အပိုင်း ၄၄
Viewers 10k

Chapter 44


မှတ်ဥာဏ်


ရှန်းယွမ်ဇယ်က အဖြေထုတ်နေစဥ်မှာပင် လူတိုင်းက မားမားလီကသာ လီယန်ကို စောင့်ရှောက်ရန် ဆေးရုံတွင် နေခဲ့မည် ဖြစ်ပြီး လူတိုင်းက အိမ်ပြန်ကြမည်ဟု ဆုံးဖြတ်လိုက်သည်။ ရှန်းယွမ်ဇယ်က ဆေးရုံမှာပင် နေခဲ့လိုသော်လည်း ချန်းချင်းယန်ကို အိမ်ပြန်လိုက်ပို့ပေးရန် တာဝန်ကျသွားသဖြင့် လက်လျှော့လိုက်ရသည်။


လမ်းပေါ်တွင် ချန်းချင်းယန်၏ စိတ်အခြေအနေက အလွန် ကောင်းနေခဲ့ပြီး သူမက ခေါင်းထဲတွင် Goremeသို့ ခရီးထွက်ရန်ပင် အစီအစဥ်ချနေခဲ့သည်။


အိုး... ဟုတ်သား... သူမ တလီကို ဒီအကြောင်းပြောဖို့ မေ့သွားတာပဲ... မနက်ဖြန် တလီကို ပြောလိုက်ရင် သေချာပေါက် အရမ်း စိတ်လှုပ်ရှားသွားမှာ...


"ချင်းယန်" ရှန်းယွမ်ဇယ်၏ အေးစက်စက် အသံက ချန်းချင်းယန်ကို ခုန်ပေါက်သွားစေသည်။ သူမက ရှန်းယွမ်ဇယ်ကို မကျေမချမ်း ကြည့်လိုက်သည်။


 "ကျွန်မကို ချင်းယန်လို့ မခေါ်နဲ့"


ရှန်းယွမ်ဇယ်က သူ့မျက်ခုံးများကို ပင့်လိုက်သည်။ "ဒါဆို ယန်ယန် ခေါ်သလို ရှန်ပူလို့ ခေါ်ရမှာလား"


ဒါက ပိုတောင် ဆိုးသေးတယ်...


“ကျွန်မရဲ့ အင်္ဂလိပ် နာမည်ကို ခေါ်လို့ရတယ်"


"ရှန်ပူလား"


ချန်းချင်းယန်: “…”


ရှန်ူးယွမ်ဇယ်က ပြုံးကာ စကားလမ်းကြောင်း လွဲလိုက်သည်။ "မင်းတို့ ဘွဲ့ရတဲ့ညက ဘာတွေ ဖြစ်ခဲ့လဲ ဆိုတာကို မှတ်မိသေလား"


“ဘာဖြစ်လို့လဲ” ချန်းချင်းယန်က ခေါင်းလှည့်လိုက်ပြီး ရှန်းယွမ်ဇယ်ကို မကြည့်ချင်ခဲ့ပေ။ 


“ငါ အမြဲတမ်း ယန်ယန် ခွက်နည်းနည်းလောက်ပဲ သောက်ပြီးတော့ လှေကားပေါ်ကနေ မတော်မဆလိမ့်ကျ သွားတာ မဖြစ်နိုင်လောက်ဘူးလို့ ခံစားနေရတာ"


ချန်းချင်းယန်က မျက်မှောင်ကြုတ်ကာ အလေးအနက် ပြန်ဖြေလိုက်သည်။ 


"အဲ့ညက ကျွန်မတို့ ကာရာအိုကေ ဆိုပြီးသွားတော့ ဘာဘီကျူး စားခဲ့ကြသေးတယ်... ကျွန်မတို့ အားလုံး တော်တော်လေး သောက်ဖြစ်ခဲ့ကြတာ... ဒါပေမယ့် ရှင်သိလား... လီယန်က သောက်လေ့သောက်ထ မရှိပေမယ့် သူက အယ်လ်ကိုဟော ခံနိုင်ရည်မြင့်တယ်... ကျွန်မတို့ရဲ့ အိပ်ဆောင်ထဲမှာ ဘယ်သူမှ သူ့ထက်ပိုမသောက်နိုင်ကြဘူး" 


ချန်းချင်းယန်က ဖြည်းဖြည်းချင်း စဥ်းစားနေခဲ့သည်။ "အဲ့နေ့က တလီက သုံးခွက်ပဲ သောက်ခဲ့တာ... တစ်ခွက်စီကလည်း မများဘူး... ပေါင်းလိုက်ရင် တစ်ပုလင်းတောင် မရှိလောက်ဘူး.... သူက သောက်ထားပြီးတာတောင် မမူးသွားသေးဘူး... ကျွန်မတို့ကို အိမ်ပြန်ဖို့ တက္ကစီ ခေါ်ပေးတာ သူပဲလေ"


“ပြီးတော့ ဘာဖြစ်သွားတာလဲ... သူနဲ့ လီရှောင် အိမ်ကို အတူတူ ပြန်သွားကြတာလား"


“အင်း... ကျွန်မ မှတ်မိတာ သူတို့တွေ အိမ်ကို လမ်းလျှောက် ပြန်သွားကြတာပဲ... လေတိုက်နေတာမို့လို့ အမူးတောင် ပြေသွားသေးတယ်လို့ ပြောနေကြသေးတယ်... ဒါကြောင့်မို့ အစကတည်းက သူတို့ လှေကားထစ်တွေကို ဆင်းသွားကြတာ" ထိုလှေကားထစ်များပေါ်ကပင် လီယန် ပြုတ်ကျသွားခဲ့ခြင်း ဖြစ်သည်။


ရှန်းယွမ်ဇယ်က အသံတစ်ခု ပြုလိုက်ပြီး ရှေ့ကို ကြည့်ကာ ပြန်ဖြေမလာခဲ့ပေ။


ချန်းချင်းယန်က သူ့ကို ကြည့်၍ မေးလိုက်သည်။ "တလီ လှေကားပေါ်က မတော်တဆ လိမ့်ကျကာလို့ မတွေးထားဘူးပေါ့... ဒါက မဖြစ်နိုင်ဘူး... အဲ့တုန်းက သူနဲ့ လီရှောင်ပဲ ရှိတာကို... သူ့ကို တွန်းချကာ လီရှောင်တော့ မဟုတ်လောက်ဘူးမလား" ထိုကဲ့သို့သာ ဖြစ်ခဲ့ပါက ကိစ္စများက ကြီးမားသော အလှည့်အပြောင်းကြီး ဖြစ်သွားရပေမည်။ 


ရှန်းယွမ်ဇယ်က မျက်ခုံးပင့်လိုက်မိသည်။ "မနက်ဖြန် ယန်ယန်ကို မေးကြည့်ရင် သိရမှာပဲ"


........


“ဒါဆို နောက်ထပ် သုံးလေးလလောက် စောင့်ပြီးသွားရင် ရာသီဥတု အေးအေး မအေးအေး... နင့်ခန္ဓါကိုယ် ပြန်ကောင်းလာခါနီးကျ ငါတို့ Goremeကို သွားကြရအောင်" ချန်းချင်းယန်က ကုတင်ဘေးတွင် ရပ်နေပြီး အနီးအနားရှိ ပြတင်းပေါက်မှ တိုက်ခတ်လာသော လေအေးလေးက သူမ၏ ဆံမြိတ်လေးကို ရှေ့နှင့်နောက် မျောလွင့်သွားစေခဲ့လေသည်။


လီယန်က ကုတင်ပေါ်တွင် ထိုင်ကာ လက်မောင်းကို ဆန့်ထုတ်ထားသည်။ ဒေါက်တာက သူမကို ရိုးရှင်းရှင်းရှင်း ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်း လုပ်ရန် သင်ပေးထားခဲ့သည်။ "Goremeလား... ငါတို့ တစ်ခါမှ မရောက်ဖူးသေးဘူးလား"


ချန်းချင်းယန်၏ စိတ်လှုပ်ရှားနေသော အမူအယာက တစ်ခဏမျှ အေးခဲသွားလေသည်။ တလီ နိုးလာသည်မှာ တစ်ပတ်နီးပါး ရှိနေပြီ ဖြစ်ပြီး ဒေါက်တာ၏ တင်ပြချက်အရ သူမ၏ ခန္ဓါကိုယ် လုပ်ဆောင်ချက်များက ပြဿနာ မရှိဟု ပြောနေသော်လည်း မည်သည့်အတွက်ကြောင့် သူမက တလီနှင့် ပတ်သက်ပြီး တစ်ခုခုက အနည်းငယ် လွတ်နေသည်ဟု ခံစားနေရပါလိမ့်...


သူမက ညာလက်ကို ဆန့်ထုတ်ကာ လီယန်၏ နဖူးကို ထိလိုက်သည်။ "တလီ... နင် ဖျားနေတာလား"


“ငါ အိမ်မက်ရှည်ကြီးကနေ အခုလေးတင်မှ နိုးလာသလို အမြဲတမ်း ခံစားနေရတာ" သူမက ပြောသည်။ 


“အိမ်မက်လား” ချန်းချင်းယန်က မျက်တောင်ခတ်ကာ ခုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ 


"နင့် အိမ်မက်ထဲမှာ နင်နဲ့ ဧကရာဇ်မော့ Goremeကို သွားခဲ့တာတဲ့လား"


“ဧကရာဇ်မော့လား" လီယန် မော့ကြည့်လိုက်သောအခါ ပြတင်း အပြင်ရှိ နေရောင်ခြည်က သူမ၏ မျက်လုံးနက်လေး တစ်စုံကို ဝင်းလက်သွားစေခဲ့သည်။


“မော့ကျန်းက Goremeကို သွားခဲ့တာ သိပ်မကြာသေးဘူး... သူက မိုးပျံပူဖောင်းတွေတောင် စီးခဲ့သေးတယ်"


လီယန်၏ မျက်ခုံးများ စုကြုတ်သွားခဲ့သည်။ သူမက ချန်းချင်းယန် မကြာခဏ ပြောခဲ့ဖူးသဖြင့် ထိုမော့ကျန်းဟူသော နာမည်ကို မှတ်မိနေသည်။ ထိုသူက ခိုက်ဟွမ်း၏ အနုပညာရှင်ဟု ဆိုကြပြီး Aမြို့တွင်သာမက နိုင်ငံ တစ်ခုလုံးမှာပင် အတော်အတန်များသော ဖန်အရေအတွက်ကို ပိုင်ဆိုင်ထားသည်။ 


ချန်ချင်းယန်က ထိုသူများထဲမှ တစ်ယောက်ပင်။


ဒါပေမယ့် ဘာလို့ ဒီနာမည်က သူမကို အရမ်း ဝမ်းနည်းစေပါလိမ့်...


သူမက ခေါင်းငိုက်စိုက်ကျကာ ထပ်ပြီး ပြောမလာခဲ့ပေ။


ချန်းချင်းယန်က တူရကီနိုင်ငံ၏ ဓလေ့ထုံးတမ်းများအကြောင်းကို စိတ်လှုပ်ရှားစွာ ဆက်ပြောနေခဲ့ပြီး လီယန်က တိတ်တဆိတ် နားထောင်နေခဲ့သည်။ သို့သော်လည်း သူမ ထိုအကြောင်းကို ပိုနားထောင်လေလေ သူမ ထိုနေရာသို့ အရင်က လည်ပတ်ထားပြီး ဖြစ်ကြောင်း ပို၍ ခံစားရလေလေပင်။


“နင် ဘယ်လိုထင်လဲ" ချန်းချင်းယန်က သူမ၏ လည်ချောင်း ခြောက်သွေ့လာသည်ဟု ခံစားရသဖြင့် စကားပြောခြင်းကို ရပ်လိုက်ပြီး ရေတစ်ခွက် ယူရန် ထလိုက်သည်နှင့် လီယန်ဆီသို့ စကားစကို ပစ်ပေးလိုက်သည်။ ဖန်ခွက်ထဲတွင် သံပရိုအကွင်းလေး အနည်းငယ် ရှိနေပြီး ချန်းချင်းယန်က အပိုင်းနှစ်ခုကို လီယန်၏ ခွက်ထဲသို့ ချောချောမွေ့မွေ့ ခွဲပေးလိုက်သည်။ 


“နင်ရော ယူအုံးမလား”  ရေဖြည့်ထားသော သူမ၏ ခွက်ကို လှုပ်ခါရင်းဖြင့် ချန်းချင်းယန်က ရေကရား၏ လက်ကိုင်ကိုကိုင်ထားရင်း မေးလိုက်သည်။ လီယန်က ဖန်ခွက်ကို ယူကာ ခေါင်းယမ်းပြလိုက်သည်။ 


"မဟုတ်ဘူး... ငါ ဒီတိုင်းပဲ စားချင်တယ်" 


သူမက ပြောရင်းဖြင့် သံပရိုသီးကို ကောက်ယူကာ ပါးစပ်ထဲသို့ ပစ်သွင်း၍ ကိုက်စားလိုက်သည်။


ချန်းချင်းယန်က အက်စက်များ ပေါက်ကွဲလာသည်ကို ကြည့်၍ တံတွေးမျိုချလိုက်မိသည်။


 "တလီ... နင်ဘယ်တုန်းက ဧကရာဇ်မော့၏ ဖန် ဖြစ်လာတာလဲ"


“အမ်း” လီယန်က ပါးစပ် တစ်ဖက်တွင် သံပရိုသီးကို ကိုက်ကာ ချန်းချင်းယန်ကို ကြည့်လိုက်သည်။


“ဟန်ဆောင် မနေနဲ့တော့... နင် သေချာပေါက် ကောင်းစန်ကို COSနေတာပဲ"


(TN: cosplay)


“ကောင်းစန်" လီယန်က တွေးလိုက်သည်။ "ဒါကိုတော့ ငါမှတ်မိတယ်... ဒါက နတ်ဘုရား တားမြစ်ဇုံ 3 ရဲ့ သရုပ်ဆောင် မဟုတ်ဘူးလား"


“ဝိုး... တော်တယ် တလီ" ချန်းချင်းယန်က သူမကို အနည်းငယ် လေးစားရသည်။ 


"နင်က အခု နတ်ဘုရား တားမြစ်ဇုံတောင် သိနေပြီပေါ့... နင် ငါတို့ရဲ့ သိုသိုသိပ်သိပ် အကဲဖြတ်ချက်တွေကို အမြဲတမ်း ကြည့်နေခဲ့တာ မလား"


လီယန်က သူမလက်ထဲမှ သံပရိုသီးများကို တစစီ ကိုက်ဝါးနေပြီး သံပရိုသီးခွံများကို အိပ်ရာဘေးမှ အမှိုက်ပုံးထဲသို့ လွယ်လင့်တကူ ပစ်ထုတ်လိုက်သည်။ 


"မဟုတ်ပါဘူးနော်... အဲ့ကားက ကြည့်လို့ အရမ်းကောင်းလို့"


ချန်းချင်းယန်က နှစ်စက္ကန့်မျှ ကြက်သေသေသွားပြီးနောက် မေးလာခဲ့သည်။


 "ဘယ်တုန်းက ကြည့်လိုက်တာလဲ"


လီယန်က ခေါင်းကို ဆန့်ထုတ်လိုက်သည်။


 "နင်နဲ့ အတူတူ ကြည့်တာ မဟုတ်ဘူးလား"


ချန်းချင်းယန်: “…”


တလီနဲ့ ပတ်သက်ပြီး ထူးဆန်းနေတဲ့ တစ်ခုခု ရှိနေတယ်... သူမရဲ့ ဝိဥာဏ်ကို တစ်ယောက်ယောက် ဝင်ပူးနေတာ များလား...


ဝတ္ထုရေးသူများက အမှန်တကယ်ပင် စိတ်ကူးနိုင်စွမ်း မြင့်ကြလေသည်။ ချန်းချင်းယန်က သူမ၏ နဖူးကို ရိုက်ကာ ထိုအတွေးကို ဖယ်ထုတ်လိုက်သည်။


သူမက လည်ချောင်းရှင်းကာ လီယန်ကို တလေးတနက် ကြည့်လိုက်သည်။ 


"လာပါ... ရဲဘော်ရှောင်လီ... နင့်ရဲ့ အိမ်မက်အကြောင်း ပြောကြရအောင်" 


လီယန်၏ နှုတ်ခမ်းက ရွှင်မြူးမှုတို့ဖြင့် လှုပ်ရှားသွားပြီး ပြောပြလာခဲ့သည်။ "ငါလည်း ကောင်းကောင်းတော့ မမှတ်မိဘူး... ဒါပေမယ့် ငါထင်တာ... တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ အိမ်မက်ပဲ"


သူမ ပြောနေသည့်အခါ ပထမဆုံး ချစ်မိသွားသည့် ဆယ့်ခုနစ်အရွယ် ကောင်မလေး တစ်ယောက်၏ အမူအယာမျိုး ရှိနေခဲ့ပြီး လှပသော ပန်းလေးတစ်ပွင့် ပွင့်လာခဲ့သလ်ုပင်။


ချန်းချင်းယန်၏ နှလုံးသား ခုန်ပေါက်သွားလေသည်။ ဒီမျက်နှာ အမူအယာက... သူ ချစ်မိသွားတာလား... သောက်ကျိုးနဲ... ဒါ ကျူးကုန်းတော့ မဟုတ်လောက်ဘူးမလား...


(TN: အမတ်ကြီး ကျူးကုန်း၊ အိမ်မက် နတ်ဘုရား... တစ်ခုခု အရေးကြီးတာတွေ ဖြစ်လာခဲ့ရင် ဒီလူက အိမ်မက်ထဲမှာ ပြောပြတတ်ပါသတဲ့ )


တီဗီ ဒရာမာထဲမှ ဇတ်ကွက်များက သူမ၏ ခေါင်းထဲတွင် ပေါ်ထွက်လာပြီး ချန်းချင်းယန်က သူမ ရူးသွပ်တော့မည်လားဟု တွေးမိနေချိန်မှာပင် ဆေးရုံခန်း၏ တံခါးဝ ပွင့်လာခဲ့သည်။


ရှန်းယွမ်ဇယ်ထံမှ ကယ်တင်ခံလိုက်ရ လေပြီ။


ချန်းချင်းယန်က ထိုင်ခုံမှ ထရပ်ကာ အားတက်သရော ပြုံးပြလာခဲ့သည်။ 


"ငါနင်တို့ကို မနှောက်ယှက်တော့ဘူး... အခု စာသွားရေးတော့မယ်" 


သူမက ပြောနေရင်းဖြင့် ထရပ်ကာ တံခါးဆီသို့ လျှောက်လှမ်းလာခဲ့သည်။ သူမက ရှန်းယွမ်ဇယ်ကို ဖြတ်သွားသည့်အခါ သူ့နောက်ကျောကိုပင် ပုတ်သွားခဲ့သေးသည်။


ရှန်းယွမ်ဇယ်: “…”


ဟယ်လိုလို့ ပြောဖို့အတွက် ယောကျ်ားအဆန်ဆုံး နည်းပဲ... ရှန်းယွမ်ဇယ်မှာ သူ့နည်းလမ်းများကို ပြောင်းလဲရန် လိုနေပြီဟု ခံစားနေရသည်။


ဆေးရုံခန်း၏ တံခါး ပိတ်သွားသည်နှင့် ရှန်းယွမ်ဇယ်က ချန်းချင်းယန် ယခုလေးတင် ထိုင်နေခဲ့သည့် နေရာသို့သွားကာ ထိုင်ချလိုက်သည်။ "ယန်ယန်... မင်းဒီနေ့ နေသာရဲ့လား"


“ကောင်းပါတယ်... ဆေးရုံ ဆင်းနိုင်ပြီလို့တောင် ထင်တာပဲ"


ရှန်းယွမ်ဇယ်က မနေနိုင်ဘဲ ရယ်မောမိသွားသည်။ သူက လီယန် ဆေးရုံတွင် နေရသည်ကို ပျင်းရိနေလိမ့်မည်ဟု ခန့်မှန်းထားပြီးသားပင်။ "ဒေါက်တာဖန် ပြောတာ မင်း ရဲ့ ခန္ဓါကိုယ်က အပြည့်အဝ ပြန်မကောင်းသေးလို့ နောက်ထပ် တစ်ပတ်လောက် စောင့်ကြည့်ရအုံးမယ်တဲ့"


လီယန်က စကားလုံး အချို့ တီးတိုးပြောကာ သူမ၏ ခွက်ထဲမှ သံပရိုကွင်းလေးများကို ယူ၍ ကိုက်စားလိုက်သည်။


ရှန်းယွမ်ဇယ်က လီယန်၏ အပြုအမူကို တွေ့သောအခါ သူ့မျက်ခုံးများက မသိလိုက်မသိဘာသာဖြင့် စုကြုံ့သွားခဲ့သည်။


“ဘာဖြစ်လို့လဲ" လီယန် သူ့ပုံစံကို တွေ့သောအခါ သံပရိုသီး ကိုက်ရင်းဖြင့် မေးလာခဲ့သည်။


“ဘာမှ မဟုတ်ပါဘူး” ရှန်းယွမ်ဇယ်က မျက်လုံးများကို မှေးကျဥ်း၍ လီယန်ကို ပြုံးပြလိုက်သည်။ "ငါ့သူငယ်ချင်း တစ်ယောက်ကို သတိရမိသွားလို့... သူလည်း သံပရိုသီး စားရတာ ကြိုက်တယ်လေ"


“တကယ်လား" လီယန်က မျက်တောင်ခတ်လိုက်သည်။


 "ကောကောရဲ့ သူငယ်ချင်းက ကောင်းစန်လို့ ခေါ်တာလား"


ရှန်းယွယ်ဇယ်က တစ်ခဏမျှ ကြက်သေသေသွားခဲ့ပြီးနောက် မနေနိုင်တော့ဘဲ ရယ်မောလိုက်လေသည်။ 


"ယန်ယန် မင်းကလည်း ဧကရာဇ်မော့ရဲ့ ဖန်ပဲလား"


“ဒီနေ့က စပြီးတော့လေ” ယနေ့မှစ၍ သူမက ဧကရာဇ်မော့၏ ဖန်တစ်ယောက် ဖြစ်လာရန် ဆုံးဖြတ်ချက်ချထား၏။


ရှန်းယွမ်ဇယ်က သူမ၏ စကားကို ပြန်ဖြေမလာခဲ့ဘဲ ထိုအစား ပြုံးပြလာပြီး အခြား အကြောင်းအရာသို့ ပြောင်းလဲလိုက်သည်။ 


"ယန်ယန်... လှေကားထစ်ကနေ ဘယ်လို ပြုတ်ကျလာလဲ ဆိုတာကို မှတ်မိလား" 


သူ အရင်ကတည်းက မေးချင်နေခဲ့သော်လည်း လီယန်က မကြာသေးခင်ကမှ နိုးလာခြင်း ဖြစ်ပြီး သူမ၏ ခန္ဓါကိုယ်ကလည်း အလွန် အားနည်းနေသေးသည်။ ထို့ကြောင့်ပင် သူ့သိလိုစိတ်များကို ထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယခုတွင်မူ သူမ၏ စိတ်ဝိဥာဏ်က ဒရာမာဆန်ဆန် တိုးတက်လာသဖြင့် သူ့နှလုံးသားထဲတွင် တစ်ပတ်မျှ ထည့်ထားခဲ့သော ထိုမေးခွန်းကို ဖြေရှင်းမှ ဖြစ်ပေမည်။


လီယန်က ပါးစပ်ထဲတွင် သံပရိုသီးစေ့များကို ကိုက်ကာ အိပ်ရာနံဘေးမှ အမှိုက်ပုံးများထဲသို့ ပစ်လိုက်သည်။ 


"ကျွန်မ မှတ်မိတာတော့ အဲ့နေ့တုန်းက အများကြီး သောက်မိသွားလို့ လှေကားရာချီကို တွေ့လိုက်ရတော့ မျက်လုံးတွေ ဝါးလာပြီး မတော်တဆ ပြုတ်ကျသွားတာ... အတိုချုံ့ ပြောရရင်တော့ ကျွန်မ တော်တော်လေး ကို့ယို့ကားယား ဖြစ်သွားခဲ့ပုံပဲနော်... ဟားဟားဟား"


လီယန်၏ ရယ်သံက အလွန် ရှင်းလင်း နေသော်ငြား မနှစ်မြို့ခြင်း အနည်းငယ်လည်း ခပ်ရေးရေး ရှိနေသေးသည်။ သူမ၏ နံဘေးတွင် ထိုင်နေသော ရှန်းယွမ်ဇယ်မှာ သူမ ရယ်မောနေသည်ကို ကြည့်နေပြီး ထပ်ပြီး စကား ဆိုမလာခဲ့။


ယန်ယန်က မပြောပြချင်မှတော့ သူလည်း တိုက်တွန်း မနေတော့ပါဘူး... ဒါပေမယ့် ဒီကိစ္စက မတော်တဆ မဟုတ်ခဲ့ဘူး ဆိုရင် သူ သက်ညှာပေးပါ့မယ်လို့ အာမ မခံနိုင်ဘူး...


လီယန်က ဆေးရုံတွင် တစ်ပတ်နေခဲ့ပြီးနောက် အဆုံးတွင် ဆေးရုံမှ အေးအေးချမ်းချမ်း ဆင်းခွင့် ရလာခဲ့သည်။ သို့သော်လည်း ပြန်လည် ထူထောင်ရေး လေ့ကျင့်ခန်းများအတွက် သုံးရက်လျှင် တစ်ကြိမ် ဆေးရုံသို့ လာရောက်ရန် လိုအပ်နေသေးသည်။


လီယန်က အချိန်အကြာကြီး ခွဲခွာခဲ့ရပြီးမှ အိမ်သို့ ပြန်ရောက်လာရသဖြင့် အလွန် စိတ်လှုပ်ရှားသွားပြီး ငိုချင်သွားခဲ့သည်။ မားမားလီက အစားအစာများကို စားပွဲအပြည့် လုပ်ထားခဲ့ပြီး လီယန် ကြိုက်သော ဟင်းပွဲများ အားလုံး ချက်ပြုတ်ထားကာ တစ်ခါမျှပင် မချက်ပြုတ်ဖူးသော ပါးပါးလီပင် မုန်လာဥဖြူ ဟင်းပွဲ အချို့ ပြုလုပ်ထားခဲ့ပြီး ၎င်း၏ အလယ်တည့်တည့် နေရာပေါ်တွင် အပြုံးပုံစံလေးတစ်ခုပင် တင်ပေးထားခဲ့သည်။ 


သေချာပေါက်ပင် အဆုံးတွင်တော့ ထိုဟင်းပွဲကို မည်သူမျှ မထိခဲ့ကြ။ 


ညစာစားပြီးနောက် လီယန်က သူမ၏ အမေကို ပြန်သွား၍ အနားယူရန် တိုက်တွန်းခဲ့ပြီး အိမ်တစ်ဝိုက်တွင် အကြိမ်အနည်းငယ်မျှ လှည့်ပတ် လမ်းလျှောက်နေခဲ့ပြီး အဆုံးတွင် ကွန်ပြူတာ ရှေ့၌ ထိုင်ချကာ ပါဝါ ဖွင့်လိုက်သည်။


ကွန်ပြူတာ မျက်နှာပြင်ကို တစ်ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် လီယန်က မည်သည့်အကြောင်းကြောင့် ကွန်ပြူတာကို အလျင်စလို ဖွင့်လိုက်မိမှန်းပင် မသိခဲ့ချေ၊ သူမက အွန်လိုင်းပေါ်သို့ မကြာခဏ တက်လေ့ မရှိဘဲ ကွန်ပြူတာကို တစ်နေ့လုံး စိုက်ကြည့်ရသည်နှင့် နှိုင်းယှဥ်လိုက်ပါက ပြေးလွှားရန်အတွက် အပြင်ထွက်ပြီး သူမ၏ အဘိုးနှင့်အတူ ကိုယ်ခံပညာ နည်းပြ လုပ်ကာ ကျောင်းသားသစ်များကို အနိုင်ကျင့်ရသည်က ပို၍ပင် ကောင်းသေးသည်။ 


သို့သော်လည်း ယခုတွင်မူ ကွန်ပြူတာကို ကြည့်ကာ သူမက ၎င်းကို ဖွင့်ရန်သာ ဆန္ဒရှိနေခဲ့သည်။ 


“ပီပီပီ....ပီကာချူး”


ဖုန်းသံ မြည်လာခဲ့ပြီး လီယန် ကောက်ကိုင်၍ ကြည့်လိုက်သောအခါ ချန်းချင်းယန်က မက်ဆေ့ချ် လှမ်းပို့ထားခြင်း ဖြစ်နေသည်။


“တလီ... ဧကရာဇ်မော့ရဲ့ အယ်လ်ဘမ်က ထုတ်လွှင့်မဲ့ရက် သတ်မှတ်ပြီးသွားပြီ... ဖေဖော်ဝါရီ 14ရက်နေ့တဲ့... ရိုမန့်တစ်အဖြစ်ဆုံး ဗယ်လင်တိုင်းဒေး လက်ဆောင်ပဲ... ဒါက ခိုက်ဟွမ်းရဲ့ တရားဝင် ထုတ်ပြန်စာ← _ ←”


Xxxxxx