အပိုင်း ၃၅
Viewers 10k

Chapter 35


သို့သော်လည်း ထန်ချန်းက အတင်းအဖျင်း ပြောစရာ အပိုင်းတစ်ခုမှ လွတ်မသွားစေရ။ သူက မော့ကျန်း ဘေးတွင် ဝင်ထိုင်ကာ သူ့ပုခုံးကို လက်ညှိုးဖြင့် တို့လိုက်လေသည်။


 "ပြောစမ်း... ဘယ်သူကများ ဧကရာဇ်မော့ကို ညဘက် အိပ်မပျော်အောင် လုပ်နိုင်စွမ်းရှိသွားတာလဲ"


မော့ကျန်းက မျက်လုံးကို ခပ်ဖြည်းဖြည်းဖွင့်ကာ ဘေးမှ ထန်ချန်းကို ကြည့်လိုက်သည်။ "မင်းလေ" 


ထန်ချန်း: “…”


မော့ကျန်း၏ သရုပ်ဆောင် စွမ်းရည်က ဟာသလုပ်ရမည့် အရာ မဟုတ်ခဲ့။ ဂုဏ်ကျက်သရေ ရှိလှသော အသံအနေအထားနှင့် ဝိဥာဏ်အတွင်းထိပါ စိုက်ကြည့်နိုင်သော စူးရှသည့် မျက်လုံးတို့မှာ ထန်ချန်းပင် တစ်ခဏမျှ အရူးလုပ်ခံလိုက်ရသလို ခံစားလိုက်ရလေသည်။


ထန်ချန်းက သူ့နှလုံး ခုန်ပေါက်သွားသကဲ့သို့ ခံစားနေရပြီး လည်စေ့မှာလည်း အထက်မှ အောက်သို့ ရွေ့လျားသွားကာ အဆုံးတွင် အလန့်တကြား အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ "မော့... မော့ကျန်း ငါ့ကို မခြောက်ပါနဲ့... ငါတကယ် မင်းကို ယုံပါတယ်"


မော့ကျန်းက သူ့ကို ပျင်းတိပျင်းရွဲ ကြည့်လိုက်သည်။ "ဒါဆို ငါ့သရုပ်ဆောင်စကေးတွေ အတော်ကောင်းတာပဲ"


ထန်ချန်း: “…”


သရုပ်ဆောင်အင်ပါယာရဲ့ ဘုရင်ကြီးက တကယ့်ကို သာမန်ထက် ထူးခြားပါလားနော်...


ထန်ချန်းက မျက်ကွင်းညိုများ အကြောင်းကို မေးပြီးနောက် သူ မည်ကဲ့သို့ လိင်ပိုင်းဆိုင်ရာ နှောက်ယှက်ခံလိုက်ရသည်ကို တွေးမိနေဆဲပင်။ မိတ်ကပ်ဆရာမမှာ မော့ကျန်း၏ မျက်လုံးအောက်မှ အမဲရောင်အကွင်းများကို တွေ့လိုက်ရသောအခါ နှုတ်ခမ်းထောင့်များ နားရွက်တွင် တက်ချိတ်တော့မည်အထိ ပြုံးလိုက်သည်။


နောက်ဆုံးတော့ ဧကရာဇ်မော့ကို ထိဖို့ အခွင့်အရေး ရပြီကွ... သူက မျက်ကွင်းတွေ ညိုနေတာတောင် ချစ်ဖို့ကောင်းနေတုန်းပဲ...


သို့သော်လည်း ကံမကောင်းစွာဖြင့် မော့ကျန်း၏ မိတ်ကပ် ပြင်ပြီးသွားသည့်နောက် မော့ကျန်းက သူ့ကိုယ်သူ မှန်ထဲ၌ ပြန်ကြည့်လိုက်ပြီး ရိုက်ကူးရေး လုပ်ရန် ထွက်သွားသဖြင့် မိတ်ကပ်ဆရာမငယ်လေးမှာ သူမလက်များကို တိတ်တဆိတ် ပြန်ဆုတ်ရန်သာ တတ်နိုင်လိုက်သည်။ 


ယခု အားယောင် သူ့အနားတွင် ရှိမနေသောကြောင့် စတူဒီယိုက တိတ်ဆိတ်နေပုံပေါ်နေသည်။ ထန်ချန်းက မြင်းပေါ်မှ ကုန်းနှီးကဲ့သို့ သူ့ဘေးတွင် ရှိနေဆဲ ဖြစ်သော်လည်း မော့ကျန်းမှာ စတူဒီယို တစ်ခုလုံးက အနည်းငယ် ဗလာဖြစ်သွားသလို ခံစားလိုက်ရသည်။ 


ဖြစ်နိုင်တာက စတူဒီယိုက ဗလာ ဖြစ်နေတာ မဟုတ်ဘဲ သူ့နှလုံးသားက ဖြစ်နေတာ များလား... မော့ကျန်း ရုတ်တရက် အနည်းငယ် ရယ်ချင်မိသွားသည်။ သူက အသဲကွဲနေသည့် မိန်းကလေးတစ်ယောက်သဖွယ် ပြုမူနေခဲ့သည်လေ...


နေ့လည်စာဘူး ကိုင်ထားသည့် ထန်ချန်း၏ လက်များမှာ အေးခဲသွားလေပြီး ယခုထိ မပျောက်ကွယ်သွားသေးသော မော့ကျန်း၏ အပြုံးကို ကြည့်ကာ ကြောက်ရွံ့စွာ တံတွေးမျိုချလိုက်သည်။


 "မော့ကျန်း... မင်း ဒီနေ့ အရမ်း ထူးဆန်းနေတယ်... မင်း ချစ်မိသွားတာတော့ မဟုတ်ပါဘူးနော်" သူ ပြောလိုက်သည့်နောက်တွင် သူ့အတွေးကို ပြန်ပြောင်းလိုက်သည်။ 


"မဟုတ်သေးဘူး... မင်းကြည့်ရတာ အချစ်နာကျနေတာနဲ့ ပိုတူနေတယ်"


မော့ကျန်းက မျက်လုံးများ မှေးကျဥ်း၍ အတွေးနက်သွားသည်။ သူက အချစ်နာကျနေတာတဲ့လား... ဟဟ...


“ထန်ချန်း... ငါ အချစ်နာကျနေတာ ဟုတ်မဟုတ်က အရေးမကြီးဘူး.. ဒါပေမယ့် မင်း အလုပ်ပြုတ်ချင်လို့လား"


ထန်ချန်း: “…”


သူ နေ့လည်စာဘူးအတွင်းများ ပဲလုံးများ ကောက်စားရန်သာ အာရုံစိုက်ထားလိုက်သည်။


ညနေထိတိုင်အောင် အလုပ်လုပ်ခဲ့ရသဖြင့် မော့ကျန်း အလွန် ပင်ပန်းနေပြီး လက်ချောင်းလေး တစ်ချောင်းပင် မ မချင်တော့ပေ။ သို့သော်လည်း သူကို ပြန်လိုက်ပို့ပေးရန် အဆိုပြုလာသော ထန်ချန်းကိုလည်း ငြင်းပယ်လိုက်ကာ သူ့ကိုယ်ပိုင်ကားကို ဗီလာ ဧရိယာသို့ ပြန်လည် မောင်းနှင်လာခဲ့သည်။


ကားဂိုထောင်အတွင်းသို့ သူကားထည့်နေစဥ်မှာပင် အိတ်ကပ်ထဲမှ ဖုန်းက အကြိမ်အနည်းမျှ တုန်ယင်လာခဲ့သည်။ မော့ကျန်း ဖုန်းကို ထုတ်၍ ကြည့်လိုက်သောအခါ မဖတ်ရသေးသော မက်ဆေ့ချ်အသစ်အချို့ ဖုန်းမျက်နှာပြင်ပေါ်တွင် ပေါ်နေခဲ့သည်။ နံပါတ်အရှည်အတွဲလိုက်ကြီးက သံသယ ဖြစ်စရာ မလိုအောင်ပင် ဆရာသခင်၏ ဖုန်းနံပါတ် ဖြစ်နေခဲ့လေသည်။


“မနက်ဖြန် အချိန်ရလား... ငါ မင်းရဲ့ ကောင်မလေးနဲ့ တွေ့ချင်တယ်"


မော့ကျန်းက စာမပြန်လိုက်ခင်အထိ ထိုစကားလုံးများကို နှစ်မိနစ်မျှ စိုက်ကြည့်နေခဲ့သည်။ 


"ရတယ်"


မော့ကျန်းက ဖုန်းကို အိပ်ကပ်ထဲသို့ ပြန်ထည့်လိုက်ပြီး ခါးသက်သက် သက်ပြင်းချကာ ကားထိုင်ခုံ နောက်ကျောကို အားလျော့စွာ မှီထားလိုက်သည်။ ဒါရိုက်တာချွီကို နေ့တစ်ဝက် ခွင့်ပေးရန် ဖုန်းခေါ်လိုက်ပြီး ထန်ချန်အား အသိပေးပြီးနောက် သူ ကားထဲမှ ဆင်းလာခဲ့သည်။


ရင်းနှီးနေသော တံခါးကို ကြည့်၍ သူ ရုတ်တရက်ပင် ထိုတံခါးကို ဖွင့်ရန် သတ္တိမရှိတော့။


တံခါးရှေ့တွင် တစ်ခဏမျှ ရပ်နေပြီးနောက် မော့ကျန်း အသက်ပြင်းပြင်ရှူကာ တံခါးဖွင့်ရန်အတွက် လျှို့ဝှက် နံပါတ် ထည့်လိုက်သည်။


“ကျန်းကျန်း ပြန်လာပြီ" အားယောင်မှာ တစ်နေ့လုံး အိမ်မှာသာ နေရန် ဖိအားပေးခံခဲ့ရပြီးနောက် ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။ မော့ကျန်း ဝင်လာသောအခါ သူမက စိတ်လှုပ်ရှားစွာဖြင့် သူ့ထံသို့ မျောလွင့်လာခဲ့သည်။


“အာ” မော့ကျန်းက သူမ၏ ချစ်စိတ်ပြင်းပြနေသော အမူအယာကို ကြည့်ကာ သူ့နယ်ပယ်၏ ဧကရာဇ်တစ်ယောက် ကဲ့သို့ပင် ကျော့ရှင်းသော အမူအယာဖြင့် သူမကို ကျော်ဖြတ်သွားသည်။


အားယောင်က အချို့ကိစ္စများ၌ နှေးကွေးနေလျှင်တောင် မော့ကျန်း သူမကို တမင်သင်သက် ရှောင်ရှားနေသည် ဆိုသည်အား နားလည်ထားပြီးသား ဖြစ်ငည်။


သူမက မော့ကျန်း၏ ကျောပြင်ကို အသိစိတ်မဲ့စွာ ကြည့်၍ မီးဖိုချောင်ဆီ မျောလွင့်သွားသည်။


 "ကျန်းကျန်း ဒီနေ့ ကျွန်မ ယာဂု ပြုတ်ထားတယ်... မနေ့တုန်းက ရှင် အစာအိမ်နာတာကို ဆိုးဆိုးဝါးဝါး ခံခဲ့ရတာလေ... ဒီနေ့ ပိုပြီး ပေါ့ပေါ့ပါးပါး ဖြစ်မဲ့ဟာလေး စားလိုက်နော်"


မော့ကျန်းက မီးဖိုချောင်ဘက်ကို အမှတ်တမဲ့ လှမ်းကြည့်လိုက်သည်။ ဓါတ်ငွေ့မီးဖိုပေါ်မှ အိုးတစ်လုံး ရှိနေပြီး အပူငွေ့လေးများပင် မြင်နေရသည်။


အားယောင်က မျက်လုံးတောက်တောက်လေးများနှင့် သူ့ကို ဆက်ရှင်းပြနေခဲ့သည်။


 "ဒါကျွန်မရဲ့ အဖြူရောင်နတ်ဆိုး ယာဂု 2.0 လေ... အရသာက ပထမ ဗားရှင်းကနေ တော်တော်လေး တိုးတက်လာတာနော်"


မော့ကျန်း: “…”


သူ နှုတ်ခမ်းကို ကိုက်ကာ သော့များကို ချ၍ ဆိုဖာတွင် ဝင်ထိုငိလိုက်သည်။


 "ဆရာ မနက်ဖြန် ဒီကို လာလိမ့်မယ်" 


အားယောင်၏ ပြုံးနေသော နှုတ်ခမ်းလေးများက တဖြည်းဖြည်း လျော့ကျသွားသည်။ သူမက နေရာမှာပင် အချိန်အတော်ကြာ ရပ်နေပြီးနောက် ခေါင်းငုံ့၍ ပြုံးလိုက်ပြီး "အိုး" ဟူသော အသံတစ်ခုသာ ပြောလာခဲ့သည်။


မော့ကျန်း သူမ၏ စိတ်ဓါတ်ကျနေသော အမူအယာကို ကြည့်လိုက်မိသောအခါ သူ့နှလုံးသားက မတတ်နိုင်ဘဲ နူးညံ့သွားသည်။ သူမကို မကြည့်မိရန် သူ့ကိုယ်သူ ဖိအားပေးလိုက်ပြီး မော့ကျန်းက လက်မောင်းထဲတွင် ကူရှင်နှစ်ခုကို ထည့်ထားလျက် ထိုင်နေကာ သူ့လက်ချောင်းသွယ်သွယ်လေး နှစ်ချောင်းက ခေါင်းအုံး၏ အစွန်းကို ဆော့ကစားနေသည်။


 "ဘာဖြစ်လို့လဲ... မင်းမှတ်ဥာဏ်တွေ ပြန်ရတော့မှာ မပျော်ဘူးလား"


သူမနှလုံးသားက အပ်တစ်ချောင်းဖြင့် ထိုးခံလိုက်ရသည့်အလား တစစ်စစ် ခံစားနေရလေသည်။ အားယောင်က နှာရှုံ့ကာ မော့ကျန်းကို ကြည့်ရန် ခေါင်းမော့လာခဲ့သည်။ 


"ကျန်းကျန်း... အခု ကျွန်မ ထွက်သွားရတော့မှာလား"


သူမ၏ အသံက မျက်ရည်များဖြင့် ခပ်အက်အက် ဖြစ်နေခဲ့လေသည်။


အားယောင်က အလွန်တော်သည့် သရုပ်ဆောင် တစ်ယောက် ဖြစ်သော်ငြား ယခု တစ်ကြိမ်က သူမ သရုပ်ဆောင်နေခြင်း မဟုတ်ကြောင်း မော့ကျန်း သေချာ သိနေသည်။ 


အစာအိမ်နာကလည်း ထပ်ပြီး လွင့်ပြယ်သွားပြီ ဖြစ်သည်။ မော့ကျန်းက လက်ထဲမှ ကူရှင်များကို ခပ်တင်းတင်း ဖက်ကာ တစ်ချိန်လုံး သူ အားယောင်ကို မကြည့်ခဲ့။ "အစကတည်းက မင်းက ဒီနေရာနဲ့ တစ်ခါမှ မသက်ဆိုင်ခဲ့ဖူးဘူး"


မင်းက ဒီနေရာနဲ့ မသက်ဆိုင်ဘူး...


အားယောင် သူ့တံခါးတွင် ရုတ်တရက် ပေါ်လာခဲ့သည့် နေ့ကဲ့သို့ပင် တစ်နေ့ကျလျှင် သူမ ထွက်သွားရမည်ကို သူတစ်ချိန်လုံး သိနေခဲ့ပါ၏။


"ငါ ဒီနေ့ အရမ်းပင်ပန်းလာလို့... သွားအိပ်တော့မယ်" မော့ကျန်းက လက်ထဲမှ ခေါင်းအုံးများကို ချကာ ဆိုဖာမှ ထရပ်လိုက်သည်။


အားယောင်က သူ ဖြတ်သွားသည်ကို စိုက်ကြည့်နေပြီး လှေကားထပ်များမှ တစ်လှမ်းချင်း တက်သွားသည်ကိုလည်း မလွတ်တမ်း ကြည့်နေကာ သူတံခါးပိတ်လိုက်သည်အထိ ဆက်ကြည့်နေခဲ့သည်။


သူပြောတာ မှန်ပါတယ်... သူမက ဒီနေရာနဲ့ မသက်ဆိုင်ဘူး...


အားယောင်က ခြေထောက်များကို ဖက်တွယ်ကာ ဆိုဖာပေါ်တွင် မော့ကျန်းထိုင်သွားခဲ့သည့် နေရာလေးမှာပင် ကွေးကွေးလေး အိပ်နေရင်းက ရုတ်တရက် ချမ်းစိမ့်စိမ့် ဖြစ်လာသလို ခံစားလိုက်ရသည်။


မကြာခင် ဆောင်းဝင်တော့မယ် ထင်ပါရဲ့...


မော့ကျန်းအတွက်ကား အိပ်မပျော်သည့် ရက်တစ်ရက် ထပ်ဖြစ်ခဲ့ရသည်။ 


ပြတင်းပေါက်မှ အရုဏ်ဦးအလင်းရောင် ကျရောက်လာသောအခါ တံခါးဘဲလ် မြည်သံက တိတ်ဆိတ်နေသော အိမ်လေးထဲတွင် ပဲ့တင်သွားပြီး အသံတစ်ခုက ပထမထပ်မှ အပေါ်ထပ်များဆီသို့ ဖြတ်သန်း၍ ပေါ်ထွက်လာခဲ့သည်။ 


"မော့ကျန်း... ခဏနေလို့ တံခါး လာမဖွင့်ပေးသေးရင် ငါ့ဘာသာငါ ဝင်လာခဲ့မှာနော်" 


ကန်စီနီ ဗီလာရှိ အိမ်များ၏ တံခါးများနှင့် ပြတင်းပေါက်များ အားလုံးက အရည်အသွေးမြင့် အသံလုံစနစ် ပါရှိသော်လည်း တံခါးခေါက်လာသူ၏ အသံမှာ တစ်ယောက်ယောက်၏ နားအနားကို ကပ်၍ ပြောနေသည်ဟုပင် ထင်ရသည်။ လက်တွေ့ကျကျ ရှင်းပြနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ထိုသူက အလွန်မြင့်သော အတွင်းအား ရှိနိုင်သည်ပဲ ဖြစ်နိုင်ပေသည်။ 


မော့ကျန်း သိသမျှ လူအားလုံးထဲကမှ ဒီလို အတွင်းအား မြင့်မြင့် ရှိနိုင်တဲ့ တစ်ဦးတည်းသောသူက ကံဆိုးချင်တော့ သူ့ဆရာသခင် ဖြစ်နေလေရဲ့။


ဒါပေမယ့် သူအခု ဘာပြောလိုက်တာ ပါလိမ့်... သူသာ တံခါးမဖွင့်ပေးရင် ဝင်လာဖို့ နည်းလမ်းရှာမှာတဲ့လား...


သူ့ဘာသာ ဝင်လာနိုင်တယ် ဆိုရင်လည်း ဘာလို့များ သူ့က အောက်ထပ်ကို ဆင်းပြီး တံခါးသွားဖွင့်ပေးရမှာလဲ...


မော့ကျန်းက သူ့အဖြေက အတော်လေး ကျိုးကြောင်းညီသည်ဟု ခံစားရသဖြင့် စိတ်အေးလက်အေးဖြင့် ဆက်အိပ်သွားတော့သည်။


တံခါးဝက ဆရာသခင်: “…”


အားယောင်က မော့ကျန်း၏ အိမ်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့သော်လည်း ၎င်းက ထန်ချန်း မဟုတ်သော တခြားလူတစ်ယောက် တံခါးဝတွင် ရပ်နေသည်ကို တွေ့ကြုံရသည့် ပထမဆုံး အကြိမ် ဖြစ်နေသည်။ အားယောင်က ဧည့်ခန်းတွင် နှစ်ကြော့မျှ လှည့်ပတ် မျောလွင့်နေရင်းဖြင့် အဆုံးတွင် ဒုတိယထပ်သို့ တက်သွားရန်သာ ဆုံးဖြတ်ချက်လိလိုက်သည်။ 


" ကျန်းကျန်း ကျန်းကျန်း အခုလာနေတာ ဆရာများလား" အားယောင်က ပုံရိပ်လေးတစ်ခုကို ဖုံးအုပ်ထားသည့် စောင်လေးကို မလိုက်သည်။ သို့သော်လည်း ယခင်ကနှင့် ကွဲပြားသည်မှာ လတ်တလော ရာသီဥတုက အလွန်အေးလာသဖြင့် မော့ကျန်းက တုန်ယင်သွားပြီး အိပ်နေရာမှ တဖန်ပြန်၍ တဝက်တပျက် နိုးလာခဲ့သည်။


မော့ကျန်းက စောင်ကို သူ့ခန္ဓါကိုယ်၌ ပြန်ကပ်ထားပြီး အားယောင်ကို မျက်လုံးဖွင့်ကြည့်လိုက်သည်။ "ငါသိတယ်... သူ့ကို တံခါးသွားဖွင့်ပေးလိုက်... ငါချက်ချင်း ဆင်းလာခဲ့မယ်" 


“ကျွန်မလား” အားယောင်က လက်များကို ကျောဘက်တွင် ချိတ်ထားရင် တွန့်လိမ်နေခဲ့သည်။ 


"ဆရာ ကျွန်မကို တိုက်ရိုက် လက်ခံလိုက်မှာတော့ မဖြစ်နိုင်ဘူး"


“မဟုတ်ဘူး... ဒါပေမယ့် မင်းသာ သူ့ကို တံခါး စောစော ဖွင့်မပေးရင် သူဘာတွေ လုပ်လာမလဲဆိုတာ မသေချာဘူး"


အားယောင်: “…”


သူမက ခပ်မြန်မြန် ပျောက်ကွယ်သွားသဖြင့် လေနုအေးလေးများ ဖြတ်သွားလေသည်။


အားယောင်က သရဲ တစ်ယောက် ဖြစ်သဖြင့် တံခါးချပ်ကို တွေ့သည်နှင့် ၎င်းကို မှော်ဆန်ဆန်ဖြင့် တိုက်ရိုက် ဖြတ်ဝင်သွားနိုင်သောကြောင့် တံခါးဖွင့်ရသည့် လုပ်ငန်းစဥ်သည်ကား သူမ သိပ်မကျွမ်းကျင်သေးသည့် တစ်ခု ဖြစ်နေသည်။


အားယောင်က မော့ကျန်း၏ တံခါးကို ဂရုတစိုက် လေ့လာလိုက်ပြီး နားလည်သဘောပေါက်စွာ ခေါင်းငြိမ့်လိုက်သည်။


 "နှမ်းစေ့လေး ပွင့်စေ"


တံခါး ပွင့်သွားလေပြီ။


တံခါးဝရှိ ဆရာသခင်: “…”


သူ ရုတ်တရက် တံခါးထံမှ လေပြင်းများ တိုက်ခတ်လာသည်ကို ခံစားလိုက်ရပြီး သူ့ဆံပင်များ အနည်းငယ် ရှုပ်ထွေးသွားခဲ့လေသည်။


တံခါးဝမှ အားယောင်မှာ ထိုနေရာ၌ ရပ်နေသူကို တွေ့လိုက်ရသောအခါ မသိလိုက်မသိဘာသာဖြင့် နေရာမှာပင် အေးခဲသွားပြီး ကြက်သေသေသွားရသည်။


သူမက ယခင်က ဆရာသခင်ကို မမြင်ဖူးသဖြင့် အပြင်ပန်းတွင် ဆရာသခင် မည်သို့ ပုံစံရှိကြောင်း မသိခဲ့ပေ။ ဒါပေမယ့်လည်း ဆရာသခင်က တီဗီထဲက ဆံပင်ရှည်နဲ့ ပွင့်ရိုက် ဝတ်စုံရှည် ဝတ်ထားတဲ့ ပုံစံမျိုး မဟုတ်ရင်တောင် သန့်ရှင်းစင်ကြယ်တဲ့ ပုံစံနဲ့ဆိုရင်တောင် ဟွမ်ရှင်း ပုံစံတော့ မဖြစ်သင့်ဘူးမလား...


(TN: Huanxingက ဖက်ရှင်ဘရန်း တစ်ခုဖြစ်ပြီး လူငယ်တွေကို အဓိကထား ထုတ်လုပ်ပြီး ပျော်ရွှင်မှုကို ကိုယ်စားပြုပါတယ်)


ဝိုင်နီရောင် ရှပ်အင်္ကျီနှင့် မီးခိုးရောင် လည်စည်းတို့ဖြင့် အနက်ရောင် အနောက်တိုင်း ဝတ်စုံ ဝတ်ထားကာ တောက်ပြောင်နေသော အနက်ရောင် သားရေ ဖိနပ်စီးထားသည့် သားနားပြီး မဟာဆန်သော ထိုပုံရိပ်မှာ အထက်တန်းလွှာ စုဝေးပွဲတစ်ခုသို့ ချက်ချင်း သွားရောက်ရတော့မည့်အလား ဖြစ်နေပြီး ဤနေရာတွင် ပေါ်မလာခဲ့သင့်ပါပေ။


အနက်ရောင် မျက်ခုံးထူထူတို့အောက်ရှိ တစ်ဝက် မှေးကျဥ်းထားသော ထိုမျက်လုံးစူးစူးတို့က ကပွဲမှ မိန်းမငယ်လေးများ အားလုံး၏ နှလုံးသားကို အလွယ်တကူ ထိခတ်သွားစေနိုင်ပေသည်။


နေစမ်းပါအုံး... နေစမ်းပါအုံး... ဒီလူက တကယ်ပဲ ဆရာသခင် ဟုတ်ပါတယ်နော်... ဒါပေမယ့် ဘာလို့ ကျန်းကျန်းနဲ့ အသက်တူတူလောက် ပုံစံ ဖြစ်နေရတာလဲ...


“မင်းမြင်ရတာတွေကို ကျေနပ်ရဲ့လား" ဆရာသခင်၏ နှုတ်ခမ်းထောင့်များ ကော့တက်သွားကာ ဆွဲငင်နိုင်စွမ်း ရှိသည့် အသံနိမ့်နိမ့်က ရွှင်မြူးနေသည့် အရိပ်များ ပြည့်နှက်နေလေသည်။ 


အားယောင်: “…”


ဆရာသခင်... စတူဒီယိုမှား ရောက်လာတာ ထင်တယ်နော်...


အားယောင် ထပ်ပြီး ပျောက်ကွယ်သွားသဖြင့် လေများက သူမနေရာတွင် ကျန်ရှိနေလေသည်။


“ကျန်းကျန်းကျန်း... တံခါးကလူက ဆရာသခင် မဟုတ်လောက်ဘူး... သူ့ပုံစံက လူရှုပ်လူပွေနဲ့ တူနေတယ်"


အားယောင် သူ့အခန်းတွင်းသို့ ဝင်လာစဥ်က မော့ကျန်းမှာ ဘောင်းဘီကို ဆွဲတင်နေခြင်း ဖြစ်ပြီး တစ်စက္ကန့်မျှ တုန့်ဆိုင်းသွားပြီးနောက် ဇစ်ဆွဲလိုက်သည်။


 "ဒါဆို ဆရာသခင်ဆိုတာ သေချာပေါက်ပဲ"


အားယောင်: “…”


သူမက အခုလေးတင် ဘောင်းဘီ ဆွဲတင်လိုက်သော မော့ကျန်းကို ကြည့်ကာ သူမမျက်နှာကို ခပ်ရှက်ရှက် ကွယ်ထားလိုက်သည်။


သူမ နည်းနည်းလေး နောက်ကျသွားတာ... တကယ် ရှက်ဖို့ကောင်းလိုက်တာ...


မော့ကျန်းက ခပ်မြန်မြန် ဆေးကြောလိုက်ပြီးနောက် ပထမထပ်သို့ ဆင်းသွားသည်။ အားယောင်က သူ့နောက်သို့ မျောလွင့်၍ လိုက်လာပြီး သိလိုစိတ် အပြည့်ဖြင့် ဆရာသခင်အကြောင်း မေးမြန်းချင်နေခဲ့သည်။


 "ကျန်းကျန်း... ဆရာ့နာမည်က ဘာတဲ့လဲ... သူက အရမ်း ချောတာပဲ... ဘာလို့ စောစော မပြောပြတာလဲ"


မော့ကျန်း: “…”


“ဆရာသခင်က အရမ်း ငယ်တယ်နော်... သူ အသက် ဘယ်လောက် ရှိပြီလဲ"


မော့ကျန်း: “…”


“ဆရာကလေ …”


“ဆရာသခင်က မင်းနဲ့ ဘလိုင်းဒိတ်လုပ်ဖို့ လာတာ မဟုတ်ဘူး" မော့ကျန်းက သူမ၏ မေးခွန်း မဆုံးခင်မှာပင် ဖြတ်ပြောလိုက်သည်၊ "ပြီးတော့... သူက ငါ့ဆရာ.. မင်းရဲ့ ဆရာ မဟုတ်ဘူး... ဂရုမစိုက်ဘဲ လျှောက်ပြီး အော်ဟစ်မနေနဲ့"


အားယောင်: “…”


ဟမ့်... တကယ် တွက်ကပ်တတ်လိုက်တာ...


အားယောင် မော့ကျန်းနှင့်အတူ ပထမထပ်သို့ ဆင်းလာသောအခါ ဆရာသခင်က သူ့ဘာသာ ကော်ဖီတစ်ခွက်ငှဲ့ကာ ဧည့်ခန်းဆိုဖာတွင် ကျော့ကျော့မော့မော့ ဝင်ထိုင်နေလေပြီ။


မော့ကျန်း နောက်ဆုံးလှေကားထပ်ကို ခြေချမိသောအခါ သူ့နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ 


"ဆရာကတော့ သူများရဲ့ အိမ်လို့တောင် မသတ်မှတ်ထားဘူးနော်"


Xxxx