Chapter 42
မော့ကျန်း၏ ရံဖန်ရံခါ တည်ငြိမ်နေခဲ့သော နှလုံးသားက စိတ်ခံစားမှုလှိုင်းများ ခံစားလိုက်ရပြီး သူ့လက်များ လှုပ်ရှားသွားကာ ထိုပုံလေးကို ကင်မရာထဲ၌ သိမ်းထားလိုက်သည်။
သူ သူမကို ထိတွေ့ချင်တယ်။
မော့ကျန်းက သူမ၏ နှလုံးသားထဲတွင် တွေးနေသမျှ အရာအားလုံးကို အမြဲတမ်း ခန့်မှန်းနိုင်ခဲ့သည်။ သူမ ပျော်ရွှင်နေသောအခါ သူမ၏ နှုတ်ခမ်းထောင့်လေးများ မြင့်တက်လာမည် ဖြစ်ပြီး သူမ စိတ်ဆိုးနေသောအခါ သူမ၏ မျက်ခုံးများကို စုကြုံ့ထားမည် ဖြစ်သော်လည်း သူမကို ထိတွေ့ရန် နည်းလမ်း မရှိပေ။ ၎င်းက သာမန်စုံတွဲများ၏ မျက်လုံးများထဲတွင် အရိုးရှင်းဆုံး အပြုအမူသာ ဖြစ်မည်။
"ကျန်းကျန်း ဘာတွေ တွေးနေတာလဲ"
မော့ကျန်း၏ စိတ်ခံစားချက် အတက်အကျများက အားယောင်ကို ဂရုပြုမိသွားစေဟန်ထင်။ သူမက ခြင်း၏ အစွန်းလေးမှ ပြန်၍ မျောလွင့်လာခဲ့ပြီး မော့ကျန်းကို စိုက်ကြည့်ရင်း စုံစမ်းကြည့်ရှုနေခဲ့သည်။
မော့ကျန်းက ပြန်မဖြေလာဘဲ ခေါင်းသာ ယမ်းပြလိုက်သည်။ သူ့မျက်လုံးထဲက ခံစားချက်များကို ဖုံးကွယ်ထားလိုက်ပြီး ရှုခင်း အသစ်ကို တွေ့သည်နှင့် နောက်ထပ် သူကိုယ်တိုင်၏ ပုံကို ထပ်ရိုက်ရန် ပြင်လိုက်သည်။
အားယောင်က မော့ကျန်း ကိုယ်တိုင်အချိန်ညှိသည့် နေရာအား နှိပ်လိုက်သည်ကို တွေ့သည်နှင့် အပြေးရောက်လာခဲ့ပြီး ဓါတ်ပုံထဲသို့ မြန်မြန် တိုးဝင်လာကာ မော့ကျန်း၏ မျက်နှာထက်တွင် အရိပ်တစ်ခု ချန်လျက် သူ့အနားသို့ မျောလွင့်လာခဲ့သည်။
"ချလပ်"ဟူသော အသံတစ်ခု ထွက်ပေါ် လာပြီး ထိုအခိုက်အတန့်လေး၌ အချိန်က ရပ်တန့်နေခဲ့သလိုပင်။
"ဟားဟား... ကျန်းကျန်း... ကျွန်မတို့မှာ နှစ်ယောက်ပုံ ရှိသွားပြီ" အားယောင်က အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး ဂုဏ်ယူဝင့်ကြွားမှု အနည်းငယ်လည်း ရှိနေခဲ့ပြီး ပထမအစကတည်းက ကင်မရာက သူမကို ရိုက်နိုင်သည်ဟု မသိသည့်အလားပင်။
မော့ကျန်း ပုံကို ကြည့်လိုက်သည့်အခါ အားယောင်၏ အရိပ်က အမှန်တကယ်ပင် ပုံ၏ နောက်ခံတစ်ခုလုံးကို သက်ရောက်မှု မရှိခဲ့သော်လည်း သူက ကင်မရာကို မြှောက်ထားဆဲ ဖြစ်ပြီး နောက်ထပ် သူ့ပုံတစ်ပုံကို ထပ်ရိုက်လိုက်သည်။
အားယောင် ပြောခဲ့သလိုပါပင်။ ၎င်းက သူတို့၏ ဓါတ်ပုံ ဖြစ်ပြီး သူတို့၏ ခရီးစဥ်အတွင်းမှ တစ်ခုတည်းသော နှစ်ယောက်တွဲဓါတ်ပုံသာ ဖြစ်ပါ၏။
လေထဲတွင် တစ်နာရီမျှ ပျံသန်းပြီးနောက် ထိုမိုးပျံပူဖောင်းခရီးစဥ်က အဆုံးတွင် ပြီးဆုံးသွားခဲ့လေသည်။ မြေပြင်ပေါ်တွင် သက်ဆင်းပြီးနောက် မိုးပျံပူဖောင်း ကုမ္ပဏီက သူတို့အတွက် စီးနင်းမှုလက်မှတ် ထုတ်ပေးလာခဲ့ပြီး အောင်ပွဲခံရန် ရှန်ပိန်တစ်ပုလင်းကို ဖွင့်ဖောက်ပေးလာခဲ့သည်။
ညနေခင်းတွင် ဟိုတယ်သို့ ပြန်ရောက်လာပြီးနောက် မော့ကျန်းက အမြဲတမ်းကဲ့သို့ပင် သူ့ဝေ့ပေါ်၌ update လုပ်ပေးလာခဲ့သည်။ ယနေ့တွင် ဓါတ်ပုံ ပိုများများ ရိုက်လာခဲ့သဖြင့် သူအကြိုက်ဆုံး ပုံအနည်းငယ်ကို ရွေးထုတ်ကာ ပုံကားချပ်တစ်ခု ဖန်တီးခဲ့သည်။ ကားချပ်၏ အဆုံးတွင် ရှိနေသည်မှာ အားယောင် မပါဘဲ သူထပ်ရိုက်ခဲ့သည့် သူကိုယ်တိုင်၏ ပုံသာ ဖြစ်သည်။
ထိုအချိန်၌ ချန်းချင်းယန်က ဝေ့ပေါ်ကို လျှောက်ဆွဲရင်း ကုဒ်ရေးနေခြင်း ဖြစ်ကာ မော့ကျန်း၏ အသစ်တင်လာသော ပိုစ့်ကို အရင်ဆုံး မြင်တွေ့လိုက်ရသူ ဖြစ်နေခဲ့သည်။
[Goreme ... မိုးပျံပူဖောင်း...]
သူမ ရူးသွပ်သွားတော့မတတ်ခံစားလိုက်ရသည်။
["ဧကရာဇ်မော့က Goremeကိုသွားပြီး မိုးပျံပူဖောင်းပေါ် ထိုင်နေတယ်...[ထိတ်လန့်သွားခြင်း]... @တလီမဟုတ်တဲ့တလီ ရေ... တောင်းပန်ပါတယ်... နင် မိုးပျံပူဖောင်း စီးချင်တယ်လို့ ပြောတုန်းက ငါ မရယ်ခဲ့လိုက်သင့်ဘူးTAT... နင်နိုးလာရင် ဧကရာဇ်မော့ရဲ့ ခြေလှမ်းတွေကို အမီလိုက်ဖို့ Goremeကို ချီတက်ကြမလား... [မျက်ရည်ကျလျက်] ငါနင့်အတွက် အကြီးဆုံးနဲ့ အလှဆုံး မိုးပျံပူဖောင်းကို ရှာပေးမယ်လေQAQ"]
ချန်ချင်းယန်၏ လီယန်ကို mentionခေါ်ရသည့် အကြောင်းအရင်းမှာ အလွန်အကျူး စိတ်လှုပ်ရှားခြင်းကြောင့် အမှတ်တမဲ့ လှုပ်ရှားမိသွားခြင်းနှင့် အလေ့အကျင့်ကြောင့်လည်း ဖြစ်သည်။ သို့သော်လည်း ရည်ရွယ်ချက် ရှိကြသော သူများအတွက်မူ ၎င်းက အလွန် အဖိုးတန်သော သတင်း အချက်အလက် ဖြစ်နေခဲ့သည်။
မော့ကျန်းက မျက်ခုံပင့်ကာ @တလီမဟုတ်တဲ့တလီ၏ ဝေ့ပေါ်ကို နှိပ်လိုက်သည်။
နောက်ဆုံး တင်ထားသော ပိုစ့်မှာ ဒီနှစ်၏ ဇွန်လ 4ရက်နေ့တွင် တင်ထားခြင်း ဖြစ်ကာ လီယန် တက္ကသိုလ်မှ ဘွဲ့ရခဲ့သည့် နေ့ဖြစ်သည်။
လီယန်က သန့်ရှင်းသော ဘွဲ့ဝတ်စုံကို ဝတ်ထားကာ သူမ၏ဘေးတွင် အခြားမိန်းကလေး သုံးယောက် ရှိနေပြီး သူတို့က တက္ကသိုလ်စာကြည့်တိုက်ရှေ့တွင် ရပ်နေခဲ့ကြသည်။ တစ်ယောက်မှာ ချန်းချင်းယန် ဖြစ်ပြီး အခြားသူများကို မော့ကျန်း မသိသော်လည်း သူတို့က လီယန်၏ အခန်းဖော်များ ဖြစ်မည်ဟု ခန့်မှန်းမိသည်။
မိန်းကလေး လေးယောက်၏ အပြုံးများမှာ တောက်ပနေကြပြီး ငယ်ရွယ်မှု၏ သန့်စင် ကြည်လင်မှုများနှင့် တက်ကြွမှုများ ပါဝင်နေပေသည်။
ဆေးရုံတွင် ကိုမာဝင်နေသော လီယန်၏ ပုံရိပ်က မော့ကျန်း၏ အတွေးထဲသို့ ဖြတ်ပြေးသွားခဲ့ပြီး ပေချ့်တစ်လျှောက် ဆွဲချရင်းသူ့နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သည်။
လီယန်က ဝေ့ပေါ်၌ မကြာခဏ ပိုစ့်များ မတင်တတ်ဘဲ သူမ၏ ခုနစ်ဆယ်ကျော်သော ပိုစ့်အများစုမှာ လီမွန်ပြုတ်၏ ဝေ့ပေါ်ပိုစ့်ကို forwardလုပ်ထားခြင်းများ ဖြစ်လေသည်။ ရံဖန်ရံခါ သူမ၏ပုံများ တင်တတ်သော်လည်း များသောအားဖြင့် ထိုပုံများမှာ သူမနှင့် သူမ၏ အခန်းဖော်များ ညစာထွက်စားကြရင်း ပတ်ဝန်းကျင်ကို လက်စားပြန်ဖြေကြသော ဓါတ်ပုံများပင် ဖြစ်သည်။
မော့ကျန်းက သူမ မှတ်ပုံတင်ထားခဲ့သည့် ရက်ကို ကြည့်လိုက်သောအခါ လွန်ခဲ့သောနှစ်၏ အစောပိုင်းကာလ ဖြစ်နေသည်။ တစ်နှစ်နှင့် နှစ်တစ်ဝက် ကုန်ဆုံးသွားပြီးနောက် သူမက 74ပိုစ့်သာ တင်ထားခဲ့သော်လည်း သူမ၏ ဖော်လိုဝါ အရေအတွက်မှာ 500ထက် ကျော်လွန်နေသည်။
မော့ကျန်းက သူမ၏ ဖော်လိုဝါ စာရင်းကို နှိပ်လိုက်ရာ ဖော်လိုဝါအများစုမှာ သူမနှင့် တက္ကသိုလ်တူကြသည့် ယောကျ်ားလေး ကျောင်းသားများ ဖြစ်နေကြပေသည်။
ဟဟ...
မော့ကျန်းက အေးတိအေးစက် နှာမှုတ်လိုက်ပြီး လီယန်၏ ပရိုဖိုင် ဓါတ်ပုံကို တိတ်တဆိပ်နှိပ်၍ ဂရုတစိုက် လေ့လာနေခဲ့သည်။
လီယန်၏ ပရိုဖိုင် ဓါတ်ပုံမှာ သူမ၏ဓါတ်ပုံ မဟုတ်ဘဲ ထိုအစား လီမွန်ပြုတ်၏ ပရိုဖိုင်နှင့် ကိုက်ညီသော ချစ်စရာကောင်းသည့် ဂေါ်ဇီလာပုံလေး ဖြစ်သည်။ မော့ကျန်း သူမ၏ ပရိုဖိုင်ပုံကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီး ထိုရူးကြောင်ကြောင်နှင့် ချစ်စရာကောင်းသည့် ပုံစံလေးမှာ အားယောင်နှင့် အမှန်တကယ် ကိုက်ညီနေသည်ဟု တွေးနေခဲ့သည်။
သူမ follow လုပ်ထားသော လူများ အတွက်ကား မော့ကျန်က သူမ follow လုပ်ထားခဲ့သူများကို စိတ်အဝင်စားဆုံးပင်။
လီယန်က လူအနည်းငယ်သာ follow လုပ်ထားပြီး သူတို့အများစုမှာ သူမ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ ဖြစ်ကြလေသည်။ မော့ကျန်း ၎င်းကို ဆွဲချကြည့်လိုက်သောအခါ အနည်းငယ် အံ့သြသွားရလေသည်။ သူမက ပြည်တွင်း ပြည်ပမှ မည်သည့် နာမည်ကျော်ကိုမဆို စိတ်ဝင်စားမှု ရှိမနေခဲ့ပေ။
လီယန်က စတားများနောက် လိုက်ရသည်ကို မကြိုက်ပုံပင်။ မော့ကျန်း၏ စိတ်အခြေအနေ ရုတ်တရက် ရှုပ်ထွေးလာခဲ့သည်။
သူ့ရဲ့ နှစ်လိုဖွယ် ကောင်းမှုတွေက လီယန်ရဲ့ စိတ်ဝင်စားမှုကို နှိုးဆွဖို့ မလုံလောက်ဘူးလား...
သူက လီယန်၏ အကောင့်ထဲသို့ ဝင်ရောက်ပြီးနောက် သူမ အကောင့်ကို သုံး၍ သူ့အကောင့်ကို followလုပ်လိုက်ရန်အတွက် တစ်ယောက်ယောက်ကို ရှာကြည့်ရမည်လားဟု အလေးအနက် တွေးမိနေသည်။
"ကျန်းကျန်း... အဝါရောင် ဝက်ဘ်ဆိုက်တွေ ကြည့်နေတာလား" အားယောင်က လသာဆောင်မှ ပြန်လည်မျောလွင့်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် သူမက ကွန်ပြူတာ မျက်နှာပြင်၏ ဘေး၌ ပေါ်လာခဲ့သည်။
သူမ ရုတ်တရက် ပေါ်ထွက်လာမှုက မော့ကျန်း၏ နှလုံးသားကို အတော်လေး လန့်ဖျတ်သွားစေခဲ့ပြီး ကွန်ပြူတာ ကလည်း ထပ်ပြီး အကြမ်းပတမ်း အပိတ်ခံလိုက်ရသည်။
သို့သော်လည်း ဤတစ်ကြိမ်၌ အားယောင်က ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် စီစဥ်ထားခဲ့သဖြင့် ၎င်းက အဝါရောင်ဝက်ဘ်ဆိုက်များ မဟုတ်ဘဲ ဝေ့ပေါ် ဖြစ်နေခဲ့သည်။ သူမက မော့ကျန်းကို ကြည့်ကာ မေးလိုက်သည်။
"ရှင် ကြည့်နေတာ ဘယ်သူ့ရဲ့ ဝေ့ပေါ် ပေချ့်လဲ... ဆရာမခန်တော့ မဟုတ်ဘူးမလား"
(T/N ဆရာမခန် = Sola Aoi လို့ အမည်ရတဲ့ ဂျပန် AV star တစ်ယောက်ပါ)
မော့ကျန်း: "..."
သူမက စတားတွေနောက်ကို လိုက်ရတာကို စိတ်မဝင်စားဘူးမလား... ဘယ်လိုလုပ်ပြီး ဆရာမခန်ကို သိနေရတာလဲ"
"မဟုတ်ဘူး ဆရာမအိုဇဝ" မော့ကျန်းက ဆိုဖာမှ ထရပ်ကာ ရေချိုးခန်းသို့ ထွက်သွားသည်။
(T/N တူတူပါပဲ ဒါလည်း porn starပါ)
အားယောင်က သူ့နောက်ကျောကို စိုက်ကြည့်လိုက်ပြီး သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားခဲ့သည်။ သူ အခုလေးတင် ဆရာမအိုဇဝကို ကြည့်ခဲ့ပြီးတော့ အခုတော့ ရေချိုးခန်းထဲ ဝင်ဖို့ လိုသွားပြီပေါ့... ဖြစ်နိုင်တာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကို ဖြေရှင်းမလို့များလား...
အားယောင်က အိပ်ရာပေါ်တွင် လဲလျောင်းနေရင်း ခပ်ပြင်းပြင်း အသက်ရှူနေကာ သူမ၏ ကြီးမားသော မျက်လုံးနှစ်လုံးက စိုက်ကြည့်နေပြီးနောက် မျက်တောင်ခတ်၍ ရေချိုးခန်းတံခါးမှ အကြည့်လွှဲလိုက်သည်။
မော့ကျန်း ရေချိုးခန်းထဲမှ ထွက်လာသောအခါ အားယောင်က ထိုအနေအထားအတိုင်းသာ ရှိနေသေးသည်။
ထွက်လာသော မော့ကျန်းကို ကြည့်ကာ အားယောင်၏ မျက်ဝန်းများအတွင်း အံ့အားသင့်မှုတို့ ဖြတ်ပြေးသွားခဲ့လေသည်။
"ရှင်က အရမ်းမြန်တာပဲ"
မော့ကျန်း: "..."
ရေချိုးတာ ဘယ်လောက် ကြာမှာမို့လဲ...
ထိုအထင်အမြင်လွဲမှားမှုက ဝေးကွာသော အနာဂါတ် တစ်ခုတွင်... လီယန်၏ ကိုယ်တွေ့ အတွေ့အကြုံများဖြင့် ဖြေရှင်းနိုင်ခဲ့လိမ့်မည် ဖြစ်သည်။
ရေချိုးပြီးနောက် မော့ကျန်းက ပို၍ ပင်ပန်းနွမ်းနယ်လာသလို ခံစားရသည်။ သူက မနက် လေးနာရီတွင် အိပ်ရာထခဲ့ရပြီး တစ့်နေ့လုံးလည်း အပြင်မှာ ပတ်ကစားနေခဲ့သဖြင့် သူ အခု လုပ်ချင်သမျှသည်ကား အိပ်စက်လိုက်ရန်သာ။ ရက်အနည်းငယ်ကြာ ခရီးသွားပြီးနောက် သူ အားယောင်နှင့် အတူတူ အိပ်စက်ရလျှင်တောင် သူ့မျက်နှာက အရောင်မပြောင်းတော့ပေ။
မော့ကျန်းက အားယောင်ဘက်တွင် လဲလျောင်းနေရင်းမှ သူ့မျက်လုံးကို ပိတ်ထားပြီး စကားပြောမလာခဲ့ပေ။ ယနေ့ည အားယောင်က အတော်လေး တိတ်ဆိတ်နေခဲ့သဖြင့် တိတ်ဆိတ်နေသော အခန်းလေးထဲ၌ ကြားနေရသည့် တစ်ခုတည်းသောအရာမှာ မော့ကျန်း၏ တည်ငြိမ်သော အသက်ရှူသံပင် ဖြစ်သည်။
သူမက အခြားတစ်ဖက်မှ မော့ကျန်း၏ အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည့်အချိန်၌ မိနစ်ပေါင်း မည်မျှပင် ကုန်ဆုံးသွားခဲ့သည်မှန်း မသိလိုက်ပေ။
"အားယောင်"
အားယောင်က လတ်တလောတွင် အိပ်ပျော်သွားရန်အတွက် အင်တိုက်အားတိုက် ကြိုးစားနေသည် ဖြစ်ရာ မော့ကျန်း သူမနာမည်ကို ခေါ်လိုက်သည့်အသံအား ကြားသည်နှင့် ချက်ချင်းပင် သူမ၏ ညာလက်ကို ထောင်လာခဲ့သည်။
"ဒီမှာပါ"
သူမ၏ အသံက တိတ်ဆိတ်နေသော အခန်းလေးနှင့် ယှဥ်လိုက်ပါက ကြွပ်ဆတ်ကာ ကျယ်လောင်နေခဲ့သည်။
မော့ကျန်းက တစ်ခဏမျှ တိတ်ဆိတ်နေပြီးမှ အဆုံးတွင် သူ့နှုတ်ခမ်းကို ဖွင့်ဟလာခဲ့သည်။
"နောက်နေ့ကျရင် ငါတို့ အိမ်ပြန်ကြမယ်"
၎င်းကတို့က အေးစက်နေသော စကားလုံးများသာ ဖြစ်ပြီး သူ့အသံထဲတွင် စိတ်ခံစားချက် တစိုးတစိမျှ ပါဝင်မနေပေ။
အားယောင်က မော့ကျန်း၏ မျက်နှာကို စိုက်ကြည့်လိုက်သော်လည်း ထိုသူက သူ့မျက်လုံးများကို ဖွင့်မလာခဲ့ဘဲ မျက်နှာ အမူအရာကလည်း တည်ငြိမ်နေဆဲသာပင်။ အားယောင်က လက်ကလေးကို တဖြည်းဖြည်း ပြန်ချလိုက်ပြီး ငိုမဲ့မဲ့အသံလေးဖြင့် ငြင်ငြင်သာသာ ပြန်ဖြေလိုက်သည်။ "အိုး"
ပြန်ရတော့မည်ဟူသော စကားက သူမ ထွက်သွားရတော့မည်ဟု အဓိပ္ပါယ် ရနေမှန်း သူမသိနေခဲ့ပါ၏။ ဤခရီးက မော့ကျန်း သူမကို ပေးလာသည့် နောက်ဆုံး လက်ဆောင်ပင် ဖြစ်သည်။
ကံမကောင်းစွာဖြင့် ဤကမ္ဘာကြီးက အချိန်တို့ ရပ်တန့်မနေပါချေ။ လှပသော ခရီးလေးတစ်ခုဖြင့်ပင် ဝမ်းနည်း ဖွယ်ရာ ဇာတ်သိမ်း တစ်ခုလည်း ဖြစ်နိုင်သည်။
မော့ကျန်း၏ မျက်လုံးများ လှုပ်ရှားသွားသော်လည်း သူက မျက်လုံးများ ဖွင့်မလာခဲ့။ မျက်လုံး ဖွင့်လိုက်သည်နှင့် သူ့မျက်လုံးထဲမှ ခံစားချက်များကို မဖုံးကွယ်ထားနိုင်မည်အား ကြောက်ရွံ့နေခဲ့ရသည်။
သူတို့ ပြန်လာသောအခါ လေထုက လေးလံနေခဲ့ပြီး အားယောင်က မည်သည့် စကားမှ ဆိုမလာဘဲ မြီးကွင်းလက်စွပ်ထဲသို့ ဝင်သွားခဲ့သည်။
ထန်ချန်းက သူတို့ကို လေဆိပ်၌ လာကြိုပေးခဲ့ပြီး မော့ကျန်း လေဆိပ်တံခါးဝမှ ဖြတ်ထွက်လာသောအခါ ခေါင်းကိုမော့လိုက်သည်နှင့် လမ်းဘေးတွင် ရပ်ထားသော ကားကို တွေ့ခဲ့ရသည်။
မူလတွင် သူတွေးခဲ့သည်မှာ မော့ကျန်းက ပြည်ပခရီးထွက်ခဲ့သဖြင့် ပြန်လာသည်နှင့် သူ့စိတ်အခြေအနေက အလွန် ကောင်းမွန်နေလိမ့်မည် ဟူ၍ပင်။ သို့သော်လည်း ထန်ချန်းက သူ တကယ်ပင် မော့ကျန်းကို ဖြတ်၍ မမြင်နိုင်သေးကြောင်း ထပ်ပြီး ရှာတွေ့လိုက်ရသည်။
သူ့မျက်နှာ အမူအယာက သူ ထွက်သွားတုန်းကထက် ဘာလို့ ပိုရုပ်ဆိုးနေရတာလဲ...
အိမ်အပြန်လမ်းတွင် မော့ကျန်းက စကားမဟခဲ့။ ထန်ချန်းက အချို့ ခေါင်းစဥ်များ သယ်လာရန် ကြိုးစားလိုက်သော်လည်း တုံ့ပြန်ချက် မရှိသည်ကို တွေ့လိုက်ရသောအခါ သူ့ပါးစပ်သူ ပိတ်ထားရန်သာ ဆုံးဖြတ်လိုက်သည်။ ထန်ချန်းက လီဗာကိုသာ ဖိနင်း၍ ထိုဗုဒ္ဓကြီးကိုသာ အိမ်ကို အမြန်ပို့ပေးလိုက်ချင်သည်။
မော့ကျန်းက ခရီးဆောင်အိတ်ကို ဧည့်ခန်းထဲသို့ သယ်လာခဲ့သည့်အချိန်တွင် ဆိုဖာပေါ်တွင် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ယောက် ရှိနေသသည်ကို တွေ့လိုက်ရသည်။ ဆိုဖာပေါ်တွင် မျက်စိတင်းတင်းပိတ်ကာ လဲလျောင်းနေသော ထိုလူကို ကြည့်၍ မော့ကျန်း၏ မျက်လုံးများ အံ့သြမှုတို့ဖြင့် ခုန်ပေါက်သွားရသည်။
"ဆရာ... ဘယ်လို ဝင်လာခဲ့တာလဲ"
သူ ကန်စီနီဗီလာရဲ့ လုံခြုံရေး စနစ်ကို တိုင်ကြားသင့်ပြီလား...
ဆရာသခင်မှာ သူပြောသည်ကို ကြားလိုက်ရသောအခါ မျက်လုံးကို ဖွင့်၍ မော့ကျန်းကို စိုက်ကြည့်လာပြီး ထထိုင်ကာ ပြောလိုက်သည်။
"မင်းရဲ့ သရဲလေးကို အိမ်ပြန်ပို့ပေးမလို့"
ဆရာသခင်၏ အသံကို ကြားလိုက်ရသည်ကြောင့်လည်း ဖြစ်နိုင်သည်။ အားယောင်က အဆုံးတွင် မြီးကွင်းလက်စွပ်ထဲမှ ထွက်လာခဲ့လေသည်။
"ဆရာသခင်... အချိန်က အရမ်း မစောလွန်းဘူးလား"
ထိုသူက ခေါင်းငုံ့ကာ ခပ်သောသော ရယ်မောလိုက်ပြီး သူ့ခေါင်း ပြန်မော့လာသည်နှင့် သူ့မျက်လုံးများက ကြည်လင်နေခဲ့လေသည်။
"အချိန်ကျပြီ" သူက အားယောင်၏ လက်ကောက်ဝတ်မှ လက်ကောက်ကို ယူလိုက်ကာ သူ့လက်ထဲတွင် ထည့်ထားလိုက်သည်။
"မင်းမျက်လုံးတွေကို မှိတ်ထား... ငါမပြောမချင်း မဖွင့်နဲ့"
အားယောင်နှင့် မော့ကျန်းတို့က တစ်ခဏမျှ အနည်းငယ် အံအားသင့်သွားကြသည်။ သူတို့မကြာခင် ခွဲခွာကြရမည်ဟု သတိပြုမိခဲ့ကြသော်လည်း ခွဲခွာမှုက ထိုကဲ့သို့ မြန်မြန် ရောက်လာမည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ကြပေ။
သို့သော်လည်း သူတို့မှာ စျေးဆစ်ရန် အစွမ်းမသာပါချေ။
"ကျန်းကျန်း" အားယောင်က မော့ကျန်းကို ကြည့်နေခဲ့ပြီး သူမ၏ မျက်လုံးများက အနည်းငယ် စိုစွတ်နေခဲ့သလိုပင်။
"ကျွန်မ မရှိတော့ရင်လည်း... ရှင် ကောင်းကောင်း စားရမယ်နော်...မဟုတ်ရင် ရှင့်အစာအိမ် ပြန်နာလာလိမ့်မယ်"
"အင်း"
"ထန်ချန်းကိုလည်း အမြဲတမ်း အနိုင်ကျင့်မနေနဲ့... သူက ရှင့်ကို အရမ်း ဂရုစိုက်တာ"
"အင်း"
"အဝါရောင် ဝက်ဘ်ဆိုက်တွေကိုလည်း ခဏခဏမသွားနဲ့... စျေးဝယ်တာလည်း လျှော့... အဲ့ဒါတွေက ရှင့်ခန္ဓါကိုယ်အတွက် မကောင်းဘူး"
"..."
"ကျွန်မ ရှင့်ကို သတိရနေမှာ"
မော့ကျန်းက နှုတ်ခမ်းကို ကိုက်၍ အချိန်အတော်ကြာ တုန့်ဆိုင်းနေပြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည်။
"ငါလည်း မင်းကို သတိရနေမှာပါ"
အဝါရောင် အင်းစာရွက်လေးက ဆရာသခင်၏ လက်ထဲတွင် လောင်ကျွမ်းသွားပြီး အားယောင်က ခေါင်းလှည့်ကာ မီးတောက်များ အလယ်တွင် မျက်လုံးမှိတ်ထားလိုက်သည်။ မော့ကျန်းက အားယောင်၏ ခန္ဓါကိုယ် ပို၍ ထွင်းဖောက်မြင်လာရသည်ကို ကြည့်နေခဲ့ပြီး အဝါရောင် အင်းစာရွက် လောင်ကျွမ်းသွားသည်နှင့် အားယောင်၏ ခန္ဓါကိုယ်က နေရာမှာပင် ချက်ချင်း ပျောက်ကွယ်သွားတော့သည်။
Xxxx