Chapter 43
သူ ဗီလာထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော်လည်း မော့ကျန်း ပထမဆုံး အနေဖြင့် ၎င်းက အနည်းငယ် လစ်ဟာနေသည်ဟု ခံစားလိုက်ရသည်။
"ငိုချင်ရင် ငိုချလိုက်လေ... ငါမမြင်ချင်ယောင် ဆောင်ပေးထားမယ်" ဆရာသခင်က မော့ကျန်း၏ ပုခုံးကို အလေးအနက် ပုတ်ပေးလိုက်သည်။
မော့ကျန်း: "..."
သူ အားယောင် အခုလေးတင် ပျောက်ကွယ်သွားခဲ့သည့် နေရာကို ကြည့်ကာ သူ့အသံက တိုးဖျနေခဲ့သည်။
"သူ ပြန်သွားပြီလား"
"အင်း" ဆရာသခင်က ခေါင်းမော့ကာအပြင်ဘက်မှ မှုန်မှိုင်းနေသော ကောင်းကင်ကို ကြည့်၍ ခပ်ရေးရေး အတည်ပြုလိုက်သည်။
"ဪ" မော့ကျန်းက ရုတ်တရက် ဘာပြောရမည်မှန်း မသိတော့ဘဲ နေရာမှာပင် အေးခဲ့လျက်နေရုံသာ နေနိုင်ခဲ့သည်။ ဆရာသခင်က ခေါင်းကို လှည့်၍ ကြည့်လာခဲ့သည်။
"အားလုံးကို... အိမ်မက်လိုပဲ သဘောထားလိုက်ပေါ့"
"အိမ်မက်တစ်ခုတဲ့လား"
မော့ကျန်း၏ နှုတ်ခမ်းက အပြုံးတစ်ခုသဖွယ် ပြောင်းလဲသွားလေသည်။ အရာအားလုံးက အိမ်မက်တစ်ခုပဲ ဖြစ်ခဲ့ရင်တောင် ကမ္ဘာပေါ်က အလှပဆုံးသော အိမ်မက်တွေထဲက တစ်ခု ဖြစ်မှာပါပဲ...
လီယန် နိုးလာသောအခါ ပြတင်းပေါက် အပြင်ဘက်ရှိ ကောင်းကင်ကြီးက မှောင်မဲ၍ နေလေပြီ။
သူမက မျက်လုံးများကို အနည်းငယ် ဖွင့်ကြည့်လိုက်သည်။ သူမ၏ အမြင်အာရုံက ဆက်ပြီး မှုန်ဝါးဝါး ဖြစ်မတော့ဘဲ သူမ၏ ဘေးပတ်ဝန်းကျင်မှ အရာများကို ရှင်းရှင်းလင်းလင်း မြင်နိုင်လာသည်။
အဖြူရောင်မျက်နှာနံရံများ၊ အဖြူရောင် အလင်းများနှင့် အဖြူရောင် ခန်းစီးစ...
လေထုထဲတွင် ဆေးရုံတိုင်း၏ အတုမရှိ ရနံ့ဖြစ်သော ပိုးသတ်ဆေး အနံ့ရနေလေသည်။
ချန်းချင်းယန်က သူမ၏ အိပ်ရာနံဘေးတွင် ထိုင်ကာ ဝတ္ထုတစ်ပုဒ် ဖတ်နေခဲ့သည်။ လီယန်၏ အဘိုးက အခုလေးတင်မှ ထွက်သွားခဲ့ခြင်း ဖြစ်ပေသည်။ လီယန်၏ ခန့်မှန်းမရနိုင်သော အခြေအနေများက သူ့ကို လွန်ခဲ့သော လများအတွင်း များစွာ အရွယ်ကျသွားစေခဲ့သည်။
“အဟွတ်... အဟွတ်... အဟွတ်... ရှန်ပူ"
လီယန်၏ အသံက အလွန်ဖျော့တော့နေလေသည်။ ၎င်းက အချိန်အတော်ကြာ မိုးခေါင်ခြင်းကို ကြုံတွေ့လာရသည့် သဲကန္တာရ တစ်ခုကဲ့သို့ပင် အတော်လေး ခြောက်ကပ်သဖြင့် အနည်းငယ် ထုံထိုင်းနေသည်ကိုလည်း ခံစားရသည်။ အနည်းငယ် တိုက်မိရုံမျှပင် မီးပွင့်မတတ် ဖြစ်နေလေသည်။
စာအုပ်ကို ကိုင်ထားသော ချန်းချင်းယန်၏ လက်များ အေးခဲသွားလေသည်။ သူမ အခုလေးတင် တလီရဲ့ အသံကို ကြားလိုက်သလားလို့...
ချန်းချင်းယန်က မသိစိတ်အရ တံတွေးမျိုချမိသွားပြီး စိတ်လှုပ်ရှားစွာ မော့ကြည့်လိုက်သည်။ လီယန်၏ ကြီးမားသော မျက်လုံးနက်နက်များက ပုတ်ခပ်ပုတ်ခပ်လုပ်ကာ သူမကို စိုက်ကြည့်နေခဲ့လေသည်။
ချန်းချင်းယန် လက်ထဲမှ စာအုပ်က မြေပြင်ပေါ်သို့ "ဒေါက်" ဟူသော အသံဖြင့် ပြုတ်ကျသွားခဲ့ပြီး သူမက လီယန်၏ လက်မောင်းများထဲသို့ ပြေးဝင်သွားတော့မတတ်ပင်။
"တလီ နင်နိုးလာပြီလား... ဒါမှမဟုတ် ငါ အိမ်မက်မက်နေတာ များလား"
“အဟွတ်… ” လီယန်က အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီး သူမ၏ အသံက ယခင်ကထက်ပင် ပိုအားနည်းနေခဲ့သည်။
"ငါ ရေသောက်ချင်တယ်"
“ရေ...ရေ” ချန်းချင်းယန်က မတ်တပ်ရပ်ကာ ချက်ချင်းပင် ရေသွားယူရန် အလျင်စလို လုပ်လိုက်သည်။
"မဟုတ်ဘူး... မဟုတ်သေးဘူး... ငါတို့ ဒေါက်တာကို အရင်ရှာရမယ်... ဒေါက်တာဖန်"
ချန်းချင်းယန် ဒေါက်တာကို သွားရှာသောအခါ လူနာခန်းထဲမှ လေများပင် သူမနှင့် အတူ လိုက်သွားကြဟန် တူသည်။
လီယန် “…”
ဒေါက်တာဖန်က ခပ်မြန်မြန် ရောက်ရှိလာပြီး သူနှင့်အတူ အဖြူရောင် ကုတ်များ ဝတ်ထားသည့် သူနာပြုများ ခေါ်လာခဲ့သည်။ စစ်ဆေးမှု အတွဲလိုက် လုပ်ပြီးသွားသောအခါ ဒေါက်တာက အဆုံးတွင် စိတ်သက်သာရာ ရသွားပြီး ချန်းချင်းယန်ကို ပြောလာခဲ့သည်။
"လူနာက အခု နိုးလာပြီးတော့ ငါတို့တွေလည်း ရုပ်ပိုင်းဆိုင်ရာ အသေးစိတ် စစ်ဆေးမှုတွေ လုပ်ပေးပြီးသွားပြီ... မင်း သူ့ရဲ့ မိသားစုကို မြန်မြန် အကြောင်းကြားသင့်တယ်"
အာ... မိသားစုကို အသိပေးရအုံးမှာပဲ...
ချန်းချင်းယန်က ကော်ရစ်ဒါဆီသို့ သွားကာ ဖုန်းကို ထုတ်ယူလိုက်သည်။
"ရှန်း ရှန်း ရှန်း ရှန်းကုန်းဇီ... တလီ နိုးလာပြီ" ဖုန်းအဆက်အသွယ် ရသွားသည်နှင့် ချက်ချင်းပင် ချန်းချင်းယန်က ဖုန်းတစ်ဖက်ကို ပြင်းပြနေသော အမူအယာဖြင့် အော်ပြောလိုက်သည်။
ဖုန်းတစ်ဖက်မှ လူမှာ တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖုန်းကျသွားလေတော့သည်။
ချန်းချင်းယန်: “…”
သူမက ပွင့်ဟနေသော ကော်ရစ်ဒါတွင် တစ်ယောက်တည်း မတ်တပ်ရပ်နေခဲ့သဖြင့် ရုတ်တရက် အနည်းငယ် ချမ်းစိမ့်စိမ့် ဖြစ်လာသလိုပင် ခံစားလိုက်ရသည်။
လီယန်၏ မိသားစုကို အကြောင်းကြားပြီးနောက် ချန်းချင်းယန်က အဆုံးတွင် သူမက လီယန်ကို ရေတိုက်ရန် ရည်ရွယ်ခဲ့သည်ကို သတိရသွားတော့သည်။
သူမ လီယန်၏ လူနာခန်းထဲသို့ နောက်တစ်ကြိမ် ပြန်ဝင်သွားသောအခါ လီယန်က အဖြူရောင် မျက်နှာကျက်ကို မလှုပ်မယှက် စိုက်ကြည့်နေခဲ့လေသည်။ ချန်းချင်းယန်၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး သူမက လီယန်၏ ဘေးသို့ လျှောက်သွားလိုက်သည်။
"နင် ဆေးရုံမှာ ဒီလိုကြီး နေနေရင် နင့်ကို အလောင်းကောင်ကြီးလို့ အထင်ခံရလိမ့်မယ်"
လီယန်: "..."
သူမက မျက်နှာကျက်ကိုသာ ဆက်ပြီး စိုက်ကြည့်နေလေသည်။
ချန်းချင်းယန်က သူမကို ရေနွေး တစ်ခွက် ပေးလိုက်ပြီး ၎င်းကို သူမ၏ နှုတ်ခမ်းသို့ တွန်းပို့ပေးလာသဖြင့် လီယန်မှာ ဆက်ပြီး ဆန္ဒမပြနိုင်တော့ပေ။
" ရှန်ပူ... ငါ ဘာဖြစ်သွားတာလဲ"
ချင်းချင်းယန်က ခွက်ကို ချကာ သူမဘက်ကို လှည့်၍ စိုက်ကြည့်လိုက်သည်။
"နင့်မှာ မေးဖို့ သတ္တိ ရှိသေးတယ်လား... ပြောစမ်းပါဦး... နင့်အသက်က ဘယ်လောက် ရှိပြီမို့လဲ... ဒီအသက်အရွယ်မှာတောင် လှေကားပေါ်ကနေ လိမ့်ကျရသေးတယ်"
လီယန်က မျက်ခုံးပင့်မိသွားသည်။ မှန်ပေသည်။ သူမ လှေကားပေါ်က လိမ့်ကျသွားခဲ့ပါ၏။ သို့သော်ငြား...
သူမက ချန်းချင်းယန်ကို ကြည့်ရင်း သူမ၏ ခေါင်းပင် အနည်းငယ် နာကျင်လာရသလို ခံစားလိုက်ရသည်။
"ငါဘယ်လောက်တောင် အိပ်ပျော်သွားခဲ့တာလဲ"
"နှစ်တစ်ဝက်လောက်ဟဲ့... အပျင်းမရဲ့"
လီယန်က ပါးစပ်ဖွင့်ကာ စကားဆိုမည် အပြုတွင် လူနာခန်း၏ တံခါးက အားပြင်းပြင်းဖြင့် အကြမ်းပတမ်း တွန်းဖွင့်ခံလိုက်ရသည်။ ထိုအသံက လီယန်ကိုပင် ထခုန်သွားလုနီးပါး သက်ရောက်သွားခဲ့သည်။
ရှန်းယွမ်ဇယ်က အခန်းထဲသို့ ပြေးဝင်လာသည်။ ထိုသူ၏ အသွင်အပြင် တစ်ခုလုံးက သူ ဆေးရုံသို့ လာသည့် လမ်းတလျှောက် ပြေးလာရသကဲ့သို့ ဖြစ်နေခဲ့သည်။ ချန်းချင်းယန် မေးလိုက်မိသည်။
"ရှန်းယွမ်ဇယ်... ဘာလို့ အရမ်း မြန်မြန်ကြီး ရောက်ချလာရတာလဲ"
သူမ ဖုန်းခေါ်ပြီးသွားသည်နှင့် ဆယ်မိနစ်ပင် မကြာမြင့်သေးပေ။
ရှန်းယွမ်ဇယ်က ဆေးရုံသို့ ရောက်လာရန်အတွက် မီးနီမည်မျှပင် ဖြတ်လာခဲ့ရသည်ကို မသိချင်တော့ပေ။ သို့သော်လည်း သူ လီယန်၏ မျက်လုံးကြည်ကြည်လေးများကို တွေ့လိုက်ရချိန်၌ အနားမနေနိုင်သော သူ့နှလုံးသားက ချက်ချင်းပင် ငြိမ်ကျသွားခဲ့သည်။
“ယန်ယန်..." ရှန်းယွမ်ဇယ်က လီယန်၏ နံဘေးသို့သွားကာ လီယန်၏ နဖူးပေါ်မှ ဆံနွယ်လေးကို သပ်တင်ပေးလိုက်သည်
"နောက်ဆုံးတော့ မင်းနိုးလာပြီ"
..........
ကန်စီနီ ဗီလာတွင် မော့ကျန်းက ခရီးတွင် သူရိုက်ခဲ့သော ဓါတ်ပုံများကို ပြန်ကြည့်နေခဲ့သည်။ သူက လေယာဥ်ပေါ်တွင် ကြာမြင့်စွာ ထိုင်ခဲ့ရသဖြင့် ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေသော်လည်း အနည်းဆုံးတော့ အိပ်ချင်စိတ် မဖြစ်မိပေ။
မော့ကျန်းက ပုံများမှာ စုစုပေါင်း ဒါဇင်ထက်ကျော်သည့် ဖိုင်တွဲများအထိ ရှိနေသည်ကို တွေ့လိုက်ရချိန်၌ အံ့အားသင့်သွားခဲ့သည်။ သူ ခရီးတွင် ရှိနေစဥ်က ပုံများစွာ ရိုက်ကူးမိသည်ကို သတိမရတော့ပေ။ ပုံများထဲမှ ရှုခင်းတို့ကို တွေ့လိုက်ရသောအခါ ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့ပြီး ထိုအချိန်က အားယောင် မည်သည်ကို ပြောခဲ့ပြီး မည်သည့်အရာ လုပ်ခဲ့သည်ကိုပင် ပြန်လည် သတိရလာခဲ့သည်။
မော့ကျန်း၏ မျက်နှာအမူအယာက အလွန် တည်ငြိမ်နေပြီး သူ့ကိုယ်ပိုင် ခရီးစဥ်အစား အခြားသူ၏ ခရီစဥ်အား ဖတ်နေရသကဲ့သို့ပင်။ ၎င်းက သူနှင့် အားယောင်တို့ အတူတကွ ရိုက်ကူးထားခဲ့ကြသည့် ပုံတစ်ပုံကို ချော်၍ ကြည့်မိသွားသည်အထိ ဖြစ်ပြီး မောစ့်ပေါ်မှ သူ့လက်ချောင်း ရပ်သွားကာ နေရာမှာပင် အေးခဲသွားခဲ့လေသည်။
ဒီပုံ.... သူ နောက်ဆုံးတစ်ကြိမ် ထိုပုံကို ကြည့်မိချိန်၌ ပုံထဲတွင် သူတစ်ယောက်သာ ရှိနေခဲ့သော်လည်း ယခုတွင်မူ နှစ်ယောက် ဖြစ်နေလေပြီ။
ထိုသူက သူ့ခေါင်းကို နီးနီးကပ်ကပ် တွယ်ကပ်နေရင်း ကင်မရာကို ရူးကြောင်ကြောင် ပြုံးပြနေခဲ့လေသည်။
သူမ၏ မျက်နှာ အစိတ်အပိုင်းများ၊ သူမ၏ နှုတ်ခမ်းလေး၊ သူမ၏ အမူအယာတိုင်း... သူ ၎င်းတို့နှင့် လွန်စွာ ရင်းနှီးနေပါ၏။
ထိုသူက အားယောင်ပင်။
ရုတ်တရက် သဘောပေါက်သွားမှုတစ်ခုက မော့ကျန်းဆီ ကပ်တွယ်လာခဲ့ပြီး သူက ဓါတ်ပုံမှ မြန်မြန် ထွက်ကာ ကျန်နေသေးသည့် အခြားပုံများကိုလည်း ကြည့်လိုက်သည်။
သေချာပေါက်ပင် သူ အားယောင်ကို ရိုက်ထားခဲ့သော ပုံများ အားလုံးမှာ ယခုတွင် အားယောင်၏ ပုံရိပ်လေးကို ရိုက်ကူးထားမိနေသည်။ ကြောင်လေးကို စနေပုံ၊ ပန်းလေးတွေကို သဘောကျနေပုံ၊ မိုးပျံပူဖောင်းကို ကိုင်ထားတဲ့ပုံ၊ ပြုံးနေပုံ၊ မျက်မှောင်ကြုံ့နေတဲ့ပုံနဲ့ သူမရဲ့ အရှက်မရှိ ပြုမူနေတဲ့ ပုံတွေတောင် ပါလိုက်သေး...
ဓါတ်ပုံတိုင်းတွင် သူမ၏ ပုံရိပ်ကို ရှင်းရှင်းလင်းလင်း ရိုက်ကူးမိထားခဲ့သည်။
မော့ကျန်းက ကွန်ပြူတာကို မမှိတ်မသုန် ကြည့်နေခဲ့သည်။ ကြည့်ရသည်မှာ လူတစ်ယောက်တည်းကသာ ထိုအခြေအနေများကို သူ့အား ရှင်းပြပေးနိုင်ပုံ ရလေသည်။
မော့ကျန်းက စားပွဲပေါ်မှ ဖုန်းကို ကောက်ယူ၍ ဆရာသခင်၏ ဖုန်းနံပါတ်ကို တိုက်ရိုက်သာ ခေါ်လိုက်သည်။ မထင်မှတ်ထားစွာပင် ဖုန်းက အသံမေးလ်ဆီ တိုက်ရိုက်ဖြတ်မသွားဘဲ ထိုအစား အောင်အောင်မြင်မြင် ချိတ်ဆက်နိုင်သွားလေသည်။
“ဘာဖြစ်လို့လဲ”ဆရာသခင်၏ အသံက အိပ်ချင်မူးတူး ဖြစ်နေပြီး အခုလေးတင်မှ အိပ်ရာနိုးလာခဲ့ပုံပင်။
"ဘာလို့ အားယောင်ရဲ့ပုံက ဓါတ်ပုံတွေထဲ ပေါ်နေရတာလဲ" မော့ကျန်းက လေးလေးပင်ပင် မေးလိုက်သည်။ ဆရာသခင်က တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အဆုံးတွင် မော့ကျန်း မေးချင်သည့် အကြောင်းအား နားလည်သွားခဲ့သည်။
"သူ ပုံထဲမှာ လက်ကောက်ကို ဝတ်ထားခဲ့ရင် သူ့ဝိဥာဏ် ခန္ဓါကိုယ်ထဲ ပြန်ရောက်သွားတာနဲ့ သူ့ပုံတွေ ဓါတ်ပုံထဲ ပေါ်လာလိမ့်မယ်လို့ ငါမင်းကို မပြောခဲ့ဖူးတာလား"
မော့ကျန်း: “…”
ခင်ဗျား မပြောခဲ့ပါဘူး...
သူ စကားပြောရန် ပါးစပ်ဟလိုက်ချိန်တွင် အခြား ဖုန်းကောလ်တစ်ခု ဝင်လာခဲ့သည်။ ခေါ်ဆိုသူကို ကြည့်လိုက်သောအခါ ရှန်းယွမ်ဇယ် ဖြစ်နေခဲ့သည်။
မည်သည့် အကြောင်းအရင်းမှန်း မသိရသော်လည်း မော့ကျန်း ယခု မြင်ချင်နေခဲ့သည့် နောက်ဆုံးသောအရာမှာ ထိုစကားလုံး နှစ်လုံးသာ ဖြစ်သည်။
သို့သော်လည်း သူက ဆရာသခင်၏ ဖုန်းကို ချကာ ရှန်းယွမ်ဇယ်၏ ဖုန်းကို ပြန်ဖြေလိုက်သည်။
"ဘာဖြစ်လို့လဲ" သူက ထိုစကားလုံးများကို ဆရာသခင် သူ့ကို ပြန်ဖြေလာသည့် နည်းလမ်းအတိုင်း အတုယူကာ စက်မှ ဖြေသည့်အလား ပြန်ဖြေလိုက်သည်။
“မော့ကျန်း သူနိုးလာပြီ" ၎င်းတို့က စကားလုံး ခပ်တိုတို ငါးလုံးသာ ဖြစ်သော်လည်း ဖုန်းထဲမှာပင် ဖြစ်နေစေကာမူ မော့ကျန်းမှာ ရှန်းယွမ်ဇယ်၏ အသံများထဲမှ ရယ်သံများ ပါဝင်နေသည်ကို ပြောနိုင်ပေသည်။
“ဘယ်သူနိုးလာတာ...”
“လီယန်”
လီယန် နိုးလာပြီ။
မော့ကျန်းက ပုံများထဲမှ ထွက်ကာ ကွန်ပြူတာကို ပိတ်လိုက်ပြီးနောက် ဆိုဖာပေါ်တွင် လဲလျောင်း၍ ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်"
ရှန်းယွမ်ဇယ်က သူ ပြန်ဖြေသည့်အသံကို ကြားလိုက်ရသောအခါ မေးလာခဲ့သည်။
"မင်းစိတ်မကြည်ဘူးလား"
“မဟုတ်ပါဘူး... ခရီးက ပြန်လာလို့ နည်းနည်း ပင်ပန်းနေတာ"
“ဪ” ရှန်းယွမ်ဇယ်က ဆိုလာသည်။ "ဒါဆို ဒီနေ့ စောစော နားလိုက်တော့... နောက်ရက် နည်းနည်းလောက် ကြာရင် ညစာ အတူတူ စားရအောင်"
မော့ကျန်းက တိတ်တဆိတ် ပြုံးလိုက်မိသည်။ သူက ထိုသူ၏ ကမ်းလှမ်းမှုကို ပြန်မဖြေခဲ့ဘဲ ထိုအစား ပြန်မေးလိုက်သည်။
"သူ လှေကားပေါ်က ဘယ်လို ကျလာတာလဲ မင်း သိလား"
သူက သေလူများ၏ ဝိဥာဏ်ကိုသာ မြင်နိုင်ရသည့် အချက်ကို မေ့မထားခဲ့ပါချေ။ အားယောင်က လှေကားမှ ပြုတ်ကျလာခဲ့သည်။ ထိုမတော်တဆမှုက ထိုမျှလောက်ထိ ရိုးရှင်းမနေပေ။
ရှန်းယွမ်ဇယ်က တစ်ခဏမျှ အေးခဲသွားပြီးနောက် ပြန်ဖြေလာခဲ့သည်။ "ရှောင်ရှောင်ပြောတာ သူ ပြေးနေရင်း မတော်တဆ လိမ့်ကျသွားတာတဲ့"
“ရှောင်ရှောင်”
“လီရှောင်လေ... လီယန်ရဲ့ ဝမ်းကွဲ... လီယန် ဘွဲ့ယူတဲ့ နေ့တုန်းက သူတို့အပြင်ထွက်ပြီး ကစားကြတာကို သူလည်း လိုက်သွားတယ်လေ... ဒါပေမယ့် အဲ့ညတုန်းက ယန်ယန်က အသောက်များပြီး မူးသွားလို့ လှေကားပေါ်ကနေ လိမ့်ကျသွားရတာ"
မော့ကျန်းက မျက်မှောင်ကြုံ့မိသွားသည်။ ရှန်းယွမ်ဇယ် သူမကို ယန်ယန်ဟု ခေါ်လိုက်သည်အား ကြားသောအခါ သူ့နှလုံးသားက အနည်းငယ် မသက်မသာ ဖြစ်သွားရသည်။
“အင်း... သူနိုးလာပြီဆိုတော့ သူ့ကို ဂရုစိုက်ပေးလိုက်ပေါ့... ငါ အရင် အိပ်နှင့်တော့မယ်"
မော့ကျန်း၏ စိတ်အခြေအနေက ကသိကအောက် ဖြစ်နေပြီး စကားဆုံးသည်နှင့် ဖုန်းကို ချပစ်လိုက်သည်။
တစ်ဖက်မှ ဖုန်းချသွားသံကို ကြားသည်နှင့် ရှန်းယွမ်ဇယ် အော်ဟစ်၍ ဆန္ဒပြချင်သွားပြီး မျက်မှောင်ကြုံ့လိုက်မိသည်။ မော့ကျန်းသာ မပြောလာခဲ့ပါက သူ ဘယ်တော့မှ သတိထားမိမည် မဟုတ်ပေ။ သို့သော် ယခုတွင်မူ သူ ထိုမတော်တဆမှုနှင့် ပတ်သက်၍ တစ်ခုခု ထူးဆန်းနေကြောင်း မတတ်နိုင်ဘဲ တွေးမိသွားခဲ့သည်။
လီယန်က အရက်သောက်ခဲသော်လည်း သူမ၏ လီမိသားစု တစ်ခုလုံးက အယ်လ်ကိုဟော ခံနိုင်ရည်က အလွန် ကောင်းလှသည်။ သူမက ဘီယာခွက် နည်းနည်းပဲ သောက်ခဲ့တာကို လီယန်က ဘယ်လိုလုပ် ခြေချော်ပြီး လှေကားပေါ်က လဲကျသွားရတာလဲ...
သူက လူများ ပြည့်နေသော အတော်အသင့် ကျယ်ဝန်းသည့် လူနာခန်းကို ကြည့်လိုက်သောအခါ မားမားလီက ငိုကြွေးရင်းဖြင့် လီယန်၏ လက်ကို ကိုင်ထားကာ ပါးပါးလီ၏ မျက်လုံးများသည်ပင် အနည်းငယ် နီရဲနေခဲ့သည်။ လီရှောင်နှင့် ချန်းချင်းယန်က အပြင်ဘက်တွင် ရပ်လျက် သူတို့ကို ကြည့်နေခဲ့ပြီး သူ့အတွေးများကို ပြန်အမှတ်ရသည်နှင့် လီရှောင်၏ မျက်နှာ အမူအယာကို ကြည့်လိုက်မိသည်။
သူမ၏ မျက်နှာက အနည်းငယ် ဖျော့တော့နေပြီး သူမ၏ မျက်လုံးများထဲမှ အထိတ်တလန့် ဖြစ်နေသော ခံစားချက်ကို ခပ်ရေးရေး ထုတ်ဖော်ပြသနေသည်။
ဒေါက်တာဖန်က သူမဘေးတွင်ရပ်ကာ လူနာဆောင်ထဲတွင် လူများ ရှုပ်နေသည်အား ဆက်ပြီး သည်းမခံနိုင်တော့ဘဲ လူတိုင်းကို နှင်ထုတ်၍ လူနာအား အေးအေးချမ်းချမ်း အနားယူစေလိုက်သည်။ လီရှောင်က နေရာမှာပင် ရပ်နေပြီး လီယန်ကို ပြန်လှည့်ကြည့်နေသဖြင့် ချန်းချင်းယန်က ဆွဲခေါ်လာခဲ့ရသည်။
၎င်းက ပိုပို၍ပင် သံသယ ဖြစ်ဖွယ်ကောင်းနေလေည်။
ဒါပေမယ့် သူမက ဘာလို့ လိမ်ပြောမှာလဲ... လီယန်ရဲ့ ဝမ်းကွဲတွေနဲ့ ဆွေမျိုးတွေ အားလုံးထဲမှာ သူမနဲ့ လီယန်က အရင်းနှီးဆုံးပဲလေ... ဒါကြောင့်မို့ သူမကို လီယန်ရဲ့ ဘွဲ့ရ ဂုဏ်ပြုညစာစားပွဲကိုတောင် ဖိတ်ခဲ့သေးတာ...
Xxxx