Chapter 40
မျက်လုံး
သူတို့၏ ဦးတည်ရာက Gormeဖြစ်သော်လည်း ပထမဆုံး ရပ်နားသည့်နေရာမှာ Selcuk ဖြစ်နေခဲ့သည်။ လေယာဥ်ပေါ်တွင် ဆယ်နာရီကြာ ထိုင်ခဲ့ရပြီးနောက် အားယောင် ထွက်လာနိုင်သောအချိန်၌ နေဝင်ရီတရောပင် ဖြစ်နေလေပြီ။ ဥရောပပုံစံ အဆောက်အအုံများက ကြွယ်ဝလှသော ဘာသာရေး သမိုင်းကို ပြသနေပြီး နေရာတိုင်းတွင် တွေ့ရသည့် လတ်ဆတ်သော ပန်းပွင့်လေးများနှင့် ကြောင်ငယ်လေးများက နိုင်ငံရပ်ခြားနေရာ၏ ဂုဏ်ကျက်သရေနှင့် ဟန်အမူအယာတို့ကို ဖြည့်သွင်းပေးနေသည်။
မော့ကျန်းက ကင်မရာ ထုတ်ကာ လမ်းပေါ်မှ ကြောင်ငယ်လေးများ၏ ပုံကို ရိုက်နေခဲ့သဖြင့် အားယောင်က ဘေးပတ်လည်ကို စိတ်လှုပ်ရှားစွာ လွင့်မျောနေခဲ့ပြီး ကြောင်လေးများနှင့် ကစားရန် အလွန်ပင် အင်အားစိုက်ထုတ်နေလေသည်။ နေဝင်ရီတရော ဆည်းဆာက လမ်းလေးကို နွေးထွေးသော လိမေ္မာ်ရောင်လေး ခြယ်သပေးထားပြီး မော့ကျန်းက နေရောင်ကို မျက်နှာမူရင်း အဖြူရောင် နံရံနှင့် တဲငယ်လေး၏ ထောင့်လေးတွင် ရပ်ကာ ကင်မရာကို သူ့ဆီသို့ မျက်နှာမူ၍ ခလုတ်ကို နှိပ်လိုက်သည်။
သူတို့က အပြင်ဘက်တွင် အချိန်အကြာကြီး မနေခဲ့ကြဘဲ စီစဥ်ထားသော အချိန်မှာပင် မော့ကျန်းနှင့် အားယောင်က အနားယူရန် ဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ အားယောင်က အခန်းထဲသို့ အပြေးဝင်သွားပြီးနောက် လသာဆောင်က စိန့်ဂျွန်းဘုရားရှိခိုးကျောင်းတော်ကြီးနှင့် မျက်နှာမူလျက်သား ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူမက အနီးအနားကို ပျံဝဲ၍ ကြည့်ရန် မစောင့်နိုင်တော့ခင်မှာပင် မော့ကျန်းက လပ်တော့ကို ထုတ်၍ ဝိုင်ဖိုင်နှင့် ချိတ်လိုက်သည်။
၎င်းက ထန်ချန်း သူ့ကို အထူးတလှယ် ချမှတ်ပေးထားခဲ့သည့် အရာပင်။ သူက သူဘေးကင်းနေသည့်အကြောင်း ပြသရန်အတွက် ဝေ့ပေါ်တွင် အနည်းဆုံး တစ်ရက် တစ်ကြိမ် ပိုစ့်တင်ပေးရမည် ဖြစ်သည်။ မော့ကျန်းက ထိုအချင်းအရာက ဟာကွက် ရှိနေကြောင်း ခံစားလိုက်ရသည်။ သူသာ သူ့လုံခြုံရေးကို အတည်ပြုချင်တယ် ဆိုရင် ဖုန်းခေါ်လိုက်တာက ပိုမလွယ်ပေဘူးလား...
အဆုံးတွင် ထန်ချန်း၏ ဖုန်းက နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုကို လက်ခံ၍ မရနိုင်ဟုသာ ကောက်ချက်ချလိုက်သည်။
သူကိုယ်တိုင် ရိုက်ထားသော သူ့ပုံနှစ်ပုံကို ရွေး၍ ဝေ့ပေါ်တွင် တိုက်ရိုက် တင်လိုက်သည်။ သို့သော်လည်း ဤတစ်ကြိမ်၌ မော့ကျန်းက လူတိုင်း၏ ပြန်စာများကို စိတ်ရှည်လက်ရှည် စောင့်မနေတော့ဘဲ ထိုအစား သူ့ကွန်ပြူတာကို ပိတ်ကာ အိပ်ရာပေါ်တွင် လဲလျောင်းလိုက်သည်။
လေယာဥ်ပေါ်တွင် တစ်နေ့လုံး ထိုင်နေခဲ့ရပြီးနောက် သူလုပ်ချင်သမျှ အရာအားလုံးသည်ကား မနက်ဖြန် ခရီးစဥ်အတွက် အင်အား ပြန်လည် ဖြည့်တင်းလိုခြင်း ဖြစ်သည်။
သို့သော်လည်း ထိုအချိန်၌ ဝေ့ပေါ်တွင်ကား မော့ကျန်း တင်ထားသော ပုံနှစ်ပုံကို ဖင်ပြန်ခေါင်းပြန် ကြည့်နေကြပြီးသား ဖြစ်သည်။
(“သောက်ကျိုးနဲ... နတ်ဘုရားလေးက ခဏလောက် ခရီးထွက်မယ်လို့ပဲ ပြောတာမလား... ပြည်ပခရီးလား... တစ်ယောက်တည်းလား" )
(“ဟန်းနီးမွန်း … ခရီးလား”)
(“နောက်ဆုံးတော့ ငါ့နတ်ဘုရားနဲ့ ခရီးသွားတာ ဘယ်သူလဲ... အား... အား... အား... ဒါပေမယ့် ဓါတ်ပုံကတော့ ကိုယ်တိုင် အချိန်ကိုက်ပြီး ရိုက်ထားတာ")
ထိုဝေ့ပေါ် ဆွေးနွှေးမှုက ဝတ်ရုံရှည် ဖိုရမ်သို့ ခပ်မြန်မြန် ကူးပြောင်းသွားသည်။ ဖိုရမ်၏ စည်းကမ်းထိန်း တစ်ယောက် အနေဖြင့် ချန်းချင်းယန်က ပိုစ့်ကို အရင်ဆုံးတွေ့သူ ဖြစ်လေသည်။
ပိုစ့်ပိုင်ရှင်က မော့ကျန်း၏ ဝေ့ပေါ်ပိုစ့်များကို ကြည်လင်ပြတ်သားသော screenshotများဖြင့် တင်ထားပြီး "နတ်ဘုရားလေးက အချစ်တွေ့နေပြီ" ဟူသော စာတန်း တစ်ခုလည်း ပါဝင်သည်။
ဖိုရမ်ကို followထားကြသော လူများမှာ ထိုအခိုက်မှာပင် ရူးသွပ်သွားကြလေတော့သည်။
(“သူ့ကို အချစ်တွေ့နေပြီလို့ ပြောတဲ့ကောင်မတွေ လိမ့်ကြစမ်း")
(“ငါ့နတ်ဘုရားက ဘယ်လိုလုပ် ချစ်မိသွားရမှာလဲ... သူလား... သူလား")
(“ဒါက မဟုတ်တရုတ်တွေပဲ... ဒါပေမယ့် ကျန်းကျန်းရဲ့ ချောမောနေမှုကြီးက ငါ့ကို ငိုမိသွားစေတယ်")
(“ပိုစ့်ပိုင်ရှင် ဗျာများနေတာပဲ... ကျန်းကျန်းကအရမ်း ပူစပ်ပူလောင် ဖြစ်ရတဲ့ အထိ ချောနေတာကို... ဘယ်လိုလုပ် တစ်ယောက်ယောက်က သူနဲ့ ခရီးထွက်နိုင်မှာလဲ... သူတစ်ယောက်တည်း သွားတာပဲ ဖြစ်ရမယ်")
(“အပေါ်ထပ်ကလူက ပိုပြီး ဗျာများနေတယ်လို့ ထင်တယ်နော်")
(“နင်တို့တွေ ရန်ဖြစ်စရာမလိုဘူး... အချစ်မှာ ကျရှုံးသွားတာထက် ပိုပြီးဗျာများရတဲ့ ကိစ္စ ရှိလို့လား”)
သို့သော်လည်း အချက်အလက်များကို အတည်ပြုထားပြီးသားပင်။ ချစ်မိသွားခြင်းထက် ပို၍ ဗျာများရသည့်အရာများမှာ အမှန်တကယ် တည်ရှိနေပေသည်။
ချန်းချင်းယန်က ပိုစ့်ပိုင်ရှင်၏ IPလိပ်စာကို ပိတ်လိုက်သည်။
ဧကရာဇ်မော့ကို အချစ်တွေ့နေတယ်လို့ ပြောရဲတယ်ပေါ့... နင့်တစ်မိသားစုလုံးကတောင် ယုံကြမှာ မဟုတ်ဘူး...
ရှန်းယွမ်ဇယ်က ဆေးရုံ ကော်ရစ်ဒါတွင် ထိုင်ရင်း ဒေါသများနှင့် တောက်လောင်နေသော ချန်းချင်းယန်ကို ကြည့်ကာ သူ့နှုတ်ခမ်းထောင့်လေးများက မနေနိုင်ဘဲ မြင့်တက်သွားသည်။
"အခု မင်းမိသားစု ဧကရာဇ်မော့ ဘာဖြစ်နေလို့လဲ"
ချန်းချင်းယန်က တစ်ခဏမျှ တိတ်ဆိတ်နေပြီးနောက် ခေါင်းမော့ကာ ရှန်းယွမ်ဇယ်ကို ကြည့်လိုက်သည်။
"ရှန်းရှန်း သူတို့က ဧကရာဇ်မော့ အချစ်တွေ့သွားပြီလို့ ပြောနေကြတယ်"
ရှန်းယွမ်ဇယ်: “…”
သူကို ရှန်းရှန်းဟု ခေါ်လာသော ရယ်ချင်စရာ အသံအနေအထားကြောင့်သည်လား သူမ၏ အရည်လဲ့နေသော မျက်လုံးဝိုင်းဝိုင်းကြီးများက သူ့ကို ခံစားချက်ကောင်းစေသည်လား မသိပေ။
ရှန်းယွမ်ဇယ်က ချန်းချင်းယန်၏ ဘေးတွင် ထိုင်ကာ သူမ၏ ခေါင်းကို ခပ်ဖွဖွ ပုတ်၍ နှစ်သိမ့်ပေးလိုက်သည်။
"မော့ကျန်းကလည်း သာမန် ယောကျ်ားပဲဟာ... ချစ်မိသွားတာကိုလည်း တွေးထားရမှာပဲလေ"
…
# ဘုရားသခင် ကျွန်မကို ဓါးတစ်ချောင်း ကမ်းပေးပါ #
ချန်းချင်းယန်က သူမ၏ ခေါင်းပေါ်မှ လက်အကြီးကြီးကို ဒေါသတကြီးဆွဲဖယ်လွှင့်ပစ်ကာ နီရဲနေသော မျက်လုံးတစ်စုံက မျက်တောင်ခတ်လိုက်ပြီး ရှန်းယွမ်ဇယ်ကို စိုက်ကြည့်လိုက်သည်။
"ရှင်သာ ချစ်မိမှာ... ရှင့်တစ်မိသားစုလုံးပဲ ချစ်မိသွားရမှာ"
ရှန်ယွမ်ဇယ်: “…”
အချစ်က ဘယ်တုန်းကများ ဆဲရေးတဲ့ စကားလုံး ဖြစ်သွားရပါလိမ့်...
ချန်းချင်းယန်က ပြီးသည်နှင့် သူ့ကို တစ်ချက်ကန်ကာ ဆေးရုံကော်ရစ်ဒါဆီသို့ ဦးတည်သွားသည်။ ရှန်းယွမ်ဇယ်က ကော်ရစ်ဒါ တဝိုက်တွင် ပျောက်ကွယ်သွားသော သူမ၏ နောက်ကျောကို ကြည့်၍ ကူကယ်ရာမဲ့နေသော အပြုံးလေး တစ်ခု ပေါ်လာခဲ့သည်။
ဒီမိန်းကလေးက အတော် ရယ်ရတာပဲ...
ဒါပေမယ့် တကယ်ကြီးလား.. မော့ကျန်းက အချစ်တွေ့သွားပြီလား... သူ ဒီအကြောင်းဘာလို့ မသိရတာလဲ...
......
မော့ကျန်းက ဟိုတယ်ကို တစ်ယောက်ခန်းသာ တောင်းလိုက်သည်။ သူ့နှင့်အတူ အားယောင်ဟူသော အမျိုးသမီး အတူပါလာသော်လည်း သူမအတွက် ကိုယ်ပိုင်အခန်းမှာပေး၍ မဖြစ်နိုင်သောကြောင့်ပင်။
အားယောင် လသာဆောင်တွင် ဆော့ကစားပြီး၍ ပြန်ရောက်လာသောအခါ မော့ကျန်းက အိပ်ရာပေါ်တွင် လဲလျောင်းနေခဲ့ပြီ ဖြစ်ပြီး သူ့ အသက်ရှူသံကလည်း နှေးကွေးကာ အသက်ရှူမှန်နေလေပြီ။ နေဝင်ဆည်းဆာ၏ အရောင်က သူ့မျက်နှာကို ပက်ဖြန်းနေကာသူ့မျက်နှာ၏ အနားသတ်မျဥ်းလေးများကို ပို၍ နူးညံ့သွားရစေသည်။
ထိုအကာအကွယ်မဲ့နေသော ပုံစံလေးက လူတိုင်းကို အခွင့်အရေး ယူချင်မိသွားစေသည်။
အားယောင်က မော့ကျန်းရှေ့တွင် ဇိမ်ကျကျ မျောလွင့်နေပြီး သူမ၏ ခါးကို ကိုင်း၍ သူ့ကို ကြည့်လိုက်သည်။
"ကျန်းကျန်း ကျွန်မ ရှင့်ဘေးမှာ အိပ်လို့ရလား"
၎င်းက ခွင့်တောင်းနေဟန်ပေါ်သော်လည်း အားယောင်က ပြန်ပြောလာမည်ကို မစောင့်တော့ဘဲ မော့ကျန်း၏ ဘေးတွင် လဲချရန် မျောလွင့်လာခဲ့သည်။
အားယောင်က နှလုံးသားထဲတွင် အကြိမ်အနည်းငယ်မျှ တခစ်ခစ် ရယ်မောလိုက်ပြီး သူမဘေးတွင် အိပ်နေသောသူကို ကြည့်ရန်အတွက် ကိုယ်ကို လှည့်လိုက်သည်။ နှာခေါင်း မြင့်မြင့်လေး... နှုတ်ခမ်းပါးလေးနဲ့ လက်ရာမြောက်တဲ့ မျက်တောင်ကော့လေးတွေ...
အားယောင်က မသိစိတ်က သူမ၏ အကြည့်ကို ရွှေ့မိသွားပြီး သူမ၏ ကိုယ်ပိုင် မျက်တောင်များကို ပြန်ကြည့်ချင်ခဲ့သည်။ သို့သော်လည်း ရလဒ်ကမူ မည်သည်ကိုမျှ မတွေ့နိုင်ခဲ့။ သူမက မော့ကျန်း၏ မျက်တောင်များကို ကြည့်မိသွားသည်။ သူတို့က အရမ်း ရှည်လွန်းတော့ သူ့ကိုယ်သူ ပြန်မြင်နိုင်လောက်တယ်... မျက်တောင်အတုတွေတော့ မဟုတ်လောက်ပါဘူးနော်... သူမ တစ်ခုလောက် ဆွဲနှုတ်ကြည့်လိုက်ရမလား...
အတွေးနက်နေသော အားယောင်မှာ မော့ကျန်း၏ အနီးသို့ တိုးကပ်မျောလွင့်သွားပြီး ခေါင်းကို မြှောက်ကာ သူမ၏ အကြည့်များက ကျန်းကျန်း၏ ချောမွေ့နေသော အသားအရေ ဖြူဖြူလေးအပေါ်တွင် ကျရောက်သွားလေသည်။
ဂန်းစတား ဓါတ်ကားများထဲကလိုပင် နောက်ထပ်လှုပ်ရှားမှုက အနမ်းတစ်ခု ဖြစ်သင့်ပေသည်။
အားယောင်က မော့ကျန်း၏ ဘေးတိုက်မျက်နှာကို ကြည့်ပြီး စိတ်အားထက်သန်စွာ တံတွေးမျိုချလိုက်သည်။ အားယောင်က သူမ၏ ခေါင်းကို တဖြည်းဖြည်း နှိမ့်လာခဲ့ပြီး မော့ကျန်း မျက်နှာ နီးသထက်နီးလာသည်ကို တွေ့နေရသည်။ သူမက ပုံမှန်အချိန်များတွင် အသက်ရှူနိုင်ပါစေဟု တွေးခဲ့သော်လည်း ဤအချိန်၌ သူမသာ အသက်ရှူနိုင်ပါက သူမ၏ အသက်ရှုသံက မော့ကျန်း၏ မျက်နှာပေါ် ကျရောက်သွားနိုင်သည်လား...
အသက်မရှူနိုင်သည်ကလည်း အတော်လေး ကောင်းလှပေသည်။ ၎င်းကပဲ အံဖွယ် အဖိုးတန်အလှလေးကို ခိုးယူရန် အဆင်ပြေသွားသည်။
အားယောင်၏ နှုတ်ခမ်းများ မော့ကျန်း မျက်နှာဘက်သို့ ထိကပ်တော့မည့် အချိန်မှာပင် အိပ်ရာဘေးမှ ဖုန်းမြည်လာခဲ့သည်။ အားယောင်အတွက်မူ ဆုတ်ခွာရန်အတွက် အလွန် နောက်ကျသွားပြီ ဖြစ်သည်။ မော့ကျန်း၏ မျက်လုံးများ ပွင့်လာခဲ့လေပြီ
...
မျက်လုံးကြီးများက မျက်လုံးလေးများကို စိုက်ကြည့်နေလေသည်။
"ဟားဟား" အားယောင်က နေရခက်နေပုံဖြင့် အကြိမ်အနည်းငယ်မျှ ရယ်မောကာ မော့ကျန်းဘေးမှ ခွာလိုက်သည်။
"ကျန်းကျန်း... ရှင့်အသားအရေက အရမ်းကောင်းတာပဲနော်... အနီးကပ်ကြည့်တာတောင် ဘာအစက်အပြောက်မှ မတွေ့ရဘူး"
...
မော့ကျန်းက သူမထံမှ သူ့အကြည့်ကို ခွာလိုက်သော်လည်း စကားပြောမလာခဲ့ပေ။ သူက ဖုန်းကိုကိုင်ကာ အိပ်ရာပေါ်မှ ထရပ်လိုက်သည်။
"ဟေး" မော့ကျန်းက လသာဆောင်ဘက်သို့ ထွက်လာရင်းဖြင့် ဖုန်းကိုင်လိုက်သည်။
"မင်းက တကယ် ဝမ်းနည်းဖို့ကောင်းတာပဲ"
မော့ကျန်း: "..."
ညခင်းပိုင်းလေက အအေးဓါတ်လေးများ ပါနေခဲ့သည်။ မော့ကျန်းက အသက်ပြင်းပြင်းရှူလိုက်ပြီး လသာဆောင်၏ တံခါးကို ဆွဲဖွင့်လိုက်သည်။
"ပရော်ဖက်ဆာရှန်း... ဒီလောက် ညဥ့်နက်နေတာ မအိပ်သေးဘူးလား... မင်းရဲ့ ဦးနှောက် မှန်သေးရဲ့လား" သူ့နိုင်ငံတွင် သန်းခေါင်အချိန် ရောက်နေပြီ ဖြစ်၍ 12နာရီ မထိုးခင် အိပ်ရန် တင်းကြပ်သော အလေ့အကျင့်များ ရှိသည့် ရှန်းယွမ်ဇယ်ကို ထိုမျှနောက်ကျသည်အထိ နေနေသည်ကို တွေ့ရသည်မှာ ထူးဆန်းနေပေသည်။
ဖုန်းတစ်ဖက်မှ ရှန်းယွမ်ဇယ်မှာ သက်ပြင်းချလိုက်ပြီး သူ့အသံအနေအထားက ခါးသီးနေသည့် စိတ်မပျော်မရွှင် ဖြစ်မှူများဖြင့် ပြည့်နှက်နေခဲ့သည်။
"မင်းကတော့ အချစ်တွေ့သွားပြီ... ဒါပေမယ့် အဓိကက ငါမဟုတ်ခဲ့ဘူး... ဒါကြောင့်မို့ ငါ့နှလုံးသားက အိပ်မရနိုင်ခဲ့ဘူး"
မော့ကျန်း: "..."
သူ့နှုတ်ခမ်း လှုပ်ရှားသွားသော်လည်း ကြီးစွာသော စိတ်ရှည်သည်းခံမှုများဖြင့် မေးလိုက်သည်။
"ငါအချစ်တွေ့နေပါတယ်လို့ မင်းကို ဘယ်သူပြောတာလဲ"
"အွန်လိုင်းပေါ်က လူတိုင်း ပြောနေကြတာပဲ"
မော့ကျန်း: "..."
ဒါဆို သူတရေးအိပ်နေတဲ့ အတောအတွင်း အတိအကျ ဘာတွေ ဖြစ်သွားရတာလဲ...
မော့ကျန်းက အသက်ပြင်းပြင်းရှူ၍ ဒေါသမထွက်မိစေရန် အားထုတ်လိုက်ရသည်။
"ငါအခု တူရကီမှာ... ပြီးတော့ မင်းရဲ့ အရေမရအဖတ်မရ စကားတွေကို နားထောင်ဖို့ နိုင်ငံရပ်ခြားက အဝေးပြောဖုန်းကို တစ်မိနစ်မှာ သုံးဒေါ်လာနှုန်း ဖြုန်းတီးနေရတယ်"
ရှန်းယွမ်ဇယ်က မနေနိုင်ဘဲ ရယ်မောလိုက်သည်။ သူက မိုက်ခရိုဖုန်းကို မျက်နှာမူ၍ ပြောလိုက်သည်။
"မင်း တူရကီကို ဘာသွားလုပ်တာလဲ... ဘယ်သူနဲ့ သွားတာလဲ"
"မင်းရဲ့ အခု တုံ့ပြန်ပုံက သူ့ဇနီးရဲ့ အရေးကိစ္စတွေကို စစ်မေးနေတဲ့ ခင်ပွန်း တစ်ယောက်နဲ့ တူနေပြီ"
"တူတူပဲလေ"
မော့ကျန်း: "..."
သူ ဖုန်းကိုပဲ တိုက်ရိုက် ချပစ်လိုက်ချင်တယ်နော်...
သို့သော်လည်း အလုပ်တွင် နတ်ဆိုးများနှင့် နတ်ဘုရားများ ရှိနေသည်။ သူ မတတ်နိုင်ဘဲ ရှန်းယွမ်ဇယ်ကို ကိစ္စများ ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် လုပ်ချင်နေသေးသည်။
"ငါ တစ်ယောက်တည်းပဲ"
ရှန်းယွမ်ဇယ်က ထိုအဖြေကို မျှော်လင့်ထားပြီးသား ဖြစ်သည်။ သူ ငယ်စဥ်ကတည်းက မော့ကျန်း၏ စရိုက်မှာ ထူးခြားလှသည်။ သူ့အသွင်အပြင်က အလွန် လှပသည်ဖြစ်၍ သဘာဝကျကျပင် သူ့ကို အကြည့်ပို့လာကြသော လူများ အမြဲတမ်း ရှိခဲ့ပေသည်။ ယခု သူအရွယ်ရောက်လာခဲ့ပြီ။ သူက အခြားသူများနှင့် မိုင်ပေါင်းတစ်ထောင်အတွင်း နေထိုင်ရန် ငြင်းဆန်ခဲ့သည့် ကလေးတစ်ယောက် မဟုတ်တော့သော်လည်း သူ့ထံတွင် သူငယ်ချင်း အနည်းငယ်သာ ရှိနေဆဲ ဖြစ်သည်။
မူလတန်းတက်စဥ်က အချိန်များ အကြောင်း ပြောရလျှင် မော့ကျန်း၏ အတန်းဖော်တစ်ယောက်က မော့ကျန်းမှာ သရဲများကို မြင်နိုင်ပြီး စကားလည်း ပြောနိုင်သည်ဟု သတင်းဖြန့်ခဲ့ဖူးပြီး လူတိုင်းကို သူ့အနား ချဥ်းကပ်လာရန် ပို၍ ကြောက်ရွံ့သွားစေခဲ့သည်။ မော့ကျန်း ကောလဟာလ ဖြန့်သူကို လက်သီးစာ အနည်းငယ်ကျွေးပြီး နောက်ပိုင်းတွင် ထိုကောလဟာလ လွင့်ပြယ်သွားခဲ့သည်။
ယခု သူ ထိုအကြောင်းကို တွေးမိသည့်အခါ မနေနိုင်တော့ဘဲ ပြုံးရယ်ရင်း မေးလိုက်သည်။
"မင်းရဲ့ သရဲ သူငယ်ချင်းလေးတွေရော အဖော်လိုက်မပေးကြဘူးလား"
မော့ကျန်း: "..."
တစ်ခါတစ်ရံတွင် မဖြစ်နိုင်ဆုံးဟု ထင်ရသည့် အရာသည်လည်း အမှန်တရား ဖြစ်သွားနိုင်သည်။
မူလတန်းတက်စဥ်က သူ့အခန်းထဲတွင် သူ သရဲမြင်နိုင်သည်ဟူသော ကောလဟာလမှာ အမှန်တကယ် ရှိခဲ့ဖူးသော်လည်း ရှန်းယွမ်ဇယ် ယခုထိ မှတ်မိနေမည်ဟု သူ မထင်ထားခဲ့ပေ။ မော့ကျန်းက အိပ်ရာပေါ်တွင် လှိမ့်နေသော အားယောင်ကို တစ်ခဏမျှ လှမ်းကြည့်ကာ ရှန်းယွမ်ဇယ်ကို ပြန်ဖြေလိုက်သည်။
"ဒါပေါ့... အရမ်းလှတဲ့ သရဲမလေးလေ..."
နိုင်ငံရပ်ခြား ဖုန်းခေါ်ဆိုမှုက ပိုက်ဆံများစွာ တန်သည်။ မော့ကျန်း ဖုန်းချလိုက်ချိန်၌ ငါးမိနစ်ပင် ကုန်လွန် သွားခဲ့လေပြီ။ မော့ကျန်းက လသာဆောင်မှ မှန်တံခါးကို ပြန်ဖွင့်ကာကွန်ပြူတာစားပွဲထံသွားကာ ထိုင်ချလိုက်ပြီး အားယောင်က အိပ်ရာပေါ်မှ မျောလွင့်လာကာ အကျင့်အတိုင်းပင် သူ့ဘေးသို့ ရောက်လာခဲ့သည်။
"ကျန်းကျန်း... ဖုန်းခေါ်လာတာ ဘယ်သူလဲ... အရမ်း လျှို့ဝှက်နေတာပဲ"
မော့ကျန်းက သူမကို အကြည့်တစ်ချက်ပေးကာ ပြန်ဖြေလာခဲ့သည်။ "ချစ်သူကောင်မလေး"
အားယောင်: "..."
အားယောင်က မျက်တောင်ခတ်ကာ မျက်နှာပေါ်တွင် ပဟေဠိ ဖြစ်နေသော အမူအယာဖြင့် မော့ကျန်းကို စိုက်ကြည့်လိုက်သည်။
"ဒါပေမယ့်... ကျွန်မ ရှင့်ကို မခေါ်ဘူးလေ
မော့ကျန်း: "..."
အားယောင်က သူ့သည်းခံနိုင်စွမ်းကို ကျော်ပြီးတော့ အမြဲတမ်း အရှက်မရှိဖြစ်နေတာပဲ...
Xxxxxx