အပိုင်း ၃၈
Viewers 10k

Chapter 38


 ခရီးသွားမယ်


နာရီပေါင်းများစွာ ကြာပြီးနောက် မော့ကျန်း အိမ်ပြမ်ရောက်လာသည့်အခါ ကောင်းကင်က မဲမှောင်သွားခဲ့ပြီ ဖြစ်သည်။


မနက်ခင်းအတွက် ခွင့်ယူခဲ့သည် ဖြစ်သဖြင့် နေ့လည်ပိုင်း သူရောက်သွားသောအခါ ဒါရိုက်တာချွီက သူ့အရေခွံကို ဒေါသတကြီး ဆွဲခွာရန် အသင့်ဖြစ်၍နေလေပြီ။ မော့ကျန်းက သက်ပြင်းချကာ သူ့အိမ်သော့ကို ထုတ်ယူလိုက်ပြီး တံခါးဖွင့်ရန် ပြင်လိုက်သည်။


အားယောင်က ဆိုဖာပေါ်တွင် ကွေးကောက်နေရင်း တီဗီကြည့်နေခဲ့သည့် အချိန်တွင် သူမ၏ နားများ လှုပ်ခါသွားပြီး တစ်ယောက်ယောက် ဝင်လာသံကို ကျယ်ကျယ်လောင်လောင် ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် တီဗီက "ကလစ်"ဟူသော အသံဖြင့် ပါဝါပိတ်သွားသည်။ 


“ကျန်းကျန်း ပြန်လာပြီ... ညစာ စားပြီးသွားပြီလား"


 အားယောင်က မော့ကျန်းကို ဂရုတစိုက် ကြည့်နေပြီး သူမ၏ ယောကျ်ားဖြစ်သူ အိမ်ပြန်လာမည်ကို စောင့်နေသည့် ဇနီးသည်ကောင်းလေး အတိုင်းပင်။


“မစားရသေးဘူး” မော့ကျန်းက ရှူးဖိနပ်များကို ချွတ်၍ ကုတ်အင်္ကျီကို ဆိုဖာပေါ်သို့ ပစ်တင်လိုက်သည်။


“ဒီနေ့ ကျွန်မ စတိတ်ခ် လုပ်ဖြစ်သွားတယ်" 


သူမက သူမကိုယ်တိုင်အတွက် အစားအစာ လုပ်နေသည့်အလား အားယောင်က မော့ကျန်း စိတ်ပျော်ရန်အတွက် သူမလုပ်နိုင်သမျှ အင်အား စိုက်ထုတ်မှု တစ်လက်မတိုင်းကို ထည့်သွင်းထားသည်။


မော့ကျန်းက ခေါင်းမော့ကာ သူမကို တစ်ခဏမျှ ကြည့်လိုက်ပြီး အံ့အားသင့်နေသော အမူအယာဖြင့် မေးလိုက်သည်။ 


"မင်းက စတိတ်ခ် လုပ်နိုင်တယ်လား"


“အင်း... အာ... ကျွန်မ အွန်လိုင်းမှာ ရှာထားတာ"



ကိစ္စတော်တော်များများက ဒီအတိုင်းပဲ... အပြောတော့စောပြီး တကယ့်အရာကျ မှန်းချက်နဲ့ နှမ်းထွက် မကိုက်တော့ဘူး"


“အိုး... အွန်လိုင်း" မော့ကျန်းက ထူးမခြားနားဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး မီးဖိုချောင်ဘက်သို့ လျှောက်သွားသည်။ 


အားယောင်က သူ့နောက်သို့ အနီးကပ် လိုက်လာပြီး သူမ၏ မျက်နှာတွင် ရိုးသားပြီး သမာသမတ်ကျသည့် မျက်နှာ အမူအယာ ရှိနေသည်။


 "ဒါပေမယ့် ကျွန်မ ဖိုရမ်ကို မသွားခဲ့ဘူးနော်... ကျွန်မ ရှင့် သတင်းတွေ မဖြန့်ခဲ့ဘူး.. ကျိန်ရဲတယ်" သူမက လက်များကို ဆွဲထုတ်ကာ ကျိန်ပြောလိုက်သည်။ 


မော့ကျန်းက သူမကို အာရုံစိုက်မနေခဲ့ဘဲ အကြော်ဒယ်အိုးထဲမှ စတိတ်ခ် အပိုင်းလေးတစ်ခုကို ကြည့်နေခဲ့သည်။ ထိုအသားတုံးလေးများမှာ ထန်ချန်း မကြာသေးမီက ပို့ပေးထားခြင်းဖြစ်ပြီး သူတို့ကို ချက်ပြုတ်ရန်အတွက် သူ့တွင် အချိန် မရှိခဲ့ပေ။


တကယ့် အမှန်တရားမှာ သူ့တွင် အချိန်ရှိခဲ့လျှင်တောင် သူတို့ကို ချက်ပြုတ်ရန် အလွန် ပျင်းရိလွန်းသည်ကြောင့်ပင်။


စတိတ်ခ်က ပူနေဆဲ ဖြစ်ပြီး ၎င်းတို့ကို ကြော်ထားသည်မှာ မကြာသေးဟန်ပင်။ မော့ကျန်းက ၎င်းကို ယောက်မဖြင့် ဆယ်ယူလိုက်ပြီး ပန်းကန်ပြားထဲတွင် ထည့်၍ စားပွဲဆီသို့ ယူသွားခဲ့သည်။


မော့ကျန်းက စတိတ်ခ်ကို အတုံးလေးများ ဖြတ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်သည်၊ ၎င်းက အတော်လေး အရသာ ရှိသည်ပင်။ မော့ကျန်းက သူ့ရှေ့မှ ကွန်ပြူတာကို ဖွင့်လိုက်ပြီး လတ်တလော ရှာဖွေထားသော စာရင်းကို ကြည့်ရန် ctrl+Hကို မနှိပ်တော့ဘဲ ထိုအစား Goreme မိုးပျံပူဖောင်းများ အကြောင်းကို တိုက်ရိုက်ရှာလိုက်သည်။ 


အားယောင်က မော့ကျန်းဘေးသို့ လွင့်မျောလာကာ ကွန်ပြူတာမျက်နှာပြင်ကို ကြည့်လိုက်သည်။ "ဝိုး... အဲ့နေရာက အရမ်း လှတာပဲ"


“အင်း” မော့ကျန်က ထောက်ခံသည့်အသံ ပြုကာ မောက်စ်ဖြင့် တဖြည်းဖြည်း ဆွဲချလိုက်သည်။


"ကျန်းကျန်း... ရှင် ခရီးသွားချင်လို့လား" အားယောင်က ခေါင်းကိုလှည့်လိုက်ပြီး သူမ၏ မျက်လုံးများက မော့ကျန်းကို ထက်သန်စွာ ကြည့်နေခဲ့သည်။


မော့ကျန်းက ခေါင်းကိုလှည့်ကာ သူမကို တစ်ခဏမျှ ကြည့်လာခဲ့ပြီးနောက် သူ့မျက်လုံးများက ကွန်ပြူတာ ဆီသို့ ခပ်မြန်မြန် ပြန်ရောက်သွားသည်။


 "အင်း နတ်ဘုရားတားမြစ်ဇုံ 3 ရိုက်ကူးရေးက မကြာခင် ပြီးတော့မှာဆိုတော့ နောက်ပိုင်းမှာ အလုပ်အားသွားပြီလေ... ငါခဏလောက် ခရီးထွက်ချင်လို့"


“သြော် သြော်”အားယောင်က လေးပင်စွာ ခေါင်းငြိမ့်လိုက်သည်။


 "ကျွန်မကိုလည်း ခေါ်သွားပါ... ခေါ်ပါနော်" အားယောင်က သူမကိုယ်သူမ အားတက်သရော လက်ညှိုးထိုးပြလိုက်သည်။


မော့ကျန်း၏ နှုတ်ခမ်းထောင့်လေးများ မြင့်တက်သွားကာ စတိတ်ခ်တုံးလေးကို ခက်ရင်းဖြင့် ထိုး၍ ပါးစပ်ထဲသို့ ထည့်လိုက်ပြီး သူ့မျက်နှာမှ တိတ်တခိုး အပြုံးလေးကို ဖုံးကွယ်လိုက်သည်။


 "မင်းလား... အဲ့နေရာက အရမ်းဝေးတာနော်... မင်း လေယာဥ်စီးနိုင်လို့လား"


“လေယာဥ်” အားယောင်၏ မျက်ခုံးများ အတူတကွ စုကြုံ့သွားသည်။ သူမက အလွန်မြင့်မြင့် ပျံသန်းနိုင်လျှင်တောင် လေယာဥ်ပျံသော အမြင့်၌ ပျံသန်းရန်အတွက်ကား နည်းနည်း ပိုခက်လောက်မည်ထင်။ ပြီးတော့ အကွာအဝေးရောပဲလေ... 


“ကျွန်မ ကြိုးစားပါ့မယ်"


 အားယောင်က လက်သီးလေးကို ဆုပ်ကာ သူမ၏ မျက်လုံးနှစ်စုံက ဆုံးဖြတ်ချက် ပြတ်သားမှုတို့ဖြင့် တောက်ပနေခဲ့သည်။


ကျန်းကျန်းနဲ့အတူတူ ခရီးထွက်ရဖို့ဆိုရင် သူမ တိုက်ခိုက်နိုင်ရမယ်...


မော့ကျန်းက အဆုံးတွင် ထိန်းမထားနိုင်တော့ဘဲ ရယ်မောလိုက်သည်။ သူက လက်များဖြင့် ပါးစပ်ကို မြန်မြန် အုပ်ထားလိုက်ပြီး မျက်နှာပြင်ပေါ်မှ မိုးပျံပူဖောင်းကို ကြည့်နေလိုက်သည်။ 


"ဆရာက ဒီနေ့ ငါ့ကို ရတနာကောင်းတစ်ခု ပေးလိုက်တယ်လေ... သရဲတွေက ဝင်ပူးနိုင်သရွေ့ သူတို့ကို ဘယ်နေရာဖြစ်ဖြစ် ခေါ်သွားလို့ ရတယ်တဲ့"


“တကယ်ကြီးလား" အားယောင်က သဲကန္တာရအတွင်းမှ အိုအေစစ်ကို တွေ့သည့်အလား သူမ၏ ဝိဥာဏ်တစ်ခုလုံးက တောက်ပလာခဲ့သည်။ သူမက ပိုဆိုးသော အခြေအနေ ဖြစ်လာလျှင်တောင် လေယာဥ်ပေါ်မှ ကြုံရာကျပန်း ခရီးသည် တစ်ယောက်ကို ဝင်ပူးပြီး လေဆိပ်သို့ ရောက်သည်နှင့် သူမထွက်လာလို့ ရသည်ဟု တွေးမိခဲ့သည်။ ယခုတွင် သူမက ထိုမှော်ပညာကို တတ်မြောက်ထားပြီ ဖြစ်၍ သူမ လေယာဥ်စီးလျှင်တောင် သူမအမေပင် စိုးရိမ်ပေးစရာမလိုတော့... 


အားယောင်မှာ သူမက အလွန် ချစ်စရာကောင်းသော လူတစ်ယောက်ဟု ခံစားနေရလေသည်။


မော့ကျန်းက အလွန် ချစ်ဖို့ကောင်းသော အားယောင်ကို ကြည့်ကာ နှာမှုတ်လိုက်ပြီး ခရီးသွားလမ်းညွှန်ကို ရှာဖွေလိုက်သည်။


အားယောင်က အလွန် စိတ်လှုပ်ရှားနေပြီး မော့ကျန်းကို သူတို့ ထွက်ခွာမည့် အချိန်အား ဆက်တိုက် မေးမြန်းနေခဲ့သည်။ အားယောင်က ဆက်တိုက်နှောက်ယှက်နေသဖြင့် မော့ကျန်းမှာ ခေါင်းပင် နာကျင်လာရပြီး ရိုက်ကူးရေး ပြီးသွားသည့်အချိန်တွင် ထွက်ခွာမည် ဖြစ်ကြောင်းကိုသာ ပြန်ဖြေလိုက်ရသည်။


အားယောင်က တစ်ညလုံး စိတ်လှုပ်ရှားနေပြီး ပတ်လှိမ့်နေကာ နေရာတိုင်းတွင် ကျွမ်းပစ်ထိုး၍ မော့ကျန်း ထပ်ပြီး သည်းမခံနိုင်တော့ဘဲ ဒုတိယထပ်သို့ အိပ်စက်ရန် သွားသည်အထိ နှောက်ယှက်နေခဲ့သည်။ အားယောင်က အစတွင် သူ့နောက်မှ လိုက်သွားချင်သော်လည်း မော့ကျန်း၏ မျက်လုံးများထဲမှ ချိန်းခြောက်မှုကို တွေ့လိုက်ရသည့်အခါ သူမ၏ စိတ်အားထက်သန်မှုတို့ ပျောက်ဆုံးသွားခဲ့သည်။ သူ့မျက်လုံးများက မင်းငါ့နောက်ကို လိုက်ခဲ့ရင် ခရီးထွက်ဖို့ မစဥ်းစားနဲ့တော့ဟု ပြောနေပုံ ပေါ်နေလေသည်။ 


ခရီးထွက်ရရေးအတွက် အားယောင်က နာနာခံခံဖြင့် အိပ်စက်ရန် ဧည့်ခန်းကိုသာ မျောလွင့်လာခဲ့သည်။ အားယောင် သူ့နားကို မနှောက်ယှက်နေသော်လည်း မော့ကျန်းမှာ အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း အတွေးထဲသို့ နစ်မြောနေခဲ့သည်။ မျက်နှာကျက်က အိပ်မွေ့ချနိုင်သည့် အစွမ်းသတ္တိရှိပုံပင်။ အကြောင်းမှာ ၎င်းကို တစ်ခဏမျှ စိုက်ကြည့်ပြီးနောက် မော့ကျန်း အိပ်ပျော်သွားခဲ့သည်။ 


မော့ကျန်းက အလွန် အိပ်မောကျသွားသည်မဟုတ်ဘဲ မနက်ပိုင်း ကြက်ဖတွန်သံ မထွက်လာခင်ပင် နိုးလာခဲ့သည်။ ဖုန်းထုတ်၍ အချိန် ကြည့်လိုက်သောအခါ ငါးနာရီနှင့် လေးဆယ့်ငါးမိနစ် ရှိနေပြီ ဖြစ်သည်။ မော့ကျန်းက သက်ပြင်းချလိုက်ပြီး ထန်ချန်း၏ ဖုန်းနံပါတ်ကို သာမန်ကာလျှံကာ ဖုန်းခေါ်လိုက်သည်။ 


ထိုအချိန်၌ ထန်ချန်းမှာ ရေချိုးပြီးကာစ ဖြစ်ပြီး ရေနွေးတစ်ခွက်ကို ကိုင်၍ မော့ကျန်းကို ပုံမှန်အတိုင်းပင် မနက်ခင်း ခေါ်ဆိုမှု လုပ်ရန် ဖုန်းကို ကိုင်လိုက်သည်။ သို့သော်လည်း သူ အံ့အားသင့်သွားရသည်မှာ သူဖုန်းကို ကောက်မယူလိုက်ခင်မှာပင် မော့ကျန်း၏ နံပါတ်က ဖုန်းမျက်နှာပြင်တွင် ပေါ်နေခဲ့သည်။ 


ထန်ချန်းက မျက်ခုံးပင့်လိုက်သည်။ ဒီနေ့ လေတွေ ပြောင်းပြန် တိုက်လာလောက်တယ်... ဧကရာဇ်မော့က ဖုန်းတွေ အရင်စခေါ်လို့ပါလား...


ထန်ချန်းက ဖုန်းကိုင်လိုက်ပြီး မော့ကျန်းကို သရော်တော့မည့်အချိန်တွင် သူ့မပြောရသေးခင်ပင် တစ်ဖက်မှ မော့ကျန်း၏ အသံထွက်လာသည်ကို ကြားလိုက်ရသည်။ "ထန်ချန်း မင်း အခုဘယ်မှာလဲ"


ထန်ချန်းက တစ်ခဏမျှ တိတ်ဆိတ်သွားသည်။ "ဒီလောက် မနက်စောစောအချိန်မှာ အိမ်မှာပဲ ရှိမှာပေါ့ကွ" သူက ပုခုံးနှင့် ဆံပင်တို့ကို ကပ်၍ ဖုန်းကို နားတွင် ထိန်းထားပြီး ဘောင်းဘီ ဝတ်လိုက်သည်။


“ကုမ္ပဏီကို သွားလိုက်... ငါမင်းကို ပြောစရာ ရှိတယ်"


ထန်ချန်းက မျက်ခုံးပင့်မိသွားသည်။ "စတူဒီယိုမှာ ပြောလို့မရလို့လား" ရိုက်ကူးရေးက ပြီးခါနီးနေပြီ ဖြစ်၍ ရိုက်ကူးရေး ဝန်ထမ်များကလည်း အလုပ်များနေပြီး လှုပ်ရှားလိုက်တိုင်း ပျံသန်းနေသကဲ့သို့ ထင်ရသည်။ သူ ကုမ္ပဏီကို သွား၍ အချိန်မဖြုန်းလိုက်ချင်ပါပေ။ 


“စတူဒီယိုက တော်တော်လေး အဆင်မပြေဘူး" မော့ကျန်းက မရှင်းမလင်း ပြောလာခဲ့သည်။ ထိုသူက သွားတိုက်ရင်း ဖုန်းပြောနေသည်ဟု ထန်ချန်း ယူဆလိုက်သည်။


“ကောင်းပြီလေ” ထန်ချန်းက ခေါင်းငြိမ့်ပြီး မေးလိုက်သည်။


 "ငါအခု သွားတော့မယ်... မင်းဘယ်အချိန် ရောက်လာမှာလဲ"


“ငါလည်း ထွက်တော့မှာ... အများဆုံး နာရီဝက်လောက်ပဲ ကြာမယ်" မော့ကျန်းက ပါးလုပ်ကျင်းထားသော ခံတွင်းသန့်ဆေးရည်ကို ထွေးထုတ်လိုက်ပြီး ဖုန်းချလိုက်သည်။ သူ အောက်ထပ်သို့ ရောက်သောအခါ အားယောင်က သူ့ကိုတွေ့ရသည့်အတွက် အံ့သြသွားခဲ့သည်။ 


"ကျန်းကျန်း ဒီနေ့စောစောနိုးနေတာလား" 


သူ့စောင်ကို တောင် သွားမခိုးရသေးဘူး... ဘာလို့ နိုးလာရတာလဲ...


“အင်း ငါ့မှာ ကိစ္စလေးတွေ ရှိသေးလို့ ကုမ္ပဏီကို အရင်သွားရမယ်" မော့ကျန်းက ဂျာကင်အင်္ကျီကို ဝတ်၍ လျှောက်သွားလိုက်သော်လည်း အားယောင်က သူ့ကို ခပ်မြန်မြန် တားလာခဲ့သည်။


 "မနက်စာ မစားတော့ဘူးလား"


“ကုမ္ပဏီမှာ စားလိုက်မယ်" 


“ဪ” အားယောင်က သူ့နောက်မှ လိုက်လာပြီး သူနှင့်အတူ ထွက်ရန် ပြင်လိုက်သည်။ သို့သော်လည်း မော့ကျန်းက တံခါးကို ဖွင့်လိုက်သောအခါ အားယောင်ဘက်သို့ လှည့်လာခဲ့ပြီး ပြောသည်။ 


"ရိုက်ကူးရေးက တစ်ပတ်အတွင်း ပြီးတော့မှာ... အိမ်မှာပဲနေပြီး ခရီးအတွက် ပြင်ဆင်ဖို့ လိုတာတွေ ကြည့်ထားလိုက်"


“အိုး …” သူမက သရဲမပဲလေ... ဘာတွေ ပြင်ဖို့ လိုအုံးမှာလဲ... အားယောင်မှာ မော့ကျန်း၏ ဆင်ခြေက အနည်းငယ် ချာတူးလံနေသည်ဟု ထင်သော်လည်း စိတ်ပြောင်းပြီး သူမကို မခေါ်ဘဲ ထားခဲ့မည်ကို ကြောက်ရသဖြင့် သူမက ဤအချိန်တွင် အကောင်းဆုံးပြုမူနေထိုင်ပြီး အမူအကျင့် ကောင်းသော ကြယ်သုံးပွင့် သရဲတစ်ကောင် ဖြစ်လာရမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။


မော့ကျန်းက အားယောင် နာနာခံခံဖြင့် ဧည့်ခန်းဆီ ပြန်၍ မျောလွင့်သွားသည်ကို ကြည့်ပြီးမှ တံခါးမှ ထွက်ခွာသွားခဲ့သည်။ ဘန်ထလေကားကို ဂိုထောင်ထဲမှ မောင်းနှင်လာပြီးနောက် မော့ကျန်း အချိန်ကို ကြည့်လိုက်သောအခါ ခြောက်နာရီ ထိုးနေလေပြီ။


မနက်ပိုင်းစောစောဖြစ်၍ လမ်းပေါ်၌ ကားအနည်းငယ်သာ ရှိပြီး မော့ကျန်း ကားကို ချောချောမွေ့မွေ့ မောင်းနှင်လာကာ မိနစ်နစ်ဆယ် မပြည့်ခင်မှာပင် ကုမ္ပဏီသို့ ရာက်ရှိလာခဲ့သည်။


ခိုက်ဟွမ်းကမူ ကုမ္ပဏီ၏ အဝင်တံခါးပင် မဖွင့်သေးဘဲ တံခါးကို မျက်လုံးတစ်ဝက်ပွင့်လျက် ငိုက်မျဥ်းနေသော လုံခြုံရေး ဝန်ထမ်းတစ်ယောက်က စောင့်ကြပ်နေခဲ့သည်။ မော့ကျန်းက ကမ္ပဏီအတွင်းမှ ဝန်ထမ်းများ ဖြတ်သန်းသည့်နေရာကို ဖြတ်ကျော်ခဲ့ပြီး ဓါတ်လှေကားစီး၍ 36ထပ်သို့ တက်သွားခဲ့သည်။ ရင်းနှီးနေသော ကော်ရစ်ဒါကို ကျော်ဖြတ်သွားရင်းဖြင့် ထန်ချန်း၏ ရုံးခန်းအနားသို့ရောက်လာသည့်အခါ ဟန်မိန်မိန်၏ အရိပ်ကို မမြင်ရသည်မှာ ထူးဆန်းနေခဲ့သည်။


မော့ကျန်း တံခါးခေါက်ပြီး တွန်းဖွင့်လိုက်သည့်အခါ ထန်ချန်းက အထဲတွင် ဝင်ထိုင်နေပြီးသား ဖြစ်သည်ကို တွေ့လိုက်သည်။


ထန်ချန်းက မော့ကျန်းအတွက် ရေနွေးတစ်ခွက် လောင်းထည့်ပေးလိုက်ပြီး ထိုင်နေရင်းဖြင့် ပြောလာသည်။ 


"ဒီလောက်အလျင်လိုနေရအောင် ဘာများ ဆွေးနွေးချင်နေတာမို့လဲ"


မော့ကျန်းက ခွက်ထဲမှ ရေနွေးများကို လှည့်နေခဲ့ပြီး လိုရင်းကို ပြောလိုက်သည်။ "


ထန်ချန်း နတ်ဘုရားတားမြစ်ဇုံ 3 ပြီးသွားရင် ငါ လဝက်လောက် နားချင်တယ်" 


သူ ထိုစကားကို ပြောပြီးသွားသည်နှင့် ထန်ချန်းက မျက်ခုံးများ ပင့်မိသွားသည်။ "ဘာကြောင့်လဲဆိုတာ ပြောလို့ရမလား"


“ပြည်ပကို ခရီးသွားချင်လို့"


ထန်ချန်း: “…”


မင်းရဲ့အဘွား ကင်ဆာဖြစ်လို့တို့ မင်းရဲ့အဘိုး ရုတ်တရက် ဆုံးသွားလို့တို့ ပြောလို့မရဘူးလားကွာ... ပြည်ပကို ခရီးထွက်ချင်တဲ့ ဆင်ခြေက မင်းရဲ့ ဆရာမတောင် တကယ် ယုံပေးပါ့မလား"


ထန်ချန်း ခက်ခဲမှုများဖြင့် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် စကားပြောရန် ပါးစပ်ဟလာခဲ့သည်။ 


"မော့ကျန်း... နှစ်ကုန်ပိုင်းက မင်းအတွက် အမြဲတမ်း အလုပ်အများဆုံးအချိန်ဆိုတာ သိပြီးထားပဲ... ဘာလို့ ပြည်ပကို အခု ခရီးသွားရမှ ဖြစ်မှာလဲ... ပြီးတော့လည်း နှစ်မကုန်ခင် အယ်ဘမ်လ်တစ်ချပ်ကို အသံသွင်းဖို့ လိုသေးတယ်လေ"


မော့ကျန်းက နှုတ်ခမ်း ကိုက်ကာ ထန်ချန်းကို ပြောလိုက်သည်။ 


"ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်က အယ်လ်ဘမ်အကြောင်း ပြောဖို့ပဲ... နှစ်ကုန်အောင် စောင့်ပြီးမှ အယ်လ်ဘမ်ကို အသံသွင်းလို့ မရဘူးလား"


“ငါကစောင့်နေပေမယ့် မင်းရဲ့ဖန်တွေက စောင့်နိုင်ပါ့မလား"


 ထန်ချန်းက အဆုံးတွင် စိတ်ငြိမ်အောင် ထိန်း၍ ရသွားသည်။ 


"မော့ကျန်း မင်းရဲ့ နောက်ဆုံးထွက်ထားတဲ့ အယ်လ်ဘမ်က မနှစ်က ထုတ်ထားတာနော်... ကုမ္ပဏီက ဒီအယ်လ်ဘမ်အသစ် အတွက် ထုတ်လုပ်ရေးနဲ့ ကြော်ငြာတွေအတွက် အရင်းအမြစ်တွေ အများကြီး စိုက်ထုတ်ပြီးလို့ သီချင်းတွေတောင် ရွေးပြီးသွားပြီ... မင်း အခု ဒါကို ဆိုင်းငံ့ထားချင်နေတာဆိုရင် ကုမ္ပဏီနဲ့ မင်းရဲ့ဖန်တွေကို ဘယ်လို ရှင်းပြရတော့မှာလဲ"


မော့ကျန်း မျက်မှောင်ကြုတ်မိသွားသည်။


 "ပျောက်ဆုံးသွားသော ကောင်းကင်ဘုံ"က ဂီတလောကတွင် တစ်နှစ်ခွဲမျှ အနားယူပြီးမှ အသစ်ထွက်လာမည့် အယ်လ်ဘမ်ဖြစ်သည်။ ထုတ်လုပ်ရေး အဖွဲ့ဝင်များအားလုံးက ဂီတလောကတွင် ထိပ်တန်းပုံရိပ် ရှိသူများ ဖြစ်ကာ အယ်လ်ဘမ်၏ အဓိကသီချင်း၏ စာသားများကို သူကိုယ်တိုင် ရေးမည်ဖြစ်သည်။ ကုမ္ပဏီက ထိုအယ်လ်ဘမ်အပေါ် အကျယ်တဝင့် အရေးပေးထားရုံသာမက ထိုအယ်လ်ဘမ်က မော့ကျန်းအတွက် ကြီးမားသော မှတ်ကျောက် တစ်ခုလည်း ဖြစ်ပေသည်။ သူ ထန်ချန်း ပြောခဲ့သည့် အရာများကို တွေးထားပြီးသား ဖြစ်သော်လည်း... သို့သော်လည်း... အားယောင်က မကြာခင် ထွက်သွားရမည် ဖြစ်ပြီး ထိုအချိန်၌ သူမက သူ မည်သူ ဖြစ်သည်ဟူသည်ကိုပင် လုံးဝ မှတ်မိနိုင်တော့မည် မဟုတ်ပေ။ သို့သော်လည်း ထိုကိစ္စများ မဖြစ်ပွားခင် သူမ သွားချင်သော နေရာကို သွားပြီး သူမ လုပ်ချင်သော အရာများကို လုပ်ပေးချင်သည်။ 


၎င်းက သူမအတွက် သူ လုပ်ပေးနိုင်သည့် တစ်ခုတည်းသော အရာသာ ဖြစ်သည်။


Xxx