Chapter 37
မော့ကျန်း၏ သူငယ်အိမ် အနည်းငယ် တုန်ခါသွားလေသည်။ သူတို့ရှေ့ရှိ လမ်းဆုံ၏ အစိမ်းရောင် မီးပွိုင့် အလင်းက အနီရောင်သို့ မပြောင်းမီ နှစ်ကြိမ်မျှ တဖျတ်ဖျတ်လက်သွားကာ မော့ကျန်း၏ ကားကို လမ်းဆုံတွင် တားဆီးလိုက်လေသည်။
အစိမ်းရောင် ပြန်ပြောင်းသွားသည်အထိ တစ်ခဏမျှ စောင့်နေပြီးနောက် သူတို့က ထိုလမ်းဆုံကို ဖြတ်၍ ခပ်မြန်မြန် မောင်းထွက်လာခဲ့သည်။ မော့ကျန်းက သူ့နှုတ်ခမ်းကို ခပ်ဖြည်းဖြည်း ဟလိုက်သည်။
"သူ့ကို လွှတ်ပေးလိုက်တာက လွဲလို့ ဘာများလုပ်နိုင်ဦးမှာလဲ"
မှန်ပေသည်။ သူ့တွင် အခြား ရွေးချယ်စရာ မရှိတော့ပေ။
ဆရာသခင်က ပြန်မဖြေလာခဲ့ဘဲ ထိုအစား ပြတင်းပေါက်မှန်ကိုသာ စိုက်ကြည့်နေခဲ့သည်။ ပြတင်းပေါက်မှန်တွင် ရောင်ပြန်ဟပ်နေသော မော့ကျန်း မျက်နှာ ၊ ချောမွေပြီး ဖြောင့်တန်းနေသော မျဥ်းကြောင်းများ ထောင့်ကျနေသည်ကို ရေးတေးတေး ပြသနေသည်။
သို့သော်လည်း ၎င်းက ခွဲခြားရန် အလွန် ခက်ခဲနေသော ဝမ်းနည်းမှု တစ်စွန်းတစကိုလည်း ဖော်ပြနေပေသည်။
သူ မနေနိုင်ဘဲ သက်ပြင်းချမိသည်။ ဆရာသခင်က လက်တစ်ဖက်ကို သူ့မေးအောက်တွင် ထောက်ထားကာ တရားအားထုတ်တော့မည့် အခြေအနေသို့ ရောက်ရှိသွားတော့မည် သကဲ့သို့ပင်။ သူ မော့ကျန်းကို ပထမဆုံး စတွေ့သည့် အချိန်ကတည်းက ထိုကလေးတွင် မက်မွန်ပန်းပွင့်များ လုယက်ခံရမည့် လွဲမှားနေသော ကံကြမ္မာ ကို ကြုံတွေ့ရမည်ကို သူသိနေခဲ့သည်။
(TN: 桃花劫, တရုတ်ရိုးရား ပုံပြင်တွေမှာ မက်မွန်ပန်းပွင့်တွေမှာ မက်မွန်သီး နှစ်မျိုး ရှိပါတယ်တဲ့... ကောင်းတဲ့ မက်မွန်သီးနဲ့ ဆိုးတဲ့ မက်မွန်သီးပါ... ကောင်းတဲ့ မက်မွန်သီးက ပျော်ရွှင်ရပြီး ထာဝရ ရှည်ကြာတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုပါတယ်... ဆိုးတဲ့ မက်မွန်သီးက ချစ်သူတွေ အငြင်းပွားကြပြီး ဘယ်တော့မှ တည်မြဲမှာ မဟုတ်တဲ့ အချစ်တစ်ခုကို ကိုယ်စားပြုပါတယ်... ဆရာသခင်က မော့ကျန်းရဲ့ အချစ်ရေးက မကောင်းတဲ့မက်မွန်သီး ပါတဲ့ မက်မွန်ပွင့်လိုပဲ လွဲမှားတဲ့ ကံကြမ္မာနဲ့ တွေ့ကြုံနေရတယ်လို့ ပြောချင်တာပါ... လူမှန်ကို အချိန်မှားပြီး တွေ့ရလို့ အတူရှိဖို့ မတတ်နိုင်တာပါ )
အမှန်တကယ်တွင် ရှေ့ဖြစ်ဟောသူ မဟုတ်လျှင်တောင် မော့ကျန်း၏ ထက်မြက်လှသော အသွင်အပြင်ကို ကြည့်ရုံမျှပင် မက်မွန်ပွင့်ကို အလစ်သုတ်ရနိုင်သည်ဟု လူများစွာက ပြောကြလိမ့်မည်ပင်။
(TN: ဧကရာဇ်မော့က အရမ်း ကြီးမြတ်တာမို့ ကောင်းကင်ဘုံက သူ့ကို လွဲမှားတဲ့ ကံကြမ္မာပေးပြီး ချိန်ညှိပေးလိမ့်မယ်လို့ ပြောချင်တာပါ)
သို့သော်လည်း မော့ကျန်းက အလွယ်တကူ စွဲဆောင် ခံရမည့် သို့မဟုတ် အလွန် စိတ်ခံစားချက် တက်လွယ်ကျလွယ်သည့် သူမျိုးလည်း မဟုတ်ခဲ့ပေ။ ထို့ကြောင့် မက်မွန် ပန်းကိုင်းတွင် ပွင့်လာရန် ရည်ရွယ်ထားသော မည်သူ၏ ပန်းများမဆို ပွင့်ဖတ်များ ပွင့်မလာခင်မှာပင် ဧကရာဇ်မော့၏ အေးစက်ပြီး ကျော့ရှင်းသော ပုံစံ၏ တည်ရှိမှုအောက်မှာပင် တစ်ပွင့်ပြီး တစ်ပွင့် ညှိုးလျော်သွားကြလေ၏။ သူ့နှလုံးသားက ထိုအခြေအနေကို ဖြတ်ကျော်နိုင်သရွေ့ ထိုလွဲမှားသော ကံကြမ္မာကို ရှောင်လွှားနိုင်မည် ဖြစ်လေသည်။
"သူ လှေကားကနေ ပြုတ်ကျသွားပြီး အခုထိ သတိမရသေးဘူးလို့ ကြားထားတယ်"
မော့ကျန်း၏ အသံက မလွန် တိုးပြီး နူးညံ့နေကာ သူက ဆရာသခင်ကို စကားပြောနေသော်လည်း သူ့ကိုယ်သူ စကားပြောနေသည်နှင့် တူနေခဲ့သည်။ ဆန့်ကျင်ဘက်နေရာမှ နောက်ထပ် ကားတစ်စီး ဖြတ်ကျော်သွားလေသည်။ မော့ကျန်းက ကားကို လက်ဖြင့် မောင်းနှင်နေသော်လည်း နောက်ထပ်လမ်းဆုံတွင် ဘယ်ဘက်သို့ ကွေ့ရမည်လား ညာဘက်ကို ကွေ့ရမည်လားပင် မသိတော့ပေ။
ဆရာသခင်က သူ့မျက်လုံးထဲတွင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားကာ သိသိသာသာ သတိလက်လွတ်ဖြစ်နေပုံ ပေါ်သည့် မော့ကျန်းကို ကြည့်၍ မေးလိုက်သည်။
"သူ့ကို သွားမကြည့်တော့ဘူးလား"
ထိုစကားက ငါးစာတစ်ခုနှင့် တူပြီး ၎င်းကို ကိုက်ရန်အတွက် ခုန်ပေါက်ကြမည့် ငါးတစ်ကောင်ကောင်က အမြဲတမ်း ရှိနေနိုင်သည်။
“သူ့ကို သွားတွေ့ရမှာလား”
မော့ကျန်းက ထိုစကားလုံးများကို အသိမဲ့စွာ ထပ်ပြောလိုက်သည်။ သူ သူမကို သွားကြည့်နိုင်လောက်လား... ရှန်းယွမ်ဇယ်က သူမ မြို့တော်ဆေးရုံတွင် တက်နေသည်ဟု ပြောခဲ့ဖူးသည်ကို သတိရမိသွားသည်။
ထိုအကြံက သူ့ဦးနှောက်အတွင်းသို့ အခြေမကျခင်မှာပင် စတီယာရင်ပေါ်ရှိ သူ့လက်များက ထောင့်ချိုးလေးတစ်ခုကို ကွေ့လိုက်သည်။ လမ်းဆုံရှိ ညဘက်သို့ ကွေ့သည့် လမ်းကြောက မြို့တော်ဆေးရုံကို ဦးတည်နေပေသည်။
ကား၏ လမ်းကြောင်း ရုတ်တရက် ပြောင်းသွားသည်ကို သတိပြုမိသောအခါ ဆရာသခင်က မနေနိုင်ဘဲ မရေရမရာ အော်ဟစ်ချင်မိသွားသည်။ အချစ်က ကမ္ဘာပေါ်တွင် နားလည်ရန် အခက်ခဲဆုံး အရာ ဖြစ်ပေသည်။ ၎င်းက လူတစ်ယောက်ကို လုံးဝ အခြားသူတစ်ယောက် ဖြစ်သွားသည်အလား ပြုမူရန် ပြုလုပ်နိုင်ပေသည်။
Aမြို့၏ မြို့တော်ဆေးရုံက ဘယ်သောအခါမှ စီးပွားရေး ရပ်မသွားခဲ့ပေ။ ဧရိယာအတွင်းရှိ အခြားသော ကုမ္ပဏီများ စီးပွားရေး ကျဆင်းမှုဖြစ်ပြီး အလုပ်သမား ထောင်ပေါင်းများစွာ အလုပ်ပြုတ်သွားနိုင်လျှင်တောင် ဆေးရုံကအမြဲပင် လူများ ပြည့်ကျပ်နေမည် ဖြစ်လေသည်။
မော့ကျန်းက ကုတ်အင်္ကျီကော်လာကို မျက်နှာအနီးသို့ မတင်၍ ကားအနောက်ခုံမှ ဘေ့စ့်ဘောဦးထုပ်ကို ယူလိုက်ပြီး နေကာမျက်မှန် အကြီးကြီးကို ဆွဲထုတ်လိုက်သည်။ သူက အရိပ်ထဲမှ ပြစ်မှုကျူးလွန်သူ တစ်ယောက် သကဲ့သို့ ပုံပေါ်နေပြီး မည်သူကမျှ ယုံကြည်ပေးနိုင်ကြမည် မဟုတွ်ပေ။
သူ့တွင် mask ရှိနေပါက ပို၍ပင် ကောင်းသေးသည်။ ဆရာ့ကို ဆေးရုံထဲ တစ်ယောက်တည်း လွှတ်လိုက်လို့ ဖြစ်ပါ့မလား...
မော့ကျန်းက ဆရာသခင်ကို ကြည့်လိုက်ပြီး စကား စပြောတော့မည် အပြုတွင် တစ်ဖက်လူက မေးလာခဲ့သည်။
"သူ့နာမည်က ဘာတဲ့လဲ... ငါသွားပြီး သူ့ရဲ့ လူနာဆောင်ကို မေးပေးမယ်"
မော့ကျန်းက တစ်ဖက်တွင်ရပ်ကာ သူ့ဦးထုပ်နှင့် ဆံပင်များကို ဖုံးကွယ်ရန် ကြိုးစားနေလေသည်။ မော့ကျန်းက ကသိကအောက် ဖြစ်နေသည့် အသံဖြင့် ပြောလာသည်။ "လီယန်"
ထိုနာမည်က သူ ပထမဆုံး တွေးထားမိသည်ထက် ပို၍ ရှည်လျားနေခဲ့ဟန်ပင်။ အားယောင်က ပိုကောင်းသေးသည်။
ဆရာသခင်က ပထမထပ်၏ သတင်းအချက်အလက်ဌာနတွင် အားယောင်၏ လူနာဆောင် နံပါတ်ကို မေးပြီးနောက် မော့ကျန်း စောင့်နေသော ထောင့်လေးဆီ လျှောက်သွားကာ နံပါတ်ကို ပြောပြလိုက်သည်။ အထပ်နံပါတိက အရမ်း မမြင့်သော်လည်း မော့ကျန်း အတွက်မူကား ပါပါရာဇီ လုံခြုံရေးအတွက် လှေကားထစ်မ တက်ရန် လိုပေသည်။ လှေကားကို ဆက်ရန်အတွက် သူ့တွင် ပြဿနာ မရှိသော်လည်း ဆရာသခင်က အတော်လေး ခါးသက်သက် ခံစားလိုက်ရသည်။ မော့ကျန်း၏ လုပ်ဆောင်ချက်က လူကြီးများအပေါ် နှိပ်စက်မှု ပြုနေသည်ဟု ခံစားနေရသည်။
ကံမကောင်းစွာဖြင့် ထိုလူကြီးက ခါးသီးမှုထက် သိလိုစိတ်က ပို၍ ထက်သန်နေခဲ့သဖြင့် သူက မော့ကျန်းနောက်မှ လိုက်လာခဲ့ပြီး နှစ်ယောက်လုံးက ပျံသန်းနေသည့်အလား အပြေးတက်သွားကြသည်။
လီယန်၏ လူနာခန်းက ကော်ရစ်ဒါ၏ သုံးခန်းမြောက်တွင် ရှိနေခဲ့သည်။ အခန်းက အလင်းရောင်ရပြီး ကျယ်ဝန်းသော တစ်ယောက်ခန်း လူနာခန်း ဖြစ်သည်။ ဆေးရုံတွင် ထိုမြေ၏ တစ်လက်မတိုင်းအတွက် တိုက်ခိုက်နေကြရသည့်အချိန်၌ ထိုကဲ့သို့ တစ်ယောက်ခန်းတွင် နေနိုင်သည့်အတွက် လီယန်၏ မိသားစုက အတော်လေး အခြေအနေ ကောင်းပုံရလေသည်။
လူနာခန်းထဲ၌ သူတို့အပြင် အခြားသူများ မရှိပေ။ မော့ကျန်းက ကော်ရစ်ဒါလေးတွင် တိတ်တဆိတ်ရပ်နေကာ အိပ်ရာပေါ်တွင် လဲလျောင်းနေသူကို မှန်ပြတင်းကို ဖြတ်၍ ကြည့်နေခဲ့သည်။
သူမ၏ မျက်နှာက ဖျော့တော့နေပြီး သူမ၏ နှုတ်ခမ်းများကလည်း အရောင်အဆင်း ကင်းမဲ့နေသည်။ သူမ၏ ခန္ဓါကိုယ်ပေါ်တွင် သွေးကွက်တစ်ကွက်မျှ မတွေ့ရသော်လည်း သူမ၏ ကိုယ်အလေးချိန်က လပေါင်းများစွာတွင် ကျဆင်းသွားခဲ့သည်မှာ သိသာနေခဲ့သည်။ IVအပ်တစ်ချောင်းက သူမ၏ ဘယ်လက် အရေပြားထဲတွင် နစ်မြုပ်နေပြီး အဖြူရောင် တိတ်အပိုင်းလေးတစ်ခုက ကာဆီးပေးထားသည်။ IV ဆေးအိတ်က ခပ်မြင့်မြင့်တွင် ချိတ်ဆွဲထားကာ ဖြည်းညှင်းစွာဖြင့် တစက်စက် ကျနေခဲ့သည်။
မော့ကျန်း၏ မျက်လုံးများက သူမကို ကြည့်နေခဲ့သည်။ သူမက ဓါတ်ပုံထဲမှ ပြုံးနေသော မိန်းမငယ်လေးနှင့် နှိုင်းယှဥ်လိုက်ပါက အလွန် အားနည်းဖျော့တော့နေပေသည်။ ထိုကွာခြားမှုက ကမ္ဘာကြီးလောက် ခြားသွားသည့်ဟန်ပင်။
"မင်း မဝင်တော့ဘူးလား" ဆရာသခင်၏ လေသံတိုးတိုးက သူ့နောက်ပါးမှ ထွက်ပေါ်လာခဲ့သည်။ ထိုခံစားချက်က တောင်တန်းများတွင် နေထိုင်သော နတ်ဆိုးဖန်တီးရှင် တစ်ယောက် ပြိုင်ဘက်ကင်း အလှလေး ဖြစ်လာသည် သို့မဟုတ် စိတ်ကြီးဝင် ပညာသင် ကျောင်းသားတစ်ယောက်က သူတို့၏ အိမ်ကို အပိုင်စီးချင်နေသည့် ခံစားချက်မျိုးနှင့် တူနေသည်။
သူမက ထိုနေရာ၌ လဲလျောင်းနေလေပြီး မော့ကျန်း အခန်းထဲသို့ ဝင်သွားသရွေ့ သူမကို တွေ့ရမည် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤတစ်ကြိမ်၌ မော့ကျန်းက ငါးစာကို မကိုက်ခဲ့ပေ။
“ပြန်ရအောင်” သူထိုနေရာတွင် မည်မျှ ကြာသည်အထိ တိတ်တဆိတ် မတ်တပ်ရပ်နေသည် မသိခဲ့ပေ။ သို့သော်လည်း အဆုံးတွင် မော့ကျန်း ဆရာသခင်ဘက်သို့ လှည့်၍ စကားပြောလိုက်သည်။ ဆရာသခင်က အကွေးပုံစံ ဖြစ်သည်အထိ မြင့်တက်နေသော နှုတ်ခမ်းထောင့်များနှင့် သူ့ကို ကြည့်လာခဲ့သည်။ ဘာတစ်ခွန်းမှ မပြောတော့ဘဲ ထွက်သွားကာ ကော်ရစ်ဒါမှ ဆင်းသွားလိုက်သည်။
မော့ကျန်းက သူ့နောက်မှ လိုက်လာကာ ကုတင်ပေါ်တွင် လဲလျောင်းနေသူကို နောက်ဆုံး အကြည့်တစ်ချက် ပေးလိုက်သည်။ သူတို့ထွက်လာသောအခါ နှစ်ယောက်သားက လှေကားမှ ထပ်ဆင်းသွားရန်သာ ဆုံးဖြတ်လိုက်သည်။ သူတို့၏ နောက်ကျာများ လှေကားပေါက်မှ လုံးဝ ပျောက်ကွယ်သွားသည့်အချိန်၌ ရှန်းယွမ်ဇယ်က တစ်ဖက်ကော်ရစ်ဒါ၏ ထောင့်မှ လျှောက်လှမ်းလာခဲ့သည်။
မော့ကျန်းက တမက်သက်သက် ရုပ်ဖျက်ထားပြီး ရှန်းယွမ်ဇယ် ရပ်နေသော နေရာနှင့် ဝေးကွာနေသော်လည်း ရှန်းယွမ်ဇယ်က သူတို့မည်သည့်နေရာပင် ရောက်နေပါစေ မော့ကျန်း၏ အရိပ်ကို အမြဲတမ်း ဖမ်းမိနိုင်ဆဲ ဖြစ်သည်။
ရှန်းယွမ်ဇယ်က နေရာမှာပင် ရပ်နေကာ မော့ကျန်း တစ်မိနစ်အလိုက ပျောက်ကွယ်သွားသော နေရာဘက်ကို လှမ်းကြည့်၍ သူ့မျက်ခုံးများ စုကြုတ်သွားခဲ့သည်။
သူဒီနေရာကို ဘာလာလုပ်တာလဲ...
သူက လီယန်၏လူနာခန်းရှိနေသည့်နေရာ၏ အရှေ့ဘက်တွင် ရပ်နေခဲ့သည်။ သူ မော့ကျန်းကို သူမနာမည်က လီယန်ဖြစ်ပြီး မြို့တော်ဆေးရုံတွင် တက်ရောက်နေသည်ကို ပြောပြခဲ့ဖူးသော်လည်း မော့ကျန်းက တမင်သက်သက် အပြေးလာပြီး သူမကို လာကြည့်မည်ဟု သူမတွေးမိပါချေ။
သူနဲ့ လုံးဝ မသက်ဆိုင်တဲ့ လူတစ်ယောက်ကိုပေါ့...
“ရှန်းကုန်းဇီ...ဘာလို့ ဒီမှာ ရပ်နေတာလဲ" ချန်းချင်းယန်က ကျောက်ရုပ်တုကဲ့သို့ အေးခဲနေသည့် ရှန်းယွမ်ဇယ်ကို တွန်းတိုက်ရန် ကြိုးစားလိုက်ပြီး သူမ၏ မျက်နှာအမူအယာနှင့် အသံအနေအထားက စိတ်အနှောက်အယှက် အပြည့် ဖြစ်နေလေ၏။
သို့သော်လည်း ရှန်းယွမ်ဇယ်က ချန်းချင်းယန်၏ အထွန့်တက်မှုများကို နားပင်းဟန် ပြုကာ နေရာမှာပင် မလှုပ်မယှက် ရပ်နေလေသည်။
ချန်းချင်းယန်က မျက်မှောင်ကြုံ့၍ ရှန်းယွမ်ဇယ် စိုက်ကြည့်နေသော နေရာသို့ ကြည့်လိုက်သည်။
၎င်းက ဗလာဖြစ်နေသော ကော်ရစ်ဒါတစ်ခု ဖြစ်ရုံသာမက မည်သူမှ ရှိမနေခဲ့ပေ။ ဒီလူ ဘာကိုများ စိုက်ကြည့်နေတာပါလိမ့်...
နှစ်ပေါင်းများစွာ ကြာသောအခါ ချန်းချင်းယန် ထိုမြင်ကွင်းကို ပုံဖော်မိသည့် အချိန်တိုင်း မတတ်နိုင်ဘဲ မျက်ရည်များ ဒလဟော စီးကျလာလေသည်။
သူမနဲ့ ဧကရာဇ်မော့က တစ်ယောက်နဲ့ တစ်ယောက် ကျော်ဖြတ်သွားခဲ့ကြတာဟ...
“ဟယ်လို" ချန်းချင်းယန်က သူမ၏ မျက်လုံးများကို ပြန်သိမ်းကာ ရှန်းယွမ်ဇယ်၏ နားကို မျက်နှာမူ၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ရှန်းယွမ်ဇယ်က ထိုအသံကြောင့် သိသိသာသာပင် အံ့အားသင့်သွားရဟန် တူသည်။ သူ့ခန္ဓါကိုယ်တစ်ခုလုံးက ထိတ်လန့်မှုတို့ဖြင့် ခုန်ထွက်ကာ ချန်းချင်းယန်ကို လှည့်ကြည့်လိုက်သည်။ "ဒီနေရာက အများပြည်သူပိုင် နေရာနော်... ကျေးဇူးပြုပြီး လျှောက်မအော်ပါနဲ့လား"
ချန်းချင်းယန်: “…”
ဒီနေရာက အများပြည်သူပိုင် နေရာဆိုရင် ကျေးဇူးပြုပြီး ကော်ရစ်ဒါ အလယ်မှာ ကျောက်ရုပ်ကြီးလို ကြုံရာကျပန်း ရပ်မနေပါနဲ့လား...
ချန်းချင်းယန်၏ နှုတ်ခမ်းများက ခါးသီးသီးဖြင့် တီးတိုး ပြောလိုက်ကာ လူသားကြောက်ဖြစ်ရုပ်ကြွင်းကြီးကို ရှောင်ကွင်း၍ ကော်ရစ်ဒါသို့ ဆင်းသွားလိုက်သည်။
ဒေါက်တာဖန်က လီယန် မကြာခင် နိုးလာနိုင်မည်ဟု ပြောခဲ့သော်လည်း လပေါင်းများစွာ ကြာလာသည့်တိုင် လီယန် အသိစိတ်ပြန်ဝင်လာသည့် မည်သည့် လက္ခဏာမှ မတွေ့ရသေးပေ။
ချန်းချင်းယန်က သူမ၏ လက်ထဲတွင် အထုပ်တစ်ထုပ်ကိုင်၍ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ရှန်းယွမ်ဇယ်သည်လည်း တံခါးကို ဖွင့်၍ ဝင်လာခဲ့သည်။
“ရှင်ဘာတွေ ကြည့်နေတာလဲ" ချန်းချင်းယန်က အထုပ်ထဲမှ ချောကလက်အချို့ကို ယူ၍ ရှန်းယွမ်ဇယ်ထံသို့ အလွယ်တကူ ပစ်ပေးလိုက်သည်။
“အသိတစ်ယောက်ပါ" ရှန်းယွမ်ဇယ်က လေပေါ်တွင် ပျံဝဲလာသော အရာများကို အမှတ်တမဲ့ ဖမ်းလိုက်သည်။ ၎င်းတို့က ချောကလက်များ ဖြစ်သည်ကို တွေ့လိုက်ရသောအခါ ချန်းချင်းယန်ထံ ပြန်ပစ်ပေးလိုက်သည်။
"ငါ အချိုတွေ စားရတာ မကြိုက်ဘူး"
ချန်းချင်းယန် နှာမှုတ်လိုက်သည်။ သူမက ပြန်ပေးလာသော ချောကလက်များကို အခွံခွာ၍ သူမ၏ ပါးစပ်ထဲသို့ ပစ်သွင်းလိုက်လေသည်။
"အချိုတွေက ဦးနှောက်ကို အားပြန်ပြည့်စေတယ်... ရှင်တို့လို IQမြင့်တဲ့သူတွေက ဒါတွေ စားရတာ မကြိုက်ဘူးလား"
“မင်း ဒါကို ဘယ်သူ့ဆီက ကြားခဲ့တာလဲ" ရှန်းယွမ်ဇယ်က တီးတိုးရယ်မောလိုက်သည်။
"ကောင်းစန်က သံပရိုသီး စားရတာ ကြိုက်တယ်လေ"
"ဒါပေါ့ သူကတော့ ဘယ်တူပါ့မလဲ" ချန်းချင်းယန်က ရုတ်တရက် အလွန် စိတ်အားတက်ကြွလာခဲ့သည်။
"ဒါက ဧကရာဇ်မော့ သရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်လေ... ရှင်သိတယ်ပေါ့"
ရှန်းယွမ်ဇယ်: “…”
ဧကရာဇ်မော့က ခုနလေးတင်ကမှ ဒီနေရာမှာ ရှိနေခဲ့တာကွ... မင်းသိရဲ့လား...
“အိုင်း” ချန်းချင်းယန်က ထိုကဲ့သို့ ပြောလိုက်ပြီး သူမ၏ စိတ်အခြေအနေ စပြီး တည်ငြိမ်သွားခဲ့လေသည်။
"အရင်တုန်းကလိုသာဆို တလီရှေ့မှာ အချိုတွေ အဆိပ်အတောက် ဖြစ်စေတဲ့ဟာတွေ စားရင် သူသေချာပေါက် ထလာပြီး လာရိုက်မှာပဲ"
ရှန်းယွမ်ဇယ်: “…”
ဒါဆိုရင် ဒါကပဲ သူမ လူနာခန်းထဲမှာ အမြဲတမ်း စားသောက်နေရတဲ့ အကြောင်းအရင်းပေါ့... တကယ့်ကို ရည်ရွယ်ချက်ကောင်းလေးပဲ...
သူက ချန်းချင်းယန်ဘေးမှ နေရာလွတ်ကို ဝင်ထိုင်လိုက်ပြီး မေးလိုက်သည်။
"မင်း မော့ကျန်းကို ကြိုက်လား"
“အဓိပ္ပါယ် မရှိတာတွေ... မဟုတ်ရင် ဘာကြောင့် ကျွန်မရဲ့ ကလောင်နာမည်က လီမွန်ပြုတ် ဖြစ်နေတယ်ထင်လဲ"
ချန်းချင်းယန်က ရှန်းယွမ်ဇယ်ကို တောက်ပစွာ ပြုံးပြလိုက်သည်။
“အိုး” ရှန်းယွမ်ဇယ်က ခပ်ပေါ့ပေါ့ ပြုံးကာ ခေါင်းငြိမ့်ပြလိုက်ပြီး ထပ်ပြီး စကားဆိုမလာခဲ့ပေ။ လူနာခန်းက တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့ပြီးနောက် ချန်းချင်းယန်က ခပ်ဖြည်းဖြည်း စကားဆိုလာခဲ့သည်။
"ရှန်းကုန်းဇီ... တလီ ဘယ်တော့လောက် နိုးလာမယ် ထင်လဲ"
ရှန်းယွမ်ဇယ်က ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေသော လီယန်ကို ကြည့်၍ သူ့နှုတ်ခမ်းများ လှုပ်ရှားလာခဲ့သည်။
"မကြာခင်ပေါ့"
......
မော့ကျန်း ဆေးရုံမှ ထွက်လာသောအခါ ဆရာသခင်ကို ကာလိုင်ရယ် စားသောက်ဆိုင်သို့ မောင်းပို့ပေးခဲ့သည်။ ထင်ထားသည့်အတိုင်းပင် စားသောက်ဆိုင်က ယခုထိ မဖွင့်သေး။
ဆရာသခင်က အလွန် စိတ်အလိုမကျဖြစ်နေသည်။ သူက ဝတ်စုံပြည့်တောင် ဝတ်လာရသေးတာကို... စားသောက်ဆိုင်က ဘာလို့များ စီးပွားရေးအတွက် ဆိုင်တောင်မဖွင့်နိုင်ရသေးတာလဲ... ဒါက လုံးဝ သိပ္ပံနည်းမကျဘူးကွ...
မော့ကျန်းက ထိုလူ ကျိုးကြောင်းမညီသော လှုပ်ရှားမှုများ လုပ်မလာခင် ကားကို အဝေးသို့ မောင်းထွက်လာခဲ့သည်။ ထိုလူက အသက်အရွယ် ရနေပြီ ဖြစ်သော်ငြားစိတ်ကူးပေါက်ရာကို ထလုပ်တတ်လေ့ရှိနေဆဲပင်။
“ဆရာ... အဲ့ဒီ လက်ကောက်က တကယ် အလုပ်ဖြစ်ရဲ့လား" ထိုမေးခွန်းက ဆရာသခင်ကို အာရုံလွဲစေချင်သည်ကြောင့်လား အမှန်တကယ်ပင် မေးချင်ကြောင့်လား မသိရသော်လည်း မော့ကျန်း၏ အသံက ကားထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
“မင်းက ငါ့ကို မေးခွန်းထုတ်နေတာလား" ဆရာသခင်က အန္တရာယ်ရှိစွာ မျက်လုံးမှေးကျဥ်းလိုက်ပြီး ရှေ့ဆံမြိတ်များက လေတိုက်ခတ်မှုပင် မရှိပါဘဲ လှုပ်ရှားသွားသည်။
"ဒီလက်ကောက်နဲ့ဆို သူ အပြင်ကမ္ဘာမှာ အနည်းဆုံး နှစ်တစ်ဝက်လောက် နေနိုင်တယ်"
နှစ်တစ်ဝက်.... မော့ကျန်း၏ မျက်လုံးထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားသည်။ သူအမှန်တကယ် လိုအပ်နေသည်မှာ အချိန်တစ်လ ဖြစ်သည်။
“ဆရာ... အားယောင် လေယာဥ်ပေါ် ထိုင်နိုင်လောက်လား"
Xxxx