အပိုင်း ၃၉
Viewers 10k

Chapter 39


ချစ်မိသွားပြီ


“ဒီခရီးက ငါ့အတွက် အရေးကြီးတယ်... ငါသွားမှ ဖြစ်မယ်" မော့ကျန်းက ထန်ချန်းကို ကြည့်လိုက်သည်။ သူ့မျက်လုံးများက တောင်းပန်နေဟန် ပေါ်သော်လည်း သူ့အသိစိတ်ထဲတွင် နောင်တ တစိုးတစိမှ ရှိမနေပေ။


 "ဖန်တွေဘက်ကိုတော့ ငါပဲ ရှင်းပြပေးလိုက်မယ်... ကုမ္ပဏီအတွက်ကိုတော့ မင်းကို ပြဿနာ ဖြစ်စေမိလို့ တောင်းပန်ပါတယ်"


ထန်ချန်း တိတ်ဆိတ်သွားသည်။


မော့ကျန်းက ပွဲဦးထွက်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း သူက တစ်ခါမှ အလွန်အကျူး တောင်းဆိုမှုများ မလုပ်ဖူးခဲ့ဘဲ တမင်သက်သက် ပြဿနာလည်း မရှာခဲ့ဖူးပေ။ ထန်ချန်းက မော့ကျန်းအတွက် ထိုဆုံးဖြတ်ချက်ကို ဆုံးဖြတ်ရန်အတွက် သူ့ကိုယ်ပိုင် အကြောင်းပြချက် ရှိလိမ့်မည်ဟု ယုံကြည်ပေသည်။ သို့သော်လည်း သူနာလည်သည်ဟူသော အကြောင်းလေးတစ်ခုဖြင့် ကုမ္ပဏီက လက်ခံပေးလိမ့်မည်ဟု မဆိုလိုပါချေ။ 


ထန်ချန်းက သက်ပြင်းချကာ ညှိနှိုင်းလိုက်သည်။ 


"ကောင်းပြီလေ... ငါ ကုမ္ပဏီနဲ့ ဆွေးနွေးကြည့်လိုက်မယ်"


“ကျေးဇူးပဲ" မော့ကျန်းက ထရပ်ကာ ထန်ချန်းအတွက် နွေဦးလေပြေလေးနှင့် တူသော အပြုံးလေးတစ်ခုကို ထုတ်ဖော်ပြသလာခဲ့သည်။


ထန်ချန်း၏ နှုတ်ခမ်း လှုပ်ရှားသွားသည်။ ထန်ချန်းမှာ မော့ကျန်း၏ အချောအလှနှင့် နေသားကျနေပြီ ဖြစ်လျှင်တောင် သူ ၎င်းကို တစ်ခါမှ မုန်းတီးနိုင်မည် မဟုတ်ပေ။ 


"ဘယ်သူနဲ့ ခရီးသွားချင်တာလဲ ဆိုတာကို မေးလို့ရမလား" 


သူ ထိုမျှလောက် ဆန္ဒစောနေသည်ကို ကြည့်ရသည်မှာ ဟန်းနီးမွန်း မြန်မြန်သွားရန် ကြိုးပမ်းနေဟန်နှင့် တူနေသည်။ 


မော့ကျန်းက သူ့ကို ငုံ့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်လေးများက အနည်းငယ် မြင့်တက်သွားသည်။ "ငါတစ်ယောက်တည်းပဲ"


“မင်းပဲလား” ထန်ချန်းက သူ့ကို အပြည့်အဝ ယုံကြည်မနေပါချေ။ "ဘယ်ကို သွားမလို့လဲ"


“Goremeလေ မိုးပျံပူဖောင်း သွားစီးမလို့"


ထန်ချန်း: “…”


ဟုတ်ပါတယ်လေ... ဒီလို ကလေးဆန်တဲ့ ခရီးသွား အကြံကို အတူလိုက်ပေးဖို့ အဖော်တစ်ယောက်ရှာဖို့တော့ မဖြစ်နိုင်လောက်ဘူး...


ကလေးဆန်သည်ဟု ပြောကာမှ ထန်ချန်း သူ့ထံသို့ ပို့လာသည့် မော့ကျန်း၏ ပါဆယ်နှစ်ခု ရှိနေသည်ကို သတိရမိသွားသည်။ 


"မော့ကျန်း... ဘယ်တုန်းက သရေစာတွေ ဝယ်လိုက်တာလဲ... မင်းရဲ့ မုန့်နှစ်ဘူး ငါ့ဆီ ထပ်ရောက်လာပြန်ပြီ"


“ရောက်ပြီလား" မော့ကျန်းက မျက်ခုံ့ပင့်မိသွားလေသည်။ သူ့ပါဆယ်များကို မှာထားပြီးသည်နှင့် ခပ်မြန်မြန် လက်ခံရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ပါဆယ်ပို့သူ၏ အမြန်နှုန်းက အံ့အားသင့်ဖွယ်ရာပင်။ "ငါ့ကို ကူပြီး ယူလာပေးပါလား" 


“ငါ့ကားထဲမှာ” ထန်ချန်းမှာ သူ တကယ်ပင် မော့ကျန်း၏ နာနီနှင့် တူနေပြီဟု ခံစားနေရသည်။ မဟုတ်သေး... သူ့အလုပ်က နာနီတစ်ယောက်ထက်ပင် ပို၍ ခါးသီးသေးသည်။ အနည်းဆုံးတော့ နာနီများက နောက်ကလိုက်ပြီး တင်ပါးသုတ်ပေးရန် မလိုပေ။ "ငါတို့သွားသင့်ပြီ... စတူဒီယိုကို သွားဖို့အချိန်ကပ်လာပြီ"


“အင်း” မော့ကျန်းက လက်ခံသည့် အသံတစ်ခု ပေးလာကာ ထန်ချန်းနှင့်အတူ ရုံးခန်းထဲမှ ထွက်သွားလေသည်။


........


နတ်ဘုရားတားမြစ်ဇုံ 3 ရိုက်ကူးရေးက နှစ်ဆုံးမတိုင်မီမှာပင် ပြီးသွားခဲ့သည်။ ၎င်းက နောက်တစ်နှစ် ဧပြီ အစောပိုင်းတွင် တစ်နိုင်ငံလုံး၌ မထုတ်လွှင့်မီ နောက်ဆက်တွဲ ထုတ်လုပ်ရေး တည်းဖြတ်ချက်များကို ကျော်ဖြတ်ရမည် ဖြစ်သည်။


အကြို ပြင်ဆင်ခြင်းများမှ ရိုက်ကူးရေး အပြီးသတ်သည်အထိ နတ်ဘုရားတားမြစ်ဇုံ 3၏ လုပ်ငန်းစဥ်တစ်ခုလုံးက တစ်နှစ်နှင့် သုံးလ ကြာမြင့်ခဲ့သည်။ ယခုတွင် ရိုက်ကူးရေးက အဆုံးသတ် ပြီးစီးသွားပြီဖြစ်၍ မော့ကျန်းလည်း သက်သာရာ ရသွားခဲ့သည်။ နတ်ဘုရားတားမြစ်ဇုံ စီးရီးများ၏ အဓိကဇာတ်လိုက် အနေဖြင့် တစ်နှစ်တာလုံး၏ အားထုတ်ကြိုးပမ်းမှုများနှင့် အချိန်များကို ထိုရုပ်ရှင်တွင်သာ ထည့်ထားခဲ့ပြီး ကုမ္ပဏီကလည်း သူ့ကို ထိုစီးရီး၏ နောက်ထပ် ရုပ်ရှင်များတွင် ဒေါက်တာကောင်းစန် ဇာတ်ကောင်အဖြစ် ပြန်လည်ပါဝင်ရန် စောင့်မျှာ်နေခဲ့သည်။ 


ကုမ္ပဏီနှင့် မူလသဘောတူညီချင်အရ မော့ကျန်းက ရိုက်ကူးရေးပြီးသည်နှင့် သူ့အယ်လ်ဘမ်ကို အနားမယူဘဲ ဆက်လက် အသံသွင်းရမည် ဖြစ်ပြီး သူ့အယ်လ်ဘမ်အသစ်ကို နှစ်ဆုံးပိုင်းတွင် ထုတ်လွှင့်မည် ဖြစ်သည်။ ခိုက်ဟွမ်း၏ စီအီးအိုက ထုတ်လွှင့်ရမည့် နေ့ကောင်းရက်သာအတွက် ဒီဇင်ဘာ နှစ်ဆယ့်ငါးရက် ခရစ်စမတ်နေ့ကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်ပေးထားသည်။ 


သို့သော်လည်း ထိုအစီအစဥ်က အဆုံးတွင် မော့ကျန်း စကားတစ်ခွန်းဖြင့် ပျက်ဆီးသွားခဲ့လေပြီ။


ရွှေတံဆိပ်အဆင့် နာနီတစ်ယောက်အနေဖြင့် ထန်ချန်းက သုံးလက်မလျှာကို အသုံးပြု၍ ခိုက်ဟွမ်း၏ စီအီးအိုကို ဖြောင်းဖျရန်အတွက်အပေါ် သူ့ကြိုးစားအားထုတ်မှု အားလုံးကို ပုံချထားလိုက်ပြီး အားလုံး၏ သဘောတူညီမှု ရရှိသွားသောအခါ အယ်လ်ဘမ် ထုတ်ရမည့် ရက်စွဲက နောက်နှစ်သို့ ရွှေ့သွားခဲ့လေသည်။ သူက ထုတ်လွှင့်ရမည့် နေ့ကောင်းရက်သာအတွက် ဖေဖော်ဝါရီ ဆယ့်လေးရက် ဗယ်လင်တိုင်းနေ့ကို ရွေးချယ်ရန်ပင် ကုမ္ပဏီကို အဆိုပြုခဲ့သေးသည်။ 


ကုမ္ပဏီဘက်တွင် မော့ကျန်းမှာ သူ့ကို ကူပြီး အထက်လူကြီးများကို ကိုင်တွယ်ရန် ထန်ချန်း ရှိနေသော်လည်း ဖန်များဘက်သို့ ရောက်လာသောအခါ မော့ကျန်းက ရှင်းပြနိုင်ရန် သူ့ကိုယ်သူသာ အားကိုးရမည် ဖြစ်သည်။


ထိုအချိန်၌ပင် ထိုအဖြစ်အပျက်၏ အစပြုသူမှာကား ဧည့်ခန်းထဲရှိ ဆိုဖာကြီးပေါ်တွင် ဇိမ်ကျကျထိုင်ကာ တင်သွင်းလာသော ထောပတ်ကွက်ကီးများကို စားနေရင်းဖြင့် ဝေ့ပေါ်သို့ တက်သွားသည်။


ကုမ္ပဏီက အယ်လ်ဘမ် ထုတ်ရမည့်ရက် ရွှေ့ဆိုင်းသွားသည်ကို မကြေညာရသေးဘဲ စီအီးအို၏ စကားအဆိုအရ ထိုမကျေမနပ်မှုများအတွက် မော့ကျန်းက ကိုယ်တိုင် ကိုယ်ကျ တာဝန်ယူပေးရမည်ပင်။ လူတိုင်း၏ မကျေနပ်ချက်များကို တည်ငြိမ်သွားရန် လုပ်ပေးပြီးမှ ၎င်းကို အတည်ပြုရန် တရားဝင် ထုတ်ပြန်စာတစ်ခု ထုတ်ပေးမည် ဖြစ်သည်။


မော့ကျန်းက ကုမ္ပဏီ၏ ဆုံးဖြတ်ချက်ကို မဆန့်ကျင်ခဲ့ပေ။ ထိုကိစ္စက အမှန်တကယ်ပင် သူ့ကိုယ်ပိုင်တာဝန်နှင့် အမှားသာ ဖြစ်သည်။ ပြဿနာမှာ ဖန်များကို ရှင်းပြရခြင်း ဖြစ်ကာ... သူတို့ လက်ခံသွားရန်အတွက် နှလုံးသားအထိ ထိရှသွားစေပြီး မျက်ရည်ချူရမည့် စာကြောင်းများ ပါဝင်ရမည် ဖြစ်သည်။


“ကျန်းကျန်း... တူရကီက ဒီအချိန်လောက်ဆို တော်တော်လေး အေး တတ်တယ်တဲ့... ရှင့်ရဲ့ မွေးပွဂျက်ကက် ထည့်ဖို့လိုလား" အားယောင်က ဒုတိယထပ်မှာ မျောလွင့်၍ ဆင်းလာပြီး သူ့နောက်မှ ယောကျ်ားဝတ် မွေးပွဂျက်ကက် တစ်ထည်က လေထဲတွင် ပျံဝဲလာကာ မော့ကျန်းအနားသို့ ချဥ်းကပ်လာသည်။ 


မော့ကျန်း၏ မျက်လုံးများက မနေနိုင်ဘဲ ပြူးကျယ်သွားပြီး ဝဲကျလာသော ဂျက်ကက်ကို ဆွဲယူကာ အတော်လေး စိတ်မရှည် ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။


 "မဟုတ်ဘူး... ငါစစ်ကြည့်ပြီးပြီ... နောက်တစ်ပတ်လုံး နေသာလိမ့်မယ်... ရာသီဥတု အခြေအနေ ကောင်းမဲ့ ပုံပါပဲ"


“ဪ” အားယောင်က ပြော၍ ခေါင်းငြိမ့်လိုက်သည်။ "ရှင် ဘယ်လို အဝတ်တွေ ထည့်ဖို့ လိုသေးလဲ.... ဟိုပစ္စည်းတွေ လိုမျိုးလေ" အားယောင်က ပြောလိုက်ရင်း ခပ်ရှက်ရှက် ခေါင်းငုံ့လိုက်သည်။


မော့ကျန်း: “…”


အဲ့ပစ္စည်းက ဘာမို့လို့လဲ...


မော့ကျန်းက မွေးပွဂျက်ကက်ကို အားပြင်းပြင်းဖြင့် ခါလိုက်ပြီး တည်ငြိမ်ပြီး သည်းခံထားရသည့် အသံအနေအထားသို့ရောက်ရန် အတော်လေး ကြိုးစားလိုက်ရသည်။


 "ငါ့ဗီရိုထဲ လာမမွှေနဲ့... ငါ့ပစ္စည်းတွေကို ငါ့ဘာသာငါ ထည့်မယ်"


“… အိုး... ကောင်းပြီလေ” အားယောင်က ဆိုဖာပေါ်သို့ ခါးခါးသီးသီး လွင့်မျောသွားပြီး ထိုင်ချလိုက်သည်။ မော့ကျန်းက မွေးပွဂျက်ကက်ကို စားပွဲပေါ်သို့ ချထားလိုက်ပြီး ဆိုဖာပေါ်တွင် လဲလျောင်းနေသော အားယောင်ကို တစ်ချက်ကြည့်ကာ သူ့ဝေ့ပေါ်ပိုစ့်ကို တဖန် ထပ်ပြီး တည်းဖြတ်လိုက်သည်။


[(ငါ အရမ်းပဲ တောင်းပန်ပါတယ်... မူလအစီအစဥ်က "ပျောက်ဆုံးသွားသော ကောင်းကင်ဘုံ" အယ်လ်ဘမ်ကို ဒီဇင်ဘာ နှစ်ဆယ့်ငါးရက်မှာ ထုတ်ဖို့ စီစဥ်ထားခဲ့တာ... ဒါပေမယ့် အဲ့ဒါကို အခု ရွှေ့ဆိုင်းလိုက်ရပြီ... အများဆုံး အကြောင်းအရင်းကတော့ ငါကိုယ်တိုင် ရေးရမဲ့ အဓိက သီချင်းကြောင့် ဖြစ်ပြီးတော့ သီချင်းအတွက် လုပ်ရမဲ့ အပြောင်းအလဲတွေကို အခုထိ စိတ်တိုင်းမကျနိုင်သေးလို့ပါပဲ... ကုမ္ပဏီနဲ့ ငါ ကိုယ်တိုင်က ဒီအယ်လ်ဘမ်အပေါ် အင်အားနဲ့ အချိန်တွေ အများကြီး စိုက်ထုတ်ခဲ့ရပြီး လူတိုင်းကလည်း စိတ်ရှည်ရှည်နဲ့ စောင့်ဆိုင်းခဲ့ရတယ်... ဒါပေမယ့် လူတိုင်း စိတ်ပျက်သွားဖို့ တစ်ဝက်တစ်ပျက်ပဲ ရှိနေသေးတဲ့ ရလဒ်ကိုတော့ မသုံးချင်ဘူး... ဒါကြောင့် နောက်ဆုံး ဆုံးဖြတ်ချက်အနေနဲ့ ခဏလောက် ပြည်ပခရီးထွက်ပြီး အတွေးအမြင်အသစ်တွေ ရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်... လူတိုင်းနားလည်ပေးကြဖို့ မျှော်လင့်ပါတယ်")]


၎င်းက စကားလုံးပေါင်း 140မျှသာ ဖြစ်သော်လည်း ၎င်းက မော့ကျန်း ရေးခဲ့ဖူးသမျှ အရှည်ဆုံးသော ဝေ့ပေါ်ပိုစ့် ဖြစ်သည်။


မော့ကျန်း ၎င်းကို အကြိမ် အနည်းငယ်မျှ ပြန်ဖတ်လိုက်သည်။ အရေးအသားနဲ့ သဘောထားတွေက လုံလုံလောက်လောက် ရိုးသားနေပုံပေါ်တယ် ဆိုမှတော့ အရမ်းကြီး အုတ်အုတ်ကျက်ကျက် ဖြစ်မသွားလောက်ပါဘူးနော်... မော့ကျန်းက ဝေ့ပေါ်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် ပိုကောင်းသည့် ရလဒ် ရရှိရန် မျှော်လင့်၍ သူ့ဆယ်ဖီပုံ တစ်ပုံကိုပါ တွဲတင်ရန် ဆုံးဖြတ်လိုက်သည်။


ထို့ကြောင့်ပင် သူက ဖုန်းဖြင့် ကောင်းကင်ကို 45 ဒီဂရီ ထောင့်အနေအထားဖြင့် ချိန်၍ ပုံတစ်ပုံ ရိုက်ယူလိုက်ပြီး ထိုပုံကို စကားလုံး 140ပိုစ့်၌ တွဲကာ ပို့လိုက်သည်။ 


ထို့နောက် သူက လူတိုင်း၏ တုံ့ပြန်မှုကို စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်နေလိုက်သည်။


လူတိုင်းက အလွန် လျင်မြန်စွာ တုန့်ပြန်လာကြပြီး သူတို့က မော့ကျန်း၏ ဝေ့ပေါ်ပေချ့်ကို တစ်ချိန်လုံး စောင့်ကြပ်နေကြသည့်အလား ပထမဆုံး မျှဝေသူနှင့် ကွန်မန့်ပေးသူတို့ ရောက်ရှိလာသည်မှာ စက္ကန့်အနည်းငယ်မျှပင် မကြာဘဲ ထို့နောက်တွင်မူ အိမ်ခြံမြေစျေးကွက်အလား ရီပလိုင်း ပြန်သူနှင့်  forward လုပ်သူ အရေအတွက်မှာ လျှင်မြန်စွာ ပေါက်ကွဲထွက်လာခဲ့သည်။


(“┬┬ ﹏ ┬ ┬ T ဒီနှစ်ရဲ့ ထုတ်ပြန်လာသမျှထဲမှာ အဆိုးဆုံးနဲ့ အကြီးဆုံး သတင်းပဲ... ကျန်းကျန်းရေ... ကျန်းဇီရေ... ငါ့ကို အနိုင်ကျင့်လို့ မရဘူးနော်”)


(“ငါ့နတ်ဘုရားလေး ရေးလာသမျှထဲမှာ ပထမဆုံးအနေနဲ့ စကားလုံးတွေ အများကြီး ပါတာမို့ ငါ စိတ်လှုပ်ရှားနေပေမယ့် ငါ မနေနိုင်ဘဲ ပြောချင်နေတုန်းပဲ... သောက်ကျိုးနဲ... ဒီနေ့က အေပရယ်ဖူးနေ့ မဟုတ်ဘူးလား")


(“ကျန်းဇီလေး... ဘယ်အချိန်အထိ ရွှေ့ဆိုင်းထားမှာလဲ QAQ)


(“ငါတော့ ကျန်းဇီကို နားလည်တယ်... ပိုက်ဆံ စုထားပြီးသားမလို့ ဘယ်အချိန်ပဲ ထုတ်ထုတ် ဝယ်မှာပါနော် ^ _ ^”)


(TN: ကျန်းဇီက သစ်အယ်သီးလို့ အဓိပ္ပါယ်ရပါတယ်)


(“ဟီးဟီး... နင် သီချင်းမရေးနိုင်ဘဲ ဆင်ခြေတွေ လာပေးမနေနဲ့နော်... နင်က ဘယ်လို အတွေးအမြင်အသစ်တွေ ယူချင်သေးတာလဲ... မော့ကျန်းက စားသောက်ဖို့အတွက် အမြဲတမ်း သူ့မျက်နှာအပေါ်ပဲ မှီခိုနေတာ... သီချင်းဆိုချင်ပေမယ့်လည်း မဆိုနိုင်ဘူး... သရုပ်ဆောင်ချင်ပေမယ့်လည်း မဆောင်နိုင်ရှာဘူး")


မော့ကျန်း၏ မျက်ခွံများ ခုန်ပေါက်သွားသည်။ အချိန်နှင့်တပြေးညီပင် ယင်နှင့်ယန်ကဲ့သို့သော လူအချို့ကလည်း ဝေ့ပေါ်တွင် ကွန်မန့်များ မန့်ကြမည် ဖြစ်သည်။ ထိုလူမှာ သူ့ဖန်များထံမှ သေလောက်အထိ ခပ်မြန်မြန် ကျိန်ဆဲခံရမည် ဖြစ်သော်လည်း မော့ကျန်း မနေနိုင်ဘဲ ထိုလူများကို တစ်ခဏမျှ နတ်ဆိုးဆန်ဆန် ရယ်မောချင်မိသွားသည်။ 


မော့ကျန်းက ပေ့ချ်ကို refresh လုပ်ပြီးနောက် လီမွန်ပြုတ်သည်လည်း သူ့ပိုစ့်ကို forward လုပ်ထားသည်ကို တွေ့လိုက်ရသည့် အတွက် အံ့အားသင့်သွားသည်။ 


[“ငါ ဒီအကြောင်းကိုတွေ့တော့ အရမ်း ဒေါသထွက်သွားရတာ... ဒါပေမယ့်လည်း ပုံကို တွေ့လိုက်ရတော့ ရုတ်တရက် ထပ်ပြီးဒေါသမထွက်တော့သလိုပဲ... ငါတစ်ယောက်ပဲ ဖြစ်နေတာလား"]


ကျန်တဲ့သူတွေလည်း မင်းကို ထောက်ခံကြတယ်... မင်းတစ်ယောက်တည်း မဟုတ်ဘူး...


မော့ကျန်းက အဆုံးတွင် စိတ်ကျေနပ်သွားပြီး ရုပ်ရည်သွင်ပြင်ကို အလွန် ဂရုစိုက်သော ကမ္ဘာကြီးက အတော်လေး နေပျော်ဖို့ ကောင်းလှသည်ပင်။


“ကျန်းကျန်း... ဘာတွေလုပ်" ဆိုဖာပေါ်မှ ဝဲပျံလာသော အားယောင်က မော့ကျန်းကို စောင်း၍ ကြည့်လိုက်သည်။ မော့ကျန်း၏ မျက်လုံးများက ကွန်ပြူတာကို မြန်မြန် ကြည့်လိုက်ပြီးနောက် ပါဝါခလုတ်ကို ရက်ရက်စက်စက် ပိတ်ချလိုက်သည်။


အားယောင်: “…”


အားယောင်က နှုတ်ခမ်းကိုက်ကာ အနေရခက်နေဟန်တို့ဖြင့် ဆိုလာခဲ့သည်။


 "ကျန်းကျန်း... ရှင်က သာမန်ယောက်ျားလေးပဲလေ... အဝါရောင် ဝက်ဘ်ဆိုက်တွေဆီသွားတာက သာမန်ပါပဲ... ကျန်မ ရှင့်ကို အထင်မသေးပါဘူး"


(TN: အဟွတ် အဟွတ် အဝါရောင် ဝက်ဘ်ဆိုက်= ညစ်ညမ်းဝက်ဘ်ဆိုက်)


မော့ကျန်း: “…”


သူ့နှုတ်ခမ်း လှုပ်ရှားသွားပြီးနောက် အဆုံးတွင် အရာအားလုံးကို လေထဲမှာသာ ချန်ထားလိုက်ရန် ဆုံးဖြတ်လိုက်သည်။


မော့ကျန်း ဝေ့ပေါ်တွင် ကိုယ်ပိုင် ကြေညာချက်ထုတ်ပြီးနောက် ခိုက်ဟွမ်း၏ တရားဝင် စာမျက်နှာမှ အယ်လ်ဘမ် ရွှေ့ဆိုင်းရခြင်းအကြောင်းနှင့် ထုတ်လွှင့်မည့် ရက်စွဲအသစ်က နောက်နှစ်၏ ဖေဖော်ဝါရီ 14ရက်နေ့ ဖြစ်သည်ကို တရားဝင် ထုတ်ပြန်လာခဲ့သည်။


မူလက မျှော်လင့်နေကြသေးသော ဖန်များမှာ ယခုတွင် လုံးဝ အရှုံးပေးလိုက်ကြပြီး သူတို့၏ ယူကြုံးမရ ဖြစ်ရမှုများကို အွန်လိုင်းပေါ်တွင် ဖြန့်ဝေလာကြသည်။ ၎င်းက ကပ်ဘေးဒုက္ခသည်များဖြင့် စုဝေးနေသော နေရာတစ်ခုနှင့်ပင် တူနေခဲ့သည်။ ထိုကိစ္စရပ်က နှစ်မကုန်မီ အချိန်လေးမှာပင် ထုတ်ပြန်လာခဲ့ပြီး တစ်နှစ်တာ၏ ကံဆိုးမိုးမှောင်ကျခြင်းများ စားရင်း၏ ထိပ်ဆုံးဆယ်နေရာကို ဖျစ်ညှစ် ဝင်ရောက်လာပေသည်။


ချန်းချင်းယန်က ဖုန်းကို ပိတ်ကာ လီယန်၏ လူနာခန်းထဲတွင် အမောတကော လမ်းပတ်လျှောက်နေခဲ့သည်။


ရှန်းယွမ်ဇယ် ဝင်လာသည်နှင့် အရှေ့မှ အနောက်သို့ ခြေဦးတည့်ရာ လျှောက်နေသော ချန်းချင်းယန်ကို တွေ့လိုက်ရသောအခါ မနေနိုင်ဘဲ မေးမိသွားသည်။ "ဘာဖြစ်နေတာလဲ"


“ဒုက္ခတစ်ခု ဖြစ်သွားလို့ "ချန်းချင်းယန်က သူမ၏ အိတ်ကို ကိုင်၍ ရှန်းယွမ်ဇယ်ဘေးတွင် ဝင်ထိုင်လိုက်ကာ ဝမ်းပန်းတနည်း နှာရှုံ့လိုက်သည်။ 


"မော့ကျန်းရဲ့ အယ်လ်ဘမ် ရက်ရွှေ့သွားပြီ"


ရှန်းယွမ်ဇယ်က မျက်တောင်ခတ်လိုက်သည်။ "ဘာလို့လဲ"


“သူပြောတာတော့ ပြည်ပကို ခရီးထွက်ပြီး အတွေးအမြင်သစ်တွေ ရှာချင်လို့ဆိုလား" အိုး... ဒီအတွေးအမြင်အသစ်ကတော့ ငရဲကိုပဲ သွားသင့်တယ်...


ရှန်းယွမ်ဇယ် မျက်ခုံးပင့်မိသွားသည်။ ပြည်ပ ခရီးသွားမှာတဲ့လား... သူတို့နောက်ဆုံး စကားပြောကြတုန်းက မော့ကျန်း ပြည်ပကို ခရီးထွက်မယ်လို့ ပြောလိုက်သေးလား... အာ မဟုတ်သေးဘူး... အဓိက အာရုံစိုက်ရမှာက သူ ဘယ်သူနဲ့ သွားမလဲ ဆိုတာပဲ...


ရှန်းယွမ်ဇယ်က တုန့်ဆိုင်းသွားပြီး နောက်ဆုံးတွင် ထိုကိစ္စကို အတည်ပြုရန် မော့ကျန်းကို ဖုန်းခေါ်၍ မမေးလိုက်ပေ။ ထိုအချိန်၌ မော့ကျန်းမှာ တူရကီသို့ လေ့လာရေး ခရီးထွက်ရန် ပြင်ဆင်မှူများ လုပ်ဆောင်နေသည်။ အမှန်တကယ်တွင် ၎င်းက အပျော်ခရီး တစ်ခုသာ ဖြစ်ပေသည်။ 


မော့ကျန်းနှင့် အားယောင်က မထွက်ခွာခင်တွင် ဆရာသခင်၏ လျှို့ဝှက်ဆန်းကြယ်သော ရတနာပစ္စည်း အမှန်တကယ် အလုပ်ဖြစ်သည်လား ဆိုသည်ကို အရင်ဆုံး စမ်းသပ်ကြည့်ကြသည်။ ထိုမှော်ရတနာ ပစ္စည်းက ခေတ်ဆန်ပုံရသော လက်စွပ် လှလှလေး တစ်ကွင်း ဖြစ်ပြီး ၎င်းက မော့ကျန်း၏ လက်ချောင်းနှင့်ပင် အံဝင်ခွင်ကျ ဖြစ်နေခဲ့သည်။


အားယောင်က စိတ်လှုပ်ရှားစွာဖြင့် လက်စွပ်လေးထဲ ဝင်ပူးလိုက် ပြန်ထွက်လိုက် ဝင်ပူးပြီး တစ်ဖန် ပြန်ထွက်လာလိုက် လုပ်နေခဲ့သည်။ ထို အဝင် အထွက်ကို အကြိမ်အတော်ကြာ လုပ်နေခဲ့ပြီးမှ သူမက စိတ်လှုပ်ရှားစွာ ထွက်လာပြီး မော့ကျန်းကို အံ့သြတကြီး ဆိုလာခဲ့သည်။


 "ကျန်းကျန်း... ကျွန်မအခု အာလာဒင်မီးခွက်ထဲက ဂျင်းနီလို ခံစားနေရတယ်"


မော့ကျန်း: ...


...


ရှီရှီ၏ ပြဇတ်ငယ်လေး


အားယောင် ဖိုရမ်ကို တွေ့သောအခါ "ကျန်းကျန်း... ရှင်က ကျွန်မနဲ့ ချစ်နေတာပေါ့လေ... ဘာလို့ အဲ့လို မပြောခဲ့တာလဲ...


ဧကရာဇ်မော့၏ မျက်နှာ မိနစ်ပိုင်းအတွင်း မဲမှောင်သွားသည်။


ထန်ချန်းက ဖုန်းခေါ်လာသည်။ "ဧကရာဇ်မော့... မင်းငါ့ကို ဝန်ခံစရာ တစ်ခုခုများ ရှိလား"


Xxxc