌ ပြင်းထန်သော နာကျင်မှုကြောင့် ချွေးအလွှာတစ်လွှာ ထွက်လာသော်လည်း ခေါင်းကြောမာမာဖြင့် သူ့နှုတ်ခမ်းကို ဖိကပ်ထားပြီး သူ့မျက်လုံးများကိုလည်း ခပ်တင်းတင်း ပိတ်ထားသည်။
သူ အခုအချိန် သူမကို မတွေ့ချင်ပေ။
သူမ၏ အသံလေးကပင် သူ့နှလုံးသားကို နာကျင်မှုပြင်းပြင်းဖြင့် ဆုပ်ခြေနေပြီး ၎င်းက အစာအိမ်နာထက်ပင် ပို၍ နာကျင်ရသည်။
မော့ကျန်း စကားပြောမလာသည့်အတွက် အားယောင်လည်း ထပ်မမေးတော့ပေ။ သူမက သူအတော်လေး နာကျင်နေရသဖြင့် စကားပင် မပြောနိုင်တော့ဟု ခန့်မှန်းကြည့်လိုက်သည်။ တီဗီစင်၏ ဒုတိယအံဆွဲ ပွင့်သွားပြီး လေထဲမှ ဆေးသေတ္တာက မော့ကျန်းဆီသို့ မျောလွင့်လာခဲ့သည်။ အားယောင်က ရေသန့်စက်ဆီသို့ မျောလွင့်သွားပြီး ရေနွေးတစ်ခွက် ဖြည့်လိုက်သည်။ သူမက ရေနွေးခွက်ကို မော့ကျန်းဘေးသို့ ယူလာပေးပြီး မော့ကျန်း၏နား အနားသို့ ကပ်ကာ ပြောလိုက်သည်။ သူ သူမ၏ အသက်ရှုသံ တထိထိ ဖြစ်နေသည်ကိုပင် ခံစားနေရလေသည်။
မော့ကျန်းမှာ သူ့ခန္ဓါကိုယ်အတွင်းပိုင်းမှ ရုန်းကန်လှုပ်ရှားနေရသည့်အလား မျက်ခုံးတို့ လှုပ်ရှားသွားလေသည်။ အားယောင်မှာ သူမလှုပ်မယှက် ဖြစ်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသောအခါ သူ့အခြားတစ်ဖက်သို့ သွားပြီး သူ့နားထဲသို့ ကပ်ပြောလိုက်သည်။
"ကျန်းကျန်း... ရှင် ချစ်စရာကောင်းအောင် ဆေးသောက်ရမယ်လေနော်"
မော့ကျန်း: “…”
ငါက ဆေးမသောက်ရင်တောင် ချစ်စရာကောင်းနေတုန်းကွ...
မော့ကျန်းမှာ ပြောစရာ စကား မရှိတော့... ဤအချိန်၌ အားယောင်ကြောင့် စကားဝိုင်းက လမ်းကြောင်းလွဲသွားနိုင်သည်။
မော့ကျန်းက ဆိုဖာပေါ်တွင် ထထိုင်ကာ ပေါလောပေါ်နေသော ရေခွက်နှင့်ဆေးကို လက်ဖြင့် ဖမ်း၍ ဆေးများကို အရွယ်အစားလိုက် စီပြီးနောက် မျိုချလိုက်လေသည်။
တစ်ဖက်မှ အားယောင်က သက်ပြင်းချလိုက်သည်။ ဘာက ပိုအရေးကြီးနေတာလဲ... သူ့OCDလား... သေရမှာကလား...
ဆေးများကို မျိုချလိုက်ပြီးနောက် ဆိုဖာပေါ်တွင် ထပ်ပြီး လဲလျောင်းလိုက်သည်။ နာကျင်မှု တစ်ဝက်ခန့် လျော့ကျသွားပါမှ မျက်လုံးကို တစ်ဝက်တပျက် ဖွင့်ကာ အားယောင်ကို စိုက်ကြည့်လိုက်သည်။
သူမ ဘယ်အချိန်က အဝတ်အစား လဲလိုက်မှန်းပင် သူ မသိလိုက်ပေ။ ၎င်းက ဂါဝန် ဖြစ်နေသေးသော်လည်း သူမက လက်ရှည် ဂါဝန်ကို အပြင်ဘက်တွင် ဂျာကင်လေး တစ်ထည် ထပ်ဝတ်ထားလေသည်။
“မင်း အဝတ်တွေ ဘာဖြစ်သွားတာလဲ" မော့ကျန်းက ပါးစပ်ဖွင့်ကာ အသံ တိုးတိုးလေးဖြင့်သာ မေးလိုက်သည်။
အားယောင်က မော့ကျန်း၏ မေးခွန်းကို ကြားသောအခါ စိတ်လှုပ်ရှားစွာဖြင့် တစ်ပတ်လှည့်ပြလာခဲ့သည်။ "လှတယ်မလား... နောက်ဆုံးထွက် TOMATO မဂ္ဂဇင်းရဲ့ အဝတ်အစား ကဏ္ဍကလေ"
မော့ကျန်း “…”
ကြည့်ရတာ သေခြင်းတရားကတောင် မိန်းမတစ်ယောက်ရဲ့ ကြွားဝါတတ်တဲ့စိတ်ကို မတားဆီးနိုင်သလိုပဲ...
သို့သော်လည်း အားယောင်မှာ အဝတ်အသစ်များထဲတွင် နစ်မြောနေဆဲပင်။
"ဖြောင်ဖြောင်က အရမ်းစွမ်းအားကြီးတာပဲ... ဒါက ဒီနေ့ သူ ကျွန်မကို သင်ပေးလိုက်တဲ့ဟာလေ.... အခု အဝတ်လဲဖို့ စိုးရိမ်စရာ မလိုတော့ဘူး"
…
မော့ကျန်း ဆိုဖာပေါ်မှ တိတ်တဆိတ် ထရပ်ကာ အပေါ်ထပ်သို့သွားပြီး အိပ်ရန် ပြင်လိုက်သည်။ အားယောင်က သူ့နောက်မှ လိုက်လာပြီး မော့ကျန်း ရပ်ကာ သူမကို ငဲ့ကြည့်လာသည် အထိ လှေကားထစ်များဆီသို့ မျောလွင့်လာခဲ့သည်။
“ဘာဖြစ်လို့လဲ" အားယောင်က မော့ကျန်း၏ ကျောကို ကြည့်၍ နေရာမှာပင် ဆက်လက်မျောလွင့်နေရင်း ပြောလာခဲ့သည်။
“ငါ့ ဆရာ ပြန်လာတော့မယ်... မင်းတို့တွေ့ဖို့အချိန် စီစဥ်ပေးမယ်" မော့ကျန်းက တစ်ခဏမျှ မတ်တပ်ရပ်နေရင်း ပြောလာခဲ့သည်။
မော့ကျန်း ထိုစကားကို ပြောပြီးသွားသည်နှင့် သူမကို လှည့်ကြည့်မလာတော့ဘဲ ဒုတိယထပ်ကို တည့်တည့် တက်သွားလေတော့သည်။
အားယောင်က လှေကားအပေါက်ဝနားတွင် ဦးတည်ရာ မရှိဘဲ မျောလွင့်နေခဲ့လေသည်။ သူ့ဆရာသခင် ပြန်လာတော့မယ်... မကြာခင် သူမ ဘယ်သူလဲ ဆိုတာကို မှတ်မိနိုင်တော့မယ်ပေါ့...
ဒါပေမယ့် ဘာလို့များ သူမ လုံးဝ မပျော်နိုင်ရတာပါလိမ့်...
မော့ကျန်း တံခါး ပိတ်လိုက်သည့်အသံကြောင့် အားယောင် ဒုတိယထပ်ကို မော့ကြည့်မိသွားသည်။ အိပ်ခန်း တံခါး ပိတ်သွားသည်ကို တွေ့လိုက်ရသည့်အခါ သူမက ပြန်လှည့်ပြီး အိပ်စက်ရန်အတွက် ဧည့်ခန်းဆီသို့သာ မျောလွင့်သွားခဲ့လေသည်။
အစာအိမ်ကြောင့် သို့မဟုတ် အားယောင်ကြောင့်လည်း ဖြစ်နိုင်သည်။ ထိုည၌ မော့ကျန်း ကောင်းကောင်း အိပ်မပျော်နိုင်ခဲ့။ သူ့ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အခြေအနေက ဆိုးရွားနေသော်လည်း စတူဒီယိုကို သွားရန်အတွက် စောစောထနေရဆဲ ဖြစ်လေသည်။
ပုံမှန်အတိုင်းပင် အားယောင်က မော့ကျန်းနောက်မှ မျောလွင့်လာကာ စတူဒီယိုသို့ အတူလိုက်ရန် ပြင်လိုက်သည်။ သူမ အပြင်ဘက်သို့ ခြေတစ်လှမ်းပင် မချရသေးခင်မှာတင် အေးစက်စက်အသံတစ်ခုက လေထဲမှ ပျံ့လွင့်လာခဲ့သည်။ "မင်း စတူဒီယိုကို လိုက်လို့ မရဘူး"
ဘာလို့လဲ...
အားယောင်က ဆန့်ကျင်ရန် ပါးစပ်ဖွင့်လိုက်သော်လည်း မော့ကျန်း သူမကို အေးစက်စက် စိုက်ကြည့်နေသည်ကို မြင်လိုက်ရသောအခါ တိုးညင်းသော "အိုး" ဟူသော အသံသာ သူမနှုတ်ခမ်းမှ ထွက်ပေါ်လာခဲ့လေသည်။
"ဆရာ မကြာခင် ရောက်လာတော့မယ်... မင်း ဘယ်ကိုမှ လျှောက်မသွားသင့်ဘူး"
“……အိုး”
မော့ကျန်း တံခါးကို ပိတ်၍ ကန်စီနီဗီလာမှ မောင်းထွက်လာခဲ့သည့် အချိန်မှသာ သူစိတ်သက်သာရာ ရသွားခဲ့သည်။
အားယောင် သူ့ဘေးတွင် ရှိနေသရွေ့ အသက်ရှုရန် ပိုပြီး ခက်ခဲနေသလို အမြဲတမ်း ခံစားနေရသည်။
စတူဒီယိုသို့ သွားသည့် လမ်းတစ်လျှောက်တွင် မော့ကျန်းက လန်ရိုဗာကားထဲတွင် အိပ်စက်လိုက်သည်မှ လွဲ၍ အခြားအရာ မလိုချင်ခဲ့ပေ။ သူ့နောက်ကို လိုက်နေသော ထန်ချန်းမှာ သူ့မျက်လုံးအောက်မှ သိသာထင်ရှားနေသော အစိမ်းရောင်နှင့် အနက်ရောင် အဝိုင်းများကို ကြည့်ကာ မျက်ခုံးပင့်လိုက်လေသည်။ "ဧကရာဇ်မော့... ပြဿနာ တစ်ခုခု ရှိလို့လား"
သူ သူ့ကိုယ်ပိုင် မျက်လုံးများကို လက်ညှိုးထိုးပြလိုက်သည်။
မော့ကျန်း၏ လည်ပင်းက ကော်လာများကြားတွင် နစ်မြုပ်နေပြီး သူ့မျက်လုံးများကို ပိတ်၍ ထန်ချန်းကို လျစ်လျူရှုထားလိုက်သည်။
Xxxxx