Chapter 41
ဂွတ်ဘိုင်
မော့ကျန်းက သူ့ဘေးမှ အားယောင်ကို ဆက်ပြီး ဂရုမစိုက်တော့ဘဲ ကွန်ပြုတာကို ဖွင့်လိုက်စဥ်တွင် အင်တာနက်တစ်ခွင်၌ အသစ်တွေ့ထားသော သူ့အချစ်ရေးအကြောင်းက အမှန်တကယ် ပြန့်ကျဲနေသည်ကို တွေ့လိုက်ရသည်။ သူ ဝေ့ပေါ်ပိုစ့် အသစ်တစ်ခုကို တွန့်ဆုတ်ဆုတ်ဖြင့် ရေးလိုက်ရသည်။
["ဒီခရီးကို ငါတစ်ယောက်တည်း ထွက်လာခဲ့တာ... မနက်ဖြန် အထိမ်းအမှတ်နေရာတွေ အများကြီးကို သွားလည်မှာမို့ ဒီညစောစောအိပ်ဖို့ ပြင်နေပြီ... အားလုံး ကောင်းသောညပါ"]
သူ့နိုင်ငံတွင် သန်းခေါင်ကျော်ပြီ ဖြစ်သော်လည်း ညဇီးကွက်လေးများမှာလည်း အရေအတွက် တော်တော်များများ ရှိနေသေးသည်။ မော့ကျန်း သူ့ပိုစ့်ကို တင်ပြီး မကြာမီမှာပင် စိတ်အားထန်သန်နေသော ဖန်ပေါင်းများစွာက ပြန်လည် တုန့်ပြန်လာကြသည်။
("ကောင်းတယ်... ငါ့နတ်ဘုရားက တစ်ယောက်တည်း ခရီးသွားတာ... အခု ငါ ပျော်ပျော်ရွှင်ရွှင် အိပ်ရာဝင်နိုင်ပြီ")
လတ်တလောတွင် ဝေ့ပေါ်၌ ရေပန်းစားနေသည်မှာ
#ချောပေမယ်လည်းသူငယ်ချင်းမရှိဘူးစီးရီးဒုတိယတွဲ ဖြစ်နေသည်။
("ကစားကွင်းကိုလည်း တစ်ယောက်တည်း သွားတယ်... ပြီးတော့ ခရီးကိုလည်း တစ်ယောက်တည်း ထွက်တယ်... နောက်တစ်ခါကျရင် သူ့ဘာသာသူ လက်ထပ်သွားတော့မှာလား")
ရှန်းယွမ်ဇယ် ဖုန်းသံကို ကြားလိုက်ရသည့်အချိန်တွင် အိပ်ရာဝင်ရန် ပြင်နေခဲ့ခြင်း ဖြစ်သည်။
ရှန်းယွမ်ဇယ်က ပုံမှန်အားဖြင့် အိပ်ရာဝင်ခါနီးအချိန်တိုင်းတွင် ဖုန်းပိတ်ထားတတ်သည်။ သို့သော်လည်း လီယန်၏ လတ်တလော အခြေအနေကြောင့် ဆေးရုံတွင် အရေးပေါ်အခြေအနေ ဖြစ်လာမည်ကို စိုးရိမ်သဖြင့် သူ့ဖုန်းကို ဒီအတိုင်း ဖွင့်ထားရသည်။ ခေါ်ဆိုလာသူက ချန်းချင်းယန်သာ မဟုတ်ခဲ့ပါက သူသေချာပေါက် ဖုန်းချပစ်လိုက်မည် ဖြစ်သည်။
"သူက တစ်ယောက်တည်း ခရီးသွားတာ... သူအချစ်တွေ့နေတာ မဟုတ်ဘူး"
...
ရှန်းယွမ်ဇယ်၏ နှုတ်ခမ်းများ ကော့တက်လာခဲ့သည်။ "အိုး... ဒါဆို ဂုဏ်ယူပါတယ်"
"သူက ကောင်းသောညပါလို့လည်း ပြောသွားသေးတယ်"
"အင်း ဒါဆို မြန်မြန် အိပ်ရာဝင်တော့"
ချန်းချင်းယန်: "..."
ဧကရာဇ်မော့က ဒီလိုပြောချင်တာ မဟုတ်ဘူးလေ...
သူမက ဖုန်းချလိုက်ကာ သီချင်းတစ်ပုဒ် ညည်းနေရင်းဖြင့် ဝေ့ပေါ်တွင် ပိုစ့်တင်လိုက်သည်။
[ "ဧကရာဇ်မော့က တစ်ယောက်တည်း ခရီးသွားတယ်လို့ ကြားတယ်... ဒါကြောင့် သူ့ကို အဖော်ပြုဖို့ တစ်ယောက်ပိုပြီး ထည့်ပေးဖို့ ဆုံးဖြတ်လိုက်ပြီ"]
...
ဟိုတယ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့ပြီးနောက် နောက်တစ်နေ့ မနက်တွင် မော့ကျန်း၏ စိတ်အခြေအနေ ပိုကောင်းလာခဲ့သည်။ သို့သော်လည်း အားယောင်မှာမူ ပြောစရာ မလိုအောင်ပင် သရဲတစ်ယောက်အနေနှင့် သူမ၏ စွမ်းအားက အဆုံးမရှိဖြစ်နေသည်။
မော့ကျန်းက မနက်စာကို ရိုးရိုးရှင်းရှင်း စားသောက်ပြီးနောက် သူ့ပစ္စည်းများကို ရှင်းလင်း၍ အားယောင်နှင့်အတူ ဟိုတယ်မှ ထွက်လာခဲ့သည်။ ဒီဇင်ဘာ၏ မိုးကောင်းကင်က အပြာရောင် တောက်ပနေပြီး သူတို့၏ ခန္ဓါကိုယ်အပေါ် လွှမ်းဖြာနေသော နွေးထွေးသည့် နေရောင်ခြည်က အနည်းငယ်မျှပင် အေးသည်ဟု မခံစားရပေ။ ထို့ကြောင့် မော့ကျန်းက ရှပ်အင်္ကျီနှင့် ဘောင်းဘီတိုသာ ဝတ်ဆင်ထားခဲ့သည်။ သူက Miletus၏ သပ်ရပ်သန့်ရှင်းနေသော လမ်းမများပေါ်တွင် လျှောက်သွား၍ ရှုခင်း ဓါတ်ပုံများ ရိုက်နေခဲ့သည်။
(T/N Miletusက ဂရိ မြို့ပြဟောင်း တစ်ခုဖြစ်ပြီး သူ့ရဲ့ ပျက်စီးသွားခဲ့တဲ့ အပိုင်းအစတွေက တူရကီနိုင်ငံထဲမှာ တည်ရှိပါတယ်)
နိုင်ငံရပ်ခြားတွင် ရှိနေရခြင်း၏ ကောင်းကျိုးတစ်ခုမှာ သူ့ကိုယ်သူ တမင်သက်သက် ရုပ်ဖျက်ထားရန် မလိုအပ်ဘဲ နေရောင်ခြည်အောက်တွင်လည်း အကာအကွယ်မပါဘဲ မတ်တပ်ရပ်နေနိုင်သေးသည်။ ရံဖန်ရံခါ သူ့ကို မှတ်မိနေသည့် တစ်စုံတစ်ယောက် ရှိသော်လည်း သူတို့က သူ့ကို ဝေးဝေးမှသာ စိုက်ကြည့်နေပြီး ပြုံးကာ ခေါင်းငြိမ့်ပြလာကြသည်။
ကောင်းမွန်စွာ ထိန်းသိမ်းထားသော စက်ဝိုင်းခြမ်းပုံ ပြဇာတ်ရုံနှင့် လမ်းများက ပြိုင်ဘက်ကင်း ဖြစ်သည်။ လမ်းဘေးဆိုင်လေးတွင် စားသောက်ပြီးနောက် မော့ကျန်းက သူ့ခုံ၌ပင် ထိုင်ကာ သူရိုက်ထားခဲ့သော ဓါတ်ပုံများကို ကြည့်နေခဲ့သည်။
အားယောင်က ဆိုင်လေး၏ တစ်ဖက်တွင် ထိုင်၍ ကြောင်ငယ်လေးနှင့် ဆော့ကစားနေခဲ့သည်။ ကြည့်ရသည်မှာ ကြောင်ငယ်လေးက အားယောင်ကို မြင်ရဟန်တူသည်။ ထိုအကောင်လေးက တမြောင်မြောင်အော်ကာ အားယောင်ဘက်ကို ဆက်တိုက် မျက်နှာမူနေလေသည်။ အားယောင်က သူမ၏ လက်ကို ဆန့်ထုတ်ကာ ခေါင်းကလေးမော့လာသော ကြောင်ငယ်လေးကို ပွတ်သပ်ပေးနေခဲ့သည်။ ညနေပိုင်း နေရောင်ခြည်က အားယောင်၏ ထွင်းဖောက်မြင်နိုင်သော ခန္ဓါကိုယ်ကို ဖြာထွက်နေပြီး သူမ၏ မျက်နှာပေါ်ရှိ အပြုံးလေးကပင် ဝင်းလက်လာပုံရသည်။
မော့ကျန်းက မနေနိုင်တော့ဘဲ ကင်မရာကို မြှောက်လိုက်သည်။ အားယောင်ကို ချိန်ရွယ်ကာ ကင်မရာခလုတ်ကို နှိပ်လိုက်သည်။
"ချလပ်" ဟူသည့် အသံထွက်လာသော်လည်း မော့ကျန်း ပုံကို ကြည့်လိုက်မိသည့်အခါ သူရိုက်မိထားသမျှက အညိုရောင် ကြောင်တစ်ကောင်လေးသည်သာ။ ပုံ၏ ဘယ်ဘက်အခြမ်းက လမ်းမပေါ်တွင် တောက်ပနေသော နေ့လည်ခင်း နေရောင်ခြည်နှင့်သာ ပြည့်နေခဲ့သည်။
ပုံထဲတွင် အားယောင် မပါခဲ့သော်လည်း မော့ကျန်း၏ နှုတ်ခမ်းထောင့်လေးများ မြင့်တက်သွားဆဲပင်။
လူတစ်ယောက်၏ မျက်လုံးများက လူတစ်ယောက်တွင် ရှိနိုင်သည့် အကောင်းဆုံးသော ကင်မရာများပင်။ သူတို့က ကင်မရာတစ်ခုပင် မှတ်တမ်းမတင်ထားနိုင်သည့် ဘဝထဲမှ အလှပဆုံး အခိုက်အတန့်များကို မှတ်တမ်းတင်ထားနိုင်လေသည်။
ထိုမြင်ကွင်းက မော့ကျန်း၏ မျက်လုံးများဖြင့် မှတ်တမ်းထင်ထားပြီးသား ဖြစ်လေသည်။ ထ်ုညတွင် သူတို့က Argean ပင်လယ်ဘေးရှိ ဟိုတယ်တစ်ခု၌ တည်းခိုခဲ့ကြသည်။ အားယောင် အခန်းထဲသို့ ဝင်လာသောအခါ အနည်းငယ် ပင်ပန်းနွမ်းနယ်သည့်ဟန် ပေါ်နေခဲ့ပြီး နှစ်မီတာ ကျယ်သော နှစ်ယောက်အိပ် ကုတင်ကြီးကို တိုက်ရိုက်ပင် အပိုင်စီးလိုက်သည်။ ၎င်းက သူမအတွက် နူးညံ့နေသည်ဟု မခံစားရသော်လည်း ကျေနပ်ဖွယ်ကောင်းနေဆဲပင်။ မော့ကျန်းက ခရီးဆောင်အိတ်ကို နေရာချလိုက်ပြီး လသာဆောင်ဘေးမှ စားပွဲတစ်လုံးဆီသွား၍ ဝင်ထိုင်လိုက်ကာ ယနေ့ ခရီးစဥ်အကြောင်း ပိုစ့်တင်ရန် ကွန်ပြူတာ ဖွင့်လိုက်သည်။
မော့ကျန်းက ဤတစ်ကြိမ်၌ သူ့ပိုစ့်တွင် ယခင်ပုံနှစ်ပုံထက် စာတော်တော်များများ ပိုရေးလိုက်သည်။ အကြောင်းမှာ ဤတစ်ကြိမ်၌ ယနေ့ခရီးစဥ်၏ ပုံကိုးပုံ တင်ရန် စီစဥ်ထားသောကြောင့် ဖြစ်သည်။
ခမ်းနားကြီးကျယ်သော သမိုင်းဝင် အမွေအနှစ်များကို ထည့်ပေါင်းရလျှင် အဖြူရောင် လေးထောင့်တဲလေးများ၏ ပုံလေးများလည်း ရှိသည်။ နေပူဆာလှုံရင်း မြေပြင်ပေါ်တွင် ပျင်းပျင်းရိရိ လဲလျောင်းနေကြသည့် ကြောင်ငယ်လေးများလည်း ပါပြီး လမ်းမများပေါ်တွင် အခါအားလျော်စွာ ထွက်ပေါ်လာသော လမ်းသွားလမ်းလာများ၏ ဓါတ်ပုံများလည်း ပါပေသည်။ အရေးအကြီးဆုံးအချက်မှာ ၎င်းတို့က မော့ကျန်း၏ ကိုယ်တိုင်ရိုက် ဓါတ်ပုံများပင်။
ဖန်များ၏ တုံ့ပြန်ချက်များက ယခင်အကြိမ်ကထက် ပိုမြန်ကာ ပိုနွေးထွေးသည်။ ထိုပိုစ့်ရေးပြီးပြီသည်နှင့် မျက်စိတစ်မှိတ်အတွင်းနီးပါးမှာပင် ဝေ့ပေါ်၏ ရေပန်းစားအကြောင်းအရာအတွင်းသို့ တဟုန်ထိုး တက်သွားခဲ့သည်။
မော့ကျန်းက ကွန်မန့်များကို ကြည့်လိုက်သည်။ လှပသော မြင်ကွင်းများကြောင့် ရင်သပ်ရှုမော ဖြစ်သွားကြသူများစွာ ရှိသကဲ့သို့ မော့ကျန်း၏ ပြောင်မြောက်လှသော ဓါတ်ပုံရိုက်ကူးသည့် အရည်အချင်းကြောင့် ရှောခ့်ရသွားကြသူများလည်း ရှိသည်။ သို့သော်လည်း သူတို့အားလုံးမှာ မော့ကျန်း၏ မြီးကွင်းလက်စွပ်လေးကို တွေ့လိုက်ရချိန်၌ အားလုံးရှောခ့်ရသွားကြသည်။
မြီးကွင်းလက်စွပ်က အထီးကျန်ဆန်မှု၊ လွတ်လပ်မှုနှင့် တစ်ကိုယ်တည်း ဖြစ်ခြင်းတို့ကို ကိုယ်စားပြုသည်။
ကြည့်ရသည်မှာ သူတို့၏ နတ်ဘုရားက အဆုံးတွင် သူ၏ "ရုပ်ချောပေမယ့် သူငယ်ချင်းလည်း မရှိတဲ့ ဆင်ဂယ်ဘဝ" ကံကြမ္မာကို လက်သင့်ခံလိုက်လေပြီ။ ဖန်များမှာ အလွန် ကျေနပ်သွားလေသည်။
ကွန်ပျူတာတစ်ဖက်တွင် ထိုင်နေသော မော့ကျန်းမှာ မတတ်နိုင်ဘဲ သဘောတကျ ရယ်မောလေတော့သည်။ ထိုလူများက မနေ့ကပင် သူအချစ်တွေ့နေသည်ဟု ယူဆခဲ့ကြပြီး ယနေ့တွင်မူ သူ့ တစ်ဘဝလုံး ဆင်ဂယ်ဘဝဖြင့် နေသွားတော့မည် ဖြစ်သည်ဟု ဆုံးဖြတ်လိုက်ကြပြန်သည်။ ကမ္ဘာကြီးက အမှန်ပင် အပြောင်းအလဲ မြန်လှသည်။
မော့ကျန်းက ရေချိုးရန်အတွက် ရေချိုးခန်းဆီ သွားနေရင်းမှ ခြေလက် လေးဖက်လုံးကားကာ ကြယ်ငါးတစ်ကောင်ကဲ့သို့ လဲလျောင်းနေသော အားယောင်ကို ကြည့်ကာ သူမကို ကန်ပစ်လိုက်ချင်မိသွားသည်။ သို့သော်လည်း ၎င်းကို အတွေးထဲတွင်သာ ထားလိုက်နိုင်သည်။
"မင်းက အိပ်ဖို့မလိုဘူးမလား" ခေါင်းထက်မှ အသံတစ်သံ ထွက်လာသောကြောင့် အားယောင်က ငိုက်မျဥ်းရင်းဖြင့် ပလုံးပထွေး ငြီးတွားကာ သူမဘေးမှ မော့ကျန်းကို ကြည့်ရန် မျက်လုံးဖွင့်လာပြီး အိပ်ရာ၏ ညာဘက်သို့ ရွှေ့သွားသည်။
မော့ကျန်းက အိပ်ရာ၏ နေရာအလွတ်ကိုကြည့်ရင်းဖြင့် နေရာမှာပင် မလှုပ်မယှက် ရပ်နေခဲ့သည်။ အားယောင်က သူ့အကြည့်များ၏ ဖိအားဒဏ်ကို လက်နက်ချထားပြီးသား ဖြစ်ကာ သူမက ညာဘက်ကို ရွှေ့ပေးထားသော်လည်း မော့ကျန်းမှာ မလှုပ်ရှားသေးပေ။
အားယောင်က အဆုံးတွင် မပျော်မရွှင် ဖြစ်သွားသည်။ "လူတိုင်းက ဒီအိပ်ရာရဲ့ ဝေစုရှိကြတာပဲ... ရှင် ကျွန်မကို နှင်ထုတ်လို့ မရဘူး... ကျွန်မတို့ အတူအိပ်တာ ပထမဆုံးအကြိမ်တောင် မဟုတ်ဘူးမနေ့ကတောင် အတူတူ အိပ်ခဲ့ကြသေးတာပဲနော်..".
မော့ကျန်း: "..."
ငါတို့ အတူတူ အိပ်ခဲ့ဖူးတယ်ဆိုတာ ဘာကို ဆိုလိုတာလဲကွ... ရှင်းရှင်းလင်းလင်း ပြောစမ်းပါ...
မော့ကျန်းက သူ့နှလုံးသားထဲတွင် ဆူပူလိုက်ရင်းမှ အိပ်ရာ၏ နေရာလွတ်တွင် ဝင်လှဲကာ စောင်ကို သူ့နှလုံးသား ရှိနေသော နေရာအထိ ပင့်တင်လိုက်သည်။ ယခုလေးတင် ရေချိုးခန်းထဲမှ ထွက်လာသော မော့ကျန်းထံမှ ရေချိုးဆပ်ပြာ၏ ရနံ့လေးနှင့် ရေမှုန်ရေမွှားလေးများက ငြိတွယ်နေခဲ့သည်။ ၎င်းက လေထုနှင့်ရောယှက်ကာ အားယောင်၏ နှာခေါင်းထိပ်လေးဆီသို့ လွင့်မျောသွားခဲ့သည်။
ကြောင်ကလေး အားယောင်က နှာရှုံ့ကာ မော့ကျန်းဘက်သို့ တိုးလိုက်သည်။
"ကျန်းကျန်း... ရှင့်အနံ့လေး ကောင်းလိုက်တာ"
မော့ကျန်းက မျက်လုံးများကို ပိတ်ထားကာ သူမထိုနေရာတွင် ရှိမနေဟုသာ မသိချင်ယောင်ဆောင်ထားလိုက်သည်။
"ကျန်းကျန်း" အားယောင်က မော့ကျန်းဘက်သို့ ဆက်လက်တိုးကပ်နေခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူမ၏ မျက်နှာက မော့ကျန်း၏ နားအနားသို့ ရောက်ရှိသွားသည်။ မနေ့ကက ပုံရိပ်များက မော့ကျန်း၏ စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ မော့ကျန်းမှာ အားယောင်၏ မျက်လုံးခပ်ကြီးကြီးတို့က သူ့ကို စိုက်ကြည့်နေသည်ကို သတိရမိသွားသည်နှင့် သူ့နားများ ပူနွေးလာရသလိုပင်။
မော့ကျန်းက စောင်ကို ရွှေ့ကာ သူ့ခန္ဓါကိုယ်ကို လှည့်လိုက်ပြီး အားယောင်ကို အေးတိအေးစက်ဖြင့် နောက်ကျောပေးထားခဲ့သည်။
အားယောင်က ကျန်းကျန်း၏ နူးညံ့လှသော အနက်ရောင် ဆံနွယ်များကို ကြည့်၍ ပြုံရင်း ပြောလာသည်။ "ကျန်းကျန်း... ဂွတ်နိုက်ပါ"
ဂွတ်နိုက်...
........
Aegean ပင်လယ်၌ သုံးရက်တာ ကုန်ဆုံးသွားပြီးနောက် သူတို့၏ နောက်ဆုံး မှတ်တိုင် ဖြစ်သည့် Goreme သို့ ရောက်ရှိခဲ့လေပြီ။
မော့ကျန်းက နေထွက်ချိန်ကို ခံစားရန်အတွက် မနက်စောစော ထလာခဲ့သည်။ 4:30 AMတွင် မိုးပျံပူဖောင်း ကုမ္ပဏီ၏ အကြိုကားက ဟိုတယ် အပေါက်ဝတွင် လာရောက်စောင့်ဆိုင်းနေခဲ့ပြီးသား ဖြစ်သည်။
သူက အစပိုင်းတွင် ထိုကဲ့သို့သော ရာသီကာလ မဟုတ်သည့်အချိန်၌ ခရီးသွားများစွာ မရှိနိုင်ဟု တွေးခဲ့သည်။ သို့သော်လည်း သတ်မှတ်ထားသော နေရာသို့ သူတို့ ရောက်ရှိလာကြသောအခါ မော့ကျန်းမှာ ခရီးသွားများနှင့် သူတို့၏ မိုးပျံပူဖောင်း ပမာဏတို့ဖြင့် ရက်ရက်စက်စက် တိုက်ခိုက်ခံလိုက်ရလေသည်။
သူတို့ ရောက်ရှိလာချိန်၌ မိုးပျံ ပူဖောင်းမှာ ပြားကပ်ကာ မြေပေါ်တွင် လဲလျောင်းနေဆဲ ဖြစ်ပြီး မိုးပျံပူဖောင်း အပူပေးရန် စောင့်နေရသည့်အချိန်၌ မော့ကျန်းက ရှုခင်း ဓါတ်ပုံများကို ကြုရာကျပန်း ရိုက်ကူးနေခဲ့သည်။
အားယောင် သူ့ကင်မရာ မြှောက်လိုက်သည်ကို တွေ့သောအခါ သူမ၏ မျက်လုံးများက လျင်လျင်မြန်မြန် သဘောပေါက်သွားပြီး ပြုံးရယ်ကာ သူမ၏ လက်ကို V ပုံစံ ထောင်လိုက်လေသည်။
မော့ကျန်း: "..."
ကြည့်ရသည်မှာ သူမက သရုပ်ဆောင်ကောင်းရုံတင်မကဘဲ မော်ဒယ် လုပ်ရာ၌လည်း ပြင်းပြသော အသိအမြင်တို့ ရှိပုံပင်။
မော့ကျန်း၏ မိုးပျံပူဖောင်း၌ လူအနည်းဆုံး ရှိနေပြီး မောင်းနှင်သူ အပါအဝင် စုစုပေါင်း ခုနစ်ယောက်သာ ပါရှိသည်။ သေချာပေါက် လူမမြင်နိုင်သော သရဲတစ်ကောင်လည်း ရှိနေသေးပေသည်။
လေထု ခပ်မြင့်မြင့်နေရာ၌ အပူချိန် နိမ့်ကျနိုင်သည်ဟု တွေး၍ မော့ကျန်းက ယနေ့တွင် ကုတ်အင်္ကျီတစ်ထည်ကို အထူးတလှယ် ဝတ်ဆင်ထားခဲ့ပြီး တစ်ခဏမျှ မတပ်ဆင်ခဲ့ရသေးသော အညိုရောင် နေကာမျက်မှန်ကိုလည်း တပ်ထားသေးသည်။
မော့ကျန်း ထွက်ပေါ်မလာခင်၌ အရပ်ရှည်ပြီး ချောမောကြသော မောင်းနှင်သူများက လူတိုင်း၏ အာရုံစိုက်မှု ဗဟိုချက် ဖြစ်ခဲ့သည်။ သို့သော်လည်း ယခု မော့ကျန်းက မြင်ကွင်းထဲ၌ ရှိလာပြီ ဖြစ်၍ လူတိုင်က သူ့ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်လာကြပြီး သူ့အကြောင်း တီးတိုး ပြောဆိုလာခဲ့ကြသည်။
မော့ကျန်းက ထိုဘေးမှ ဝိုင်းကြည့်လာသူ ပမာဏလောက်ကို ကျင့်သားရနေပြီ ဖြစ်သော်လည်း သူ့ကိုပို၍ မသက်မသာ ဖြစ်စေရသည့်အရာမှာ... အားယောင်က မောင်းနှင်တဲ့သူကို ဘာလို့ အကြာကြီး စိုက်ကြည့်နေရတာလဲလို့...
"ကျန်းကျန်း နိုင်ငံခြားသားတွေက အမြင်ကောင်းကောင်း ရှိကြတာပဲနော်"
အားယောင်က ထိုပိုင်းလော့ထံ သွားလေ့လာပြီးမှ အဆုံးတွင် မော့ကျန်းဘေးသို့ ပြန်မျောလွင့်လာခဲ့သည်။ မော့ကျန်းက အေးတိအေးစက်အသံတစ်ခု ထုတ်လာသော်လည်း မည်သည်ကိုမှ ပြောမလာခဲ့ပေ။
ရောင်စုံ မိုးပျံပူဖောင်းများက မရေတွက်နိုင်သော အရောင်စုံငှက်များ Goremeတွင် ပျံသန်းနေကြသကဲ့သို့ တဖြည်းဖြည်း မြင့်တက်လာခဲ့သည်။
ည အမှောင်ထု တဖြည်းဖြည်း ပျောက်ကွယ် လာပြီး မိုးကုပ်စက်ဝိုင်းအထိ ကျယ်ပြန့်လာကာ ထွက်ပေါ်လာသော နေရောင်ခြည်က အပြာရင့်ရောင် ကောင်းကင်နှင့် ပေါင်းစပ်လာသည်နှင့်အမျှ Goreme၏ မြေပြင် အနေအထားက တဖြည်းဖြည်း ပုံပေါ်လာခဲ့သည်။ ကောင်းကင်ပေါ်တွင် လွင့်မျောနေသော မိုးပျံပူဖောင်းများမှာ အဖြူရောင် အရုဏ်ဦးတိမ်တိုက်များ အကြား တောက်ပနေကာ Goreme၏ လှပသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့သည်။
မော့ကျန်းက တွေ့ရခဲသော မြင်ကွင်းလေးကို ဓါတ်ပုံ ရိုက်ယူထားခဲ့သည်။ အားယောင်မှာ မိုးပျံပူဖောင်းခြင်းလေး၏ အစွန်တွင် မျောလွင့်နေကာ မိုးပျံပူဖောင်းများကို လက်ညှိုးထိုး၍ တဝိုးဝိုး အော်ဟစ်နေခဲ့သည်။ ထိုကဲ့သို့သော မြင်ကွင်းများကြောင့် အခြားသူများမှာ အဆုံးတွင် သူတို့၏ အာရုံအလုံးစုံကို မော့ကျန်း၏ ခန္ဓါကိုယ်မှ ရှုခင်းများထံ ပို့လိုက်ကြသည်။
"ကျန်းကျန်း ကြည့်... ကျွန်မ မိုးပျံပူဖောင်းကို ကျွန်မလက်နဲ့ ကိုင်လို့ရနေတယ်" အားယောင်က ထောင့်နေရာလေးကို သုံးကာ မိုးပျံပူဖောင်းလေးကို သူမ၏ လက်များဖြင့် ကိုင်ထားလိုက်သည်။ မော့ကျန်းက ကင်မရာကို မြှောက်၍ သာမန်ကာလျှံကာဖြင့် ခလုတ်နှိပ်လိုက်သည်။
အားယောင်မှာ ပိုစ့်ပေးခြင်းကို စွဲလမ်းနေပုံရပြီး မိုးပျံပူဖောင်းကို ထိနေသည့် အခြားပိုစ့်တစ်ခု လုပ်ပြလိုက်သည်။ မော့ကျန်းက ကင်မရာကို ဖြတ်၍ ကြည့်လိုက်ပြီးနောက် ထိုရူးကြောင်ကြောင် အားယောင်ကို ပြုံးပြလိုက်သည်။ နေရောင်ခြည်က သူမ၏ မျက်နှာပေါ်သို့ ဖြာကျနေပြီး ၎င်းက သူ့မျက်နှာကို ထုတ်ဖော်ရမည်ကို ရှက်နေသည့်အလား အဖြူရောင် တိမ်တိုက်များအကြား အဟလေးကို ဖြတ်၍ အလင်းရောင်ပေးလာပြီး လူတိုင်းကို နူးညံ့သည့် ရွှေရောင်လေး ဖုံးအုပ်ပေးလာခဲ့သည်။
Xxxxx