အပိုင်း ၃၆
Viewers 10k

Chapter 36


ဆရာသခင်က စားပွဲပေါ်မှ မတ်ခွက်လေးကို ကိုင်ကာ ကော်ဖီ တစ်ငုံ သောက်လိုက်သည်။ 


"မင်းလည်း သိတာပဲ... ငါ ဘယ်ကိုပဲ သွားသွား... နေရာတိုင်းက ငါ့အိမ်လိုပဲ"


မော့ကျန်း: “…”


“ဒါပေမယ့် မင်းရဲ့ သရဲမလေးက အရမ်း ချစ်စရာ ကောင်းတာပဲ.. မင်း သူ့ကို လွှတ်မပေးနိုင်တာ အံ့သြစရာ မရှိတော့ဘူး"


မော့ကျန်း ထိုစကားကို အဆုံးသတ် လိုက်သည်နှင့် ဧည့်ခန်းထဲမှ လေထုက ထူးဆန်းသော တိတ်ဆိတ်မှုအတွင်းသို့ ကျရောက်သွားသည်။


မော့ကျန်း၏ မျက်နှာက အကြိမ်အနည်းငယ်မျှ အရောင်အမျိုးမျိုး ပြောင်းနေခဲ့သည်။ သူ သူမကို လွှတ်မပေးချင်နေတာလို့ တကယ် ပြောလိုက်တယ်ဆိုရင် သူမကို ဖွက်ထားဖို့ ဆန္ဒရှိနေတာနဲ့ မတူသွားဘူးလား...


“ဆရာ... ဆရာသခင်... ရှင်လည်း အရမ်းချောတာပဲ"


 အားယောင်ယောင်က ခပ်ရှက်ရှက် ပြောလိုက်သည်။


မော့ကျန်း: “…”


ဒါဆို သူမက သူ့စကားရဲ့ ပထမတစ်ဝက်ကိုပဲ အာရုံစိုက်မိတာပေါ့လေ...


သို့သော်လည်း ဆရာသခင်၏ အသွင်အပြင်အကြောင်း ပြောရမည်ဆိုပါက မော့ကျန်း ပထမဆုံးအကြိမ်အဖြစ် နှစ်တန်းတွင် သူနှင့် စတွေ့မိသည့်အချိန်ကလည်း သူဤကဲ့သို့ ပုံစံမျိုး ဖြစ်နေခဲ့သည်။ နှစ်ပေါင်းများစွာ ကြာသွားပြီး မော့ကျန်း၏ အဘွား ဆုံးပါးသွားခဲ့သော်လည်း ဆရာသခင်၏ အသွင်အပြင်က အပြောင်းအလဲ သေးသေးလေးပင် ရှိမသွားခဲ့။ 


သူက တကယ့်ကို နှစ်ထောင်ချီ အသက်ရှည်နေတဲ့ သတ္တဝါဆိုးကြီးပဲ.. 


ဘယ်နားက ချောနေလို့လဲ...


“ငါက မော့ကျန်းရဲ့ ဆရာသခင်ပါ... ငါ့ရဲ့ လော လောဆယ် နာမည်က ချန်ရှင်း" ဆရာသခင်က ဆိုဖာပေါ်မှ ထရပ်ကာ ရယ်မောရင်းဖြင့် အားယောင်ကို ပြုံးပြလာခဲ့သည်။


အားယောင်က ချက်ချင်း တောင့်တင်းသွားပြီး ကိုယ်မတ်သွားကာ စစ်တပ်၏အလေးပြု နှုတ်ဆက်ဟန်ဖြင့် သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။


 "ဆရာသခင်... မင်္ဂလာပါ... ကျွန်မက အားယောင်ပါ"


ဆရာသခင်က မျက်ခုံးပင့်ကာ မော့ကျန်းကို လှည့်ကြည့်လိုက်သည်။ 


"ဒီနာမည်ပေးခဲ့တာ မင်းမို့လား"


“အမ် … အာ” မော့ကျန်း၏ မျက်လုံးများ အနည်းငယ် လက်သွားပြီး ဆရာသခင်၏ အကြည့်များကို ရှောင်ရှားလိုက်သည်။ 


ဆရာသခင်က နှုတ်ခမ်းကို ကိုက်လိုက်သော်လည်း မည်သည်ကိုမှ ပြောမလာခဲ့ပေ။


သူ တိတ်ဆိတ်နေသည်ကို တွေ့သောအခါ အားယောင်က ထိုစကားဝိုင်းကို ဆက်မပြောရဲတော့ပေ။ ဧည့်ခန်းက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ ဆရာသခင်က ခေါင်းကို လှည့်ကာ အားယောင်ကို ကြည့်ပြီး ပြောလိုက်သည်။ 


"မင်း မသေသေးဘူး... သိလား" 


ဆရာသခင် ထိုစကားကို ပြောသည့်အချိန်တွင် တည်ငြိမ်နေသည့် ထူးမခြားနား အသံအနေအထား ရှိနေခဲ့သည်။ သူက 'ဒီနေ့က ဗုဒ္ဓဟူးနေ့လေ... သိရဲ့လား' ဟု ပြောနေသကဲ့သို့ ဖြစ်နေသည်။


သို့သော်လည်း အားယောင်၏ ခေါင်းထဲတွင် ထိုစကားက တရားရုံး၏ နောက်ဆုံး အဆုံးအဖြတ်ကဲ့သို့ပင် အရေးကြီးလေသည်။


အားယောင်က နေရာမှာပင် တစ်ခဏမျှ ကြက်သေသေကာ အေးခဲနေပြီးနောက် ခေါင်းကို ခပ်ဖြည်းဖြည်း မော့လိုက်သည်။ 


"ကျွန်မက မသေသေးဘူး ဆိုရင် ဘာလို့ ဒီလိုမျိုး ဖြစ်လာရတာလဲ" 


ဆရာသခင်က ခန္ဓါကိုယ်ကို လှည့်၍ အားယောင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ 


"မင်းက အသက်ရှိနေတဲ့ လူသားပဲ... ပြီးတော့ မင်းရဲ့ အခြေအနေက တခြား ဝိဥာဏ်တွေနဲ့ အရမ်း ကွာခြားနေတယ်... မင်းရဲ့ ဝိဥာဏ် ဘာလို့ ထွက်လာရတာလဲ ဆိုတဲ့ အကြောင်းအရင်းကို ငါမသိပေမယ့် မင်းအသက်ရှင်နေတယ် ဆိုမှတော့ မင်းရဲ့ ခန္ဓါကိုယ်အစစ်ထဲ အချိန်မရွေး ပြန်ဝင်သွားလို့ရတယ်"


မော့ကျန်းက မျက်မှောင်ကြုတ်ပြီး စကားမပြောဘဲ ဘေးတွင်သာ ရပ်နေသည်။


အားယောင်က ဆရာသခင်၏ စကားလုံးများကို ချေဖျက်နေသည့်အလား ရပ်နေဆဲပင် ဖြစ်သည်။ သူမက မော့ကျန်း ဆရာသခင်ဘက်လှည့်ကာ မေးနေသည်ကို ကြာ့်နေခဲ့သည်။


 "သူ့ ကိုယ်အစစ်ထဲ ဘယ်လို ပြန်ဝင်လို့ရမလဲ"


“ဒါက …” ဆရာသခင်က တစ်ခဏမျှ ရပ်တန့်သွားသည်။ တိုတောင်းသော တိတ်ဆိတ်မှုများ ပြီးနောက် သူမော့ကျန်းကို တစ်ချက်ကြည့်ကာ ဆက်ပြောလိုက်သည်။ 


"အချိန်မကျသေးဘူး"


“အချိန်ရှိတာလား” အားယောင်က ဆရာသခင်ကို ကြည့်၍ စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်ခတ်လိုက်သည်။ 


"အချိန်ကျတာက ဘာလဲ... ဘယ်တော့ ရောက်လာမှာလဲ"


ဆရာသခင်က နူးနူးညံ့ညံ့ ရယ်မောလိုက်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ပုံပေါ်နေသော သူ့အမူအကျင့်များက မျက်လုံးများထဲမှ ဆန်းကြယ်သော အကြည့်များ ကျရောက်သွားပြီး ပြောလာခဲ့သည်။


 "အဲ့ဒီ လျှို့ဝှက်ချက်က ထုတ်ပြောလို့ မရဘူး" 


အားယောင်အတွေး: “…”


ဘာလို့များ ရှေ့ဖြစ်ဟောဆရာတွေ အားလုံးက ဒီလိုစကားတွေ ပြောရတာကို ကြိုက်ကြတာလဲ... ထုတ်ပြောလို့ မရရင်လည်း မပြောနဲ့ပေါ့...


အားယောင်၏ နှလုံးသားက မသက်မသာ ဖြစ်နေရသော်လည်း ဆရာသခင်က အားယောင်၏ အရေးကိစ္စကို စွန့်ပစ်လိုက်သည်မှာ ကြာပြီ ဖြစ်ကာ ထိုအစား လူအများ၏ စားဝတ်နေရေးအကြောင်း ပြောဆိုနေလေသည်။ 


"ကာလိုင်ရယ် စားသောက်ဆိုင်ရဲ့ စတိတ်ခ်က အရသာရှိတယ်လို့ ငါကြားထားတယ်... ငါအခုထိ မနက်စာ မစားရသေးဘူး"


မော့ကျန်း: “…”


မနက်ခင်းမှာ စတိတ်ခ် စားတာ ဘယ်လို အကြံကြီးလဲ... စားသောက်ဆိုင်တွေက ဒီအချိန် ဖွင့်လို့လား"


သို့သော်လည်း သူ့စကားများက အားယောင်ကို တစ်ခုခု အမှတ်ရသွားစေသည်။ သူမမျက်လုံးများ ဝင်းလက်သွားပြီး ဆရာသခင်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ 


"ဆရာသခင်... ကျွန်မမှာ ယာဂု တစ်ခွက် ရှိသေးတယ်" မနေ့ညက ပြင်ဆင်ထားသော အဖြူရောင်နတ်ဆိုး ယာဂု 2.0 ကိုမော့ကျန်းက ထိပင် ထိမသွားခဲ့ပေ။ ယာဂုကို ရေခဲသေတ္တာအတွင်းတွင် သိမ်းထားခဲ့သည်။ သူမက ၎င်းကို ခပ်မြန်မြန် ထုတ်ယူ၍ ပြန်နွှေး၍ ရပေသည်။


အားယောင်က ဆရာသခင် ပြန်ဖြေသည်ကို မစောင့်တော့ပေ။ ရေခဲသေတ္တာတံခါးက သူ့ဘာသာ ဖွင့်ပိတ်သွားပြီး ဒန်အိုး သေးသေးလေးတစ်လုံးက ထိုအထဲမှ ပျံဝဲလာကာ ဂတ်စ်မီးဖိုက ရုတ်တရက် မီးထတောက်လာသည်။ 


ဆရာသခင်က မျက်ခုံးပင့်လိုက်ပြီး အားယောင် လှုပ်ရှားနေသည်ကို အံ့အားတသင့် ကြည့်နေခဲ့သည်။


 "အလုပ်ကြိုးစားတဲ့ ကောင်မလေးပါလား... မော့ကျန်း မင်းကို လွှတ်ပေးဖို့ တွန့်ဆုတ်နေတာ အံ့သြစရာ မရှိတော့ဘူး"


မော့ကျန်း: “…”


သူ ဒါကို ထပ်ပြောဖို့ လိုလို့လား... သို့သော်လည်း ဤတစ်ကြိမ်၌ မော့ကျန်း ဆရာသခင်၏ စကားကို ကြာကြာ ဂရုစိုက်မနေတော့။ အားယောင်က ဆရာ့စကား၏ ပထမတစ်ဝက်ကိုသာ အာရုံစိုက်လိမ့်မည်ကို သူ ယုံကြည်နေပေသည်။


“အဲ့လိုလား.... ကျန်းကျန်းက ကျွန်မကို လွှတ်ပေးဖို့ တွန့်ဆုတ်နေတယ်ပေါ့" အားယောင်က မော့ကျန်းရှေ့ လာရပ်ကာ သူမ၏ မျက်နှာက သူ့ကို စိုက်ကြည့်နေခဲ့သည်။


မော့ကျန်း: “…”


ပထမအပိုင်းကိုပဲ အရေးစိုက် ထားစမ်းပါ..


မော့ကျန်းက အားယောင်ကို ကွေ့ရှောင်၍ မီးဖိုချောင်ထဲမှ ယာဂုထံသာ ဦးတည်သွားလိုက်သည်။ ယာဂု အပူပေးပြီးသွားသောအခါ မော့ကျန်းက အားယောင်ကို မစောင့်တော့ဘဲ ကြောင်အိမ်ထဲမှ ပန်းကန်လုံး နှစ်လုံးကို ကိုယ်တိုင် ကိုယ်ကျ ထုတ်လိုက်ပြီး ဟင်းပွဲအနည်းငယ် ဆွဲထုတ်ကာ စားပွဲပေါ်တွင် တင်လိုက်သည်။


ဆရာသခင်က စားပွဲထံ လျှောက်လာနေပြီး စားပွဲပေါ်မှ အမယ်များကို ကြည့်ကာ ခေါင်းငြိမ့်ပြ၍ ဆိုလိုက်သည်။ "ကြည့်ရတာ အံ့သြစရာ ကောင်းလောက်အောင် ကောင်းမဲ့ပုံပဲ... ယာဂုကို လောလောလတ်လတ် ချက်ထားတာက ပိုကောင်းမယ် ထင်တယ်"


သူ့စကားများကို ခေါင်းထဲတွင် ချိတ်ထားနေသည့် အားယောင်မှာ ခေါင်းငုံ့ကာ ကြမ်းပြင်ကို စိုက်ကြည့်နေပြီး အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။


 "တကယ်တော့ အဲ့တာကို မနေ့ညက ချက်ထားတာလေ... ဒါပေမယ့် ကျန်းကျန်းက မစားချင်ဘူး"


ထိုခါးသီးပြီး သောကရောက်နေသည့် မျက်နှာ အမူအယာက မော့ကျန်းကို နှလုံးသားမရှိသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်သွားစေရသည်။


သို့သော်လည်း ထိတ်လန့်ဖွယ် အကောင်းဆုံးအချက်မှာ မော့ကျန်းကိုယ်တိုင်ပင် ထိုသို့ တွေးမိနေခြင်း ဖြစ်သည်။


သူက စကားတစ်ခွန်းမှ မဆိုဘဲ ခုံကို ဆွဲထုတ်၍ ထိုင်ချလိုက်ပြီး ယာဂုကို စတင် စားသောက်လိုက်သည်။ သူ အားယောင် သေချာပေါက် သရုပ်ဆောင်နေသည်ဟုသာ ခံစားနေရလျှင်တောင် သူ ယာဂုကို သေသေသပ်သပ် အေးအေးဆေးဆေး စားချင်နေခဲ့လေသည်။ 


ဆရာသခင်က မော့ကျန်း၏ လုပ်ဆောင်မှုများကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်များက မြင့်သထက် မြင့်သွားခဲ့သည်။ သူက မော့ကျန်းဘေးတွင် ထိုင်ရန် ထိုင်ခုံကို ဆွဲထုတ်လိုက်ပြီး သူ့အတွက် ယာဂုကို တိတ်တဆိတ် စားလိုက်သည်။


မနက်စာက ရိုးရှင်းပြီး အကုန်မြန်သော ဟင်းပွဲ ဖြစ်လေသည်။ ငါးမိနစ်မကုန်ခင်မှာပင် ဆရာသခင်၏ ပန်းကန်လုံးက အပြောင်ရှင်းသွားပြီး ဖြစ်နေသည်။


သူက စားပွဲပေါ်မှ တစ်သျူးရွက်ဖြင့် ပါးစပ်ကို သုတ်ကာ ခုံမှ ထရပ်လိုက်သည်။ "ဒီ ယာဂုပန်းကန် လုပ်ပေးလို့ ကျေးဇူးတင်တဲ့ အနေနဲ့ မင်းကို ဒီလက်ကောက်လေး လက်ဆောင်ပေးမယ်" သူက အားယောင်ကို ကြည့်၍ ဂုဏ်ကျက်သရေရှိစွာ ပြောလိုက်သည်။


သူ စကားပြော၍ ပြီးသွားသည့် အချိန်မှာပင် သူ့လက်ထဲတွင် လက်ကောက်တစ်ရံရုတ်တရက် ပေါ်လာခဲ့သည်။ လက်ကောက်ကို ပြုလုပ်ထားသော ပစ္စည်းအား မသိရသော်လည်း ပုတီးစေ့ တစ်ခုတိုင်းက အတွင်းတွင် ထွင်းထုထားသည့် ရှုပ်ထွေးသော ပုံစံများ ရှိနေပြီး အလယ်တွင် ခေါင်းလောင်းသေးလေး နှစ်ခုဖြင့် တန်ဆာဆင်ထားသည်။ ဆရာသခင် သူ့ညာလက်ကို လှုပ်လိုက်သည့်အခါ ခေါင်းလောင်းသေးလေး နှစ်ခုက တချွင်ချွင် မြည်ကာ အတူတကွ အသံ ထွက်ပေါ်လာခဲ့သည်။ 


“ဝိုး... ဆရာက အရမ်း စွမ်းအားကြီးတာပဲ" အားယောင်က ကြည့်နေရင်းဖြင့် သူမ၏ မျက်လုံးလေးများ ဝင်းလက်သွားသည်။ "ဒါပေမယ့် ဒီပစ္စည်းကို ကျွန်မ လက်ကောက်ဝတ်မှာ ဘယ်လို ဝတ်ရမှာလဲ" သူမက ခန္ဓါကိုယ်တစ်ခု မရှိဘဲ ဖြောင်ဖြောင်၏ မှော်ဆန်သော နည်းလမ်းကြောင့်သာ အဝတ်အစားများ လဲလှယ်နိုင်ခြင်း ဖြစ်ပေသည်။


“ဒါက အရမ်း ရိုးရှင်းတယ်" ဆရာသခင်က ပြုံးလိုက်ပြီး သူမလက်ကို သူ့ဆီ ဆန့်ထုတ်ရန် အားယောင်ကို အချက်ပြလိုက်သည်။ အားယောင်က သူ့ညွှန်ကြားချက်များကို နာနာခံခံ နားထောင်လိုက်ပြီး ဆရာသခင်က လက်ကောက်ကို သူမ၏ လက်ကောက်ဝတ်တွင် ဝတ်ပေးလိုက်သည်။ လက်ကောက် ဝတ်ပေးပြီးသွားသောအခါ အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး ဆရာသခင်က သူ့လက်ကို ခပ်ဖြည်းဖြည်း လွှတ်ပေးလိုက်သည်။ အားယောင်၏ လက်ကောက်ဝတ်မှ လက်ကောက်က အကြိမ်အနည်းငယ်မျှ လှုပ်ယမ်းလိုက်သော်လည်း ပြုတ်ကျမသွားခဲ့ပေ။


“ဝိုး" အားယောင်က သူမ၏ ဘယ်လက်ကို စိတ်လှုပ်ရှားစွာဖြင့် ခါယမ်းလိုက်ပြီး ခေါင်းလောင်းလေးနှစ်ခုက ခပ်တိုးတိုး မြည်ဟီးနေကြသကဲ့သို့ တချွင်ချွင် မြည်လာခဲ့သည်။


 "ကျန်းကျန်း... ကြည့်လိုက်... တကယ်ကြီး ဝတ်ထားလို့ ရနေတာ" 


မော့ကျန်းက အားယောင်၏ လက်ကို ကြည့်ကာ ဆရာသခင်ကို လှည့်မေးလိုက်သည်။ "ဒီလက်ကောက်က ဘယ်လို အသုံးဝင်တာလဲ"


“သူ့ဝိဥာဏ်က ခန္ဓါကိုယ်နဲ့ ဝေးကွာနေတာ ကြာပြီ... အခု သူ့ဝိဥာဏ် နည်းနည်း ထိခိုက်ထားနိုင်တယ်... ဒီလက်ကောက်က ရှင်သန်မှုကို ထိန်းသိမ်းထားပြီး ခန္ဓါကိုယ်ရဲ့ ဝိဥာဏ်ကို ကာကွယ်ပေးနိုင်တယ်... ဒါပေမယ့်..." ဆရာသခင်က တုန့်ဆိုင်းသွားသည်။


 "ဒီနေ့ ဘယ်သူနဲ့မှ မထိနဲ့... မဟုတ်ရင် လက်ကောက်ရဲ့ ဝိဥာဏ်စွမ်းအားဆီ သက်ရောက်သွားလိမ့်မယ်"


“အိုး" အားယောင်က နားလည်ဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


 "ကျွန်မက လူတွေနဲ့ ဘယ်လိုမျိုး မထိတွေ့ရမှာလဲ"


“အိမ်မှာပဲ ကောင်းကောင်းနေ... အဆင်ပြေသွားလိမ့်မယ်" ဆရာသခင်က ပြောပြီးနောက် မော့ကျန်းကို ကြည့်ကာ ပြောလိုက်သည်။ 


"အခု စတိတ်ခ်သွားစားရအောင်"


မော့ကျန်း: “…”


အားယောင်: “…”


ဘာလို့များ ဆရာသခင်က သူ့ရဲ့ နောက်ထပ် စစ်တုရင် ရွှေ့ကွက်ကို စီစဥ်နေတယ်လို့ အမြဲတမ်း ခံစားနေရပါလိမ့်...


အားယောင်က ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်နေရင်းဖြင့် မော်ကျန်း၏ လန်ရိုဗာကား တဖြည်းဖြည်း ဝေးသွားသည်ကို ကြည့်ကာ သူတို့နောက်သို့ လိုက်သွားမည့်အတွေးတို့က တဖြည်းဖြည်း လွင့်ပြယ်သွားလေသည်။ ဆရာသခင်က လှည့်စားဟောပြောတတ်သူ အတုတစ်ယောက်နှင့် အလွန် တူနေသော်လည်း သူမသာ သူတို့နောက်သို့ တိတ်တိတ်လေး လိုက်သွားမိပါက သူမကို ချက်ချင်း ရှာတွေ့သွားကြမည်မှာ မလွဲနိုင်ပါပေ။


သူမ၏ လက်ကောက်ဝတ်မှ ခေါင်းလောင်းလေးများက အကြိမ်အနည်းငယ်မျှ လှုပ်ယမ်းလာခဲ့သည်။ အားယောင်က သူမ၏ ဘယ်လက်ကို မြှောက်ကာ လက်ကောက်လေး၏ လက်မှုပညာရပ်ကို ဂရုတစိုက် လေ့လာနေခဲ့သည်။


မော့ကျန်းက ကား၏ မောင်းနှင်သူ ထိုင်ခုံတွင် ထိုင်နေခဲ့ပြီး ခေါင်းကို လှည့်ကာ သူ့ဘေးတွင် ထိုင်နေသော သူကို တည့်တည့်ကြည့်လိုက်သည်။


 "ဆရာ... ဘာပြောချင်နေတာလဲ" အားယောင်ထံမှ တမင်သက်သက် ခွဲထွက်လာပြီး အပြင်ထွက်ရန် တိုက်တွန်းလာခဲ့သည်... သူ့လုပ်ဆောင်ချက်များက စတိတ်ခ်စားချင်ယုံ သက်သက် မဟုတ်သည်မှာ သေချာနေပေသည်။


အနောက်တိုင်း ဝတ်စုံ ဝတ်ထားသော ဆရာသခင်ထံမှ လှည့်စားမခံလိုက်ပါနှင့်။ အကြောင်းမှာ ထိုသူက သေချာပေါက် တရုတ်စာများ စားရသည်ကို ကြိုက်သည်ကြောင့်ပင်။


ဆရာသခင် သူ့စကားများကို ကြားသောအခါ နူးနူးညံ့ညံ့ ရယ်မောလိုက်သည်။ အပြင်ဘက် ရှုခင်းများကို ကြည့်နေသော သူ့မျက်လုံးများမှာ မော့ကျန်း၏ မျက်နှာ အမူအယာကို ကြည့်ရန် ရွေ့လျားလာခဲ့သည်။


 "ဒီမေးခွန်းကို မေးသင့်တဲ့သူက ငါပါ... မော့ကျန်း... မင်း ဒီသရဲလေး ဘယ်သူ ဆိုတာကို သိထားပြီးသားမလား" သူ အားယောင် မသေသေးမှန်း ပြောလိုက်သည့်အချိန်က အားယောင်က တစ်ခဏမျှ ကြက်သေသေသွားသော်လည်း အလွန်အမင်း ထိတ်လန့်သွားသည့် တုံ့ပြန်ချက်ကို ပြမလာခဲ့ပေ။ မော့ကျန်းအတွက်မူကား ထိုသူက အစမှအဆုံးအထိ တည်ငြိမ်နေသော အမူအယာကို ထိန်းသိမ်းထားခဲ့သည်။


၎င်းက အမှန်တကယ်ပင် စိတ်ဝင်စားဖွယ် ကောင်းလှသည်။


စတီယာရင်ကို ကိုင်ထားသော လက်များမှာ မသိလိုက်မသိဘာသာ တင်းကြပ်သွားခဲ့သည်။ သူက တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် အဆုံးတွင် လေသံလေးနှင့် ပြောလာခဲ့သည်။ 


"ကျွန်တော် ရှာတွေ့တာ ရက်နည်းနည်းလောက်ပဲ ရှိသေးတယ်" သူ အမှန်တရားကို မည်သို့ ရှာတွေ့ခဲ့သည့်အကြောင်းကိုကား ထုတ်ပြောရန် မလိုအပ်ပါချေ။ 


“အိုး" ဥာဏ်များသော မြေခွေး တစ်ကောင်နှင့် တူနေသည့် ဆရာသခင်မှာ မျက်လုံးများ မှေးကျဥ်း၍ မော့ကျန်း၏ မျက်နှာ အမူအယာကို ဂရုတစိုက် ကြည့်လိုက်ပြီးနောက်  ကားပြတင်း၏ အပြင်ဘက်မှ မြင်ကွင်းများကို ကြည့်ရန် ခေါင်းပြန်လှည့်သွားသည်။


 "ဒါဆို... ဘာဆက်လုပ်မယ် စီစဥ်ထားလဲ" 


အနက်ရောင် ဇိမ်ခံကားတစ်စီးက သူတို့အနားကို မောင်းလာခဲ့သဖြင့် ရောင်ပြန်လာသောပုံရိပ်က ပြတင်းပေါက်၏ ဘေးဘက်တွင် ထင်ဟပ်လာခဲ့သည်။ မော့ကျန်းက သူ့နား၏ အနီးအနားမှ လေချွန်သံကို တိတ်တဆိတ် နားထောင်နေခဲ့သည်။ သူ ပါးစပ်ဟကာ စကားပြန်ပြောတော့မည့် အချိန်တွင် ဆရာသခင်က ဝင်ရောက် နှောက်ယှက်လိုက်သည်။


 "ငါ့ကို အမြန် ပြန်ဖြေဖို့ မလိုဘူး... ငါ ဒါကို မပြောပြခဲ့ဖူးဘူး ထင်တယ်... ဒါပေမယ့် သူ့ရဲ့ မူလကိုယ်ထဲ ပြန်ဝင်သွားရင် မင်းအပါအဝင် ဒီအတောအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အရာအားလုံးကို မေ့သွားလိမ့်မယ်"


Xxxxxx